Chapter 29
မုလေး၏သတင်းကို သိပြီးနောက်မှာ အဘိုးနှင့်အဘွားမုက စိတ်အေးသွားပြီး မုရှင်းကျိုး သယ်လာသော မီးအိမ်ကို အာရုံပြောင်းလိုက်ကြသည်။
“ရှင်းကျိုး.. ဒီပစ္စည်းတွေအကြောင်း ထပ်ပြောပြပါဦး… အံ့သြစရာကောင်းလိုက်တာ”
သားငယ်လေး အဆင်ပြေကြောင်း သိလိုက်ရ၍ အဘွားမု၏ရင်ထဲမှ အစိုင်အခဲကြီး လုံးလုံးကျသွားပြီး သူမက နံဘေးရှိ မီးအိမ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
မုရှင်းကျိုးက ပြုံးလိုက်ပြီး ချက်ချင်းဆိုသည်။ “ကောင်းပါပြီ.. ထပ်ပြောပြမယ်”
မီးအိမ်သည် အမှန်တကယ် အံ့ဖွယ်ကောင်းလွန်းသောကြောင့် ထိုညတွင် မုမိသားစုဝင်များသည် ဖန်မီးအိမ်ကို သူတို့အိပ်ခန်းထဲသို့ တန်းရွှေ့လိုက်ကြသည်။
“အို.. အဘိုးကြီးရယ်… ဒီပစ္စည်းက အရမ်းကောင်းတာပဲ”
အဘွားမုက ဘေးမှာထိုင်လျက် အစေခံမလေး၏လက်ထဲမှ လက်ကိုင်ပုဝါကိုယူကာ သူမလက်ကိုသုတ်ရင်း ပြောလိုက်သည်။ အဘိုးမုက ခေါင်းညိတ်ထောက်ခံပြီး အစေခံများကို ထွက်သွားရန် လက်ဝေ့ယမ်းပြလိုက်၏။ “ဒီပစ္စည်းက တကယ်အံ့ဖွယ်ပဲ.. ဖယောင်းတိုင်ထက်တောင် ပိုလင်းတယ်”
ယခုချိန်သည် ညရောက်နေပြီဖြစ်သော်လည်း ဤမီးအိမ်ရှိနေခြင်းကြောင့် အခန်းကြီးက နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။
လူအိုကြီးနှစ်ယောက်က မီးအိမ်ကို စစ်ဆေးနေစဥ် ဝန်ကြီးမုနှင့် သူ့ဇနီးက သူတို့ရှေ့က လင်းထိန်နေသော ပစ္စည်းကိုကြည့်နေ၏။
“သခင်မ.. ဒီပစ္စည်းက တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်.. ဘယ်လိုလင်းလာမှန်းတောင် မသိလိုက်ဘူး”
ဝန်ကြီးမုက အလွန်ဉာဏ်ကောင်းသူဖြစ်၏။ မဟုတ်ပါက ယခုရာထူးမှာ ထိုင်နေရမည်မဟုတ်။ သို့သော်လည်း သူ အနည်းငယ် ကိုင်တွယ်ကြည့်ပြီးသည့်တိုင် မည်သို့လင်းလာသည်ကို ရှာမတွေ့ခဲ့ပေ။
မုသခင်မက ပြုံး၍ပြန်ပြောလိုက်သည်။ “ဒီပစ္စည်းကို ဖြုတ်မပစ်နဲ့နော်.. ပြန်တပ်မရရင် နှမြောစရာကြီး”
ယခုချိန်မှာ မုသခင်မက ရေမိုးချိုးပြီး ခေါင်းလျှော်ပြီးသားဖြစ်၏။ သူမ၏ ဆံပင်က ခြောက်သွေ့နေပြီး သူမက နူးညံ့သောအသွင်ဖြင့် ပြုံး၍ပြောလိုက်သည်။ “ဒီတစ်ခါ ရှင်းကျိုးက ဒီလောက်ထိ အံ့သြစရာကောင်းတဲ့ပစ္စည်းကို ယူလာတာပဲ.. ကျွန်မမေးပြီးပြီ.. သူယူလာပေးတဲ့အပြင် ဆိုင်မှာအများကြီးရှိသေးတယ်.. စရောင်းတော့မယ်တဲ့”
“ရောင်းဖို့ကတော့ နှမြောစရာကောင်းတယ်”
ဝန်ကြီးမုက တစ်ခုခုကို စဥ်းစားမိ၍ မေးလေသည်။ “ရှင်းကျိုး ဘယ်နှစ်ခုတောင် သယ်လာတာလဲ”
သူ မကြည့်ခဲ့ရသဖြင့် ဆယ်ခုလောက်သာရှိမည်ဟု ခန့်မှန်းခဲ့သည်။
