အခန်း (၃၁) အသားစားရန်စောင့်ခြင်း
များစွာသော အမျိုးသမီးတို့က အပြန်အလှန်စကားဆိုကာ ရှန်ရှီးအား တံခါးဖွင့်ပေးရန် တွန်းအားပေးလာကြ၏။
ရှန်ရှီးသည် စရိုက်ကြမ်းသူတစ်ဦး ဟုတ်မနေခဲ့။ မဟုတ်ပါလျှင် ရှန်လင်း၏အဘိုးအဘွားများက သူ့ကို ထိုသို့အနိုင်ကျင့်နိုင်မည် မဟုတ်ချေ။
အနှီအမျိုးသမီးအားလုံးက အဆိုပါကိစ္စကို ဆိုလာကြရာ ရှန်ရှီးသည် ထိုအမျိုးသမီးများဝင်လာနိုင်ရန် တံခါးကို ဖွင့်ဟပေးလိုက်၏။
သူတို့ခြံဝင်းအတွင်းသို့ ရောက်သည်နှင့် ထိုသူများမှာ အံ့အားသင့်သွားရတော့သည်။ သူတို့အားလုံးက ရှန်အိမ်တော်အား ထိုသို့တွေးထားခဲ့၏။ ရှန်လင်းက ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ရှန်ယာယာကလည်း ငယ်ရွယ်သေးရာ ရှန်အိမ်မှာ သန့်သန့်ရှင်းရှင်း မရှိလောက်ဟူ၍ပင်။ ရှန်အိမ်ခြံဝင်းမှာ ထိုမျှသန့်ရှင်းသပ်ရပ်နေမည်ဟု မည်သူက ထင်မှတ်မိမည်နည်း။
ရုတ်တရက် ပိုအားပြည့်လာသည်ဟု ရှန်ရှီးခံစားလိုက်ရ၏။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ဖြည်းညင်းစွာဖြင့် အမျိုးသမီးများအား အခန်းထဲဝင်ရန် ဖိတ်ခေါ်လိုက်၏။
လူစုမှာ နဂိုကတော့ ရှန်ရှီးအား လှောင်ပြောင်ရန် လာခဲ့ကြခြင်းပင်။ သို့ရာတွင် ရှန်အိမ်၏အနေအထားကို ကြည့်ရသည်မှာ အစေခံငှားထားသည့် ဝမ်မိသားစုထက်ပင် ပို၍ သန့်ရှင်းနေသေး၏။
သို့ပေသိ အနှီ အတင်းပြောတတ်သည့်အမျိုးသမီးများကို စိတ်ချမ်းသာစေမည့် တစ်နေရာရှိနေခဲ့သည်။ ရှန်မိသားစုသည် နဂိုက အတော်လေး ချမ်းသာခဲ့ပြီး အိမ်ထဲတွင် အသုံးအဆောင်များစွာရှိခဲ့သည်အား သူတို့မြင်ဖူး၏။ ယခုမူ ရှန်အိမ်၏ခြံဝင်းမှာ ပြောင်ရှင်းလျက်။ အခန်းတွင်းလျှောက်သွားခဲ့ရာ အခန်းသည်လည်း ဗလာနတ္တိ။
ရိုးရှင်းသည့် အိပ်ရာခင်းနှင့် ပရိဘောဂအနည်းငယ်တို့မှတစ်ပါး ရှန်မိသားစုသည် ချွတ်ခြုံကျနေသည်ဟုပင် ပြော၍ရနိင်၏။
ဝမ်ရှီးသည် ရှန်မိသားစု၏ အုတ်ခုတင်ပေါ်တွင် ထိုင်လိုက်ကာ ရှန်ရှီးအား စတင်၍ စကားဆိုတော့သည်။
“ ညီမလေးရှန်ရှီး၊ ရှင် ဒီလောက်တောင် နေမကောင်းဖြစ်နေတာပဲ။ အိုကွယ်၊ သနားဖို့ကောင်းလိုက်တာ”
ရွာထဲမှအမျိုးသမီးများသည်လည်း ရှန်ရှီအား သနားစရာကောင်းလှသည်ဟု ငိုချင်းချတော့သည်။
ရှန်ရှီး “......”
မည်သူမှ အားလုံးက သနားစရာကောင်းသည်ဟု ဝိုင်းပြောခြင်းကို မခံချင်ပေ။
ဝမ်ရှီးက ထပ်မံ၍ “ ရှင် အရင်ကတည်း ဒီလိုနေမကောင်း ဖြစ်နေတာကို ဆုဝန် အဲဒီ ကံမကောင်းတဲ့ကလေးကို ခေါ်ထားရသေးတယ်။ ဒါက သနားစရာကောင်းမှုအပေါ် သနားစရာကောင်းမှု ထပ်ဆင့်တာ မဟုတ်ဘူးလား။ ဘယ်.....”
ရှန်ရှီး “......”
ယင်းမှာ သူ ဝမ်ရှီးနှင့် စွင်းရှီးကဲ့သို့သော အမျိုးသမီးများဖြင့် အဆက်အဆံ မလုပ်ရသည့် အကြောင်းအရင်းပင်။ သူတို့သည် အမြဲလိုလို တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုရာတွင် အမြဲတစေ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ပြောလေ့ရှိ၏။ ရှန်ရှီးအမြဲတစေ လက်ခံထားသည့် စည်းမျဥ်းမှာ “ အငြင်းပွားမှုဖြစ်လျှင်ပင် တခြားသူနှင့် အငြင်းမပွားဘဲ ထွက်သွားခိုင်းလိုက်မယ်”ဟုပင်။
ယနေ့ အနှီလူများကို ဝင်ခိုင်းလိုက်ခြင်းက သူတို့နှလုံးသားကို ဓားစိုက်မည့်စကားများပြောရန် ဖြစ်သွားခဲ့၏။
စွင်းရှီးက ပြောလာ၏။ ” ညီမလေးရှန် ဒီရက်တွေမှာ တကယ်ခက်ခဲခဲ့မှာပဲ။ ဟိုတုန်းကဆို ရှန်မိသားစုက ကျွန်မတို့ရွာမှာ အချမ်းသာဆုံးထဲက အိမ်ထောင်စုတစ်စုလေ။ အခု သူတို့ ဒီလိုမျိုးရှင်သန်နေရပြီ။ တကယ်ပဲ လူကို စိတ်ထိခိုက်၊ ဝမ်းနည်းစေတာပဲ “
ဝမ်ရှီးက “ သနားစရာကောင်းလှတဲ့ ညီမလေးရှန်၊ အခြေအနေက ခက်ခဲနေပြီးသားကို အခု ဆုဝန်ကိုပါ ထပ်ခေါ်ထားပေးရတယ်။ အခြေအနေက တစ်နေ့တခြားပိုဆိုးလာမှာ စိုးမိတယ်”
ရှန်ရှီး “......”
