အခန်း ( ၁၇ ) – ဒါက ဒီလောကမှာ မရှိသင့်ဘူး
ယန်ချီ နှင့် နာမူချီတို့ လှည့်ကြည့်လိုက်သောအခါ တင်းမာခက်ထန်နေသော ချင်ယွီချွမ်၏ မျက်နှာအမူအရာကို မြင်လိုက်ကြရပြီးနောက်မှ သူတို့ အခု ချင်ယွီချွမ်ရဲ့ တဲအပြင်မှာ ရောက်နေတာကို သတိပြုမိကြလေတော့သည်။
ဒါကြောင့် သူတို့ ခုနက ပြောခဲ့တဲ့ စကားတွေကို အကုန် ကြားသွားပုံရတယ်၊ သူတို့ အသံက လုံးဝ မတိုးနေခဲ့ဘူးလေ။
ယန်ချီသည် ခေါင်းငုံ့ပြီး "စစ်သူကြီး၊ ကျွန်တော် မှားသွားတာ ဝန်ခံပါတယ်၊ ပြီးတော့ ကျွန်တော့်ကို ပြစ်ဒဏ်ပေးတာကိုလည်း ချက်ချင်း လက်ခံပါ့မယ်။"
နာမူချီသည် ယန်ချီကို ကြည့်လိုက်သည်။ သူ့ရဲ့ အမှားကို ဝန်ခံတတ်တဲ့ စိတ်ဓာတ်က ချီးကျူးစရာကောင်းနေတဲ့အပြင် သူ ပန်းကန်ပါဆေးထားပြီးသားဆိုတော့ ဘာပြစ်ဒဏ်ခံရဦးမှာလဲ။ သူတို့ ညနေအထိ စောင့်လိုက်ရုံပဲ။
ယန်ချီ ထွက်သွားပြီးနောက် နာမူချီသည် ချင်ယွီချွမ်နှင့် ညှိနှိုင်းလိုသည်။ သူက အသက် ( ၅၀ ) နီးပါး ရှိနေပြီ။ ပြီးတော့ သူ ပန်းကန်ဆေးရမယ်ဆိုရင် စခန်းတစ်ခုလုံး သိသွားကြတော့မယ်။ သူ့မှာ ထိန်းသိမ်းရမယ့် ဂုဏ်သိက္ခာ ရှိသေးတယ်လေ။
"စစ်သူကြီး၊ ဒါကို တစ်စိတ်လောက် ညှိနှိုင်းပါရစေ။ တခြား ပြစ်ဒဏ်တစ်ခု စဉ်းစားပေးနိုင်မလား။"
"မရဘူး။" ချင်ယွီချွမ်သည် ညှိနှိုင်းဖို့ ဆန္ဒမရှိပေ။ သူက နောက်ကို လှည့်မကြည့်တော့ဘဲ တဲထဲ ဝင်သွားလေ၏။
နာမူချီသည် သူ့နောက်က လိုက်ဝင်သွားသည်။ ပြစ်ဒဏ်က ရှောင်လို့ မရနိုင်ဘူး၊ ဒါပေမဲ့ သေတ္တာနဲ့ ပတ်သက်တဲ့ အခြေအနေကို သူ သိချင်နေသေးတယ်။
"စစ်သူကြီး၊ မကြာခင်ကမှ စစ်သူကြီးက သေတ္တာလေးဆီကနေ ထမင်းဟင်းတွေ ရနေတယ်ဆိုတော့ ဒါက စစ်သူကြီးရဲ့ ကျန်းမာရေးကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်။"
ချင်ယွီချွမ်သည် သူ့ကို မော့ကြည့်လိုက်သည်။ ဖုန့်ချင်းယီ သူ့ကို အဆိပ်ခတ်တယ်လို့ သူ သံသယရှိနေတာလား။
ချင်ယွီချွမ်၏ ရန်လိုသောအကြည့်ကို မြင်သည့်အခါ နာမူချီက အလျင်အမြန် ရှင်းပြသည်။
"စစ်သူကြီး၊ ကျွန်တော် စစ်သူကြီးရဲ့ ကျန်းမာရေးကို စိုးရိမ်ရုံသက်သက်ပါ။ သမားတော်ကို စစ်ဆေးခိုင်းသင့်ပါတယ်။"
"မလိုဘူး၊ သူက ငါ့ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူး။"
