Ch 4
Viewers 2k

အမှတ်မထင် ဖူးစာ


အပိုင်း ၄






ယန်ရွှယ်က ဟုတ်မှန်ကြောင်း အတည်ပြုသောအခါ ထိုအမျိုးသမီးက ကတ်ထူပြားကို ချက်ချင်းခေါက်၍ ဂျိုင်းကြားညှပ်လိုက်ပြီး သူမ၏ အထုတ်အပိုးများကို ကူသယ်ပေးလာ၏။ "နှစ်တွေတောင် အတော်ကြာသွားပြီပဲ၊ ညည်းကတော့ မိန်းမချောလေး ဖြစ်နေပြီ။ ညည်း စကားမပြောရင် ငါ မှတ်မိမှာတောင် မဟုတ်ဘူး။"



ထို့နောက် သူမကပြောပြလာသည်။ "ဒီမြောက်ဘက်ပိုင်းမှာ ညည်းအတွက် အေးလား။ ငါ စရောက်တုန်းက ဘာမှမသိလို့ နားတွေ လက်တွေမှာ နှင်းကိုက်တာတွေ ဖြစ်ခဲ့ဖူးတယ်။ အဲဒါ ပျောက်ဖို့ ပိုးစာရွက်ပြုတ်ရည်နဲ့ နှစ်ပေါင်းများစွာ စိမ်ခဲ့ရတာ" 



စကားပြောရသည်ကို ဝါသနာပါပုံရသော ရှန်ရှို့ဖန်က ရှေ့မှ ဦးဆောင်သွားပြီး ယန်ရွှယ်က နောက်မှ လိုက်သွား၏။ "ရပါတယ်၊ အဘွားလေးက ဒီက ဆောင်းရာသီအကြောင်း သတိပေးထားလို့ ကျွန်မအဘွားက အဝတ်အစားတွေကို ထူထူထဲထဲ ဖြစ်အောင် ပြင်ပေးထားပါတယ်။"



"ညည်းရဲ့အဘွားကလဲ စိုးရိမ်လွန်းတာပဲ။ ငါ အေးတဲ့အကြောင်း ပြောမိကတည်းက စာပို့တိုင်း အဲဒီအကြောင်းပဲ မေးနေတာ။"



ရှန်ရှို့ဖန်က ရယ်မောပြီး ယန်ရွှယ်လည်း လိုက်ပြုံးလိုက်သည်။ "သူမက အဒေါ့်ကို ဂရုစိုက်လို့ပါ၊ အဒေါ်နဲ့ ကလေးတွေအတွက် ကန်စွန်းဥခြောက်တွေတောင် ထည့်ပေးလိုက်သေးတယ်။"



"ညည်းကို ဒီအဝေးကြီးအထိ သယ်ခိုင်းလိုက်တာပဲ၊ တကယ် ဒုက္ခပေးတာ" သူမက ညည်းညူလိုက်သော်လည်း အပြုံးကတော့ ပို၍ ထင်သာသွား၏။



သူမက ယန်ရွှယ်ကို လူအုပ်ကြားမှ ခေါ်ဆောင်သွားသည်။ "အရင်ဆုံး ငါ့အိမ်ကို လိုက်ခဲ့ဦး။ ပူပူနွေးနွေး တစ်ခုခု ချက်ကျွေးမယ်။ ဒီနေ့တော့ နားလိုက်ဦး၊ မနက်ဖြန်မှ သစ်တောစခန်းကို သွားပေါ့"



"ဒီနေ့ပဲ သွားတာ ပိုကောင်းမယ် ထင်ပါတယ်။ သူ့ကို စောစောတွေ့လေ ကျွန်မ မိသားစု စိတ်အေးရလေပေါ့။ အဘွားနဲ့ မောင်လေးကလဲ သတင်းစောင့်နေကြတာ။"



မည်သို့ပင်ဆိုစေ သူတို့မှာ နှစ်ပေါင်းများစွာ မတွေ့ရသော ဆွေမျိုးအလှမ်းဝေးသူများပင်။ ယန်ရွှယ် ဒုက္ခမပေးလိုပေ။ ထို့အပြင် မြို့ပြများတွင် နေရာထိုင်ခင်း ကျဉ်းမြောင်းလှသလို စားနပ်ရိက္ခာကိုလည်း လူဦးရေအလိုက် ခွဲတမ်းနှင့် ဝယ်ယူကြရလေ၏။ အချို့မိသားစုများမှာ မိမိတို့အတွက်ပင် မလုံလောက်ကြသဖြင့် ဧည့်သည်ကို ထည့်သွင်းစဉ်းစားရန်မှာ ခက်ခဲလှသည်။



