အခန်း ( ၂၀ ) – ရှင် ပုန်ကန်လို့ရတာပဲလေ
ဆိုင်တွင် အမှတ် ( ၂၀၀၀ ) တန် ဗီလာများ ရောင်းချသည်ကို ဖုန့်ချင်းယီ မြင်သောအခါ သူမ အံ့အားသင့်သွားသည်။ တော်တော် ဈေးသက်သာပုံရပေမဲ့ သူမတွင် လက်ကျန် အမှတ် ( ၄၀ ) သာ ကျန်ရှိသောကြောင့် လတ်တလော ထိုအကြောင်းကို မစဉ်းစားနိုင်သေးပေ။
ဖုန့်ချင်းယီ ဖုန်းပိတ်လိုက်သည်နှင့် ချင်ယွီချွမ်သည် သူမကို ဗီဒီယိုဖုန်းခေါ်လိုက်သည်။
ဖုန့်ချင်းယီသည် သူမ၏ ညအိပ်ဝတ်စုံကို ကြည့်ပြီး ရှေးခေတ်မှလူတစ်ယောက်နှင့် ဗီဒီယိုဖုန်းပြောရန် သိပ်မသင့်တော်ဘူးဟု ခံစားရသောကြောင့် စောင်ပါးလေး တစ်ထည် အမြန်ခြုံလိုက်သည်။
ဗီဒီယိုဖုန်းကောလ် ချိတ်ဆက်လိုက်သည်နှင့် ဖုန့်ချင်းယီသည် ဆံပင်ဖရိုဖရဲနှင့် ပါးလွှာတဲ့ ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဆွဲဆောင်မှုအရှိဆုံး အပိုင်းမှာ အဝတ်အစားကို သေချာမဝတ်ထားသောကြောင့် သူ၏ ဆွဲဆောင်မှုရှိသော ညှပ်ရိုးကို မြင်နေရပြီး ရေချိုးပြီးခါစလို သူ၏ ဗိုက်သားများကိုလည်း ဝိုးတဝါး မြင်နေရ၏။
ဖုန့်ချင်းယီ၏ မျက်နှာ နီရဲသွားပြီး သူမ မျက်လုံးကို အမြန်လွှဲလိုက်ရသည်။
“ဘာဖြစ်လို့လဲ။” ဖုန့်ချင်းယီ ခေါင်းငုံ့ထားတာကိုမြင်တော့ ချင်ယွီချွမ်က အနည်းငယ် အံ့ဩသွားသည်။
ဖုန့်ချင်းယီတစ်ယောက် အကူအညီမဲ့သူလို ခံစားလိုက်ရသည်။ သူ အဲဒီလို ဝတ်ထားပြီး သူမကို ဘာဖြစ်လို့လဲလို့ မေးနေတုန်း။
“မဟုတ်ဘူး၊ ဘာမှ မဖြစ်ဘူး။ ရှင်... ရှင့် အဝတ်အစားကို သေချာ ဝတ်လို့ မရဘူးလား။”
ဖုန့်ချင်းယီ၏စကားကို ကြားသောအခါ ချင်ယွီချွမ်သည် ဘာလို့ သူမ အဲဒီလိုလုပ်နေတာလဲ ဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွား၏။ သူမ ရှက်နေတာပဲ။
သူ အဝတ်အစားကို ပြင်ပြီးနောက် ချင်ယွီချွမ်သည် ယုန်ဖြူလေးနှင့် တူနေသည့် စောင်ခြုံထားသော ဖုန့်ချင်းယီကို ကြည့်လိုက်သည်။
“ငါ ရှန်ကျင်းကို ပြန်ရောက်ပြီ။”
ဖုန့်ချင်းယီသည် သူ ဆက်ပြောတာကို စောင့်နေသော်လည်း ရှန်ကျင်းကို ပြန်ရောက်ပြီလို့ ပြောပြီးနောက် စကားလည်း ဆက်မပြောဘူး၊ လှုပ်လည်း မလှုပ်ချေ။
“ရှင် ပြန်ရောက်ပြီဆိုတော့ မပျော်ဘူးလား။ ရှင် အရင်က သုံးနှစ်လုံးလုံး အိမ်မပြန်ဖြစ်ဘူးလို့ ပြောထားဖူးတယ်လေ။”
