အခန်း (၃၇) ဝမ်လော့ရှန်း၏ကြေကွဲမှု
ဆုဝန်က လှည့်ပတ်ရင်း ရှန်ယာယာအတွက် သကြားထုတ်တိုးချိုချဥ်နှစ်ချောင်း ဝယ်ပေးခဲ့၏။ သူ ပိုက်ဆံရှင်းတော့မည့်အချိန်မှာပဲ ရှန်ယာယာက ကြေးပြားခြောက်ပြား ထုတ်ပေးလာသည်။
အဆိုပါ ကြေးပြားခြောက်ပြားမှာ ဆုဝန်သည် ယခင်က ရှန်ယာယာကို ပေးခဲ့သည့် ဆယ်ပြားမှပင်။
သကြားထုတ်တိုးချိုချဥ်တစ်ချောင်းကို သုံးပြားပေးရ၏။
ရှန်ယာယာက ဆုဝန်ကို ပြော၏
“ မမဆုဝန်၊ သမီးအတွက် တစ်ခုဝယ်ပေး။ ပြီးတော့ မမဆုဝန်အတွက် သမီးတစ်ခုဝယ်ပေးမယ်”
ရှန်လင်းသည်လည်း အလုပ်များလှသည့်ကြားက ရှန်ယာယာအား အတွက်အချက် သင်ပေးရန် အချိန်ဖဲ့ပေးခဲ့၏။ သို့ဖြစ်ရာ ရှန်ယာယာသည် သကြားထုတ်တိုးချိုချဥ်နှစ်ချောင်းကို ခြောက်ပြားကျကြောင်း တွက်တတ်လေသည်။
ဆုဝန်က ရှန်ယာယာ၏နှာခေါင်းအား ညှစ်လိုက်ကာ
“ ဟုတ်ပြီလေ။ အဲဒါဆို မမက သမီးအတွက် တစ်ခုဝယ်ပေးမယ်။ သမီးက မမအတွက် တစ်ခုဝယ်ပေး”
ဆုဝန်နှင့် ရှန်ယာယာတို့သည် တုတ်တိုးချိုချဥ်စားရင်း မုန့်စျေးတန်းအား နောက်တစ်ခေါက် ပတ်လျှောက်ကြ၏။ ဘာမှတော့ ထပ်မဝယ်ကြတော့။ ရှန်ယာယာသည် တုတ်ထိုးချိုချဥ်စားရသည်ကို စိတ်ကျေနပ်လျက် ရှိ၏။ မြင်သမျှအကုန်လိုချင်နေသော တခြားကလေးများနှင့် လုံးဝ မတူချေ။
လမ်းလျှောက်နေရင်းနှင့် ဆုဝန်သည် ရှန်ယာယာကို ပြောလာ၏။
“မမ မနက်ဖြန် အလုပ်တစ်ခုလုပ်ဖို့ သမီးကို ငှားရမှာ”
ရှန်ယာယာက ခေါင်းမော့ကာဆို၏။
“ မမဆုဝန်။ မမဘာလုပ်ခိုင်းခိုင်း သမီးလုပ်ပေးမှာ။ ဘာလို့ သမီးကို ငှားဖို့ လိုနေဦးမှလဲ”
ဆုဝန်က ကျီစယ်လိုက်သည်
“ တကယ်လို့ မမ မငှားဘူးဆိုရင် အကူအညီတောင်းရင်း သမီး ပင်ပန်းသွားမှာ စိုးရိမ်ရတယ်။ တကယ်လို့ ပိုက်ဆံသုံးလိုက်ရင်ကျ အစွမ်းကုန်လုပ်ဖို့ ညွှန်ကြားလို့ရပြီလေ”
ရှန်ယာယာသည်လည်း သဘောထားကြီးစွာဖြင့်
“ ဟုတ်ကဲ့ပါ မမဆုဝန်။ မမလုပ်ခိုင်းတာကို သမီးလုပ်မယ်”
ဆုဝန်က ဆို၏
“ မနက်ဖြန်ကျ မမတို့နှစ်ယောက် ရွာထဲနှင့် တောင်အနောက်ဘက်မှာ သစ်သီးရိုင်းတွေ သွားခူးမယ်။ မမကို တစ်ရက်ကူပေးတာအတွက် ကြေးပြားသုံးဆယ်ပေးမယ်”
ရှန်ယာယာက ပြောလာ၏
“ မမ သမီးကို ဆယ်ပြား ပေးထားတယ်လေ။ အဲဒါက များလွန်းနေပါပြီ။ ပြီးတော့ ဘယ်ရီသီးတွေက ချဥ်ပြီးတော့ ကြမ်းကြမ်းကြီး။ အရည်လည်း မရွှမ်းဘူး။ မမ သစ်သီးရိုင်းတွေ ခူးပြီးဘာလုပ်မှာလဲ”