သူမသည် ရှန်ရှို့ဖန်ကို အဖော်လိုက်ခဲ့ရန်ပင် မရည်ရွယ်ခဲ့ပေ။ သို့သော် ရှန်ရှို့ဖန်က သူမကို ဖျောင်းဖျ၍ မရသည်ကို တွေ့သောအခါ သူမ၏ မိသားစုထံသို့ သတင်းပို့ခိုင်းပြီး ယန်ရွှယ်ကို သစ်တောရထားဘူတာသို့ လိုက်ပို့ရန် ချန်ရွှေ့ မြို့၏ တစ်ဝက်ကျော်ကို ဖြတ်သန်း၍ ဇွတ်လိုက်ပို့လေတော့၏။



"သစ်တောစခန်းကို သွားဖို့ဆိုရင် ရထားငယ်လေးကို စီးရမယ်။ အဲဒီနေရာက ခေါင်တယ်လေ၊ အချို့နေရာတွေမှာ လမ်းတောင် ကောင်းကောင်းမရှိဘူး။ ဘတ်စ်ကားတွေလဲ မရောက်ဘူး။"



သူမ မအောင့်နိုင်ဘဲ ထပ်မေးလိုက်သည်။"တကယ်ကြီး ငါ့အိမ်ကို အရင်မဝင်ချင်ဘူးလား" 



"တကယ်လို့ ကျွန်မ ဒီမှာပဲ အခြေချဖြစ်ရင် နောက်ကျ အခွင့်အရေးတွေ အများကြီး ရှိမှာပါ" ယန်ရွှယ်က ပြုံးလျက် ပြန်ဖြေလိုက်၏။ "အဲဒီကျရင် အဒေါ့်အတွက် အောင်သွယ်ခ လက်ဆောင် ကောင်းကောင်း ယူလာခဲ့ပါ့မယ်။"



"ညည်း ပျော်နေတာ မြင်ရရင်ပဲ လက်ဆောင်ရသလိုပါပဲ၊ အဲဒီဟာတွေကို ဘယ်သူက ဂရုစိုက်မှာလဲ။"



သစ်တောရထားဘူတာမှာ သေးငယ်ပြီး တစ်ထပ်တိုက် အတန်းလေးများသာ ရှိသည်။ သူတို့ ရောက်သွားသောအခါ ရထားတစ်စင်းမှာ ထွက်ခွာတော့မည် ဖြစ်၏။ ရှန်ရှို့ဖန်က ဟိုဟိုဒီဒီ မေးမြန်းလိုက်ပြီးနောက် ယန်ရွှယ်ကို ချက်ချင်း ဆွဲခေါ်ကာ ပြေးလေတော့သည်။



"ဒီရထားပဲ၊ လက်မှတ်ဝယ်ဖို့ အချိန်မရှိတော့ဘူး၊ ရထားပေါ်ရောက်မှပဲ ပေးတော့မယ်။"



သူမက ယန်ရွှယ်ကို ရထားပေါ်သို့ တွန်းတင်လိုက်ပြီး နောက်က လိုက်ရန် ပြင်စဉ် အနောက်မှ တစ်စုံတစ်ယောက်က "အဒေါ် ရှန်ရှို့ဖန်! အဒေါ် ရှန်ရှို့ဖန် ရှိလား" ဟု အော်ဟစ်ခေါ်လာ၏။



သံလှေကားထစ်ပေါ်သို့ ခြေတစ်ဖက် ရောက်နေပြီဖြစ်သော ရှန်ရှို့ဖန်က လှည့်ကြည့်လိုက်သည်။ "ဘယ်သူ ငါ့ကို ရှာနေတာလဲ။"



အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက်မှာ ကိုယ်တိုင်လုပ် ရေခဲလျှောစီးဖိနပ်ကို စီးလျက် ပြေးလာ၏။ သူမသည် အမောတကောဖြင့် ဘူတာရုံ ပလက်ဖောင်းပေါ်သို့ ခုန်တက်လာပြီး ပြောလိုက်သည်။ "အဒေါ့်ရဲ့ တချမ်း ရေခဲပြင်ထဲ ကျသွားပြီ! သမီး အမေက အဒေါ့်ကို လာခေါ်ခိုင်းလိုက်လို့—" 



စားမဆုံးခင်မှာပင် ရှန်ရှို့ဖန်၏ မျက်နှာမှာ ဖြူလျော်သွားတော့၏။ "တချမ်း ကျသွားတယ်ဟုတ်လား။ သူ့ကို ပြန်ဆွဲတင်နိုင်ကြပြီလား။"



