(12)
ကျိယွမ်ရှီးနှင့် ကျင်းရန်တို့က စကားတပြောပြောဖြင့် သွားနေခဲ့ကြပြီး ခဏအကြာတွင် မည်သည့်အကြောင်းအရာကို ပြောနေမှန်းမသိဘဲ ကျိယွမ်ရှီးက ကျင်းရန်ကို စနောက်လိုစွာနှင့် တွန်းလိုက်လိုက်ချေသည်။
ကျိယွမ်ရှီးက ခွန်အားကို များစွာအသုံးမပြုသော်လည်း ကျင်းရန်မှာ ယနေ့တွင် ဘောလုံးကို နှစ်နာရီနီးပါးကြာအောင်ကစားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ အတော်လေး အားနည်းနေခဲ့ကာ ကျိယွမ်ရှီးထံမှ ထီးအပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရတော့သည်။
ကျိယွမ်ရှီးက ကျင်းရန်၏ ဦးတည်ရာဘက်သို့ ထီးကို အလျှင်အမြန်အုပ်မိုးပေးလိုက်သည်။
သို့ရာတွင်တစ်စုံတစ်ယောက်မှ သူ့ထက် ခြေတစ်လှမ်း ပိုမြန်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ချေ။
ရန်ချင်းလင် ကျင်းရန်၏ နောက်ကျောကို ကူညီထောက်ပံ့ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းပေးလိုက်သည်။
“ရွှယ်ကျန်း၊ အဆင်ပြေရဲ့လား”
ကျင်းရန်: “အဆင်ပြေပါတယ်”
သူက ကျိယွမ်ရှီးဆီသို့ လက်သီးကို မြှောက်ပြလိုက်ပြီး သေစေနိုင်သည့်လက်သီးပုံစံမျိုး ဖော်ပြလာခဲ့သည်။
ကျိယွမ်ရှီးက အလွန်အကျူးသရုပ်ဆောင်လာခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးသွားခဲ့တော့သည်။
ကျင်းရန် သူ့၏ နောက်တီးနောက်တောက် ပုံစံကိုကြည််ကာ မရယ်မောဘဲမနေနိုင်ခဲ့ချေ။
“သောက်ရူးကောင်”
အနီးတဝိုက်တွင် မိုးများသည်းထန်စွာရွာနေခဲ့ပြီး ကျင်းရန်မှာ ရန်ချင်းလင်၏ ထီးအောက်တွင်မှလွဲ၍ မည်သည့်နေရာကိုမှ သွားစရာမရှိတော့ပေ။
လေထုမှာ စိုစွတ်သောမိုးရနံ့များနှင့် ပြည့်နှက်နေသော်လည်း ရန်ချင်းလင်ကတော့ ကျင်းရန်ထံမှ လတ်ဆတ်သောမွှေးရနံ့များကို ဖမ်းဆုတ်နိုင်နေသေးသည်။
ဒီတစ်ယောက်က အခုလေးတင် အားကစားအပြင်းအထန်လုပ်လာတာရော ဟုတ်ရဲ့လား။ ဘာလို့ သူ့ဆီက ချွေးနံ့နည်းနည်းလောက်တောင် မထွက်ရတာလဲ။
ရန်ချင်းလင် တွေးတောရင်းဖြင့် ထီးကို ကျင်းရန်ဘက်ဆီသို့ ထပ်မံရွှေ့လိုက်ပြန်သည်။
မိုးများရွာသွန်းသည့်အသံများကိုသာ ပြားနေရပြီး သူတို့ နှစ်ယောက်လုံးကြားတွင်တော့ စကားများပြောဆိုခြင်းများမရှိဘဲ တိတ်ဆိတ်နေခဲ့ကြသည်။
ကျင်းရန် အနည်းငယ် အံ့သြနေခဲ့ရသည်။ ယခင်က သူနဲ့ ရန်ချင်းလင်တို့ နှစ်ယောက်တည်းရှိသည့်အချိန်တွင် ရန်ချင်းလင်က စကား အတော်လး ပြောတတ်သော်လည်း ယနေ့တွင်တော့ ဆေးမှားသောက်ထားသည်လား သို့မဟုတ် လိင်ပြောင်းထားပြီလားဟု ထင်ရလောက်အောင် ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားခဲ့သည် မဟုတ်ပါလား။
ကျင်းရန် သူ့ဘက်မှ စတင်ပြီး စကားသလိုက်သည်။
“မင်း တက္ကသိုလ်ကျောင်းသားဘဝမှာ နေသားကျသွားပြီလား?”