ဆုဝန်သည် ရှန်ယာယာကို ကလေးတစ်ယောက်ဆိုပြီး မလှည့်ဖြားပေ။ ဘယ်ရီရိုင်းများကို သကြားထုတ်ထိုးချိုချဥ် လုပ်သည့်နေရာတွင် သုံးမည်ဖြစ်ကြောင်း သေသေချာချာ ရှင်းပြခဲ့သည်။ ဘယ်ရီရိုင်း၏ ကြမ်းတမ်းမှုကို သူဖယ်ရှားနိုင်ကြောင်း ရှန်ယာယာ့ကို ပြောပြခဲ့၏။
ရှန်ယာယာက ဆိုလေသည်။
“ မမဆုဝန်၊ မမရဲ့နည်းလမ်းကို သူများတွေကို ပြောပြလိုက်လို့ မဖြစ်ဘူးနော်။ တကယ်လို့ သူများတွေ သိသွားရင် သမီးတို့နဲ့ သစ်သီးရိုင်းတွေ လုနေလိမ့်မယ်”
ဆုဝန်က ရှန်ယာယာအား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏။
“ ဉာဏ်ကောင်းတယ်”
ဆုဝန်နှင့် ရှန်ယာယာတို့ စျေးဝယ်ပြီးလေပြီ။ အချိန်းအချက်လုပ်ထားသည့်နေရာတွင် ရှန်လင်းအား ခဏမျှ စောင့်နေပြီးနောက် ရှန်လင်း လှမ်းလာသည်ကို မြင်လိုက်ရ၏။
ဆုဝန်မေးသည်ကို စောင့်မနေဘဲ ရှန်လင်းက အရင်ပြောလာခဲ့၏။
“ အဲဒါ ငါအရင်က ပိုက်ဆံရှာဖို့ မတွေးမိခဲ့လို့ပဲ။ အဲဒါကြောင့် အဲဒီအကြောင်းကို မမေးမမြန်းမိဘူးလေ။ ယခု စိတ်နှစ်ပြီး လိုက်မေးလိုက်တော့ ငါပိုက်ဆံရှာလို့ရမဲ့နေရာတွေ တကယ်များတာပဲ”
ဆုဝန် ရှန်လင်းကို အသေးစိတ်မေးကြည့်ရာ အရှေ့လမ်းက ဆိုင်များစွာကို ရှန်လင်းစုံစမ်းခဲ့မှန်း သိလိုက်ရ၏။ သူတို့အားလုံးမှာ လူရှာနေကြခြင်းပင်။ တချို့က အလုပ်သမားရှာပြီး တချို့က စာရင်းကိုင်ရှာ၏။ တချို့သည်တော့ ပိုင်ရှင်နှင့် ပင်လယ်ထွက်ပေးရန် လူရှာလေသည်။ လှေသမားများအတွက် ပင်လယ်ထွက်၍ ရွက်လွှင့်ပေးရန်မှာ ခက်ခဲ့သည့်အလုပ် မဟုတ်ပေ။ ခက်ခဲသည်မှာ ပိုင်ရှင်အတွက် ပစ္စည်းမှာပေးပြီး အကြံဉာဏ်များပေးရခြင်းပင်။ ယင်းသည် အကျိုးအမြတ်အများဆုံး ဖြစ်၏။ တစ်လကျော် ပင်လယ်ထဲထွက်လိုက်ပါက ငွေတုံးသုံးဆယ်ကျော် ရနိုင်လေမည်။
ရှန်လင်းမှာ ထိုအခါမှသာ ယခင်က သူမည်မျှ တုံးအခဲ့ကြောင်း သဘောပေါက်သွားတော့သည်။ ယင်းမတိုင်မီက သူ့စိတ်ထဲတွင် ကိစ္စနှစ်ခုသာ ရှိခဲ့၏။ လယ်စိုက်ခြင်းနှင့် စာဖတ်ခြင်းတို့ ဖြစ်ချေသည်။ စာဖတ်ရာမှုတဆင့် အရာရှိဖြစ်လာပြီး နာမည်ကျော်ကြားကာ နောက်မျိုးဆက်များအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်လာလျှင်တော့ အကောင်းဆုံးပင်။ နောက်ပိုင်းတွင် သူ့ဖခင်ကွယ်လွန်သွားခဲ့ရာ သူလယ်ပြန်စိုက်ခဲ့ရ၏။ မည်သို့ပင်ဆိုစေကာမူ လယ်စိုက်ခြင်းက ဘေးအကင်းဆုံးနည်းလမ်းပင်။ တခြားအရာများအကြောင်း သူတစ်ခါမှ မတွေးဖူးခဲ့ပေ။
