Ch 27
Viewers 2k

အပိုင်း (၂၇) ပွဲကြည့်ခြင်း

ဆုဝန်သည် တည်းခိုခန်းအတွင်းတွင် ရေချိုးလိုက်ပြီး သန့်ရှင်းသည့် ဝတ်စုံများကို လဲလှယ်လိုက်သည်။ ထို့နောက် စားပွဲထိုးလေးအား စားစရာလာချခိုင်းလိုက်၏။ စားသောက်ပြီးစီးသည့်နောက် ဆုဝန်သည် တည်းခိုခန်းမှ နူးညံ့သည့်အိပ်ရာအပေါ်တွင် လဲလျောင်းရင်း အိပ်ပျော်သွားတော့သည်။ 

နေ့လယ်ခင်းတွင် ဆုဝန်သည် ဆေးခန်းသွားခဲ့၏။

ဆုဝန်သည် ခန္ဓာကိုယ်ကို အာဟာရဖြည့်ရန် ဆေးတချို့စပ်ခဲ့၏။ ဆုဝန်သည် ဆေးခန်းတွင် ခဏထိုင်ရင်း ဆေးယူရန် စောင့်နေချိန်တွင် အပါးနပ်ဆုံးနှင့် အသံအကျယ်ဆုံးဆိုင်အကူ တစ်ဦးကို သတိပြုမိသွားတော့သည်။

ဆုဝန်က ဆိုင်အကူအား နားချိန်တွင် ခေါ်လိုက်ကာ အချိန်အတော်ကြာ စကားပြောခဲ့၏။ 

နောက်ဆုံးတွင်တော့ ဆုဝန်သည် ဆိုင်အကူအတွက် ကြေးပြားသုံးရာ ထုတ်ပေးလိုက်ကာ အလုပ်ပြီးမြောက်ပါက နောက်ထပ် ကြေးပြားသုံးရာ ထပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။

ဆိုင်အကူက ကြေးပြားများကို အိတ်အတွင်း သိမ်းဆည်းလိုက်ကာ ဆုဝန်ကိုပြောလိုက်၏

“ဧည့်သည်တော်ကြီး၊ စိတ်ချပါ။ ကျွန်တော်က ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူမျိုးပါ။ ယုံလို့ရပါတယ်”

ဆိုင်အကူသည် နေ့ဘက်၌ ဆေးခန်းတွင် အလုပ်လုပ်ရသေးသည်ဖြစ်ရာ ထိုကိစ္စကို ညနေပိုင်းတွင်မှ ဆောင်ရွက်နိုင်မည်ဖြစ်၏။ 

ဆုဝန်မှာ ညနေခင်းသည် အချိန်ကောင်းဖြစ်သည်ဟု ထင်၏။ ရွာထဲရှိ အိမ်ထောင်စုများသည် အလုပ်များ ပြီးစီးသွားပြီဖြစ်ရာ ပွဲကြည့်ရန် အားလပ်နေပေမည်။

ချင်းရှီရွာ ဝမ်မိသားစု။

ဝရုန်းသုန်းကားနေ့ရက်များအလွန်တွင် ဝမ်မိသားစုသည် ရန်မာစျေးမှ စျေးမြင့်မြင့်ပေး၍ အစေခံအမျိုးသမီးနှစ်ဦး ရှာနိုင်ခဲ့ပြီဖြစ်၏။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ အမှန်ပင် ကို့ရိုးကားရားနိုင်လှသည်။ အလုပ်ကြမ်းတချို့ကိုသာ လုပ်နိုင်၏။ သူတို့သည် လောဘကြီးပြီး ပျင်းရိ ကြသည်။ အစားလည်း ကြူးလှပေ၏။ မျက်လုံးထဲတွင် မည်သည့်အလုပ်မှမရှိချေ။ နှစ်ယောက်သားအား တစ်ခုခုလုပ်ကိုင်ရန် အမြဲတစေ ဝမ်ရှီးကပင် ခိုင်းစေရ၏။  လွယ်ကူသည့်အလုပ်များကိုပင် အချိန်ဆွဲ၍ ပေါင်းလုပ်ကြသည်။

