Ch 5
Viewers 2k

အမှတ်မထင် ဖူးစာ


အပိုင်း ၅







လမ်းလျှောက်ရင်း အစ်ကိုလျန်က ရှင်းပြလိုက်သည်။ "နှင်းစကျတာနဲ့ ဒါကို စဆောက်ရတာပဲ၊ နေရာကလဲ အတိအကျ ဖြစ်ရမယ်၊ လျှောစောက်က ပြေပြေလေးနဲ့ အကွေ့လေး နည်းနည်းရှိရမယ်။ အရမ်းမတ်နေရင် သစ်လုံးတွေက အရှိန်လွန်ပြီး ထိန်းမရ ဖြစ်တတ်သလို အကွေ့က အရမ်းစောင်းနေရင်လဲ အပြင်ကို လွင့်ထွက်သွားတတ်တယ်။ တစ်ခါတလေ သစ်လုံးတွေက ကောင်းကောင်းမလျှောရင် ရေလောင်းပေးရတယ်၊ ဒါက လက်နဲ့သယ်တာ ဒါမှမဟုတ် နွားနဲ့ဆွဲတာထက် အများကြီး ပိုမြန်တယ်။" 



ထိုစဉ် တောင်စောင်းအထက်မှ "လာပြီဟေ့" ဟု အော်သံတစ်ခု ကြားလိုက်ရ၏။ လျှောလမ်းထိပ်တွင် စနစ်တကျ စီထားသော သစ်လုံးများအနက် တစ်လုံးမှာ လျှောလမ်းအတွင်းသို့ လိမ့်ဆင်းလာတော့သည်။



ဆယ်စုနှစ်များစွာ ကြီးထွားလာခဲ့သော ဤသစ်တောကြီးအတွင်းမှ သစ်လုံးများမှာ အချို့ ပေါင်ချိန် တစ်ထောင်ကျော်ပင် လေးလံလှ၏။ သစ်လုံးမှာ လျှောလမ်းထဲသို့ လေးလံသောအသံနှင့်အတူ ကျဆင်းလာပြီး အကွေ့အကောက်များကို ဖြတ်ကျော်ကာ အောက်ခြေသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် အကာအကွယ်များ နောက်ကွယ်မှ စောင့်ဆိုင်းနေသော အလုပ်သမားများက သစ်လုံးများကို အလျင်အမြန် တိုင်းတာကာ ကားပေါ်သို့ တင်ဆောင်၍ တောင်ခြေရှိ သိုလှောင်ရုံသို့ ပို့ဆောင်ကြလေ၏။



အစ်ကိုလျန်က နှင်းများကြားမှ မျက်စိမှိတ် ကြည့်လိုက်ပြီး ယန်ရွှယ်ကို ထိုအဖွဲ့ဆီသို့ ခေါ်သွားခဲ့သည်။ "ဒီအဖွဲ့ပဲ ဖြစ်ရမယ်"



တောင်ပေါ်တွင် နှင်းမှာ ပို၍ ထူသော်လည်း အလုပ်သမားများ သွားလာထားသော လမ်းကြောင်းများ ရှိနေသဖြင့် ထင်ထားသလောက် လမ်းလျှောက်ရ မခက်ခဲလှပေ။



ရှေ့မှ ဦးဆောင်နေသော အစ်ကိုလျန်က ယန်ရွှယ်ဘက်သို့ လှည့်ကြည့်ကာ "လိုက်နိုင်ရဲ့လား" ဟု မေးလာသည်။



"ဟုတ်ကဲ့" သူမ၏ ဖိနပ်ထဲသို့ နှင်းများ ဝင်လာပြီး ခြေသလုံးများမှာ အေးစိမ့်နေပြီ ဖြစ်သော်လည်း ခြေလှမ်းကိုတော့ မလျှော့ခဲ့ပေ။ "ဒီလောက်နီးနီးကပ်ကပ် သွားနေတာ ဘေးကင်းရဲ့လားဟင်။"



သစ်လုံးများ လျှောဆင်းလာသည့် အရှိန်အဟုန်ကို ကိုယ်တိုင် မြင်တွေ့ထားရသဖြင့် သူမ အနည်းငယ် စိုးရိမ်မိ၏။



"စိတ်အေးအေးထားပါ၊ ငါ ဘာလုပ်နေလဲဆိုတာ သိပါတယ်။ ထွန်စက်တွေ မရှိခင်ကတည်းက ငါက ဒီရေခဲလျှောလမ်း လုပ်ငန်းကို ဦးဆောင်ခဲ့တာ" အစ်ကိုလျန်က သူမ၏ စိုးရိမ်မှုကို ပယ်ချလိုက်သည်။



