Ch 11
Viewers 12k

အခန်း (၁၁) - နင်… ကြက်အသိုက် သွားဖောက်လာတာလား

 

“ဟုတ်ပါပြီ၊ စနောက်နေတာ ရပ်လိုက်တော့” ကျောက်လန်ဟွာက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်၊ “ငါက နင်တို့အဖိုးဆီကနေ ခေါက်ဆွဲလုပ်တဲ့ပညာကို သင်ယူခဲ့တာလေ။ ဟိုးအရင် နင်တို့အဖိုးက ခရိုင်စားဖိုမှုးရဲ့ အလုပ်သင် ဖြစ်ခဲ့ဖူးတယ်။”

  

“နင်တို့အဖိုး သူ့လက်မှာ ဒဏ်ရာရသွားခဲ့တာ သနားစရာပဲ။ မဟုတ်ရင်…” ကျောက်လန်ဟွာက ရုတ်တရက် ဝမ်းနည်းသွားပြီး “ကောင်းပြီ၊ ဒီအကြောင်း ဆက်မပြောကြရအောင်၊ အကြီးဆုံးချွေးမ ကြက်ဥသုံးလုံး ယူလာခဲ့ချေ။”

 

နာရီဝက်အကြာတွင် ကျောက်လန်ဟွာသည် ခေါက်ဆွဲချက်ပြုတ်ပြီးသွားခဲ့ပြီ။

 

“ခေါက်ဆွဲကို ပူတဲ့အချိန်မှာ စားသင့်တယ်။ အေးသွားရင် စားမကောင်းဘူး။”

 

“ကျေးဇူးပါ အမေ” အကြီးဆုံးမရီးရှန်းနှင့် ဒုတိယမရီးရှန်းတို့က သံပြိုင်ပြောလိုက်ကြသည်။

 

အမြင်စူးရှသော ဒုတိယမရီးရှန်းသည် မီးဖိုပေါ်တွင် တင်ထားသော ကြက်ဥကြော်ပါသည့် ခေါက်ဆွဲပန်းကန်ကို တစ်ချက် လှမ်းကြည့်ကာ ပြုံးပြုံးလေးဖြင့် မေးမြန်းခဲ့သည်၊ “အမေ။ နောက်တစ်ပန်းကန်က တတိယမတ်လေးအတွက်လား။ ကျွန်မ တတိယမတ်လေးကို သွားပို့ပေးရမလား။”

 

“မလိုဘူး” ကျောက်လန်ဟွာက ခေါင်းခါလိုက်ပြီး ခေါက်ဆွဲပန်းကန်နှင့် တူတစ်စုံတို့ကိုယူကာ ထွက်ခွာသွားခဲ့သည်။

 

အကြီးဆုံးမရီးရှန်းနှင့် ဒုတိယမရီးရှန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သောအခါ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများတွင် နက်ရှိုင်းသော စိတ်ရှုပ်ထွေးမှုများကို တွေ့လိုက်ရသည်။

 

ကျောက်လန်ဟွာတစ်ယောက် မြေကမ္ဘာဘုရားကျောင်းသို့ အပြေးအလွှား ရောက်ရှိသွားသောအခါတွင် ကျီကျောက်သည်လည်း ပြန်ရောက်လာခဲ့သည်။

 

သို့သော် ကျီကျောက်၏ အသွင်က အတော်လေး ဖိုသီဖတ်သီဖြစ်နေကာ သွေးများ ဖုံးလွှမ်းနေသောကြောင့် သူမ ထိတ်လန့်သွားခဲ့ရသည်။

 

“နင်… နင် အဆင်ပြေရဲ့လား။”

 

“အမေလား” နံရံမှီပြီး အနားယူနေတဲ့ ကျီကျောက်က ပြုံးပြီး “အမေ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ။” ဟု မေးလိုကသည်။

 

“နင် ဘာဖြစ်သွားတာလဲ။ နင် တောင်စောင်းပေါ်ကနေ ထပ်ပြီး လှိမ့်ချလိုက်ပြန်ပြီလား။ ပြီးတော့ နင့်အပေါ်က သွေးတွေကရော…”

 