ရန်ချင်းလင် : “အဆင်ပြေပါတယ်၊ ဘာမှထွေထွေထူးထူးမရှိပါဘူး”
“စကားမစပ်၊ မင်းဘာလို့ ဒီမေဂျာကို လျှောက်ထားခဲ့တာလဲ”
ကျင်းရန်က သူ့၏ လက်ချောင်းဆယ်ချောင်းလုံးကို ခေါင်းနောက်ဘက်တွင် ယှက်နွယ်ထားခဲ့ကာ အလွန်အမင်း စိတ်အေးလက်အေးနှင့် သက်တောင့်သက်သာရှိနေပုံရသည်။
“ဘွဲ့ရပြီးရင် မင်းမိသားစုရဲ့စီးပွားရေးကို အမွေဆက်ခံရမှာပဲမလား၊ ဘာလို့ ကွန်ရက်အင်ဂျင်နီယာကို လေ့လာချင်နေရသေးတာလဲ”
ရန်ချင်းလင်က သာမန်ကာလျှံကာပြောလာခဲ့သည်။
“ဘွဲရပြီးရင် မိသားစုလုပ်ငန်းကို အမွေဆက်ခံရမှာပဲဆိုမှတော့ ဘယ်မေဂျာကိုပဲ ရွေးချယ်ပါစေ အတူတူပဲ မဟုတ်ဘူးလား”
ကျင်းရန် ထိုစကားကို ကြားလိုက်ရသည်တွင် အကြောင်းပြချက်ကို နားလည်သွားရသည်။
“ရွှယ်ကျန်းကရော”
ရန်ချင်းလင်က ပြန်မေးလာခဲ့သည်။
“ရွှယ်ကျန်းကရော ဘာလို့ ဒီမေဂျာကို ရွှေးချယ်ခဲ့တာလဲ”
ကျင်းရန်က ပြတ်ပြတ်သားသား ပြန်ပြောခဲ့သည်။
“ငါကြိုက်လို့လေ၊ ကုဒ်တွေကို ရေးဆွဲရတာက ပျော်စရာကောင်းတယ်၊ အထူးသဖြင့် ရေးဆွဲပြီးသွားလို့ bug တွေအားလုံးကို ရှင်းလင်းပြီး ချို့ယွင်းချက် မရှိတဲ့အချိန်ကျရင် လန်းဆန်းသွားစေတဲ့ ခံစားချက်က ကောင်းကင်ကိုတောင် တက်သွားစေတော့မလိုပဲ”
ရန်ချင်းလင် ကျင်းရန်၏ ဘေးဘက်မျက်နှာကို ငုံ့ကြည့်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ရွှယ်ကျန်းက ရွှယ်ပါ့ကျောင်းသားပဲ ဖြစ်မယ်”
“ငါက ရွှယ်ပါ့ဆိုတဲ့စကားကို မသုံးနိုင်သေးဘူး၊ ခယ့်ရန်ကမှ ရွှယ်ပါ့ပဲ၊ နောက်ပိုင်းမှာ သင်ခန်းစာတွေနဲ့ပတ်သက်ပြီး မင်း နားမလည်တာရှိရင် သူ့ကို မေးလို့ရတယ်”
ကျင်းရန် မျက်ခုံးပင့်လိုက်ပြီး :
“ရွှယ်ကျန်းကို မမေးရဘူးလား”
“အဆင်ပြေပါတယ်”
ကျင်းရန် ထူးမခြားနားစွာဖြင့် ပြောလာသည်။
“ငါ ဖြေနိုင်ပါ့မလားဆိုတာကိုတော့ မသိဘူး”
မိုးများ သည်းထန်စွာရွာသွန်းမှုကြောင့် နွေရာသီ၏ ပူပြင်းမှုများကို ပျောက်ကွယ်သွားစေသည်။ သူ ချစ်ရသည့် ဖိနပ်က ရေစိုသွားခဲ့သော်လည်း ကျင်းရန်တစ်ယောက် အံ့သြစရာကောင်းစွာဖြင့် စိတ်ခံစားချက် ကောင်းမွန်နေခဲ့ပေ၏။