သူ သူမကို ယုံကြည်သည်။ သူမ တကယ် သူ့ကို အဆိပ်ခတ်ချင်ရင် သူ အကြိမ်ပေါင်းများစွာ သေနေလောက်ပြီ။ အထူးသဖြင့် သူမ နေ့တိုင်း သူ့အတွက် ထမင်းဟင်းတွေကို ကိုယ်တိုင် ပြင်ဆင်ပေးနေတာကြောင့်ပဲဖြစ်သည်။
ချင်ယွီချွမ် တင်းခံနေသည်ကို မြင်သည့်အခါ နာမူချီ ထပ်မပြောတော့ပေ။ "စစ်သူကြီး၊ သေတ္တာလေးက ထမင်းဟင်းတွေ ပေးတာဆိုတော့ တပ်ဖွဲ့ဝင်တွေအတွက်လည်း ရိက္ခာလုပ်ပေးလို့ မရနိုင်ဘူးလား”
“ဒီကိစ္စက လူသိရှင်ကြား ဆွေးနွေးလို့ ရတဲ့ အကြောင်းအရာ မဟုတ်ဘူး။ ထမင်းဟင်းတွေက လေထဲကနေ ရနေတာ မဟုတ်ဘူး။ ဒီအကြောင်း နောက်ထပ် ထပ်မပြောနဲ့။"
သူမ နေ့တိုင်း သူ့အတွက် ထမင်းဟင်းတွေ ပြင်ဆင်ဖို့ အတော်လေး ကြိုးစားထားရတာ။ သူမ လုပ်ပေးဖို့ သဘောတူရင်တောင် သူက အဲဒီလောက် များများစားစား လုပ်ခိုင်းမှာ မဟုတ်ဘူး။
နာမူချီက "ထမင်းဟင်းတွေက လေထဲကနေ ပေါ်လာတာ မဟုတ်ဘူးဆိုရင် စစ်သူကြီးက ကံကောင်းတဲ့ အဆောင် တစ်ခုခုများ ရခဲ့တာလား။" ဟု မေးလာသည်။
"ဟုတ်တယ်၊ ငါ မင်းကို အရင်က ပြောခဲ့သလိုပဲ၊ ဒီဟာက ငါ့ကို အဝေးကြီးက လူတစ်ယောက်နဲ့ ဆက်သွယ်ခွင့် ပေးထားတယ်။ ဒါက အပိုပြောတာ မဟုတ်ဘူး။ ဒီအရာတွေ ရနေတာကလည်း အဲဒီ အဝေးကြီးက ဆက်သွယ်လို့ရတဲ့လူဆီက ရတဲ့ လက်ဆောင်တွေပဲ။"
ခရီးများစွာ အတူသွားဖူးခဲ့ကြပြီး ယုံကြည်ရတဲ့သူ၊ ပြီးတော့ အကူအညီပေးနိုင်တဲ့ နာမူချီကို ချင်ယွီချွမ်သည် ဒီအကြောင်းအရာကို ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိပေ။
"ဒါဆို စစ်သူကြီးက စောစောတုန်းက သေတ္တာလေးနဲ့ စကားပြောနေတာ အဲဒီထဲက လူနဲ့ စကားပြောနေတာပေါ့။" သူ အခုမှပဲ ဒါကို သိရတော့တယ်။
ချင်ယွီချွမ် ခေါင်းညိတ်သည်။ "အတိအကျပဲ။"
"စစ်သူကြီးကို အဝေးကြီးက ဆက်သွယ်နေတဲ့သူက ယောက်ျားလေးလား မိန်းကလေးလား၊ ပြီးတော့ သူက ဘယ်မှာ နေတာလဲ" နာမူချီ အခုတော့ စိတ်ဝင်စားလာသည်။
"သူမက လှပတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ပဲ။" ချင်ယွီချွမ်သည် ချင်းယီအကြောင်း ပြောသည့်အခါတိုင်း သူ့စိတ်မှာ သိသိသာသာ တက်ကြွလာသည်။
နာမူချီ သူ့ဘဝ၏ အတွေ့အကြုံများအရ ချင်ယွီချွမ်၏ အမူအရာမှတစ်ဆင့် သူ ဒီမိန်းကလေးကို စိတ်ဝင်စားနေသည်မှာ သိသာနေ၏။
