Ch 18
Viewers 3k

(18)


ဆယ်နာရီထိုးပြီးချိန်တွင်တော့ ကျင်းရန်နှင့် ရန်ချင်းလင်တို့ နှစ်ယောက် အိပ်ဆောင်တွေ၏အောက်ထပ်သို့ တစ်ချိန်တည်း ဆင်းလာခဲ့ကြသည်။


ကျင်းရန်က လက်ရှိတွင် တက္ကသိုလ်စတိုင် ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး V-လည်ပင်းဆွယ်တာလက်ပြတ်ကို အပေါ်မှ ၀တ်ထားလေ၏။


သူ့၏အသွင်အပြင်မှာ ခါတိုင်းအချိန်များကဲ့သို့ ချောမောဝံ့ကြွားသည့်ဟန်ပန်မျိုးမရှိတော့ချေ။ သူသည်ကား ဖြူစင်တောက်ပပြီး အပြုအမူကောင်းများရှိနေသည့် လူငယ်လေးတစ်ယောက်ကဲ့သို့ ရှိနေခဲ့ပေပြီ။


သို့သော် သူ့၏ပါးစပ်ကို တစ်ကြိမ်ဖွင့်ဟလိုက်သည်နှင့် သူ၏ကိုယ်ရည်ကိုယ်သွေးများကို ထုတ်ဖော်ပြသလာခဲ့သည်ပင်။


“သောက်ကျိုးနည်း မင်း လက်စွပ်တစ်ကွင်းပေးတဲ့အချိန်မှာ လက်စွပ်ဘူးလေးတစ်ဘူးကိုထည့်ပေးရမယ်ဆိုတာ မသိဘူးလား၊ ငါ ဒါကို အိတ်ကပ်ထဲမှာ ထည့်လာရတာ ပျောက်သွားရင်ဘယ်လိုလုပ်မလဲ”


သန်းချီတန်တဲ့ လက်စွပ်က ပျောက်သွားမယ်ဆိုရင် တကယ်သေသွားလိမ့်မယ်!


ရန်ချင်းလင် အပြုံးနှင့်ပြောလိုက်ချေသည်။


“ရွှယ်ကျန်း အခုဝတ်ထားလို့ရပြီလေ”


ကျင်းရန် ရန်ချင်းလင်၏ ဘယ်ဘက်လက်ကို တစ်ချက်ကြည့်လိုက်တော့ ထိုကောင်လေးက လက်စွပ်ကို ဝတ်ထားပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရသည်။


“မင်း ဘာလို့ အစောကြီး ဝတ်ထားတာလဲ၊ ကားထဲကိုရောက်မှ ဝတ်မယ်ဆိုရင်လည်း သိပ်မနောက်ကျသေးပါဘူး၊ တစ်ယောက်ယောက်က မြင်ရင် ပြသနာဖြစ်လိမ့်မယ်”


ရန်ချင်းလင် သူ့လက်ထဲက လက်စွပ်ကို ပြန်ငုံ့ကြည့်လိုက်သည်။


“ကျွန်တော် ပျောက်သွားမှာကို ကြောက်လို့”


ကျင်းရန်: “စကားမစပ် မင်းအိမ်က ဘယ်မှာလဲ”


ရန်ချင်းလင်က အိမ်ရာတစ်ခု၏နာမည်ကို ပြောပြလာခဲ့သည်။


ကျင်းရီကတော့ ထိုအိမ်ရာ၏နာမည်ကို ကြားလိုက်ရပြီးနောက် ရန်မိသားစုမှာ အမှန်တကယ် ချမ်းသာကြောင်း တွေးတောမိကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။


အားလပ်ရက်ရှည်၏ ပထမနေ့ဖြစ်သောကြောင့် လမ်းအနည်းငယ်ပိတ်ဆို့နေခဲ့ကာ သူတို့နှစ်ယောက် အိမ်ကိုပြန်ရန်အတွက် အချိန် တစ်နာရီကျော်ကြာမြင့်ခဲ့သည်။ 


ရန်ချင်းလင် ကားကိုရပ်တန့်လိုက်ပြီး သူ့ကို သတိပေးလာခဲ့သည်။


“ရွှယ်ကျန်း ၊ ရွှယ်ကျန်း အခုလက်စွပ်ကို ဝတ်လိုက်လို့ရပြီ” 


“...အိုး” 


