Ch 23
Viewers 13k

 

အခန်း (၂၃) အာ့ထောင်၊ မင်းငါ့ကို ရိုက်လိုက်တာလား

 

သူမရှေ့မှ လူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှုံ့တွနေသည်။

 

ထိုလူတွင် မက်မွန်ပွင့်မျက်ဝန်းတစ်စုံရှိသော်လည်း သူ့နှာခေါင်းမှာ အနည်းငယ် ပိပြားနေသဖြင့် မျက်နှာကျ အလွန်လိုက်ဖက်ညီပုံ မရပေ။

 

ပို၍ အရေးကြီးသည်မှာ ကျီကျောက်သည် သူ့ရဲ့ မခံချိမခံသာဖြစ်နေသာ အကြည့်များကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။

 

ကျီကျောက်သည် တိတ်တဆိတ် ခေါင်းငုံ့ပြီး ဘေးနားရှိ ကျောက်လန်ဟွာကို မသိစိတ်အရ လှမ်းကြည့်မိကာ “အမေ သူက ဘယ်သူလဲ” ဟု စပ်စပ်စုစု မေးမြန်းလိုက်မိသည်။

 

ဒါကိုကြားသောအခါ ကျောက်ရှန်းသည် အသည်းကွဲသော အမူအရာကို ပြသလာခဲ့သည်၊ “ထောင်အာ မင်းဘာဖြစ်နေတာလဲ။”

 

ထောင်အာဟူသောခေါ်သံကြောင့် ကျီကျောက်သည် သူမ မနက်စာတွေကို အန်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။

 

ကျီကျောက်သည် သူမ၏ စိတ်မသက်မသာဖြစ်မှုကို ထိန်းချုပ်ထားပြီး အေးအေးတည်ငြိမ်စွာ အကောင်းဆုံးပြောနိုင်ရန် ကြိုးစားခဲ့သည်၊ “ကျွန်မ ရှင့်ကို တကယ်မသိဘူး။ ကျေးဇူးပြုပြီး ဘေးဖယ်ပေးနိုင်မလား။ ရှင် ကျွန်မတို့သွားမယ့်လမ်းကို ပိတ်ထားနေတယ်။”

 

ကျောက်လန်ဟွာက ကျီကျောက်ကို တစ်ချက်ကြည့်လိုက်သည်။ ကျီကျောက်၏ မျက်လုံးတွေကို ကြည်လင်နေသည်ကို မြင်လိုက်ရပြီး ဘာဖြစ်နေတာလဲဆိုတာကို သူမ သိလိုက်ရသည်။

 

အာ့ထောင်သည် ဒီလူကို တကယ်မမှတ်မိပုံရသည်။

 

“ငါက မင်းရဲ့ အစ်ကိုရှန်းလေ။ မင်းငါ့ကို ဘယ်လိုမေ့ရက်နိုင်တာလဲ” ကျောက်ရှန်းသည် နာကျင်သွားဟန်ဖြင့် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ကာ ဝမ်းနည်းစွာ ရှိုက်ငိုလိုက်သည်၊ “အာ့ထောင်၊ ဒါတွေအားလုံး ငါ့အပြစ်တွေပါ။ အဲဒီနေ့က ရုတ်တရက်ကြီး ဗိုက်မနာခဲ့ရင် ကိုယ်တို့တွေကို အခုချိန်လောက်ဆို သေချာပေါက် နက်ဖက်တဲ့စုံတွဲတွေ ဖြစ်နေလောက်ပြီ။ ဒါတွေအားလုံး ငါ့အပြစ်တွေပါ…”

 

ဒါကိုကြားမှ ကျီကျောက်တစ်ယောက် နားလည်သဘောပေါက်သွားခဲ့သည်။

 

ဒီလို ဟန်ဆောင်လိမ်လည်လှည့်ဖြားတတ်သည့် သူမရှေ့မှ လူသည် မူလကိုယ် သဘောကျနှစ်သက်ခဲ့တဲ့ စာသင်သားကျောက် ဖြစ်လိမ့်မည်။

 

မူလပိုင်ရှင်သည် ဤစာသင်သားကျောက်အပေါ်တွင် စိတ်နှလုံး အကြွင်းမဲ့ နှစ်မြှုပ်ထားကြောင်းကို ကျီကျောက် သတိရမိသည်။ သူမသည် သူ့ရဲ့ ချိုမြိန်သော စကားများကို နားထောင်ကာ ခိုးဝှက်လုယူရန် လုံးဝ မတွန့်ဆုတ်ခဲ့ပေ။ သို့သော် ဤကျောက်ရှန်းသည် လူကောင်း မဟုတ်ပေ။ သူက မူလကိုယ်ကို ပိုက်ဆံရှာဖွေပေးသည့် အရာတစ်ခုအဖြစ်သာ အသုံးပြုခဲ့သည်။ နောက်ဆုံး သူ သူမကို ငြီးငွေ့သွားချိန်တွင် မူလကိုယ်ကို ရောင်းစားခဲ့သည်။ မူလကိုယ် ပြန်ပေါ်လာသောအခါတွင် သူမသည် အရူးလုံးလုံး ဖြစ်နေခဲ့ပြီးဖြစ်သည်။

 

မူလကိုယ်က သူမ၏ အပြစ်ကြွေးကြောင့် ဒီလိုမျိုး အဆုံးသတ်သွားခဲ့ပေမယ့် ကျောက်ရှန်းက တော်တော်ဆိုးတဲ့သူပါ။

 

