Ch 1
Viewers 10k

Chapter 1

 

ညကိုးနာရီ ရှိနေပြီဖြစ်သည်။ ညနေခင်းလောက်ကတည်းက ယွမ်ယဲ့အဆောက်အဦး အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းမတွင် တွေ့ဆုံပွဲအတွက် နာမည်ကျော်လူများအားလုံး စုဝေးနေခဲ့ကြသည်။

 

လူတိုင်း ဖယ်ရိုမုန်းထိန်းချုပ်ကပ်ခွာများကို ဝတ်ဆင်ထားကြသော်လည်း နာရီပေါင်းများစွာ စားသောက်ပြီးနောက်တွင်တော့ ကပ်ခွာ၏ အာနိသင်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေကြပြီဖြစ်သည်။လေထုထဲ၌ ဖယ်ရိုမုန်းအနံ့ပေါင်းစုံ ရောထွေးနေသောကြောင့် သက်တောင့်သက်သာမရှိလှပေ။

 

ရှီယိဆိုဖာထောင့်စွန်းတွင် ထိုင်နေကာ သူ့ဝိုင်ခွက်ထဲရှိ နီညိုရောင် အရည်များအား ငြင်သာစွာ လှုပ်ယမ်းနေခဲ့သည်။ စတိုင်ပန်ဘောင်းဘီထဲရှိ ခြေတံရှည်ရှည်များကို ချိတ်ကာထိုင်နေလေသည်။မျက်နှာကျက် မီးအလင်းရောင်အောက်တွင် သူ၏ အသားအရည်မှာ ဖြူဖွေးနုဖက်နေသော်လည်း အလွန်ပိန်ပါးနေကြောင်း ပေါ်လွင်ပေသည်။သူ၏ အေးတိအေးစက်နှင့် စိတ်မပါလက်မပါ သဘောထားကြောင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်မနေပဲ ကွဲထွက်နေဟန်ရှိသည်။

 

“မင်းဒီရောက်နေမှန်း ငါသိသားပဲ”

 

သူထိုင်နေသော ဆိုဖာ၏ဘေးနေရာ နစ်ဝင်သွားကာ ချစ်စရာကောင်းသော မျက်နှာသေးသေးလေးနှင့် နို့နံ့သင်းနေသော အိုမီဂါလေးတစ်ယောက် ဝင်ထိုင်လိုက်သည်။

 

“မင်း ဒီလို လူရှုပ်တဲ့နေရာမျိုးကို တစ်ခါမှ မလာခဲ့ဖူးဘူး”

 

“ရှချန်း”

 

အသိမိတ်ဆွေတစ်ဦးကို နှုတ်ဆက်လိုက်ဟန်ဖြင့် ရှီယိ၏ နှုတ်ခမ်းထောင့်စွန်း မြင့်တက်သွားလေသည်။

 

“ရိုက်ကူးရေး ပြီးသွားပြီလား”

 

“ပြီးသွားပြီ ငါရိုက်ကွင်းကနေ ဒီကိုတန်းလာခဲ့တာ”

 

ရှချန်အပြုံးလေးနှင့် ပြောလိုက်ပြီးနောက် ရှီယိအနားသို့တိုးကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်လေသည်။

 

“ငါအခုလေးတင် ဖန်းမုချင်းကို တွေ့လာခဲ့တယ်၊ အဲကောင်က မင်းအကြောင်းကို မေးနေတာလေ၊ မင်းခဏလောက် စောင့်ကြည့်ပြီး သတိထားနေ”

 

“အင်း”

 

ရှီယိ ခေါင်းငြိမ့်ပြလိုက်သည်။ဖန်းမုချင်းသည် ထိပ်တန်းဖျော်ဖြေရေး ကုမ္ပဏီလုပ်ငန်းများ၏ အကြီးဆုံးသားဖြစ်ကာ သူ၏ယခင်အိမ်ထောင်ဖက်လည်းဖြစ်သည်။

 

ယခင်တုန်းက သူတို့အဆင်မပြေမှုများကြောင့် လမ်းခွဲခဲ့ကြသည်။ သို့သော်လည်း ထိုလူဆက်လက်တွယ်ကပ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့မိပေ။

