Ch 19
Viewers 2k

အခန်း ( ၁၉ ) – ရှန်ကျင်းသို့ အပြန်ခရီးလမ်း


နောက်ဆုံးမှာ ဒါတွေအားလုံးက သူတို့အတွက် အရေးမပါခဲ့။ စစ်သားတွေဟာ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ကို လိုအပ်တယ်၊ ဧကရာဇ်က စစ်ပွဲတွေကို အနိုင်ယူလာမယ့် စစ်စစ်သူကြီးတစ်ယောက်ကို လိုအပ်တယ်၊ ပြီးတော့ သူတစ်ယောက်တည်း ဒီလမ်းကို လျှောက်ခဲ့ရတာ ဆယ်နှစ်ရှိပြီ။


ဒီတစ်ခေါက် ပြန်သွားရင် သူ ဘာတွေနဲ့ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ သူ သိတယ်။ သူလည်း သူ့အဖေလို ဖြစ်ချင်ဖြစ်သွားနိုင်တယ်၊ ဒါပေမဲ့ သူက အဲဒီလိုပုံစံမျိုးနဲ့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။


ထျန်းချီအင်ပါယာစစ်တပ် မြို့တော်ကို ပြန်ရောက်သည့်နေ့တွင် ရှန်ကျင်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ စစ်သားများ မိုးရေထဲ၌ ခြေလျင်လျှောက်လာကြပြီး လမ်းဘေးတွင် ထီးဆောင်းထားသော လူအုပ်ကြီးပြန့်ကျဲနေကာ သူတို့အတွက် လမ်းကြောင်းတစ်ခု ချန်လှပ်ထားပေးလေ၏။


ချင်ယွီချွမ်က အရင်ဆုံး အိမ်ပြန်ချင်သော်လည်း စည်းမျဉ်းစည်းကမ်း ရှိနေသေးသည်ကြောင့် ဧကရာဇ်ကို ဦးစွာ သွားရောက်တွေ့ဆုံရလေသည်။


ယန်ရှင်းခန်းမတွင် ဧကရာဇ် ရွှမ်းယွမ်ရှန့် ထိုင်နေပြီး သူ့စားပွဲပေါ်တွင် မစစ်ဆေးရသေးသည့် အစီရင်ခံစာများ ရှိနေသည်။


“အရှင်မင်းကြီး၊ ကျွန်တော်တို့နိုင်ငံကို ကာကွယ်စောင့်ရှောက်သူ စစ်သူကြီး ချင်ယွီချွမ် ပြန်ရောက်လာပြီး ခန်းမအပြင်မှာ စောင့်ဆိုင်းနေပါတယ်" ဟု မိန်းမစိုး ချီတန့်က ရွှမ်းယွမ်ရှန့်ကို လေးစားစွာ တင်ပြ၏။


ရွှမ်းယွမ်ရှန့်သည် သူ့လက်ထဲမှ စုတ်တံကို တင်းတင်းဆုပ်ကိုင်ပြီး "သူ့ကို ဝင်ခွင့်ပေးလိုက်" ဟု အမိန့်ပေးလိုက်သည်။


ချင်ယွီချွမ်သည် ရွှမ်းယွမ်ရှန့်ကို ဦးညွှတ်ပြီး စစ်ပွဲ၏ အခြေအနေကို အစီရင်ခံခဲ့သည်။


“အသေးစိတ် အခြေအနေကို မင်း အရင်က ပြောပြီးပြီ၊ ထပ်ပြီး ရှင်းပြနေစရာ မလိုဘူး။ ယွီချွမ်၊ ဒီတစ်ခါ မင်းရဲ့ အောင်ပွဲခံ ပြန်လာမှုအတွက် တောင်းဆိုစရာ ရှိလား”


ရွှမ်းယွမ်ရှန့်သည် ချင်ယွီချွမ်ကို သတိထားရသော်ငြား ဧကရာဇ်တစ်ပါးအနေနှင့် သိသိသာသာ ပြသမည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူက သူ့ကို လိုအပ်နေသေးသည်။


မြောက်ပိုင်းချီက အဆုံးသတ်တော့မှာဖြစ်ပြီး ထျန်းချီအင်ပါယာအတွက် ခြိမ်းခြောက်မှု မရှိတော့ပေမဲ့ တောင်ပိုင်းမှ  နန်လင်သည် သူတို့ကို လောဘတကြီး စောင့်ကြည့်နေတုန်း ဖြစ်သည်။