နှစ်ယောက်တွင် တစ်ယောက်သည် ချက်ပြုတ်ပြီး တစ်ယောက်သည်တော့ လှည်းကျင်း၏။ ဟင်းချက်သူ၏ လက်ရာမှာ မကောင်းမွန်သလို လှည်းကျင်းသူသည်လည်း သန့်ရှင်းအောင် မလှည်းကျင်းနိုင်ချေ။

သို့ပေသိ ထိုသူနှစ်ယောက်ရှိနေခြင်းသည် မရှိခြင်းထက်တော့သာသေး၏။ ဝမ်လော့ရှန်းမှာ နေ့တိုင်း ကြိတ်ဆုံရုံသို့ နှစ်နာရီ သွားကူပေးရသည်မှလွဲ၍ ဝမ်မိသားစုသည် အနည်းငယ် စနစ်တကျ ဖြစ်လာပြီဖြစ်၏။

ဆုဝန်မှာ သွမ့်မိသားစုတွင် လူလေးယောက်စာ ရှာပေးနေခြင်းကြောင့်သာမဟုတ်ရင် ဝမ်မိသားစုသည် ဆုဝန်ကို ပြန်ခေါ်ထားလိုက်ချေပြီ။

ဝမ်ရှီး၏အကြံမှာ အကယ်၍ ဆုဝန်ကို သွမ့်အိမ်တော်တွင် အလုပ်လုပ်ခိုင်းလိုက်ပြီး အိမ်တွင် အစေခံနှစ်ဦးငှားလိုက်ပါက ပိုသည့်ငွေကို သူနှင့်လော့ရွှယ် အဝတ်အစားဝယ်ဝတ်နိုင်မည်ဟုပင်။

ထိုညတွင် ဝမ်ရှီးသည် ဆုဝန်သည် နှစ်လ လုပ်ပြီး‌တော့မည်ဖြစ်ရာ သွမ့်အိမ်တော်သို့ သွား၍ ဆုဝန်၏လစာကို တောင်းမည်ဖြစ်ကြောင်း ဝမ်လော့ရွှယ်ကို ပြောလိုက်၏။

ဝမ်လော့ရွှယ်၏ခေါင်းထဲ၌ မေးခွန်းတစ်ခု ပေါ်လာတော့သည်။ 

“ အမေ၊ အိမ်က မမယွင်ရန်ကို သွားတောင်းတော့မှာ မဟုတ်ဘူးလား။ ဆုဝန်က နောက်ဆို ပိုက်ဆံကို လိုလိုလားလားနဲ့ လွှဲပေးချင်ပါ့မလား”

ဆုဝန်က ထိုသို့လွှဲပေးရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူ့အစ်ကိုကြောင့်ဖြစ်ကြောင်း ဝမ်လော့ရွှယ် သိနေခဲ့၏။ အကယ်၍ ဆုဝန်သည် သူ့အစ်ကိုနှင့်လက်ထပ်ရန် မျှော်လင့်ချက် ပျက်သုဥ်းသွားပါက အိမ်ကို ငွေများပေးပါဦးမည်လော။

ဝမ်ရှီးသည် တည်ငြိမ်စွာပင် ပြုံးလျက် ပြောလာ၏။ 

“ ဒါက ဘာများခက်လို့လဲ။ ဆုဝန်က သမီးအစ်ကိုကို ဒီလောက်ကြိုက်တာ။ အမေတို့က သူ့ကို ယန်ယွင်ရန်ကို လက်ထပ်ရတာက ကျောင်းတော်က ဆရာ သူ့ကို ဂရုစိုက်ပေးအောင်လို့ပါ၊ သမီးအစ်ကိုကောင်းဖို့အတွက်ပါပဲ၊ သူကြီးပွားလာတဲ့အခါကျ မိသားစုအတွင်း တရားဝင်ဇနီးမယားအဖြစ် လက်ထပ်ယူပါမယ်လို့ ပြောလိုက်ရုံပဲ။ ဆုဝန်က သမီးအစ်ကို အောင်မြင်ကြီးပွားပြီး သူ့ကို တရားဝင်ဇနီးအဖြစ် လက်ထပ်ယူနိုင်ဖို့ လိမ်လိမ်မာမာနဲ့ ရှိသမျှ ငွေအားလုံးကို ထုတ်ပေးမှာပဲ”

ဝမ်လော့ရွှယ်မှာ စိတ်ချသွားပြီး ဝမ်ရှီးကို ချွဲနွဲ့ပြောလာခဲ့၏။

“ အမေ၊ ဆုဝန်ရဲ့လစာတွေကို ရပြီးရင် သမီး ရှန်းယွင်စံအိမ်က လက်ဝတ်ရတနာတွေ သွားဝယ်ချင်တယ်။ ပြီးတော့ လျိုယန်းစံအိမ်က ပါးနီ....”

