အခန်း (၁) - မှော်ဖုန်း
“ဖုန့်ချင်းယီ ညစာစားဖို့အချိန်ရောက်ပြီ။”
အခန်းတံခါးခေါက်သံနှင့် အခန်းအပြင်ဖက်ဆီမှ အော်နှိုးသည့်အသံကြောင့် ဖုန့်ချင်းယီတစ်ယောက် အိပ်ပျော်ရာမှ နိုးလာခဲ့သည်။
ဖုန့်ချင်းယီသည် ငှက်သိုက်လို ရှုပ်ပွနေသော ခေါင်းဖြင့် အိပ်ရာထဲမှ တွန့်ဆုတ်စွာ ထကာ အခန်းတံခါးကို ဖွင့်လိုက်သည်။
“နင် သေချင်နေတာလား။”
ဖုန့်ချင်းစီသည် သူ့အမွှာညီမကို ရွံရှာသလို စိုက်ကြည့်နေသည်။
“ရှစ်နာရီခွဲနေပြီ၊ နင် ဒီအချိန်မှ မနက်စာ မစားသေးဘူးဆိုရင် သေလုမတတ် ဗိုက်ဆာနေလိမ့်မယ်။”
ဖုန့်ချင်းယီက သူ့ကို စိုက်ကြည့်နေသည်။
“ငါ့ဖုန်း ဘယ်မှာလဲ။ ငါ့ဖုန်း ပြန်ပေး။”
ဖုန်းအကြောင်းကိုပြောတော့ ဖုန့်ချင်းစီသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
မနေ့က သူ့ညီမရဲ့ မိုဘိုင်းဖုန်းနဲ့ ဂိမ်းဆော့ရင်း သူ့အဖေသောက်လေ့သောက်ထရှိတဲ့ ဖန်ခွက်ကြီးထဲကို မတော်တဆ ထွက်ကျသွားခဲ့သည်။
သူ ဖုန်းကို အမြန်ကောက်ယူလိုက်သော်လည်း တုံ့ပြန်မှု မရှိတော့ပေ။
“ငါ့ကိုရှင်းပြခွင့်ပေးပါဦး… မဟုတ်ဘူး၊ ငါ ရှင်းပြတာကို နားထောင်ပေးပါ။ နင့်ဖုန်းအရည်အသွေးက အရမ်းညံ့တယ်။ မနေ့က ငါ ဂိမ်းနှစ်ခါပဲ ကစားရသေးတယ်၊ အဲ့တာကို ပျက်သွားတယ်။”
“ငါ့ကို ဘာဖြစ်သွားတယ်ဆိုတာ အမှန်တိုင်းပြော”
သူမ ဒီဖုန်းအသစ်ကိုဝယ်ဖို့ ယွမ် ၇၈၀၀ သုံးစွဲခဲ့ကာ သူမ သုံးနေတာ တစ်ပတ်တောင် မပြည့်သေးဘူး။ အဲ့တာက ဘယ်လိုလုပ်ပြီး ပျက်သွားနိုင်မှာလဲ။ သူက သူမကို အရူးလို့ထင်နေတာလား။
ဖုန့်ချင်းစီသည် ဖုန့်ချင်းယီ၏ ဖုန်းအသစ်ကို အားနည်းစွာ ထုတ်ယူလိုက်သည်။
“ညီမလေး ငါ ဒီဟာကို ရည်ရွယ်ရှိရှိလုပ်တာ မဟုတ်ပါဘူး။ ငါ ဖုန်းကို ရေခွက်ထဲ မတော်တဆ ထွက်ကျသွားခဲ့ပြီးတော့ ဒီလို ဖြစ်သွားတာပဲ။”
ဖုန့်ချင်းယီ၏ အကြည့်သည် ဖုန့်ချင်းစီ၏ မျက်နှာပေါ်တွင် ကျောက်ချနေခဲ့သည်။
“ဒီလောက်ကြီးတဲ့ ဖုန်းတစ်လုံးကို ဆန့်တဲ့ ရေခွက် ငါတို့အိမ်မှာ ရှိတယ်ပေါ့လေ၊ ငါ့ကို ယုံအောင် ပြောစမ်း။”
ဖုန့်ချင်းစီ - “အင်း… အဖေ့ရဲ့ ရေနွေးခွက်ကြီးလေ။”
ကောင်းပြီ၊ သူမ အပြောစောလွန်းသွားခဲ့တာပဲ။ သူမဖခင်၏ ရေနွေးခွက်ကြီးက ဖုန်းတစ်လုံးပင် မပြောနဲ့ဦး၊ နောက်ထပ် နှစ်လုံးလောက်ပင် ထပ်ထည့်လို့ ရနိုင်ပေသည်။
