Ch 39
Viewers 2k

အခန်း (၃၉) သကြားတုတ်ထိုးချိုချဥ်ရောင်းတာ ရှက်စရာပဲ 

ဆုဝန်က နွားနဲ့ နွားလှည်းငှား၍ ပြန်ခဲ့၏။

ယနေ့ တစ်ဖက်ရွာမှလူများသည် သူ၏ နွားနှင့် နွားလှည်းများကို ဆုဝန် ခဏခဏ သုံးပေးရန် မျှော်လင့်ချက်ဖြင့် စျေးကို ကြေးပြားဆယ့်သုံးပြားအထိ လျှော့ပေးလေ၏။

ပုံမှန်အားဖြင့် သူ၏ဆွေမျိုးများက သူ့ကို တစ်ပြားတစ်ချပ်မှ မပေးဘဲ နွားနှင့် နွားလှည်းကို ငှားကြရာ နွားနှင့် နွားလှည်းကို ဆုဝန်အား ငှားလိုသည်မှာ သဘာဝပင်။

ဆုဝန် နွားလှည်း ငှားပြီး၍ ပြန်ရောက်လာချိန်တွင် ရှန်ယာယာက  ကလေး၇ယောက်၊ ၈ယောက်ခန့်ကို ခေါ်ထားပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။ တစ်ယောက်ချင်းစီမှာ ကျောတွင် ခြင်းတောင်းကိုယ်စီ လွယ်ထားကြပြီး သူတို့ထဲတွင် ယောက်ျားလေးရော၊ မိန်းကလေးများပါ ပါဝင်၏။

အနှီ ကလေး၇ယောက်၊၈ယောက်မှာ အကုန်လုံးသည်  ပုံမှန်အားဖြင့် ရှန်ယာယာကို အနိုင်မကျင့်ခဲ့ဖူးသော ကလေးများပင်တည်း။ သူတို့၏ မိဘများသည်လည်း ရိုးသားသော လယ်သမားများ ဖြစ်ကြပြီး ရွာရှိ စကားများသူများနှင့် မတူချေ။

ဆုဝန်က ရှန်ယာယာအား မျှော်လင့်ထားသလို ဉာဏ်ကောင်းသည့်အတွက် ချီးကျူးမိ၏။ ရှန်ယာယာသည် ယခင် ဆုဝန် သူ့အတွက် စီစဥ်ပေးခဲ့သည့်အတိုင်း ကလေးတစ်ဦးစီအတွက် ခြင်းတောင်းတစ်ခုစီ စီစဉ်ထားပြီးလေပြီ။ အမှန်ပင် အကူအညီ ကောင်းကောင်း ပေးနိုင်လေသည်။

သစ်သီးရိုင်းများကို မခူးခင် ဆုဝန်သည် ကလေးတစ်ယောက်ကို ကြေးပြားငါးပြားဆီ အရင်ပေးခဲ့၏။ ကျန်သည့်ငါးပြားကို ခူးပြီး နောက်တစ်နေ့တွင် သူတို့ကိုပေးမည်ဖြစ်ကြောင်း ပြောလေ၏။

ကလေးများမှာ ကျိန်းသေပေါက် ပျော်ရွှင်သွားကြသည်ပင်။ ပုံမှန်အားဖြင့် ထိုသစ်သီးရိုင်းများ စားရသည်ကို မကြိုက်သော်လည်း သစ်သီးရိုင်းများ ခူးရသည်မှာတော့ သူတို့အတွက် ပျော်ရွှင်စရာပင်။ ယင်းသည် အမှန်တကယ်ကောင်းမွန်သည့်အလုပ်ပင်။ ကစားနိုင်ပြီး ငွေလည်းရှာနိုင်သေး၏။ ကလေးအလိမ္မာလေးများမှာ အိတ်ထဲသို့ ပိုက်ဆံ ဤမျှများများရှာနိုင်သည်ကား ပထမဆုံးအကြိမ်ပင်။

ဆုဝန်က ရှန်ယာယာနှင့် ကလေးတစ်သိုက်အား အနောက်တောင်ဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။

လမ်း၌ ချင်းရှီရွာသားအတော်များများနှင့် ကျိန်းသေပေါက် ဆုံမိသည်ပင်။ ဆုဝန်က ဤမျှ ကလေးများစွာကို ခေါ်လာသည်အား မြင်သော် ရွာသားများမှာ သူတို့ ဘာသွားလုပ်ကြမည်နည်း ဆိုသည်ကို မမေးဘဲမနေနိုင်တော့ပေ။

ဆုဝန် မဖြေရသေးမီမှာပင် ကလေးများက သူတစ်ခွန်းကိုယ်တစ်ခွန်းဖြင့် အနောက်တောင်တွင် သစ်သီးရိုင်းသွားခူးမည့်အကြောင်း ပြောလိုက်ပြီးသား ဖြစ်သွားတော့သည်။ 

ကိုရွာသားက ဇဝေါဇဝါ ဖြစ်သွားတော့သည်။ ” အိမ်မှာ အကုန်လုံးက ပြောင်းရိတ်ဖို့ အလုပ် များနေကြတာကို မင်းတို့က ပြောင်းတိုက်မကူဘဲ ဘာလို့ အဲဒီအသုံးမဝင်တဲ့သစ်သီးရိုင်းတွေ သွားခူးကြမှာလဲ။ တကယ် မသိတတ်လိုက်ကြတာ”

အနှီ သိတတ်လိမ္မာခြင်းမှာ ရွာထဲကသူများအတွက် သူတစ်ပါးကို အပြစ်တင်ရန် လွယ်ကူသည့် ခေါင်းစဥ်ပင် ဖြစ်၏။ ဆုဝန်မှာ ထိုရွာသားကိုများစွာ သဘောမကျဖြစ်သွားရ၏။

ကလေးများသည် ဆူဆူညံညံဖြင့် ရောက်တတ်ရာရာများ ထပ်ပြောလာကြပြန်၏။

“အနောက်တောင်ကိုသွားပြီး သစ်သီးရိုင်းသွားခူးမယ်။ မမဆုဝန်က ငါတို့ကို ကြေးပြားဆယ်ပြား ပေးမှာ”

“ တို့တွေကို အရင် ကြေးပြားငါးပြား ပေးထားတယ်။ တစ်ရက်လောက် အပြည့်အဝ ခူးပြီးရင် ငါတို့ကို ကြေးပြားဆယ်ပြား ပေးမှာ”

ကိုရွာသားက မျက်မှောင်ကြုတ်လိုက်ပြီး မပျော်မရွှင်ဖြင့် ဆုဝန်အား ပြောလာ၏။

“ မင်း ဘယ်လိုလုပ် ဒီကလေးတွေကို လိမ်ပြောနိုင်ရတာလဲ”

ဆုဝန် ပြန်မဖြေရသေးခင်မှာပင် ကလေးတစ်ယောက်က အိတ်ထဲမှ ကြေးပြားငါးပြားကိုထုတ်ကာ ထိုရွာသားရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။

ကိုရွာသားက ပို၍ပင် မျက်မှောင်တင်းတင်းကြုတ်လိုက်၏။ သူ့မျက်နှာတွင် ဒေါသများအပြည့်ပင်။ သူက ဆုဝန်ကို ပြောလာ၏။

“မင်း ဘယ်လိုများ ဒီလောက် ငွေသုံးကြမ်းရတာလဲ။ လူကြီးတွေက မင်းကို ဘယ်လိုရှင်သန်နေထိုင်ရမလဲ မသိဘူးလို့ပြောတာ မဆန်းပါဘူးလေ။ အမှန်ဖြစ်နေတာကိုး”