ချင်ယွီချွမ်သည် သူ့ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး “ပျော်တာ မပျော်တာတော့ မသိဘူး။ ဒါပေမဲ့ ငါ့အမေကို တွေ့ခဲ့ရတယ်၊ ပြီးတော့ သူမ ကျန်းမာရေးက အမြဲတမ်း မကောင်းနေပေမဲ့ မကြာသေးခင်ကမှ တော်တော်လေး တိုးတက်လာတာ တွေ့ရတယ်၊ ဒါကတော့ ပျော်စရာကောင်းတဲ့ အရာပါပဲ” ဟု ပြောလေသည်။
“ဒါပေမဲ့ ရှင် မပျော်နေဘူးလို့ ခံစားရတယ်။ ရှင့်မှာ ပြဿနာတချို့ ရှိလို့လား။ ရှင် ကျွန်မကို ပြောပြလို့ ရတယ်နော်။ ကျွန်မ ရှင့်ကို ကူညီနိုင်မှာတော့ မဟုတ်ပေမဲ့ ပြောပြတာက ရှင့်ကို နည်းနည်းလောက် စိတ်သက်သာရမလားလို့လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ကမ္ဘာ တစ်ခုတည်းမှာ မဟုတ်ဘူးဆိုတော့ ရှင် ကျွန်မဆီက လျှို့ဝှက်ချက် ပေါက်ကြားမှာကိုလည်း စိုးရိမ်နေစရာ မလိုဘူးလေ။”
“ဒါပေမဲ့လည်း ရှင် မပြောပြချင်လည်း ကိစ္စမရှိပါဘူး။ ရှင့်ရွေးချယ်မှုကို ကျွန်မ လေးစားပြီးသားပါ။”
ဖုန့်ချင်းယီသည် အခြားသူများ၏ ခံစားချက်များကို ထပ်တူ ခံစားလွယ်သူပြီး ချင်ယွီချွမ် စိတ်ဓာတ်ကျနေသည်ကို သူမ သိသိသာသာ ခံစားမိသော်လည်း နှစ်သိမ့်ရာတွင်တော့ သိပ်ပြီး မကျွမ်းကျင်လှပေ။
“မင်းကို ပြောပြလို့ ရပါတယ်။ ဒီနေ့ ရှန်ကျင်းကို ပြန်ရောက်တော့ ဧကရာဇ်နဲ့ တွေ့ခဲ့တယ်။ သူက ငါ့ကို သတိထားနေတယ်ဆိုတာ ငါ အမြဲသိတယ်။ ဒါပေမယ့် သူ့ရဲ့ ပြင်ပရန်သူတွေကို နှိမ်နင်းဖို့ ငါ့ကို စစ်သူကြီးချုပ်အဖြစ် ခန့်အပ်ပြီး တပ်တွေကို ဦးဆောင်ခွင့်ပေးရုံကလွဲပြီး သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ။ “
“ဒီတစ်ခါ မြောက်ပိုင်းချီက စစ်ပွဲ ပြီးသွားတော့ လောလောဆယ် ကြီးကြီးမားမား အုံကြွမှုတွေ ရှိမှာ မဟုတ်ဘူး၊ ဒါကြောင့် သူက ငါ့ကို ရှန်ကျင်းမှာ အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး။”
ချင်ယွီချွမ်၏ စကားများကို စဉ်းစားပြီးနောက် ဖုန့်ချင်းယီသည် အဲဒါက ရှေးခေတ်က ဇာတ်လမ်းတွဲများနှင့် ဆင်တူတယ်ဆိုတာ သဘောပေါက်လိုက်သည်။ အောင်မြင်မှုရရှိလာသူသည် ဘုရင်၏ မနာလိုမှုကို ခံရစေပြီး ထိုဘုရင်သည် လက်အောက်ခံမှ ပုန်ကန်လာမည်ကို ကြောက်ရွံ့လာခြင်းဖြင့် ဘုရင်၏ ရန်လိုမှုကို ဖြစ်ပေါ်လာစေသည်။
