Ch 10
Viewers 5k

🍋 Chapter 10 


ပိုက်ဆံအနည်းငယ်ရှာနိုင်ခဲ့ပြီဖြစ်၍ မြောင်ရင်တစ်ယောက် စိတ်အနည်းငယ် ပေါ့ပါးသွားသည်။ နေ့ခင်းဘက်တွင် အဖျားကျသွားပြီး တစ်ကိုယ်လုံးချွေးများရွှဲနေသဖြင့် အဝတ်အစားလဲကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ခြံထဲတွင် ခါး၌ကြက်တောင်လေးချည်၍ ဆော့ကစားနေသော ဟွာရှောင်ပေါင်အား တွေ့လိုက်ရ၏။ ထိုကြက်တောင်မှာ မြောင်ရင် ကိုယ်တိုင်လုပ်ပေးထားခြင်းဖြစ်ပြီး အဖွားဖြစ်သူမှာ ပိုခိုင်ခန့်အောင်ပြန်လည်ပြုပြင်ပေးထားခြင်းဖြစ် သည်။


မြောင်ရင်အား မြင်သည်နှင့် ရှောင်ပေါင် ပြေးဖက်ကာ "မရီး" ဟု ခေါ်လိုက်သည်။


မြောင်ရင်မှာ တွန့်သွားပြီး ဆောင့်ကြောင့်ထိုင်ကာ သူ့ကို ကြည့်ရင်း ပြင်ပေးလိုက်သည်။ 


"အစ်ကိုလို့ ခေါ်လေ"


နှုတ်ချိုလှသော ရှောင်ပေါင်ကလည်း ချက်ချင်းပင် "အစ်ကို... စား" ဟု ဆိုကာ သူ့အိတ်ကပ်ထဲမှ ကိတ်မုန့်တစ်ဖဲ့ကိုထုတ်၍ မြောင်ရင့် ပါးစပ်ထဲ အတင်းထည့်ပေးလေသည်။ ၎င်းမှာ အနံ့မွှေးကြိုင်လှသော အော်စမန်းသပ်စ် (Osmanthus) ကိတ်မုန့်ကလေးဖြစ်သည်။


မြောင်ရင် ဤကမ္ဘာသို့ ရောက်လာကတည်းက အချိုနံ့ပင် မရှူဖူးသေးချေ။ ယခုကဲ့သို့ တစ်လုပ်စားလိုက်ရချိန်တွင် သကြားမှာ ဤမျှအရသာရှိမှန်း ပထမဆုံးအကြိမ် ခံစားလိုက်ရပြီး မျက်ရည်ပင်ဝဲသွားမိသည်။


မြောင်ရင် စကားမပြောဘဲ ငြိမ်နေသဖြင့် ရှောင်ပေါင် နောက်တစ်လုပ် ထပ်ကျွေးရန်ပြင်ရာ မြောင်ရင် အသာ အယာ တားမြစ်လိုက်သည်။ 


"ရှောင်ပေါင်ပဲ စားပါ၊ ကိုယ့်ဘာသာ ကိုယ် အကုန်စားနော်"


ရှောင်ပေါင် အနားတွင် ထိုင်ပြီး မုန့်အား တမြုံ့မြုံ့စားနေ သည်။ မြောင်ရင်လည်း ဘေးတွင်ဝင်ထိုင်ရင်း မေးလိုက်သည်။ 


"ရှောင်ပေါင် ဘာလို့ အပြင်ထွက် မဆော့တာလဲ?"


