အခန်း (၃၆)
ဆုဝန်က ထပ်၍ပြောလိုက်သည်”ညီမ နွားလှည်းကို ငှားလာခဲ့ပြီးပြီ။ ပြီးတော့ ဘာအကြောင်းကြောင့်မှ ဒီလှည်းကို ပြန်ပြီး မထားနိုင်ဘူး။ အစ်ကိုရှန် ဘာမှ နှေးတိနှေးတုံ့လုပ်မနေနဲ့။ မြန်မြန်လေး ဒီလှည်းကို အိမ်ထိ ပြီးအောင် ဆွဲသွားလိုက်။ အကယ်၍ အခန်းလွတ်တစ်ခန်းခန်း ကျန်နေသေးမယ်ဆိုရင် အစ်ကိုယန့်ကိုပါ ကူညီနိုင်တာပဲကို။ သွားကြရအောင်ပါ”
ရှန်လင်းသည် ထိုအရာကို ကြားသောအခါ ကျိုးကြောင်းလဲ သင့်လျော်ပေသည်။
အနီးတွင်ရှိသော ယန်ဝူက ဆုဝန်ကို ပြုံးပြရင်း ပြောလေသည်”ဆုဝန် ငါနားလည်ပြီ။ မင်းဆိုတဲ့ မိန်းကလေးဟာလေ အတွက်အချက်လဲ ရတာပဲ”
အကယ်၍ လူတစ်ယောက်ယောက်ကသာ ဤအလုပ်ကို လုပ်ပါလျှင် အနည်းဆုံးလေးငါးရက်တော့ ကြာမည်ဖြစ်သည်။ သို့သော် နွားလှည်းနှင့် ဆွဲပါလျှင် တစ်ရက်တည်းနှင့် ပြီးနိုင်ပြီး လေးငါးရက် အချိန်ကုန် သက်သာပေမည်။
နွားလှည်းငှားလျှင် တစ်ရက်ကို ဆယ့်ငါးပြားကျသင့်မည်။ အကယ်၍ ရှန်လင်းသည် ဤရက်အနည်းငယ်အတွင်း အပြင်ထွက်လုပ်မည် ဆိုပါက ကောင်တီတွင် သာမန် အလုပ်သမားတစ်ယောက်သည် တစ်နေ့ကို ဆယ်ပြားရပေသည်။ နှစ်ရက်လောက် အလုပ်လုပ်လိုက်လျှင် ကုန်သွားသော ပိုက်ဆံကို ပြန်ကာမိမည် ဖြစ်သည်။
ဆုဝန် တွက်ချက်လိုက်သည်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချဖို့သာဖြစ်သည်။ ရွာသားအများစုသည် မည်သို့ တွက်ချက်ရမည်ကို မသိကြချေ။ သူတို့တွေးကြသည်မှာ သူတို့သည် သူတို့ကိုယ်ပိုင်အင်အားဖြင့် လုပ်နိုင်သမျှ အကုန်ကို လုပ်ရန်သာဖြစ်သည်။ ရယ်စရာကောင်းလှပေသည်။
သေချာသည်တစ်ခုမှာ ရွာသားများသည် ရှန်လင်းက နွားလှည်း သုံးသည့်အတွက် စတင် လှောင်ပြောင်နေကြပြန်ချေပြီ။ ဆုဝန်သည် ပြောစရာစကားပင် မရှိတော့ပါ။ ဤလူ့ငမိုက်သားများကို တကယ့်ကို မကယ်တင်နိုင်တော့ပါ။ သူသည် ထုတ်ကုန်ကို ပိုပြီးမြန်မြန်လုပ်နိုင်အောင် နည်းလမ်းများကို သုံးနေသည် ဖြစ်သော်ငြား လူတို့ကသူ့အား လှောင်ပြောင်နေကြပေသည်။
ရွာသားများက ပြက်ရယ်ပြုပြီးရင်း ပြုနေသော်လည်း ရှန်လင်းသည် ဤအရာမှာ သူအလိုအပ်ဆုံးအရာ ဖြစ်သည်ဟုသာ တွေးနေသည်။
ယမန်နေ့က ယန်ဝူသည် ရှန်လင်းအား သူနှင့်အတူ လိုက်ခဲ့ရန် မေးခဲ့သည်။ ယန်ဝူက ရှန်လင်းအား ကောင်တီမြို့သို့ သွား၍ စီးပွားရေးအသေးစားလေးတစ်ခု လုပ်ကိုင်ခြင်းသည် လယ်လုပ်ခြင်းထက် ပို၍ ပိုက်ဆံပိုဝင်စေလိမ့်မည်ဟု ပြောလေသည်။ သို့သော် ရှန်လင်းကျန်းသည် ရှန်လင်းကို ဆေးများဝယ်ရန် ပိုက်ဆံများ ပေးခဲ့သည်။ ထို့ကြောင့် သူသည် ယန်ဝူနှင့် ပျော်ပျော်ရွှင်ရွှင် ထွက်သွားနိုင်မည်။ သူပို၍ ကြိုးစားနေရခြင်းမှာ သူ့အလုပ်များ စောစောပြီးလျှင် သူသည် ယန်ဝူနှင့်အတူ စောစောထွက်သွားနိုင်ရန် မျှော်လင့်ခြင်းကြောင့်ပင် ဖြစ်ပါပေသည်။
ရှန်လင်းသည် ဆုဝန်၏ ကူညီပေးမှုကိုလဲ သူ့ရင်ထဲတွင် မှတ်ထားသည်။ သူသည် ဆုဝန်အား အနာဂတ်တွင် ပြန်လည်၍ ပေးဆပ်ပေမည်။ အကယ်၍ သူအနာဂတ်တွင်လည်း ပြန်မပေးဆပ်နိုင်ခဲ့ပါလျှင် သူသည် သူ့မြေများမှာ ဧက အနည်းငယ်ကို ဆုဝန်အား ပေးပြီး ပြန်ပေးဆပ်မည် ဖြစ်ပေသည်။
ရှန်လင်းသည် နွားလှည်းပေါ်တွင် ထိုင်လိုက်ပြီး ယန်ဝူနှင့် ပြောနေတုန်း မနီးမဝေးမှ အဘိုးရှန်၏ စကားများကို ကြားလိုက်ရသည်။
“ငါဘာလို့များ ဒီလိုအပြစ်သား မြေးမိုက်မျိုးကို ပျိုးထောင်ပေးခဲ့မိတာပါလိမ့်။ ဘာလို့များ လူတွေ လုပ်နိုင်တဲ့ အလုပ်မျိုးကို တိရစ္ဆာန်တွေကို ငှားပြီး ပိုက်ဆံတွေ သုံးမှာလဲ” အဘိုးရှန်သည် စိတ်ဆိုးစွာ ပြောလိုက်သည်။
သားကြီးရှန်က ဘေးမှ ထပ်၍ပြောသည်”အကယ်၍ မင်းမှာ ပိုက်ဆံသာ ရှိမယ်ဆိုရင် မင်းရဲ့ ဘိုးဘွားတွေကို ဘယ်လိုတာဝန်ကျေကျေ ဆက်ဆံရမယ်ဆိုတာ မင်း မသိဘူးလား။ တိရစ္ဆာန်တွေအပေါ်မှာ ဒီပိုက်ဆံတွေကို သုံးတယ်တဲ့လား”
ရှန်လင်းသည် ဘာစကားမှ ပြန်မပြောပေ။ မနေ့က သူသည် သူ့ဘိုးဘွားများအကြောင်းကို သူ့ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သိသွားလေပြီ။ သူတို့သည် သူတို့ရင်ထဲတွင် သူ့အား မြေးတစ်ယောက်အဖြစ် အသိအမှတ် ပြုမထားပါပေ။ ထို့ကြောင့် သူ့ဘက်ကလဲ သူတို့အပေါ် လေးလေးနက်နက် ခံစားချက် ထားနေစရာမလိုပါ။
ရှန်လင်းသည် မနေ့က အိပ်ရာပေါ်တွင် လှဲလျောင်းရင်း သူ့ဘိုးဘွားများအား သူဘာလုပ်ပေးခဲ့သည်၊ ဘာတွေကို ပေးဖူးခဲ့သည်ကို ပြန်တွေး၍ နေသည်။ သူ့ဦးလေးများက သူ့အဘိုးအဘွားတို့အပေါ် လုပ်ပေးသည်ထက် သုံးဆထက်မက သူ ပို၍ လုပ်ပေးခဲ့သော်ငြား သူသည် တာဝန်မသိတတ်သော မြေးမိုက်အဖြစ် သတ်မှတ်ခြင်းခံရသည်။
ရှန်လင်းသည် သူ့စိတ်ကိုသူ ပြန်ပြင်လိုက်သည်။ အနာဂတ်တွင် သူသည် သူ့ဦးလေးတို့ သူ့ဘိုးဘွားများအပေါ် ပေးချင်သလောက်သာ ပေးတော့မည်။ သူသည် ဘာတစ်ခုကိုမှလဲ ထပ်ဂရုစိုက်တော့မည် မဟုတ်ပါ။ သူသည် သူစားရသမျှကို ပို့ပေးသည်။ သူသည် သူ့ဦးလေးမိသားစုနှင့် အတူတူမျှသာ ပေးချိန်တွင် သူ့ဘိုးဘွားများနှင့် အားလုံးက သူ့ကို တာဝန်မကျေပါဟု ပြောလာပါက သူသည် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပေမည်။