ယခုမှာ ဆောင်းရာသီ အအေးဆုံးအချိန် ဖြစ်ပြီး အပူချိန်မှာ -20°C အောက်သို့ ကျဆင်းနေသည်။ လူတစ်ယောက်မှာ မိနစ်ပိုင်းအတွင်း အေးခဲသေဆုံးသွားနိုင်၏။



ကောင်မလေးမှာ ပြာယာခတ်နေသော်လည်း ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရှာသည်။ "တင်နိုင်ပါပြီ။ အဲဒီနားမှာ လူတွေ အများကြီး ရေခဲလျှောစီးနေကြတာဆိုတော့—"



"ငါ ပြန်သွားမှ ဖြစ်တော့မယ်" ရှန်ရှို့ဖန်က လှေကားပေါ်မှ ခုန်ဆင်းပြီး ပြေးထွက်သွားတော့၏။ ခြောက်မီတာ ခုနစ်မီတာလောက် ရောက်သောအခါ သူမက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြန်လှည့်ကြည့်လိုက်သည်။ "ယန်ရွှယ် ငါ့အိမ်မှာ အရေးကြီးကိစ္စ ဖြစ်လို့ ညည်းတစ်ယောက်တည်း သွားရလိမ့်မယ်။ သူ့နာမည်က ချီဖန့်တဲ့၊ ကျင်းချွမ် သစ်တောစခန်းမှာ ရှိတယ်။ အဲဒီက ဘယ်သူ့မဆို မေးရင် သူ့ကို ညွှန်ပြလိမ့်မယ်"



"ကျွန်မလဲ လိုက်ခဲ့ပါ့မယ်—"



သို့သော် ယန်ရွှယ် အထုတ်အပိုးများကို လှမ်းယူလိုက်စဉ်မှာပင် ရထားမှာ စတင်ထွက်ခွာသွားခဲ့၏။



ဝုန်းခနဲ မြည်သံနှင့်အတူ ရထားထိန်းက တံခါးကို ပိတ်လိုက်သဖြင့် လူရိပ်နှစ်ခုမှာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။



ညနက်ပိုင်းတွင်မှ ကလေးကို ဆေးတိုက်ပြီး အဖျားကျစေရန် အရက်ပြင်းဖြင့် တစ်ကိုယ်လုံး ပွတ်တိုက်ပေးပြီးမှ ရှန်ရှို့ဖန်က တစ်ခုခုကို ရုတ်တရက် သတိရသွား၏။



ဒီဒေသမှာ ကျင်းချွမ်လို့ ခေါ်တဲ့ သစ်တောစခန်း နှစ်ခုရှိတာပဲ၊ တစ်ခုက ကျင်းချွမ်ဖြစ်ပြီး နောက်တစ်ခုက ရှောင်ကျင်းချွမ်။ သူမ အစောက ပြောတာများ မှားသွားလား မသိဘူး…



ယန်ရွှယ်တစ်ယောက် ပြဿနာကို စတင်သတိထားလိုက်မိသည်မှာ ရထားဝန်ထမ်းထံတွင် လက်မှတ်ဝယ်ယူရန် သွားရောက်သည့်အချိန်၌ ဖြစ်သည်။



ရှန်ရှို့ဖန်က ကျင်းချွမ်ဟု ပြောလိုက်သည်ကို သူမ သေသေချာချာ မှတ်မိနေသော်လည်း မမေးဘဲ မနေနိုင်ခဲ့ပေ။"ကျင်းချွမ် သစ်တောစခန်းက နှစ်ခုရှိတာလားရှင်" 



ရှန်ရှို့ဖန် တစ်ယောက် အလျင်စလို ပြောလိုက်သဖြင့် မှားယွင်းသွားမည်ကို သူမ စိုးရိမ်နေမိ၏။ ယခုမူ ရထားမှာ ထွက်ခွာခဲ့ပြီ ဖြစ်သဖြင့် နောက်ပြန်လှည့်ကာ အတည်ပြုရန် နည်းလမ်းမရှိတော့ပေ။



ရထားဝန်ထမ်းက လက်မှတ်ဖိုင်တွဲကို လှန်လှောကြည့်ရှုရင်း ခေါင်းမော့မကြည့်ဘဲ  ပြန်ဖြေလိုက်သည်။"ကျင်းချွမ်နဲ့ ရှောင်ကျင်းချွမ်ဆိုပြီး နှစ်ခုရှိတယ်လေ၊ တည်ထောင်တဲ့ အချိန်ချင်း မတူတော့ လက်မှတ်ခတွေလဲ မတူဘူး" 