ထိုလူ၏ မျက်နှာပေါ်တွင် အော့နှလုံးနာမှုများ ရှိနေခဲ့၏။ ဆုဝန်က သူ့ပိုက်ဆံကိုယူ၍ အနှီကလေးများအား ပေးလိုက်သည့်နှယ်။ သူတွေးနေသည်အား ဆုဝန်နားလည်နိုင်၏။ သူသည် ဆုဝန်တွင် ပိုက်ဆံရှိခြင်းကို မနာလိုဖြစ်နေခြင်းပါပင်။ သူသည် အနှီကလေးများပင် တောင်ပေါ်တွင် သစ်သီးရိုင်းခူးခြင်းကို အမှီပြုပြီး ကြေးပြားဆယ်ပြား ရှာနိုင်သည့်အတွက် မနာလိုဖြစ်နေသေး၏။

ကျေးလက်ဒေသလေးတွင် ကြေးပြားဆယ်ပြား ရှာနိုင်ရန်မှာ မလွယ်ကူပေ။ ရွာရှိ အိမ်ထောင်စုတိုင်းတွင် မြေများများ မရှိကြချေ။ နောက်ပြီး လယ်အလုပ်များကိုလည်း အားလုံးက ကိုယ်တိုင်လုပ်ကြရာ လူငှားရန် မလိုချေ။ ကောင်တီထဲတွင် တခြားနည်းလမ်းဖြင့် ငွေရှာရန်မှာလည်း ချင်းရှီရွာရှိလူများကို သူတို့၏မာနကို ခဝါချရန် ဆန္ဒမရှိပေ။ 

ကျိုးမင်းဆက်၌ ပညာရှိ၊ လယ်သမား၊ လက်မှုပညာသည်၊ ကုန်သည်ဟူသော အဆင့်အတန်း လေးမျိုးတွင် အရာရှိဖြစ်ခြင်းအပြင် လယ်စိုက်ခြင်းသည်လည်း အဆင့်အတန်းမြင့်မား၏။ လယ်သမားများမှာ မချမ်းသာသည့်တိုင် သူတို့၏လယ်စိုက်သော အဆင့်အတန်းကို စွန့်လွှတ်၍ အလုပ်ထွက်လုပ်ခြင်း သို့မဟုတ် စီးပွားရှာခြင်းမှာ ရှက်စရာကောင်းသည်ဟု ယူဆကြ၏။

ရွာသားက ယဥ်ယဥ်ကျေးကျေးမပြောသည်အား မြင်သော် ဆုဝန်သည် သူ့ကို မရေးမလုပ်လိုတော့ပေ။ သို့ဖြစ်ရာ နွားလှည်းကိုသာ မောင်းနှင်၍ ကလေးများအား အနောက်တောင်သို့ ခေါ်လာလိုက်၏။

ထိုရွာသားမှာ ဆုဝန်အား အကြံဉာဏ်များ ပေးခဲ့လေ၏။ ယခုမူ သူသည် ပျင်းရိသူအား စိတ်ကုန်သွားချေပြီ။ ကိုရွာသားသည် သက်ပြင်းချလိုက်ကာ ကျောပေါ်တွင် ပြောင်းများကိုသယ်လျက် လယ်ကွင်းသို့သွားတော့၏။

ဆုဝန်သည် ကလေးများအား ခေါ်၍ နေရာအနှံ့ သစ်သီးရိုင်းပင်များ ပျံ့ကြဲပေါက်ရောက်လျက်ရှိသော အနောက်တောင်သို့သွားခဲ့၏။ဆုဝန်သည် ကလေးများအား တစ်ပင်ချင်းစီ ခူးခိုင်းခဲ့၏။

အနှီကလေးတစ်သိုက်နှင့် ဆိုပါက သူဝင်ခူးစရာလိုမည် မဟုတ်ကြောင်း ဆုဝန် တွေ့ရှိသွား၏။ ပါးနပ်သောကောင်လေးတစ်ဦးသည် ဝါးလုံးကို အကြိမ်အနည်းငယ် ဝှေ့ယမ်းကာ အပင်ပေါ်မှ ဘယ်ရီသီးများကို ရိုက်ချလိုက်၏။ ကျန်ကလေးများက အလျင်အမြန် ဆောင့်ကြောင့်ထိုင်လိုက်ကာ ဘယ်ရီရိုင်းများ ကောက်ကြလေ၏။ ဆုဝန်က ခူးသည်အားရပ်လိုက်ပြီး နွားလှည်းကိုမှီကာ ကလေးများ ကောက်နေကြသည်ကို ကြည့်ရှုနေ၏။ ကလေးများကောက်သည်မှာ လျင်မြန်ရာ သစ်ပင်တစ်ပင်မှ ခြင်းတောင်းတစ်တောင်းရနိုင်၏။ ခြင်းတောင်းမှာ အလျင်အမြန်ပင် ပြည့်သွားတော့၏။

အပင်တစ်ပင်မှ ကောက်ပြီးနောက် ဆုဝန်သည် ကလေးများအား နောက်တစ်ပင်ရှာရန် ခေါ်သွားခဲ့၏။ ကလေးများသည် သစ်သီးရိုင်းပင်ရှိသည့်နေရာအား ဆုဝန်ထက် ပိုသိသည်မှာ ထင်ရှားပေ၏။ သစ်သီးရိုင်းပင်များကို အခက်အခဲမရှိ ရှာဖွေနိုင်ခဲ့၏။ အချိန်ခဏလေးအတွင်း၌ ဆုဝန်မှာ ခြင်းတောင်းဆယ်တောင်း ပြည့်သွားတော့သည်။

ဆုဝန်သည် သစ်သီးရိုင်းများနှင့်အတူ နွားလှည်းကို ရှန်အိမ်သို့ပြန်မောင်းသွားလိုသည်မှာ သဘာဝပင်။ ကောင်လေးအုပ်စုထဲမှ အသီးကောက်ရာတွင် အတက်ကြွဆုံး ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်က ဆုဝန်အား အသီးများသယ်ပြီး ပြန်သွားထားရန် ပြောလာ၏။ ခြင်းတောင်းတချို့ကျန်သေးရာ သူတို့နေခဲ့ပြီးကောက်မည်ဆိုပါက ပိုမြန်မည်ဟူ၍ပင်။

အနှီကောင်လေးမှာ  အလုပ် အလွန်အမင်းကြိုးစားကာ တက်ကြွလှကြောင်း သတိပြုမိ၏။ သို့တိုင် ဆုဝန်က သဘောမတူပေးခဲ့ပေ။ သူသည် ကလေးများအား ပြန်လိုက်ပြီး အသီးများချဖို့ကူညီပေးရန် ပြောခဲ့၏။ အမှန်တော့ ဆုဝန် သူ့ဘာသာသူ ရွှေ့နိုင်သော်လည်း ယင်းအား မလွယ်ကူချေ။

နောက်ပြီး ဆုဝန်မှာ ကလေးလုပ်အားကို ခေါင်းပုံမဖြတ်လိုပေ။ ထို့အပြင် သူတို့ ဆုဝန်အလုပ်ကို ကူညီနေစဥ်တွင် ဆုဝန်သည် သူတို့၏လုံခြုံရေးကို ဂရုစိုက်ပေးရမည်ဖြစ်၏။ ကလေးများသည် အနောက်တောင်နှင့် အကျွမ်းတဝင် ရှိပြီးသည့်တိုင် ဆုဝန်နောက်လိုက်ခြင်းက ပို၍ ဘေးကင်းလုံခြုံသည်ပင်။

အနှီကောင်လေးများမှာ ထိုသို့ပြောသည်ကို ကြားလိုက်ရသော် စိတ်ပျက်သွားတော့၏။ သို့တိုင် သူသည် ဆုဝန်၏စကားကို နားထောင်ကာ ပြန်လိုက်လာခဲ့၏။