ယန်ရွှယ်တစ်ခုခု ထပ်ပြောရန် ပြင်စဉ်မှာပင် လူရိပ်တစ်ခုက ရုတ်တရက် ရှေ့သို့ တိုးထွက်လာပြီး အစ်ကိုလျန်၏ အင်္ကျီကော်လာကို ဆွဲကာ အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆွဲထုတ်လိုက်လေ၏။



အရပ်ငါးပေခွဲကျော်ရှိသော အစ်ကိုလျန်မှာ ထိုအားကို မခုခံနိုင်ဘဲ နှင်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားတော့သည်။



"ဘယ်ကောင်လဲဟ—" သူက လက်မောင်းကို ရုန်းဖယ်လိုက်ပြီး ဆဲဆိုရန် ပြင်လိုက်သော်လည်း လူတစ်ဖက်စာခန့် ထူသော သစ်လုံးကြီးတစ်လုံးမှာ သူရပ်နေခဲ့သော နေရာမှနေ၍ အရှိန်ပြင်းစွာ ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရသဖြင့် စကားများ ဆွံ့အသွားတော့၏။



သစ်လုံးကြီးမှာ အရှိန်မပျက်ဘဲ နောက်ထပ် ဆယ်မီတာကျော်အထိ လျှောဆင်းသွားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်ကို ထိမှန်ခဲ့ပါက အပြင်းအထန် ဒဏ်ရာရရှိခြင်း သို့မဟုတ် အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်ပေသည်။



အစ်ကိုလျန် ၏ ဆဲဆိုသံများမှာ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားလေတော့၏။ အနည်းငယ် ဝေးသောနေရာတွင် ရှိနေသော ယန်ရွှယ်လည်း ထပ်တူပင် ထိတ်လန့်သွားရသည်။



အစ်ကိုလျန်ကို ကယ်တင်လိုက်သောသူမှာ ကျောက်တုံးကြီးတစ်ခု နောက်ကွယ်တွင် ရပ်နေ၏။ သူသည် ယန်ရွှယ်ကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြူဖျော့နေသော အစ်ကိုလျန်၏ မျက်နှာကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဒီမှာ ဘာလုပ်နေတာလဲ၊ ဘေးကင်းလုံခြုံရေး သင်ခန်းစာရဲ့ နမူနာ ဖြစ်ချင်နေတာလား" 



နှစ်စဉ် သစ်ထုတ်လုပ်ရေး ရာသီမတိုင်မီ သစ်တောစခန်းတစ်ခုလုံး ဘေးကင်းလုံခြုံရေး သင်တန်း တက်ရစမြဲပင်။ အလုပ်ဝါရင့်တစ်ဦး ဖြစ်သော အစ်ကိုလျန် အနေနှင့် ထိုကဲ့သို့သော အခြေခံအမှားမျိုး မလုပ်သင့်ပေ။



အစ်ကိုလျန်မှာ မျက်နှာနီမြန်းသွားပြီး မျက်နှာပန်းလှရန် ဆင်ခြေပေးလိုက်၏။"ဒီနှစ် လျှောလမ်းကို ဘယ်သူဆောက်တာလဲ၊ သစ်လုံးတွေက ဒီလောက်အထိ လွင့်မထွက်သင့်ဘူးလေ" 



၎င်းမှာ သိသာလှသော ဆင်ခြေတစ်ခုသာ ဖြစ်သဖြင့် အခြားအမျိုးသား၏ မျက်နှာမှာ ပို၍ပင် တင်းမာသွားပြီး ဘာမှပြန်မပြောဘဲ အကြည့်ကို လွှဲလိုက်လေသည်။



ထိုသို့ လျစ်လျူရှုခံရခြင်းက လှောင်ပြောင်ခံရခြင်းထက်ပင် ပို၍ နာကျင်စေ၏။ အစ်ကိုလျန်၏ မျက်နှာမှာ နီမြန်းလိုက် ဖြူလျော်လိုက် ဖြစ်နေပြီး အော်လိုက်သည်။ "ဘယ်လိုအမူအရာလဲ၊ ငါက ကူညီချင်လို့ လာတာ၊ မဟုတ်ရင် ဒီကို လာပါ့မလား"  