 

“မင်းသူ့ကို ပါးပဲရိုက်ခဲ့တာ အရမ်းနည်းလွန်းတယ်”

 

ရှချန်း စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

 

“သူက အိုမီဂါတွေကို ပွင့်ပွင့်လင်းလင်း နှောက်ယှက်နေတာ၊ သူ့မိသားစု နောက်ခံကြောင့်သာ မဟုတ်ရင် သူထောင်ထဲရောက်နေတာ ကြာပြီ”

 

ရှီယိတိတ်ဆိတ်နေခဲ့သော်လည်း သူ့မျက်လုံးများမှာ တစ်ဖြေးဖြေး အေးစက်လာခဲ့သည်။ ဖန်းမုချင်းက ဘယ်လိုလူဆိုတာကို လူတိုင်းသိကြသော်လည်း ရှီမိသားစုမှာတော့ သူ့ပေါင်လုံးကို ဖက်တွယ်ချင်နေကြဆဲဖြစ်ပြီး ယခင်တစ်ခေါက် သူတို့စေ့စပ်ပွဲပျက်သွားသောကြောင့် အချိန်အတော်ကြာအောင် သူ့အပေါ် အပြစ်တင်နေကြဆဲဖြစ်သည်။

 

ရှီယိ၏ အမူအရာပြောင်းလဲသွားပုံကို မြင်သည့်အခါ ရှီမိသားစုအခြေအနေကို နားလည်လိုက်သဖြင့် ရှချန်း ဟန်ဆောင်ရယ်မောလိုက်ပြီး အလျင်အမြန် အကြောင်းအရာပြောင်းပြောလိုက်သည်။

 

“ဒါနဲ့ ငါဘာလို့ မစ္စတာလုကို မမြင်မိတာပါလိမ့်၊ သူဌေးကို တွေ့လိုက်မယ်ထင်လို့ ဒီနေ့စောစောတောင် ထွက်လာခဲ့တဲ့ဟာကို”

 

ရှချန်းသည် ယွမ့်မီဒီယာလက်အောက်မှ အနုပညာရှင်ဖြစ်သော်လည်း လုယွမ်ယဲ့ကို တွေ့ဖူးသည့်အချိန် လက်ချိုးရေနိုင်ပေသည်။

 

လုမိသားစုသည် အရမ်းနှိမ့်ကျစွာ နေတတ်ကြသည်။ သူတို့ပိုင်ဆိုင်မှုများ နေရာအနှံ့တွင်ရှိသော်လည်း လူမြင်ကွင်း၌ ပေါ်ပေါ်ထင်ထင် ထုတ်ပြသည်မှာ ရှားပါးလွန်းလှသည်။ထိပ်တန်း S အဆင့်အယ်လ်ဖာတစ်ယောက်အနေနှင့် လုယွမ်ယဲ့သည် ပို၍ပင် ခန့်မှန်းရခက်သည့်အပြင် သူကိုယ်တိုင်ကျင်းပသော ပွဲအချို့၌သာ ပေါ်လာလေ့ရှိသည်။

 

“အပြင်ဘက်မှာ ပျံ့နေတဲ့ ကောလဟာလတွေ ပိုပိုဆိုးလာတယ်”

 

ရှီယိပျော်ရွှင်စေဖို့အတွက် သူ့သူဌေး၏ အတင်းအဖျင်းများပြောပြရန် ရှချန်းတွန့်ဆုတ်နေမည် မဟုတ်ပေ။

 

“ကြားရသလောက်တော့ သူကမြုံနေပြီး အပျော်အပါးရှောင်တယ်တဲ့၊ တစ်ခါ သူ့ကိုဆွဲဆောင်ဖို့ကြိုးစားတဲ့ အိုမီဂါလေ တစ်မိသားစုလုံး ဒုက္ခရောက်ပြီး မြို့တော်မှာ စီးပွားရေး ဆက်မလုပ်နိုင်တော့ဘူးတဲ့”

 

“တကယ်လား”

 