“ဒါက ဒီလိုဖြစ်သွားတယ်ဆိုတော့ ငါ နင့်ကို အဲ့တာနဲ့ အတိအကျတူတဲ့ ဖုန်းတစ်လုံးကို ဝယ်ပြီး ပြန်လာဖို့ အချိန် နာရီဝက် ပေးလိုက်မယ်။”
ဖုန့်ချင်းစီကို တံခါးဝမှ ကန်ထုတ်ပြီးနောက် ဖုန့်ချင်းယီသည် ထမင်းကြော်ကို ဖြည်းဖြည်းချင်း အရသာခံစားသောက်ခဲ့သည်။
သူမ၏ အစ်ကိုက စိတ်မချရပေမယ့် ဟင်းချက်ကောင်းတယ်လို့ပြောရမယ်။
နာရီဝက်အကြာတွင် ဖုန့်ချင်းစီသည် ပလတ်စတစ်အိတ်တစ်လုံးဖြင့် ပြန်ရောက်လာခဲ့သည်။
တံခါးဖွင့်သံကိုကြားတော့ ဖုန်းချင်းယီသည် ဧည့်ခန်းထဲသို့ အမြန်ဝင်လာခဲ့သည်။
“ရော့ နင့်အတွက်”
ဖုန့်ချင်းစီသည် ပလတ်စတစ်အိတ်ကို ဖုန့်ချင်းယီထံသို့ လှမ်းပစ်ပေးလိုက်သည်။
ဖုန့်ချင်းယီက ပလတ်စတစ်အိတ်ကို ဖွင့်ပြီး ကြည့်လိုက်တော့ သူမ တစ်သက်နှင့်တစ်ကိုယ် ဒီဖုန်းလောက် စုတ်ပြတ်သတ်နေတဲ့ ဖုန်းမျိုးကို လုံးဝ မမြင်ဖူးဘူး။
ဖုန်း၏ ဖန်သားပြင်သည် အလွန်ပျက်စီးသွားသဖြင့် မူလအသွင်အပြင် လုံးဝ မမြင်နိုင်တော့ဘဲ ထောင့်စွန်းနားလေးတွေလည်း လုံးဝ မှေးမှိန်နေခဲ့သည်။ ဒီလိုအမှိုက်မျိုးကို ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူး။
“ဖုန့်ချင်းစီ၊ နင့်အသက်ကို နင်ထပ်မလိုချင်တော့ဘူးလား။ ငါ့ဖုန်းအသစ်က ယွမ် ၇၈၀၀ ပေးရတယ်၊ အခု နင်က ငါ့ကို ဒီလိုအစုတ်အပြတ်မျိုးနဲ့ အရူးလုပ်ဖို့ ကြိုးစားနေတာလား။”
ဖုန့်ချင်းယီတစ်ယောက် သောင်းကျန်းတော့မှာကိုမြင်တော့ ဖုန်းချင်းစီသည် သူ့အခန်းထဲသို့ အမြန်ဆုံးအရှိန်ဖြင့် ပြန်ပြေးသွားခဲ့သည်။
တိုက်ခိုက်မှု၏ စွမ်းပကားမှာ သူက သူ့ရဲ့ နူးညံ့သိမ်မွေ့ပုံရတဲ့ ညီမလေးလောက် မတော်ပါဘူး။
“ချင်းယီ နင့်ရဲ့ ဆင်းရဲတဲ့ အစ်ကိုကြီးက ဒီယွမ် ၂၀ တန် ဖုန်းကိုပဲ တတ်နိုင်တာကို နင်လည်း သိပါတယ်ဟာ။”
“ငါ နင့်ဖုန်းကို ပြင်ဆိုင် ပို့ပေးထားတယ်။ အခုတော့ ဒီဖုန်းလေးကို သုံးထားပါဦး။”
ဖုန့်ချင်းယီသည် ဒေါသအရမ်းထွက်နေခဲ့သည်။ သူမမှာ ဘာဖြစ်လို့ အရမ်းမနှစ်မြို့ချင်စရာကောင်းတဲ့ ဒီလို အစ်ကိုမျိုး ရှိနေရတာလဲ။
သူမ၏ ပညာသင်ဆုနဲ့ ဝယ်ယူထားတဲ့ ဖုန်းအသစ်လေးက သူမလက်ထဲရောက်တာ သုံးရက်ပဲ ရှိသေးတာကို သူမ အစ်ကို ခွဲပစ်လိုက်ပြီ။
ဖုန့်ချင်းယီသည် ပလတ်စတစ်အိတ်ထဲမှ ပျက်စီးနေသော ဖုန်းကို ရွံရှာစွာဖြင့် ကောက်ယူလိုက်ပြီး အမှိုက်ပုံးထဲသို့ ပစ်ထည့်ရန် ပြင်ဆင်လိုက်သည်။