သို့ပေသိ ထုတ်မမေးပါက မသိနိုင်။ မေးမှသာလျှင် သိနိုင်မည်ဖြစ်၏။ အရည်အချင်းရှိပါက ငွေရှာရန် နည်းလမ်းများစွာ ရှိနေဦးမည်ပင်။
ပညာရှိ၊ လယ်သမား၊ လက်မှုပညာသည်၊ ကုန်သည်ဟူသော အဆင့်အတန်းလေးမျိုးတွင် ချင်းရှီရွာသားများသည် အနှီကာယလုပ်သားများကို အထင်သေးကြ၏။ သို့ရာတွင် ယခု ရှန်လင်း အကြောက်ဆုံးအရာမှာ အထင်သေးခံရမည်ကို မဟုတ်၊ ပိုက်ဆံမရှိမည်ကိုသာဖြစ်၏။
ရှန်လင်းသည် ပြောင်းအားလုံးဆွတ်ပြီးချိန်တွင် သူ ချင်းယွင်ကောင်တီသို့ ပြန်လာကာ အလုပ်ရှာမည် ဖြစ်ကြောင်း၊ ဆောင်းရာသီ လယ်အလုပ်မရှိစဥ်တွင် ပိုက်ဆံပိုရှာရမည်ဖြစ်ကြောင်း ဆုဝန်အား ပြောလာ၏။
ယခင်ဆောင်းတွင်းများ၌ ရှန်လင်းမှာ အိမ်တွင် သူ့အမေနှင့်ညီမလေးကို စောင့်ရှောက်ရသည့်အပြင် သူ့အဘိုးနှင့် ဦးလေးကိုလည်း ကိစ္စများစွာ သွားကူပေးရသေး၏။ သူသည် တောင်ပေါ်တက်ကာ သူ့အိမ်နှင့် အဘိုးအဘွားများအတွက် တစ်နှစ်စာ ထင်းလည်း ခုတ်ရ၏။ ရှန်လင်းမှာ ဆောင်းတွင်း တစ်တွင်းလုံး အားလပ်မနေချေ။
ဆုဝန်သည် ရှန်လင်း၏ ကောင်တီမြို့တွင် ငွေရှာမည့် အစီအစဥ်အား အပြည့်အဝ ထောက်ခံ၏။ ဆုဝန်က ဆို၏
“ အမှန်ပဲ။ အခု အရေးအကြီးဆုံးက မျက်နှာရဖို့ မဟုတ်သလို အဘိုးအဘွားတွေကို သိတတ်လိမ္မာဖို့လည်း မဟုတ်ဘူး။ အရေးအကြီးဆုံးက ငွေရှာနိုင်ဖို့ပဲ”
“ငွေများများရှာနိုင်ရင် ချင်းကျိုးအိမ်တော်ကို သွားပြီး အဒေါ့်အတွက် အတော်ဆုံးသမားတော် ရှာပေးမယ်။ အဒေါ့်ခြေထောက်ကို ကောင်းကောင်းဂရုစိုက်ပေးမယ် “
ဆုဝန်က ထပ်ပြောပြန်၏” ဒါနဲ့၊ ရှင့်အဘိုးအဘွားတွေကို သိပ်စိတ်ပူနေဖို့မလိုဘူး။ မဟုတ်လည်း ရှင်ဘာတွေလုပ်ပေးပေး ရှင့်အဘိုးအဘွားတွေက ကျေနပ်နိုင်မှာမဟုတ်ဘူး။ ရှင်ဆိုတဲ့ကလေးက သူတို့ဘက်မှာ အမြဲ မသိတတ်မလိမ္မာတဲ့ကလေးပဲ”
အကယ်၍ တခြားတစ်ယောက်ဆိုပါက ဆုဝန် အများကြီးပြော၍ရမည်မဟုတ်။ မည်သို့ပင်ဆိုစေကာမူ ပြောလိုက်လျှင် ဆွပေးသလို ဖြစ်သွားမည်ပင်။ သို့ရာတွင် ယနေ့နှင့် အရင်နေ့တွင် ရှန်လင်း နားလည်လာပုံပေါ်ကြောင်း ဆုဝန် သတိပြုမိ၏။ ဆုဝန်က သံပူတုန်းထုလိုက်ရုံပင်။
ရှန်လင်းက တည်ငြိမ်စွာပြောလာ၏