ရှန်အိမ်တွင် အသီးများချတော့လည်း ကောင်လေးမှာ အလုပ်အကြိုးစားဆုံးတစ်ယောက်ဖြစ်နေဆဲပင်။ 

ဆုဝန်သည် အနှီကလေးတစ်သိုက်ဖြင့် ဘယ်ရီရိုင်ခြင်းလေးဆယ်ကျော် ခူးခဲ့၏။ သစ်ပင် ငါးဆယ်ကျော်လောက်မှ ဖြစ်နိုင်၏။ အနောက်တောင်ပေါ်တွင် ဘယ်ရီသီးပင် ငါးဆယ်ကျော်မျှသာ ရှိ၏။ သစ်ပင်ထိပ်ဖျားတွင် ပေါက်နေသည်များမှလွဲ၍ ကျန်အသီးအားလုံးကို ဆုဝန် ခူး၍ ရှန်အိမ်သို့ သယ်ခဲ့လိုက်ချေပြီ။  

ဆုဝန်နှင့် ကလေးတစ်သိုက်သည် ရှန်အိမ်နှင့် အ‌နောက်တောင်အား ငါးကြိမ် အသွားအပြန် လုပ်ခဲ့၏။ အနှီအသီးရိုင်းအားလုံးကိုသယ်ရန် တစ်မနက်သာ အချိန်ပေးလိုက်ရ၏။ 

ချန်စွေ့စွေ့နှင့် သူ၏နောက်လိုက်လေးများသည် ကလေးတစ်သိုက် သွားလိုက်ပြန်လိုက်ဖြင့် အလုပ်များနေသည်အား မနာလိုရှုစိမ့်စွာ ကြည့်ရှုနေကြ၏။ သူ၏နောက်လိုက်လေးများထဲမှ နှစ်ယောက်မှာမူ ဆုဝန်အား တစ်ချိန်လုံး သနားသမားဖြင့် ကြည့်နေခဲ့၏။

ဆုဝန်မှာ သူတို့၏ သနားကမားမျက်လုံးများကြောင့် သနားသွားသလို မခံစားရပေ။ သူတို့သည် မှားသောအရာကို ပြုခဲ့၏။ သူတို့ ရှန်ယာယာအား ဆံညှပ်မရှိသဖြင့် လှောင်ရယ်သည့်အချိန်တုန်းက ဆုဝန်သည် နောက်တွင် ရှန်ယာယာအား အနိုင်မကျင့်တော့အောင် သူတို့ကို ပိုက်ဆံပင် ပေးခဲ့လေ၏။ သူတို့ မုန့်တချို့မျှစားခဲ့ကြ၏။ သို့တိုင် နောက်ပိုင်းတွင်တော့ ရှန်ယာယာအား လှောင်ပြောင် ရယ်မောခဲ့ဆဲပင်။ ထိုသို့သောသူမျိုးသည် အကျိုးအမြတ် ရှိရင်လည်း မျက်နှာထားပြောင်းသွားတတ်ပြီး အကျိုးအမြတ် မရှိသည့်အခါတွင်တော့ ကြမ်းကြုတ်သည့်မျက်နှာထားအား ထုတ်ပြမည်ပင်။ ဝေးဝေးနေသည်မှာ အကောင်းဆုံးပင်။

တစ်မနက်တည်းဖြင့် ကလေးတစ်သိုက်သည် အနောက်တောင်ပေါ်ရှိ သစ်သီးရိုင်းအားလုံးနီးပါးကို ခူးလိုက်ကြ၏။ ယခု ကလေးများသည် အကြံပြုပြောဆိုနေကြ၏။ သူတို့သည် နေ့လယ်ခင်း၌ ရွာထဲတွင် ခူးနိုင်သည်ဟု ပြောကြ၏။ ရွာထဲတွင် အနည်းငယ်သာရှိမည်မှာ သဘာဝပင်။ သို့ရာတွင် ဘေးရွာများတွင်လည်း သစ်သီးရိုင်းပင်တချို့ရှိ၏။ သစ်သီးရိုင်းများပေါက်ရောက်နေသော်လည်း ခူးမည့်သူမရှိပေ။

သို့ပင်သော်ငြား ဆုဝန်သည် ဤရွာနှင့် ရွာနီးချင်းများတွင် အသီးမခူးလိုပေ။ ယခုတော့ အနှီအသီးရိုင်းများကို သတိပြုမိသူ မရှိချေ။ သို့ပေသိ ဤအသီးရိုင်းများက ငွေရှာနိုင်သည်ကို မြင်သွားပါက သစ်သီးရိုင်းများအားလုံးကို ရွာမှယူသွားသည့်အတွက် သူတို့ ဆုဝန်အား မုန်းကြပေလိမ့်မည်။ ထို့အပြင် ပြသာနာပင် ရှာနိုင်ကြသေး၏။

ဆုဝန်က အနှီပြဿနာများကို အလိုမရှိပေ။ ဆုဝန်သည် တခြားသူများ သစ်သီးရိုင်းများ လွယ်လင့်တကူ ရရှိပြီး နောက်တွင် သူနှင့် စီးပွားပြိုင်ရှာမည်ကို မစိုးရမ်ပေ။ အဆုံးတွင်တော့ သစ်သီးရိုင်းများကို အလွယ်တကူရနိုင်သည့်တိုင် သစ်သီးရိုင်း၏ ချဥ်စူးကာ မာခြင်းကို ဖယ်ရှားရန်မှာ မလွယ်ကူချေ။

ထို့ကြောင့် ဤတစ်မနက်ခင်း ကုန်သော် ဆုဝန်က ကလေးများအား ကျန်သည့်လုပ်အားခ ကြေးပြားငါးပြားကို ပေးလိုက်၏။ အနှီကလေးများမှာ မူလတုန်းကတော့ တစ်နေကုန် အလုပ်လုပ်ပြီးမှ ကျန်သည့် ကြေးပြားငါးပြားကို ရနိုင်မည်ဟု ထင်နေခဲ့သည်ပင်။ မည်သို့ပင်ဆိုစေကာမူ တစ်နေ့လုံး အလုပ်လုပ်ပေးရန် ပြောထားခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ဆုဝန်သည် တစ်မနက်ခင်းလေး အလုပ်လုပ်ပေးရုံမျှဖြင့် သူတို့အား ကျန်သည့်ကြေးပြားငါးပြားကို ပေးလာခဲ့၏။

ကောင်လေးတချို့က သက်ပြင်းချလိုက်ကာ  “အိုး၊ ဘာလို့ ဒီလောက်မြန်မြန်ပြီးသွားရတာလဲ၊ ဒီအလုပ်က ပျော်စရာကောင်းပြီး ပိုက်ဆံလည်းရှာနိုင်တဲ့ဟာကို “

အမှန်ပင်။  ကလေးတစ်သိုက်သည် စကားပြောရင်း ရယ်မောရင်းဖြင့် အလုပ်ပြီးသွားခဲ့လေသည်။ သစ်သီးရိုင်းများကို ခြင်းအပြည့် ရဲရဲနီအောင် ကောက်နိုင်ခြင်းကလည်း လူကို ပြီးမြောက်အောင် လုပ်‌ဆောင်နိုင်သည့် ခံစားချက်မျိုး ရရှိစေ၏။

နောက်ထပ်‌ကောင်လေးတစ်ဦးက ဆို၏။

 “မမဆုဝန်၊ နောက်ကို ဒီလိုအလုပ်မျိုးရှိရင် သားတို့ကိုရှာနော် “

ဆုဝန်က ပြုံး၍ သဘောတူလိုက်၏။ အနှီ ကလေးလိမ္မာလေးများးအားလုံးသည် အလုပ်ကြိုးစားကြ၏။ 

“နောက်ကို ထပ်ပြီး လုပ်စရာရှိလာရင် သူတို့ကိုရှာရမယ်”