နန်းတော်တွင် စေလွှတ်ရန် သင့်တော်သူ မရှိသော်လည်း သူသည် ဒီနိုင်ငံကို ဆက်လက်ထိန်းသိမ်းဖို့ ချင်ယွီချွမ်ကို လိုအပ်နေသေးသည်။ ငြိမ်းချမ်းတဲ့အချိန်မှာ ချင်ယွီချွမ်ကသာ အသိဉာဏ်ရှိသေးရင်တော့ သူ့ကို ဆက်ထားနိုင်တယ်။ သို့သော် သူနဲ့ မဆိုင်တဲ့အရာတစ်ခုကို တပ်မက်ရဲရင်တော့ ရွှမ်းယွမ်ရှန့်က သနားညှာတာမည် မဟုတ်ချေ။


ချင်ယွီချွမ်သည် သူ့ရှေ့က လူ ဘာကို စဉ်းစားနေလဲဆိုတာ ခန့်မှန်းမိနိုင်တာတော့ အမှန်ပဲ၊ “ကျွန်တော် ဘာတောင်းဆိုမှုမှ မရှိပါဘူး၊ ကျွန်တော် လုပ်ခဲ့သမျှ အားလုံး ကျွန်တော့်ရဲ့ တာဝန်ပါ” ဟု ပြောလိုက်၏။


“ဒါဆို စစ်သူကြီးချင်ကို ရွှေစင် တစ်သောင်း ချီးမြှင့်မယ်။ ခရီးလမ်းမှာ မင်း ပင်ပန်းခဲ့ရပြီ။ အဒေါ်က အိမ်မှာ မင်းကို စောင့်နေမှာ သေချာတယ်၊ မင်း အိမ်ပြန်ပြီး စောစော အနားယူသင့်တယ်” ဟု ရွှမ်းယွမ်ရှန့်က ပြောသည်။


“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော် သွားခွင့်ပြုပါဦး။”


ချင်ယွီချွမ်သည် နန်းတော်မှ ထွက်လာသောအခါ အပြင်ဘက်တွင် မိုးကရပ်မည့်အနေအထားမရှိ။ အစေခံ ပေးသော ထီးကို ယူပြီး နန်းတော်မှ ထွက်ခွာလာခဲ့သည်။


စစ်သူကြီး၏စံအိမ်သည် ရှန်ကျင်းမြို့၏ အရှေ့ဘက်စွန်းတွင် တည်ရှိသည်။ နန်းတော်မှ လမ်းလျှောက်လျှင် နာရီဝက်လောက် လမ်းလျှောက်ရမည်။


နန်းတော်တံခါးဝတွင် ယန်ချီနှင့်ယန်ယန်တို့သည် ချင်ယွီချွမ်အတွက် မြင်းရထားကို အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။


“စစ်သူကြီး၊ ရထားပေါ် တက်ပါ”


ချင်ယွီချွမ်သည် ရထားပေါ် တက်လိုက်ပြီး ယန်ချီသည် ရထားကို စစ်သူကြီး၏ စံအိမ်တော်ဆီသို့ မောင်းနှင်လာခဲ့လေ၏။


ထိုအချိန်တွင် လှပစွာ ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦးသည် စစ်သူကြီး၏စံအိမ် အဝင်ဝတွင် စောင့်ဆိုင်းနေသည်။ သူမသည် ချင်ယွီချွမ်၏အမေ ရွှမ်းယွမ်ရှီ ဖြစ်သည်။


“အရှင်မ၊ စစ်သူကြီး ပြန်ရောက်ရင် အရှင်မကို အရင်ဆုံး လာတွေ့မှာ သေချာပါတယ်။ ဒီနေ့ မိုးအရမ်းရွာနေတော့ အအေးမိမှာ စိုးရိမ်ပါတယ်” ဟု ရွှမ်းယွမ်ရှီ၏ အစေခံဖြစ်သူ ပိုင်ဝေက ပြောလေသည်။