ကျင်းရန် သူ၏ အိတ်ကပ်ထဲမှ လက်စွပ်ကို ထုတ်ယူလိုက်ကာ သူ၏လက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး ဝတ်ဆင်ဖို့ရန်အတွက် တုံ့ဆိုင်းနေခဲ့လေ၏။


ရန်ချင်းလင်က စတီယာရင်ကိုကိုင်းထားရင်း သူ့ကိုကြည့်၍ ပြောလာခဲ့သည်။


“ဒါမှမဟုတ် ရွှယ်ကျန်းက ကျွန်တော့်ကို ကူညီပေးစေချင်လို့လား”


ကျင်းရန် လက်စွပ်ကို သူ၏ ဘယ်ဘက်လက်ခလယ်တွင် အမြန်စွပ်လိုက်ပြီး ကားတံခါးကိုဖွင့်ကာ အလွန် အေးဆေးတည်ငြိမ်သည့်ဟန်နှင့် ပြောလိုက်ချေသည်။


“သွားမယ်”


ရန်ချင်းလင် ခပ်တိုးတိုး ရယ်မောရင်း ကားပေါ်မှ ဆင်းလိုက်ပြီး ယမန်နေ့က သူတို့နှစ်ယောက် သွားဝယ်ထားသည့် လက်ဆောင်များကို ကားနောက်ခန်းထဲမှ ထုတ်ယူလိုက်သည်။


ကျင်းရန် ရုတ်တရက် သူ့နဖူးကို ရိုက်လိုက်ချေသည်။


“အဲဒါပဲ!”


“ဘာဖြစ်လို့လဲ?”


“မနေ့က ငါတို့ လမုန့်မဝယ်ခဲ့ရဘူး!”


ဆောင်းဦးလလယ်ပွဲတော်အတွက် တစ်စုံတစ်ယောက်၏ အိမ်သို့ အလည်အပတ်သွားချိန်တွင် လမုန့်တစ်ဗူးလေးတောင် ယူသွားခြင်းမရှိပါက အလွန်ဆိုးရွားလှသည်ပင်။


သူ့စိတ်ထဲက လွတ်နေတာများလား??


ရန်ချင်းလင် သူ့ကို နှစ်သိမ့်ပေးလာသည်။


“အဆင်ပြေပါတယ်၊ ကျွန်တော်တို့အိမ်က နှစ်တိုင်း လမုန့်တွေကို ကုန်အောင် စားနိုင်တာမဟုတ်ဘူး၊ ဒါကြောင့် ထပ်ဝယ်နေစရာ မလိုပါဘူး”


“ကုန်အောင် စားနိုင်တာ၊ မစားနိုင်တာက မင်းမိသားစုရဲကိစ္စလေ၊ ဝယ်တာ မဝယ်တာကတော့ ငါ့ကိစ္စပဲ”


ကျင်းရန် ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။


“အချိန်က သိပ်ပြီးနောက်မကျသေးဘူး၊ အပြင်ထွက်ပြီး တစ်ဘူးလောက် ဝယ်ရအောင်”


ဤသို့ဖြင့်ရန်ချင်းလင်တစ်ယောက် လကိတ်မုန့်တစ်ဘူးဝယ်ဖို့အတွက် ကျန်းရန်နှင့်အတူ နောက်တစ်ကြိမ် ကုန်တိုက်သို့ လိုက်ပါသွားခဲ့ရပြန်သည်။


ဓာတ်လှေကားထဲတွင် ကျင်းရန်က အိတ်ကြီးတစ်လုံးနှင့် အိတ်သေးသေးလေးတစ်လုံးကို ကိုင်ဆောင်ထားခဲ့ပြီး အနေရခက်ပြီးယဥ်ကျေးစွာ ပြုံးလျက် သူ အချိန်အကြာကြီးတွေးတောထားခဲ့ရသော အဖွင့် မိတ်ဆက်စကားကိုခေါင်းထဲကို အထပ်ထပ်အခါခါ လေ့ကျင့်နေခဲ့သည်:


‘ မင်္ဂလာပါ အန်တီနှင့် အန်ကယ်၊ ကျွန်တော်က ကျင်းရန်ပါ၊ ပျော်ရွှင်စရာ ဆောင်းဦးလလယ်ပွဲတော်ဖြစ်ဖို့ ဆုတောင်းလိုက်ပါတယ်”


ခဏလေး၊ “ဆုတောင်းလိုက်ပါတယ်” ဆိုတဲ့ စကားကို ထည့်သုံးရတာက နည်းနည်းလောက် များနေမလား၊ “ ပျော်ရွှင်စရာ ဆောင်းဦးလလယ်ပွဲတော်ပါ” လို့ တိုက်ရိုက်ပြောလိုက်ရင် ပိုကောင်းမလား...