သူ့ကို ကူညီချင်လို့ ဟုတ်လား။



ယန်ရွှယ်က အစ်ကိုလျန်ကို ထူပေးရန် လက်လှမ်းရင်းမေးလိုက်သည်။  "အဆင်ပြေရဲ့လားရှင်" ထို့နောက် သူမ၏ အကြည့်များက ထိုလူစိမ်းဆီသို့ ရောက်သွားပြန်၏။



ယခုတစ်ကြိမ်တွင်မူ သူမသည် သူ့ကို သေသေချာချာ အကဲခတ်လိုက်သည်။ သူသည် ငယ်ရွယ်ပြီး အရပ်ခြောက်ပေကျော် ရှိကာ ခန္ဓာကိုယ်မှာလည်း သွယ်လျ ကျစ်လျစ်လှ၏။ အခြားသူများကဲ့သို့ပင် သစ်တောစခန်း၏ ဝတ်စုံကို ဝတ်ထားသော်လည်း သူ့အပေါ်တွင်မူ ထိုဝတ်စုံမှာ ဖောင်းပွမနေဘဲ ကြည့်ကောင်းနေလေသည်။



အစ်ကိုလျန်၏ စကားကြောင့် ထိုအမျိုးသားက မျက်ခွံကို ပင့်ကြည့်လိုက်သော်လည်း သူတို့ဘက်သို့ စိတ်မဝင်စားဟန်ဖြင့် တစ်ချက်သာ ကြည့်လာ၏။



သူဆောင်းထားသော ဦးထုပ်ကြောင့် မျက်နှာတစ်စိတ်တစ်ပိုင်း ဖုံးကွယ်နေသော်လည်း ထင်ရှားသော ရုပ်ရည်ကိုတော့ မြင်နေရဆဲပင်။ အထူးသဖြင့် သူ့မျက်ဝန်းများမှာ နူးညံ့သိမ်မွေ့သော ပုံစံမျိုး ရှိသော်လည်း အတွင်းစိတ်မှာမူ ခပ်တန်းတန်း နေတတ်ပုံရသည်။



အကယ်၍ ဤသူသာ ချီဖန့်ဆိုလျှင် သူမ၏ ဒေါ်လေး ပြောပြခဲ့သည်ထက် အများကြီး ပို၍ ကြည့်ကောင်းနေခြင်း ဖြစ်ပေလိမ့်မည်။



"ရုပ်မဆိုးဘူး" ဆိုသည်မှာ အလွန်ပင် နည်းလွန်းလှသည်။ ထိုအမျိုးသားမှာ အလွန်အမင်း ရုပ်ရည်ချောမောလွန်းသူပင်။



သူမ ထိုအကြောင်းကို ဆက်စဉ်းစားနေစဉ်မှာပင် အစ်ကို လျန်က သူမ၏ အကူအညီကို လက်ကာပြကာ ငြင်းဆိုလိုက်၏။ "မင်းရှာနေတာ ချီဖန့် မဟုတ်လား၊ အဲ့ဒါ သူပဲ" သူသည် သူဘာသာ ထရပ်ပြီး မျက်နှာကြီး စူပုပ်လျက် စကားတစ်လုံးမှ မပြောဘဲ ထွက်သွားတော့သည်။



ယခုမူ သူမနှင့် ထိုလူ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေတော့၏။ ထိုအခါမှ သူ၏ အကြည့်များက မိမိ မျက်နှာပေါ်တွင် ရပ်တန့်သွားပြီး "ကျွန်တော့်ကို ရှာနေတာလား" ဟု မေးလာ၏။



သူ၏ လေသံမှာ ဘာကိုမှ ခန့်မှန်း၍ မရနိုင်သလို အမူအရာမှာလည်း လျစ်လျူရှုထားသည့်အလား တည်ငြိမ်လွန်းလှသည်။



"ရှင်က ချီဖန့်လား" အစ်ကိုလျန်က အတည်ပြုပေးခဲ့သော်လည်း ယန်ရွှယ်က သေချာစေရန် ထပ်မေးလိုက်၏။



သူက မဖြေဘဲ ပြန်မေးလိုက်သည်။"ဘာကိစ္စရှိလို့လဲ" 