သူသည် အမှန်ပင် အားနည်းလေသည်။ မဟုတ်ပါက သူ ဧည့်သည်များကို အားနာမနေဘဲ ပြန်လွှတ်လိုက်မည်ပင်။
အဆိုပါမိန်းမများသည် ရှန်ရှီး၏နှလုံးသားအား အပေါက်ဖြစ်အောင်လုပ်ရန် လာခဲ့ကြခြင်းပင်။ သူတို့အားလုံးသည် ရှန်ရှီးကို သနားစရာကောင်းသည်ဟုပြောသော ဝမ်ရှီးနှင့် စွင်းရှီး၏စကားကို သံယောင်လိုက်ခဲ့ကြ၏။ ဆုဝန်ကို ခေါ်ထားခြင်းသည် အကူအညီဖြစ်နိုင်သည်ပင်။ ဆုဝန် ရှန်မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ပါလျှင် သူ လက်ဖွဲ့ပစ္စည်းတချို့ ရနိုင်သေးသည်။ သို့ရာတွင် ဆုဝန်မှာ အလုပ်လုပ်ရာတွင် ကို့ရိုးကားရားနိုင်ပြီး လူကလည်း ရုပ်ဆိုးသေးရာ အကူအညီပေး၍ လက်ထပ်ဖို့ရန် မဖြစ်နိုင်မှာကို စိုးထိတ်ရ၏။ ထို့ကြောင့် ရှန်မိသားစုကိုသာလျှင် အပြစ်တင်ရတော့မည်ပင်။
ဆုဝန်၏ ဂုဏ်သတင်းမှာ အမြဲတစေ ထိုသို့နှယ်ပင်။ ခေါင်းမာပြီး ကို့ရိုးကားရာနိုင်သည်။ အလုပ်ကြမ်းတချို့ကိုသာ လုပ်နိုင်၏။ အားလုံး၏အမြင်တွင် ညိုညစ်ပိန်ပါးကာ သာမန်မိန်းကလေးတစ်ယောက်၏ လိမ္မာပါးနပ်မှုမျိုး လုံးဝမရှိ။
ရှန်ရှီးမှာ ယခင်က ထိုအမျိုးသမီးများနှင့် စကားပြောဆိုခြင်း မရှိဖူးရာ အနှီအမျိုးသမီးများက ဆုဝန်အား တုံးအ၊ ရုပ်ဆိုးသည်ဟု ပြောလာချိန်တွင် အံ့အားသင့်သွားရသည်။ သူသည် ရှန်ယာယာထံမှ ဆုဝန်မှာ ကိစ္စများကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ကြောင်း ကြားခဲ့ဖူး၏။ သူ ရှန်ယာယာမှတစ်ဆင့် ပေးလိုက်သည့် ဆုဝန်ကိုယ်တိုင် လုပ်ထားသည့် သရေစာများကိုလည်း စားဖူးလေသည်။
‘ဒီလောက်ကောင်းတဲ့သရေစာကို လုပ်နိုင်တဲ့သူက ဘယ်လိုလုပ် ကိုးရိုးကားရားနိုင်မှာတဲ့လဲ’
ထို့အပြင် ဆုဝန် ထိုကလေးမှာ တကယ်တမ်းတွင်တော့ တောက်ပသည့် မျက်နှာအသွင်အပြင် ရှိသည်ပင်။ သို့ရာတွင် သူ၏ အဝတ်အစားများကစုတ်ပြတ်နေပြီး အသားအရေမှာ ကြမ်းတမ်း၏။ သူ မနေ့က ဆုဝန်ကို တွေ့ခဲ့၏။ သူသည် ကောင်တီတွင် အလုပ်လုပ်နေသည်မှာ ကြာခဲ့လေပြီ။ အလှပဂေးများစွာကို မြင်ဖူး၏။ သူသည် ရှားပါးသည့် အလှလေးပင်။ ဆုဝန် အလုပ်လုပ်သည်ကိုလည်း သူ မြင်ဖူးသည်။ သပ်သပ်ရပ်ရပ်ရှိသည်မှာ သိသာလှသည်။
‘ဘယ်လိုလုပ် ဒီလိုဂုဏ်သတင်း ကျဆင်းနေရတာလဲ’
ထိုအကြောင်းကို စဥ်းစားကြည့်လိုက်သော် အနှီဝမ်ရှီးသည် သူ့ကိုယ်သူ ဂုဏ်တင်ကာ သူတစ်ပါးကို နှိမ်ချတတ်ကြောင်း ရှန်ရှီး သဘောပေါက်သွား၏။ ဆုဝန်မှာ သူ့ကလေး မဟုတ်ရာ ဝမ်ရှီးသည် ကျိန်းသေပေါက် ဝမ်လော့ရွှယ်ထက် ချိုးနှိမ်ထားမည်ပင်။
ရှန်ရှီးသည် ဆုဝန်အတွက် ခုခံပြောပေးလိုခဲ့၏။ သို့ဖြစ်ရာ သူက ဖြည်းညင်းစွာ ဆိုလိုက်၏။
“ကျွန်မကြည့်တာတော့ မိန်းကလေးဆုဝန်က အလုပ်လုပ်တဲ့နေရာမှာ သွက်လက်ပြီး သပ်သပ်ရပ်ရပ်ရှိပါတယ် “
ဝမ်ရှီးက နှာမှုတ်လျက် “ ညီမလေးရှန်က ဒီလိုမြင်တယ်ပေါ့။ အဲဒီဆုဝန်ဆိုတဲ့ကောင်မလေးကလေ အလုပ်ကြမ်းတွေလောက်ပဲ လုပ်နိုင်တာ။ မိန်းမလေးတွေလုပ်တဲ့ လိမ္မာပါးနပ်တဲ့အလုပ်မျိုး သူ မလုပ်နိုင်ဘူး”ဟု ဆိုလာ၏။
ဝမ်ရှီးသည် ဆုဝန်အား ထိုမျှပွင့်ပွင့်လင်းလင်း ဆက်၍ အပုပ်ချနေရသည့်အကြောင်းအရင်းမှာ ဆုဝန်သည် နေမကောင်းဖြစ်ခဲ့ပြီး ငွေတုံးခြောက်တုံး၊ ခုနစ်တုံးမျှ သုံးပစ်ရသည်အထိ အားနည်းနေခဲ့သည့်အတွက်ပင်။ ယင်းကား သူသည် အတိုင်းအတာတစ်ခုအထိ အားနည်းနေကြောင်း ပြသလျက်ရှိ၏။ ထိုသို့ဆိုလျှင် ဆုဝန် ရှန်အိမ်တွင်ရှိနေပါက ဝမ်မိသားစုကို ယခင်ကကဲ့သို့ အလုပ်အကျွေး ပြုနိုင်မည်မဟုတ်ချေ။
အကယ်၍ သူသာ အားမနည်းနေပါက သူ့အား အကျိုးအမြတ် အနည်းငယ်ပေးကာ ဝမ်အိမ်တော်သို့ မကြာခဏ အလုပ် လာလုပ်ခိုင်းလိုက်မည်ပင်။ သူ ထုတ်မပြောသရွေ့ သူဘာလုပ်သလဲဆိုသည်အား သိသူရှိမည်မဟုတ်။
ထို့ကြောင့်ပင် ဝမ်ရှီးက ဤသို့ဆိုရဲခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ရှန်ရှီး၏ခန္ဓာကိုယ်မှာ အားနည်းနေဆဲဖြစ်ရာ သူအသံနှင့်မြန်နှုန်းမှာ ဝမ်ရှီးကို ကျော်အောင်မပြောနိုင်ရှာပေ။
အမျိုးသမီးအုပ်မှာ ရှန်အိမ်အတွင်း သက်ပြင်းချလျက်ရှိဆဲ။ အပေါ်ယံတွင်တော့ စကားလုံးများသည် စိုးရိမ်သည့်လေသံဖြင့်။ သို့ရာတွင် တကယ်တမ်းမှာမူ စကားလုံးတိုင်းက နှလုံးသားကို လှီးဖြတ်နေခြင်းပင်။