“အမေ စိတ်မပူပါနဲ့။ ဒါက ကျွန်မရဲ့ သွေးတွေ မဟုတ်ပါဘူး” ကျီကျောက်က အလျင်အမြန် ရှင်းပြသည်၊ “ဒါက သူတို့ရဲ့ သွေးတွေပဲ။”

 

ကျီကျောက်၏ လက်ညှိးညွှန်ရာနောက်သို့ လိုက်ကြည့်တော့ ကျောက်လန်ဟွာသည် သူမအနားတွင် စုပုံနေသော တောကြက်ရိုင်းများကို မြင်ပြီး ချက်ချင်းဆိုသလို မျက်လုံးပြူးသွားခဲ့သည်။

 

“နင်… နင် ကြက်အသိုက်များ သွားဖောက်လာတာလား။”

 

“အမေ၊ ဒါက ပြောရမယ်ဆိုရင် ဇာတ်လမ်းအရှည်ကြီးပဲ…” ကျီကျောက်တစ်ယောက် အကျိုးအကြောင်း ပြောခါနီးမှာပင် သူမရဲ့ ဗိုက်ကနေ ကမ္ဘာမြေတုန်ခါလုမတတ် အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

 

ကျောက်လန်ဟွာတစ်ယောက် ချက်ချင်းဆိုသလို အသိစိတ်ပြန်ကပ်သွားပြီး သူမလက်ထဲက ခေါက်ဆွဲပန်းကန်ကို အမြန်ပေးလိုက်သည်။

 

“ဒါက…”

 

“ပူတုန်းလေး စားလိုက်”

 

“ကျေးဇူးပါ အမေ”

 

ကျီကျောက်သည် ကျေးဇူးတင်လွန်းလို့ မျက်လုံးများပင် နီရဲသွားခဲ့သည်။ သူမသည် ခေါက်ဆွဲပန်းကန်ကို ယူကာ ဂရုတစိုက် အရသာခံစားသောက်နေခဲ့လေသည်။

 

သူမ စားနေရင်းနဲ့ ငိုမိတယ်…

 

သူမသည် ဝတ္ထုသုံးသပ်ချက်တစ်ခုကိုသာ ရေးသားခဲ့သည်။ သူမသည် ဘယ်လိုလုပ်ပြီး ဤကဲ့သို့ အခြေအနေမျိုးနှင့် အဆုံးသတ်ခဲ့ရသနည်း။

 

ဒီအကြောင်းကို ပိုတွေးလေ ကျီကျောက်သည် ပိုဝမ်းနည်းလာလေလေ ခံစားရကာ မျက်ရည်တွေ ဒရဟော စီးကျလာခဲ့လေသည်။

 

ကျောက်လန်ဟွာက သူမ ဒီလိုဖြစ်နေတာကိုမြင်တော့ စိတ်မကောင်းဘူး။

 

“နင်… မငိုနဲ့လေ…”

 

“အင်း…” ကျီကျောက်သည် သူမမျက်ရည်တွေကို အင်္ကျီလက်ဖြင့် ပွတ်သုတ်ခဲ့ပြီး ခေါက်ဆွဲပန်းကန်ကို အမြန်ပြီးအောင် စားသောက်လိုက်သည်။

 

“ကျေးဇူးပါ အမေ၊ ဒီခေါက်ဆွဲတွေက တကယ် အရသာရှိတယ်။”

 

သူမ၏ တောက်ပသော အပြုံးကို ရင်ဆိုင်ရင်း ကျောက်လန်ဟွာသည် ပြန်လည်တုံ့ပြန်ပြောဆိုဖို့ စကားအစ ရှာမရတော့ပေ။

 

“ဒီလောက်များတဲ့ တောကြက်တွေကို နင်ဘယ်လိုတွေ့တာလဲ။”

 

