အခန်း (၄) - နောင်တ
“အမေ၊ ကျွန်မ… ကျွန်မ ကိုယ့်အမှားကို သိပါပြီ။” ကျီကျောက်သည် မျက်ရည်နှစ်စက်ကို ညှစ်ထုတ်လိုက်သည်။ “ကျွန်မလုပ်ခဲ့တဲ့အမှားက အရမ်းကို ဆိုးရွားမှန်း သိပါတယ်၊ ဒါပေမယ့် အမေ၊ အမေ ကျွန်မကို အခွင့်အရေး တစ်ခုလောက် ပေးနိုင်မလား။ ကျွန်မ တကယ် ပြောင်းလဲမှာပါ…”
“ဒီလိုဖြစ်မယ်ဆိုတာ မင်းသိတယ်ဆိုရင် အရင်က မင်း ဘာဖြစ်လို့ လုပ်ခဲ့တာလဲ။” ကျိုးလန်ဟွာက ခေါင်းခါလိုက်သည်။ “အာ့ထောင်၊ စန်းလန်က မင်းကို အေးအေးဆေးဆေး ကွာရှင်းစာ တစ်စောင် ပေးခဲ့တယ်။ ဒါက မင်းကို ငါတို့ပေးနိုင်တဲ့ ဂုဏ်သိက္ခာအရှိဆုံးအရာ ဖြစ်နေပြီ။ ဒါ့အပြင် လူတစ်ယောက်ရဲ့ မျက်နှာကို သူတို့ကိုယ်တိုင် ကြိုးစားရှာဖွေရတာ၊ အိမ်ထောင်ကျပြီး ဒုတိယနေ့မှာတင် မင်းခင်ပွန်းသည်ရဲ့ မိသားစုပိုက်ဆံတွေကို ခိုးယူပြီး တခြားယောကျာ်းတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးဖို့လုပ်ခဲ့တယ်။ ငါတို့ ရှန်းဟယ်ရွာရဲ့ စည်းမျဉ်းအရ မင်းကို ဝက်လှောင်အိမ်ထဲ ထည့်ပြီး ရေနှစ်အသတ်ခံရလိမ့်မယ်ဆိုတာကို မင်းသိပါတယ်။”
ဝက်လှောင်အိမ်ထဲထည့်ပြီး ရေနှစ်သတ်ခံရမှာလား။
ကျီကျောက်တစ်ယောက် လေအေးတစ်ရှိုက် ရှုရှိုက်မိသွားခဲ့တယ်။
“အမေ၊ ကျွန်မ… ကျွန်မ တကယ်ပြောင်းလဲချင်တာပါ။ ကျေးဇူးပြုပြီး သမီးကို အခွင့်အရေး တကြိမ်လောက် ပေးပါဦး။” ကျီကျောက်က စိုးရိမ်တကြီး တောင်းပန်လိုက်ပါသည်။
ကျိုးလန်ဟွာက ခေါင်းယမ်းလိုက်သည်။
“အမေ၊ ကျွန်မ အမေ့ကို သက်သေပြပါ့မယ်။ ကျွန်မ တကယ်ပြောင်းလဲပါ့မယ်။” ကျီကျောက်၏ မျက်လုံးတွေက တဖြည်းဖြည်း နီရဲလာခဲ့သည်။ “အမေ ကျေးဇူးပြုပြီး သမီးကို အခွင့်အရေးလေး ပေးပါဦး။”
“အာ့ထောင်၊ မင်း လက်မှတ်ထိုးသင့်တယ်။”
ကျီကျောက်သည် သူမ၏ နှလုံးသားထဲတွင် ခါးသီးမှုများ ပြည့်နှက်နေခဲ့သည်။ ကျီကျောက်သည် ခဏလောက် စဉ်းစားပြီးတော့ ငွေချေးစာချုပ်မှာ သူမ၏ လက်ဗွေကို နှိပ်လိုက်သည်။
“အမေ၊ ကျွန်မ လုပ်ခဲ့တာတွေက လူတိုင်းရဲ့ စိတ်နှလုံးကို နာကျင်စေခဲ့တယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မ တကယ် နောင်တရနေပါပြီ။” ကျီကျောက်သည် ခေါင်းငုံ့ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ “အရင်က ကျွန်မခေါင်းထဲမှာ ကောက်ရိုးတွေနဲ့ ပြည့်နေတယ်၊ ဒါကြောင့် ကျွန်မ အမှားလုပ်ခဲ့မိတယ်။ အခု ကျွန်မ ကောင်းကင်ဘုံကနေ သင်ခန်းစာ သင်ယူပြီးပါပြီ။ ကျွန်မ တကယ်ကို ပိုကောင်းအောင် ပြောင်းလဲသွားမှာပါ။ အပြောထက် အလုပ်က ပိုကောင်းတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါကြောင့် ကျွန်မ အမေနဲ့ တစ်ခုလောက် ဆွေးနွေးချင်တယ်။”