ရှန်လင်းသည် အဘိုးရှန်နှင့် အဘွားရှန်တို့အား “အဘိုးနဲ့ အဘွားက စိတ်အနှောင့်အယှက်ပေးနေတာပဲ” ဟု ပြောလိုက်သည်။ ယဥ်ကျေးနေစရာ အကြောင်းလဲ မရှိပါပေ။
ရှန်လင်းသည် သူ့အရှေ့မှ ယန်ဝူကို ထပ်ကာပြောလိုက်သည်”အစ်ကိုယန် ကျွန်တော်ဒါကို မြန်မြန်လေး ဆွဲလိုက်မယ်၊ နေ့လယ်ကျရင် အစ်ကို့အတွက်ပါ ကူဆွဲပေးမယ်လေ”
ယန်ဝူသည် သူ့လက်ကို ကာရမ်းရင်း ပြောလိုက်လေသည်”မဟုတ်တာ၊ ငါ့မှာက မိသားစုဝင်တွေ အများကြီးပါကွာ။ မင်းဘာသာသာ ဂရုစိုက်ပါ”
အဘိုးရှန်သည်မူ ပိုက်ဆံများသည် မည်သို့ဖြစ်စေ သုံးပြီးပြီဖြစ်ကြောင်းကို သိသွားသည်။ ထို့ကြောင့် ပုံမှန်ဆိုလျှင် ရှန်လင်းသည် လူအိုကြီးတွေအတွက် လှည်းခေါက်ရေ အနည်းငယ်ကို ဆွဲပေးပေလိမ့်မည်။
ထို့ကြောင့် အဘွားရှန်သည် အမြန် ပြောလိုက်သည်”ရှန်လင်း၊ အရင်မသွားနှင့်နဲ့ဦး။ အရင်ဆုံး ဒီပြောင်းတွေအားလုံးကို မင်းဦးလေးတို့အိမ်ကို သွားပို့ပေးဦး”
ရှန်လင်းသည် ထိုစကားကို သူ့နားထဲတွင် ကြားသောအခါ ကွာခြားမှုကို ခံစားလိုက်ရသည်။ သူစိမ်းတစ်ယောက် ဖြစ်သော ယန်ဝူသည် သူ့အတွက်သူ အရင်ဆုံး ဂရုစိုက်ရန်ပြောသည်။ သို့သော် သူ့သွေးသားရင်းဖြစ်သော အဘွားသည် သူ့ဦးလေးအိမ်သို့ ပြောင်းများအရင်ဆုံး ပို့ခိုင်းပေသည်။ နောင်တွင် သူတစ်ယောက်တည်း အလုပ်တွေအကုန် ပြီးမည်၊ မပြီးမည်ကို မစိုးရိမ်ပေးပါချေ။
ရှန်လင်းသည် ဘာစကားမှ မပြောဘဲ နွားလှည်းကို အဝေးသို့ မောင်းထွက်သွားလိုက်သည်။
အဘိုးရှန်သည်မူကား ရှန်လင်း အလုပ်မပြီးခင် ကူညီခိုင်းဖို့မှာ မသင့်တော်မှန်း ခံစားမိသည်။ ထို့ကြောင့် သူသည် လှမ်း၍ အော်လိုက်သည်”မင်းမိသားစုရဲ့ အလုပ်တွေပြီးသွားရင် မင်းဦးလေးကို ကူညီလိုက်ဦးနော်။ ငါတို့က မိသားစုတွေလေ။ ဘာလို့ မင်းဦးလေးကို မကူညီရမှာလဲ ဟုတ်တယ်မလား”
သူ့ရှေ့က ရှန်စန်းကလဲ လှမ်း၍ အော်လိုက်သေးပြန်သည်”မင်းမိသားစုအတွက် မြန်မြန်လေး သွားပြီး ဆွဲပေးလိုက်။ ငါ့မိသားစုကဟာတွေကိုလဲ မြန်မြန်လုပ်ရအောင်။ နှေးမနေနဲ့”
ရှန်လင်းသည် သူသည် သူ့အဘိုးအဘွား၊ ဦးလေးတို့မိသားစုနှင့် ဝေးဝေးမှာ မနေလျှင် သူ့ကျန်သည့် ဘဝတစ်လျှောက်လုံး သူ့ကိုယ်သူအဖို့ ဘာမှ လုပ်နိုင်မည်မဟုတ်ကြောင်းကို လုံးဝ နားလည်သွားသည်။ ထို့သို့ အရာရာကို လုယူခံနေရင်း သူသည် သူ့အမေ၏ ဆေးဖိုးဝါးခအတွက်တောင် ပိုက်ဆံလုံလုံလောက်လောက် တစ်ခါမျှ မစုနိုင်ခဲ့ပေ။
ရှန်လင်းသည် ဘာမှ ပြန်မပြောဘဲ လှည်းကိုသာ ရှေ့သို့ဆက် မောင်းနှင်လာခဲ့သည်။
သူပြန်ဖြေလျှင်လည်း အဘိုးရှန်သည် သူ့ပြောင်းတွေကို တိုက်ပြီးလျှင် အခြားသူများ၏ ပြောင်းတွေကိုပါ ဆွဲခိုင်းမည်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ပင် မရှိချေ။ လွန်ခဲ့သော နှစ်နှစ်က သူတို့မိသားစုမှ မည်သူမဆို အလုပ်တစ်ခုခု ရှိလျှင် ရှန်လင်းကိုသာ ခေါ်ကာ ခိုင်းခဲ့သည်။ ရှန်လင်းသည် ယခုကဲ့သို့ပင် အမြဲ ဆိတ်ဆိတ်နေခဲ့သည်။ သို့သော် သူသည် လာရောက်ပြီး သူတို့အလုပ်အားလုံးကို လုပ်ပေးခဲ့လေသည်။
ရှန်လင်းဘာမှ မပြောခြင်းမှာ အဘိုးရှန်အား ငြင်းပယ်ခြင်းကြောင့် မဟုတ်။ သူသည် လူ့ဘူးတောင်း ဖြစ်လာရခြင်းအပေါ် ပျင်းရိလာသောကြောင့်သာ ဖြစ်ပါ၏ ။
ရှန်လင်းသည် အဘိုးရှန်နှင့် သားကြီးရှန်တို့အား လျစ်လျူရှုလိုက်သည်။ ဆုဝန်သည်လည်း အဘိုးရှန်၊ အဘွားရှန်တို့နှင့် မငြင်းခုံတော့ပါချေ။
ရှန်လင်းသည် မည်မျှပင် တာဝန်ကျေပွန်ပြီး ခန္တီပါရမီနှင့် ပြည့်စုံသော မြေးတစ်ယောက် ဖြစ်ချင်စေကာမူ ယန်မိသားစုသည် ရှန်လင်းအပေါ် အများကြီး အကူအညီပေးထားပြီး သူသည် ထိုကျေးဇူးကို ပြန်လည်၍ ပေးဆပ်လိမ့်မည်ဟု ဆုဝန်က ယုံကြည်ပေသည်။ ထိုသို့မှ မဟုတ်လျှင် အခြားလူတွေ မဆိုထားဘိ။ ဆုဝန်ကပင် ရှန်လင်းအား သူ့ရူးမိုက်မှုကြောင့် စိတ်ပျက်မိပေလိမ့်မည်။ ယန်ဝူသည် မနေ့က ရှန်လင်းကို သူ့အား ကူညီပေးရန် ပြောထားသော်လည်း ယနေ့တွင်မူ ထိုသို့ပြောရန် ခက်သွားလေပြီ။ အကယ်၍ သူသည် ရှန်လင်းအား ရှန်မိသားစုလူကြီးများဆီ သွားခွင့်မပြုလိုက်လျှင် သူသည် သူ့မိသားစုအလုပ်ကို ရှန်လင်းအား နွားလှည်းနှင့် ကူညီခိုင်းစေချင်သည်ဟု ထင်သွားလိမ့်ပေမည်။ ထိုသို့ ရည်ရွယ်သည် မဟုတ်သော်ငြား ထိုသို့ ထင်နိုင်သည်။
ရှန်လင်းသည် တစ်ယောက်တည်း အလုပ်လုပ်ရသည်ဖြစ်သော်လည်း သူ့မိသားစုတွင်မူ လူကြီးနှစ်ဦးနှင့် ယောက်ျားသား ခြောက်ဦး ရှိပေသည်။
မည်သို့ပင်ဖြစ်စေ ယန်ဝူသည် ရှန်လင်း၏ လှည်းပေါ်သို့ တောင်းခုနစ်တောင်းကို တင်ပေးရမည် ဖြစ်သည်။ သူ့မိဘများသည် ဆောင်းတွင်းတွင် လုပ်စရာအလုပ်မရှိလျှင် တောင်းများ ရက်လုပ်ကြသည်။ သူ့မိသားစုတွင် တောင်းရှားပါးသွားသည်၊ ပြတ်လပ်သွားသည် ဟူ၍ မရှိပါချေ။
ရှန်လင်းသည်မူ တောင်းသုံးတောင်းကို သယ်လာသည်။ ထို့ကြောင့် စုစုပေါင်း တောင်း ဆယ်တောင်း ရှိပါပေသည်။
တောင်းဆယ်တောင်းဟူသည် ကောင်းကောင်းလုံလောက်သည်။ နွားလှည်း၏ နေရာအလွတ်များကို ဖြုန်းတီးရာလဲ မရောက်သလို နွားများသည်လည်း အများကြီး ဆွဲရသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှု မဖြစ်ပေ။ နွားများသည် တနေကုန် ပြောင်းများကို သယ်ယူနေရသည် ဖြစ်သည်။ သို့သော် စွမ်းအင်များကို အတော်လေး သုံးရပေသည်။