ရန်ချင်းလင် သူ့ကို ငုံ့ကြည့်ကာ ရယ်မောလိုက်မိသည်။


“ရွှယ်ကျန်း၊ ရွှယ်ကျန်း စိတ်လှုပ်ရှားနေတာလား”


ကျင်းရန်: “ အဓိပ္ပမရှိတာ! မင်းဆိုရင်ရော စိတ်မလှုပ်ရှားဘဲနေမှာလား !”


ရန်ချင်းလင် ခဏလောက် တွေးတောကြည့်လိုက်ပြီး အမှန်အတိုင်းပြောခဲ့သည်။


“ကျွန်တော်ကတော့ အဆင်ပြေလောက်မယ်လို့ထင်တယ်၊ အန်တီနှင့် ကျွန်တော်နှင့်က အဆက်မပြတ် အဆက်အသွယ် ရှိနေတာလေ”


ထိုအကြောင်းကို ပြောလာသည်တွင် ကျင်းရန်တစ်ယောက် ပို၍ ဒေါသထွက်လာရသည်။


“အဲဒါ ငါ့အမေနော်၊ မင်းမှာ လုပ်စရာတစ်ခုခုရှိရင် မင်းရဲ့ကိုယ်ပိုင်အမေကိုသွားရှာပါလား၊ ဘာလို့တခြားလူတွေရဲ့အမေတွေကိုပဲ ရှာနေရတာလဲ၊ မင်းတို့ ဒီလောက်တောင် စကားပြောရတာကိုကြိုက်ရင် ဝီချက် message ထဲမှာ သူနှင့်စကားပြောခန်းကို ဘာလို့ ထိပ်ဆုံးမှာထားဖို့ မပြင်ဆင်ထားတာလဲ”


“အဲဒါက အလုပ်မဖြစ်ဘူး” 


ရန်ချင်းလင် ပြန်ပြောလာခဲ့သည်။


“ကျွန်တော့်ရဲ့ ဝီချီ မက်ဆေ့ချ်ရဲ့ထိပ်ဆုံးမှာ တစ်ယောက်ယောက်ကို ထားပြီးသားရှိနေပြီ”


“ဒင်း” ခနဲအသံဖြင့် ဓာတ်လှေကားတံခါးပွင့်လာပြီး ကျင်းရန်တစ်ယောက် ရောက်ရှိလာတော့မည့် နွေးထွေးသော ကြိုဆိုမှုကို လက်ခံယူရနာအတွက် အဆင်သင့်ဖြစ်နေစေဖို့ သူ၏ ကိုယ်ဟန်အနေအထားကို ချက်ချင်း ပြုပြင်ပြောင်းလဲလိုက်သည်။


သို့သော် သုံးစက္ကန့်ကြာပြီးသွားသည့်နောက်တွင်ပင် မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။


ကျင်းရန်: ? ? ?


ဓာတ်လှေကားတံခါးက ဧည့်ခန်းကို မျက်နှာမူထားပြီး အခန်းတွင်း၌ မည်သူမျှရှိမနေခဲ့ပါချေ။ ထမင်းစားခန်းတွင် လူခြောက်ယောက်ထို စားပွဲတစ်ခုရှိပြီး စားပွဲပေါ်၌ ပန်းကန်ပြားကြီးတစ်ချပ်ရှိကာ ပန်းကန်ပေါ်တွင်အီကြာကွေးကြော်တစ်ဝက်က အထီးကျန်စွာ လှဲလျောင်းနေခဲ့သည်။


ကောင်းမွန်လှိုက်လှဲစွာ ကြိုဆိုဖို့က လုံးဝ ရှိမနေခဲ့ဘူးလား? ဘာပဲဖြစ်ဖြစ် သူ့ကို စကားအရဘဲဖြစ်ဖြစ် ရန်မိသားစုရဲ့ သားမက်လို့ သတ်မှတ်နိုင်တယ်လေ။ 


ကျိယွမ်ရှီး၏ အဆိုအရ သူ သူ့ချစ်သူကောင်မလေး၏ အိမ်သို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့ချိန်တွင် သူ့၏ ယောက္ခမဖြစ်သူက ဟင်း ရှစ်ပွဲချက်ပြုတ်ပေးထားခဲ့ပြီး ထမင်းကိုလည်းသုံးပန်းကန် ထပ်ထည့်ခိုင်းခဲ့သည်။ ထမင်းစားပြီးနောက်တွင် သစ်သီးငါးမျိုးပါသည့် အသီးအနှံများကိုကျွေးကာ ကျိယွမ်ရှီး၏ဗိုက်ကိုဖောင်းကားစေခဲ့သည်။ 