ဒါပေမယ့် သူမ ကောက်ယူပြီးတာနဲ့ မှော်ဆန်တဲ့ မြင်ကွင်း တစ်ခု ဖြစ်ပျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘူး။
မူလက အပိုင်းပိုင်း ကွဲကြေနေသော ဖုန်းမျက်နှာပြင်သည် မှော်အစွမ်း အသုံးပြုလိုက်သကဲ့သို့ သူ့အလိုလို ချက်ချင်းပြုပြင်သွားခဲ့သည်။
သူမ ဒါကို မျက်မြင်တွေ့လိုက်ရလေ၏။
ဖုန့်ချင်းယီသည် ဖုန်းကို စားပွဲပေါ်တင်ကာ သူမ၏ မျက်လုံးကို ပွတ်ပြီး ဂရုတစိုက် ပြန်ကြည့်လိုက်သည်။
အသစ်စက်စက် ဖုန်းအနက် တစ်လုံးသည် စားပွဲပေါ်တွင် ငြိမ်သက်စွာ ရှိနေ၏။
ဒါက မှော်အစွမ်းများလား။
“ဖုန့်ချင်းစီ အခုချက်ချင်း အပြင်ကို ထွက်လာခဲ့၊ တစ်ခုခုတော့ ဖြစ်သွားပြီ။”
ဒါပေမယ့် ဖုန့်ချင်းစီကတော့ သူ့အခန်းထဲမှာ နားကြပ်တပ်ပြီးရှိနေတာဆိုတော့ သူမ အော်ခေါ်သံကို မကြားရဘူး။
ဖုန့်ချင်းယီသည် သူမ၏ ဖုန်းကို ကောက်ကိုင်ပြီး သူမ၏ အိပ်ခန်းထဲသို့ ပြန်ဝင်ကာ ဖုန်းကဒ်ကို ထည့်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။
ဖုန်းကို ပါဝါဖွင့်ပြီးကြည့်လိုက်တော့ ဖုန်းပေါ်မှာ အက်ပ်စတိုးကလွဲလို့ ဘာမှ မရှိဘူး။
ဖုန်းက အရမ်းသန့်တယ်၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ စနစ်နဲ့ ပါလာတဲ့ ဆော့ဖ်ဝဲလ်တချို့တော့ ရှိနေရမယ် မဟုတ်လား။
ထားလိုက်ပါတော့၊ ဒါက ဖုန်းအစုတ်ကနေ ဖုန်းအသစ်ကို ပြောင်းလဲသွားခဲ့တာဆိုတော့ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ အကြောင်းတရာ တချို့ ဖြစ်ပေါ်လာခြင်းက ပုံမှန်ပါပဲ။
ဖုန့်ချင်းယီသည် အိမ်ရှိ အင်တာနက်ကို လျင်မြန်စွာ ချိတ်ဆက် အက်ပ်စတိုးသို့ဝင်ရောက်ကာ အသုံးများသော ဆော့ဖ်ဝဲလ်များစွာကို ဒေါင်းလုဒ်လုပ်ခဲ့သည်။
သူမကို အံ့အားသင့်သွားစေတဲ့ ကိစ္စကတော့ ၂၀၀ အမ်ဘီ ရှိတဲ့ ဝီချက်အက်ပ်ကို နှစ်စက္ကန့်အတွင်း ဒေါင်းလုဒ်လုပ်ခဲ့တာက မည်သို့သော အမြန်နှုန်း ဖြစ်သနည်း။
ထို့နောက် ဖုန့်ချင်းယီသည် နောက်ထပ် ဆော့ဖ်ဝဲလ်အနည်းငယ်ကို ဒေါင်းလုဒ်လုပ်ခဲ့ပြီး ၎င်းတို့အားလုံးကို ဒေါင်းလုဒ်ခလုတ်ကိုနှိပ်လိုက်ရုံဖြင့် ချက်ချင်းဆိုသလို ထည့်သွင်းခဲ့လေသည်။
ကြည့်ရတာ သူမ၏ အစ်ကိုသည် တစ်နေရာကနေ အသစ်တီထွင်ထားသော နည်းပညာမြင့် မိုဘိုင်းလ်ဖုန်းတစ်လုံးကို ဝယ်ယူလာခဲ့သည့်ပုံပင်။ ဖုန်း၏ လုပ်ဆောင်ချက် အရမ်းချောမွေ့နေသည်ကို ထောက်ရှုပြီး လောလောဆယ် သူနှင့် ငြင်းခုံရန်ဖြစ်နေမည်မဟုတ်ပေ။