“ နောင်ကို ဦးလေးတို့မိသားစုသိတတ်မှုပြတဲ့အတိုင်းပဲ ငါသိတတ်သွားဖို့ စီစဥ်ထားတယ်။ တကယ်လို့ ဦးလေးတို့မိသားစုနဲ့ လုပ်တာချင်းအတူတူကို သူတို့လူကြီးနှစ်ယောက်က ငါ မသိတတ်သေးဘူးလို့ပဲ ထင်နေသေးတယ်ဆိုရင်တော့ အဲဒါ တကယ်ပဲ ငါ့ပြဿနာမဟုတ်တေ့ဘူးလေ”
ဆုဝန်က ပြုံးလိုက်၏။ ‘ကြည့်ရတာ ဒီရှန်လင်းက အရင်လို တုံးတုံးအအနဲ့ သိတတ်လိမ္မာဖို့ မတွေးတော့ဘူးနဲ့ တူတယ်။ အကြီးဆုံးရှန်တို့တစ်မိသားစုလုံးက အဘိုးရှန်ကို အသုံးချနေရုံပဲ။ သူတို့ အဘိုးရှန်နဲ့ အဘွားရှန်အတွက် လုပ်ပေးတာ နည်းလွန်းတယ်။ သူ အဲဒီအတိုင်းလုပ်မယ်ဆိုတော့ မသိတတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့’
ဆုဝန်မှာ ရှန်လင်းအား လက်ခုပ်တီး၍ပင် ချီးကျူးချင်သွားရ၏။
ယခင်တုန်းက ဆောင်းဦးကောက်ရိတ်ချိန်လွန်လျှင် ရှန်လင်းက အဘိုးရှန်နှင့် အဘွားရှန်အတွက် ထင်းပြင်ဆင်ပေးလိမ့်မည်ပင်။ သို့ပေသိ ဦးလေးရှန်တို့မိသားစုသည်တော့ အဘိုးရှန်နှင့် အဘွားရှန်အတွက် ဘာမှပြင်ဆင်ပေးခြင်းမရှိ။ ထိုမျှမကသေး ဦးလေးရှန်သည် အဘိုးရှန်နှင့် အဘွားရှန်ကို ရှန်လင်းပေးခဲ့သော ခုတ်ပြီးသားထင်းများကိုပင် သုံးရန် ယူလေသည်။
ဆုဝန်မှာ သေချာအောင်လုပ်ချင်နေဆဲ။ သို့ဖြစ်ရာ သူမေးလိုက်၏။
“ ရှင် ရက်စက်တော့မှာလား”
ရှန်လင်းက ပြန်ဖြေ၏
“ ငါအရင်က အရမ်းတုံးအခဲ့တာ”
ဆုဝန် စိတ်သက်သာရာရသွားတော့သည်။’ သူ့ကိုယ်သူ တုံးအမှန်း သိသွားတာ ကောင်းတဲ့ကိစ္စပဲ’
ဆုဝန်၊ ရှန်လင်းနှင့် ရှန်ယာယာတို့သည် ချင်းရှီရွာမှ စိုက်ခင်းဆီ ပြန်သွားကြ၏။ ယန်ဝူက ပြောင်းတစ်လှည်းကို ဆွဲလျက် လျှောက်လာခဲ့၏။ ယန်အိမ်မှ တခြားညီအစ်ကိုများက စိုက်ခင်းထဲတွင် ပြောင်းတိုက်နေကြ၏။ ယန်ဝူသည် ရှန်လင်းနှင့် ဆုဝန်ထံ လျှောက်လာရင်း အလျင်စလိုဖြင့်ဆို၏။
“ ဆုဝန်၊ မင်းရဲ့ နွားလှည်းက အရမ်းအကူအညီဖြစ်တာပဲ။ ငါတို့မိသားစု ပြောင်းတစ်ဝက်လောက် ဆွတ်ပြီးပြီ။ ရက်နည်းနည်းလောက် စောပြီးနိုင်တယ်”
စိုက်ခင်းထဲတွင် ပြောင်းတိုက်လျက်ရှိသော ယန်သာ့သည်လည်း လှမ်းအော်ပြောလာ၏။
“ ရှန်လင်း၊ ငါတို့အိမ်က ပြောင်းတွေ တိုက်လို့ပြီးတဲ့အချိန်ကျ မင်းအတွက်ပါ ပြောင်းတိုက်ပေးမယ်။ မင်းတို့အိမ်က ပြောင်းက နည်းနည်းလေးရယ်။ တို့ညီအစ်ကိုတွေ ဝိုင်းတိုက်လိုက်ရင် တစ်ရက်လောက်နဲ့ ပြီးသွားမှာကွ”
ရှန်လင်းသည် ဤတစ်ကြိမ်တွင် အနေခက်သည်ဟု မခံစားရချေ။ သူသည် ယန်အိမ်မှ ညီအစ်ကိုများကို လက်နှစ်ဖက်ယှက်၍ ဂါရ၀ပြုလိုက်ကာ