"စစ်သူကြီး၊ သူ့မျိုးရိုးကို သိလား။ တော်ကြာ တခြားနိုင်ငံကနေ စစ်သူကြီးကို ထောက်လှမ်းပြီး သတင်းအချက်အလက်တွေ ရယူဖို့ ကြိုးစားနေတာ ဖြစ်နေဦးမယ်။"
နာမူချီ သတိထားနေမိသည်မှာ လွန်ခဲ့သည့်နှစ်များအတွင်း လူတော်တော်များများသည် ချင်ယွီချွမ်ကို အသုံးချဖို့ ကြိုးစားခဲ့ကြသောကြောင့် ဖြစ်သည်။
တချို့က တခြားနိုင်ငံမှ မင်းသမီးများ ဖြစ်ပြီး ချင်ယွီချွမ်ကို သူတို့၏ ခင်ပွန်းအဖြစ် အတင်းအကျပ် သိမ်းယူရန် ကြိုးစားခဲ့ကြဖူးလေသည်။
နာမူချီက ချင်းယီ၏ မျိုးရိုးကို သံသယဝင်နေသည်ကို မြင်သောအခါ ချင်ယွီချွမ် စိတ်မချမ်းသာရပေ။
"သူမ အဲဒီလို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ သူမက ငါတို့ရဲ့ ကမ္ဘာက မဟုတ်ဘူး။"
နာမူချီ အံ့သြသွားသည်။ ကမ္ဘာ မတူဘူး ဟုတ်လား။ ဒါဆို သူမ ဘယ်ကလဲ။
"စစ်သူကြီး ဒီမိန်းကလေးကို ဘယ်လို ထင်လဲ။"
စစ်သူကြီးက သိသာတဲ့ အမူအရာ မပြပေမဲ့ သူ့စကားတွေက သူမကို ကာကွယ်နေပုံရတယ်။
ဒါပေမဲ့ အခုအချိန်မတော့ သူတို့ သေတ္တာလေးကနေပဲ ဆက်သွယ်နိုင်တယ်။ စစ်သူကြီးက တစ်နေ့ကျ သူမကို တကယ် သဘောကျသွားရင် သူတို့ ဘယ်လိုလုပ်ကြမလဲ။
သူ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ရမယ်။
စစ်သူကြီးလို လူမျိုးက ရှန်ကျင်းက နာမည်ကြီး မိသားစုက မင်းသမီးတွေနဲ့ပဲ လိုက်ဖက်ညီတယ်။ မျိုးရိုးမသိတဲ့ ဒီမိန်းကလေးက စစ်သူကြီးအတွက် အတားအဆီး မဖြစ်သင့်ဘူး။
ချင်ယွီချွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလာခဲ့သည်။ "ငါတော့ ဘယ်လိုမှ မထင်ဘူး။"
"စစ်သူကြီး၊ ကျွန်တော့်အမြင်အရတော့ ဒီသေတ္တာလေးဟာ ဒီကမ္ဘာနဲ့ မဆိုင်ပါဘူး။ ဒီကမ္ဘာကြီးမှာရှိတဲ့ အရာခပ်သိမ်းဟာ သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို လိုက်နာပြီးသားဖြစ်တာကြောင့် ဒီနေရာမှာ မရှိသင့်ပါဘူး။ ဖျက်ဆီးပစ်သင့်တယ်။"
"စစ်သူကြီး၊ ဘာမဟုတ်တဲ့ ကျေးဇူးလေးတွေကြောင့်နဲ့ ဒီမိန်းကလေးကို စွဲလမ်းမနေသင့်ဘူး။ စစ်သူကြီး၊ ခင်ဗျားက ထျန်းချီအင်ပါယာ စစ်နတ်ဘုရားဖြစ်ပြီး အသေးအမွှား ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေမှာ ချည်နှောင်မထားသင့်ဘူး..."