အမျိုးသမီးတစ်စုတို့ စိတ်အားထက်သန်စွာ ပြောဆိုနေကြချိန်တွင် အိမ်အပြင်ဘက်မှ ရှန်ယာယာ၏ အသံက ပျံ့လွင့်လာခဲ့၏” အမေ၊ သမီးနဲ့ မမဆုဝန် ပြန်ရောက်ပြီ”
အားလုံးသည် ယနေ့ ဆုဝန်ကို လာကြည့်ရခြင်းမှာ ဆုဝန်၏ ကျန်းမာရေးအခြေအနေကို ဂရုစိုက်၍မဟုတ်။ နင်းပြားကလေးဆုဝန်မှာ ဖိနှိပ်ခံရှန်မိသားစုသို့ ရောက်လာသောအခါ မည်သို့မည်ပုံရှိမည်ကို မြင်လို၍ပင်။
လူတစ်စုသည် ဆုဝန်က သနားစရာကောင်းသည်၊ ရှန်ရှီးက သနားစရာကောင်းသည်ဟု စောနကပင် ပြောဆိုခဲ့ကြ၏။ ပြီးလျှင် ရှန်မိသားစုမှာ ပို၍ လှပသည့်သူမျိုး ခေါ်ထားချင်သည်၊ အကယ်၍ လှပပါက နောက်တွင် ရှန်လင်း၏ဇနီး ဖြစ်လာနိုင်မည်၊ သို့မဟုတ် ငွေအနည်းငယ်ရလျှင် ဆုဝန်အား လူကုံထံမိသားစုတွင် ဇနီးငယ်လုပ်ခိုင်းလိုက်ပါက ငွေခုနစ်တုံးဆုံးရှုံးမှုကို ပြန်ကာမိနိုင်မည်ဟု ပြောဆိုခဲ့ကြသေးသည်။ ယခု မည်သို့ပုံစံမျိုး ဖြစ်နေမည်နည်း။
ဆုဝန်က ရုပ်ဆိုးနေလျှင် သူ့လက်တွင်းသို့ ကျရောက်သွားပေမည်။
အမျိုးသမီးများသည် ယခုအချိန်တွင် လည်ပင်းကို ဆန့်ထုတ်လျက် နောက်ထပ် သနားစရာမိန်းကလေးတစ်ဦး ဝင်လာမည်ကို စောင့်စားနေခဲ့ကြသည်။
ရှန်ယာယာနှင့် ဆုဝန်တို့ အခန်းထဲဝင်လာခဲ့ချိန်တွင်မူ အခန်းထဲရှိ အမျိုးသမီးများမှာ မှင်တက်မိသွားရတော့သည်။
အစကတော့ စုတ်စုတ်ပြတ်ပြတ်အဝတ်အစားများနှင့် ကောင်မလေးနှစ်ဦး ဝင်လာမည်ဟု ထင်ခဲ့ကြသည်ပင်။ ဆုဝန်နှင့် ရှန်ယာယာတို့က အဝတ်အစားအသစ်များကို ဝတ်ဆင်ထားလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။ ထိုသူနှစ်ဦးမှာ အဝတ်အစားအသစ်များကို ဝတ်ဆင်ထားကြသည်။ အထူးသဖြင့် ဆုဝန်ပင်။ အသားအရေမှာ ကြည်လင်နေပြီး လူတစ်ယောက်ပြောင်းသွားသည့်နှယ်။ ယခင်က မည်းပြာပြီး ရုပ်ဆိုးသည့်ကောင်မလေးမှာ ဘယ်ရောက်သွားပါသနည်း။
ဝမ်ရှီးက အနည်းငယ် စိတ်ညစ်ညူးသွားရသည်။ ဆုဝန်ဟူသော တုံးအသည့်မိန်းမလေးသည် အဝတ်အစားသစ်များ အမှန်ပင် ဝယ်ယူခဲ့၏။ သူသည် ရှန်ယာယာအတွက် အဝတ်အစားသစ် ဝယ်ပေးခဲ့ခြင်း ဖြစ်ရမည်။ အပြည့်အဝ မဟုတ်သည့်တိုင် သူ့လက်ထဲတွင် လစာများ ရှိနေသေးပုံပေါ်၏။ အနည်းငယ် ကျန်နေသေးသည်ပင် ဖြစ်ရမည်၊ မဟုတ်ပါလျှင် သူ အဝတ်အစားအသစ်ဝယ်ရန် ပိုက်ဆံ ဘယ်ကရလိမ့်မည်နည်း။
အမျိုးသမီးအဖွဲ့မှာ ရှန်ရှီးနှင့်ဆုဝန်ကြားမှ ဟာသများကို ကြည့်ရှုရန် လာခဲ့ခြင်းပင်။ သို့ပေသိ ယခုမူ ဆုဝန်က လှပနေရာ သူတို့၏မျှော်လင့်ချက်များ ရေစုန်မျောသွားရ၏။
ဝမ်ရှီးမှာ ထူးဆန်းသည်ဟု ခံစားရ၏။ သူ့အသံမှာ အနည်းငယ် တုန်ယင်လျက်
“ ဆုဝန်၊ ညည်း နေမကောင်းဖြစ်နေတာ မဟုတ်ဘူးလား”
ဆုဝန်၏ ယခုပုံစံသည် အလွန်ပင် ကျန်းမာလျက်ရှိ၏။ နေမကောင်းပုံ နည်းနည်းမှမပေါက်ချေ။
ဆုဝန် : “ နှစ်ရာချီဂျင်ဆင်းက အာနိသင်ရှိနေသေးတာနဲ့တူတယ်။ အဲဒါကြောင့် ပြင်းထန်တယ်လို့ မခံစားရတော့တာ”
ထိုအကြောင်းပြချက်သည်ကား ယုတ္တိရှိလှသည်။
ယခုအချိန်တွင် ဆုဝန်သည် လွန်စွာ လှပနေ၏။ သူသည် ယခင်က ညိုပြီး ပိန်ကပ်နေသည့်မိန်းကလေးနှင့် လုံးခြားနားနေလျက်ရှိသည်။ ထိုရှုထောင့်မှ ကြည့်လျှင် ဆုဝန်ကို အိမ်ထောင်ချပေးမည်ဆိုပါက အသွင်းပစ္စည်း ဆယ်လျန်ကျော် ပြန်ရနိုင်၏။ ရှန်မိသားစုက အမှန်ပင် အမြတ်ထွက်မည်လော။
ဆုဝန်နှင့် ရှန်ယာယာ၏ အကြည့်များသည် စူးရှလွန်းလှ၏။ အမျိုးသမီးများသည် သတိရှိရှိဖြင့် သူတို့နှင့် စကားဆိုခြင်းကို ရှောင်ကြဥ်လိုက်သည်။
စွင်းရှီးက “ ဆုဝန်၊ ညည်း ကောင်တီမြို့ထဲကနေပြန်လာတာ။ ဘာလို့ ညည်းနဲ့ ရှန်ယာယာအတွက်ပဲ ပါပြီး ညည်းရဲ့အဒေါ်ရှန်အတွက် မပါရတာလဲ”ဟု ပြောလေသည်။
နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း ဆိုလာ၏။
“ ကျွန်မပြောမယ်၊ ကိုယ့်မိသားစုဝင်မှ မဟုတ်တာဆိုပြီး စိတ်တိုင်းကျ ပျိုးထောင်လို့ မရဘူးလေ။ အဲဒီလိုပျိုးထောင်ခံရတဲ့သူကလည်း ရှင့်ကို လုံးဝ ဂရုစိုက်မှာမဟုတ်ဘူး”
လူတိုင်းက ဆုဝန်သည် ရှန်ရှီးအတွက် အဝတ်မဝယ်ပေးဟု စွပ်စွဲကြ၏။ ရှန်မိသားစုက ဆုဝန်အား ကယ်ပေးထားရသည်မှာလည်း အချည်းနှီးပင်။