မုသခင်မက စိတ်ထဲကနေ တွက်ချက်၍ပြောလိုက်သည်။ “တစ်ရာကျော်လောက်ရှိတယ်”
“ဘယ်လောက်?” စာအုပ်ကိုင်ထားသော ဝန်ကြီးမု၏လက်က ရပ်တန့်သွားသည်။ “ဒီတစ်ခါ ရှင်းကျိုး ဘယ်နှစ်ခုဝယ်လာတာလဲ… ဒီပစ္စည်းက စျေးတော့မပေါဘူးမလား”
မုသခင်မက ပြုံး၍ဆိုသည်။ “ရှင်က ရှင်းကျိုးရဲ့ ပိုက်ဆံကို စိတ်ပူနေသေးတာလား.. သူက ကျွန်မတို့အိမ်မှာ အချမ်းသာဆုံးနော်”
မုရှင်းကျိုးသည် စီးပွားရေးလုပ်ကိုင်ပြီး စီးပွားရေးဉာဏ်ရှိ၍ သူ့ငွေသည် ဝန်ကြီးအိမ်ကထက်ပင် ပိုများသည်။
မုရှင်းကျိုးက ယခုချိန်တွင် သူ့အခန်းထဲ၌ရှိနေသည်။ သူသည် အစေခံများကို အပြင်သို့ထွက်ခိုင်းပြီး စုတ်တံ၊စာရွက်နှင့် မှင်ကျောက်တို့ကို ထုတ်ယူကာ စတင်တွက်ချက်လိုက်၏။
ယခုတစ်ခါမှာတော့ သူသည် မီးအိမ်စုစုပေါင်း ထောင့်ခြောက်ရာ ယူဆောင်လာခဲ့သည်။ ၎င်းတို့အနက် အိမ်အတွက် နှစ်ရာနီးပါးချန်ထားပြီး ကျန်တာကို ရောင်းချမှာပင်။
ဤပစ္စည်းက ရှားပါးလှ၍ မုရှင်းကျိုးက စိတ်ထဲ၌ခန့်မှန်းကာ တစ်ခုချင်းစီကို စျေးနှုန်းသတ်မှတ်လိုက်၏။
နံပါတ်တစ် ဖန်မီးအိမ်သည် အရိုးရှင်းဆုံးဖြစ်ရာ တစ်ခုလျှင် တစ်ရာ့ငါးဆယ်ဖြင့် ရောင်းမည်။ နံပါတ်နှစ်မှ ငါးအထိက အနည်းငယ်ပိုကြီး၍ ပိုသေသပ်သည်။ တစ်ခုလျှင် လေးရာ့နှစ်ဆယ်ဖြင့်ရောင်းမည်။ နံပါတ်ခြောက်သည် အကြီးဆုံးဖြစ်ပြီး အသေသပ်ဆုံးဖြစ်သည်။ ၎င်းကိုတော့ တစ်ခုလျှင် ရှစ်ရာနှင့်ရောင်းမည်။
သူသည် ဤပစ္စည်းများကိုဝယ်ယူရန် ငွေအများအပြားသုံးစွဲခဲ့ရသည်။ ရင်းနှီးငွေပြန်မရလျှင် သူ့ကိုယ်သူ မုရှင်းကျိုးဟု ခေါ်ဝံ့တော့မည်မဟုတ်။
မုရှင်းကျိုးသည် ရောင်းမည့်ပစ္စည်းများကို တာဝန်ယူထားသော်လည်း မိသားစုအတွက် လက်ဆောင်များကိုမူ သူ့ဖခင်နှင့် အစ်ကိုကြီးအား အပ်ထားလိုက်သည်။ ဤအရာများ၌ သူပါဝင်စရာမလိုပေ။
“ရှင်းကျိုး. သိုလှောင်ခန်းသွားပြီး မီးအိမ်ဆယ်ခုပြင်ဆင်လိုက်.. မင်းအဘိုး (အမေဘက်က)ကိို ပို့ပေးရမယ်.. မင်းဦးလေးအတွက်လည်း ခြောက်လုံး၊ခုနှစ်လုံးလောက်ပြင်လိုက်”
နောက်တစ်နေ့မနက်တွင် မုသခင်မက မုရှင်းကျိုးအား ချက်ချင်းပြင်ဆင်စေသည်။ လီမိသားစုက မုသခင်မ၏မိဘများဖြစ်၏။ မုသခင်မ၏ ဖခင်သည်လည်း ရာထူးကြီးသူဖြစ်ပြီး တရားရေးဝန်ကြီးဌာနကို အဓိကတာဝန်ယူထားသည်။
“အမေ.. ကျွန်တော် အခုပဲပြင်ဆင်ပြီး အဘိုးတို့ကို အံံ့သြသွားအောင် လုပ်လိုက်မယ်”
မုရှင်းကျိုးက ချက်ချင်းပြင်ဆင်သည်။ ဦးလေးများ၏ အိမ်များအတွက်မူ သူက ရွှတ်နောက်နောက်ရယ်လျက် ပြောလိုက်၏။ “အာ့ကော ဒီနေ့အားတယ်မလား.. သူ့ကိုပဲ ဦးလေးတို့အိမ်တွေကို ပို့ခိုင်းလိုက်ပါ”