နာမူချီ၏ စကားမဆုံးခင် ချင်ယွီချွမ် စကားဖြတ်ပြောလိုက်သည်။
"ငါ့ရဲ့ စည်းကို ငါ သိတယ်။ မင်း ဒီအတွက် စိုးရိမ်စရာ မလိုဘူး။"
နာမူချီက အကူအညီပေးနိုင်လိမ့်မယ်လို့ သူထင်ခဲ့ပေမဲ့ သူ အတွေးများခဲ့ပုံရပါတယ်။
ချင်ယွီချွမ် ဒေါသထွက်နေတာကို နာမူချီ သိပေမဲ့ သူ ဒါကို ပြောကိုပြောရမယ်။ "စစ်သူကြီး ဒါကို ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော် အဲဒါကို လုပ်ပေးပါ့မယ်။"
"နာမူချီ၊ ငါ မင်းကို ငါ့ရဲ့ အကြံပေးအဖြစ် လေးစားတယ်၊ ဒါပေမဲ့ မင်းနေရာကို မင်း သတိရပါ။ အခု သွားတော့။" ချင်ယွီချွမ်၏ အသံတွင် ထုတ်ဖော်မပြနိုင်သော ဒေါသများ ပါရှိနေ၏။
နာမူချီသည် သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့သောကြောင့် သူ၏ ညာလက်ရုံးအဖြစ် သတ်မှတ်လို့ ရသည်။ သူသည် ပညာတတ်တစ်ယောက်၊ သိုင်းပညာ ကျွမ်းကျင်ပြီး အကြံပေးနဲ့ စစ်သူကြီးအဖြစ် တာဝန်ယူနိုင်သူ ဖြစ်သည်။
နှစ်တွေကြာလာသည်နှင့်အမျှ သူသည် ချင်ယွီချွမ် ယုံကြည်ရတဲ့ လူနည်းစုထဲက တစ်ယောက် ဖြစ်လာ၏။ ဒါပေမဲ့ နာမူချီသည် သူ့လက်ကိုင်ဖုန်းကို ဖျက်ဆီးပစ်ချင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားပေ။
ချင်ယွီချွမ်သည် ဖုန်းကို ထုတ်ယူပြီး သေချာကြည့်လိုက်သည်။ တခြားသူ မမြင်နိုင်တဲ့ စာလုံးတွေကို သူမြင်နိုင်တာကြောင့် ဒါက ကံကောင်းတဲ့ အခွင့်အရေးပဲ ဖြစ်ရမယ်။ သူ မလိုချင်ဘူးဆိုရင် ဘယ်သူက သူ့ဆီက ယူလိမ့်မလဲ။
နာမူချီသည် သူ့တဲကို ပြန်ရောက်ပြီးနောက် ချင်ယွီချွမ်ဆီက သေတ္တာလေးကို ဘယ်လို ရယူရမလဲဆိုတာကို ဆက်ပြီး စဉ်းစားလျက်ရှိသည်။
သူ့ရဲ့ သိုင်းပညာသည် အတော်လေး ကောင်းမွန်သော်ငြား ချင်ယွီချွမ်ကို မယှဉ်နိုင်ပေ။ တကယ်တော့ ဒီစခန်းမှာတင် မဟုတ်ဘဲ ဒီနယ်မြေမှာတောင် သူ့ကို ယှဉ်နိုင်တဲ့သူ နည်းတယ်။ အတင်း လုယူဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး၊ ဒါကြောင့် သူ ဉာဏ်သုံးရလိမ့်မယ်။