သူ၏ တုံ့ပြန်ပုံအရ လူကြီးချင်း စကားပြောထားသည့် ကိစ္စကို လုံးဝ မေ့လျော့နေသည့်အလားပင်။ အကယ်၍ နာမည်၊ ရုပ်ရည်နှင့် အရပ်အမောင်းတို့က ဒေါ်လေး ပြောပြထားသည်နှင့် ထပ်တူကျမနေပါက ယန်ရွှယ်တစ်ယောက် လူမှားရှာနေမိပြီလားဟုပင် တွေးမိပေလိမ့်မည်။



ထို့ကြောင့် သူမက ထပ်မေးလိုက်၏။"လွန်ခဲ့တဲ့ ရက်အနည်းငယ်က စာတစ်စောင် ရခဲ့တယ် မဟုတ်လား"  



အရာအားလုံး အဆင်ပြေသွားပြီးနောက် ဒေါ်လေးဖြစ်သူက ယန်ရွှယ်လာရောက်မည့် အချိန်ကို အကြောင်းကြားစာ ပေးပို့ခဲ့ပြီး သူမ၏ တွက်ချက်မှုအရ ထိုစာမှာ ယခုအချိန်တွင် ရောက်ရှိနေလောက်ပြီပင်။



ထိုအခါမှသာ ထိုအမျိုးသားက မျက်တောင် ပင့်ကြည့်လိုက်ရာ မျက်ခွံအောက်တွင် တစ်ဝက်ခန့် ဖုံးကွယ်နေသော သူ၏ မျက်ဝန်းနက်များကို မြင်လိုက်ရသည်။ "မင်းက ယန်ရွှယ်လား။”



ချီဖန့် ငယ်ချိန်က လူသိနည်းသော ငယ်သူငယ်ချင်း စေ့စပ်ကြောင်းလမ်းမှုတစ်ခု ရှိခဲ့ဖူးသည်။ ထိုစဉ်က သူသည် အသက် ၁၂ နှစ်၊ တစ်ဖက်ကလေးမလေးမှာ ၁၀ နှစ်သာ ရှိသေးရာ နှစ်ဦးလုံးမှာ အလွန်ငယ်ရွယ်ကြသေး၏။ သူတို့နှစ်ဦးမှာ တစ်ကြိမ်သာ ဆုံဖူးခဲ့ကြသည်။



သူ့ဘဝ၏ အချိန်အတော်များများကို အဘိုးဖြစ်သူနှင့်အတူ မဟာတံတိုင်းကြီး၏ အပြင်ဘက်တွင် နေထိုင်ခဲ့ပြီး ယန်ကျင်းသို့ ပြန်ခဲ၏။ သူတို့နှစ်ဦးသည် ရံဖန်ရံခါ စာချင်းဖလှယ်ခဲ့ကြသော်လည်း သူက သူလေ့လာသင်ယူခဲ့သည့် အကြောင်းအရာများကိုသာ ရေးလိုပြီး သူမကမူ အစားအသောက်၊ အဝတ်အထည်နှင့် မိန်းကလေးငယ်တစ်ဦး၏ အသေးအဖွဲ့ စိုးရိမ်ပူပန်မှုများကိုသာ အသေးစိတ် ရေးသားလေ့ရှိသည်။ သူတို့၏ စကားဝိုင်းများမှာ လားရာချင်း မတူညီခဲ့ကြဘဲ တဖြည်းဖြည်းနှင့် စာအပြန်အလှန် ပေးပို့ခြင်းက လုံးဝရပ်ဆိုင်းသွားခဲ့ကြ၏။



ထိုဖြစ်ရပ်ဆိုးများ ဖြစ်ပွားလာသည့် အချိန်တွင် သူမထံမှ စာမရရှိသည်မှာ သုံးနှစ်ခန့်ပင် ရှိနေပြီဖြစ်သည်။ သူမ မိသားစု၏ သဘောထားမှာ ရှင်းလင်းသည်—သူတို့နှင့် ပတ်သက်မိပြီး ပြဿနာမတက်ချင်ကြပေ။ သဘာဝအတိုင်းပင် သူသည်လည်း သူတို့အပေါ် အတင်းအကျပ် မလုပ်လိုသလို ဒုက္ခလည်း မပေးလိုခဲ့ချေ။



ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏ မိသားစုထံမှ နှစ်အိမ်ထောင်ကြားရှိ စေ့စပ်ကြောင်းလမ်းသည့် စာချုပ်ကို ပြန်တောင်းသည့်စာ ရောက်ရှိလာခြင်းမှာ အံ့အားသင့်စရာပင်။ စာချုပ်ပြန်တောင်းခြင်းမှာ နားလည်ပေးနိုင်သော်လည်း သူငြင်းဆိုမည်ကို စိုးရိမ်သည့်ပုံစံဖြင့် သူ့မိသားစုအကြောင်းကို တမင်တကာ ထည့်သွင်းပြောဆိုလာ၏။