ဝမ်ရှီးက လုံးလုံးလျားလျားသဘောတူစွာဖြင့်

“ ဝယ်၊ဝယ်၊ဝယ်။ အမေတို့ အဲဒါတွေအားလုံးကို ဝယ်မယ်။ သမီးက လှလှပပလေးဝတ်ပြီး ချမ်းသာတဲ့သားမက်လေးရှာလိုက်။ နောက်ကို အမေတို့မိသားစု သက်သောင့်သက်သာဘဝမျိုးနဲ့ နေလို့ရပြီ” 

ဝမ်လော့ရွှယ်သည်လည်း အနာဂတ်အတွက် မျှော်လင့်ချက်အပြည့် ဖြစ်နေခဲ့သည်။

သားအမိနှစ်ယောက် ကောင်းမွန်သည့်အနာဂတ်ဘဝတစ်ခုကို မျှော်လင့်နေချိန်တွင် အိမ်အပြင်ဘက်မှ ဆူညံသံတစ်ခု ပျံ့လွင့်လာခဲ့၏။ 

ဝမ်ရှီးက တံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့၏။ တံခါးအပြင်ဘက်တွင် အမျိုးသမီးတစ်စုနှင့် အမျိုးသားတစ်အုပ် ရှိနေခဲ့၏။

အမျိုးသမီးများသည် အိမ်ဘက်သို့ လှမ်းလာရင်း အော်လိုက်၏။

“ ဝမ်အိမ်ကလူတွေ၊ ထွက်လာခဲ့၊ အမြန်ထွက်လာခဲ့ ပြဿနာတက်နေပြီ”

ဝမ်ရှီးသည် စိတ်ရှုပ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ 

လူစုသည် အိမ်ထဲသို့ ဝင်မလာကြပေ။ သို့ဖြစ်ရာ ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်က ထွက်လာရတော့သည်။ ဆိုင်အကူဟုထင်ရသော အညိုရောင်သိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ဝမ်ရှီးသို့ လှမ်းလာပြီး မေးလိုက်၏။ 

“ အဒေါ်၊ အဒေါ်က ပညာရှိဝမ်ရဲ့အမေလားဗျ”

ထိုသူမှာ ဆေးခန်းမှ ဆုဝန်ရှာလာသည့် အကူအလုပ်သမားပင် ဖြစ်ချေတော့သည်။ ဆုဝန်၏ ညွှန်ကြားချက်အတိုင်း ထိုသူသည် ချင်းရှီရွာသို့ ဝင်သည်နှင့် ရွာဝင်ပေါက် လူအများဆုံးနေရာတွင် မည်သည့်အိမ်မှာ ဝမ်ပညာရှိတို့အိမ် ဖြစ်သနည်းဟု မေးခဲ့၏။

လူတစ်ယောက်က ထိုသူအား လမ်းပြပေးလိုက်သည်။ ထိုသူက သက်ပြင်းချလိုက်ကာ ဆိုလာ၏

“ ရှာတွေ့လို့ တော်ပါသေးတယ်ဗျာ။ အကြွေးသမားကို ရှာတွေ့လို့ တော်ပါသေးတယ်။ မဟုတ်ရင် ကျွန်တော်တို့ ငွေတွေအများကြီး ဆုံးတော့မှာ”

ရွာထဲမှ အမျိုးသမီးတစ်ဦးသည် အစက ထိုလူမှာ ဝမ်ပညာရှိတို့အိမ်ကို ဘာလုပ်ဖို့ရှာရတာလဲလို့ အနည်းငယ် စပ်စုချင်ခဲ့သည်ပင်။ ထိုသူပြောသည်ကို ကြားသော် ပို၍ပင် စပ်စုချင်သွားတော့သည်။ ဧကန္တ ဝမ်မိသားစုသည် သူများကို အကြွေးတင်နေသည်လော။