ကလေးများက လူစုခွဲသွားကြ၏။ ဆုဝန်သည်တော့ ပြန်သွားပြီး ရှန်လင်းကို ပို့ပေးရန်အတွက် ရိုးရှင်းသည့် အစားအသောက်များ ချက်ပြုတ်လေ၏။

ဆုဝန် စပါးကျီသို့ ရောက်သော် မြင်လိုက်ရသည့်မြင်ကွင်းမှာ ဆုဝန်အား ကြက်သေသေသွားစေ၏။

ရှန်လင်းတို့မိသားစု လယ်ကွင်း၌ မနက်က ဆုဝန်ကို အသီးရိုင်းကောက်ရန် ကူညီပေးခဲ့သော ကလေးများသည် ရှန်လင်းတို့စပါးကျီထဲတွင် ရှန်လင်းပြောင်းတိုက်သည်အား ကူညီပေးနေကြ၏။

ရှန်လင်းသည် တိုက်ပြီးသားပြောင်းများကို သန့်စင်ကာ အိတ်တစ်အိတ်အတွင်း ထည့်နေ၏။

လက်စသတ်တွင်တော့ မနက်က ရှန်ယာယာသည်  ကလေးတချို့ကိုခေါ် ကာ လယ်ကွင်းသို့လာခဲ့ခြင်း ဖြစ်နေခဲ့၏။ အနှီကလေးများအားလုံးကို လိမ္မာပြီး ချင့်ချိန်တတ်သော ကလေးများဖြစ်၏။ သူတို့သည် မိသားစုကို လယ်ကွင်းတွင် ပြောင်းတိုက်ကူ၏။ အိမ်က လူကြီးများက ကလေးများကို အသီးခူးရန် ပိုက်ဆံပေးခေါ် သည်အား ကြားသော် ကလေးများကို သွားခိုင်းလိုက်ကြ၏။ 

ပြောင်းတိုက်သည်က ပိုက်ဆံမရနိုင်ပေ။  အနှီမိဘများသည် အသီးရိုင်းတစ်ရက် ကောက်ခြင်းက ကြေးပြားဆယ်ပြား ရှာနိုင်မည်ဖြစ်ကြောင်း  ထားလေ၏။ သို့ပေသိ နေ့လယ်ခင်း၌ ‌ကလေးများသည် ကြေးပြားဆယ်ပြားရ၍ ပြန်လာကြောင်း သူတို့တွေ့လိုက်ရ၏။ လူကြီးတချို့က ကလေးများအား စားသောက်ပြီးနောက် ရှန်လင်းတို့မိသားစုအား ပြောင်းသွားတိုက်ပေးခိုင်းရန် ခိုင်းလေ၏။ ကတိပြုထားခဲ့သည်မှာ တစ်ရက်ဖြစ်ရာ တစ်နေကုန် အလုပ်မလုပ်ပေးဘဲ သူများ၏ငွေအား ယူ၍မဖြစ်ချေ။

တကယ်တမ်းတွင်တော့ ရှန်လင်း ဆုဝန်ကို ချင်းယွင်ကောင်တီကနေ ပြန်ခေါ်လာကတည်းက ချင်းရှီရွာမှ လူများ၏ မျက်လုံးထဲတွင် ဆုဝန်နှင့် ရှန်လင်းတို့သည် မိသားစုတစ်ခု ဖြစ်သွားကြချေပြီ။ မောင်နှမများ ဖြစ်စေ၊ နောက်တွင် ခင်ပွန်းနှင့် ဇနီး ဖြစ်လာသည်ဖြစ်စေ၊ အကျဥ်းချုံးဆိုရပါလျှင် မိသားစုတစ်စုပင်။ ရှန်လင်းအတွက် အလုပ်လုပ်ပေးခြင်းက ဆုဝန်အတွက် အလုပ်လုပ်ပေးခြင်းလည်း မည်ပေ၏။

ထိုရှုထောင့်မှ ကြည့်ပါလျှင် ရှန်ယာယာ ရှာလာခဲ့သော ကလေးများသည် အိမ်မှ လူကြီးများ ကောင်းစွာ သင်ပြပေးသည်ကို ခံထားရသူများပင် ဖြစ်၏။

ရှန်လင်းသည် ဤရက်ပိုင်းအတွင်း ဆုဝန်၏အကူအညီကို ခဏခဏ ယူခဲ့ရ၏။ သူ မငြင်းဆန်နိုင်သလို ကျေးဇူးတင်စကားလည်း မဆိုနိုင်ခဲ့။ သူမည်မျှငြင်းဆန်ပါစေ အရာမရောက်ပေ။ ရှန်လင်းသည် အနာဂတ်တွင် အကောင်းဆုံးလုပ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။ အလုပ်ကြမ်းလုပ်ရသည်ဖြစ်စေ၊ အသေးစားစီးပွားရေး လုပ်ရသည်ဖြစ်စေ ငွေရှာနိုင်မည်ဆိုပါက သူလုပ်မည်ပင်။ အလုပ်ကြမ်းလုပ်ခြင်းနှင့် အသေးစား စီးပွားရေးလုပ်ခြင်းက ချင်းရှီရွာမှလူများ အထင်သေးကြမည် ဖြစ်သည့်တိုင် ယင်းကား တစ်ခုတည်းသောလမ်းပင်။ သို့မှသာလျှင် သူ ဆုဝန်၏ကျေးဇူးကို ပြန်ဆပ်ရန်၊ ဆုဝန်ကို ကာကွယ်ရန် အားအင်ရှိနိုင်မည် ဖြစ်၏။ သို့မှသာလျှင် သူ့အမေနှင့် ညီမလေးအား ကောင်းမွန်သည့်ဘဝတစ်ခုတွင် ထားနိုင်ရန်   စွမ်းပကား ရှိလာမည်ဖြစ်၏။

သို့ဖြစ်လေရာ ယခု ဆုဝန်၏ကျေးဇူးကို ပြန်မဆပ်နိုင်မည်ကို လောလောဆယ်တော့  စိတ်မပူသေးပေ။ အနှီကလေးများသည် ဆုဝန်ကြောင့် ပြောင်းလာတိုက်ပေးခြင်းဖြစ်ကြောင်း ရှန်လင်း သိလေရာ ရက်ရက်ရောရောပင်  သူတို့ကို လုပ်ခွင့်ပေးထားလိုက်၏။

...

အခန်း (၃၉) (ခ)

မနက်က ဆုဝန်အတွက် အသီးရိုင်းကောက်ပေးခဲ့သော ကလေးတချို့ ရှိသေး၏။  တခြားကလေးများက ရှန်လင်းအတွက် ပြောင်းတိုက်ပေးနေသည်ကို မြင်သော် သူတို့မိဘများက သူတို့ကိုလည်း သွားရန် ပြောလာ၏။ မဟုတ်ရင်လည်း သူတို့ဘာသာသူတို့ လာခဲ့ကြ၏။

ယခုမူ လယ်ကွင်းတစ်ကွင်းလုံးက ဆုဝန် ကလေးများကို အသီးရိုင်းကောက်ရန် ပိုက်ဆံပေး ငှားခဲ့ကြောင်း သိသွားကြလေပြီ။ ဆုဝန် လယ်ကွင်းသို့လာသည်အားမြင်သော် ရွာသားတချို့က ထေ့ငေါ့သည့်မှတ်ချက်များ ပြုလေ၏။ ယင်းကား သူသည် ပိုက်ဆံအားလုံးကို ဖြုန်းတီးခဲ့ပြီး ဆောင်းတွင်း၌ သစ်သီးရိုင်းများ စား၍ ရှင်သန်သွားရန် ကြံစည်နေသည်ဟူ၍ပင်။