“ဒီကောင်… ငါအခုမှပြန်လာတာကို အလုပ်ပေးနေတာလား”
မုအိမ်တော်မှ ဒုတိယသခင်လေး မုရှင်းဟမ်က ယပ်တောင်ခပ်ရင်း မုရှင်းကျိုး၏ခေါင်းကို ဖွဖွလေးခေါက်လိုက်သည်။
“အာ့ကောကလည်း အလုပ်ပေးတာမဟုတ်ရပါဘူး.. လက်ဆောင်ပို့ခိုင်းတာပါ”
မုရှင်းကျိုးက မကျေမနပ် နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်။ “ကျွန်တော် မနေ့ကပြန်လာတော့ တာ့ကောကိုလည်း မတွေ့ပါလား.. တာ့ကော ဒီရက်ပိုင်း အလုပ်များနေတာလား”
“ဟုတ်တယ်” မုရှင်းဟမ်က ခေါင်းညိတ်ပြပြီး ရှေ့ရှိ မီးအိမ်ကို တွေးဆဆဖြင့် ကြည့်လိုက်သည်။ “ခဏနေရင် ဦးလေးတွေရဲ့အိမ်ကို ပို့ပေးလိုက်မယ်”
မုသခင်မက သားနှစ်ယောက် စနောက်နေသည်ကိုကြည့်ရင်း ပြုံးကာပြောလိုက်သည်။ “တော်ပြီ..တော်ပြီ..ကျန်တဲ့ကိစ္စတွေကို ငါလုပ်လိုက်မယ်.. မင်းတို့နှစ်ယောက်က အဘိုးနဲ့အဘွားကို အရိုအသေပေးပြီး ခဏနေရင် မနက်စာစားကြတော့”
လူတိုင်းမှာ အလုပ်ရှိ၍ ယနေ့ စောစောထကြတာဖြစ်သည်။ အဘိုးနှင့်အဘွားလည်း ယခုဆို နိုးနေလောက်သည်။
“အရိုအသေပေးဖို့ လာစရာမလိုပါဘူး… ငါတို့ရောက်ပြီ”
အဘိုးနှင့်အဘွားက တစ်ယောက်ကိုတစ်ယောက် တွဲလျှောက်လာပြီး မုသခင်မကိုကြည့်ကာ ပြောလိုက်သည်။ “မနေ့က မီးအိမ်က တကယ့်အကောင်းစားပဲ.. မနေ့ညက ငါတို့အချိန်အကြာကြီး လေ့လာခဲ့တယ်”
“ဟုတ်တယ် အမေ.. အမေ မသိပါဘူး.. မနေ့က ကလေးတို့အဖေကလည်း အချိန်အကြာကြီး တွေးတောနေတာာ.. သူ သေချာစူးစမ်းချင်လို့ မီးအိမ်ကို ဖြုတ်ပစ်လိုက်မှာတောင် စိုးရိမ်သွားတယ်”
မုသခင်မက အဘွားမု၏ လက်မောင်းကိုတွဲရင်း ဆိုသည်။
အဘွားမုက ခေါင်းတညိတ်ညိတ်ဖြင့် ဆိုသည်။ “သတိထားဦးနော်.. မုကော်ကို ဖြုတ်မပစ်စေနဲ့.. ပျက်သွားရင် နှမြောဖို့ကောင်းတယ်”
သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှအံ့ဖွယ်ကောင်းသော ပစ္စည်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ ဖြုတ်ပစ်ပြီး ပျက်စီးသွားလျှင် နှမြောဖို့ကောင်းပေလိမ့်မည်။
ယောက္ခမနှင့်ချွေးမက ရယ်ရယ်မောမော စကားပြောရင်း မနက်စာစားဖို့ တန်းသွားလိုက်ကြသည်။
မနက်စာစားပြီးနောက် ပစ္စည်းအားလုံး အသင့်ဖြစ်နေ၏။ မုရှင်းကျိုးသည် မုသခင်မနှင့်အတူ သူမ၏ မိဘအိမ်သို့ ပြန်လိုက်သွားပြီး မုရှင်းဟမ်သည် ပစ္စည်းများကို ယူဆောင်ကာ ဦးလေးများစွာ၏အိမ်ကို တန်းသွားလိုက်သည်။
ယခုချိန်မှာ ဤပစ္စည်းကို ဆွေမျိုးများအား ဦးစွာ လက်ဆောင်ပေးခဲ့သည်။ ကျန်ပစ္စည်းများကို မည်သူ့အား ပေးသင့်သည်ကိုတော့ ဝန်ကြီးမုက အဘိုးမုနှင့် တိုင်ပင်ပြီးနောက်မှာ ဆုံးဖြတ်လိမ့်မည်။