ကျိုးလန်ဟွာက သူမ၏ စိတ်ရောကိုယ်ပါရှိသည့် အမူအရာကို ကြည့်ပြီး ခံစားချက်တွေ ရှုပ်ထွေးသွားကာ “မင်း ဘာပြောချင်တာလဲ” ဟု တိုးတိုးလေး မေးလိုက်သည်။
“အခု ရှန်းမိသားစုရဲ့ တံခါးကို ဝင်လိုက်တာနဲ့ ကျွန်မက ရှန်းမိသားစုတစ်ယောက် ဖြစ်သွားပါပြီ။ ကျွန်မရဲ့ အရင်က လုပ်ရပ်ကြောင့် အမေတို့တွေ အရှက်ရမှန်း သိပါတယ်၊ ဒါပေမယ့် စန်းလန်နဲ့ ကျွန်မက ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ကန်တော့ထားတဲ့ အိမ်ထောင်သည်တွေ ဖြစ်နေခဲ့ပါပြီ။ နောင်အနာဂတ်မှာ ကျွန်မ ရှန်းမိသားစုဝင်တစ်ယောက်အနေနဲ့ ညစ်ပတ်တဲ့ အလုပ်တွေအားလုံးကို ကျွန်မပဲ လုပ်မယ်။ ရှန်းမိသားစုက ကျွန်မအတွက် စားစရာ သောက်စရာ ထောက်ပံ့ပေးစရာ မလိုပါဘူး။ ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကို ကျွန်မကိုယ်တိုင်ပဲ ရှာဖွေပါ့မယ်။ ရှန်းမိသားစုက ကျွန်မကို ခဏတဖြုတ် နေထိုင်ဖို့ နေစရာနေရာပဲ ပေးဖို့ တောင်းဆိုချင်ပါတယ်။ ရှန်းမိသားစုအပေါ်မှာ ကျွန်မ အကြွေးတင်ထားတဲ့ ပိုက်ဆံတွေ အကုန်ပြန်ဆပ်ပြီးတဲ့အခါကျရင် ကျွန်မ ထွက်သွားပေးပါ့မယ်။ အဲ့တာဆို အဆင်ပြေလား။”
ကျီကျောက်က ရိုးရိုးသားသား ပြောသည်။
ကျောက်လန်ဟွာက ခဏတုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ တိုးတိုးလေး ပြောလာခဲ့သည်၊ “ငါတို့မိသားစု ဒီကိစ္စကို ဆွေးနွေးဖို့လိုတယ်။”
“ဟုတ်ကဲ့၊ ကျွန်မ နားလည်ပါတယ်။”
ကျီကျောက် ကျေးဇူးတင်စွာနဲ့ ပြုံးပြီး ပင်မခန်းထဲက ထွက်ခွာလာခဲ့သည်။
စာအုပ်၏ မူရင်းဇာတ်ညွှန်းကို ပြောင်းလဲဖို့ရန်အတွက် သူမ ရှန်းမိသားစုတွင် နေထိုင်နိုင်ဖို့ နည်းလမ်းရှာရမည်။
ကျီကျောက်တစ်ယောက် အိမ်နောက်ဖေးသို့ လမ်းလျှောက်လာသောအခါ အကြီးဆုံးမရီးသည် ဝက်စာကျွေးနေသည်။
ကျီကျောက်သည် သတ္တိစုပြီး အပြုံးဖြင့် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ “မရီး၊ ကျွန်မ ကူညီပေးနိုင်တာများ ရှိမလား။”
“နင်က ကူညီချင်နေတာလား။” အကြီးဆုံးမရီးက သူမကို သံသယနဲ့ စိုက်ကြည့်နေခဲ့သည်။
“ဟုတ်ပါတယ်။” ကျီကျောက်က အလျင်စလို ခေါင်းညိတ်လိုက်သည်။ “မရီးမှာ လုပ်စရာရှိရင် ကျွန်မကို ပြောလေ၊ ကျွန်မ သေချာပေါက် ကူလုပ်ပေးပါ့မယ်?”