ယန်ရွှယ် ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ကျင်းချွမ် သစ်တောစခန်းသို့ သွားမည့် လက်မှတ်အတွက် ပြားလေးဆယ်ကို ကမ်းပေးလိုက်၏။



ရှန်ရှို့ဖန်က ကျင်းချွမ်ဟု ပြောခဲ့ဖူးသဖြင့် ထိုနေရာမှသာ အရင်စရှာမည်ဟု ဆုံးဖြတ်လိုက်သည်။ အကယ်၍ ထိုနေရာတွင် ရှာမတွေ့ပါက နောက်မှ ရှောင်ကျင်းချွမ်သို့ ဆက်သွား၍ ရသည်ပင်။



နေရာနှစ်ခုမှာ တစ်ဘူတာသာ ဝေးသဖြင့် မဝေးလှကြောင်းနှင့် ရထားသံလမ်းအတိုင်း လမ်းလျှောက်သွားလျှင်ပင် ရောက်နိုင်ကြောင်း ရထားဝန်ထမ်းကလည်း ပြောပြလာ၏။



လမ်းကျဉ်းရထား ဖြစ်သဖြင့် အတွင်းပိုင်းမှာ ကျဉ်းမြောင်းလှပြီး ထိုင်ခုံရှည်များ မရှိဘဲ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်ခုံအတွဲလေးများသာ ရှိသည်။ လက်မှတ်ဝယ်ပြီးနောက် ယန်ရွှယ်သည် လူသွားလမ်းဘေးရှိ နေရာတစ်ခုတွင် ဝင်ထိုင်လိုက်၏။ သူမ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ပြတင်းပေါက်အပြင်ဘက်တွင် နှင်းများ စတင်ဝဲလွင့်လာတော့သည်။



တောင်ကြားလမ်းအလွန်မှ ကျဆင်းနေသော နှင်းများမှာ သူမ တစ်ခါမျှ မမြင်ဖူးသည့်အလား ထူးခြားလှ၏။ တစ်လောကလုံးကို ခဏချင်းအတွင်း အဖြူရောင် ဆိုးပစ်တော့မည့်အတိုင်း နှင်းများက အတားအဆီးမဲ့စွာဖြင့် သည်းထန်စွာ ကျဆင်းနေသည်။



ချန်ရွှေ့မှ စတင်ထွက်ခွာစဉ်က ခြေသလုံးခန့်သာ ရှိသော အပြင်ဘက်မှ နှင်းထုမှာ နှစ်ဘူတာကျော်ဖြတ်ပြီးနောက် ဒူးအထက်သို့ပင် ရောက်ရှိနေပြီပင်။ နှင်းပွင့်များမှာ ပိုထူထဲလာပြီး မြင်ကွင်းများကိုလည်း လျင်မြန်စွာ ဖုံးလွှမ်းသွားလေတော့၏။



ယန်ရွှယ်တစ်ယောက် ရထားနှင့်အတူ တစ်နာရီကျော်ကြာ လူးလွန့်လိုက်ပါလာပြီးနောက် ကျင်းချွမ် သစ်တောစခန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း ရထားဝန်ထမ်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။



ချန်ရွှေ့ ဘူတာမှာ သေးငယ်သော်လည်း အနည်းဆုံးတော့ ဘူတာရုံ အသွင်အပြင် ရှိသေး၏။ ကျင်းချွမ် သစ်တောစခန်းမှာမူ ပလက်ဖောင်းပင် မရှိသဖြင့် ယန်ရွှယ်မှာ နောက်ဆုံး လှေကားထစ်မှနေ၍ အောက်သို့ ခုန်ဆင်းလိုက်ရသည်။



သူမသည် ခြေလှမ်းကို တည်ငြိမ်အောင် ပြင်လိုက်ရင်း သည်းထန်နေသော နှင်းများကြားမှနေ၍ စိမ်းသက်လှသော ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။



၁၉၅၀ ပြည့်နှစ်များကတည်းက နိုင်ငံတော်မှ ချန်ပိုင် တောင်တန်းများတွင် သစ်ထုတ်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သဖြင့် ချန်ရွှေ့ ပတ်ဝန်းကျင်တွင် သစ်တောစခန်းများစွာ ပေါ်ပေါက်လာခဲ့သည်။ ကျင်းချွမ်မှာ တောင်ကြားထဲတွင် တည်ရှိသော စခန်းအသစ်တစ်ခု ဖြစ်ပြီး အကြမ်းဖျင်း ကြည့်ရုံနှင့်ပင် အိမ်ခြေ နှစ်ရာ၊ သုံးရာခန့် ရှိမည်ဟု ခန့်မှန်းရ၏။