"သူတို့က ကျွန်တော်နဲ့ မဆော့ကြဘူး" 


"အဖေက အမြဲတမ်းအရက်သောက်ပြီး ရွာထဲမှာ ပြဿနာရှာနေတာလေ... အဲဒါကြောင့် သူတို့က ကျွန်တော့်ကိုမကြိုက်ကြဘူး"


မြောင်ရင် မျက်နှာညိုသွားသည်။ သူသည် အရက်သောက်ပြီး သောင်းကျန်းသူများကို အလွန်မုန်းတီးသူဖြစ်သည်။ အိမ်ထဲတွင်သာ သောင်းကျန်းလျှင် တစ်မျိုး၊ ယခုမူ အပြင်၌ပါ အရှက်ခွဲနေသဖြင့် ကလေးမှာပါ အပယ်ခံဖြစ်နေရသည်မှာ တကယ့်ကို မတရားလှပေ။


သူ ရှောင်ပေါင်အား ဆွဲဖက်ကာ နှစ်သိမ့်လိုက်သည်။


 "ရပါတယ်၊ နောက်ပိုင်းကျရင် အစ်ကို ရှောင်ပေါင်ကို ကျောင်းပို့ပေးမယ်... အဲဒီမှာ သူငယ်ချင်းတွေ အများကြီး ရှိလာမှာပါ"


ရှောင်ပေါင်မှာ လေးနှစ်သားသာ ရှိသေးသော်လည်း ကျောင်းတက်ရန်မှာ မလွယ်ကူဘဲ ပိုက်ဆံအများကြီး ကုန်ကျမည်ကို သိနေသည်။


 "ကျွန်တော် ကျောင်းမတက်ချင်ဘူး၊ အစ်ကိုကြီးနဲ့အတူ အမဲလိုက်ပဲ လိုက်ချင်တယ်"


မြောင်ရင် သူ့ခေါင်းလေးကို ပွတ်သပ်ကာ "ဒီလောက် လက်မောင်းလေးတွေ၊ ခြေထောက်လေးတွေနဲ့ ဘယ်လို အမဲလိုက်မလဲ ? ကျောင်းပဲ တက်ရမယ်"


ရှောင်ပေါင်  နှုတ်ခမ်းလေးစူကာ မြောင်ရင်အားကြည့်လိုက်သည်။ 


"ပိုက်ဆံ အများကြီး ကုန်မှာပေါ့ အစ်ကိုရဲ့၊ အစ်ကို ပင်ပန်းနေမှာပေါ့"


'ဒီကလေးလေးက တကယ့်ကို လူကြီးတွေကို သိတတ်ရှာသားပဲ' ဟု မြောင်ရင် စိတ်ထဲ ချီးကျူးမိသွားသည်။ သူ ရင်ဘတ်ကို ပုတ်ကာ "စိတ်မပူနဲ့ ရှောင်ပေါင်၊ အစ်ကို ပိုက် ဆံတွေ အများကြီးရှာပေးမယ်၊ ရှောင်ပေါင် ကျောင်းတက်နိုင်အောင်လို့"


ရှောင်ပေါင် မျက်လုံးများ ဝင်းလက်သွားပြီး အားတက်သ ရောခေါင်းညိတ်ပြတော့သည်။ 


"ဒါဆို ကျွန်တော် စာကြိုးစားပြီး အတော်ဆုံးပညာရှိကြီးဖြစ်အောင်လုပ်မယ်!"


မြောင်ရင် သူ့လက်ဖဝါးလေးအား ပုတ်ကာ မြှောက်ပင့်ပေးလိုက်သည်။


"တော်တယ် ငါ့ညီ၊ ရည်မှန်းချက် ကြီးတာပဲ" 


စကားပြောပြီးနောက် လီဟုန်ယင်း ပြန်ရောက်လာသည်။ သူတို့နှစ်ဦး ရင်းနှီးစွာထိုင်နေသည်ကို မြင်ရပြီး မြောင်ရင့်မျက်နှာမှာလည်း နေကောင်းပုံရသဖြင့် သူမ စိတ်အေးသွားကာ မေးလိုက်သည်။ 


"ညစာ နင် ချက်မလား၊ ငါ ချက်ရမလား"


လီဟုန်ယင်းသည် သူမ ဟင်းချက်လက်ရာ မကောင်းမှန်း သိသဖြင့် မြောင်ရင်အား အမြဲအရင်မေးလေ့ရှိသည်။ မြောင်ရင် ဝယ်လာသော အသားများကို သတိရကာသွား ရည်ကျသွားပြီး "ကျွန်တော်ပဲ ချက်ပါ့မယ်... ဝက်ဆီတွေ လှော်ပြီးပြီလား" ဟု မေးရာ မလှော်ရသေးကြောင်း သိရသဖြင့် မီးဖိုချောင်သို့ ဝင်ခဲ့သည်။