ရွှမ်းယွမ်ရှီက ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး၊ ငါ သူ့ကို ဒီမှာပဲ စောင့်ချင်တာ။ အာ့ချွမ်ကို မတွေ့ရတာ သုံးနှစ်ရှိပြီ။ သူ ဒီသုံးနှစ်အတွင်း ဘယ်လိုနေမလဲ မသိဘူး” ဟုပြောလေ၏။


ရွှမ်းယွမ်ရှီ၏ သားကို တမ်းတနေသည့် စိတ်ကို သိသော ပိုင်ဝေသည် သူမကို ထပ်ပြီး မတိုက်တွန်းတော့ဘဲ တိတ်တိတ်ကလေးသာ သူမကို အပေါ်ရုံကို ခြုံပေးလိုက်သည်။


“အရှင်မ၊ စစ်သူကြီး ပြန်လာပြီ”


ပိုင်ဝေ၏ အသံနှင့်အတူ ချင်ယွီချွမ်သည် ရထားပေါ်မှ ဆင်းလာသည်။ ရွှမ်းယွမ်ရှီသည် ချင်ယွီချွမ်ကို  မျက်ရည်များဝဲကာ ကြည့်နေလေတော့၏။


“အမေ၊ ဘာလို့ ဒီမှာ ရပ်နေတာလဲ။ ဒီမှာ လေတိုက်နေတယ်၊ အထဲကို အမြန်ဝင်ရအောင်နော်”


ချင်ယွီချွမ်သည် ရထားပေါ်မှ ဆင်းသည်နှင့် ရွှမ်းယွမ်ရှီသည် တံခါးဝတွင် စောင့်ဆိုင်းနေသည်ကို တွေ့ရသဖြင့်  စိုးရိမ်နေပုံပေါ်နေ၏။ သူမ ကျန်းမာရေးက ချူချာပြီး အအေးမိတာနဲ့ ပြန်ပြီး ဖျားနာနိုင်သည်။


ချင်ယွီချွမ်၏ လက်ကို ကိုင်ထားပြီး ရွှမ်းယွမ်ရှီက စကားစလာခဲ့သည်။ "အမေ နေကောင်းပါတယ်၊ မကြာခင်ကပဲ အမေ့ရဲ့ ကျန်းမာရေးက ပိုကောင်းလာတာ။ အာ့ချွမ် ပြန်လာတာကို ဒီမှာ စောင့်ချင်လို့လေ။ မင်း ဒီနှစ်တွေထဲ ပင်ပင်ပန်းပန်း လုပ်လာခဲ့ရတာကို။ အိမ်ထဲဝင်ရအောင်၊ အမေ စားစရာပြင်ထားပေးပြီးပြီ။"


ချင်ယွီချွမ်သည် ရွှမ်းယွမ်ရှီနှင့်အတူ ထမင်းစားခန်းထဲသို့ ဝင်သွားသည်။ သပ်ရပ်လှပသော ဟင်းပွဲများ ပြည့်နှက်နေသည့် စားပွဲပေါ်တွင် အနည်းငယ် မသေသပ်သော လက်ရာနှင့် ပန်းကန်တချို့သည် တခြား ဟင်းပွဲများနှင့် မလိုက်ဖက်သယောင် ရှိနေလေ၏။


တစ်ချက်ကြည့်လိုက်ရုံနှင့် ဒါသည် သူ့အမေရဲ့ လက်ရာဆိုတာ သိသာလှသည်။ ချင်ယွီချွမ်သည် နည်းနည်း ယူစားလိုက်သည်။


“အမေ့ရဲ့ ဟင်းချက်လက်ရာက တဖြည်းဖြည်း ပိုကောင်းလာတာပဲ။” အရသာက သိပ်မကောင်းပေမယ့် ချင်ယွီချွမ်က ချီးကျူးလိုက်သည်။


ရွှမ်းယွမ်ရှီက ညင်သာစွာ ပြောလိုက်သည်။ “အာ့ချွမ်၊ မင်း ငါ့ကို မြှောက်မနေနဲ့။ ငါ့လက်ရာက နှစ်တွေကြာလာတာတောင် မတိုးတက်လာဘူး။”


“တကယ်တော့ တိုးတက်ဖို့ နေရာတွေ ကျန်သေးတယ်”