ချီဖန့်သည် မိုက်မဲသူမဟုတ်ပေ။ သူတို့၏ စကားလုံးများထဲတွင် ပါဝင်နေသော သွယ်ဝိုက်သည့် ခြိမ်းခြောက်မှုကို အလွယ်တကူပင် ရိပ်မိလိုက်သည်။



မျက်လွှာကို နှိမ့်ချလိုက်ရင်း သူ့နှုတ်ခမ်းထောင့်များက မထင်မရှား လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။ "ကျွန်တော် စာတစ်စောင်နဲ့အတူ အကုန်လုံးကို ပြန်ပို့ပေးလိုက်ပြီးသားပါ။"



သူ့လေသံမှာ အေးစက်နေပြီး လှောင်ပြောင်သည့် အရိပ်အယောင်များပင် ပါဝင်နေသည်။ သို့သော် နှင်းများမှာ ထူထပ်နေပြီး ပတ်ဝန်းကျင်မှာ ဆူညံနေသည့်အတွက် ယန်ရွှယ်သတိမထားမိခဲ့ချေ။ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် သူပြောနေသည်မှာ ယွမ်တစ်ရာ စေ့စပ်လက်ဆောင်ကို ဆိုလိုခြင်းဖြစ်မည်ဟု သူမယူဆလိုက်၏။ ဘာကြောင့် အခုမှ ထုတ်ပြောရတာလဲဟု ဇဝေဇဝါဖြစ်မိသော်လည်း သူမက "ဟုတ်ကဲ့၊ ရခဲ့ပါတယ်" ဟုသာ ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်သည်။



ဒါဆို သူမက ဘာလို့ ဒီကို ရောက်နေတာလဲ။ သူ ဘယ်လောက်အထိ ကျဆုံးသွားပြီလဲဆိုတာကို လာကြည့်တာလား။



သူ့နှုတ်ခမ်းပေါ်မှ မထင်မရှား လှောင်ပြုံးကလေး ကွယ်ပျောက်သွား၏။ ချီဖန့်သည် သူ့ရှေ့တွင် ရပ်နေသော၊ မျက်လုံးမှအပ ကျန်မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားသည့် မိန်းကလေးကို စိုက်ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်သွားမိသည်။



သူတို့တွေ့ဆုံရသည့် အခြေအနေများကြောင့် သူသည် စကားနည်းသူဖြစ်ကြောင်း ယန်ရွှယ်ကြားဖူးထား၏။ သူမက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားလိုက်သည်။ "ရှင်က ငယ်ငယ်တုန်းကထက် ပိုချောလာတာပဲ။"



သူမ၏ လေသံမှာ ပေါ့ပါးနေပြီး ချီးမွမ်းစကားမှာလည်း တိုက်ရိုက်ဆန်လှသည်—မည်သည့် အခြေအနေတွင်မဆို တင်းမာမှုကို လျော့ပါးစေနိုင်သည့် စကားမျိုးဖြစ်၏။



သို့သော် ချီဖန့် အတွက်မူ ၎င်းမှာ ရှုပ်ထွေးစရာ ဖြစ်နေသည်။ ထိုချီးမွမ်းစကားနောက်ကွယ်တွင် သူ့ကို အငိုက်မိစေမည့် ရက်စက်သော စကားလုံးများများ စောင့်ကြိုနေလေမလားဟုပင် သူတွေးတောနေမိ၏။



သူ့မျက်နှာအမူအရာက ပို၍ပင် အေးစက်သွားသည်။ "ပြောစရာရှိရင် တိုက်ရိုက်ပြောပါ။ ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးတယ်"



နည်းနည်းတော့ ဒဲ့တိုးဆန်ပြီး လူမှုရေးမရှိသလိုပဲ…



ယန်ရွှယ် စိတ်ထဲက ရေရွတ်လိုက်၏။ သူ့ရုပ်ရည်နှင့် အလုပ်အကိုင်အရ အဖော်ရှာရန် အခက်အခဲ မရှိသင့်ပေ။ သို့ဖြစ်လျှင် သူက ဘာကြောင့် ဇာတိမြေသို့ပြန်ပြီး အဖော်ရှာနေရတာပါလိမ့်။