ထိုသို့ပွဲဆူသည်ကို မကြည့်လျှင် အရူးပင် ဖြစ်ချေလိမ့်မည်။ အဆိုပါ အမျိုးသမီးများသည် ချက်ချင်း ထလာကာ မည်သို့ဖြစ်ရသနည်းဟုကြည့်ရန် ဝမ်အိမ်တော်သို့ သွားကြတော့သည်။ 

တကယ်တော့ ထိုလူသည် အမျိုးသမီးများထဲမှတစ်ဦးကို လမ်းပြပေးရန် ဖိတ်ခေါ်ခဲ့ခြင်းပင်။ ချက်ချင်းဆိုသလိုပင် အတင်းပြောနေကြသည့် အမျိုးသမီးအားလုံးမှာ ထလာကြကာ ဆိုင်အကူလေးအား ဝမ်အိမ်တော်သို့ လမ်းပြပေးချင်ခဲ့ကြ၏။ လမ်းပြများထဲတွင် အမျိုးသားတချို့ပါ ပါလာသေး၏။

အဆိုပါလူစုသည် ရွာလမ်းအား လျှောက်လာကြသည်ကိုမြင်သည့် ရွာသားတချို့ကလည်း ဘာဖြစ်သနည်းဆိုသည်အား စပ်စုချင်သွားရ၏။

မည်သည့်ကိစ္စပင်ဖြစ်စေကာမူ ဤမျှလူများနေမှတော့ ကျိန်းသေပေါက် ပွဲစည်မည်ပင်။ ပွဲရှိသည်ဆိုမှတော့ ဝင်မပါသူသည် အရူးသာဖြစ်ချေမည်။ 

လမ်းပေါ်မှ ရွာသားများသည်လည်း ကြည့်ရှုရန် လိုက်လာကြ၏။ အနားရှိသူများကို မေးကြည့်လိုက်သော် လူတစ်ယောက်သည် ဝမ်အိမ်သို့ အကြွေးသွားတောင်းမည်ဖြစ်ကြောင်း သိလိုက်ရ၏။

ဝမ်မိသားစုသည် ချင်းရှီရွာတွင် လေးစားခံရသည့်မိသားစုတစ်စုဖြစ်သည်ပင်။ အနှီအကြွေးရှင်က အကြွေးတောင်းရန် လာခဲ့မည်ဟု ထင်မထားမိကြချေ။

ရွာသားများမှာ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့ကြတော့သည်။ သို့နှင့်ပင်  လူအုပ်မှာ ဟိတ်ဟန်အပြည့်ဖြင့် ဝမ်အိမ်တော်သို့ ချီတက်လာခဲ့၏။

ဝမ်ရှီးက မျက်မှောင်ကြုတ်လျက် အ‌ရှေ့မှဆိုင်အကူလေးကို မသင်္ကာစွာကြည့်လိုက်၏။

ဆိုင်အကူလေးက ဦးစွာဆိုလိုက်၏

“ အဒေါ်၊ အဒေါ်က ချင်းယွင်ကောင်တီ အကောင်းဆုံးကျောင်းတော်မှာ ပထမနေရာရထားတဲ့ ပညာရှိဝမ်ရဲ့အမေ ဟုတ်ပါသလားဗျ”

ဝမ်ရှီး၏မျက်ခုံးတို့က အနည်းငယ်ပြေလျော့သွားရ၏။ ထိုဆိုင်အကူလေး ခေါ်ဆိုလိုက်သော အမည်နာမသည် ဝမ်ရှီး၏ မျက်နှာအား အတော်ပင် ဝင်းပသွားစေ၏။ ဝမ်ရှီးက ခပ်ဖွဖွ နှာတစ်ချက်မှုတ်လိုက်ကာ

“ ဟုတ်တယ်၊ ငါပဲ။ ဘာလို့လဲ”

ဆိုင်အကူလေးမှာ လွန်စွာစိတ်လှုပ်ရှားနေလျက် အရှေ့သို့လှမ်းလာကာ ဝမ်ရှီး၏ဝတ်ရုံကို လှမ်းဆွဲတော့သည်

“ ကျွန်တော် ခင်ဗျားကိုရှာတွေ့ပြီ”