ရှန်လင်းသည် နွားလှည်းကို စိုက်ခင်းဆီသို့ မောင်းသွားသည်။ သို့သော် ဆုဝန်သည် မလိုက်သွားပေ။ သူမသည် အနားယူရန် ပြန်သွားပေသည်။
သူမသည် ရှန်လင်းကို ကူညီပေးချင်သော်လည်း ကွာခြားချက်က ရှိနေသည်။ သူမ ဝမ်မိသားစုတွင် နေတုန်းကကဲ့သို့ အရာအားလုံးကို သူမကိုယ်တိုင် လုပ်၍ရသည် မဟုတ်ပေ။ ထိုသို့ လုပ်ကိုင်ခြင်းသည် သူမကိုယ်တိုင်ကို ပင်ပန်းနွမ်းနယ်စေသည်။
ဆုဝန် ပြန်သွားသည်ကို မြင်ကြသောအခါ စကားအလွန်များသော ရွာသားတို့သည် ထိုအကြောင်းကို တစ်ဖန် ထပ်ပြောကြပြန်သည်။ ဆုဝန်သည် အလွန်ပျင်းရိလှသဖြင့် ရှန်လင်းကို အလုပ်မကူညီနိုင်ပေ။ အကယ်၍ သူမသာ ကူညီခဲ့ပါလျှင် ရှန်လင်းသည် အလုပ်များ မြန်မြန်ဆန်ဆန် ပြီးနိုင်မည် ဖြစ်ပေသည်။
မနေ့က ဆုဝန်သည် လှပနေသောကြောင့် လူတိုင်းသည် ရှန်လင်းကို မနာလိုဖြစ်ခဲ့ကြသည်။ သို့သော် သူတို့သည် ထိုအလှနှင့် ညီမျှသွားအောင် မကောင်းသော အရာအချို့ကို ရှာဖွေခဲ့လေသည်။ အလုပ်လုပ်နိုင်ဖို့သာ လိုသည်။ ထိုမှမဟုတ်လျှင် အလှအပသည် အသုံးမဝင် ဟူ၍ ဖြစ်ပေသည်။
ရှန်လင်းသည် နွားလှည်းကို သူကိုယ်တိုင်မောင်းပြီး ယန်မိသားစုညီအစ်ကိုများ မနေ့က ခုတ်ဖြတ်ထားသော ပြောင်းများကို လှည်းထဲထည့် သယ်လာသည်။ သူသည် တစ်မနက်လျှင် အကြိမ်အရေအတွက် ဆယ့်နှစ်ကြိမ်ထက်ပို၍ အခေါက်ရေ ပြေးဆွဲသည်။ လှည်းဖြင့်သယ်ယူသော ခရီးတစ်ကြောင်းသည် လူဖြင့် ဆယ်ကြိမ်သယ်ယူရသော ခရီးအရေအတွက်နှင့် တူညီပေသည်။
အဘိုးရှန်သည်လည်း သူ့သားကြီးရှန်ကို ပြောင်းတွေ သယ်ယူခြင်းဖြင့် အလုပ်ရှုပ်မနေစေရန် သွားပြောလေသည်။ ပြောင်းများကို ခုတ်ဖြတ်ထားပြီး မြေကြီးပေါ်တွင် ချထားကာ ရှန်လင်း၏ နွားလှည်း အလာကို စောင့်ခိုင်းလေသည်။
ရှန်လင်းသည် နွားလှည်းဖြင့် တစ်မနက်လုံး ပြေးဆွဲနေရာ ခုနစ်ဧက ရှစ်ဧက သော မြေတို့တွင် ပြောင်းဖူးအများကြီး မကျန်တော့ပေ။ နောက် သုံးလေးခေါက်လောက်ဆိုလျှင် ပြီးနိုင်ပြီဖြစ်သည်။
နေ့လယ်သို့ရောက်သောအခါ အဘိုးရှန်နှင့် သူ့သားကြီးရှန်တို့သည် ဆုဝန်က ရှန်လင်းဆီသို့ နေ့လယ်စာ လာပို့မည်ကို ထိုင်ရင်း စောင့်နေကြသည်။ အဘိုးရှန်သည် မနေ့ကဖြစ်ရပ်အတွက် အလွန်ပင် နောင်တရနေသည်။ သူရှန်လင်းကျွေးသော အသားပြားများကို ငြင်းလိုက်သည်မှာ မြန်သွားသည်။ သူ့ပါးစပ်သည် ယနေ့ အမြန်ပြော၍ မဖြစ်ချေ။ ဟုတ်သည်။ ရှန်လင်းသာ အစားအသောက်များ ထပ်ပြီးလာပို့လျှင် သူသည် ရှန်လင်းကို အင်တင်တင်လုပ်ပြပြီး ပန်းကန်ချအောင် တွန်းအားနည်းနည်းပေးပေမည်။
စောင့်နေရင်း စောင့်နေရင်း ရှန်လင်းသည် လှည်းတစ်ခေါက်ပြီး တစ်ခေါက် ဆွဲနေတာကို မြင်နေရသော်လည်း ရှန်လင်း လှည်းဆွဲရပ်သည်အထိ ဆုဝန်သည်မူ အစားအစာများ သယ်၍မလာချေ။
အဘွားရှန်သည် ရှန်လင်းစိုက်ခင်းမှ နောက်ထပ်ပြောင်းဆယ်တောင်းကို သယ်ယူမောင်းနှင်သည်ကို တွေ့သောအခါ မေးလိုက်သည်။
“ရှန်လင်း မင်း ဘာမှ မစားရသေးဘူး မဟုတ်လား” ရှန်လင်းသည် အနည်းငယ် အံ့အားသင့်၍သွားသည်။ သူ့အဘွားသူ့ကို စားပြီးပြီလားဟု မေးသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
အဘွားရှန်က ဆက်ပြောသည်”အဲ့ဆုဝန်ဟာလေ သိပ်ကို ရက်စက်တာပါပဲ။ မင်းအိမ်မှာ နေနေပြီး မင်းအတွက် အစားအသောက် သယ်လာပေးရမယ်ဆိုတာကို သူနားမလည်ဘူးလား ဟမ်။ သူ သယ်မလာပေးတော့ ငါတို့ အဘိုးအဘွားစုံတွဲရော မင်းရော နှစ်ဖက်လုံး ဗိုက်ဆာနေရတော့တာပေါ့” ရှန်လင်းရင်ထဲတွင် အေးစက်စက် ခံစားလိုက်ရသည်။ သူသည် သူ့အဘိုးအဘွားများအပေါ် နောက်ထပ် မျှော်လင့်ချက် အမျှင် သေးသေးလေးပင် ရှိတော့မည် မဟုတ်ပါချေ။
ရှန်လင်းက ပြောလိုက်သည်”အဘွား စိတ်မပူပါနဲ့။ ကျွန်တော်က စားပြီးသွားပါပြီ။ ကျွန်တော် တောင်ကြားမှာ မရှိဘူးဆိုတာကို သိလို့ ဆုဝန်က စိုက်ခင်းထဲကို ပို့ထားပေးလိုက်တာပါ”
အဘွားရှန်က “ဒါဆို မင်းအဘိုးနဲ့ ငါနဲ့ကရော ငါတို့က ဗိုက်ဆာနေတုန်းပဲ”
ရှန်လင်းက ပြန်ပြောလိုက်သည်”ဦးလေးက တကယ့်ကို ရှက်စရာပဲ။ အဘွားတို့နှစ်ယောက်က မိသားစုရဲ့ လူကြီးတွေလဲ ဖြစ်ပြီး သူ့အလုပ်တွေကို ဒီလောက် ဝိုင်းကူညီပေးနေတာတောင် ဘာမှ မကျွေးဘူးလား” မည်သူတွေက ထိုစကားများကို နားထောင်နေမည်မှာ အရေးမကြီးပေ။ အဘိုးရှန်နှင့် အဘွားရှန်တို့က သူတိူ့သားကြီးရှန်အဖို့ အလုပ်ကူညီပေးနေသည်မှာ မမှားချေ။ သားကြီးရှန်သည် သူတို့နှစ်ဦးအဖို့ အစားအသောက်များ သေချာဂရုစိုက် ပြင်ဆင်ပေးသင့်သည်မှာ အမှန်ပင် ဖြစ်ပါသည်။
အချို့ရွာသားများကပါ ပြောကြသည်”ကျွန်တော်ပြောမယ်။ အဒေါ်ရှန်၊ အဒေါ်တို့ ဘာမှ မစားရသေးရင် သားကြီးရှန်ကို ပြောသင့်တယ်နော်။ သူတို့အိမ်မှာ အလုပ်လုပ်မနေနဲ့။ စားလဲစား။ ရေတစ်ခွက်လောက်ကတော့ မပြောပလောက်ပါဘူး”
အဘွားရှန်က မခံမရပ်နိုင်စွာ ပြေလိုက်သည်”သူတို့ အဘိုးအဘွားတွေအပေါ် ရိုသေသမှု ပြုပြရမှာ သဘာဝပဲလေ”
ရွာသားများက “ဟုတ်တယ်လေ။ ရိုသေလေးစားသမှု ပြုရမှာက သဘာဝပဲကို။ သားကြီးရှန်နဲ့ ရှန်စန်းတို့ကလဲ တာဝန်ကျေသင့်တယ်”
“ရှန်လင်းက မနေ့က အသားတွေတောင်ထည့်လာတာကို၊ အဲ့တုန်းက ကိုယ့်ဘာကိုတောင် စားမဝင်ခဲ့ဘဲ သူတို့တောင် ခေါ်ကျွေးပေးတာကို”
“.....”