ကြည့်ရသည်မှာ ရန်ချင်းလင်က သေခြင်းတရားကို ရှာဖွေပြီး စနောက်နေခြင်းကို နှုတ်ဆက်လိုက်သရွေ့ သူတို့ နှစ်ယောက်က ပျော်ရွှင်စွာ ဆက်သွယ်နိုင်နေသည့်ပုံပင်။
သူ့အိတ်ကပ်ထဲမှ ဖုန်းက အသံမြည်လာသောကြောင့် ကျင်းရန်က ID ကိုကြည့်လိုက်ပြီး ဖုန်းမဖြေသေးခင် ရန်ချင်းလင်ဆီသို့ အသံတိတ် အမူအရာ လုပ်ပြလာခဲ့သည်။
“မား၊ ကျွန်တော့်ဆီကို ဘာလို့ ရုတ်တရက်ကြီး လှမ်းခေါ်လာတာလဲ”
“ကျွန်တော် အခုပဲ လှိုင်းတွေနှင့်ဆော့ကစားပြီးသွားလို့ အိပ်ဆောင်ကို လှည့်ပြန်နေပြီလေ ဟမ်၊ ကျွန်တော် ဖွဲ့စည်းချိန်အတွင်း စားလိုက်မယ်...”
ရန်ချင်းလင်:...
ရန်ချင်းလင်မှာ သူ့၏ အသက် 18 နှစ်တာကာလကို ပေကျင်းတွင် အချိန်တစ်ဝက်နှင့် နိုင်ငံခြားတွင် အချိန်တစ်ဝက် ကုန်ဆုံးခဲ့သည်။ ရံဖန်ရံခါ ကွမ်တုံးသီချင်းတချို့ကို နားထောင်ရသည်ကလွဲ၍ သူသည်ကား ကွမ်တုံးစကားကို ထိတွေ့ခြင်းသိပ်မရှိခဲ့ပေ။ ထို့ကြောင့် ကျင်းရန် မတိုင်ခင်က ပြောခဲ့သည့်စကားများမှာ သူ့အတွက်တော့ ကောင်းကင်ဘုံမှစာအုပ်တစ်အုပ်နှင့် တူညီနေခဲ့သည်။
ရန်ချင်းလင် ထီးကိုမကိုင်ထားသည့်လက်ဖြင့် သူ့၏နှာခေါင်းကို အသာထိလိုက်မိသည်။
ဟမ်း...ဒါက ဖုံးကွယ်ထားတဲ့အန္တရာယ်တစ်ခုပဲ။
အဆုံးမှာတော့ အနာဂတ်တွင် သူသည်က ကျင်းရန်နှင့်အတူ ကျင်းရန်၏ မွေးရပ်မြေကို ပြန်သွားရပေဦးမည်ပင်။
ကျင်းရန် ဖုန်းခေါ်ဆိုမှုကို ချပြီးနောက် ရန်ချင်းလင်၏ တွေးတောနေသည့် အမူအရာကို မြင်ပြီး မေးမြန်းကြည့်လိုက်သည်။
“မင်းဘာဖြစ်နေတာလဲ?”
ရန်ချင်းလင်: “...ရွှယ်ကျန်း၊ ရွှယ်ကျန်းရဲ့ လေယူလေသိမ်းက အရမ်းမြန်တာပဲ၊ ရွှယ်ကျန်းရဲ့အမေ ဖုန်းဆက်တာလား”
“ ငါ့အဖွားဆက်တာ”
ကျင်းရန်က ပေါ့ပေါ့ပါးပါးနဲ့ ပြောလာသည်။
“သူမက မင်းအကြောင်းကို မေးနေတာ”
ရန်ချင်းလင် အံ့အားသင့်သွားရသည်။
“သူမ ဘာမေးတာလဲ”
“မင်းရဲ့ ပင်ကိုယ်စရိုက်က ဘယ်လိုနေလဲ၊ ပေါင်းသင်းဆက်ဆံရေးကရော ဘယ်လိုလဲ အဲလိုမျိုးတွေပေါ့”
“ဒါဆို ရွှယ်ကျန်း ဘယ်လိုဖြေလိုက်တာလဲ”
ကျင်းရန် ဆိုးသွန်းလိုစွာ ပြုံးလိုက်သည်။
“မင်း အကုန်ကြားလိုက်တယ် မဟုတ်ဘူးလား”
ရန်ချင်းလင်: “...”