လီဟုန်ယင်းက မီးမွှေးပေးပြီး မြောင်ရင် လက်ဆေးကာ ဝက်ဆီဖတ်များကို အတုံးလေးများတုံးလိုက်သည်။ ဝက် ဆီဖတ်များမှာ လတ်ဆတ်ပြီး အေးနေသဖြင့် လှီးရသည် မှာ အလွန်လွယ်ကူလှသည်။ ဝက်ဆီဖတ်များကို အိုးထဲသို့ ဂျင်းနှင့်အတူထည့်ကာ ရေအနည်းငယ်ထည့်၍ လှော်လိုက်သည်။ ခေတ္တအကြာတွင် မီးဖိုချောင်တစ်ခုလုံး မွှေးကြိုင်လှသော ဝက်ဆီနံ့များလွှမ်းသွားတော့သည်။ ဆီဖတ်လေးများမှာ ဝင်းဝါသော ရွှေအိုရောင် သန်းလာသောအခါ ဆီများကို ဆီအိုးထဲသို့ထည့်လိုက်ပြီး ကျန်ခဲ့သော ဆီဖတ်လေးများကို ရှောင်ပေါင်အား တစ်ဖက်ကျွေးလိုက်သည်။


လတ်လတ်ဆတ်ဆတ် လှော်ထားသော ဆီဖတ်လေးများမှာ ကြွပ်ရွမွှေးကြိုင်နေသဖြင့် ရှောင်ပေါင်တစ်ယောက် မြိန်ရည်ယှက်ရည် စားနေတော့သည်။ မြောင်ရင်သည်လည်း ထိုဆီဖတ်ဇလုံအား ကြည့်ရင်း စားချင်စိတ်များတဖွားဖွား ပေါ်လာမိသည်။ ယခင်ကဆိုလျှင် ဆီလှော်ပြီးတိုင်း ဆားနှင့် ငရုတ်သီးမှုန့်လေးဖြူးကာ သရေစာအဖြစ် စားနေကျဖြစ်သည်။ အဆီများ၍ အများကြီးမစားနိုင်သော်လည်း ယခုအချိန်တွင်မူ တစ်ဇလုံလုံး ကုန်အောင်ပင် စားနိုင်မည့်ပုံရှိလေသည်။


ဆီဖတ်ဇလုံကို ကြည့်ပြီး လီဟုန်ယင်းက “အားရှင်း ပြန် လာရင် ဒီဆီဖတ်လေးတွေနဲ့ ပေါက်စီ ဒါမှမဟုတ် ကော်ပြန့်လေးတွေ လုပ်စားကြတာပေါ့” 


မြောင်ရင် သွားရည်ကို အနိုင်နိုင်ထိန်းကာ ခေါင်းညိတ်လိုက်သည်။


“ဟုတ်ကဲ့ပါ” 


ဝက်ဆီချက်ပြီးသောအခါ ညစာအတွက် ပြင်ဆင်ကြတော့ သည်။ မြောင်ရင် အသားအလွန်စားချင်နေသဖြင့် လီဟုန်ယင်း ဝယ်လာပေးသည့် ဝက်သုံးထပ်သားအား “ဝက်သားနီချက်” ချက်ရန် ဆုံးဖြတ်လိုက်သည်။


အမှန်စင်စစ် ထိုသုံးထပ်သားမှာ အသားကောင်းဖြစ်သော် လည်း သားသတ်ရုံတွင် လူကြိုက်မများလှပေ။ ယခုခေတ်တွင် လူများမှာ ဆီဦးဆီဖတ် နည်းပါးလှသဖြင့် အဆီတစ်ထပ်တည်းရှိသော ဝက်ဆီသားကိုသာလုဝယ်ကြပြီး အသားနှင့် ရောနေသော သုံးထပ်သား သို့မဟုတ် အသားသန့်သန့်ကိုမူ သိပ်မမက်ကြခြင်းဖြစ်မည်ဟု မြောင်ရင် တွေးမိသည်။