“အမေ၊ တောကြက်တွေရဲ့ ရန်ပွဲက ဘယ်လောက်တောင် ရက်စက်လဲဆိုတာ အမေ မသိလောက်ဘူး” သူမ၏ စွမ်းအင်တချို့ကို ပြန်လည်ရရှိလာတဲ့ ကျီကျောက်သည် စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောပြလာခဲ့သည်၊ “အစကတော့ ကျွန်မ စားစရာလေးများ ရှိမလားလို့ တောင်ပေါ် လျှောက်ကြည့်ဖို့ ထွက်လာခဲ့တာ၊ ဒါပေမယ့် ကျွန်မ လမ်းလျှောက်ပြီး သိပ်မကြာလိုက်ဘူး၊ ချုံပုတ်ထဲမှာ တောကြက် ခုနစ်ကောင် ရှစ်ကောင်လောက် ရန်ဖြစ်နေတာကို တွေ့ခဲ့တယ်၊ ကျွန်မ ဘေးကနေ တိတ်တိတ်လေး ထိုင်စောင့်နေခဲ့တာ၊ သူတို့ ရန်ဖြစ်လို့ မောသွားတဲ့အချိန်ကျမှ ကျွန်မ အပြေးထွက်သွားပြီး သူတို့ကို ဆွဲယူလာခဲ့တာလေ။ အဆုံးမှာတော့ ကျွန်မ သူတို့အကုန်လုံးကို ဖမ်းမိခဲ့တယ်။”

 

ကျောက်လန်ဟွာတစ်ယောက် ကြက်သေ သေသွားခဲ့သည်။

 

သူမနှင့် အစ်မကွေ့ဟွားတို့သည်လည်း ယနေ့ တောင်ပေါ် တက်ခဲ့ကြသည်။ သူတို့ကျ ဘာဖြစ်လို့ ဒီလို ကောင်းတာမျိုး မကြုံတွေ့ခဲ့ရတာလဲ။

 

“အမေ ကျွန်မ ရေတွက်ကြည့်ပြီးပြီ။ စုစုပေါင်း တောကြက် ခုနစ်ကောင်ရှိတယ်။ ကျေးဇူးပြုပြီး အိမ်ကို ခြောက်ကောင် ပြန်ယူသွားပါ။ ကျွန်မ တစ်ကောင်ယူထားမယ်၊ ညစာအတွက် သူဖုန်းစားကြက် လုပ်စားချင်လို့” ကျီကျောက်သည် သူမခေါင်းကို ကုတ်ပြီး အပြစ်ကင်းစင်စွာ ပြုံးလိုက်သည်။

 

“နင့်ခေါင်းကို ကုတ်နေတာ ရပ်လိုက်” ကျောက်လန်ဟွာက သူမကို အလျင်စလို တားမြစ်လိုက်သည်၊ “နင့်ခေါင်းပေါ်က ပတ်တီးက သွေးထွက်နေပြီ။ နင် ထပ်မကုတ်တော့နဲ့။”

 

ကျီကျောက်သည် သူ့လက်ကို နာခံမှုရှိစွာ ချထားလိုက်သည်။

 

သူမ၏ နာခံမှုရှိသည့် အမူအရာကို မြင်လိုက်ရတော့ ကျောက်လန်ဟွာ၏ စိတ်အခြေအနေသည် ပို၍ ရှုပ်ထွေးလာခဲ့သည်။

 

“ထားလိုက်တော့၊ နင် ငါ့ကို ခဏလောက်စောင့်ဦး။”

 

ကျောက်လန်ဟွာသည် အလျင်အမြန် ထွက်သွားပြီး ခဏအကြာတွင် ခြင်းတောင်းတစ်ခု ကျောပိုးကာ ပြန်ရောက်လာခဲ့သည်။

 

ကျောက်လန်ဟွာသည် တောကြက်တွေကို ကောက်ကိုင်ပြီး သူမနောက်ကျောရှိ ခြင်းတောင်းထဲသို့ ထည့်ရင်း တိုးတိုးလေး ရှင်းပြလိုက်သည်၊ “နင့်ဦးခေါင်းက ဒဏ်ရာက မပျောက်သေးဘူး။ နင် ဆရာဝန်ပြဖို့ လိုအပ်နေသေးတယ်။ ဒီတောကြက်တွေကိုရောင်းဖို့ နည်းလမ်းရှာရမယ်။ ရောင်းလို့ရတဲ့ငွေကို နင့်ရောဂါနဲ့ ဆေးဝယ်ဖို့ ငါ နင့်ကိုပေးမယ်။”

 

“ကျေးဇူးပါ အမေ” ကျီကျောက်သည် ပို၍ပင် ကျေးဇူးတင်မိလာခဲ့သည်၊ “အမေက အကောင်းဆုံးပဲ။”