စိတ်‌ကောင်းရှိသည့် ရွာသားများသည်တော့ ဆုဝန်သည် ကောင်းကောင်းနေထိုင်မည် မဟုတ်ကြောင်း၊ သူကိုယ်တိုင်လုပ်နိုင်သည့်အလုပ်ကို နွားလှည်းငှားလုပ်ကြောင်း၊ သူကိုယ်တိုင် ကောက်နိုင်သည့် အသီးကို ကလေးများကို ကောက်ခိုင်းကြောင်း သူတစ်ခွန်းကိုယ်တစ်ခွန်းပြောကြ၏။ 

ဤရက်ပိုင်းတွင် ရှန်လင်းကို ကူပေးသူအမြဲရှိပြီး အလုပ်သည်လည်း မြန်မြန်ဆန်ဆန် ပြီးလေ၏။ မနာလိုဖြစ်နေကြသောရွာသားတချို့သည် ရှန်လင်းအား မကျေနပ်သည်မှာ ကြာပြီဖြစ်၏။ ယခုမူ သူတို့သည် ထေ့ငေါ့သည့် မှတ်ချက်များပင် ပြုလာသေး၏။ ” ရှန်လင်း၊ မင်း အရူးတစ်ယောက်ကို ခေါ်ထားမိတာပဲ ဖြစ်ရမယ်။ ကောင်းသားပဲ။ တကယ်လို့ နောက်ကျ မင်းနဲ့ဆုဝန် လက်ထပ်လိုက်ရင် မင်းတို့မှာ နောက်ထပ်အရူးလေးတွေ ရှိလာတာပေါ့”

ဆုဝန်က အသီးရိုင်းခူးရန် ငှားထားခဲ့သော အနှီကလေးများက ဆုဝန်အတွက် ပြောပေးလာ၏။

” မမဆုဝန်က ဉာဏ်ကောင်းတယ်။ အသီးရိုင်းတွေ ခူးရတာ သူ့မှာ အကြောင်းအရင်းရှိရမယ်”

နာမည်ခံ စိတ်ကောင်းရှိသည့်  ရွာသားက  မျက်နှာတွင် အပြုံးတစ်ပွင့်ဖြင့်ဆိုလာ၏။

“ဘာအကောင်းအရင်း ရှိနိုင်မှာတဲ့လဲ၊ အကြောင်းအရင်းက  ပိုက်ဆံအကုန်သုံးလိုက်လို့ ဆောင်းတွင်းမှာ သစ်သီးရိုင်း စားပြီး အသက်ရှင်သွားဖို့  ကြံစည်နေတယ်ဆိုတာပဲလေ “

ဆုဝန်က သူလုပ်နေသည်များကို ရှင်းမပြခဲ့ပေ။ အထင်လွဲနားမလည်နိုင်ခြင်းများမှာ ရှောင်လွဲ၍ရသည် မဟုတ်။ တစ်ခုချင်း လိုက်ငြင်းနေ၍ မရသလို တစ်ယောက်ချင်းကို လိုက်ရှင်းပြရန်မှာလည်း မဖြစ်နိုင်ချေ။

သို့ပေသိ  အနှီစကားများကို ဆိုကြသူများသည် အတင်းပြောတတ်ကြသူများပင်ဖြစ်၏။ ရှန်လင်းသည် ပြဿနာကို လက်သီးဖြင့် ဖြေရှင်းရန် စိတ်ကူးမရှိပေ။ သို့ရာတွင်  ရှန်လင်းသည် တင်းမာစွာ တစ်ချက် ကြည့်လိုက်၏။ အမျိုးသမီးများသည် ပါးစပ်ပိတ်သွားတော့သည်။ သို့တိုင် သူတို့သည် စကားတချို့ တီးတိုးရေရွက်နေဆဲပင်။

“ကောင်းကောင်းမနေနိုင်မှာက ကောင်းကောင်း မနေနိုင်မှာပဲပေါ့။ သူများကို ပေးမပြောဘူးတဲ့။ ဟာသပဲ”

ပြော၍ပြီးသည့်နောက် ထိုလူများသည် ရှန်လင်းနှင့် ဆုဝန်၏ ဝေးရာသို့ ရွှေ့သွားကြ၏။

ကလေးများသည် ရွှင်မြူးစွာ အလုပ်လုပ်နေကြဆဲပင်။ စကားပြောရင်း ရယ်ကာမောကာဖြင့် အလုပ်လုပ်ကြ၏။ သူတို့၏လက်များသည်လည်း လျင်မြန်ပေသည်။ ပြောင်းများကို တစ်ချက်ချင်း လျင်မြန်စွာ တိုက်ကြ၏။

သူတို့သည် လူကြီးများလောက် ပြောင်းသယ်ရာတွင် မထူးချွန်သော်လည်း သူတို့ထဲမှတချို့သည် ကျွမ်းကျင်မှုလိုသောအလုပ်ဖြစ်သည့် ပြောင်းတိုက်ရာ၌ လူကြီးများထက်ပင် မြန်နေသေး၏။ 

ဆုဝန်သည် ရှန်လင်းအား အစားအသောက်ပို့ပေးပြီး၍ ပြန်ချိန်တွင် အစားအသောက်ဘူးထဲတွင် ပြောင်းတစ်လွှာ၊ နှစ်လွှာ ထည့်သွားခဲ့၏။ အိမ်ပြန်ရောက်သော် ဆုဝန်သည် အိုးတစ်အိုးထဲသို့ ဆီနှင့်သကြား လောင်းထည့်လိုက်၏။ ဆီပူလာသည့်ထိ စောင့်ပြီးသော် အဖုံးဖွင့်ကာ ပြောင်းများကို ထည့်၏။ ထို့နောက် အိုးကိုပြန်ဖုံး၏။ ခဏမျှကြာပြီးသော် အိုးထဲမှ တဖြောက်ဖြောက်မြည်သံ ကြားရ၏။ ပြောင်းသည် ပြောင်းဖူးပေါက်ပေါက် ဖြစ်သွားလေပြီ။ ဆုဝန်သည် ပြောင်းဖူးပေါက်ပေါက်များကို အိတ်တစ်လုံးအတွင်း ထည့်ပြီး ရှန်ယာယာအား လယ်ကွင်းသို့ယူသွား၍ ထိုကလေးများကို ဝေပေးရန် ပြောလေ၏။

ဆုဝန်သည် သူတို့ကို နေ့လယ်ပိုင်းတွင် ထပ်၍ အလုပ်မလုပ်ခိုင်းခဲ့ပေ။ သို့တိုင် သူတို့သည် အလေးအနက် တွေးကာ ရှန်လင်းအား အလုပ်လာကူလုပ်ပေးကြ၏။ ဤသည်ကိုကြည့်လျှင် သူတို့လေးများသည် လိမ္မာသည့်ကလေးများဖြစ်ကြရာ သူတို့ကို ပို၍ ရက်ရောစွာ ဆက်ဆံရမည်ပင်။

ရှန်ယာယာ ပြောင်းဖူးပေါက်ပေါက် ယူသွားကာ လယ်ကွင်းထဲတွင် ရှန်လင်းကို ကူညီပေးနေကြသည့် ကလေးများအားလုံးကို ခွဲဝေပေးလိုက်၏။ ကလေးများသည် ပို၍ပင် အလုပ်ကြိုးစားတော့လေသည်။ 

ဆုဝန်သည် ရှန်အိမ်ဂိုဒေါင်ထဲမှ ဘယ်ရီရိုင်းတစ်အိုးကို ထုတ်လိုက်ပြီး ဘယ်ရီသီးကို အစေ့ထုတ်၏။ သန့်ရှင်းအောင် ဆေးကြော၏။ ထို့နောက် သန့်စင်သည့်တွင်းရေ စည်အနည်းငယ်ကို ယူလာကာ ရေထဲ ဆားခတ်၏။ ထို့နောက် ဘယ်ရီသီးများကို အိုးတစ်လုံးအတွင်းထည့်ကာ စိမ်ထားလိုက်၏။ 