နှင်းများ သည်းထန်စွာ ကျဆင်းနေသဖြင့် လူအများစုမှာ အိမ်ထဲတွင်သာ ရှိနေကြသော်လည်း သူမနှင့်အတူ ရထားပေါ်မှ ဆင်းလာသည့် အမျိုးသမီးတစ်ဦးက ယန်ရွှယ်၏ စိမ်းသက်သော မျက်နှာကို မြင်သည်နှင့် "သမီး… ဘယ်သူ့ကို ရှာတာလဲ" ဟု နွေးထွေးစွာ မေးလာသည်။



"အန်တီ… ချီဖန့် ဆိုတဲ့သူကို သိလားရှင်။ သူက ဒီကိုရောက်တာ နှစ်အနည်းငယ်ပဲ ရှိဦးမယ်၊ အရပ်က ခြောက်ပေလောက် ရှိပြီး တော်တော်လေး ရုပ်ဖြောင့်တဲ့သူပါ"



ယန်ရွှယ်သည် ထိုသို့သော ရင်းနှီးပွင့်လင်းမှုကို ရှောင်ဖယ်မည့်သူ မဟုတ်ပေ။ သူမသည် သူ့ကို ရှာတွေ့နိုင်ရန်အတွက် ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာ ဖော်ပြလိုက်၏။



ထိုအမျိုးသမီးက နာမည်ကို မမှတ်မိသော်လည်း ကူညီလိုစိတ် ပြင်းပြနေသဖြင့် ယန်ရွှယ်ကို စီမံခန့်ခွဲရေးရုံးသို့ တိုက်ရိုက် ခေါ်သွားပေးခဲ့သည်။ "ဒီမှာရှိတဲ့ အလုပ်သမားတွေကို သူတို့ စီမံတာဆိုတော့ သူတို့ သိမှာပါ။"



ယခုတစ်ကြိမ်တွင်မူ သူမ အဖြေရခဲ့၏။ ကျင်းချွမ် သစ်တောစခန်းတွင် ချီဖန့် အမည်ရှိသော အလုပ်သမား ငယ်တစ်ဦး တကယ်ပင် ရှိနေခြင်းပင်။



သတင်းကောင်းမှာ ရှန်ရှို့ဖန် ပြောလိုက်သည့် နေရာမှာ မှန်ကန်နေသဖြင့် ယန်ရွှယ်အနေနှင့် ရှောင်ကျင်းချွမ်သို့ သွားစရာ မလိုတော့ချေ။ သတင်းဆိုးမှာ ယခုနှစ် သစ်ထုတ်လုပ်ရေး ဇုန်မှာ အလွန်ဝေးကွာပြီး အလုပ်ဝန်ပိုးလည်း များနေခြင်းပင်။ အချိန်ကုန်သက်သာစေရန် သစ်ထုတ်လုပ်ရေး အဖွဲ့များမှာ တောင်ပေါ်၌သာ စခန်းချနေထိုင်ကြပြီး အောက်သို့ ဆင်းလာခဲကြသည်။



"ဒီညတော့ တည်းခိုခန်းမှာပဲ နားလိုက်ပါ၊ မနက်ဖြန် တောင်ပေါ်တက်မဲ့ကား ရှိမလားဆိုတာ ကြည့်ပေးမယ်လေ" ရုံးဝန်ထမ်းက အကြံပြုလာ၏။



ချီဖန့် ဆင်းလာသည်ကို စောင့်နေရန်မှာ မဖြစ်နိုင်သလို သစ်တောစခန်းမှ တောင်ပေါ်သို့ သွားသည့် လမ်းမှာလည်း ရှည်လျားလှကာ နှင်းထုအောက်တွင် နစ်မြုပ်နေသည်။ လမ်းကိုလည်း မသိသဖြင့် လမ်းလျှောက်သွားမည်ဆိုလျှင် မမှောင်ခင် ရောက်နိုင်မည် မဟုတ်ပေ။



ယန်ရွှယ်က ခေါင်းညိတ်ပြုံးပြလျက် ကျေးဇူးတင်စကား ဆိုကာ သူမ၏ လည်စည်းကို ပြန်စည်းရန် ပြင်စဉ် ရုံးခန်းတံခါးက ပြန်ပွင့်လာပြန်၏။