ဝက်သုံးထပ်သားမှာ အရေခွံပါသဖြင့် မြောင်ရင် ပထမဦးစွာ ဒယ်အိုးပူပူတွင် အရေခွံဘက်ကို အောက်ထားကာ ကပ်လျက်ရှိသော အမွေးအမျှင်လေးများကို လောင်ကျွမ်းသွားအောင် ပြုလုပ်လိုက်သည်။ ထို့နောက်မှ အတုံးလေးများတုံးလိုက်၏။


အသားမှာ လတ်ဆတ်လှသဖြင့် ရေနွေးဖျောရန်ပင် မလိုတော့ဘဲ ဒယ်အိုးထဲတွင် ဆီထွက်လာအောင် တိုက်ရိုက်လှော်လိုက်သည်။ အသားတုံးလေးများ ကျက်ခါနီးတွင် ဒယ်အိုးထဲမှ ပြန်ဆယ်ထားလိုက်သည်။ အိမ်တွင် သကြားမရှိသဖြင့် အရောင်တင်ရန် အဆင်မပြေပေမယ့် ယခုအတိုင်းပင် ဖြစ်သလိုချက်လိုက်ရသည်။


အသားကို အရောင်ရအောင် လုပ်ပြီးနောက်တွင် အိုးထဲ၌ ရေထည့်၍ စတင်နှပ်ထားလိုက်သည်။ ဟင်းခတ်အမွှေး အကြိုင်ဆို၍ ဆေးမြစ်ပုံထဲမှ သူတွေ့ထားသည့် နာနတ်ပွင့်တစ်ခုသာ ထည့်လိုက်ရသည်။ မီးအေးအေးဖြင့် အသားများ နူးအိကာ ဟင်းရည်လေးပျစ်လာသည်အထိ တည် ထားပြီးမှ မီးဖိုပေါ်မှ ချလိုက်သည်။ လီဟုန်ယင်းမှာ မီးဖို ချောင်ထဲတွင် တစ်ချိန်လုံးရှိနေပြီး မြောင်ရင်၏ကျွမ်းကျင် လှသော ဟင်းချက်ဟန်ကို ငေးကြည့်နေမိသည်။ သူမ၏ မှတ်ဉာဏ်ထဲ၌ မြောင်ရင်မှာ ဒဏ်ရာမရခင်က မြေပေါ်သို့ လဲကျနေသည့် တံမြက်စည်းကိုပင် ကုန်းမကောက်တတ်သည့်သူဖြစ်သည်။ 'ခေါင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာက လူတစ်ယောက်ရဲ့စရိုက်ကို ဒီလောက်တောင် ပြောင်းလဲစေနိုင်တာလား' ဟု သူမ တွေးတောနေမိသည်။


မြောင်ရင် အသားကျက်အောင် စောင့်နေရင်း လီဟုန်ယင်းအား ကြည့်ကာမေးလိုက်သည်။ 


“အမေ... ပိုက်ဆံတွေ သေချာသိမ်းထားပြီးပြီလား?”


သူ တကယ်စိတ်ပူမိသည်။ ဟွာစန်း အရက်မူးပြီး ရမ်းကားတတ်သည့်အကျင့်အရ အိမ်တွင် ပိုက်ဆံရှိမှန်းသိပါက အရက်ဖိုးအဖြစ် အကုန်ဖြုန်းတီးပစ်မည်မှာ သေချာလှသည်။


သူတို့ မနေ့ညက အိမ်ပြန်မရောက်ဖြစ်ကြပေ။ အဖွားဖြစ်သူ့ ပြောပြချက်အရ ဟွာစန်းသည် တစ်ညလုံး ဆဲဆိုအော် ဟစ်နေပြီး မနက်တွင် အပြင်ထွက်သွားသဖြင့် အိမ်တွင် ပိုက်ဆံရှိသည်ကို သူ မသိသေးချေ။