သူမက ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ၊ ရှင့်ရဲ့ အချိန်ကို မဖြုန်းတော့ပါဘူး"



ချီဖန့် သည် မျက်လွှာချလိုက်ရင်း ဘေးဘက်သို့ အေးစက်စွာ ကြည့်လိုက်၏။ သူမပြောသမျှကို နားထောင်ပြီးသည်နှင့် ချက်ချင်း ထွက်ခွာရန် သူပြင်ဆင်ထားသည်။ သို့သော် သူ့ရှေ့မှ မိန်းကလေးက လက်အိတ်စွပ်ထားသည့် သူမ၏လက်လေးတစ်ဖက်ကို ကမ်းပေးလာလေ၏။



"ရဲဘော် ချီဖန့်၊ ကျွန်မကိုယ်ကျွန်မ သေချာ မိတ်ဆက်ပါရစေ။ ကျွန်မက ယန်ရွှယ်ပါ၊ ရှင့်ကို လက်ထပ်ဖို့ လာခဲ့တာပါ"



သူ့ကို လက်ထပ်ဖို့ ဟုတ်လား။



ချီဖန့် တောင့်ခဲသွား၏။ သူ ပြန်မော့ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများတွင် ထင်ရှားလှသော အံ့အားသင့်မှုများ ပြည့်နှက်နေသည်။



သူ့ရှေ့က ကိုယ်လုံးသေးသေးနှင့် မိန်းကလေးကို သူ အကဲခတ်ကြည့်လိုက်၏။ "မင်း တကယ်ပဲ သေချာ စဉ်းစားပြီးပြီလား"



အိမ်ထောင်ပြုခြင်းသည် ကစားစရာ မဟုတ်ပေ။ ၎င်းမှာ ခဏတာ စိတ်လိုက်မာန်ပါဖြစ်စေ၊ သနားစိတ်ကြောင့်ဖြစ်စေ ဆုံးဖြတ်ရမည့်အရာ မဟုတ်—အထူးသဖြင့် သူမ၏ မိသားစုက စေ့စပ်မှုကို ပြတ်ပြတ်သားသား ဖျက်သိမ်းပြီးသည့်နောက်တွင်ပင်။



သို့သော် ယန်ရွှယ်က ပြုံးသာပြလိုက်ပြီး သူမ၏ ဝိုင်းစက်တောက်ပသော မျက်လုံးလေးများမှာ လခြမ်းပုံစံလေး ဖြစ်သွားသည်။ "ကျွန်မ ဒီအထိ တကူးတက လာခဲ့တာပဲ၊ သေချာပေါက် စဉ်းစားပြီးသားပါ"



အမှန်အတိုင်းပြောရလျှင် သူ့အခြေအနေက သူမ၏ လိုအပ်ချက်များနှင့် ကိုက်ညီနေသောကြောင့် သူမ စိတ်ဝင်စားသွားခြင်း ဖြစ်၏။ သူမသည် သူ့ဆီတွင် လက်မခံနိုင်သောအရာများ ရှိနေပါက ပြန်လှည့်နိုင်ရန်အတွက် ၎င်းကို ဘလိုင်းဒိတ် ချိန်းတွေ့မှုအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အခု သူနှင့်တွေ့သည့်အခါ သူက အနည်းငယ် အေးစက်ပြီး စကားမပြောတတ်သော်လည်း ရုပ်ရည်မှာ ငြင်းမရလောက်အောင် ချောမောလှ၏။ ထို့ပြင် အခြားသူများကို ကူညီရန် စွန့်စားရဲသူမှာ လူဆိုးမဖြစ်နိုင်ပေ။ သူမတွင် နောင်တမရှိတော့ပေ။



တောက်ပသော အပြုံးဖြင့် သူမက ခေါင်းလေးမော့ကာ မေးလိုက်သည်။ "ဒါမှမဟုတ်… ရှင်ကပဲ စိတ်ပြောင်းသွားလို့လား"



သူမက ပုပုသေးသေးဖြစ်ပြီး သူမ၏ ခေါင်းမှာ ချီဖန့်၏ မေးစေ့နားအထိသာ ရှိရာ၊ ၎င်းကပင် သူမ၏ ပေါ်လွင်လှသော မျက်လုံးကြီးများကို ပို၍ သိသာစေသည်။ နှင်းမှုန်များ တင်နေသော သူမ၏ မျက်တောင်များမှာ ထူထဲပြီး ရှည်လျားလှ၏။