ကောင်းကင်က မပြိုကျသေးဘူး။ ဒါပေမယ့် သူ့အလှည့်မှာတော့ အီကြာကွေးတစ်ဝက်ပဲရှိနေခဲ့တယ်။


ကျင်းရန် မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး ရှေးခေတ်အမျိုးသမီးများ၏အခြေအနေကို တွေးတောလိုက်မိချေသည်။


ဤသည်က အနာဂတ်တွင် မိသားစုအတွင်းမှ သူ့၏အဆင့်အတန်းကို နားလည်နိုင်စေရန်အတွက် ဤသို့မြင်ကွင်းမျိုးကို မြင်တွေ့စေခြင်းဖြစ်နိုင်သလား။ 


သူ ထျန်းရာသို့ပန်ကိုသွား၍ “ယောက္ခမနှင့်ချွေးမနယ်မြေဧရိယာ”ထဲတွင် ပို့စ်တစ်ခုတင်သင့်နေပြီလား: အကူအညီတောင်းပါတယ်၊ ခင်ပွန်းဖြစ်သူနဲ့ ပထမဆုံးအကြိမ် မိသားစုအိမ်သို့ပြန်ချိန်တွင် ကြုံတွေ့ရသောအခြေအနေက ဒီလိုမျိုးဖြစ်နေတယ်..


သူ့ရဲ့ အိတ်ကပ်ထဲက ပိုက်ဆံတွေအားလုံးကို ထုတ်ယူပြီးတော့ အလောင်းအစားလုပ်ရဲတယ်! ပြန်လာတဲ့စာတွေအားလုံးက သူ့ကို ကွာရှင်းလိုက်ဖို့ ဖြောင်းဖြနေတာပဲဖြစ်နေလိမ့်မယ်!


ရန်ချင်းလင်းကတော့ အလွန်တည်ငြိမ်နေခဲ့၏။ သူက ကျင်းရန်အတွက် ရေတစ်ခွက်လောင်းထည့်ပေးလာပြီး လှမ်းမေးလာသည်။


“အပြင်ကိုထွက်ပြီး သွားစားကြမလား ဒါမှမဟုတ် အစားအသောက်မှာလိုက်ကြမလား”


ကျင်းရန်ကတော့ ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားကြီးတစ်ခုကိုသာ ခံစားနေခဲ့ရပေပြီ။


“မင်းရဲ့မိဘတွေ ဘယ်မှာလဲ”


“သူတို့က ထန်ကျင်းမှာရှိနေတုန်းပဲ၊ ခဏနေလောက်မှ ပြန်လာလိမ့်မယ်”


ရန်ချင်းလင်း ခဏလောက်ရပ်ပြီး ပြုံးလိုက်သည်။


“အန်တီက ရွှယ်ကျန်းကို မပြောပြခဲ့ဘူးလား ၊ ကျွန်တော်တို့တွေ ညစာအတူစားမယ်လို့လေ”


ကျင်းရန်တစ်ယောက် အသက်ပင် မရှူနိုင်တော့ချေ။


“ဒါဆို မင်း ငါ့ကို ဘာလို့ အစောကြီး ခေါ်လာရတာလဲ”


“ဘာလို့လဲ...” 


ရန်ချင်းလင် သူ့ဆီသို့ ချဉ်းကပ်လာခဲ့သည်။


“ရွှယ်ကျန်းက ဘယ်လိုထင်လဲ?”


*


သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်က အလွန်နီးကပ်လာခဲ့သောကြောင့် ကျင်းရန်တစ်ယောက် ရန်ချင်းလင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်လျှော်ဆပ်ပြာနံ့ ခပ်သင်းသင်းကို ထပ်မံရရှိလိုက်ပြန်သည်။


ရနံ့က အလွန်ကောင်းမွန်သော်လည်း ကျင်းရန်၏ နှလုံးသားထဲမှ ဒေါသတွေကိုတော့ မငြိမ်းသတ်နိုင်ပါချေ!


“ဘာလို့လဲ...” 


ကျင်းရန် အံကြိတ်ကာ ပြောလိုက်သည်။


“ငါ အခု မင်းရဲ့ခွေးခေါင်းကို လွင့်သွားတဲ့အထိ ရိုက်ချင်နေပြီ!”