ရှီယ်ိငြင်သာစွာ ပြောလိုက်ကာ ဝိုင်တစ်ငုံမော့သောက်လိုက်သဖြင့် ဝိုင်နီရောင်ကြောင့် နှုတ်ခမ်းပါးတစ်ခုလုံး နှင်းဆီရောင်ကဲ့သို့ ပြောင်းလဲသွားလေသည်။သို့သော်လည်း ထိုဝိုင်ထဲတွင် အရက်ပါဝင်မှုမရှိပေ။

 

သူနှင့် လုယွမ်ယဲ့ကြား စီးပွားရေးအရဆက်ဆံမှုများမရှိသည့်အပြင် အခြားသူများ၏ အတွင်းရေးကိစ္စများကိုလည်း သူစိတ်မဝင်စားပေ။ ရှီမိသားစု၏ တွန်းအားပေးမှူကြောင့်သာ မဟုတ်ပါက ဤကဲ့သို့သော ညစာစားပွဲနေရာမျိုးကို သူလုံးဝလာမည်မဟုတ်ပေ။

 

ခန်းမရှေ့ရှိ ဆူညံသံများနှင့် မတူစွာ ဖန်သားပြင်နောက်ကွယ်ရှိ အခန်းထဲမှ လေထုသည် ပိုမိုတိတ်ဆိတ်နေပေသည်။

 

ထိုနေရာသည် လုယွမ်ယဲ့၏ သီးသန့်အခန်းဖြစ်သည်။ အအေးငွေ့များထွက်နေသော ရေခဲများနှင့်အတူ သောက်စရာများကိုလည်း သီးခြားခင်းကျင်းထားသည်။ ကြီးမားသည့် တစ်ဖက်မြင် ဖန်သားပြင်မှတစ်ဆင့် အခြားတစ်ဖက်ရှိ အရာများကို သေချာမြင်နိုင်ပေသည်။

 

အခန်းထဲရှိ အယ်လ်ဖာတစ်ယောက်မျှ အဆင့်မနိမ့်ကျသော်လည်း အလယ်တည့်တည့်၌ ထိုင်နေသည့်လူမှာတော့ တစ်မူထူးခြားစွာ အနည်းငယ် ကွဲပြားနေလေသည်။သူ့ပုခုံးနှင့်ကျောပြင်များမှာ ပိုမိုကျယ်ပြန့်ကာ သူ့ခါးနှင့် ဝမ်းဗိုက်ကြွက်သားတို့က ပိုမိုတောင့်တင်းလေသည်။

 

သူ့မေးရိုးမှာ ထက်ရှကာ နှာတံသည်လည်း ချွန်ပေသည်။သူ့မျက်လုံးများမှာ နက်ရှိုင်းကာ သန်မာသော အငွေ့အသက်အပြည့်ဖြင့် ထိုင်နေလေသည်။

 

“ငါပြောပြမယ် လုယွမ်ယဲ့၊ မင်းတို့ကုမ္ပဏီက အနုပညာရှင်ပေါက်စလေး ဒီကိုရောက်နေတယ် မင်းဘယ်တော့ ငါ့ကို မိတ်ဆက်ပေးမှာလဲ”

 

သူ့ဘေးမှ အယ်လ်ဖာက တံတောင်ဆစ်ဖြင့် တိုက်လိုက်ကာ

 

“ငါကိုယ်တိုင် တိုက်ရိုက်သွားပြောရင် အဆင်မပြေလောက်ဘူးလို့ ထင်လား”

 

သူ့အကြည့်နောက်လိုက်ကာ ဆိုဖာပေါ်မှာထိုင်နေသည့် အိုမီဂါနှစ်ယောက်ကို လုယွမ်ယဲ့ကြည့်လိုက်သည်။

 

“ငါ့အနုပညာရှင်တွေကို ချစ်ကြိုက်ခွင့်မပြုထားဘူး”

 

သိုက်ရှင်းသည် လုယွမ်ယဲ့၏ သဘောထားကို နားလည်သောကြောင့် စိတ်မပျက်သွားခဲ့ပေ။သူချစ်ကျွမ်း ဝင်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။

 

“ငါရှချင်းရဲ့ ဖန်ဖြစ်နေတာ နှစ်နှစ်တောင်ရှိပြီ နည်းနည်းလောက် ထပ်စောင့်ရလည်း ကိစ္စမရှိပါဘူး”