"ခဏလေး နေအုံး" ရုံးဝန်ထမ်းက လှမ်းအော်လိုက်ရင်း အသစ်ရောက်လာသူဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ထွန်စက် ပြင်ပြီးပြီလား" 



"အေး… အင်ဂျင်ကို ပြန်ချိန်ဖို့ပဲ ကျန်တော့တယ်၊ ပြီးရင် တောင်ပေါ်ကို ဆွဲသွားတော့မှာ။ ဒီ KT-12 တွေက သက်တမ်းကုန်နေပြီ၊ ဆယ်စုနှစ်တစ်ခုမက ကြာနေပြီလေ။ ဆိုဗီယက်တွေကလဲ အပိုပစ္စည်းတွေ မပေးတော့ဘူး၊ ရက်ခြားဆိုသလို ပျက်နေတာပဲ။"



အသက် ၃၀ ခန့်ရှိသော ထိုအမျိုးသားမှာ အပြာရောင် ရောယှက်နေသော မီးခိုးရောင် အနွေးထည်ပွပွကြီးကို ဝတ်ထား၏။ သူသည် ရုံးဝန်ထမ်းနှင့် ရင်းနှီးပုံရပြီး လက်အိတ်များကို ချွတ်ကာ မီးဖိုဘေးတွင် လက်အပူပေးရင်း ညည်းညူနေလေသည်။



ရုံးဝန်ထမ်းက သက်ပြင်းချရင်း ပြောလိုက်သည်။ "သည်းခံလိုက်ပါအုံး၊ ဒီဆောင်းရာသီလေး ပြီးအောင်ပေါ့။ ဒီနှစ် ဌာနကနေ ကျူ့ချိုင်-50 ထွန်စက်အသစ် နှစ်စီး ပို့ပေးမယ်လို့ ကြားတယ်" 



"တုန်းဖန်းဟုန်-54s တွေလိုမျိုး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ" ထိုအမျိုးသားက ပြန်ပြောသည်။



ချန်ပိုင် တောင်တန်းများတွင် သစ်စတင်ထုတ်လုပ်စဉ်က သယ်ယူပို့ဆောင်ရေးမှာ အလွန်ပင် ရှေးကျလှ၏။ ဆောင်းရာသီတွင် နွားနှင့် မြင်းများကို သုံး၍ ဆွဲရသလို နွေရာသီတွင်မူ မြစ်ထဲ၌ မျှောချရသည်။



၁၉၅၀ ပြည့်နှစ်များတွင် ဆိုဗီယက်လုပ် သစ်ထုတ်လုပ်ရေး ထွန်စက်များ ရောက်လာမှသာ အလုပ်တွင်ကျယ်လာခဲ့၏။ သို့သော် "ကြီးမားသော ခုန်ပျံကျော်လွှားမှု" ကာလသို့ ရောက်သောအခါ သစ်တောစခန်းများမှာ သစ်ထုတ်လုပ်မှု စံချိန်တင်နိုင်ရန် ပြိုင်ဆိုင်လာကြသဖြင့် စက်ပစ္စည်းများကို သတ်မှတ်ထားသော စွမ်းဆောင်ရည်ထက် ကျော်လွန်၍ အသုံးပြုခဲ့ကြသည်။ မူလက စိုက်ပျိုးရေးအတွက်သာ ရည်ရွယ်သည့် တုန်းဖန်းဟုန်-54 များမှာ သစ်ထုတ်လုပ်ရေးအတွက် မသင့်တော်သဖြင့် နောက်ပိုင်းတွင် သစ်တောနှင့် စိုက်ပျိုးရေး လုပ်ငန်းများသို့ ပြန်လည် ပြောင်းရွှေ့ပေးလိုက်ရလေ၏။



ရုံးဝန်ထမ်းက ဤအကြောင်းကို ကောင်းကောင်းသိသည်။ "ကျူ့ချိုင်-50 တွေက ကောင်းပါတယ်၊ တချို့စခန်းတွေမှာ သုံးနေတာ ကြာပြီ၊ KT-12 တွေထက် အများကြီး ပိုသာတယ်။"



ထို့နောက် သူက အသစ်ရောက်လာသူဘက်သို့ လှည့်ကာပြောလိုက်၏။ "ခင်ဗျား တောင်ပေါ်တက်မှာဆိုတော့ ဒီမိန်းကလေးကို တစ်ခါတည်း ခေါ်သွားပေးပါအုံး၊ သူမက လူတစ်ယောက်ကို လာရှာတာ"