ရွှမ်းယွမ်ရှီ၏နောက်တွင် ရပ်နေသော ပိုင်ဝေသည် ပါးစပ်ကို လက်နဲ့ အုပ်ပြီး တိတ်တဆိတ် ရယ်မောနေသည်။ စစ်သူကြီး၏ စကားအပြောအဆိုက နှစ်တွေကြာလာတာတောင် သိပ်ပြီးတိုးတက်လာပုံမရပေ။


ရွှမ်းယွမ်ရှီသည် ရယ်ရမလို ငိုရမလို ဖြစ်သွားလေသည်။ သူမ သူ့အတွက် ဟင်းလျာ အထူးတလည် ပြင်ဆင်ပေးခဲ့တာကပဲ အဓိကအချက် မဟုတ်ဘူးလား။


......


ဖုန့်မိသားစု၏ အိမ်တွင် ဖုန့်ချင်းယီသည် နောက်ရက်တွင် ကျောင်းသွားရန်အတွက် သူမ၏ အဝတ်အစားများကို စီစဉ်နေသည်။


ဖုန့်ချင်းယီသည် အနက်ရောင် ခရီးဆောင်အိတ်ကို အဝတ်အစားများ၊ စာအုပ်တွေ အပြည့် ထည့်ထားသည်။ ခရီးဆောင်အိတ်အပြင် ကျောပိုးအိတ်တစ်ခုလည်း ရှိသေးသည်။


ဖုန့်ချင်းယီသည် လက်တော့ပ်၊ တက်ဘလက်နဲ့ ပိုက်ဆံအိတ်ကဲ့သို့ အရေးကြီးသော ပစ္စည်းများကို ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ အားလုံး ထုပ်ပိုးပြီးသောအခါ သူမ မျက်နှာသစ်၊ ညအိပ်ဝတ်စုံလဲ၊ ခုတင်ပေါ် လှဲပြီး ဖုန်းကို ထုတ်လိုက်သည်။


ဒီကာလအတွင်း သူမ အခြေခံအဆင့် ကိုယ်ခံပညာသင်တန်းရဲ့ သုံးပုံတစ်ပုံနီးပါး ပြီးမြောက်ခဲ့ပြီး အမှတ် ( ၂၄၀ ) စုဆောင်းနိုင်ခဲ့သည်။


ဖုန့်ချင်းယီသည် ခဏလောက် စဉ်းစားပြီး ကျန်တဲ့ ပစ္စည်း နှစ်ခုကို ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။


ဒုတိယအဆင့်မှာ ဘာပစ္စည်းတွေ ရှိမလဲဆိုတာ သူမ သိချင်နေပြီ။


မဆိုင်းမတွ ဖုန့်ချင်းယီသည် သူမ အမှတ်များကို သုံးလိုက်ပြီး ဆေးလုံး တစ်လုံး သူမရှေ့မှာ ပေါ်လာသည်နှင့် ချက်ချင်း စားလိုက်သည်။


ထို့နောက် သူမသည် သင်တန်းကို ဖွင့်ကြည့်လိုက်တော့ မျှော်လင့်ထားသည့်အတိုင်း အခြေခံအဆင့် ဗျပ်စောင်းသင်တန်းတစ်ခုသာ ထပ်တိုးလာသည်ကို တွေ့လိုက်သည်။ သို့သော် အချိန်လင့်နေပြီဖြစ်သောကြောင့် ယခုညတော့ ဒါကို သင်ယူဖို့ ရည်ရွယ်ချက် မရှိတော့ပေ။


ပထမအဆင့်တွင် ရှိသော ပစ္စည်း ငါးခုစလုံးကို ဝယ်ပြီးသောအခါ လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်၏ ဒုတိယအဆင့်က ပွင့်သွားပြီဖြစ်သည်။ ဆိုင်၏ ဒုတိယအဆင့်မှာရှိတဲ့ ပစ္စည်း ဆယ်ခုကို ကြည့်ပြီး ဖုန့်ချင်းယီသည် လေးလေးနက်နက် စဉ်းစားလိုက်၏။