“ဒါဆို၊ ရှန်လင်းက အစ်ကိုကြီးတို့ကို အရင် ကျေးဇူးတင်ထားရတော့မှာပဲ”
တစ်ခါတရံကျ သူတစ်ပါး၏ အကူအညီနှင့် ကြင်နာမှုကို ငြင်းဆန်ခြင်းသည် ရိုင်းပျရာ ရောက်လေသည်။
ကျေးဇူးတင်စကားများစွာဆိုခြင်းထက် နောင်တွင် တခြားနည်းလမ်းများဖြင့် ကျေးဇူးပြန်ဆပ်ရန် စိတ်ထဲတွင် သိမ်းထားလိုက်ခြင်းက ပိုကောင်းသည်ပင်။
ရှန်လင်းသည် ဆုဝန်နှင့်အတူ နွားနှင့်လှည်းများကိုယူ၍ တခြားရွာများသို့ ပြန်ပို့ရန် စပါးကျီသို့ ပြန်လာခဲ့၏။ အချိန်မစောတော့သည်ကို မြင်သော် ယန်ဝူသည် နွားများကို ရေတိုက်၊ မြက်ကျွေးထားပြီးပြီဟုဆိုကာ သူတို့နှစ်ယောက်ဆီ ပေးလာ၏။
ရှန်လင်းက’မလို’ဟု ငြင်းဆိုခဲ့သည်။ သူသည် ဆုဝန် ထိုကိစ္စများ လုပ်ကိုင်သည်ကို အဖော်ပြုပေးခဲ့၏။ ဆုဝန်နှင့်အတူ ရှန်လင်းသည် ယန်ဝူထံမှ မြင်းဇက်ကြိုးများကိုယူကာ မြင်းများကို မြစ်ဘက်ဆီ ဦးတည်ခိုင်းတော့မည့်ဆဲဆဲမှာပင် ယမမင်းနှင့်တူသော အဘိုးရှန်၏ အသံထွက်ပေါ်လာခဲ့၏။
” ရှန်လင်း၊ မင်းဦးလေးအိမ်အတွက် ပြောင်းလာဆွဲပေးချေ”
ရှန်လင်းသည် တစ်မနက်ခင်းလုံး နွားလှည်းဖြင့် ပြောင်းဆွဲ၍ပြီးသော် ယန်ဝူ့ထံ နွားလှည်း လွှဲပေးလိုက်၏။ နွားလှည်းဖြင့် ပြောင်းဆွဲခြင်းမှာ ပြစ်မှုတစ်ခုပင်။ သို့တိုင် တစ်ချိန်တည်းမှာပင် ပြောင်းများကို စိုက်ခင်းမှ စပါးကျီဆီ နွားလှည်းဖြင့် လွယ်လင့်တကူ သယ်နိုင်သည့်အတွက် ရှန်မိသားစုနှင့် ယန်မိသားစုအား မနာလိုဖြစ်ကြလေသည်။
ရှန်လင်းက ယန်ဝူ့အား နွားလှည်းပေးလိုက်သည်ကိုမြင်သော် အဘိုးရှန်မှာ ပိုလို့ပင် ဒေါသထွက်သွားရ၏။ သူ ရှန်လင်းအား ပြဿနာရှိရန်ရှိသေး ရှန်လင်းမှာ တောင်ကြားထဲမှ ထွက်သွားချေပြီ။ အဘိုးရှန်သည် ယန်ဝူနှင့် ခဏမျှ အခြေအတင် ငြင်းခုံလေသည်။ သို့ရာတွင် သူ ရှုံးနိမ့်သွားရ၏။ အဘိုးရှန်နဲ့ အဘွားရှန်သည် ရှန်လင်းတို့အိမ်သို့ ထပ်သွားကြပြန်၏။ သို့ပေသိ ရှန်အိမ်၏ တံခါးကို ပိတ်ထားမည်ဟု မည်သူက ထင်ထားပါ့မည်နည်း။ မည်သို့ပင်ခေါ်ခေါ် လူမရှိချေ။ ရှန်ရှီးက တစ်ချက်မျှ အသံမပြုခဲ့ပေ။
အဘိုးရှန်နဲ့ အဘွားရှန်မှာ ရှန်ရှီးကို အပြစ်တင်၍မရချေ။ ရှန်ရှီး၏ အနှီကြွေခန္ဓာမှာ အိပ်ရာမှထ၍ တံခါးလာဖွင့်ရန် မဖြစ်နိုင်ချေ။ ရှန်ရှီးသည် အားနည်းလှ၏။ သူ အဘိုးရှန်နှင့်အဘွားရှန်ကို ထူးချင်သည်ဆိုလျှင်တောင်မှ သူ့အသံမှာ အမြဲ ထိုသို့ပင်။ သူ့အသံမှာ အိမ်ထဲကနေ တံခါးကိုကျော်၍ ပျံ့လွင့်လာရန် မဖြစ်နိုင်ပေ။