ဘယ်ရီသီးများကို လက်ဖက်ရည်တစ်အိုးစာမျှ စိမ်ထားပြီးနောက် ဘယ်ရီသီးများနှင့် ပန်းသီးများကို ရောပြုတ်ကာ အအေးခံထားလိုက်၏။ နောက်ဆုံး၌ သကြားနှင့်ရေထည့်ကာ သကြားရည်ကျို၏။ ထို့နေ့က စျေးမှ ဝယ်ခဲ့သော ဝါးချောင်းကိုထုတ်ကာ သစ်သီးရိုင်းများကို တစ်လုံးချင်း ထိုးသည်။ ထို့နောက် သကြားရည်ဖြင့် တစ်လွှာပတ်ကာ အအေးခံထား၏။ ထိုနည်းအားဖြင့် တောက်ပကြည်လင်သော သကြားတုတ်ထိုးချိုချဥ်မှာ အသင့်ဖြစ်လေပြီ။

ဆုဝန်တစ်ခု မြည်းကြည့်လိုက်၏။ အချဥ်အရသာ ရှိနေဆဲဖြစ်၏။ မူလပိုင်ရှင်၏ အချဥ်ဓာတ်ဖယ်သည့် နည်းလမ်းမှာ ဆားရေစိမ်ကာ ပန်းသီးနှင့် ရောပြုတ်ခြင်း ဖြစ်လေ၏။ ကြည့်ရသည်မှာ ဆုဝန်၏ အတွဲအစပ်က မမှန်သေးသည့်ပုံပင်။

ဆုဝန် အကြိမ်များစွာ စမ်းကြည့်ပြီးသည့်နောက် အဆုံးတွင်တော့ မှန်ကန်သည့်အချိုးကို ကျွမ်းကျင်ပိုင်နိုင်သွားချေပြီ။ လုပ်ထားသည့် သကြားတုတ်ထိုးချိုချဥ်မှာ လုံးဝ မာမနေတော့ချေ။ စာအုပ်ထဲ၌ ဝမ်မိသားစုမှာလူများသည် ဆုဝန် ဘယ်ရီရိုင်းနှင့်လုပ်သည့်  သကြားတုတ်ထိုးချိုချဥ်မှာ ဘယ်ရီသီးနီနှင့် လုပ်သည့်  သကြားတုတ်ထိုးချိုချဥ်လောက်မကောင်းဟု ပြောခဲ့ကြ၏။ ထိုအချိန်က ဆုဝန် အမှန်တကယ်  မြည်းကြည့်လိုက်သော် ဘယ်ရီရိုင်းနှင့်လုပ်သည့်  သကြားတုတ်ထိုးချိုချဥ်သည် ဘယ်ရီသီးနီနှင့်လုပ်သည့်  သကြားတုတ်ထိုးချိုချဥ်ထက်မညံ့ကြောင်း တွေ့ရှိခဲ့၏။ 

ဝမ်မိသားစုသည် မူလပိုင်ရှင်ကို အထင်သေးသောကြောင့် မူလပိုင်ရှင်လုပ်သည့် ပစ္စည်းများကို မကောင်း‌ပြောခြင်း ဖြစ်ကြောင်း မြင်နိုင်လေသည်။

ဆုဝန်သည် ဘယ်ရီသီးရိုင်းဖြင့် သကြားတုတ်ထိုးချိုချဥ် လုပ်ခဲ့သည်။ ဘယ်ရီရိုင်းများသည်လည်း တောက်ပစွာနီစွေးသည်ပင်။ ဘယ်ရီနီများထက်ပင် ပို၍ နီစွေးသေး၏။ အရသာမှာ ဘယ်ရီသီးနီနှင့် လုပ်သော  သကြားတုတ်ထိုးချိုချဥ်ထက်မညံ့ပေ။ 

ဆုဝန်သည် အတွေ့အကြုံရှိအောင်သာ လုပ်ခြင်းဖြစ်၏။ ထိုမှတစ်ဆင့် သူ မှန်ကန်သည့်နည်းလမ်းကို ကျွမ်းကျင်ကာ တစ်ခါတည်း အများကြီးလုပ်ရန် တူညီသည့် အချိုးအဆကို သုံးတတ်လေပြီ။

ရှန်ယာယာပြန်ရောက်ပြီးနောက် ဆုဝန်လုပ်ထားသည့် သကြားတုတ်ထိုးချိုချဥ်များကို မြည်းကြည့်ကာ အံ့အားသင့်သွားရ၏။ 

“ မမဆုဝန်၊ တောင်ပေါ်က ဘယ်ရီသီးတွေက ချဥ်ပြီး မာတယ်လေ။ မမ အဲဒါကို သကြားတုတ်ထိုးချိုချဥ်အရသာရအောင် ဘယ်လိုလုပ်လိုက်တာလဲ”

ဆုဝန်သည် ယင်းကို ရှန်ယာယာအား ဖုံးကွယ်ထားရန် အစီအစဥ်မရှိချေ။ ရှန်ယာယာအား လုပ်နည်းကို ‌သေသေချချာ ပြောပြခဲ့၏။ ရှန်ယာယာက ကလေးဖြစ်နေသည်ကြောင့် ဝတ်ကျေတန်းကျေ ပြောလိုက်တာမျိုး သူမလုပ်ပေ။ 

စမ်းသပ်မှု အောင်မြင်သွားပြီးနောက် ဆုဝန်သည် သကြားထုတ်တိုးချိုချဥ် အပုံလိုက်ကို တရားဝင် စလုပ်တော့၏။ ဆုဝန်သည် ဂိုဒေါင်ထဲမှ ခြင်းတစ်လုံးရှာတွေ့ရာ ယင်းအား ဆားရည်တွင် စိမ်ထားလိုက်၏။ နေဝင်ချိန်တွင် ရှန်လင်းသည် လယ်ကွင်းမှ အလုပ်ပြီး၍ ပြန်လာချေပြီ။ ထိုအချိန်၌ ဆုဝန်သည် ဘယ်ရီရိုင်းများအားလုံးကို ဆားရည်ထဲမှ ထုတ်နေခဲ့၏။ 

ရှန်လင်းသည် ထိုအခြင်းအရာအားမြင်သော် ဆုဝန်အား ကူ၍ထုတ်ပေးရန် အလျင်အမြန်လှမ်းလာ၏။ ရှန်လင်းသည် ဆုဝန်အား ဘေးတွင်ရပ်နေပြီး သူ့ကို လုပ်ဆောင်ရန် ညွှန်ကြားပေးဖို့ကာခိုင်းခဲ့၏။ ဆုဝန်က မရမက မငြင်းပေ။ ရှန်လင်းသည်ကား အမြဲတစေ တာဝန်သိတတ်သူတစ်ဦးဖြစ်ခဲ့သည်ပင်။

ဝမ်လော့ရှန်းက  ဆုဝန်အလုပ်လုပ်နေသည်ကို မြင်လျှင်  သူသည် ယင်းအား လုပ်သင့်သည်ဟုသာ မှတ်ယူထားတတ်သည်။ သူမည်မျှ လေးလံသည့်တာဝန်ကို ဆောင်ရွက်နေရပါစေ၊ သူသည် ရှေ့ထွက်ကူညီရန် နည်းနည်းမျှ တွေးလိမ့်မည်မဟုတ်။ 