ရန်ချင်းလင် စိတ်ဓာတ်ကျသွားသည်ကို ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရပြီးနောက်တွင် ကျင်းရန်တစ်ယောက် စိတ်ခံစားချက် ကောင်းသွားခဲ့ရပြီး သူ့၏မျက်လုံးများ ကွေးညွတ်သွားသည်အထိ ပြုံးလာခဲ့သည်။
“တိတိ”
ကျင်းရန် ရန်ချင်းလင်၏ ပုခုံးကို အသာပုတ်လိုက်သည်။
“မြစ်တွေ၊ ကန်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မင်းအတွက်ထွက်လာပေးမယ်ဆိုရင် တစ်စုံတစ်ခုကိုတော့ ပေးဆပ်ရမှာ သဘာဝပဲ”
ရန်ချင်းလင်၏ အသံက နက်ရှိုင်းသွားခဲ့သည်။
“ဒါဆို ရွှယ်ကျန်းပြောလေ၊ ကျွန်တော်ကို ရွှယ်ကျန်းကို ဘယ်လိုမျိုး ပြန်ပေးဆပ်ရမလဲ”
ကျင်းရန်က ရန်ချင်းလင်၏စကားများကို လေးလေးနက်နက် မစဉ်းစားဘဲ ဂရုမစိုက်စွာ ပြောလာချေသည်။
“စိတ်မပူပါနဲ့၊ နောက်မှ ပြန်ပေးဆပ်လိုက်ပေါ့”
ရန်ချင်းလင် သူ့၏ နှုတ်ခမ်းထောင့်များကို အပေါ်သို့ ကွေးညွတ်လိုက်မိသည်။
“ကောင်းပြီ”
ရန်ချင်းလင် အိပ်ဆောင်သို့ ပြန်ရောက်ပြီး မကြာမှီအချိန်အတွင်း တခြားအခန်းဖော်များသည်ဘည်း ပြန်လည်ရောက်ရှိလာခဲ့ကြပြီး လူတိုင်းက ရွှဲနစ်နေခဲ့ကြသည်။
သူတို့က ဘောင်းဘီခြေထောက်အနည်းငယ်လောက်သာ စိုစွတ်နေသည့် ရန်ချင်းလင်ကိုမြင်ချိန်၌ အံ့သြသွားခဲ့ကြသည်။
“ချင်းလင် ၊ မင်း ဘယ်လိုပြန်လာခဲ့တာလဲ ၊ မင်းလည်း ထီးမယူလာဘူးမလား “
ရန်ချင်းလင်က ခပ်တိုးတိုးပြန်ဖြေခဲ့သည်။
“ငါ့မှာ ရွှယ်ကျန်းတစ်ယောက်ရှိတယ်၊ မင်းတို့မှာ ရှိလား”
အခန်းဖော်တွေက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်မိကြသည်။
“ကျင်းရန် ရွှယ်ကျန်းလား?”
“အမ်”
“ဖာ့ခ်! မင်း တကယ်ကြီး သူနဲ့ ဆက်ဆံရေးကောင်းကောင်း ရှိနေတာဘဲ၊ ဒီနေ့ ထီးဆောင်းပြီး အဆောင်ကို ပြန်တယ်၊ မနက်ဖြန်ကျရင် ညစာအတူတူစားပြီး အမှောင်ထဲမှာ ရုပ်ရှင်သွားကြည့်တော့မှာလား? ချောမောတဲ့ လူငယ်လေးတွေကြားမှာ ဆွဲငင်အားရှိတယ်ဆိုတာ တကယ်ကြီးလား? ငါသာ အဲလိုကြီးပြင်းလာရင် ငါလည်း ဒီလိုဖြစ်နိုင်လား?”