အဘိုးရှန်မှာ ဝင်၍ ပြဿနာရှာချင်သည်ပင်။ သို့ပေသိ ပထမတစ်ချက်မှာ သူသည် အလွန် အိုမင်းနေခဲ့၏။ ဒုတိယတစ်ချက်မှာ ရှန်လင်းတို့ခြံဝင်းမှ ခွေးက ခက်ထန်စွာ ဟောင်နေခဲ့၏။ ဤအခြေအနေအတိုင်းဆိုပါက အဘိုးရှန် တကယ်ဝင်သွားလိုက်လျှင် ခွေးက တစ်စစီဆွဲဖြဲခြင်းကို ခံလိုက်ရမည်ဖြစ်၏။
အဘိုးရှန်နှင့် အဘွားရှန်မှာ သေလောက်အောင် ဒေါသထွက်နေကြလေပြီ။ သားကြီးရှန်အတွက် သည်းမခံ၍မဖြစ်ချေ။ သားကြီးရှန်မှာ အလုပ်ရှုပ်လျက်ရှိရာ သူထွက်သွား၍ မဖြစ်ချေ။
အဘိုးရှန်နှင့် အဘွားရှန်မှာ လယ်ကွင်းဆီ တစ်ဖန်ပြန်သွားကြ၏။ ယန်ဝူက ရှန်လင်း သုံးထားခဲ့သော နွားလှည်းဖြင့် ပြောင်းများ လွယ်လင့်တကူ ဆွဲနေသည်ကို ကြည့်၏။ ထို့နောက် သားကြီးရှန်မှာ ခြင်းတောင်းဖြင့် ပြောင်းများ သယ်နေရသည်ကို ကြည့်နေရင်း စိတ်ထဲတွင် ရှန်လင်းအား ပို၍ပင် ဒေါသထွက်လာတော့သည်။ အဘိုးရှန်နဲ့ အဘွားရှန်တို့သည် ယန်ဝူ့အား မုန်းတီးသည့်မျက်လုံးများဖြင့် အပြန်ပြန်အလှန်လှန် ကြည့်နေခဲ့၏။
နေဝင်တော့မည့်အချိန်တွင် အနှီလူနှစ်ယောက်က ပြောင်းတိုက်ခြင်းကို ရပ်ပြီး ရေသောက်ကြ၏။ ထို့နောက် ရှန်လင်းနှင့်ဆုဝန်က ယန်ဝူဆီမှ လှည်းကို ထပ်ယူသွားကြပြန်သည်။
အဘိုးရှန်သည် ရှန်လင်းကို လှမ်းဖမ်းလိုက်၏။ သူ ရုတ်တရက် ထအော်ကာ နောက်ပြန်ဆုတ်သွားပြီး သားကြီးရှန်အတွက် နွားလှည်းဆွဲပေးမည်လားဟု ရှန်လင်းအား မေးတော့သည်။
ရှန်လင်းက အဘိုးရှန်ချဥ်းကပ်လာမည်ကို စောင့်၍ဆို၏။
“ အဘိုး၊ ဒီနွားနဲ့ နွားလှည်းတွေကို ဆုဝန် ငှားထားတာ။ ပြီးတော့ နွားနဲ့ နွားလှည်းတွေ ပြန်ပေးရမဲ့အချိန် ရောက်နေပြီ “
အဘိုးရှန်၏ မျက်နှာမှာ ခက်ထန်မှုအပြည့်ဖြင့်
“ ဆုဝန်ငှားထားတော့ ဘာဖြစ်လဲ။ အချိန်ရောက်တော့ရော ဘာဖြစ်လဲ။ နွားလှည်းက မင်းလက်ထဲမှာ ရှိနေရင် မင်းဦးလေးတို့အိမ်အတွက် မင်းနွားလှည်းဆွဲပေးရမယ်။ သိတတ်လိမ္မာဖို့က အဓိကပဲ။ မင်း ငါ့စကားကို နားထောင်ရမယ်”
“ မင်းက နှလုံးသားမှမရှိတဲ့အကောင်ပဲ။ မင်း ကိုယ့်ဦးလေးကို နွားလှည်းငှားပေးရမဲ့အစား အပြင်လူကို ငှားပေးထားတယ်။ မင်းက အပြင်လူကို ကူညီပြီး ကိုယ့်လူကို ဒုက္ခပေးနေတာပဲ”
ရှန်လင်းက ဆို၏။