"ကျွန်တော်က ထွန်စက်ကို သွားပို့မှာလေ၊ ခရီးသည်တင်ကား မဟုတ်ဘူး။ သူ့ကို ဘယ်လိုခေါ်သွားရမှာလဲ" ထိုအမျိုးသားက ယန်ရွှယ်ကို စိတ်မရှည်သလို ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာကို မြင်လိုက်ရသောအခါ အကြည့်များမှာ ရပ်တန့်သွားပြီး လေသံမှာလည်း အနည်းငယ် ပျော့ပြောင်းသွားသည်။ "သူမ လိုက်ချင်တယ်ဆိုရင်တော့ နောက်တွဲယာဉ်ထဲမှာ ထိုင်လိုက်ခဲ့ရမှာပဲ"



ယန်ရွှယ်သည် သူမ၏ အမေထံမှ အရပ်အမောင်း မရရှိခဲ့သော်လည်း ထင်ရှားသော ရုပ်ရည်ကိုတော့ အမွေရခဲ့၏။ အရုပ်မလေးသဖွယ် ချစ်စရာကောင်းသော မျက်နှာလေး ရှိခြင်းပင်။



ရုံးခန်းအတွင်းတွင် မီးဖိုကြောင့် နွေးထွေးနေသဖြင့် ယဉ်ကျေးမှုအရ ယန်ရွှယ်သည် နှင်းခဲနေသော လည်စည်းကို မေးစေ့အထိ ဆွဲချလိုက်ရာ သူမ၏ ချောမောသော ရုပ်ရည်မှာ ပေါ်ထွက်လာသည်။ တောက်ပသော မျက်ဝန်းများ၊ သေးသွယ်လှပသော နှာတံလေးနှင့် နူးညံ့သိမ်မွေ့သော ပုံစံကြောင့် သူမမှာ ရင်းနှီးရလွယ်ကူသူအဖြစ် ထင်မြင်စေ၏။



ရုံးဝန်ထမ်းက အခွင့်အရေးကို သိပြီး သူမကို မေးလာသည်။"နောက်တွဲထဲမှာ လိုက်ရတာကော အဆင်ပြေရဲ့လား" 



နောက်တစ်နည်းမှာ မနက်ဖြန်အထိ ကားစောင့်ရန် ဖြစ်သော်လည်း ကားရောက်လာမည်ဟု အာမခံချက်မရှိပေ။ ထို့ကြောင့် ယန်ရွှယ်အနေနှင့် ငြင်းစရာမရှိဘဲ သဘောတူလိုက်၏။



ထို့ကြောင့် ထိုနေ့တွင် ဒုတိယအကြိမ်အဖြစ် ယာဉ်ပြောင်းစီးလိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ အမိုးအကာမရှိသော ယာဉ်နှင့် သည်းထန်နေသော နှင်းမုန်တိုင်းကြားမှ တောင်နက်ထဲသို့ စတင်ထွက်ခွာခဲ့တော့၏။



"ဆွေမျိုးလာတွေ့တာလား" ကျင်းချွမ်၏ ထွန်စက်မောင်းသမား နှစ်ဦးအနက် တစ်ဦးဖြစ်သော အစ်ကိုလျန်က လမ်းတွင် မေးလာသည်။



"အဲဒီလိုပါပဲ" အခြေအနေများမှာ မရေရာသေးသဖြင့် သူမသည် အိမ်ထောင်ဖက် လာတွေ့ခြင်းဖြစ်ကြောင်း မပြောခဲ့ပေ။ ယင်းအစား သူမ  ပြန်မေးလိုက်၏။ "ဒီလောက်အေးတဲ့ ရာသီဥတုမှာ သစ်ထုတ်ရတာ တော်တော် ပင်ပန်းမှာပဲနော်" 



"မနောက်ပါနဲ့ဗျာ၊ ညတိုင်း ကျွန်တော်တို့ ဘောင်းဘီတွေဆို စိုရွှဲနေတာပဲ၊ မီးဖိုဘေးမှာ အခြောက်လှန်းမထားရင် နောက်နေ့ ဝတ်လို့မရတော့ဘူး။ ဒါတောင် ဆောင်းရာသီ အလုပ်ပဲ ရှိသေးတာ။ အရင်က တစ်နှစ်ပတ်လုံး သစ်ထုတ်ရတုန်းကဆို အာရုံမတက်ခင် ထွက်သွားရပြီး မှောင်မှ ပြန်ရောက်တာ။ ကလေးတွေဆို သူတို့အဖေ ဘယ်သူမှန်းတောင် မသိဘဲ ကြီးလာကြရတာ"