လီဟုန်ယင်း ပိုက်ဆံဝှက်သည့်နေရာကိုလည်း ဟွာစန်းက သိနေသလို၊ အဖွားဖြစ်သူအား ပေးထားလျှင်လည်း ထူးမည်မဟုတ်။ အိမ်ကြီးသာ ကြီးသော်လည်း ပိုက်ဆံဝှက်ရန် နေရာမရှိသလောက်ပင်။ ဟွာစန်းသည် ဟွာရှင်း၏ အခန်းထဲသို့မူ မဝင်ရဲချေ။ သို့သော် ယခု မြောင်ရင်က ထိုအခန်းထဲတွင် ရှိနေသဖြင့် မြောင်ရင်ဆီမှာ ထားလျှင်လည်း အန္တရာယ်ရှိနိုင်သည်ဟု လီဟုန်ယင်း စိုးရိမ်နေပုံရသည်။


မြောင်ရင်လည်း မိမိတွင် ရာဇဝင်ရှိထားသည်ကို သိသဖြင့် လီဟုန်ယင်းအား ကြည့်ကာပြောလိုက်သည်။


“အမေ... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပိုက်ဆံတွေက ကျွန်တော် ရှာထားတာပါ... ကျွန်တော့်မှာ တစ်ခုခု လုပ်ဖို့ အကြံရှိရင်လည်း ဆိုင်ရှင်နဲ့ သေသေချာချာတိုင်ပင်ပါ့မယ်”  


လီဟုန်ယင်း သက်ပြင်းချလိုက်ရင်း “အေးလေ... အဲဒါဆိုရင် ပိုက်ဆံကို နင့်အခန်းထဲမှာပဲ သိမ်းထားလိုက်ပါ”  


ညစာတွင် ဝက်သားနီချက် တစ်ဇလုံ၊ ဝက်ဆီဖြင့် ကြော်ထားသော မုန်လာဥနီ အနည်းငယ်နှင့် ပြောင်းဖူးမှုန့်ပေါက်စီတို့ပါဝင်သည်။


မြောင်ရင် တစ်ယောက် အပြင်ထွက်ရင်း လေ့လာမိသ လောက် ရွာထဲ ကောက်ပဲသီးနှံများ အများအပြားစိုက်ပျိုးကြသည်ကို တွေ့ရသည်။ ခေတ်သစ်ကာလကဲ့သို့ပင် ဆောင်းဂျုံနှင့် နွေစပါးများ စိုက်ပျိုးကြသော်လည်း အဘယ့်ကြောင့် ပြောင်းဖူးမှုန့်နှင့် ဆန်ကြမ်းများကိုသာ စားနေရသနည်းဟု သူ နားမလည်နိုင်ဖြစ်နေသည်။ သူ ဤနေရာသို့ ရောက်လာသည်မှာ ကြာပြီဖြစ်သော်လည်း ဆန်ဖြူကို တစ်နပ်မျှပင် မစားရသေးချေ။


ထို့ကြောင့် သူ သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။


လီဟုန်ယင်း သက်ပြင်းချကာ “အခွန်တွေက အရမ်းကြီးတယ်လေ...တစ်နှစ်ပတ်လုံးထွက်တဲ့ အထွက်နှုန်းက အခွန်ဆောင်ဖို့တောင် မနည်းလုပ်ရတာ...အခွန်ဆောင်ပြီးရင် ဘာမှ မကျန်တော့ဘူး” 


“ကျွန်တော်တို့မှာ မြေကွက်တွေ အများကြီးမရှိဘူးလား?” 