“ အဘိုး၊ ယန်မိသာစုက ကျွန်တော့်အတွက် ပြောင်းတွေအားလုံး ဆွတ်ဖို့ ကူညီပေးခဲ့တယ်လေ။ ကျွန်တော့်မှာ သူ့ကို ကျေးဇူးဆပ်စရာ နည်းလမ်း မရှိဘူး။ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ရတာ။ ဆုဝန်ရဲ့ နွားလှည်းကိုသုံးပြီး သူ့ကိုကျေးဇူးဆပ်ရတာပါ”
“ ပြီးတော့ ဦးလေးတို့အိမ်က အလုပ်တွေကို ကျွန်တော် ခဏခဏ ကူညီခဲ့တာပဲကို။ ကျွန်တော်က ဦးလေးတို့မိသားစုကို ဘာအကြွေးမှ တင်နေတာလည်း မဟုတ်ဘူးလေ။ ဦးလေးတို့ကျေးဇူးကို ကျိန်းသေပေါက် ပြန်ဆပ်စရာ မလိုဘူးပေါ့။
အဘိုးလည်း အဘိုးရဲ့မြေးလေးကို ကျေးဇူးမသိတတ်တဲ့သူမျိုး မဖြစ်စေချင်ဘူးမလား”
အနှီသိတတ်လိမ္မာသည့် မြေးအဘိုး ကံကျွေးချသည့်အဖွဲ့မှာ နောက်ဆုံးတွင် အမှန်ကို သဘောပေါက်သွားသည့်အတွက် ဆုဝန်မှာ စိတ်သက်သာရာရသွားတော့သည်။
အဘွားရှန်က ရှေ့တိုးလာကာ ဆို၏။
“ ဘယ်လိုကျေးဇူးပြန်ဆပ်မှာလည်းဆိုတာတွေ ငါမသိဘူး။ သိတတ်လိမ္မာမှုက အဓိကဆိုတာပဲ ငါသိတယ်။ ငါနဲ့ မင်းအဘိုး ပြောတာကို မင်းနားထောင်ရမယ်”
ရှန်လင်းက ပြောလိုက်၏
“ ကျွန်တော်က ဦးလေးထက် ဆယ်ဆလောက် ပိုလုပ်ပေးခဲ့တာ။ ဒါကို မသိတတ်မလိမ္မာသေးဘူးဆိုရင် ကျွန်တော် နောက်ကို ဦးလေးအတိုင်းပဲ လုပ်တော့မယ်”
“ လောကကြီးထဲမှာရှိတဲ့ ကျင့်ဝတ်ထုံးတမ်းနဲ့ တရားနည်းလမ်းတွေက သိတတ်လိမ္မာမှုကို လိုက်နာဖို့ပဲ မဟုတ်ဘူး။ ကျွန်တော်က ဧကရာဇ်အပေါ် သစ္စာရှိတယ်။ အမေကို ထောက်ပံ့တယ်။ မိသားစုကို မတည်တယ်။ တကယ်လို့ အဘိုးက ကျွန်တော့်ကို တခြားအရာတွေ လုပ်ခွင့်မပြုဘူးဆိုရင် သူတို့က ကျွန်တော့်ကို သစ္စာမရှိ၊ မသိတတ်၊ အကြင်နာမဲ့ပြီး တရားနည်းလမ်းမကျတဲ့သူလို့ ခေါ်ကြလိမ့်မယ်။ နောက်ကို အဘိုးနဲ့အဘွားက ဆက်ပြီး ယုတ္တိမရှိတာတွေ တောင်းဆိုနေဦးမယ်ဆိုရင် ဒီမြေးက မလိုက်နာနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ”
ရှန်လင်းက ပြောပြီးသည်နှင့် မြင်းဇက်ကြိုးကို ဆွဲလိုက်၏။ သူ့နောက်ရှိ ဆဲဆိုနေသော အဘိုးရှန်ကို လျစ်လျူရှု၍ နွားလှည်းအား မြစ်ဘက်သို့သာ ဆွဲသွားလိုက်၏။ ဆုဝန်နှင့် ရှန်ယာယာသည် သုံးလေးလှမ်း လျှောက်ပြီးမှ နွားလှည်းပေါ်သို့ ခုန်တက်လိုက်ကြ၏။
ရှန်လင်းသည်လည်း နွားလှည်းအတွင်းထိုင်ကာ စတင် မောင်းနှင်တော့သည်။