“ရှင် ရှန်ကျင်းမှာ ရှိနေတုန်း သူ ရှင့်ကို အခွင့်ကောင်းယူမှာ စိုးရိမ်နေတာလား။”
ချင်ယွီချွမ်က ခေါင်းခါလိုက်သည်။ “ငါ အဲဒါကို မစိုးရိမ်ဘူး။ သူ ငါ့ကိုဆန့်ကျင်ချင်ရင်တောင် သင့်လျော်တဲ့ အကြောင်းပြချက် လိုတယ်။”
“ဒါဆို ရှင်ရဲ့ တပည့်တွေနဲ့ ရှင့်အမေကို စိုးရိမ်နေတာပေါ့။” နောက်ဆုံးတော့ သူတို့အပြင် သူ ဂရုစိုက်တဲ့သူ တခြား ဘယ်သူမှ ရှိပုံမရပေ။
ချင်ယွီချွမ် : “ဟုတ်တယ်၊ အဲဒါက အမှန်ပဲ။ သူက ငါ့ကို ထိန်းချုပ်ဖို့ တစ်ယောက်ယောက် လိုအပ်တယ်၊ ပြီးတော့ ငါ့အမေနဲ့ ငါ့ရဲ့ တပည့်တွေက သူ့အတွက် အကောင်းဆုံး ရွေးချယ်စရာတွေပဲ။”
“သူ တကယ် အဲဒီလို လုပ်ဖို့ ရည်ရွယ်ထားရင် ရှင် ပုန်ကန်လိုက်တာ ပိုမကောင်းဘူးလား။ ရှင့်မှာ အင်အားကြီးတဲ့ စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ အာဏာရှိထားပြီးသားပဲလေ။ သူ အရမ်း လွန်ကျူးလာရင် ရှင် တွန့်ဆုတ်မနေနဲ့တော့ပေါ့။”
ထိုသို့ပြောပြီးသောအခါ ဖုန့်ချင်းယီသည် ချင်ယွီချွမ် သူမကို စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
“... ကျွန်မက ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ။ ကျွန်မက စိတ်ထင်တိုင်းလုပ်တဲ့သူအထဲပါတယ်။ တစ်ယောက်ယောက်က ကျွန်မကို စိတ်မချမ်းသာအောင် လုပ်ရင် ကျွန်မလည်း သူတို့ကို စိတ်မချမ်းသာအောင် လုပ်ချင်တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အနစ်နာခံရတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ကျွန်မရဲ့ အမြင်က နည်းနည်းတော့ အစွန်းရောက်သွားနိုင်တယ်။ ရှင် လက်ခံချင်လည်း ရတယ်၊ မခံချင်လည်း ရပါတယ်။”
ချင်ယွီချွမ်သည် အမြဲတမ်း ဖိနှိပ်ခံနေရပေမဲ့ ဘယ်တော့မှ ပုန်ကန်ဖို့ မစဉ်းစားခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူ စစ်တပ်ထဲ ဝင်တုန်းက သင်ယူခဲ့တဲ့ ပထမဆုံး စကားလုံးက “သစ္စာစောင့်သိခြင်း” ဖြစ်၏။
ဘုရင်နဲ့ တိုင်းပြည်အပေါ် သစ္စာစောင့်သိခြင်းပဲ။