 ချီဖန့် သူ့ထံသို့ ကမ်းပေးထားဆဲဖြစ်သော လက်လေးကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။ ထို့နောက် ဘာစကားမှမဆိုဘဲ လှည့်ထွက်သွား၏။ "ဒီမှာ ခဏစောင့်။ ကျွန်တော် ခွင့်သွားတောင်းလိုက်အုံးမယ်။"



အရပ်ရှည်ခြင်း၏ အသိသာဆုံး အားသာချက်တစ်ခုမှာ ခြေတံရှည်ခြင်း ဖြစ်သည်။ ယန်ရွှယ်အတွက် တစ်ဝက်ခန့် လျှောက်ရမည့် အကွာအဝေးကို သူက တခဏချင်း ဖြတ်ကျော်သွား၏။



သူ့အဖွဲ့ကို တာဝန်ယူထားသည့် အလုပ်သမားခေါင်းဆောင် လျိုတနျိုသည် တောင်စောင်းပေါ်တွင် ရပ်နေရင်း သစ်လုံးများ ချနေသည်ကို ကြည့်ရှုနေ၏။ သူ ဘာမှမမေးရသေးခင်မှာပင် ချီဖန့်က အရင်ပြောလိုက်သည်။ "ကျွန်တော် လုပ်စရာလေး ရှိလို့။ ဒီနေ့ စောပြန်တယ်လို့ မှတ်ထားပေးပါ။"



သစ်တောစခန်းတွင် အလုပ်လုပ်ခဲ့သည့် နှစ်နှစ်ကျော်အတွင်း ချီဖန့်သည် တစ်ကြိမ်တစ်ခါမျှ နောက်မကျဖူးသလို စောလည်း မပြန်ဖူးပါ—အားလပ်ရက်များတွင်ပင် အလုပ်လုပ်လေ့ရှိသည်။ သူသည် ကျောက်ရုပ်ကဲ့သို့ တည်ငြိမ်သူတစ်ဦး ဖြစ်၏။



သူက ခွင့်တောင်းခဲသည်ဖြစ်ရာ လျိုတနျိုကလည်း ထွေထွေထူးထူး မမေးတော့ချေ။ လက်ကိုသာ ဝှေ့ယမ်းပြလိုက်၏။ "အလုပ်ဆင်းဖို့ အချိန်နီးနေပြီပဲ၊ မှတ်မနေတော့ပါဘူး"



"ဒါဆို ကျွန်တော် သွားတော့မယ်" ချီဖန့်က ခေါင်းညိတ်ပြပြီး တည်ငြိမ်သော မျက်နှာအမူအရာဖြင့် နောက်ကြောင်းပြန် လှည့်လာခဲ့သည်။



သူသည် ယန်ရွှယ်ကို အလုပ်သမားအဆောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်—၎င်းမှာ တောင်စောင်းတွင် တည်ဆောက်ထားသည့် မြေအောက်တစ်ပိုင်း တဲတန်းလျားလေးများပင် ဖြစ်၏။



ဤအဆောက်အအုံများသည် အလွန်အေးသော ဒေသများ၏ ထူးခြားချက်တစ်ခု ဖြစ်သည်။ ၎င်းကို ဆောက်ရန်အတွက် ပထမဦးစွာ တစ်မီတာ သို့မဟုတ် နှစ်မီတာခန့်နက်သော လေးထောင့်ကျင်းတစ်ခုကို တူးရပြီး၊ ထို့နောက် မြေပြင်အထက်တွင် အမိုးကို ထောက်ထားရန် တိုင်များနှင့် တန်းများကို တပ်ဆင်ရ၏။ မြေထဲတွင် နစ်ဝင်နေသောကြောင့် တဲများသည် မြေပေါ်အဆောက်အအုံများထက် ပိုနွေးထွေးလှသည်။



တောင်စောင်းတွင် ဆောက်လုပ်ခြင်းမှာ အားသာချက် နှစ်ခုရှိသည်—ပထမအချက်မှာ တူးရသက်သာသဖြင့် လူအားကို သက်သာစေသည်၊ ဒုတိယအချက်မှာ သစ်ကိုင်းများနှင့် နှင်းများ ဖုံးလိုက်ပါက အဝေးကကြည့်လျှင် လုံးဝမမြင်ရခြင်းပင် ဖြစ်၏။