ဆုဝန်သည် ရှန်လင်းအား သကြားတုတ်ထိုးချိုချဥ်လုပ်သည့်နည်းလမ်းကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူ ရှန်လင်းအား နည်းလမ်းပြောပြကာ ထိုအတိုင်း လုပ်ခိုင်းလိုက်၏။ ထို့နောက် သူသည် တခြား အိုးတစ်အိုးရှေ့တွင် စတင်ချက်ပြုတ်လေ၏။ 

ရှန်လင်းတို့ ချမ်းသာခဲ့စဥ်က မီးဖိုနှစ်ခုနှင့် အိုးနှစ်လုံးလုပ်ထားခဲ့၏။ 

ထိုအချိန်မှသာလျှင် ရှန်လင်းမှာ ဆုဝန်သည် အနှီ ဘယ်ရီရိုင်းများဖြင့် သကြားတုတ်ထိုးချိုချဥ် လုပ်ချင်နေခြင်းဖြစ်ကြောင်း သိသွားတော့သည်။ ဘဘယ်ရီရိုင်းနှင့် ပန်းသီးကို ရောပြုတ်ထားစဥ်တွင် ရှန်လင်းသည် ဂိုဒေါင်သို့ သွားခဲ့ရာ သူ့ဂိုဒေါင်ထဲတွင် ဘယ်ရီရိုင်းများပုံထားလျက်ရှိကြောင်း မြင်လိုက်ရ၏။ ရှန်ယာယာသည် ရှန်လင်းအား မမဆုဝန်သည် ဘယ်ရီရိုင်းများကို အနောက်တောင်မှ ခူးလာခြင်းဖြစ်ပြီး ရွာထဲမှ ခူးခြင်းမဟုတ်ကြောင်း ပြောပြလာ၏။

ရှန်လင်းက ဆုဝန်၏အတွေးအား သိသိသာသာ မှန်းမိသည်ပင်။ ဆုဝန် ရွာထဲမှ အသီးများကို မခူးခဲ့ခြင်းမှာ ငွေရှာပြီးနောက် ရွာထဲမှလူများ ပြဿနာလာရှာမည်ကို စိုးထိတ်၍ပင်ဖြစ်ချေသည်။ ပိုင်ရှင်မရှိပါက ပြဿနာလည်း ရှိမည်မဟုတ်ချေ။ 

တစ်ချိန်တည်းမှာပင် ဆုဝန်၏ ဉာဏ်ကောင်းမှုအား လက်ဖျားခါသွားရ၏။ စျေးထဲတွင် ရောင်းသော သကြားတုတ်ထိုးချိုချဥ်သည် တစ်ခုကို ကြေးပြားသုံးပြားပေးရ၏။ မူရင်းကုန်ကျငွေမှာ ကြေးပြားတစ်ပြား ဖြစ်လေသည်။ ဘယ်ရီရိုင်းနှင့်လုပ်သော သကြားတုတ်ထိုးချိုချဥ်မှာမူ ကြေးပြားဝက်ပင် မကုန်ချေ။ စျေးနည်းနည်းဖြင့် ရောင်းနိုင်ပါက အများကြီး ပိုရောင်းရမည်မှာ သေချာသည်ပင်။ 

ရှန်လင်းသည် ဆုဝန်၏အတွေးများအား ချက်ချင်းမှန်းဆလိုက်ပြီးနောက် အရှက်မိသွားရသည်။ ဆုဝန်သည် မိန်းကလေးတစ်ဦး ဖြစ်သည့်တိုင် သူ၏ခေါင်းထဲတွင် ငွေရှာရန် နည်းလမ်းများစွာ ရှိနေ၏။ သူသည်တော့ ယောက်ျားတစ်ဦး ဖြစ်သော်လည်း မတတ်စွမ်းနိုင်ပေ။ မိသားစုကိုထောက်ပံ့ရန် ဝန်ထုပ်ဝန်ပိုး ထမ်းခြင်းက တစ်မိသားစုလုံးအား ဆင်းဆင်းရဲရဲ နေထိုင်ရအောင် လုပ်ခဲ့မိ၏။

ဆုဝန်သည် မီးဖိုတခြားတစ်ဖက်တွင်ထိုင်၍ အသီးအရွက်ပြုတ်နေခဲ့၏။ ရှန်လင်းနှင့် စကားပြောရင်း မုန့်ချပ်ဝိုင်းများပေါ်သို့ ဂျုံကြမ်းအနည်းငယ် ဖြူးလိုက်၏။ 

ဆုဝန်က သကြားတုတ်ထိုးချိုချဥ်လုပ်ရသည်မှာ လက်ဝင်လွန်းရာ သူအလုပ်များပြီးပါက ကူပေးရန် ရှန်လင်းကို ပြောလာ၏။

ရှန်လင်းမှာ ဆုဝန် သူ့မိသားစုအတွက် လုပ်ပေးခဲ့သည့်ကိစ္စများနှင့် ငွေများ ကို ပြန်မဆပ်နိုင်မည်အား စိုးရိမ်သွားမိသည်။ သို့ဖြစ်ရာ သူ စိတ်လိုလက်ရ သဘောတူခဲ့၏။ သုံးလေးရက်ကြာ၍ ပြောင်းတိုက်ပြီးလျှင်  သိမ်းထားလိုက်တော့မည်။ သကြားတုတ်ထိုးချိုချဥ်လုပ်ကာ ရောင်းချရပေမည်။ အလုပ်အားလုံး သူလုပ်လိုက်ပါက ဆုဝန်က ပိုက်ဆံကောက်ရုံသာဖြစ်၏။

တကယ်တမ်းတွင်တော့ ချင်းရှီရွာမှ လူများသည် စီးပွားကြီးကြီးထွက်လုပ်ရမည်ကို မရှက်ပေ။ သို့တိုင် အသေးစားစီးပွားရေးသည်တော့ ကွာခြားသည်ပင်။ အကယ်၍ တစ်ယောက်‌‌ယောက်က အသေးစားစီးပွားရေးလုပ်ခဲ့ပါက အထင်သေးခံရမည်ပင်။ 

သကြားတုတ်ထိုးချိုချဥ်ရောင်းခြင်းမှာ အသေးစားစီးပွားရေးလုပ်ငန်း ဖြစ်ချေသည်။ ရွာသားများ လှောင်ပြောင်ခြင်းကို ခံရမည်မှာ သေချာလေသည်။

သို့ပေသိ ရှန်လင်းက ယင်းအား ဂရုမစိုက်ချေ။ သူသည် ယောက်ျားတစ်ဦးဖြစ်၏။ ပြောဆို လှောင်ပြောင်လည်း ကိစ္စမရှိပေ။ သို့တိုင် ဆုဝန်မှာ မိန်းကလေးတစ်ဦးဖြစ်လေရာ အပြောအဆို၊ အလှောင်အပြောင် ခံနိုင်မည်မဟုတ်‌ချေ။

ရှန်လင်းသည် နောင်တွင် သကြားထုတ်တိုးချိုချဥ်လုပ်ကာ ရောင်းမည့်ကိစ္စအား သူတာဝန်ယူမည်ဟု ပြောလိုက်၏။ အသီးရိုင်းများသည် လှောင်ထား၍ ရနိုင်၏။ ဆောင်းတွင်း၌ပင် လှောင်ထားနိုင်လေသည်။ သို့ဖြစ်ရာ ဆုဝန်မှာ သကြားထုတ်တိုးချိုချဥ်ကို ရက်အနည်းငယ်အတွင်း ထွက်ရောင်းရဖို့အတွက် စိုးရိမ်နေရန်မလိုပေ။ ပြောင်းများပြီးသွားမှ စရောင်း၍ ရလေသည်။