“ကောင်းပြီ၊ ဝက်စာမြက်တွေ အိမ်မှာ သိပ်မကျန်တော့ဘူး။ အရင်ဆုံး အနောက်တောင်ကိုသွားပြီး ဝက်စာမြက် နှစ်တောင်းစာလောက် သွားရှာခဲ့ချေ။” အကြီးဆုံးမရီးက အမူအယာကင်းမဲ့စွာ ပြောလိုက်သည်။
“ကောင်းပြီ”
ကျီကျောက်သည် ဝက်ခြံတစ်ဝိုက်ကို တစ်ချက်ကြည့်လိုက်ရာ ခြင်းတောင်းနှင့် တံစဉ်ကို ဝက်ခြံ၏ အပြင်ဘက်နံရံတွင် မှီလျက် ရှိနေကြောင်း တွေ့လိုက်ရသည်။
သူမသည် ခြင်းတောင်းကို ကျောပိုးပြီး တံစဉ်နဲ့ အနောက်တောင်သို့ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
“အကြီးဆုံးမရီး၊ အနောက်တောင်ကို ဘယ်လမ်းကနေ သွားရတာလဲ။”
အကြီးဆုံးမရီးရှန်းသည် ဦးတည်သွားရမယ့်အရပ်ကို ပေါ့ပေါ့တန်တန် ညွှန်ပြလိုက်သည်။
“မရီး၊ ကျွန်မ ခဏပဲစောင့်။ ဝက်စာမြက် မြန်မြန်ရှာပြီး ပြန်လာခဲ့မယ်။”
“အင်း”
ကျီကျောက်တစ်ယောက် ခြံဝင်းကနေ တကယ်ထွက်သွားတဲ့အခါ ဒုတိယမရီးက အကြီးဆုံးမရီးဆီ အလျင်စလို လျှောက်လာပြီး “မရီး၊ ရှင် ကျီကျောက်ကို စိတ်မဆိုးတော့ဘူးလား။” ဟု မေးမြန်းလာခဲ့သည်။
“ငါ စိတ်ဆိုးတာ မဆိုးတာနဲ့ သူ ဝက်စာမြက် သွားတူးတာ ဘာမှ မဆိုင်ဘူးလေ” အကြီးဆုံးမရီးရှန်းက အရေးမစိုက်စွာ ပြန်ဖြေလိုက်သည်။ “မိုးချုပ်ခါနီးနေပြီ၊ တောင်လမ်းက မက်စောက်ပြီး သွားလာရခက်ခဲတယ်။ တကယ်လို့ သူမ တစ်ခုခု ဖြစ်ခဲ့တယ်ဆိုရင်လည်း ငါတို့ကြောင့် မဟုတ်ဘူးလေ။”
“အရမ်းမိုက်တာပဲ” ဒုတိယမရီးက သူမကို လျင်မြန်စွာ လက်မထောင်ပြလိုက်သည်။ “မရီး နင်က အတော်ဆုံးပဲ။”
“အနားလာပြီး စနောက်မနေနဲ့။ အဖေနဲ့ တခြားသူတွေ မကြာခင် ပြန်လာတော့မယ်။ ငါ ဆန်ဆေးပြီး ထမင်းချက်ဖို့ မီးဖိုချောင်ဝင်တော့မယ်။”
“ငါ နင့်ကို ကူညီပေးမယ်”
“အိုး… နေစမ်းပါအေ။ နင့်မှာ ကိုယ်ဝန်ကြီးနဲ့၊ ငါ နင့်ကို အလုပ်မခိုင်းဝံ့ဘူး။ နင့်အခန်းထဲပြန်ပြီး အနားယူချေ။”