ဝမ်မိသားစုနှင့် ရင်းနှီးပတ်သက်နေသည့် အနှီအမျိုးသမီးများ၏ စကားများမှုကို မြင်လိုက်ရသည့် ဆုဝန်မှာ အံ့သြသွားရသည်။ အမှားအမှန် မခွဲခြားဘဲ လူ၏ကိုယ်ကျင့်တရားကို တိုက်ခိုက်ကြသည်မှာ တရားလွန်လှသည်။
ရှန်ယာယာက ထိုအမျိုးသမီးများ၏ မှတ်ချက်များနှင့် ဆုဝန်အပေါ် စွပ်စွဲချက်များကို နားထောင်ရင်း ကြက်သေသေသွားရသည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။
“ အဒေါ်တို့ ဘာတွေပြောနေကြတာလဲ။ မမဆုဝန်က သမီးအမေအတွက် အဝတ်အစားတွေအများကြီး ဝယ်လာတယ်”
အားလုံး ကြက်သေသေသွားရ၏။
ဝမ်ရှီးက ရယ်မောလျက် “ ရှန်ယာယာ မင်းလိုကလေးမလေးက လိမ်ပြောတတ်နေပါလား။ ဆုဝန် ဝယ်လာတယ်ဆိုတဲ့အဝတ်တွေ ဘယ်မှာလဲ။ ငါ ဘာလို့ မမြင်မိပါလိမ့်”
ဝမ်ရှီး၏စကားဆုံးသည်နှင့် ရှန်အိမ်အပြင်ဘက်မှ ကျယ်လောင်သည့် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့၏။ ရှန်ယာယာက တံခါးကို အပြေးသွားဖွင့်ခဲ့ပြီး ဆုဝန်သည် အနောက်မှလိုက်သွားခဲ့၏။
နွားလှည်းတစ်စီးမောင်းလာသည့် အဘိုးကြီးတစ်ယောက် ဖြစ်နေခဲ့သည်ပင်။ ထိုအဘိုးအိုမှာ ကောင်တီမြို့ကြီးအတွင်း လေးလံသည့်ပစ္စည်းများကိုဆွဲရန် သီးသန့်ငှားထားသည့် အလုပ်သမားတစ်ယောက် ဖြစ်ကြောင်း အမျိုးသမီးအားလုံးက သိထားကြသည်။ ဆိုလိုသည်မှာ မြို့ထဲရှိလူများက နုနယ်ကြရာ ပစ္စည်းဆွဲပေးရန် နွားလှည်းငှားကြ၏။ သူတို့ ကောင်တီမြို့ကြီးတွင် ပစ္စည်းဝယ်သည့်အခါ ထမ်းပိုးဖြင့် ပြန်သယ်လာလိုက်သည်ပင်။
ဆုဝန် နွားလှည်းငှားခဲ့ခြင်းမှာ ပြစ်မှုတစ်ခု ဖြစ်လေ၏။
အဘိုးကြီးက ဆုဝန်ကို ပြောလာ၏” မိန်းကလေး၊ ငါ မင်းအတွက် အိမ်ထဲကို ရွှေ့ပေးမယ်။ မင်း ပစ္စည်းတွေမှန်ရဲ့လား စစ်ကြည့်ပါဦး”
ဆုဝန်က တံခါးဆီသို့ လျှောက်သွား၏။ အဘိုးကြီးက နွားလှည်းအတွင်းမှ ပစ္စည်းများကို ပါးစပ်မှလည်း ပြောရင်းဖြင့် ခြံဝင်းထဲသို့ တစ်ခုပြီးတစ်ခု သယ်ပေးခဲ့သည်။
“ ဆန်တစ်အိတ်”
“ ကောက်နှံအိတ်ဝက်”
“သကြားသုံးထုပ်”
“တရုတ်ငရုတ်ကောင်းနဲ့ အရောင်တင်ငရုတ်သီး တစ်အိတ်စီ”
“ အဝတ်သုံးထည်”
“အထည်လေးစ”
“ ဝက်နံရိုးရှစ်ကတ်တီ”
“ ဝက်သားသုံးပိုင်း”
“…..”
ဆုဝန်သည် ရှန်မိသားစုတွင် ပြတ်လပ်နေသည့် အရာအားလုံးကို သူတတ်နိုင်သရွေ့ ဝယ်လာခဲ့၏။ ဆုဝန်လက်ထဲတွင် ငွေအများကြီး မရှိတော့သော်လည်း ဆုဝန်မှာ သူ ယခု ပိုကောင်းသည့်ဘဝတစ်ခုဖြင့် နေရသည်ဟု ခံစားရ၏။ ရှန်မိသားစု အခြေကျသည်နှင့် ပိုက်ဆံရှာရန် နည်းလမ်း စဥ်းစားရမည်ပင်။
ဘေးနားရှိအမျိုးသမီးအားလုံးမှာ ကြက်သေသေသွားကြသည်။ ဒါက ရှန်မိသားစုအတွက် ဆုဝန် ဝယ်ပေးတဲ့ပစ္စည်းတွေတဲ့လား။
သူတို့မှာ ဤမျှများပြားသည့်ပစ္စည်းများကို တစ်ခါမျှ မဝယ်ခဲ့ဖူးချေ။
အနှီအမျိုးသမီးများ၏ နှလုံးသားထဲတွင် နာကျင်ခံစားသွားရ၏။ သူတို့သည် ဆုဝန်ကို ပြန်ခေါ်ထားလိုက်ပြီးနောက် ရှန်အိမ်မှာ ပို၍ပင် ခိုကိုးရာမဲ့သွားမည်ဟု မူလက တွေးထင်ခဲ့ကြ၏။ သို့ရာတွင် ယခုမူ ဆုဝန်ဝယ်လာသည့်ပစ္စည်းများကို သူတို့မျက်စိရှေ့တွင် ချထားလျက်ရှိ၏။
ဆုဝန် ယခင်က အလုပ်သွားလုပ်သည်မှာ အလုပ်လုပ်၍ ပိုက်ဆံ ရှာချင်သောကြောင့်ဖြစ်မှန်း ကြားဖူး၏။ ထိုအကြောင်းပြောကာမှ ဝမ်မိသားစုသာ ဆက်ဆံရေး မဖြတ်တောက်ခဲ့ပါက ထိုပစ္စည်းများမှာ ဝမ်အိမ်နှင့် သက်ဆိုင်သင့်သည့်အရာများပင်ဖြစ်ချေသည်။
သို့ပေသိ ပြောရမည်ဆိုလျှင် ရှန်မိသားစုသည် ဆုဝန်ကိုပြန်ခေါ်လာနိုင်ရန် ငွေခုနစ်တုံးကုန်ခဲ့ရ၏။ ရှန်လင်းက ထိုမျှ များပြားသည့်ပိုက်ဆံကို ဘယ်ကရလာမှန်းမသိသော်လည်း အဆိုပါ ပစ္စည်းများကို ငွေခုနစ်တုံးနှင့် အလဲအထပ်လုပ်ရသည်မှာတော့ ဆုံးရှုံးမှုကြီးပင်။
ထိုအချက်ကို တွေးမိလိုက်သော် အားလုံးမှာ အနည်းငယ် ပို၍ စိတ်ချမ်းသာသွားတော့သည်။
စွင်းရှီးကပြောလေ၏
“ ဟဲ့ ဆုဝန်၊ ညည်း ဒီပစ္စည်းတွေကို ဘယ်သူ့အတွက် ဝယ်ခဲ့တာလဲ။ ညည်းရဲ့အဒေါ်ရှန်တို့ မိသားစုအတွက်လား။ အဒေါ်ဝမ်တို့ မိသားစုအတွက်လား”
စွင်းရှီးသည် သိလျက်နှင့် ဆုဝန် အခက်တွေ့စေရန် တမင်တကာ မေးလိုက်၏။
ဆုဝန်က ပြော၏။
“ ရှန်မိသားစုက ကျွန်မအသက်ကို ကယ်ခဲ့တာလေ။ အဲဒါကြောင့် ကျိန်းသေပေါက် ရှန်မိသားစုကို ကျေးဇူးပြန်ဆပ်ရမှာပေါ့”
...