ဆုဝန်သည်လည်း ရှန်လင်း၏အတွေးအား သဘောပေါက်၏။ သူသည် ဆုဝန်အား အများရှေ့တွင် သကြားထုတ်တိုးချိုချဥ်ရော င်း၍ ဝေဖန်ခံရမည်မျိုး မဖြစ်စေလို၍ပင်။ ဆုဝန်က ဤသကြားတုတ်ထိုးချိုချဥ် တစ်သုတ်မှာ ရက်နည်းနည်းကြာပြီးနောက် ကောင်းတော့မည် မဟုတ်ကြောင်း၊ ရှန်ယာယာနှင့်အတူ  သွားရောင်းမည့်အကြောင်း၊ မနက်ဖြန်ကျ အရင်ဆုံး သွားရောင်းထားလိုက်မည့် အကြောင်း၊ ကျန်သည်များကိုတော့ ရှန်လင်း ပြောင်းများသိမ်းဆည်းပြီးမှ ရောင်းလိုက်ရန်အကြောင်း ပြောလာ၏။

အသစ်စက်စက် လုပ်ထားပြီးသား သကြားတုတ်ထိုးချိုချဥ်များမှာ အကြာကြီး မခံနိုင်ကြောင်း ရှန်လင်းသိပေ၏။ သို့ဖြစ်ရာ သူမနက်ဖြန် အလုပ်သွားမလုပ်ဘဲ ဆုဝန်အတွက် အနှီသကြားထုတ်တိုးချိုချဥ်တစ်သိုက်ကို ရောင်းပေးမည်ဟု အကြံပြုလာ၏။

ဆုဝန်က မငြင်းခဲ့ပေ။

ရှန်လင်းသည် တစ်ညအတွင်း သကြားထုတ်တိုးချိုချဥ်ချောင်း၁၅၀လုပ်ခဲ့၏။ တစ်ချောင်းချင်းစီမှာ နီစွေးကာ ကြည်လင်နေ၏။

ရှန်လင်းက သကြားထုတ်တိုးချိုချဥ်များစိုက်ထားရန် ကောက်ရိုးနှစ်စည်း ပြုလုပ်ခဲ့၏။ 

ရွာသားများစွာက ရှန်လင်း သကြားတုတ်ထိုးချိုချဥ်အစည်းကြီးနှစ်စည်း သယ်သည်ကိုမြင်ကြ၏။ သကြားတုတ်ထိုးချိုချဥ်၏ မျက်နှာပြင်ကို သကြားရည် လောင်းထား၏။ သကြားရည်ထိပ်ပိုင်းက အနည်းငယ်မာသည့်တိုင် တစ်ခုလုံး ပုံထားခြင်းမျိုး မဟုတ်ပေ။ ထိပ်ပိုင်းတွင်သာ ပုံထားခြင်းပင်။ တစ်ခုခုနှင့် အုပ်ထားပါက ပုံပျက်သွားလိမ့်မည်ပင်။ သို့ဖြစ်ရာ ရှန်လင်း သကြားတုတ်ထိုးချိုချဥ် ထွက်ရောင်းသည့်ကိစ္စမှာ ဖုံးကွယ်ထား၍ မရနိုင်ချေ။

မနေ့ညက ရှန်လင်းနှင့် ဆုဝန်သည် သကြားတုတ်ထိုးချိုချဥ်များကို တစ်ချောင်းလျှင် ကြေးပြားသုံးပြားဖြင့် ရောင်းရန် ဆွေးနွေးပြီးချေပြီ။ သို့ရာတွင် ဘယ်ရီရိုင်းနှင့် လုပ်ထားသော သကြားတုတ်ထိုးချိုချဥ်များမှာ တစ်ချောင်းလျှင် ကြေးပြားနှစ်ပြားလောက်သာ ရောင်းနိုင်၏။ မဟုတ်ပါလျှင် နှစ်ချောင်းကို ကြေးပြားသုံးပြားပင် ဖြစ်နိုင်၏။ တစ်ခုကို ကြေးပြားသုံးပြားဖြင့် ရောင်းခြင်းက ပို၍ ပိုက်ဆံဝင်နိုင်သည်ပင်။ အချောင်း၁၅၀ကောင်းကောင်းရောင်းနိုင်ပါက ပိုက်ဆံအများကြီး ရနိုင်လေ၏။

ရှန်စန်း၏ ညီနောင်ကောင်းဖြစ်သူ ကျန်းအာ့ကိုသည် ရှန်လင်း သကြားတုတ်ထိုးချိုချဥ်နှစ်စည်း သယ်လာသည်ကို မြင်သွားခဲ့၏။ ရှန်လင်း  သကြားတုတ်ထိုးချိုချဥ်များ သယ်လာသည်ကိုမြင်သော် ကျန်းအာ့ကိုမှာ ချက်ချင်း ဗိုက်ကိုကာ၍ ကျယ်လောင်စွာ ရယ်မောတော့၏။ 

“ ဟား ဟား ဟား ၊ ရှန်လင်း မင်းဘာလုပ်မလို့လဲ။ သကြားတုတ်ထိုးချိုချဥ်သွားရောင်းမလို့လား။ မင်း နွားလှည်းငှားတယ်။ ကလေးတွေကို ပြောင်းတိုက်ဖို့ငှားတယ်။ မင်းမှာ နေထိုင်ဖို့ ပိုက်ဆံမရှိတော့ဘူး။ အဲဒါကြောင့် သကြားတုတ်ထိုးချိုချဥ်သွားရောင်းမလို့ပေါ့လေ။ ဟား ဟား ဟား”

“ ရှက်စရာကောင်းလိုက်တာကွာ”

ကျောင်းသွားဖို့ ထွက်လာခဲ့သည့် ဝမ်လော့ရှန်းမှာလည်း ရှန်လင်း သကြားတုတ်ထိုးချိုချဥ်နှစ်စည်း သယ်ထားသည်အား မြင်လိုက်ရ၏။ ဝမ်လော့ရှန်းသည် ရှန်လင်းအား အထင်သေးစွာ ကြည့်လာ၏။ ရှန်လင်းသည် ယခင်က ချင်းရှီရွာတွင်  အချမ်းသာဆုံးအိမ်မှ  သားလေးပင်။ စာလေ့လာရာတွင်လည်း ထူးချွန်၏။ ယခုမူ သကြားတုတ်ထိုးချိုချဥ်ရောင်းရသည်အထိ နိမ့်ပါးသွားချေပြီ။

လမ်းပေါ်မှ လူတချို့က ဝမ်လော့ရှန်း၏ အထင်သေးသည့်မျက်လုံးများအား မြင်သော် ရှန်လင်းနှင့် ဝမ်လော့ရှန်းအကြောင်း စပြောကြတော့၏။

“ အဲဒီ ဝမ်လော့ရှန်းက စာလေ့လာတဲ့နေရာမှာ တောက်ပတဲ့အနာဂတ်ရှိတယ်။ ရှန်လင်းကတော့ သကြားတုတ်ထိုးချိုချဥ် ရောင်းနေရတယ်တဲ့လေ။ အဲဒီလို သရေစာတွေရောင်းတာက ပိုက်ဆံ သိပ်မရဘူးဆိုတာ ဘယ်သူက မသိလို့လဲ။ ပြီးတော့ အများကြီးလည်း ရောင်းရမှာ မဟုတ်ဘဲနဲ့။ သကြားတုတ်ထိုးချိုချဥ်ဆိုတာမျိုးက တစ်ရက်လောက်နေရင် ကောင်းတော့တာ မဟုတ်ဘူး။ တစ်ရက်အတွင်း ကုန်အောင်မရောင်းနိုင်ရင် နောက်ရက်ကျ ငွေဆုံးတော့မှာပဲ” 

ရှန်လင်းသည် နားကန်းတစ်ယောက်နှယ် မကြားချင်ယောင်ဆောင်ကာ သကြားတုတ်ထိုးချိုချဥ် နှစ်စည်းကို သယ်လျက် ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လှမ်းလေ၏။