အဘိုးရှန်သည် သူမနေ့က ပြောလိုက်မိသော စကားကြောင့် အလွန်အကြူး နောင်တရနေလေသည်။ အရမ်း ရန်မမူသင့်ပေ။
အဘိုးရှန်သည် အနည်းငယ် နောင်တရသည်ကို ခံစားရ၍ ပြောင်းများ ချနေသော ရှန်လင်းကို ပြောလိုက်သည်”မြေးလေးလင်း မင်းခန္ဓာကိုယ်ကို မင်း ဂရုစိုက်သင့်တယ်။ အရမ်းကြီး အပင်ပန်း မခံပါနဲ့ကွယ်”
ယခင်ကသာ ဆိုလျှင် ရှန်လင်းနှလုံးသားသည် အနည်းငယ် လှုပ်ရှားသွားလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူသည် အရာရာကို ကောင်းကောင်းနားလည်ပြီး ဖြစ်လေသည်။
ရှန်လင်းသည် သူတို့မိသားစု ပြောင်းများကုန်သည်အထိ အကြိမ်အနည်းငယ် ပြေးဆွဲလိုက်သည်။
နွားများကို မြက်စာကျွေးကာ ရေတိုက်ပြီးနောက် သူသည် နွားလှည်းအား ယန်ဝူ့ကိုပေးကာ သူတို့၏ ပြောင်းများကို တိုက်ရန်ပြောသည်။
ယန်ဝူ့ မိသားစုသည် တကယ့်ကို ပျော်သွားသည်။ သူတို့ညီအစ်ကိုများအနက် ယန်ဝူသည် နွားလှည်းမောင်းရန် တာဝန်ယူပြီး ကျန်သော ညီအစ်ကိုများက ပြောင်းများ ခုတ်ဖြတ်ရန်နှင့် လှည်းပေါ်သို့သယ်ရန် တာဝန်ယူပေသည်။ ထိုညီအစ်ကိုများ အလုပ်လုပ်သည်မှာ အလွန်ပင် မြန်ပေသည်။
အဘိုးရှန်နှင့် သားကြီးရှန်တို့သည် စောင့်ပြီးရင်း စောင့်နေသည်။ သို့သော် သူတို့သည် တောင်းများစွာကို လှည်းပေါ်တင်ကာ တောင်ကြားမြေကွက်သို့ နွားလှည်းမောင်း၍လာသော ယန်ဝူ့ကိုသာ တွေ့လိုက်ရသည်။
အဘိုးရှန်နှင့် သားကြီးရှန်တို့သည် လွန်စွာ ဒေါသထွက်သွားပြီး ရှန်လင်းကို တာဝန် မကျေပွန်သောကြောင့်ဟူ၍ စိုက်ခင်းထဲတွင် ဆူဆဲနေသည်။ သူ့တွင် နွားလှည်းရှိပြီး သူ့ဦးလေးအိမ်၏ အလုပ်များကို မကူညီဘူးဟု ပြောဆို ဆဲရေးနေသည်။
ယန်ဝူသည် သည်းမခံနိုင်တော့ဘဲ အဘိုးရှန်အား အကြောင်းပြကာ ပြောလေသည်”အဘိုးရှန်၊ ကျွန်တော် ပြောပြမယ်။ အဘိုးက ရှန်လင်းကို သူ့ဦးလေးအပေါ် တာဝန်ကျေပွန်စေချင်တယ်နော်။ ဒီလောကကြီးမှာလေ ဦးလေးအပေါ် တာဝန်ကျေပွန်ဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး။ သူ့ကို ကူညီပြီးတော့မှ သူ့ဦးလေးကို ကူညီပေးပါဆိုပြီး ဘာလို့ မပြောကြည့်တာလဲ”
အဘိုးရှန်က အထင်အမြင်သေးစွာ ပြန်ပြောသည်။ “ဘာကိစ္စ သူ့ဦးလေးက သူ့ကို မကူညီရမှာလဲ။ သူ့ဦးလေးရဲ့ အကူအညီသာ မပါရင် သူက တစ်ယောက်တည်းဖြစ်နေမှာ။ ပြီးတော့ ဘယ်သူကမှ သူ့ကို မလှောင်ပြောင်ဝံ့ဘူးလေ”
…
အခန်း (၃၆) (ခ)
ယန်ဝူက ပြုံးလိုက်သည်။
”ကျွန်တော်ပြောပါဦးမယ် အဘိုးရှန်ရယ်။ အဘိုးနဲ့ သူ့ဦးလေးကလွဲလို့ သူ့ကို ဘယ်သူကများ လှောင်ပြောင်သရော်နေကြလို့လဲ။ အဘိုးက သူ့ကို မကောင်းပြောတာ အများဆုံး မဟုတ်ဘူးလား” အဘိုးရှန်သည် အထစ်ထစ်အငေါ့ငေါ့နှင့် စိတ်ဆိုးစွာ ပြောလိုက်သည်။
“မင်းက အပြင်လူတစ်ယောက်ပဲ။ ဒီ့အတွက် စိတ်ပူပေးနေစရာ မလိုပါဘူး။ ငါတို့ရှန်မိသားစုနဲ့ ပတ်သက်ပြီး မင်းလုပ်ရမှာက တစ်ခုတည်းပဲ။ မင်းလှည်းကို ချပြီး ဒီနေရာကနေ ထွက်သွားလိုက်စမ်း”
ယန်ဝူကမူ ပြုံးပြီး “အဲ့လောက်နဲ့ ဘယ်ရမလဲ အဘိုးရဲ့။ ကျွန်တော်က လှည်းကို ရှန်လင်းဆီကနေ ယူလာတာလေ။ ဆိုတော့ ရှန်လင်းကို ပြန်ရှင်းပြရမှာ။ အကယ်၍ အဘိုးတို့ကို ကျွန်တော်က နွားလှည်း ပေးလိုက်ပါပြီတဲ့။ အဘိုးတို့က နွားကို သတ်စားပြီး လှည်းကိုပါ ဖျက်ဆီးပစ်လိုက်ရင် ကျွန်တော်က ရှန်လင်းကို ဘယ်လို ရှင်းပြရပါ့မလဲ။ တစ်မျိုးတွေ တွေးမနေပါနဲ့။ ရှန်လင်းက နွားလှည်းကို ပေးတယ်ဆိုတာ သူက တစ်ဖက်သားရဲ့ ကြင်နာမှုကို ဘယ်လိုပြန်ပေးဆပ်ရမယ်ဆိုတာ တိတိကျကျ သိလို့ပဲ။ ကျွန်တော်ဆိုရင် ကျွန်တော်တို့ညီအစ်ကိုတွေဟာ ရှန်လင်းအတွက်ပါ တစ်ညလုံး ပြောင်းတွေ ခုတ်ဖြတ်ပေးခဲ့ကြတယ်။ အဲ့အတွက် ရှန်လင်းက ကျွန်တော့်ကို နွားလှည်းပေးလိုက်တယ်။ မေးပါရစေဦး။ ရှန်လင်းအတွက် အဘိုးတို့ ဘာတွေများ လုပ်ပေးဖူးလဲ။ ဟင်။ သူ့အတွက် ပြောင်း ကူခုတ်ပေးဖူးလား။ ပြောင်းတွေ ဝိုင်းသယ်ပေးဖူးလား။ ပြောင်းတွေ ဝိုင်းချွေပေးဖူးလား။ စဥ်းစားကြည့်ပါရစေဦး။ ဘာမှ မလုပ်ပေးဖူးဘူးမလား။ သူ့ဆီက အစားတွေကိုစား။ သူ့ပစ္စည်းတွေကို ယူပြီး ဘာမှလဲ မလုပ်ပေးဖူးဘဲနဲ့ ကျွန်တော့်လိုမျိုး ရဖို့ ဘာမှ မမျှော်လင့်ပါနဲ့။ အဘိုးတို့သာ ကြင်နာတတ်ရင် အရင်ဆုံး သူ့အပေါ်လဲ တာဝန်ကျေပွန်ပေးသင့်တယ်။ ရှန်လင်းအဘိုးတို့အပေါ် ဘယ်လောက်ထိ လေးစားလဲ ကြည့်ပါဦး။ အဘိုးတို့က သူ့အပေါ် ဒီလိုဆက်ဆံနေပေမဲ့ သူက အဘိုးတို့ကို ကောင်းကောင်းဆက်ဆံနေတုန်းပဲလေ။ သူက တာဝန်မကျေတဲ့ မြေးမိုက် မဟုတ်ဘူး။ တာဝန်ကျေတာထက်ကို ပိုနေတာ”