အခန်း (၃၁) (ခ)
စွင်းရှီ၏ စကားများက ဆုဝန်ကို အခက်မတွေ့သွားစေဘဲ ဝမ်ရှီးကို မသက်မသာဖြစ်သွားစေ၏။ ဝမ်မိသားစုမှာ ဆုဝန်ဖျားနာ၍ ပိုက်ဆံလာတောင်းသည့် အရေးပေါ်အခြေအနေတွင် ဆုဝန်နှင့် အဆက်အဆံ ဖြတ်လိုက်မှန်း အားလုံးသိထားကြလေသည်။
ဆုဝန်က ဆန်၊ခေါက်ဆွဲနှင့် မီးဖိုချောင်တွင် ရှိရမည့် တခြားပစ္စည်းများကို အဘိုးကြီးအား ကူသယ်ပေးခိုင်းခဲ့သည်။
ရှန်ယာယာက ရှန်ရှီးအတွက် ဆုဝန်ဝယ်ခဲ့သော အဝတ်အစားများကို ခြင်းထဲမှ ထုတ်လိုက်ကာ ဆို၏။
“ အမေ၊ မမဆုဝန်က အမေ့အတွက် အဝတ်အစားအသစ်တွေ ဝယ်လာပေးတယ်။ ပြီးတော့ ဆံထိုးအသစ်တစ်ချောင်းလည်း ဝယ်လာပေးသေးတယ်”
အမျိုးသမီးများမှာ ပို၍ပင် စိတ်မသက်မသာဖြစ်သွားကြ၏။ သူတို့၏ သမီးဖြစ်စေ၊ ချွေးမဖြစ်စေ ယခင်က ထိုသို့ မသိတတ်ခဲ့ဖူးပေ။ ရွာသားများသည် သူတို့၏ချွေးမနှင့် သမီးများကို သူတို့အတွက် ပစ္စည်းဝယ်ရန် ပိုက်ဆံမပေးဖူးသည့်အကြောင်းကိုတော့ ကျိန်းသေ အလိုအလျောက်ပင် လျစ်လျူရှုထားလိုက်၏။
အားလုံးက ရှန်ယာယာလက်ထဲရှိ အဝတ်အစားကို ကြည့်နေခဲ့ကြ၏။ ယင်းကား ကြာပန်းရောင် ဂွမ်းထိုးဝတ်ရုံပင်။ ကုန်ပစ္စည်းမှာ အတော် စိတ်ကျေနပ်စရာဖြစ်ပြီး ပုံစံမှာလည်း ကြော့မော့သားနား၏။ ယင်းသည် ထူထပ်ကျစ်လျစ်ပုံပေါ်ကာ ရာသီဥတုပိုအေးသည့် ဤရက်ပိုင်းအတွင်း ဝတ်ရန် အကောင်းဆုံးပင်။
ယင်းတို့မှာ သာမန်အဝတ်အစားများဖြစ်ပြီး နည်းနည်းမျှတသည်ဟု အားလုံးက ထင်ကြသည်ပင်။
စွင်းရှီးက အဝတ်အစားများကိုကြည့်ကာ ပြောလာပြန်သည်။
“ ညီမလေးရှန်၊ ဒါတွေက အသေးအမွှားလေးတွေပါပဲ။ ဆုဝန်က အလုပ်လုပ်နိုင်မှာလည်း မဟုတ်ဘူး။ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲလေ။ အနာဂတ်မှာ ရှင်တို့မိသားစုအတွက် မလွယ်ကူမှာကို စိုးမိတယ်”
ရှန်ရှီးမှာ ဒေါသထွက်လာရပြီဖြစ်၏။ ယနေ့ အနှီလူများသည် ဒီကိုလာကာ ထေ့ငေါ့သည့် မှတ်ချက်များဖြင့် လူကို စိတ်မသက်မသာဖြစ်အောင် လုပ်နေကြ၏။
ရှန်ရှီးက ဆို၏။ “ ညီအစ်မတို့၊ နေ့လယ်စာစားချိန်ရောက်ပြီ။ ပြန်လိုက်ကြပါတော့။ ကျွန်မတို့မိသားစု အဆင်ပြေ၊ မပြေဆိုတာကို စိတ်ပူပေးစရာ မလိုပါဘူး”
အမှန်ပင် ချက်ပြုတ်ရမည့် အချိန်ကို ရောက်နေပြီဖြစ်ရာ အမျိုးသမီးများသည် တစ်ယောက်ပြီး တစ်ယောက် မျက်လုံးလှိမ့်ကာ ထွက်သွားကြတော့သည်။
အဆုံးတွင် လူတချို့သည် ထေ့ငေါ့သည့်မှတ်ချက်များကို ချလိုက်၏။
“ ဘာပစ္စည်းတွေပဲ ဝယ်ဝယ် အလုပ်ကောင်းကောင်းတစ်ခုမရှိရင် အသုံးဝင်မှာမဟုတ်ဘူး”
တချို့သောသူများကတော့ “ ဒီပစ္စည်းတွေကို နေ့တိုင်းဝယ်နိုင်မှာ မဟုတ်ဘူးလေ။ ဘယ်အချိန်မှများ ငွေခုနစ်တုံး၊ ရှစ်တုံးကို ပြန်ပေးနိုင်မှာပါလိမ့်”ဟု ပြောလေ၏။
နောက်ထပ်အမျိုးသမီးတစ်ယောက်က ဝမ်ရှီးနားကပ်ကာ “ ဝက်နံရိုးနဲ့ အသားတွေ ဝယ်လာတယ်ဆိုရင်တောင်မှ အဲဒီ ကို့ရိုးကားရားနိုင်တဲ့သူကို လုပ်ခိုင်းလိုက်တာက ပစ္စည်းတွေကို ဖြုန်းတီးလိုက်တာပဲ”
ဆုဝန်မှာ အားလုံးကို တွေ့မြင်ဖူးသည်ပင်။ အနှီအမျိုးသမီးများ၏ပါးစပ်မှာ တစ်ယောက်ပြီးတစ်ယောက် ကောင်းသည့်စကားလုံးများမှာ ထွက်မလာခဲ့ပေ။
ဆုဝန်မှာ ရွာထဲရှိ အမျိုးသမီးအားလုံးက ထိုမိန်းမများကဲ့သို့ မဟုတ်ကြောင်း ကျိန်းသေပေါက် သိသည်ပင်။ စိတ်သဘောထား ကောင်းမွန်သည့်သူအနည်းငယ်လည်း ရှိပေ၏။ ယနေ့ ရှန်အိမ်ကို လာကြသူများက စကားများသူများ ဖြစ်နေခဲ့ရုံပင်။
အနှီအမျိုးသမီးများ ပြန်သွားသည့်နောက် ရှန်အိမ်မှာ ယခင်ကအတိုင်း ပြန်၍ သန့်စင်သွားတော့သည်။
ရှန်ယာယာသည် ရှန်ရှီးမှာ ယနေ့ အပြင်ဘက်တွင် အကြာကြီး မတ်တတ်ရပ်ခဲ့ရကြောင်း သတိပြုမိသွား၏။ ပုံမှန်ဆိုလျှင် သူ့အမေ၏ခန္ဓာကိုယ်က အားနည်းပြီး ခြေထောက်များမှာ မကောင်းပေ။ သူ ဘယ်လိုများ ဤမျှကြာအောင် မတ်တတ်ရပ်နေခဲ့ပါသနည်း။
ရှန်ယာယာက အံ့အားသင့်စွာဆို၏။