ဖုန့်ချင်းယီသည် ဖုန်းကို အချိန်အတော်ကြာအောင် အထပ်ထပ် အခါခါ ကြည့်ပြီး အွန်လိုင်းတွင်ပင် စစ်ကြည့်ခဲ့သော်လည်း ၎င်းသည် မည်သည့်အမှတ်တံဆိပ်ဖြစ်သည်ကို မသိရှိရပေ။
ထားလိုက်ပါတော့၊ ဒါက အလုပ်ဖြစ်နေသရွေ့ အဆင်ပြေတာပဲ။ သူမ ဒါကို ရက်အနည်းငယ်လောက် အသုံးပြုရုံပါပဲ။
သူမ၏ ဖုန်းအဟောင်းလောက် ကြည့်မကောင်းပေမယ့် စွမ်းဆောင်ရည်ကတော့ အတော်လေး ကောင်းမွန်သည်။
ဖုန့်ချင်းယီသည် သူမ၏ ဝီချက်အကောင့်ထဲသို့ ဝင်ရောက်ခဲ့ပြီး သူမ အစ်ကို၏ လျှပ်ပြာပြာနိုင်သော လုပ်ရပ်များအကြောင်းကို သူမ၏ အချစ်ဆုံး သူငယ်ချင်းထံ တိုင်ကြားခဲ့သည်။
မက်ဆေ့ချ်ပို့ပြီးနောက် - ဖုန့်ချင်းယီသည်သူမ၏ အခန်းဖော်များထံမှ ပြန်အဖြေကို စောင့်ဆိုင်းနေသော်လည်း သူမသည် မက်ဆေ့ချ်ကို လူမှားပို့ခဲ့မိကြောင်း ရုတ်တရက် သိလိုက်ရသည် - ပရိုဖိုင်အလွတ်ဖြင့် သူစိမ်းတစ်ယောက်ထံ မက်ဆေ့ချ်ပို့လိုက်မိသည်။
ဖုန့်ချင်းယီသည် အလွန်လျင်မြန်စွာဖြင့် မက်ဆေ့ချ်ကို ပြန်ဖျက်ဖို့လုပ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမတွင် လျင်မြန်သော လက်တစ်စုံ ရှိလေသည်။
နေပါဦး၊ ဒါက သူမ၏ ကိုယ်ရေးကိုယ်တာဝီချက်အကောင့်ဖြစ်ပြီးတော့ သူမသည် မည်သည့်သူစိမ်းကိုမှ သူငယ်ချင်းအဖြစ် မထည့်သွင်းခဲ့ပါ။
ဒါဆို အမည်နာမ ဖော်ပြထားခြင်း မရှိတဲ့ ပရိုဖိုင်အလွတ်နဲ့လူက ဘယ်သူလဲ။
ဖုန့်ချင်းယီက မေးမြန်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
(ချင်းယီ - ရှင် ဘယ်သူလဲ။)
ဖုန့်ချင်းယီသည် သူမ၏ အခန်းဖော်များနှင့် အချိန်အတော်ကြာ စကားပြောဆိုနေခဲ့သော်လည်း ထိုလူထံမှ အကြောင်းပြန်လာခြင်းမရှိသောကြောင့် သူငယ်ချင်းစာရင်းမှ ထိုလူကို ဖျက်ဖို့ ဆုံးဖြတ်လိုက်သည်။
ထူးဆန်းတာက သူမ အကြိမ်ပေါင်းများစွာ ဖျက်လိုက်ပေမယ့် သူမ ထိုလူကို သူငယ်ချင်းစာရင်းကနေ ဘယ်လို မဖျက်နိုင်ခဲ့ပါဘူး။
သူမအစ်ကိုက ဒီထူးဆန်းတဲ့ဖုန်းကို ဘယ်နေရာကနေ ဝယ်လာခဲ့မှန်း သူမတော့ တကယ် မသိဘူး။
ဖုန်းချင်းယီက လက်လျှော့လိုက်ပြီး ဒီအတိုင်းပဲ ထားလိုက်တော့သည်။
ထျန်းချီအင်ပါယာ၊ နယ်စပ်စခန်း။
တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သူကြီးလေးသည် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။
သူ့လက်ထဲတွင် စစ်ပွဲမှ အသစ်စက်စက် သိမ်းယူရရှိခဲ့သော အနက်ရောင် သေတ္တာလေး တစ်ခု ရှိနေသည်။