ယန်ဝူသည် ထိုစကားလုံးများကို တောင်ကြားတွင် အမြောက်များ ပစ်လွှတ်သကဲ့သို့ ပြောနေသည်။ သူသည် ယခင်က ရှန်လင်းနှင့် အများကြီး ထိတွေ့ဆက်ဆံမှု မရှိခဲ့ပေ။ ယန်မိသားစုကလဲ ပြဿနာမရှိခဲ့ပေ။ ယန်ဝူသည် အမှန်တရားကို သိသွားသောအခါတွင်လဲ ရှန်လင်းနှင့် ပတ်သက်၍ စိတ်ပူစရာ မရှိပါချေ။
မနေ့ကနှင့် ယနေ့တွင် ယန်ဝူနှင့် ရှန်လင်းတို့သည် တစ်ဦးနှင့်တစ်ဦး ကူညီခဲ့ကြသည်။ ထို့ကြောင့် ယန်ဝူသည် ရှန်လင်းအား သူ၏ ညီအစ်ကိုတစ်ဦးကဲ့သို့ မှတ်ယူထားလေသည်။ ထို့ပြင် သူ့ညီအစ်ကိုအတွက် သူ့ခေါင်းကိုပင် ပေးနိုင်သည်။
အဘိုးရှန်သည် အလွန်အမင်း ဒေါသထွက်သွားပြီး ယန်ဝူ၏ နှာခေါင်းသို့ တည့်တည့် လက်ညှိုးဖြင့် ညွှန်လိုက်ကာ “ဒါ ငါတို့ ရှန်မိသားစုရဲ့ ကိစ္စပါ။ မင်းက အပြင်လူပဲ။ ဘာကိစ္စ ဝင်ရှုပ်နေရတာလဲ” ဟု ပြောလိုက်သည်။ ယန်ဝူက ပြန်၍ပြောသည်။
“ကျွန်တော်ကလဲ ပြောပြီးသားပဲ။ ဒီနေ့ ဒီအချိန်ကစပြီး သူက ကျွန်တော့်အတွက် ညီအစ်ကိုပဲ။ ကျွန်တော်တို့ ယန်မိသားစုရဲ့ ညီအစ်ကိုတွေထဲက တစ်ယောက်ပဲ။ အကယ်၍ တစ်ယောက်ယောက်က ရှန်လင်းမှာ ညီအစ်ကိုမောင်နှမ သားချင်း မရှိဘူးဆိုပြီး သူ့ကို အရှက်ရအောင် လုပ်ရဲရင် လုပ်ကြည့်။ အဲ့လူကို ကျူပ်တို့ ယန်မိသားစုက ညီအစ်ကိုခြောက်ယောက်က ပြန်ပြီး အရှက်ရအောင် လုပ်ပြမယ်။ ကျူပ်တို့မှာ အာဏာတွေ၊ ပါဝါတွေ မရှိပေမဲ့ ယန်မိသားစုဝင်အများကြီး ရှိတယ်”
အဘွားရှန်က မတ်တတ်ရပ်ကာ ပြောလိုက်သည်”ရှန်လင်းမှာ ညီအစ်ကို သားချင်းတွေရှိပါတယ်။ ငါတို့ မိသားစုရဲ့ မြေးကြီး၊ မြေးလတ်နဲ့ မြေးငယ်လေးတို့က ရှန်လင်းရဲ့ ညီအစ်ကိုတွေပဲ။ ဒီနေရာမှာ လာပြီး ဘာလို့ ဟာသတွေ လာပြောနေရတာလဲ”
ယန်ဝူသည် ပြုံးလိုက်ပြီး “အဘွားရှန်၊ အဘွားပြောသလိုသာဆိုရင် ရှန်လင်းမှာ ညီအစ်ကို မောင်နှသားချင်း မရှိတာကမှ ပိုကောင်းဦးမယ်။ ဒီရွာမှာ ရှိတဲ့ ရှန်လင်းရဲ့ ညီအစ်ကို ဝမ်းကွဲသုံးယောက်လုံးကို မေးလိုက်စမ်းပါ။ ရှန်လင်းနဲ့ နည်းနည်းလေးတောင် တူကြရဲ့လားလို့။ အကုန် သားကြီးနဲ့ အတူတူတွေပဲ။ ကောင်းပါပြီ အဘွားရှန် ကျွန်တော် အဘွားနဲ့ ဘာမှ ဆက်မပြောတော့ဘူး။ ကျွန်တော် ပြောင်းတွေကို နွားလှည်းနဲ့သယ်ရင်း အလုပ်များနေတာ။ ဒီနွားလှည်းက ငှားထားတာလေ။ ပြီးတော့ ညကျရင် ပြန်ပေးရတော့မှာ။ ကျွန်တော် လှည်းတိုက်တာ ခဏလေး ရပ်လိုက်ရင်တောင် ဆုံးရှုံးမှုက ကြီးတယ်ဗျ”
စကားပြောပြီးနောက် ယန်ဝူသည် သူ့အနောက်မှ အဘိုးရှန်နှင့် အဘွားရှန်တို့၏ မခံချိ မခံသာ အကြည့်များကို လျစ်လျူရှုကာ နွားလှည်းကို အဝေးသို့ မောင်းထွက်လာခဲ့ပေသည်။
ယန်ဝူသည် တောင်ကြားတွင် ထိုသို့ပြောလိုက်သောကြောင့် တစ်ရွာလုံးသည် ရှန်လင်းနှင့် ယန်ဝူတို့ ဆက်ဆံရေးသည် ကောင်းမွန်ကြောင်း သိသွားကြသည်။ ရှန်လင်းသည် ယခင်က အထီးကျန်ဆန်သော တစ်ယောက်တည်းနေရသူ ဖြစ်ပေသည်။ သို့သော် ယခုသူ့တွင် ဤသို့ စွမ်းအားရှိနေသောကြောင့် ရှန်လင်းသည် မည်မျှပင် ဆင်းရဲနေပါစေ။ အခြားသူများသည် ရှန်လင်းကို ကြောက်ရွံ့လာကြပေသည်။
သာမန်အားဖြင့်ဆိုလျှင် ရှန်လင်းသည် ပြောင်းများကို သယ်ယူပြီးလျှင် စိုက်ခင်းသို့သွားကာ ပြောင်းများ ချွေရမည် ဖြစ်ပေသည်။ သို့သော် နေ့လယ်က သူသည် နွားလှည်းကို ယန်ဝူအား ပေးလိုက်ခြင်းကြောင့် သူ့အဘိုးအဘွားများသည် စိတ်ဆိုးခြင်းကို ဖုံးကွယ်၍ အရှုံးပေးလိုက်မည် မဟုတ်ကြောင်း သူတွေးနိုင်ပေသည်။
သူသည် ပြောင်းများသယ်ယူပြီးနောက် အိမ်သို့ပြန်၍ ဆုဝန်နှင့် ရှန်ယာယာအား ကောင်တီမြို့သို့ ခေါ်ရန်သွားပေသည်။
ရှန်လင်းသည် အိမ်ရှေ့တံခါးနှင့် အိမ်နောက်တံခါးတို့ကို သော့ခတ်ခဲ့သည်။ ရှန်မိသားစု၏ ခြံဝင်းနှင့် ပတ်ပတ်လည် နံရံများကို ခိုင်ခံ့စွာ ဆောက်လုပ်ထားသည်။ တံခါးကို သော့ခတ်လိုက်လျှင် မည်သူမျှ ဘယ်ကမှ ဝင်မရတော့ပါ။
ရှန်အိမ်တော်၏ တံခါးကိုလဲ ခိုင်ခံ့စွာ သော့ခတ်ထားသည်။ ရှန်လင်းသည်တောင်မှ သူတို့မိသားစုရှန်အခန်းတံခါးရှိ ခွေးရုပ်ကြီးကို ဆွဲချကာ ဖွင့်ရပေသည်။ သို့သော် ထိုတံခါးသည် လူတစ်ယောက်တည်းကသာ ပိတ်၍ရခြင်းဖြစ်ပြီး ဘယ်သူကမှလဲ ဖွင့်၍ မရချေ။