“ အမေ၊ အမေ့ကိုကြည့်ရတာ ဒီနေ့ အားရှိနေသလိုပဲ”
ရှန်ရှီးက ခေါင်းညိတ်လျက် ပြောလာ၏
“ အမေလည်း ဒီနေ့ အရင်ရက်တွေထက် ပိုအားရှိလာသလို ခံစားရတယ်။ သူတို့ ဒီမှာ တစ်နေ့ခင်းလုံး လာပြောနေတာ။ အမေ သမီးတို့နဲ့ တကယ်ပဲ တစ်ချိန်လုံးနေလိုက်တာပဲ”
သို့သော်လည်း ရှန်ရှီး၏အသံမှာ အားပျော့နေဆဲပင်။
ရှန်ယာယာနှင့် ဆုဝန်မှာ ရှန်ရှီးအား ကပျာကယာ အိမ်ထဲရှိ အုတ်ခုတင်ပေါ်သို့ ပို့ပေးလိုက်၏။
ရှန်ယာယာက ခေါင်းအုံးတစ်လုံးအမြန်ရှာလိုက်ကာ ရှန်ရှီးကို အုတ်ခုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်၏။
ဆုဝန်က ကြမ်းပြင်ကို လှည်းကျင်းနေ၏။ စောနက အမျိုးသမီးတစ်ဖွဲ့လိုက် အိမ်ထဲသို့ ဝင်ခဲ့ရာ ကြမ်းပြင်တွင် ရွံ့ခြေရာများ ထင်လျက်ရှိ၏။
ရှန်ရှီးက ဖြည်းညင်းစွာ ဆိုလာ၏။ “ ဝမ်ရှီးရဲ့စကားတွေက ပြင်းထန်လွန်းတယ်။ အဒေါ်ကတော့ ဆုဝန်မနေ့က အိမ်ကိုရောက်ပြီး ဒီနေ့ အဒေါ်အားရှိလာတယ်။ ကြည့်ရတာ မိန်းကလေးဆုဝန်က ကောင်းချီးပေးခံရတဲ့သူနဲ့တူတယ်”
ရှန်ရှီး၏စကားများမှာ ဝမ်ရှီး ပြောသွားသည်ကြောင့် ဖြစ်ရမည်ဟု ဆုဝန်မှန်းဆမိ၏။ သူ ဝမ်မိသားစုတွင် ရှိနေစဥ်က ဝမ်ရှီးသည် သူ့အား မိသားစုအတွက် ဆုံးရှုံးမှုဖြစ်စေသည်ဟု ဆူပူလေ့ရှိ၏။
ဆုဝန်က သူ့ကိုယ်သူ နှိမ့်ချမနေခဲ့ပေ။ သူက ခေါင်းမော့ကာ ရှန်ရှီးအား ပြောလိုက်၏။ “ အဒေါ် ကျိန်းသေပေါက် တစ်နေ့တခြား ပိုကောင်းလာမှာပါ”
ရှန်ရှီး၏မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြစ်တည်လာ၏။ ” သမီးရဲ့စကားကောင်းတွေကြောင့် အဒေါ် ကျိန်းသေပေါက် တစ်နေ့တခြား ပြန်ကောင်းလာမှာ” “နေ့ရက်ကောင်းလေးပဲ”
ဆုဝန်က ကြမ်းပြင်ကို လှည်းလို့ပြီးသွားချေပြီ။ ထို့နောက် အဝတ်အစား၊ ကတ်ကြေး၊ အပ်နှင့် အပ်ချည်ကြိုးတို့ကို ရှန်ရှီးအတွက် သိမ်းပေးရန် ရှန်ရှီးအခန်းသို့ သယ်သွားလိုက်၏။
ရှန်ရှီးက ဆုဝန်အား သူ့အခန်းထဲတွင် သိမ်းခိုင်းခဲ့သော်လည်း သူ့အခန်းထဲရှိ နေရာတွင် မထားခဲ့ချေ။ ထိုပစ္စည်းများမှာ ရှန်ရှီးအတွက် ဝယ်လာခဲ့သည်ဖြစ်ရာ ၎င်းတို့ကို သေတ္တာအောက်ခြေတွင် ထည့်ထားလိုက်၏။
ရှန်ရှီးကဆို၏ “ မိန်းကလေးဆုဝန်၊ သမီးနောက်ဆို ဒီပစ္စည်းတွေ သွားမဝယ်ပါနဲ့တော့။ ဒါတွေက ဘယ်လောက်ကျခဲ့လဲ”
ဆုဝန်မှာ ရှန်ရှီးသည် သူ့ငွေကို မသုံးချင်မှန်း သိလေ၏။ ဆုဝန်က ပြောလိုက်သည်။ “ အဒေါ်၊ ဒီလောက် အားနာနေဖို့ မလိုပါဘူး။ ကျွန်မမနေ့က တကယ်နေမကောင်း မဖြစ်ခဲ့ဘူး။ ငွေခုနစ်တုံးပေးဖို့လည်း မလိုခဲ့ဘူးဆိုပေမဲ့ အစ်ကိုကြီးရှန်လင်းက ကျွန်မကိုကယ်ဖို့ဆန္ဒရှိပြီး ငွေခုနစ်တုံးပေးချင်တယ်ဆိုတာ မြင်ခဲ့ရတယ်လေ။ ကျွန်မ ရှန်မိသားစုအတွက် မလုပ်နိုင်တာ ဘာရှိပါ့မလဲ။ ဟုတ်တယ်မလား”
“ ပြီးတော့ ကျွန်မ ဒီမှာနေတာကိုလည်း အစ်ကိုကြီးရှန်လင်းက ကြေးပြားခြောက်ပြားပဲ ယူတာ ။ ကျွန်မ အဲဒီကြေးပြားခြောက်ပြားအပေါ် မှီခိုပြီးတော့ အလကား မစားသောက်နိုင်ဘူးလေ။ ကျွန်မ တစ်ခုခု လုပ်ပေးရမှာပေါ့”
ရှန်ရှီးက ထပ်ပြောလာ၏
“ အဲဒါက အသီးအရွက်တွေ စားရုံပဲလေ။ စျေးဝယ်ထွက်တဲ့နေရာမှာ သုံးတဲ့ပိုက်ဆံနဲ့ ဘယ်လိုလုပ် ယှဥ်လို့ရမှာလဲ”
ဆုဝန်က “ အဒေါ် ၊ ဒီမှာနေပြီး စားသောက်တာအပြင် ကျွန်မမှာ တောင်းဆိုစရာလေး ရှိပါတယ်။ ကျွန်မ ဝင်ငွေလေး ရအောင် စားစရာတချို့ချက်ပြီး မြို့ထဲမှာ ရောင်းချင်တယ်။ ကျွန်မ ရှန်မိသားစုရဲ့ ပစ္စည်းတွေကို မလွဲမသွေ သုံးရမှာပဲလေ။ ချက်ပြုတ်ဖို့ အိုးနဲ့မီးဖို၊ ပြီးတော့ ပန်းကန် အိမ်ထဲက ရေတွင်းရော ရှန်ယာယာရဲ့အကူအညီကိုလည်း ယူရဦးမှာလေ။ အဒေါ်၊ ကျွန်မ ဒီလိုလုပ်လို့ ရမလား”
ရှန်ရှီးက ပြုံးလျက် “အိုးတွေ၊ မီးဖိုတွေ၊ ရေတွင်းတွေအားလုံးက အိမ်ထဲကဟာတွေပဲ၊ သမီး ဘယ်လိုသုံးသုံး ရပါတယ်။ သမီး ယာယာ့ကို ကူညီနေကျပဲ။ သူ ပြန်ကူညီပေးတာက ဖြစ်သင့်တာပဲလေ။ ဘာလို့ ဒီလောက်အများကြီး ဝယ်လာရတာလဲ”