မြောင်ရင် ထပ်မေးလိုက်သည်။


လီဟုန်ယင်း ခေါင်းညိတ်သည်။ သူတို့မိသားစုမှာ နန်ခိုပါးရွာ၏မူလဒေသခံများ မဟုတ်ဘဲ စစ်ဘေးရှောင်လာကြသူများ ဖြစ်သည်။ ဟွာစန်းတွင် မူလက ညီအစ်ကို နှစ်ယောက်ရှိသော်လည်း စစ်ပြေးရင်း လမ်းမှာပင် ဆုံးပါးသွားကြရာ ဟွာစန်းနှင့် သူ့မိခင်သာ ကျန်ရစ်ခဲ့သည်။ နန်းတော်မှ ၎င်းတို့အား ဤရွာသို့ပို့ဆောင်ပေးပြီးမြေကွက် ငယ်လေးတစ်ခု ချပေးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် လီဟုန်ယင်းနှင့် အိမ်ထောင်ကျပြီးမှ ဤနေရာတွင် အတည်တကျ အခြေချနေထိုင်ခဲ့ကြခြင်းဖြစ်သည်။


ချပေးထားသည့် မြေကွက်မှာ သေးငယ်လှသဖြင့် ကနဦးတွင် စားလောက်ရုံရှိသော်လည်း မိသားစုဝင်များပြားလာသောအခါ အထွက်နှုန်းမှာ အခွန်ဆောင်ရန်ပင် မနည်းရုန်းကန်နေရသည်။


“မြေကို ဝယ်လို့ရလားဟင်?”  


အဖွားဖြစ်သူက “မြေဝယ်ဖို့လား ? တစ်ကွက်ကို ငွေဆယ်ချောင်း ပေးရတယ်” 


“ပြီးတော့ အခု ရွာထဲက မြေတွေကလည်း အရင်လို သိပ်မကောင်းတော့ဘူး”


မြောင်ရင် သက်ပြင်းချမိသည်၊ အနှစ်ချုပ်လိုက်လျှင်တော့ သူတို့မှာ ဆင်းရဲမြဲ ဆင်းရဲနေဆဲပင်။


ထိုနေ့ညစာမှာ အလွန်ခမ်းနားလှသည်။ ကံကောင်းထောက် မစွာဖြင့် ဟွာစန်း တစ်ယောက်လည်း ညစာစားရန် အချိန်မီ ပြန်ရောက်လာ၏။ ယနေ့တွင် သူ အရက်သောက်မထားသော်လည်း အသားဟင်းကို အငမ်းမရစားနေပြီး အရက်မရှိသည်ကိုသာ တတွတ်တွတ်မြည်တမ်းနေလေသည်။ ထို့နောက် သူက လီဟုန်ယင်း ထံမှ ပိုက်ဆံတောင်းတော့ သည်။ လက်ကိုင်ပုဝါတွေ ရောင်းရမှန်း သူသိထားသလို၊ ထိုပိုက်ဆံကြောင့် ယခုလို အသားဟင်းစားနေရသည်ကိုလည်း သူရိပ်မိနေသည်။ ထို့ကြောင့် လက်ကိုင်ပုဝါရောင်းရငွေကို ချက်ချင်းပေးရန် လီဟုန်ယင်းအား အတင်းအ ကျပ် တောင်းဆိုလေတော့သည်။


မြောင်ရင် ဘာမှဝင်မပြောဘဲ နားထောင်နေရင်းရှောင်ပေါင် အဖွားနှင့် လီဟုန်ယင်းတို့၏ပန်းကန်ထဲသို့ အသားတုံးများ ခပ်သွက်သွက် ခက်ပေးလိုက်သည်။ သူသာ လက်မသွက်လျှင် ဟွာစန်းတစ်ယောက်တည်း အကုန်စားပစ်မည့်ပုံဖြစ်နေသောကြောင့်ပင်။


လီဟုန်ယင်း သူ့ ထမင်းစားတူကို ချလိုက်ရင်းပြန်ပြော သည်။


“ဘာပိုက်ဆံလဲ? လက်ကိုင်ပုဝါ အနည်းအကျဉ်းရောင်းတာ ဘယ်လောက်ရမှာမို့လို့လဲ? ရှင် အခုစားနေတဲ့ အသားဖိုးတွေက အလကားရတာ မှတ်နေလား?”  