အရှေ့မြောက် အာရှ ဂျပန်တော်လှန်ရေးကာလတုန်းက ဗိုလ်ချုပ် ယန်နှင့် သူ၏ တပ်ဖွဲ့ဝင်များပင် ဤတဲများတွင် နေထိုင်ခဲ့ကြသည်။ သစ်တောစခန်းအတွက် ပုန်းကွယ်ရန် မလိုအပ်သော်လည်း သစ်ခုတ်သည့်နေရာများက နှစ်စဉ် ပြောင်းလဲနေသောကြောင့် ဤယာယီတဲများသည် အသုံးဝင်ပြီး နွေးထွေးအောင် လုပ်ရလွယ်ကူလှ၏။



ယန်ရွှယ်သည် သူ၏နောက်မှ ခြေလှမ်းအနည်းငယ် လိုက်ဆင်းသွားသည့်အခါ အပြင်ဘက်နှင့် အပူချိန်ကွာခြားမှုကို ချက်ချင်း ခံစားလိုက်ရသည်။



တံခါးဝမှ ဝင်လာသော အလင်းရောင်ဖြင့် သူမသည် ဆယ်စတုရန်းမီတာခန့်ရှိသော အတွင်းခန်းကို ကြည့်လိုက်၏။



နံရံဘက်တွင်မူ အိပ်ရာလိပ် ဆယ်ခုကျော် တန်းစီထားသည့် အများသုံး အိပ်ဆောင်စင်ကြီး တစ်ခုရှိသည်။ လူကြမ်းကြီးများ၏ အဆောင်ဖြစ်သော်လည်း အနံ့အသက် သိပ်မရှိသည်မှာ အေးလွန်းသောကြောင့် ဖြစ်နိုင်၏။



ချီဖန့်က သူ၏ ဘေးကင်းလုံခြုံရေး ဦးထုပ်ကို အိပ်ရာတစ်ခုပေါ် တင်လိုက်ပြီး ယန်ရွှယ်ကို ထိုနေရာတွင် ထိုင်ရန် လက်ဟန်ပြလိုက်ကာ သူက ရေနံဆီမီးအိမ် ထွန်းရန် ထွက်သွားခဲ့သည်။



ဒါ သူ့နေရာ ဖြစ်မှာပဲလို့ သူမ ခန့်မှန်းလိုက်၏။ အမှန်အတိုင်းပြောရလျှင် ၎င်းမှာ အလွန် သပ်ရပ်လှသည်—အခြားသူများ၏ ဟောင်းနွမ်းနေသော အိပ်ရာများကြားတွင် သူ၏ အိပ်ရာမှာ ထင်ရှားနေ၏။ သူသည် သန့်ရှင်းရေး အလေ့အထ ကောင်းသူဖြစ်ကြောင်း သိသာလှသည်။



အခန်းအလယ်ရှိ မီးဖိုကို မွှေးရန် သူ ငုံ့လိုက်စဉ် သူမ ပတ်ဝန်းကျင်ကို ကြည့်နေသည်ကို သူ သတိထားမိသွား၏။ လေသံမပါဘဲ လက်ထဲက မီးခြစ်ဆံကို မှုတ်ထုတ်လိုက်သည်။ "ဒီမှာတော့ ဒါက အကောင်းဆုံးပဲ"



ဒီလို အခြေအနေမျိုးကို လူအတော်များများ မခံနိုင်ကြချေ—သူမလို နုနုနယ်နယ် မြို့ပြမိန်းကလေးမျိုးကတော့ ပို၍ပင် မဖြစ်နိုင်ပေ။ ဒေသခံ တောင်ပေါ်သူများပင် ဤကဲ့သို့ ဆင်းရဲဒုက္ခကို ခဲယဉ်းစွာ ခံယူကြရသည်။ သစ်လုံးတိုင်းတာသည့် အလုပ်ကလွဲလျှင် သစ်ခုတ်၊ သစ်စီ၊ သစ်သယ်သည့် အလုပ်များမှာ အမျိုးသားများသာ လုပ်ကိုင်ကြ၏။



သို့သော် ယန်ရွှယ်အတွက်မူ ၎င်းမှာ သိပ်မဆိုးလှပေ။ သူမ၏ အတိတ်ဘဝ အမှတ်တရများနှင့် နှိုင်းယှဉ်လျှင်—အလယ်ပိုင်း လွင်ပြင်မှ ကျေးလက်ရွာများဖြစ်စေ၊ မဟာတံတိုင်း အပြင်ဘက်မှ သစ်တောဒေသများဖြစ်စေ—အခြေအနေများမှာ ဒီထက်မသာခဲ့ချေ။