ရှန်ရှီးသည် ရှန်လင်းနှင့် ဆုဝန်အား သူမနှင့်ပတ်သက်၍ ဘာမှ စိတ်ပူစရာမလိုကြောင်း စိတ်အေးသက်သာစွာ အနားယူနိုင်ကြောင်း ပြောသည်။ သူတို့သည် အဘိုးရှန်နှင့် အဘွားရှန်ကို နှစ်တွေအများကြီး သိခဲ့ကြသည်။ ရှန်ရှီးသည် တိုက်ခိုက်ရေးပညာကို မသင်ယူထားခဲ့ဖူးသော်လည်း သူမသည် သူမကိုယ်သူမ ကာကွယ်တတ်ရန် သင်ယူပြီး ဖြစ်ပြီး သူမကိုယ်ကိုတော့ ထိခိုက်ခံမည် မဟုတ်ပါချေ။
ဤသည်မှာ အဘိုးရှန်နှင့် အဘွားရှန်တို့အား ရှန်လင်း ရှောင်သည့် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ သူသည် အဘိုးရှန်နှင့် အဘွားရှန်တို့အား အမြဲ လေးစားခဲ့ဖူးလေသည်။
ရှန်လင်းကိုယ်တိုင်လဲ သူဘာကြောင့် ကောင်တီမြို့သို့ သွားရန်တွေးမိနေကြောင်း မသိပါချေ။
ဖြစ်နိုင်သည်မှာ မနေ့က ယန်ဝူ၏ ကောင်တီမြို့တွင် ပိုက်ဆံပိုဝင်နိုင်သည်ဟူသော စကားက သူ့သိလိုစိတ်ကို နှိုးဆလိုက်သောကြောင့် ဖြစ်ပေလိမ့်မည်။
သူသည် ပြောင်းများသယ်ယူသွားပြီးနော် အိမ်သို့ပြန်သွားသည်။ သူ့မျက်နှာကို သစ်ပြီးနောက် ရှန်ယာယာနှင့် ဆုဝန်ကို ကောင်တီသို့ သူနှင့်တူတူ သွားချင်သလားဟု မေးလေသည်။
သူ့အဖေဆုံးပြီးကတည်းက ရှန်လင်းသည် သူလုပ်စရာ အထွေအထူးမရှိလျှင် ကောင်တီသို့ မသွားတော့ပါချေ။ သူ့မျက်လုံးထဲတွင် ကောင်တီသို့သွားသည်မှာ ယခင်အချိန်များက ဖြစ်ခဲ့သည်။ သူသည် သွားဖို့အရည်အချင်းမပြည့်မီဟု ထင်နေခဲ့သည်။
သူ့အဖေဆုံးသွားပြီးနောက် သူတို့မိသားစု၏ မြေကွက်များကိုလဲ မရိတ်သိမ်းနိုင်တော့ဘဲ သူ့ဘိုးဘွားများသည်လဲ တာဝန်ဝတ္တရားကျေပွန်သော သားလိမ္မာလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေသည်။ သူသည် ထိုအရာအားလုံးကို သေချာ ဂရုစိုက်ရပေတော့မည်။
လွန်ခဲ့သော နှစ်နှစ်က သူသည် သူ့မြေများကို ရိတ်သိမ်းနိုင်ရန်လဲ အကောင်းဆုံးကြိုးစားခဲ့သော်လည်း သူ့ဝင်ငွေသည် မလောက်ငှသေးပေ။
သူသည် သူ့ဘိုးဘွားများအပေါ်လဲ အကောင်းဆုံး တာဝန်ကျေပွန်အောင် ကြိုးစားခဲ့သည်။ တစ်ခါတရံတွင် သူ့ဘိုးဘွားတို့နှင့် ဦးလေးတို့၏ အလုပ်များကိုပါ ကူညီပေးခဲ့သည်။ သို့သော် သူ့အဘိုးအဘွားများ၏ မျက်လုံးထဲတွင် သူသည် တာဝန်မကျေပွန်သူ မြေးမိုက်တစ်ဦး ဖြစ်နေသေးပေသည်။ ထို့ပြင် သူ့ဦးလေးမိသားစုကလဲ သူတို့ဆီတွင် ဟင်းကောင်းစားရလျှင် သူ့ကို ဘယ်တော့မှ ခေါ်လေ့မရှိကြပေ။
ရှန်လင်းသည် သူရည်ရွယ်ပြီးလျှောက်ခဲ့သောလမ်းသည် မှားယွင်းနေပြီဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။
ကောင်တီသို့ သွားရာလမ်းတစ်လျှောက်တွင် ရှန်လင်းသည် ဆုဝန်နှင့် စကားများပြောနေခဲ့သည်။ သူက သူသည် ယန်ဝူကဲ့သို့ လူတစ်ယောက်ဖြစ်ချင်ကြောင်း ပြောသည်။ ထို့ပြင် ဆောင်းတွင်းတွင် အလုပ်အချို့လုပ်ရန် ကောင်တီသို့ သွားမည်ဖြစ်ကြောင်းလဲ ပြောပေသည်။
ရွာထဲတွင် လူကြီးများသည် မချမ်းသာသော်လည်း လူအချို့သည် လုပ်ငန်းအသေးစား သို့မဟုတ် အလုပ်များ လုပ်ရန် ကောင်တီသို့ သွားကြသည်။
ယနေ့ခေတ်ကြီးတွင် ဤမြေပေါ်၌ ရှိကြသော ရုံးအလုပ်သမားများမှအပ ပညာသင်ကျောင်းသားများ၊ လယ်သမားများ၊ စီးပွားရေးသမားများ တို့သည် မြင့်မားသော အဆင့်အတန်းရှိကြသည်။ အပြင်ထွက်၍ အလုပ်လုပ်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ခြင်း နှစ်ခုလုံးတို့သည် နိမ့်ကျသော အလုပ်များဟု ခေါ်၍ ရသည်။ အခွင့်အရေးသမားဟု ခေါ်ကြသည်။
ယခု ရှန်လင်း၏ အတွေးများ ပြောင်းလဲသွားသည်ကို ကြားသောအခါ ဆုဝန်သည် အလွန်ပင် သဘောတူပေသည်။ ဆုဝန်သည် မှတ်မိသေးသည်။ စာအုပ်၏နောက်ပိုင်းတွင် ရှန်လင်းသည် အဝတ်အထည်များနှင့် ကြွေထည်များကို ရောင်းချ၍ စီးပွားရေး လုပ်ခဲ့ပေသည်။
ဆုဝန်သည် ထိုစီးပွားးရေးလမ်းကြောင်းအကြောင်းကို သေချာတော့ မသိပေ။ သူမသည် မိသားစုကို ဂရုစိုက်ပေးနေစဥ်အတွင်း ရှန်လင်းသည် ဝင်ငွေပိုရအောင် ကြိုးစားနေပေသည်။ ရှန်လင်းသည် အရင်ဘဝကကော ယခုကဲ့သို့ တူညီသော စီးပွားရေးလမ်းကြောင်းကို တွေ့ခဲ့တာလားတော့ ဆုဝန် မသိပါ။
ရှန်လင်းက ဆုဝန်ကို ထပ်၍ ပြောသည်”ဒီရက်တွေမှာ ငါ့ညီမ အစ်ကိုတို့အိမ်အတွက် ပိုက်ဆံအများကြီး သုံးလိုက်ရတာ...”