ပစ္စည်းများမှာ အလဲအလှယ်အနေနှင့်ပင်။
ဆုဝန်က ဆို၏။
“ အဒေါ် ဒါတွေကိုလက်မခံရင် ကျွန်မလည်း အဲဒါတွေကိုသုံးဖို့ ရှက်နေမိမှာပဲ။ အဒေါ် ကျွန်မကို ကူညီပေးပါ”
ရှန်ရှီးမှာ ဆုဝန် အဝတ်အစားများအား ဗီရိုထဲသို့ ထည့်ပေးသည်ကို လက်ခံရုံကလွဲ ရွေးစရာ မရှိတော့ချေ။
ဆုဝန်က သူရှန်ရှီးအတွက် ဝယ်လာသည့်ဝတ်စုံတစ်စုံကို ထုတ်၍ စမ်းဝတ်ကြည့်စေလိုက်ရာ အမှန်ပင် ကြည့်ကောင်းသည်ကို တွေ့လိုက်ရ၏။
မူလတုန်းကတော့ ရှန်ရှီးဝတ်သည့် အဝတ်အစားများမှာ ဖာထေးရာအပြည့်ဖြင့်ပင်။ သူတို့သည် သန့်ရှင်းသည် ဆိုသော်လည်း မည်သို့ပင်ဆိုစေကာမူ နွမ်းပါးပုံပေါ်စေ၏။ ဆုဝန်ဝယ်လာသည့် ဝတ်စုံမှာမူ အလွန်ကောင်းမွန်သည့်အသား မဟုတ်သည့်တိုင် ရှန်ရှီးဝတ်လိုက်ချိန်တွင် နွမ်းပါးသည့် လက္ခဏာရပ်များက ပြောင်းလဲသွားရ၏။ ရှန်မိသားစု ကြွယ်ဝခဲ့စဥ်အချိန်တုန်းကနှင့်ပင် အနည်းငယ် တူနေသေး၏။
ရှန်ရှီးက အဝတ်လဲပြီးသည့်နောက် ဆုဝန်က သိမ်းဆည်းရန် မီးဖိုချောင်သို့လာခဲ့၏။ ရှန်ယာယာသည်လည်း နောက်မှလိုက်လာလေ၏။
ဆုဝန် သည်တစ်ခေါက် ကောင်တီသို့ သွားရခြင်းမှာ ချက်ပြုတ်ရန်အတွက် ပါဝင်ပစ္စည်းနှင့် ဟင်းခတ်အမွှေးအကြိုင်များစွာ ဝယ်ရန်ဖြစ်၏။ ရှန်ယာယာနှင့် ဆုဝန်တို့သည် မီးဖိုချောင်ရှိ ပစ္စည်းများကို သပ်ရပ်အောင် စီစဥ်လိုက်ကြ၏။
ထို့နောက် ရှန်ယာယာသည် ဆုဝန် အိုးဖြင့် ဆန်တည်နေစဥ်တွင် ဟင်းရွက်ဥယျာဥ်သို့သွားကာ အသီးအရွက်ခူး၍ ထင်းကောက်၏။
ထို့နောက် ထိုနှစ်ဦးမှာ ဆေးကြာကာ အသီးအရွက်များ အတူခူးကြ၏။ ဆုဝန်သည် အမြန်လုပ်နိုင်၏။ သို့ပေသိ ရှန်ယာယာ၏ အကူအညီနှင့်ဆိုပါက သူ ပို၍တောင် အမြန်လုပ်နိုင်သေး၏။
ဆုဝန်သည် ဝက်နံရိုးနှပ်၊ ဝက်ပေါင်ခြောက်နှင့် တို့ဟူး၊ ဂေါ်ဖီစိမ်းဟင်းရည် ၊ ကြာစွယ်စသည်ဖြင့် ဟင်းတချို့ချက်ခဲ့၏။
သူ အသားမစားရသည်မှာ ကြာခဲ့ပြီဖြစ်၏။ သူ့အစ်ကိုသည် ပွဲတော်များအတွင်း၌သာ ကြက်တစ်ကောင်သတ်ကာ ပြုတ်ချက်ချက်သည်။ သို့ရာတွင် ချက်ပြီးသည့်နောက် တစ်ဝက်ကျော်ကျော်မျှကို သူ့အဘိုးအဘွားများကို ပေးလိုက်ရသည့်အတွက် သူ့မှာ အများကြီး မစားရရှာပေ။
ဝက်သားကိုတော့ ရှန်ယာယာသည် တစ်နှစ်လျှင် အများဆုံးတစ်ကြိမ်သာ စားနိုင်၏။
အသားများ ကျက်သွားသည့်နောက် ဆုဝန်က ရှန်ယာယာသည် တစ်ခါစားနိုင်စေရန် ငါးပိုင်းပိုင်းလိုက်၏။
ရှန်ယာယာက တံတွေးမျိုချကာ
“ သမီးအရင်စားလို့မရဘူး။ အဘိုးနဲ့အဘွားကို ပေးပြီးရင် အသားက ဘယ်လောက်မှကျန်တော့မှာ မဟုတ်ဘူး”
ဆုဝန်က ရှန်ယာယာ၏ နှာခေါင်းထိပ်ကို လက်ချောင်းဖြင့် ပုတ်လိုက်ကာ
“ ဘာလို့ သမီးရဲ့ အဘိုးနဲ့အဘွားကို ပေးရတာလဲ။ ပို့ပေးတာလား”
ရှန်ယာယာက ခေါင်းငုံ့လျက် အသံတိုးတိုးဖြင့် ဆိုလာ၏
“ ဘာလို့လဲဆိုတော့ သမီး မသိတတ်မလိမ္မာတဲ့သူ မဖြစ်ချင်လို့လေ”
တကယ်တမ်းတွင်တော့ ရှန်ယာယာမှာ သူ၏ အဘိုးအဘွားတို့ကို သဘောမကျပေ။ သို့ရာတွင် သိတတ်လိမ္မာရမည့်တောင်ကြီးရှိနေရာ သူ့အဘိုးအဘွားများကို မပို့ပေးပါလျှင် သူ့အစ်ကိုမှာ ပို၍ဆူးဖြင့်ထိုးခံရကာ ဆူပူခံရမည်ပင်။
အရသာရှိသည့် အစားအသောက်ကို လူကြီးများထံပို့ပေးခြင်းက အမှန်ပင် သိတတ်လိမ္မာခြင်းပင်။ သို့ရာတွင် ရှန်လင်း၏ အဘိုး၊ အဘွားကောင်းများမှာ သူတို့သားကြီးဖြစ်သူကိုသာ စိတ်ထဲထည့်ထားကြောင်း ဆုဝန်သိထား၏။
ရှန်လင်း၏ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် ရှန်လင်း၏အဘိုးသည် ဂျုံစပါး၊ ကျွဲနွား၊ လယ်ယာသုံးပစ္စည်းတို့ကို ရှန်မိသားစုဆီမှ ယူသွားခဲ့၏။ ရှန်လင်း၏ ဖခင်ကျန်ရစ်ခဲ့သော လယ်ဧကများစွာကိုလည်း ရှန်လင်းဖခင်ကိုယ်စား သိတတ်မှုကို ပြသရန် သိမ်းသွားခဲ့သေးသည်။