အခုတော့ တစ်စုံတစ်ယောက်က သူ့ကို မတရား ဆက်ဆံခံရရင် သည်းခံစရာ မလိုဘူး၊ သူ ပုန်ကန်သင့်တယ်လို့ ပြောနေတယ်။ ခဏတာတော့ သူ လက်ခံဖို့ ခက်တယ်၊ ဒါမှမဟုတ် သူ လက်ခံချင်မှလည်း လက်ခံလိမ့်မယ်။
“နောက်ကို အဲဒီလိုမျိုးတွေ ထပ်မပြောနဲ့တော့။”
ဖုန့်ချင်းယီသည် ချင်ယွီချွမ်ကို မကြည့်ရဲပေ။ သူ ဒေါသထွက်နေတယ်ဆိုတာ သူ့ရဲ့ အသံက လေးနက်သွားသည်ကို ကြည့်ခြင်းဖြင့် သူမ ခံစားလို့ ရသည်။
“တောင်းပန်ပါတယ်၊ အဲဒီက အခြေအနေကို မစဉ်းစားဘဲ ပြောလိုက်တာပါ။ ရှင် မကြားလိုက်ဘူးလို့ပဲ သဘောထားပေးပါ။”
ရှေးခေတ်မှာ ပုန်ကန်မှုအကြောင်း ပြောတာတောင် တားမြစ်ထားပုံရတယ်။ တစ်ယောက်ယောက် ကြားသွားရင် ထောင်ကျရင်ကျ ဒါမှမဟုတ် သေဒဏ်တောင် အပေးခံရနိုင်တယ်။ တွေးကြည့်ရုံနဲ့ ကြောက်စရာကောင်းလိုက်တာ။
“မင်း ငါ့ကို တောင်းပန်စရာ မလိုပါဘူး။ ဒါနဲ့ မင်း မနက်ဖြန် ကျောင်းသွားရမှာလား။”
မိန်းကလေးငယ်လေးက သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားနေတာ။ သူ့ရဲ့ အသံက အရင်ကထက် နည်းနည်း လေးနက်သွားတာကြောင့် အခုဆို သူမ သူ့ကို မကြည့်ရဲတော့ဘူး။
“ဟုတ်ကဲ့၊ ကျွန်မ ပစ္စည်းတွေ ထုပ်ပြီးပြီ။ မနက် ( ၈ ) နာရီ လေယာဉ်နဲ့ ထွက်မှာဆိုတော့ ကျောင်းကို ( ၁၁ ) နာရီလောက် ရောက်မယ်” ဟု ဖုန့်ချင်းယီ ပြောပြသည်။
ချင်ယွီချွမ် ခဏလောက် စဉ်းစားသွားပြီး “ကျောင်းမှာ စာကြိုးစားသင်နော်။ ပြီးတော့ ငါ့ဆီက အကူအညီလိုအပ်တယ်ဆိုလည်း ပြောနော်” ဟု ပြော၏။
“ဟုတ်ကဲ့၊ ပြောပါ့မယ်။ “ အရင်က သူမ ကျောင်းမသွားခင် သူမရဲ့ အဖေက စာကြိုးစားဖို့ သတိပေးခဲ့တယ်။ အခု ချင်ယွီချွမ်လည်း ရှိလာတော့ တော်တော် ထူးဆန်းသလို ခံစားရတယ်။
ချင်ယွီချွမ်သည် ဖုန့်ချင်းယီကို ကြည့်လိုက်ပြီး “ဒီနေ့ ညနက်နေပြီဆိုတော့ စောစော အနားယူလိုက်ပါ” ဟု ပြောလေသည်။
“ဟုတ်ကဲ့၊ ကောင်းသောညပါ”
ဖုန်းချပြီးနောက် ဖုန့်ချင်းယီသည် သူမ ဖုန်းကို ဘေးမှာ ချထားလိုက်သည်။
စောစောက သူ့ကို တကယ် ဒေါသထွက်အောင် လုပ်မိလိုက်တာလား။
ပုန်ကန်မှုသည် ရှေးခေတ်က အလွန်လေးနက်သောကိစ္စဖြစ်ပုံရသည်။ သူတို့ ဖုန်းပြောနေတာကို ဘယ်သူမှ မကြားလိုက်ဘဲ သူ့ကို မကောင်းတဲ့ အကြံအစည်တွေ လုပ်နေတယ်လို့ စွပ်စွဲမခံရဖို့ မျှော်လင့်ပါတယ်။