ရန်ချင်းလင်က သူ၏ ခေါင်းကိုငုံ့ကိုင်းလိုက်ပြီး သူ့ခေါင်းကို ကျင်းရန်ထံသို့ စေတနာအလျောက် ပို့ဆောင်ပေးလိုက်ည်။


“ရွှယ်ကျန်း ညင်သာပေးနော်၊ ကျွန်တော် နာကျင်ရမှာ ကြောက်တယ်”


အိုး .. အခု ပိုလို့တောင် ဆိုးသွားပြီ။ သူ ရန်ချင်းလင်ရဲ့ခေါင်းကနေ ခေါင်းလျှော်ရည်ရနံ့ကိုပါ ထပ်ပေါင်းပြီး အနံ့ခံနိုင်နေပြီ။


ကျင်းရန်က ခံစားချက်မဲ့စွာ ပြောလာခဲ့ဆဲပင်။


“မင်း ဘာတွေမှားနေတာလဲဆိုတာ သိလား”


“အမ်၊ ကျွန်တော်မှားသွားပါတယ်”


“ဒါဆို မင်းဘာမှားနေတာလဲ”


ကျင်းရန် ထိုမေးခွန်းကိုမေးပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေပြီဟု ခံစားလိုက်ရသည်။


ဤသည်က မိန်းကလေးတစ်ယောက်က သူမ၏ရည်းစားကောင်လေးကို အမှား ဝန်ခံခိုင်းသည့်အချိန်တွင် သုံးနှုန်းသည့် စံစကားလုံးတွေဖြစ်နေသည်မဟုတ်ပါလား။


ရန်ချင်းလင်က သူ့၏မျက်နှာပေါ်မှ အပြုံးကို ရပ်တန့်ပြီး လေးနက်သည့် အမူအရာနဲ့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လာချေသည်။


“ဒီနေ့ ညစာစားတဲ့အချိန်ကျမှ ကျွန်တော့်ရဲ့မိဘတွေနှင့် အတူစားမဲ့အကြောင်းကို ရွှယ်ကျန်းကို ရှင်းအောင်ပြောခဲ့သင့်တယ်၊ ဒါဆို ရွှယ်ကျန်း အခုလို မနက်စောစော ရောက်လာရမဲ့အစား အိပ်ရေးဝအောင် သက်သောင့်သက်သာနှင့် အိပ်နိုင်လိမ့်မယ်”


“နောက်ရော”


ကျင်းရန် ဒေါသတကြီးနဲ့ ပြောလိုက်သည်။


“မင်းငါ့ကို ဒီလောက်အစောကြီး လက်စွပ် မဝတ်ခိုင်းသင့်ဘူး”


ထိုစကားကို ပြောပြီးနောက် ကျင်းရန် ကြောင်အမ်းသွားပြန်သည်။


သေစမ်း! သူ နောက်တစ်ကြိမ် ရန်ချင်းလင်ဆီမှာ အကွက်ချခံလိုက်ရပြန်ပြီ!


အဆိပ်အတောက်ပဲ! တကယ်ကို အဆိပ်အတောက်ပဲ!


“ရွှယ်ကျန်း၊ ကျွန်တော့်ကိုရိုက်လေ၊ ကျွန်တော်ပြန်မလုပ်ဘူး”


ကျင်းရန် ရန်ချင်းလင်၏ ခေါင်းကို ဘေးသို့ တွန်းလိုက်သည်။


“ထွက်သွားစမ်း၊ ငါ့ကို မထိနဲ့”


ရန်ချင်းလင်: “ရွှယ်ကျန်း ဘာစားချင်လဲ”


အခုအချိန်က ဘာစားရမလဲဆိုတာကို ဆွေးနွေးရမဲ့အချိန်လို့ထင်နေတာလား !


ကျင်းရန် အေးစက်စွာပြောလိုက်စည်။


“ ငါ ဗိုက်ဆာလွန်းလို့သေသွားမယ်ဆိုရင်တောင် ဒီကနေ ခုန်ချလိုက်မှာ! မင်းဆီက ဘာမှစားမှာမဟုတ်ဘူး “


ရန်ချင်းလင်: “...ဖူး”


? ? ?


ဒီရန်ချင်းလင်က ရယ်နေတုန်းပဲလား ? ?


ကျင်းရန် : “ငါသွားပြီ၊ နှုတ်ဆက်ပါတယ်”


*