ရှန်လင်း ပြောစကားမဆုံးခင်ပင် ဆုဝန်က ပြောလိုက်သည်”အစ်ကို ရှန်လင်း၊ အစ်ကိုက ညီမအတွက် ငွေခုနစ်တုံးဆိုတဲ့ ပမာဏကို မသုံးခဲ့ရပေမဲ့ အစ်ကိုပေးခဲ့တဲ့ ကြင်နာမှုက တကယ့်ကို အဖိုးဖြတ်မရအောင် တန်ဖိုးရှိပါတယ်”
ရှန်လင်းက ဆက်ပြောသည်”ဒီလိုမျိုး ငွေတုံးနည်းနည်းရဖို့ရှာရတာတောင် ညီမအတွက် လွယ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ညီမက ခုလို အစ်ကိုတို့မိသားစုအတွက် ငွေအများကြီး မသုံးသင့်ဘူး။ နောက်သိပ်မကြာခင်ဖြစ်စေ၊ နောက်ပိုင်းကျရင်ဖြစ်စေ၊ အစ်ကိုပြောတာနားမထောင်ဘဲ ခုလို ဆက်သုံးနေမယ်ဆိုရင် အစ်ကိုတို့မိသားစုရဲ့ မြေသုံးဧကကို ပြန်ပေးရလိမ့်မယ်”
ဆုဝန်က ပြန်ဖြေသည်”အို” ဆုဝန်သည် ရှန်လင်းက သူမထိုသို့သုံးသည်ကို မလိုလားမှန်း သိသောကြောင့် သူ့စိတ်ထဲတွင် အကြွေးတင်သည်ဟု မခံစားရစေရန် သဘောတူလိုက်ရသည်။
ရှန်လင်း၊ ဆုဝန်နှင့် ရှန်ယာယာတို့သည် ကောင်တီမြို့သို့ ရောက်လာခဲ့ကြသည်။ ရှန်လင်းသည် ဆုဝန်ကို ငွေခြောက်ပြား ထုတ်ပေးပြီး “ကောင်တီကိုရောက်ရင် ညီမနဲ့ ယာယာနဲ့ ဒီငွေကိုသုံးပြီး မုန့်ဝယ်စားပါ။ နည်းတယ်များတယ်တော့ သဘောမထားပါနဲ့” ဟု ပြောသည်။ ဆုဝန်ကလည်း “ကျေးဇူးပါ အစ်ကို၊ အစ်ကို ရှန်လင်းရဲ့ ပိုက်ဆံကိုယူပြီး ချင်းယွင်ကောင်တီက မုန့်ရောင်းတဲ့ လမ်းတွေဆီ ရှန်ယာယာနဲ့ အတူ သွားလိုက်ပါမယ်” ဟု ပြန်ပြောလေသည်။
ဆုဝန်သည် အရှေ့ဘက်လမ်းသို့ သွားသည်။ အရှေ့ဘက်လမ်းသည် ပရိဘောဂများ၊ ပန်းကန်များ၊ လက်ရေးလက်သားစာများနှင့် ပန်းချီများရောင်းသော နေရာဖြစ်သည်။ ထိုအရှေ့ဘက်လမ်းသည် ဝမ်လော့ရှန်းနှင့် သွမ့်ကျင်းထျန်တို့ ပညာသင်ယူနေသည့် ဆောင်ရှန်းကျောင်းနှင့် မဝေးတော့ပေ။ ရှန်လင်းသည်လည်း ထိုနေရာတွင် လွန်ခဲ့သောနှစ်နှစ်က ပညာသင်ယူခဲ့ပြီး သွမ့်ကျင်းထျန်နှင့် ဝမ်လော့ရှန်းတို့၏ အတန်းဖော် ဖြစ်ခဲ့ပေသည်။
ဆုဝန်သည် သွမ့်အိမ်တော်မှ ထွက်လာပြီးနောက် လမ်းပေါ်တွင် မေ့လဲနေခဲ့ပြီး ဆေးခန်းသို့ ဆေးဖိုးများ ပေးရန်ရှိကြောင်း၊ ထို့ကြောင့် ဝမ်မိသားစုက ဆုဝန်အား သူတို့မိသားစုအဖြစ်မှ စွန့်လွှတ်လိုက်ကြောင်းတို့ကို သွမ့်ကျင်းထျန် သိလိုက်ရပေသည်။
သွမ့်ကျင်းထျန်သည် အလွန်ဒေါသထွက်သွားသော်လည်း ယခုအခါ ဆုဝန်ကို ကယ်တင်ထားကြောင်း ကြားသိလိုက်ရသောကြောင့် စိတ်သက်သာရာလဲ ရသွားခဲ့သည်။ ဆုဝန်သည် ကယ်ခံရပြီးနောက် ဝမ်အိမ်တော်နှင့် ဘေးချင်းကပ်အိမ်တော်တွင် နေနေသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်က ဝမ်လော့ရှန်းအား အလွန်အမင်း ကြိုက်နှစ်သက်သည်ဟု ထင်နေသည်။ ထို့ကြောင့်သာ ဝမ်မိသားစုက ထိုသို့ မောင်းထုတ်လိုက်သော်လည်း သူမသည် ဝမ်မိသားစုနှင့် အနီးဆုံးအရပ်တွင် တမင်သက်သက် နေနေခြင်းဖြစ်သည်ဟုသာ ထင်နေလေသည်။
သွမ့်ကျင်းထျန်၏ နှလုံးသားသည် နာကျင်၍လာသည်။ သူသည် နေ့တိုင်း ဘာစားရမည်ကိုလဲ မသိတော့ချေ၊ သို့သော် သူသည် သူ့တစ်ကိုယ်လုံးကို စာလေ့လာသည့်နေရာတွင် မြှုပ်နှံ၍ ထားပေသည်။ ဆုဝန်သည် ကလေးသတို့သမီးလဲ မဖြစ်ချင်ပါ။ ကိုယ်လုပ်တော်လဲ မဖြစ်ချင်သလို၊ သူတို့သွမ့်မိသားစု၏ အစေခံလဲ မဖြစ်ချင်ပါချေ။ သူကမူ ဆုဝန်ကို သူ့နံဘေးတွင် ထားချင်သည်။ သူလုပ်နိုင်တာ ဘာမှ မရှိတော့ပါချေ။
ထို့ပြင် သူသည် ဆုဝန်၏ ခန္ဓာကို ပိုက်ဆံသုံး၍ ရယူနိုင်ခဲ့လျှင်တောင် ဆုဝန်၏ နှလုံးသားကိုတော့ ရမည်မဟုတ်ပေ။ သူသည် ပို၍ကြိုးစားပြီး ဆုဝန်သူ့အပေါ် သဘောကျလာစေရန် ဝမ်လော့ရှန်းထက် သာလွန်နေရမည်။
ဆုဝန်သည် ရှန်ယာယာကို မုန့်များ ရောင်းသော အနောက်ဘက်လမ်းသို့ ခေါ်လာခဲ့သည်။ တိတိကျကျ ပြောရလျှင် ဆုဝန်သည် အနောက်ဘက်လမ်း၌ အချိန်အကြာကြီး မဖြုန်းလိုပါပေ။ သူမတွင် ယနေ့အားလပ်ချိန် ရှိနေသောကြောင့်သာ မုန့်ရောင်းသောလမ်းဘက်သို့ သာမန်အတိုင်း လာကြည့်လိုခြင်း ဖြစ်ပေသည်။
ဤမုန့်ရောင်းသော လမ်းတွင် ဝယ်ချင်စရာ မုန့်များစွာရှိပါသည်။ နှမ်းစေ့ကိတ်၊ ပန်ကိတ်၊ ဆီကိတ်၊ ပဲနီလေးနှင့် ပဲကိတ်၊ ဝက်သားဆုပ်၊ ဝက်သားနှပ်နှင့် ဂျုံခေါက်ဆွဲစွပ်ပြုတ် စသည်တို့ရှိသည်။
သို့သော် ရှေးဟောင်းမုန့်ရောင်းသည့်လမ်း ဖြစ်နေပါ၍ ၂၁ ရာစုနှင့် ယှဥ်လျှင်တော့ များများစားစားမရှိပါ။
ယခုအချိန်သည် ဆောင်းတွင်းဖြစ်သည်။ ထို့ကြောင့် ရှန်မိသားစုသည် စိုက်ခင်းနှင့် ပတ်သက်၍ အလုပ်များများမရှိပေ။ ထို့ကြောင့် သူမသည် အပြင်ထွက်၍ ငွေရှာရန် တွေးလိုက်မိသည်။ သူမရထားခဲ့သော ငွေတုံး သုံးဆယ့်ခုနစ်တုံးသည် များပြားလှသည်။ သို့သော် ထိုင်စားနေရန် အတွက်တော့ မလုံလောက်ပါပေ။ ထို့ပြင် ဘဝတွင် ကောင်းကောင်းမွန်မွန်နေထိုင်လိုလျှင် ငွေတုံးသုံးဆယ် လိုသည်ဟု ပြောကြသော်ငြား လုံလောက်ရန် အတော်ပင် လိုသေးသည်။
ဆုဝန်သည် ငွေတုံးနှစ်တုံးကို နေ့စဥ်အသုံးစရိတ်အဖြစ် သတ်မှတ်ထားသည်။ ကျန်သော ငွေသုံးဆယ့်ငါးတုံးကို သေတ္တာအောက်ခြေတွင်သိမ်းကာ အရေးပေါ်အခြေအနေတွင် သုံးရန်ထားသည်။