ထိုလူ၏ မျက်နှာသည် ကျောက်စိမ်းနှင့်တူသည်၊ သူ့ရုပ်ဆင်းသွင်ပြင် ထင်ရှားပြတ်သားပြီး တုနှိုင်းမဲ့သည်။ သူ၏ မှင်ရည်လိုမျက်ဝန်းတွေက သီးခြားဆန်ပြီး အေးစက်သည်။
သူ၏ ပါးလွှာသော နှုတ်ခမ်းများသည် တင်းတင်းစေ့နေပြီး အနည်းငယ် မျက်မှောင်ကြုတ်နေကာ သူ၏ သွယ်လျသော လက်ချောင်းတွေက အနက်ရောင် သေတ္တာလေးပေါ် အသာအယာ ပုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင် သေတ္တာလေးက အနည်းငယ် တုန်ခါသွားခဲ့သည်။
ထိုလူသည် ရုတ်တရက် တောက်ပလာသော သေတ္တာလေးကိုကြည့်ပြီး အံ့အားသင့်သွားပုံရသည်။
သေတ္တာလေးပေါ်မှာ စာကြောင်း နှစ်လုံး ပေါ်လာခဲ့သည်။
“ချင်းယီ” က မက်ဆေ့ချ်ကို ပြန်ဖျက်ခဲ့သည်။
ဘယ်သူလဲ။
ဒါက ရန်သူတွေရဲ့ ထောက်လှမ်းရေးအတွက် နည်းလမ်းသစ်တစ်ခုလား။
“စစ်သူကြီး၊ နာမူချီက တွေ့ခွင့်တောင်းနေပါတယ်” တဲအပြင်ဖက်ကနေ ခပ်ပြတ်ပြတ် သတင်းပို့သံ တစ်သံကို ကြားလိုက်ရသည်။
“ဝင်ခဲ့ပါ။”
နာမူချီသည် တဲထဲသို့ ဝင်လာပြီး ထိုလူကို ဦးညွှတ်လိုက်သည်။
“စစ်သူကြီး၊ လက်ထောက်စစ်သူကြီးလင်းက ချန်ရွှီကွမ်းမှာ ရန်သူကို အနိုင်ယူနိုင်ခဲ့ပါတယ်။ သူက အခု အပြင်ဖက်မှာ စခန်းချနေပြီး စစ်သူကြီးရဲ့ အမိန့်ကို စောင့်ဆိုင်းနေပါတယ်။”
ထိုလူ၏ မျက်နှာသည် အမူအရာ ကင်းမဲ့စွာ ရှိ၏။ “အင်း၊ သူတို့ကို သုံးရက်လောက် အနားယူပြီး အားမွေးဖို့ ပြောလိုက်ချေ။”
“ဟုတ်ကဲ့၊ ကျွန်တော် သူတို့ကို အခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်” နာမူချီက တုံ့ပြန်ခဲ့သည်။
“နာမူ၊ မင်းက ခရီးထွက်ဖူးတာများတော့ ဗဟုသုတ ပြည့်စုံတယ်။ မင်း ဒီလိုဟာလေးကို အရင်တုန်းက မြင်ဖူးလား” ထိုလူသည် သူ့လက်ထဲမှ အနက်ရောင် သေတ္တာလေးကို နာမူချီထံ လက်ကမ်းပေးလိုက်သည်။
နာမူချီသည် သေတ္တာလေးကိုယူပြီး ပတ်ပတ်လည်ကို သေချာ ဂရုတစိုက် စစ်ဆေးကြည့်သော်လည်း ဘာမှ မမြင်ရပေ။
“စစ်သူကြီးကို သတင်းပို့ပါတယ်၊ ကျွန်တော် ဒါကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါက ဘာလဲဆိုတာ ကျွန်တော် မသိပါဘူး။”
“ကောင်းပြီ၊ မင်း အခု ထွက်သွားနိုင်ပြီ။”
ဤသည်မှာ မြောက်ပိုင်းချီမင်းဆက်ထံမှ သတင်းစကား ပေးပို့သည့် ပစ္စည်းတစ်ခု ဖြစ်ဖွယ်ရှိသည်။ ဒါကို သေချာ ဂရုတစိုက် စစ်ဆေးကြည့်ဖို့ လိုအပ်ပေသည်။
***