 

“ဟေး ခဏလေး”

 

သိုက်ရှင်း၏ အကြည့်များ ကျဉ်းမြောင်းသွားလေသည်။

 

“ငါ့ရှချင်းလေး ဘေးနားမှာထိုင်နေတာ ရှီယိမလား”

 

“အဲတာ ဘယ်သူလဲ”

 

ထိုနာမည်ကို တစ်ခါမျှမကြားဖူးသဖြင့် လုယွမ်ယဲ့ မျက်မှောင်ကြုတ်လိုက်လေသည်။

 

“ရှီမိသားစုရဲ့ အငယ်ဆုံးသား ရှီယိလေ၊ သူ့အဖေရဲ့ ဒုတိယအိမ်ထောင်ကနေ မွေးတဲ့ကလေး..အရင်က ဖန်းမိသားစုနဲ့ စေ့စပ်ဖူးတဲ့ အိုမီဂါလေးလေ”

 

သိုက်ရှင်းသည် သူ၏သတင်းရရှိမှု နောက်ကျနေသောကြောင့် အံ့ဩသင့်သွားခဲ့သည်။

 

“သူအရင်က ဖန်းမုချင်းကို ရိုက်လိုက်လို့ ရှီကျင်ပန်းက ကိုယ်တိုင်သွားတောင်းပန်ခဲ့သေးတယ်၊ ကြည့်ရတာ သူ့သားကိူ လက်ထပ်စေချင်နေတုန်းထင်တယ်”

 

ရှီကျင်းပန်အကြောင်း ပြောသည့်အခါ လုယွမ်ယဲ့သည် ရုပ်ရှင်ပြဇာတ်များလုပ်ခဲ့ဖူးသည့် ရှီမိသားစုအပေါ် အထင်အမြင်တစ်ခုရှိပေသည်။ထို့အပြင် ယခင်က စီးပွားရေးအချို့ ပူးတွဲဆောင်ရွက်ခဲ့ဖူးသည်။

 

သိုက်ရှင်းကတော့ အတင်းအဖျင်းဆက်ပြောနေဆဲပင်ဖြစ်သည်။

 

“ငါကြားတာတော့ ရှီယိမှာ ဂလင်းနဲ့ပက်သက်တဲ့ ရောဂါရှိတယ်တဲ့ သူ့ဖယ်ရိုမုန်းအနံ့က အရမ်းကို အားနည်းတယ်ဆိုပဲ၊ ဒီလိုအခြေအနေကိုတောင် ရှေ့ဆက်တိုးရဲတဲ့အထိ ဖန်မုချင်းမျက်နှာကြီးလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

 

ထိုသို့ပြောပြီးနောက် သူထပ်ပေါင်းပြောလိုက်သည်။

 

“ငါကတော့ ဒီလိုရက်စက်တတ်တဲ့ အိုမီဂါမျိုးကို မလိုချင်ဘူး”

 

“သိပ်မကြာသေးခင်ကပဲ အခွန်ရှောင်မှုနဲ့ ရှီမိသားစု စစ်ဆေးခံနေရတာ၊ ရှီကျင်းပန်ကြည့်ရတာ သူ့စီးပွားရေးကို ကယ်တင်နိုင်ဖို့ အိမ်ထောင်ရေးတစ်ခု အသည်းအသန်ရှာဖွေနေတဲ့ပုံပဲ၊ လူတိုင်း သူတွေးနေတာကို သိကြတယ်”

 

ဘေးမှလူတစ်ယောက်က ထပ်ပြောလိုက်သည်။

 

“မစ္စတာလုလည်း ဂရုစိုက်ဦး၊ အဲလို လူယုတ်မာတစ်ယောက် အမိဖမ်းတာ မခံလိုက်နဲ့”

 

လုယွမ်ယဲ့သည် အတင်းအဖျင်းပြောသည်ကို မကြိုက်သောကြောင့် မကြားချင်ယောင်ဆောင်လိုက်လေသည်။သွယ်လျသော လက်ချောင်းများဖြင့် သစ်သားစားပွဲပေါ် တစ်တောက်တောက် ခေါက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

 

“ငါစိတ်မဝင်စားဘူး”