ယန်ချီနဲ့ ယန်ယန်က ချင်ယွီချွမ်ရဲ့ ကိုယ်ရံတော်တွေဖြစ်ပြီး သူ့အနားကို ကပ်လို့ ရနိုင်တာကြောင့် သူတို့က သေတ္တာကို ယူနိုင်လိမ့်မယ်။
နာမူချီသည် ချက်ချင်းပင် ယန်ချီကို သွားရှာသော်လည်း ပြစ်ဒဏ်ကြောင့် ယန်ချီသည် နာမူချီနှင့် ဆက်ဆံရေးအား တစ်ဖက်သတ် ဖြတ်တောက်ထားသည်။ သူ့ကြောင့်သာ မဟုတ်ရင် ယန်ချီ ဒီနေ့ ဒီလို ကံဆိုးမှာ မဟုတ်ပေ။
ယန်ချီသည် အစပိုင်းက အမှားလုပ်ခဲ့သော်လည်း အဲဒီနေ့က လောင်းကစားဝိုင်းမှာ တခြားသူတွေလည်း ပါခဲ့တာပဲ။ ယန်ချီက မတရားဘူးလို့ ခံစားပြီး ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့၏။
ယန်ချီ မလိုလားသည်ကို မြင်သောအခါ နာမူချီသည် ယန်ယန်ကို ချဉ်းကပ်ရန်မှတစ်ပါး အခြား မရှိတော့ပေ။
အာလူးကြော်ကြောင့် ယန်ယန်သည် နာမူချီနှင့် ယန်ချီ နှစ်ယောက်လုံးကို လက်ရှိတွင် မုန်းတီးနေ၏။
နာမူချီသည် ယန်ယန်၏ တဲထဲကို ဝင်ဝင်ချင်းမှာပင် နှင်ထုတ်ခံလိုက်ရသည်။
နာမူချီမှာ ကျန်နေတဲ့ အမဲခြောက် အနည်းငယ်နဲ့ ယန်ယန်ကို လာဘ်ထိုးရုံပဲ တတ်နိုင်တော့သည်။
ယန်ယန်က လက်ခံပြီး အလုပ်ကို ပြီးအောင်လုပ်ပေးမယ်ဟု ကတိပြုလိုက်သည်။
သို့သော် နာမူချီ ထွက်သွားပြီး မကြာခင် ယန်ယန်သည် ချင်ယွီချွမ်၏ တဲဆီကို ပြေးသွား၏။
"စစ်သူကြီး၊ နာမူချီက ကျွန်တော့်ကို အမဲခြောက်နဲ့ လာဘ်ထိုးပြီး စစ်သူကြီးဆီက သေတ္တာလေးကို ခိုးခိုင်းတယ်။”
ချင်ယွီချွမ်သည် သူ့ကို မထီတရီ ပြန်ကြည့်ပြီး မေးလိုက်သည်။ "မင်း ဘာလိုချင်တာလဲ။"
"စစ်သူကြီး၊ ကျွန်တော်က စစ်သူကြီးရဲ့ သက်တော်စောင့်ဆိုတော့ စစ်သူကြီး ပြောတာကို နားထောင်ရမှာပဲ။ ဒါကြောင့် ကျွန်တော် စစ်သူကြီးကို သတင်းလာပို့တာ။ နောက်ထပ် နည်းနည်းလောက် ပေးလို့ ရမလား...။"
ယန်ယန် စကားမဆုံးခင် ချင်ယွီချွမ်သည် သူ့ကို အာလူးကြော် တစ်ထုပ် ပစ်ပေးလိုက်သည်။
ယန်ယန် အာလူးကြော်ထုပ်ကို ဝမ်းသာအားရ ဖက်လိုက်ပြီး "ကျေးဇူးတင်ပါတယ် စစ်သူကြီး။ နောက်ထပ် ဘာဖြစ်ဖြစ် ကျွန်တော် ချက်ချင်း သတင်းပို့ပါ့မယ်။"
***