ရန်ချင်းလင် ပြုံးလိုက်သည်။
“ငါ အဲဒါကိုစဉ်းစားလိုက်မယ်”
ရန်ချင်းလင်က ရေချိုးရန်အတွက် အလျင်လိုခြင်း မရှိသေးဘဲ သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ပိုင်တုကို ဖွင့်၍ လျှင်မြန်စွာ ရိုက်ရှာခဲ့သည်__ကွမ်တုံးစကားကို အမြန်ဆုံးတတ်ကျွမ်းအောင် ဘယ်လိုလေ့လာရမလဲ။
ဤကဲ့သို့ မိုးရွာသွန်းပြီးသည့်နောက်တွင် အပူချိန်က ကျဆင်းသွားခဲ့ပြီး နောက်ဆုံးတော့ ကျောင်းသားသစ်များ၏ နေ့ရက်များမှာ မခက်ခဲလှတော့ချေ။ ကျောင်း၏ အစဉ်အလာအရ စစ်ရေးပြ အခမ်းအနားကို စစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံးနေ့တွင် ကျင်းပမည်ဖြစ်ပြီး ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနားကိုလည်း တချိန်တည်း ကျင်းပလိမ့်မည်။
အတိုင်ပင်ခံက ကျင်းရန်အား သီးသန့် တွေ့ဆုံကာ တက္ကသိုလ်၏ ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနား၌ မိန့်ခွန်းပြောရန် ပြင်ဆင်ခိုင်းခဲ့ပြန်သည်။
ကျင်းရန် ထိုမေးခွန်းကိုသာ ထပ်မေးရပြန်သည်။
“ဘာလို့ ကျွန်တော်ကို ထပ်ခိုင်းရပြန်တာလဲ”
အတိုင်ပင်ခံ: “မင်းက ရုပ်ရည်ချောချေပြီး မင်းရဲ့ အဆင့်တွေကလည်း ကောင်းတယ်၊ ကျောင်းသားသစ်လေးတွေအများကြီးက မင်းကို တွေ့ချင်နေကြတာ”
ကျင်းရန် မှန်ကန်သည့်ပုံနှင့် ငြင်းဆိုခဲ့သည်။
“လူတိုင်းက စာလေ့လာဖို့အတွက် ကျောင်းကိုလာကြတာ၊ ကျွန်တော့်ကို တွေ့ဖို့ လာတက်ကြတာမဟုတ်ဘူး၊ ခင်ဗျား ကျောင်းရဲ့ အဆင့်တစ်ကို သွားခေါ်သင့်တယ်”
“ငါက မလုပ်ချင်ဘူးလို့ထင်နေတာလား ၊ ငါ ခယ့်ရန်နှင့် စကားပြောပြီးပြီ၊ ဒါပေမယ့် ခယ့်ရန်က ဓါတ်ခွဲခန်းကိစ္စနဲ့ အလုပ်ရှုပ်နေလို့ အချိန်မရှိဘူးလို့ ပြောခဲ့တယ်”
အတိုင်ပင်ခံက သက်ပြင်းချလိုက်သည်။
“ခယ့်ရန်က နေရာတိုင်းက တော်တယ်၊ ဒါပေမယ့် သူက သတ္တိနည်းလွန်းနေတာပဲ၊ သူ့ စတိတ်ခုံကို ကြောက်တဲ့အတွက်ကြောင့် သူ အခွင့်အရေးကောင်းတွေ ဘယ်လောက်တောင် လွတ်သွားခဲ့ပြီလဲ၊ ဒါက တကယ်ကို သနားစရာကောင်းတယ်”
ကျင်းရန် ခဏမျှတွေးတောပြီး ပြန်ပြောလိုက်သည်။
“ကျွန်တော် ပြန်သွားပြီး သူ့ကို မေးကြည့်လိုက်မယ်၊ ခဏစောင့်ပေးဦး”