အစ်ကိုလျန်က ထိုအကြောင်းကို စကားဖောင်ဖွဲ့ ပြောနေပြီး ယန်ရွှယ်ကလည်း တိတ်တဆိတ် နားထောင်ပေးနေခဲ့သည်။



ခဏအကြာတွင် သူက မေးခွန်းဟောင်းကို ပြန်မေးလာ၏။ "ဒါနဲ့ တောင်ပေါ်မှာ ဘယ်သူ့ကို သွားရှာမှာလဲ" 



ဖုံးကွယ်ထားစရာ မရှိသဖြင့် ယန်ရွှယ်က အမှန်အတိုင်း ဖြေလိုက်သည်။ "ချီဖန့်ပါ" 



"အော်… အဲဒီကောင်လား" အစ်ကိုလျန်က တစ်ခုခုကို သတိရသွားသလို ခဏရပ်လိုက်ပြီး ပြောလိုပ်သည်။ "သူကတော့ တော်တော်လေး စွမ်းတဲ့လူပဲ" 



မကြာမီ ထွန်စက်အင်ဂျင်သံနှင့်အတူ နောက်တွဲယာဉ်မှာ တောင်ပေါ်ရှိ ယာယီစခန်းသို့ ရောက်ရှိသွားသည်။ အစ်ကိုလျန်က ထွန်စက်ကို ရပ်ပြီး ယန်ရွှယ်ရှာနေသည့်သူကို တွေ့အောင် လိုက်ပို့ပေးမည်ဟု အခိုင်အမာ ပြောလေ၏။



"ထွန်စက်တွေက ရှားပါးနေတဲ့အပြင် ဒါကလဲ ခဏခဏ ပျက်နေတာ။ ဒီရက်ပိုင်း သစ်ထုတ်တာ နားထားပြီး အားလုံး ရေခဲလျှောလမ်းကိုပဲ ရှင်းနေကြတာ။ ဒီလမ်းတွေကို မင်းမသိရင် သူ့ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။"



နောက်ပိုင်းခေတ်ကာလများနှင့် မတူဘဲ ထိုခေတ်က သစ်တောဝန်ထမ်းများမှာ "နှင်းကျ၍ အလုပ်နားခြင်း" ဟူသည်ကို မကြားဖူးကြပေ။ နှင်းများ သည်းထန်စွာ ကျဆင်းနေသော်လည်း သူတို့၏ အလုပ်အပေါ် ထက်သန်မှုမှာမူ လျော့ပါးမသွားခဲ့ပေ။



သစ်လုံးများ နှင်းအောက်ရောက်သွားပြီး သယ်ယူသည့်အခါ ကျန်ရစ်မည်ကို စိုးရိမ်သဖြင့်—အကယ်၍ ကျန်ရစ်ခဲ့ပါက နွေဦးတွင် သစ်များပုပ်ကုန်ပြီး စစ်ဆေးမှု ကျရှုံးနိုင်သောကြောင့်) အလုပ်သမားများမှာ အလုပ်ကို ပို၍ပင် အရှိန်မြှင့် လုပ်ဆောင်နေကြသည်။ ယန်ရွှယ်သည် သစ်တောဝန်ထမ်းများ လေးဦး သို့မဟုတ် ခြောက်ဦးတစ်ဖွဲ့စီဖြင့် သစ်လုံးများကို သယ်ဆောင်ရင်း စည်းချက်ကျကျ ဟစ်ကြွေးနေကြသော အသံများကို အဝေးမှပင် ကြားနေရ၏။



"ဟိုမှာ မြင်ရတာက ရေခဲလျှောလမ်းပဲ၊ သစ်လုံးတွေကို အဲဒီကနေ အောက်ကို လွှတ်ချတာလေ။ တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား" အစ်ကိုလျန်က မလှမ်းမကမ်းရှိ နှင်းများ ဖုံးလွှမ်းနေသော လမ်းကြောင်းအရှည်ကြီးကို ညွှန်ပြလိုက်သည်။



ထိုလျှောလမ်းမှာ နောက်ပိုင်းခေတ် ရေခဲပန်းခြံများရှိ လျှောစီးလမ်းများနှင့် ဆင်တူသော်လည်း ပိုကြီးမားပြီး ပို၍ ရှည်လျားလှ၏။ နှင်းအောက်ရှိ ရေခဲပြင်မှာ အလွန်ပင် ချောမွတ်နေပုံရပြီး ယန်ရွှယ်မှာလည်း ထိုကဲ့သို့သော အရာမျိုးကို တကယ်ပင် မမြင်ဖူးခဲ့ပေ။