နေမင်း အနောက်သို့ဝင်ချိန်ဝယ် နွားလှည်းသည်တော့ ယိမ်းညွတ်လျက်။ ရှန်လင်းက နွားများကို မြစ်ထဲမှရေ တိုက်လေသည်။ ထို့နောက် နွားများပြန်ရောက်သည့်အခါ စားနိုင်ရန် နွားစာတချို့ တင်၏။
ထိုသို့လုပ်ပြီးသော် ရှန်လင်း၊ ဆုဝန်နှင့် ရှန်ယာယာတို့သည် တစ်ဖက်ရွာသို့ နွားလှည်းပြန်ပို့ကြလေ၏။ တစ်ဖက်ရွာရှိ မိသားစုမှာ သူတို့မိသားစုသုံးရန် နွားများမွေးထားခြင်းပင်။ ကောင်တီရှိတခြားသူများက သူ့ဆီ အရှက်မရှိ နွားလှည်းလာငှားသော်လည်း မည်သူမျှ သူ့ကို ငွေပေး၍ မငှားခဲ့ဖူးပေ။ ဆုဝန်က နွားနှင့်လှည်း ငှားခအဖြစ် ကြေးပြားဆယ့်ငါးပြား ထုတ်ပေးလိုက်သောအခါ မိသားစုမှာ ပျော်ရွှင်သွားကြ၏။ ဆုဝန်က နွားများအား ရေတိုက်၊ အစာကျွေးထားသည်ကို မြင်သော် သူတို့က ပြောလာ၏
“ ကျွန်တော်တို့ဆီ နွားငှားတဲ့သူတွေထဲ ခင်ဗျားတို့ ဂရုအစိုက်ပေးဆုံးပဲ။ သူတို့က နွားငှားပြီး ပြန်တော့ပေးပါရဲ့။ ဝဝလင်လင် စားရ၊ သောက်ရရဲ့လားဆိုတာ အရေးမစိုက်ကြဘူးလေ”
“ နောက်ကို ခင်ဗျားတို့ နွားငှားဖို့လိုရင် ကျွန်တော့်ကို လာရှာနော်။ ကျွန်တော် စျေးလျှော့ပေးဦးမှာ”
ရှန်လင်းနှင့် ဆုဝန်ကပြုံးကာ နွားပိုင်ရှင်ကို ကျေးဇူးတင်ခဲ့၏။ ထို့နောက် သူတို့ ချင်းရှီရွာသို့ ပြန်လာခဲ့၏။
ဝမ်လော့ရှန်း ယနေ့ ကျောင်းပြန်ရောက်သော် အနောက်ခြံဝင်းထဲ၌ ဆုဝန်ပေါ်လာမည်ကို စောင့်နေလျက် ရှိ၏။ ထိုမှသာ ဆုဝန် ထွက်လာလျှင် လစာအကြောင်း မေးနိုင်မည်ပင်။
ဝမ်လော့ရှန်းမှာ စောင့်ပြီးရင်းစောင့်ခဲ့၏။ သို့တိုင် ဆုဝန်မှာ ခြံဝင်းအတွင်း ပေါ်မလာခဲ့ပေ။ ဝမ်လော့ရှန်းသည် ဝမ်အိမ်တော်မှ ထွက်လာကာ ရှန်အိမ်၏ တံခါးမဆီသို့ လာခဲ့၏။ ရှန်အိမ်တံခါးမကြီးမှာ ပိတ်ထားလျက်ရှိသည်ကို မြင်သော် ဝမ်လော့ရှန်းသည် ထိုင်ခုံတစ်လုံးယူ၍ ကိုယ့်ခြံဝင်းတံခါးတွင် ကိုယ်ထိုင်ကာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့၏။ ကံကောင်း၍ အရှေ့လမ်းမထက် ဆုဝန် ပထမဆုံးအကြိမ်ထွက်ပေါ်လာခဲ့ချိန်တွင် တွေ့လိုက်ရ၏။
ဝမ်လော့ရှန်း နေဝင်သည်အထိ စောင့်ပြီးရင်းစောင့်ခဲ့ပြီးနောက် တွေ့လိုက်ရသည်မှာ ရှန်လင်း၊ ဆုဝန်နှင့် ရှန်ယာယာတို့သုံးယောက်အတူ ပြန်လာကြသည်ကိုပင်။
လူသုံးဦး၏ ရုပ်ပုံကား လိုက်ဖက်ညီလှသည်မှာ ငယ်ရွယ်သည့်စုံတွဲလေးမှ ကလေးလေးအား ခေါ်ဆောင်လာသည့်ပမာ။ ဝမ်လော့ရှန်းမှာ ရုတ်ခြည်းပင် ကသိကအောက်ဖြစ်မှုကို ခံစားလိုက်ရတော့သည်။
…