ဟွာစန်း မျက်နှာ ပျက်သွားပြီး ညည်းတွားပြန်သည်။


“ငါ့မှာ အရက်ဝယ်ဖို့တောင် ပိုက်ဆံတစ်ပြားမှမကျန်တော့ဘူး”  


မြောင်ရင် ဆက်ကြည့်မနေနိုင်တော့ချေ။ ဤကဲ့သို့သော အမျိုးသားမျိုးအား သူ တစ်ခါမှ မမြင်ဖူးခဲ့။ အရက်သောက်ရုံမှလွဲ၍ ဘာမှမလုပ်တတ်သည့်အပြင် အိမ်တွင်လည်း အိုမင်းမစွမ်း မိဘနှင့် ကလေးသူငယ်များ ရှိနေ သည်။ အရွယ်ကောင်းဖြစ်ပါလျက် အပြင်ထွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာရကောင်းမှန်းမသိဘဲ အဖွားနှင့် အမေတို့ ရှာဖွေထားသည့် ပိုက်ဆံကိုမှ နှိုက်ယူသုံးစွဲချင်နေသည့် စရိုက်မှာ တကယ့်သူရဲဘောကြောင်လွန်းလှသည်။


“အရက်သောက်ချင်ရင် ကိုယ့်ဘာသာ ကိုယ် ပိုက်ဆံရှာလေ!” 


မြောင်ရင် ထမင်းစားပြီးသွားသော ဟွာရှောင်ပေါင့်တင်ပါး လေးကို ပုတ်ကာ အပြင်ထွက်ဆော့ရန် လွှတ်လိုက်ရင်း ပြောလိုက်သည်။


ဟွာစန်း မျက်လုံးများ ပြူးထွက်သွားသည်။ မြောင်ရင် သူ့အား ပြန်ပြောရဲလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သူ တူကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး မြောင်ရင့်နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ “မင်း ဘာပြောလိုက်တာလဲ၊ လူကြီးကို ဒီလိုစကားနာထိုးရအောင် မင်းက ဘယ် လောက် အတင့်ရဲနေလို့လဲ!”


“ထပ်ပြောမယ်... ခင်ဗျားက သူရဲဘောကြောင်တဲ့လူပဲ! ကိုယ့်အမေနဲ့ ကိုယ့်မိန်းမ ရှာထားတဲ့ ပိုက်ဆံကိုမှ ဖြုန်းချင်နေတာ၊ အရက်သောက်ရင်းနဲ့ပဲ သေမသွားတာ ခက်တာပဲ” 


မြောင်ရင်လည်း အလျှော့မပေးဘဲပြန်အော်လိုက်သည်။ 


“ခင်ဗျားက ဘယ်လို လူကြီးမျိုးလဲ?”


လီဟုန်ယင်းနှင့် အဖွားဖြစ်သူတို့လည်း မြောင်ရင်အား မုန်းကြလိမ့်မည်ဟု ဟွာစန်း ထင်ထားသော်လည်း ယခုအခါတွင်မူ သူတို့နှစ်ဦးစလုံးက နှုတ်ဆိတ်နေကြသည်ကို တွေ့ရသဖြင့် သူ ပိုဒေါသထွက်သွားသည်။


“ကောင်းပြီလေ... မင်းတို့တွေကတော့” 


ဟွာစန်း မတ်တတ်ရပ်လိုက်ရင်း “အခုတော့ ငါ့ကိုတောင် အမိန့်ပေး ခိုင်းစေနေကြပြီပေါ့ ဟုတ်လား ?”


မြောင်ရင် သူ့အား အနည်းငယ်မျှပင် မကြောက်ဘဲပြောလိုက်သည်။


“ကျွန်တော် နေပြန်ကောင်းလာတဲ့အထိသာ စောင့်နေလိုက်၊ အဲဒီကျရင် ခင်ဗျားကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ပြပေးမယ်!”


သူသာ နေပြန်ကောင်းလာခဲ့လျှင် ထိုလူကြီးတစ်သွေမတိမ်း နားထောင်လာစေရန် မည်သို့ဆုံးမရမည်ကို ကောင်း ကောင်းကြီးပြသမည်ဟု စိတ်ထဲကြုံးဝါးနေတော့သည်။