အဲလို ဖြစ်လာရင် ဘုရင်က သူ့ကို သတ်ဖို့ အကြောင်းပြချက် ရသွားလိမ့်မယ်။ သူ သေရင် သူမက တရားခံပဲ။ အဲလိုသာဆို သူမကိုယ်သူမ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။
ဖုန့်ချင်းယီသည် သူမ၏ အတွေးများကို ခဏလောက် လွှတ်ချလိုက်ပြီး နောက်ဆုံးတွင် မှေးခနဲ အိပ်ပျော်သွားတော့သည်။
တစ်ဖက်တွင် ချင်ယွီချွမ်သည် ဝိုင်အိုးကို ကိုင်ပြီး သူ၏ အိပ်ခန်းအပြင်ဘက် လှေကားထစ်တွင် ထိုင်ကာ ဖြည်းဖြည်းချင်း သောက်နေသည်။
မိုးတိတ်သွားပြီဖြစ်သော်လည်း လကို မှောင်မိုက်သော တိမ်တိုက်များ ဖုံးအုပ်ထားတာကြောင့် ပတ်ဝန်းကျင်ကို အဝေးမှ အလင်းရောင် မှိန်မှိန်လေးဖြင့်သာ မြင်နေရသည်၊
အမှောင်ထဲမှ ယန်ယန်သည် “ယန်ချီ၊ ဘာလို့ စစ်သူကြီးက မအိပ်ဘဲ ညလယ်ခေါင်ကြီး အပြင်မှာ တစ်ယောက်တည်း သောက်နေတာလဲ။ သူ့ကို ချော့ခေါ်ကြည့်လိုက်ရမလား။” ဟု မေးလေသည်။
“ထားလိုက်ပါ” ဟု ယန်ချီက ပြန်ဖြေသည်။ “စစ်သူကြီး စိတ်လေးနေတယ်။ သူ့အတွက် အထောက်အကူဖြစ်အောင် နည်းနည်းလောက် သောက်ပါစေ။”
ယန်ချီနှင့် ယန်ယန်တို့သည် ချင်ယွီချွမ်နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူများ ဖြစ်သောကြောင့် သူ၏ အခက်အခဲကို ကောင်းကောင်း သိကြသည်။ ယန်ချီ ပြောလိုက်သည်နှင့် ယန်ယန် နားလည်သွားသည်။
“ဧကရာဇ်က တကယ်ကို လွန်လွန်းပါတယ်။” ယန်ယန်က ပြောသည်။ “ငါ့အမြင်အရတော့ ချင်ယွီချွမ်က ရွှမ်းယွမ်မိသားစုရဲ့ အုပ်ချုပ်မှုကို ပုန်ကန်ပြီး ချင်ဆိုတဲ့ နာမည်နဲ့ မင်းဆက်သစ်တစ်ခု ထူထောင်သင့်တယ်။ အဲဒါ မမှားဘူး။”
ချင်ယွီချွမ်သည် နှစ်ပေါင်းများစွာ စစ်မြေပြင်တွင် တိုက်ပွဲဝင်နေခဲ့ပြီး ဘုရင်ဖြစ်သူသည် နန်းတော်တွင် တေးဆို အကများကို ခံစားနေခဲ့သည်။ ယန်ယန်သည် ချင်ယွီချွမ်အတွက် တကယ်ကို မတရားဘူးလို့ ခံစားနေရသည်။
ယန်ချီက သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ဘယ်စကားက ဘယ်လိုပြောသင့်တယ်၊ ဘယ်လို မပြောသင့်ဘူးဆိုတာ မင်းသတိထားသင့်တယ်။ ဒါက ရှန်ကျင်း၊ သဲကန္တာရ မဟုတ်ဘူး။ မင်းရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေကို သတိထား၊ ချင်ယွီချွမ်ကို ဒုက္ခ မပေးနဲ့။”
***