ထို့ကြောင့် သူမတွင် ငွေတုံးများရှိနေသော်လည်း ပို၍လိုအပ်သေးပေသည်။ ကျန်သော ငွေသုံးဆယ့်ငါးတုံးသည် လုံးဝ လိုအပ်သောအခြေအနေ သို့မဟုတ် အရေးကြီးကိစ္စရပ်များ ဖြစ်လာမှ သုံးပေမည်။
အကယ်၍ စီးပွားရေးလုပ်ငန်းကြီးတစ်ခုခုကို ယခုမစတင်နိုင်သေးလျှင် အသေးစား စီးပွားရေးလေးတစ်ခုကို စတင်ရမည်။ အစားအသောက်ရောင်းချခြင်းသည် အကောင်းဆုံး စတင်ရမည့် နည်းပင်ဖြစ်ပေသည်။
ဆုဝန်သည် အနည်းငယ်ပတ်ကြည့်ပြီးနောက် မာလာထန်၊ နို့လက်ဖက်ရည်၊ အသားတုတ်ထိုးများ ဤလမ်းတွင် မရှိသေးကြောင်း သိလိုက်ရသည်။ သို့သော် စီးပွားရေး အခွင့်အလမ်းများလဲ အများအပြား ရှိနေပါသေးသည်။
မည်သို့ဖြစ်စေ ဆုဝန်သည် နို့လက်ဖက်ရည်ရောင်းခြင်းက အလွယ်ကူဆုံးနည်းလမ်းဖြစ်မည်ဟု တွေးလိုက်မိသည်။ နို့်လက်ဖက်ရည်သည် နောက်ပိုင်းတွင် အသုံးများလာသည်ဖြစ်သောလည်း ယခုလက်ရှိတွင် မပေါ်သေးကြောင်းကို ဆုဝန်သည် တွေးလိုက်မိသည်။ ၈၀ ရာခိုင်နှုန်းခန့် သင့်လျော်ပေသည်။ သို့သော မာလာထန်၊ အသားကင်တုတ်ထိုးတို့ကို ရောင်းမည်ဆိုလျှင် မဖြစ်မနေ အိုးများ၊ ဒယ်များ၊ စားပွဲများ ၊ ထိုင်ခုံများနှင့် တန်းများကို ဝယ်ယူရပေမည်။ ဤမျှနှင့် မပြီးသေး၊ လက်သမားဆရာ၊ ပန်းပဲဆရာများဆီသို့သွားကာ ကြိုတင်အမှာက ယူရဦးမည်။ ငွေကြေးအကုန်အကျ များလှပေသည်။
ထပ်ပေါင်းပြောရလျှင် အကယ်၍ ထိုအရာများ ရောင်းချမည်ဆိုလျှင် ဆိုင်အဖီလေးလဲ ထုတ်ရဦးမည်။ ထို့ပြင် မြို့တွင်း လူမိုက်များအားလဲ ကာကွယ်ပေးခ ပေးရဦးမည်။ စီးပွားရေး အသေးစားလေး ဖြစ်သော်လည်း ကုန်ကျစရိတ်မှာ မသေးလှပေ။
ဆုဝန်သည် ကုန်ကျစရိတ်နည်းမည့်အရာမျိုးကို ဦးစွာရောင်းချချင်သည်။ မူလဇာတ်ကောင်သည် ဝမ်မိသားစု၏ သီးနှံကြိတ်ခွဲရုံစီးပွားရေးကို ကူညီပေးခဲ့သော်ငြား စားသောက်ဆိုင်စီးပွားရေးနှင့်တော့ ကွာခြားလှသည်။ ညဘက်များတွင် သူမသည် သူမလက်ကို အရင်ဆုံး အလေ့အကျင့် ပေးတာ ကောင်းမည်ဟု တွေးမိသည်။ ထို့နောက် ထိုမုန့်ဆိုင်လမ်းအကြောင်း ပို၍ လေ့လာမည်။ ထို့နောက်မှ စီးပွားရေးလေးစတင်လျှင် နောက်မကျသေးပါဟု တွေးမိလေသည်။
ခြင်းတောင်းလေးနှင့် ဒင်းဆမ်းရောင်းခြင်းကိုလဲ ထပ်ပေါင်းတွေးရမည်။ အိုးများ ဒယ်များ တန်းများ အဆင်သင့်ရှိနေခြင်းကို ကျေးဇူးတင်ရပေမည်။
ဆုဝန်၏ ဒင်းဆမ်းသည် တကယ့်ကို အရသာရှိသည်။ သို့သော် ပါဝင်ပစ္စည်းများသည် အကောင်းစားတွေချည်း ဖြစ်ရာ အမြတ်နည်းပေမည်။ စျေးနှုန်းကများလွန်းနေပါလျှင်လဲ ချင်းယွင်ကောင်တီမှ လူများက စားနိုင်မည် မဟုတ်ပါချေ။
ဆုဝန်သည် တွေးနေရင်း ရှန်ယာယာ၏ ခေါင်းသည် အနောက်ဘက်သို့ လှည့်ကြည့်နေမှန်း သတိထားမိသွားသည်။ ဆုဝန်သည် ရှန်ယာယာကြည့်နေသောဆီသို့ လှမ်းကြည့်လိုက်သည်။ သကြားပြား ရောင်းးသောသူ ဖြစ်ပေသည်။ အနီရောင်သကြားပြားများကို တောက်ပသော အလွှာတစ်ခုဖြင့် အပေါ်က ဖုံးအုပ်ထားသည်။ ထိုသကြားပြားများအား ကလေးများက သွားရည်ကျနိုင်ပေသည်။
သကြားပြားတစ်ပြားကို သုံးပြားပေးရသည်။ စျေးမကြီးသော်လည်း သာမန်လူများအဖို့တော့ သူတို့ကလေးငယ်များ၏ တောင့်တစိတ် ပြေပျောက်စေရန် တစ်ခုလောက်တော့ ဝယ်သွားတတ်ကြမြဲ ဖြစ်ပေသည်။
ဆုဝန်သည် ရုတ်တရက် ဉာဏ်ကွန့်မြူးလာကာ အကြံတစ်ခု ရသွားသည်။
ရွာအနောက်ဘက်တောင်ပေါ်တွင် အသီးရိုင်းပင်များရှိသည်။ ထိုအပင်များမှ အသီးများသည် အချဥ်စူးသော အရသာရှိသည်၊ မုန့်မရှိလျှင်တောင် ရွာမှ ကလေးများသည် ထိုအသီးများကိုတော့ စားမည်မဟုတ်။
မူလဇာတ်ကောင်သည် ထိုဘယ်ရီအသီးများမှ အချဥ်အရသာကို ဖယ်ထုတ်ရန်နည်းလမ်းကို လေ့လာခဲ့ဖူးသည်။ အရသာသည် သကြားပြားကောင်းများလောက် မဟုတ်သော်လည်း အရသာတော့ ရှိသည်။
မူလဇာတ်ကောင်သည် ဝမ်မိသားစုအား ဘယ်ရီရိုင်းများမှ လုပ်သော သကြားပြားများကို ကျွေးဖူးသည်။ ဝမ်မိသားစုသည် ကောင်းကောင်းစားကာ ကောင်းကောင်းနေနေကျ ဖြစ်သောကြောင့် သကြားပြားကောင်းများနှင့် ယှဥ်၍ပင်မရဟု ဆိုကာ ထိုအရာများကို မကြိုက်ကြပေ။ ထို့ကြောင့် မူလဇာတ်ကောင်သည် ထိုဘယ်ရီရိုင်း သကြားပြားများကို သူ့စိတ်ထဲတွင်သာ ပြန်၍ သိမ်းထားလိုက်ရသည်။
ဘယ်ရီရိုင်းများသည် အလကားရတာ ဖြစ်သည်။ ထိုဘယ်ရီရိုင်းသကြားပြား၏ အရသာသည် ဘယ်ရီကောင်းသကြားပြားအရသာလောက် မကောင်းသော်ငြား စျေးနှုန်းသည်မူ ၇၀/၈၀ ရာခိုင်နှုန်းလောက် ပို၍ သက်သာပေမည်။ ထို့ကြောင့် ရောင်းချသည့်စျေးနှုန်းကိုလဲ လျှော့ချနိုင်ပေမည်။ လူကြီးများသည်လည်း သူတို့ကလေးများအဖို့ တစ်ခုလောက်တော့ ဝယ်သွားချင်ကြမည်။ ထိုနည်းဖြင့် စီးပွားရေးလုပ်ငန်း အသေးစားလေးတစ်ခုကို မြန်မြန်ဆန်ဆန်စတင်နိုင်မည်ဖြစ်ကြောင်း သူမ နားလည်လိုက်ပေသည်။
ပိတ်ရက်များတွင် မည်သူကမျှ ဘယ်ရီရိုင်းသီးများကို မခူးကြပေ။ ထို့ပြင် ရွာထဲတွင်လဲ ထိုဘယ်ရီရိုင်းပင်များ အများအပြား ရှိနေသေးသည်။
သကြားပြားတစ်ခု ဖြစ်လာစေရန် ဘယ်ရီသီးအကောင်းစားကို သုံးရသည့်ပမာဏသည် သကြားပမာဏထက်ပို၍ပင် များသည်။ တောရိုင်းသီးများသည်မူ ပိုက်ဆံ မပေးရသောကြောင့် ငွေပမာဏ အများအပြားကို လျှော့ချနိုင်ပေမည်။
---------------------------------------------------------------