ဒုတိယအဆင့်မှာရှိတဲ့ ပစ္စည်းတွေက ပထမအဆင့်မှာရှိတဲ့ ပစ္စည်းတွေထက် ဈေးပိုကြီးသည်။


အသက်သာဆုံး ပစ္စည်းက အမှတ် ( ၂၀၀ ) ဖြစ်ပြီး ဈေးအကြီးဆုံး ပစ္စည်းက အမှတ် ( ၂၀၀၀ ) လိုအပ်မည် ဖြစ်သည်။


ဒီပစ္စည်းတွေထဲမှာ နှစ်ခုက အရာဝတ္ထုပစ္စည်းတွေ ဖြစ်ပြီး ရှစ်ခုက လက်တွေ့သင်တန်းများ ဖြစ်သည်။ ဖုန့်ချင်းယီသည် ဒီလျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်၏ ဖန်တီးသူဟာ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်ရမယ်လို့ တွေးလိုက်သည်၊ မဟုတ်ရင် ပစ္စည်းအားလုံး ဘာလို့ လက်တွေ့သင်တန်းတွေ ဖြစ်နေမှာလဲ။


သူမရဲ့ အခြေခံအဆင့် ကိုယ်ခံပညာသင်တန်းတောင် မပြီးသေးဘူး၊ ပြီးတော့ အလယ်တန်းအဆင့် ကိုယ်ခံပညာသင်တန်းက ဆိုင်မှာ ပေါ်နေပြီ။


အလယ်တန်းအဆင့် ကိုယ်ခံပညာသင်တန်းအပြင် အလယ်တန်းအဆင့် စစ်တုရင်၊ အလယ်တန်းအဆင့် ဗျပ်စောင်းနဲ့ ပန်းချီသင်တန်းတွေ၊ ပြီးတော့ အဆင့်မြင့် ပန်းချီသင်တန်းတစ်ခုတောင် ရှိနေပါသေးသည်။


သူမ မှတ်မိသလောက်ဆိုရရင် အခုမှ အခြေခံအဆင့် ဗျပ်စောင်းသင်တန်းကို ဝယ်ယူခဲ့တာဖြစ်ပြီး မသင်ရသေးပေ။


ဘာလို့ စစ်တုရင်နဲ့ လက်ရေးလှအတွက် အခြေခံသင်တန်းတွေ မရှိဘဲ တိုက်ရိုက် အလယ်တန်းအဆင့်ကို ရောက်သွားတာလဲ။ အံ့သြစရာကောင်းအောင် အဆင့်မြင့်အဆင့်ကို တန်းရောက်သွားတဲ့ ဒီပန်းချီပညာဆို ပြောမနေပါနဲ့တော့။


ဒီလျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်က သူမ အရင်က ဘာတွေ သင်ကြားခဲ့လဲဆိုတာကို သိပြီး သူမရဲ့ အဆင့်နဲ့ ကိုက်ညီတဲ့ သင်တန်းတွေကို လုပ်ပေးနေတာမျိုးလား။


ဒုတိယအဆင့်တွင် ရှိသည့် ပစ္စည်းများတွင် ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီနဲ့ ကိုယ်ခံပညာသင်တန်းတွေအပြင် ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အချုပ်အလုပ်သင်တန်းများလည်း ရှိသည်။ ထိုသင်တန်းများ၏ အဆင့်ပေါ် မူတည်ပြီး လိုအပ်တဲ့ အမှတ်များ ကွာခြားသည်။


သင်တန်းများအပြင် အခြား ပစ္စည်း နှစ်ခုလည်း ရှိ၏။


ပထမတစ်ခုက ဉာဏ်ရွှင်ဆေးရဲ့ အဆင့်မြင့်ဗားရှင်းဖြစ်ပြီး ရက်ပေါင်းနှစ်ဆယ်ကြာ မှတ်ဉာဏ်ကောင်းစေမယ်၊ စိတ်ကြည်လင်စေမယ်၊ ပြီးတော့ အိပ်စက်အနားယူမှုကို မထိခိုက်စေဘူးလို့ သေချာဖော်ပြထားတယ်။ ဈေးနှုန်းက အမှတ် ( ၂၀၀ ) ဖြစ်တယ်။


ဒုတိယပစ္စည်းက မြို့ထဲမှာရှိတဲ့ ဗီလာတစ်လုံး ဖြစ်ပြီး ဈေးနှုန်းက အမှတ် ( ၂၀၀၀ ) ဖြစ်တယ်။

***