ညနေခင်းအချိန်တွင် ခယ့်ယန် အဝတ်လျှော်ဖို့ ထွက်သွားသည့်အချိန်၌ ကျင်းရန် အနောက်မှလိုက်သွားခဲ့သည်။ သူက ညစ်ပတ်နေသည့်အဝတ်အစားများကို အဝတ်လျှော်စက်ထဲသို့ ထည့်ပြီး မေးလိုက်သည်။
“ခယ့်ယန်၊ မင်း ဘာလို့ မိန့်ခွန်းမပြောချင်တာလဲ”
ခယ့်ယန် စကားမပြောနိုင်ခင်တွင် ကျင်းရန် ဦးစွာ ဆက်ပြောခဲ့သည်။
“မင်းနဲ့အတူတူ ဓာတ်ခွဲခန်းမှာအတူရှိတဲ့ ရွှယ်ကျဲကို ငါမေးပြီးပြီ၊ မင်းရဲ့ ပရောဂျက်က ပြီးသွားလို့ မင်း အခု အလုပ်မရှုပ်ဘူးတဲ့”
ခယ့်ယန် သူ့၏နှုတ်ခမ်းကို ခပ်ဖွဖွဖိကာ တီးတိုးပြောလာသည်။
“ငါ ဒီလိုကိစ္စမျိုးအတွက် အချိန်မဖြုန်းချင်ဘူး”
ကျင်းရန် စိတ်ဓာတ်ကျစွာ ကြည့်လိုက်သည်။
“ဒါဆို ငါ တစ်ယောက်တည်းပဲ လုပ်ဖို့လူရှိတော့မှာပေါ့၊ အာ့ .. စိတ်ရှုပ်စရာပဲ”
ခယ့်ယန်: “ကျင်းကော၊ မသွားချင်ဘူးလား”
“သေချာတာပေါ့! ငါမသွားချင်ဘူး!”
ကျင်းရန်က အဝတ်လျှော်စက်ကို ငုံ့ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောခဲ့သည်။
“ငါ အခုတလော အလုပ်ရှုပ်နေမှန်း မင်း မသိပါဘူး၊ အိမ်မှာလည်း ကိစ္စတွေက ကိစ္စတွေအများကြီး ရှုပ်ထွေးနေတာ၊ ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနားအတွက် မိန့်ခွန်းပြင်ဆင်ဖို့ စိတ်မပါနိုင်ဘူး”
ခယ့်ယန်သည်လည်း ကျင်းရန်၏ မိသားစုနောက်ခံအကြောင်းကို အနည်းငယ်သိသည်။ ဤအခိုက်တွင်၊ ထိုမူလတန်းကျောင်းမှ ကလေးလေးက လူချမ်းသာ ခွေးသွေးဒရမ်မာများအကြောင်းကို ပြန်လည်တွေးတောမိလာခဲ့ပြီး ကျင်းရန်ကိုကြည့်သည့် သူ့၏အကြည့်များတွင် ၀ာနာ သနားစိတ်ဖြင့် ပြည့်နေခဲ့သည်။
“ငါမင်းကိုမကူညီချင်တာ မဟုတ်ပါဘူး...ငါက... ငါက နည်းနည်းလောက်ကြောက်နေလို့ပါ”
ကျင်းရန်က ကြင်နာမှုကြီးစွာနှင့် ပြောခဲ့သည်။
“ရပါတယ်၊ ဒါက အရမ်းကြီး ကြီးမားတဲ့ကိစ္စမဟုတ်ပါဘူး၊ ငါ ညလုံးပေါက် ရက်နည့်နည်းလောက် ပြင်ဆင်လိုက်ရင်တော့ အဆင်ပြေမှာပါ၊ စိတ်မပူပါနဲ့”
နတ်သားလေး ခယ့်ယန်မှာ ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။ သူ သွားတွေကို အံတင်းတင်းကြိတ်ကာ ဆုံးဖြတ်လာခဲ့သည်။
“ကျင်းကော၊ မင်းရဲ့အိမ်ကိစ္စတွေကိုပဲ ဖြေရှင်းလိုက်ပါ... မိန့်ခွန်း... ငါ မင်းအတွက် သွားလိုက်မယ်!”