ထိုမျှပဲဆိုလျှင် တော်သေး၏။ ရှန်လင်း၏ အဘိုးအဘွားများမှာ ရှန်လင်းတို့အိမ်သို့ နှစ်စဥ် အကြောင်းအမျိုးမျိုးပြ၍ ပိုက်ဆံတောင်းရန် လာတတ်၏။ သူတို့သည် ရှန်လင်းအား သူ့ဦးလေး မိန်းမယူရန်အတွက် သူ့အဖေဆောက်ထားခဲ့သည့် ဤအုတ်အိမ်ကလေးကို လက်လွှတ်ခိုင်းစေချင်၏။ ရှန်လင်းက ထိုသို့ မလုပ်လိုရာ ရှန်လင်းအား မသိတတ်မလိမ္မာသူဟု သမုတ်တော့သည်။
အကျဥ်းချုံးရရင်တော့ ရှန်လင်း၏ အဘိုး၊ အဘွားနှင့် ဦးလေးတို့မိသားစုမှာ အရှက်မရှိ မျက်နှာပြောင်တိုက်တတ်မှန်း ဆုဝန် သိထားလေသည်။
ဆုဝန်က ရှန်ယာယာ၏ခေါင်းကို ထိလိုက်ကာ
“ သမီးနဲ့ သမီးအစ်ကိုက အဘိုးနဲ့အဘွားကို အရသာရှိတာတွေပေးကြတာလေ။ မမကရော သမီးရဲ့ အဘိုးနဲ့အဘွားကို ပေးဖို့လိုလို့လား “
ရှန်ယာယာက ထိုမှသာ သဘောပေါက်သွားခဲ့ပြီး ဝမ်းသာအားရ ခုန်ပေါက်တော့သည်။ ပြီးလျှင် ပျော်ရွှင်စွာဆိုလာ၏။ “ ဒါက မမဆုဝန်ရဲ့အသားပဲ။ ပြီးတော့ မမဆုဝန်ရဲ့ ထမင်းလေ။ သမီးရယ် သမီးအစ်ကိုရယ်နဲ့ ဘာမှမဆိုင်ဘူး။ ဆိုတော့ သမီးရဲ့ အဘိုးအဘွားတွေနဲ့လည်း ဘာမှမဆိုင်ဘူးပေါ့”
ရှန်ယာယာမှာ ချက်ချင်းပင် နေရထိုင်ရခက်သွားရရှာကာ
“ မမဆုဝန်၊ တောင်းပန်ပါတယ်။ သမီးပြောချင်တာက.....”
ရှန်ယာယာ၏ဆိုလိုရင်းကို ဆုဝန်နားလည်၏။ ရှန်ယာယာက ထိုသို့ပြောချိန်တွင် မသိစိတ်အရ ဤအစားအသောက်ကို သူ့အပိုင်ဟု သတ်မှတ်လိုက်မိခြင်းပင်။
ဆုဝန်သည် ထိုအကြောင်းကြောင့် ရှန်ယာယာအား စိတ်မဆိုးချေ။ သူသည် ရှန်ယာယာ၏ ကြင်နာတတ်မှုကို သိလေ၏။ သူမတော်တဆအမှားလုပ်မိသွားသည်ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ တမင်လုပ်ခြင်းမဟုတ်ပေ။
သူသည် နဂိုကတည်းက ရှန်ယာယာအား အားလုံးကို အတူစားစေချင်သည့် ခံစားချက်မျိုး ဖန်တီးပေးခဲ့သည်ပင်။
သူသည် ရှန်ယာယာအား သူဝယ်လာသည့်အရာများမှာ သူ့အဘိုးအဘွားများနှင့် မသက်ဆိုင်ကြောင်းကိုသာ အမှန်ပြင်ပေးလိုခဲ့ခြင်းပင်။ ဆုဝန်၏ မျက်လုံးထဲတွင် ဤပစ္စည်းများသည် အဘိုးနှင့်အဘွားမှလွဲ၍ ရှန်မိသားစုနှင့် သက်ဆိုင်နေသည်ပင်။
ဆုဝန်က ရှန်ယာယာ့အား နှစ်သိမ့်လိုက်ပြီး အသားတစ်ပိုင်းစားရန် ပြောလာ၏။ ဆုဝန်၏စကားများကို နားထောင်ပြီးနောက် ရှန်ယာယာက စိတ်ချမ်းသာစွာ စစားတော့သည်။ သို့ရာတွင် ရှန်ယာယာက နှစ်ပိုင်းသာ စားခဲ့၏။ သူသည် အသားကို အားလုံးနှင့်အတူ မျှစားရန် ဆန္ဒရှိနေဆဲပင်။
ဆုဝန်ဝယ်လာသည့်ပစ္စည်းများမှာ အဖိုးမတန်သည့်တိုင် လူများကို မနာလိုဖြစ်အောင် လုပ်နိုင်ဆဲပင်။ အနှီအမျိုးသမီးများသည် အိမ်ပြန်ရောက်သော် ရှန်လင်း၏ အဘိုးအဘွားအိမ်သို့သွားကာ ယနေ့ ရှန်လင်းတို့အိမ်အကြောင်း ပြောပြခဲ့၏။ အထည်များနှင့် နံရိုးများဝယ်လာခဲ့သည်။ နံရိုးများကို နေရာမချရသေးရာ ရှန်လင်းတို့မိသားစုမှာ ကျိန်းသေပေါက် ယနေ့ နေ့လယ်ခင်းတွင် ချက်ပြုတ်စားသောက်ကြမည်ပင်။
ရှန်လင်း၏ အဘိုးနှင့်အဘွားက နားထောင်ပြီးနောက် နေ့လယ်ပိုင်း ဟင်းချက်ရန် အစီအစဥ်မရှိတော့ပေ။ သူတို့သည် အစကတည်းက နေ့လယ်စာစားပြီးနောက် ရှန်လင်းတို့အိမ်သို့သွားကာ သူတို့၏ အပြစ်များကို စုံစမ်းမေးမြန်းရန် တွေးထားခဲ့သည်ပင်။ သို့ရာတွင် ရှန်လင်းတို့မိသားစု၏ နေ့လယ်စာက ရိုးရှင်းပြီး စားမရသည်မျိုး မဟုတ်မှတော့ သူတို့သည်အတိုင်း ကျော်သွားလိုက်တော့မည်ပင်။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရှန်မိသားစုတွင် သာမန်ထက်ပိုကောင်းသည့် အစားအစာ၊ သို့မဟုတ် တစ်ခုခုရှိပါက သူတို့က ဝေစုခွဲကာ သူတို့နှစ်ယောက်ထံ ပို့ပေးခဲ့သည်ပင်။
ဤတစ်ကြိမ်တွင်လည်း ကျိန်းသေပေါက် ခြွင်းချက်မဟုတ်ရချေ။ ရှန်အဘိုးကြီးနှင့် ရှန်ကတော်တို့သည် အုတ်ခုတင်ပေါ်တွင်ထိုင်ကာ ရှန်လင်း အဝတ်အစားနှင့် အစားအသောက်များ လာပို့မည်ကို စောင့်စားလျက်ရှိ၏။
ရှန်လင်း အစားအသောက်လာပို့ရန် အားလပ်သည့်အချိန်တွင် အဘိုးအိုစုံတွဲမှာ ခဏနားနိုင်မည်ဖြစ်၏။ အဘိုးကြီး၏အိမ်တွင် နေ့ခင်းဘက် အလုပ်လုပ်ရသော်လည်း လင်းထိန်မနေချေ။
…