ဒီအကြောင်းကို သူမ ပိုတွေးလေလေ စိတ်တိုလာလေလေပါပဲ။ ကျီကျောက်သည် ရုတ်တရက် ရှေ့တိုးသွားပြီး သူမ အင်္ကျီလက်ကို ဆွဲတင်လိုက်ကာ သူ့မျက်နှာကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်သည်။

 

ရုတ်တရက် နှစ်ကြိမ်တိုင်တိုင် ပါးရိုက်ခံလိုက်ရသော ကျောက်ရှန်းသည် ကြက်သေ သေသွားခဲ့သည်။

 

“အာ့ထောင်၊ မင်းငါ့ကို ရိုက်လိုက်တာလား။”

 

“ရှင် ရူးကြောင်မူးကြောင် ပြောနေတာတွေရပ်ပြီး ကျွန်မပိုက်ဆံတွေ ပြန်ပေး” ကျီကျောက်သည် သူ့ကို စိုက်ကြည့်ပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်၊ “လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ရှင် ကျွန်မရဲ့ ကျောက်စိမ်းဆွဲပြားကို လိမ်လည်ပြီး ငွေ ခြောက်ချောင်းနဲ့ အပေါင်ထားခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ကျွန်မ ပန်းထိုးပြီး ရှာထားတဲ့ ငွေ နှစ်ချောင်းကိုလည်း ယူသွားသေးတယ်။ လွန်ခဲ့တဲ့ သုံးလတုန်းကလည်း ရှင် ကျွန်မအိမ်ကိုလာပြီး ငွေ တစ်ချောင်း တန်ကြေးရှိတဲ့ ကျွန်မရဲ့ ငွေနားကပ်တစ်ရံကိုလည်း ယူသွားခဲ့တယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှင် ကျွန်မကို ရှန်းမိသားစုကနေ ခိုးယူခိုင်းတဲ့ ငွေ နှစ်ဆယ့်တစ်ချောင်း၊ ငွေပြား ခြောက်ဆယ့်ငါးပြားရောပဲ။ ရှင် ကျွန်မကို မြန်မြန်ပြန်ပေးချေ။”

 

“မင်း… အာ့ထောင်… မင်း ဘာဖြစ်လို့ ဒီလိုဖြစ်သွားတာလဲ” ကျောက်ရှန်း၏ မျက်လုံးများသည် မယုံကြည်နိုင်ဟန် ပြူးကျယ်လာပြီး သူ့အသံမှာ နာကျင်မှုတွေ ပြည့်နှက်နေခဲ့သည်၊ “မင်း တစ်ချိန်တုန်းက ငါတို့တွေ တစ်ယောက်ကို တစ်ယောက် ပေးခဲ့ဖူးတဲ့ ကတိတွေကို မေ့သွားပြီလား။ မင်း ငါ့ကို ဘယ်လိုဆက်ဆံလိုက်တာလဲ…”

 

“ပိုက်ဆံပြန်ပေး” ကျီကျောက်သည် မျက်နှာအမူအရာကင်းမဲ့စွာဖြင့် တင်းတင်းမာမာ ပြောလိုက်သည်၊ “တကယ်လို့ ရှင် ပိုက်ဆံပြန်မပေးဘူးဆိုရင် ကျွန်မတို့တွေ ဒီကိစ္စကို အမှား အမှန် ဆွေးနွေးဖို့ ခရိုင်အစိုးရကို သွားကြတာပေါ့”

 

“မင်း အဓိပ္ပါယ်မရှိတာတွေမပြောနဲ့…” ကျောက်ရှန်းသည် ဒေါသကြောင့် နီရဲနေသည့် မျက်နှာဖြင့် အံတင်းတင်းကြိတ်ကာ ပြောလာခဲ့သည်၊ “မင်း အဲဒါတွေကို မင်းကိုယ်တိုင် စိတ်လိုလက်ရ ပေးခဲ့တာလေ။”

 

“ထွီ” ကျီကျောက်သည် ခါးထောက်ပြီး သူ့မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး ဆူပူကြိမ်းမောင်းခဲ့သည်။ “ကျွန်မ အရင်တုန်းက မျက်ကန်းတစ်ယောက် ဖြစ်ခဲ့ဖူးရင် ဖြစ်ခဲ့ဖူးမယ်၊ စာသင်သားတစ်ယောက်အနေနဲ့၊ ရှင် ကျွန်မကို ရှန်းမိသားစုရဲ့ ပိုက်ဆံတွေကို ခိုးယူဖို့ ဖြားယောင်းခဲ့တယ်။ ရှင်က ကြိုးကိုင်သူပဲ။ ရှင် ပိုက်ဆံပြန်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင် ကျွန်မ ခရိုင်အစိုးရရုံးကိုသွားပြီး တိုင်ကြားရလိမ့်မယ်၊ အဲ့အချိန်ကျရင် ခရိုင်တရားသူကြီးက ဒီကိစ္စမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ သေချာဝေဖန်ပိုင်းခြားပြလိမ့်မယ်။”

 

ကျောက်ရှန်းသည် သူ့ရှေ့မှာ အမြဲနှိမ့်ချပြီး နူးညံ့သိမ်မွေ့တဲ့ ကျီအာ့ထောင်ဟာ အရမ်းကြီးစိုးခြယ်လှယ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူက ထိတ်လန့်တကြားနဲ့ နောက်ကို ခြေနှစ်လှမ်းခန့် နောက်ပြန်ဆုတ်သွားပြီး နောက်ဆုံးမှာတော့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ ယုန်တစ်ကောင်လို ထွက်ပြေးသွားခဲ့တယ်…