ကြည့်ရှုနေကြသော ရွာသားများသည် လွန်စွာ စိတ်လှုပ်ရှားလာကာ ဖြစ်စဥ်အား စတင် မေးမြန်းလာ‌တော့သည်။ 

ဝမ်ရှီးက ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်ပြန်၏။ သူ့လက်မောင်းများကို ပြန်ဆွဲယူချင်ခဲ့သော်လည်း အားဖြင့် တင်းကြပ်စွာ အဆွဲခံထားရ၏။ 

ဆိုင်အကူလေးက ဆို၏

“ အ‌ဒေါ်က ပညာရှိဝမ်ရဲ့အမေဆိုတော့ ဆုဝန်က အဒေါ်တို့မိသားစုကပေါ့နော်။ အဒေါ် အမြန်ငွေခုနစ်တုံးယူပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ”

ဝမ်ရှီးမှာ ခေါင်းရှုပ်သွားရသည်။ အနှီလူသည် ဆုဝန်အကြောင်းကို ပြောလာခဲ့၏။ နောက်ပြီး ငွေခုနစ်တုံးယူလာခိုင်းခြင်းမှာရော ဘာအဓိပ္ပာယ်နည်း။ ယင်းသည် သူ့အသက်အား ယူချင်ခြင်းပင်။ ဒီနှစ်များအတွင်း အိမ်က ပို၍ ကြီးပွားချမ်းသာလာပြီး ငွေစုထားနိုင်ခဲ့၏။ စုဆောင်းငွေမှာ ငွေခုနစ်တုံးအတိပင်။

ရွာသားများမှာ ကြက်သေသေသွားကြ၏။ ငွေခုနစ်တုံးဆိုသည်မှာ မျာလှသည့် ပမာဏပင်ဖြစ်ချေသည်။ သာမန်လူများမှာ တစ်နှစ်ပတ်လုံး မစား၊ မသောက်ဘဲနေမည်ဆိုလျှင်တောင်မှ ငွေခုနစ်တုံးစုရန် မဖြစ်နိုင်ချေ။

ဝမ်ရှီးက ဆိုင်အကူလေးဆီမှ ရုန်းလိုက်ပြီး ပြောလာ၏။

“ ဘာဆုဝန်တွေ၊ ငွေခုနစ်တုံးတွေလဲ။ ငါနဲ့ဘာဆိုင်လို့လဲ”

ဆိုင်အကူလေးက ကိစ္စများကို ရှင်းလင်းသွားစေရန် စကားတစ်ခွန်း ဆိုလာ၏

“ အဒေါ်၊ ကိစ္စကဒီလိုပါ။ ကျွန်တော်တို့အိမ်ကသခင်ကြီးက ဆေးခန်းတစ်ခု ဖွင့်ထားပါတယ်။ ဒီနေ့ ကျွန်တော်တို့အိမ်က သခင်ကြီး လမ်းပေါ်မှာ ကောင်းကောင်းမွန်မွန် လျှောက်သွားနေရင်းကနေ မျက်စိရှေ့မှာ မေ့လဲနေတဲ့မိန်းကလေးတစ်ဦးကို တွေ့လိုက်ရတယ်လေ “

“ကျွန်တော်တို့အိမ်က သခင်ကြီးက ဆေးပညာနဲ့ လူတွေကိုကယ်တင်ပေးနေတာဆိုတော့ မိန်းကလေး ဘာဖြစ်တာလဲဆိုပြီး သွားကြည့်ပေးခဲ့တယ်။ ကြည့်လိုက်‌တော့မှပဲ အဲဒီမိန်းကလေးက အလုပ်အလွန်အကျွံလုပ်ရလို့ နာမကျန်းဖြစ်ပြီး ကိုယ်တွင်းအင်္ဂါငါးမျိုးလုံးက ဒဏ်ဖြစ်နေခဲ့တာ၊ အဲဒါကြောင့် လမ်းပေါ်မှာ သတိမေ့သွားတယ်ဆိုတာ သိလိုက်ရတယ်”

ဝမ်ရှီးက ဆိုင်အကူလေး လိမ်ပြောနေသည်ဟု မထင်ခဲ့ချေ။ ယခင်ကလည်း ဆုဝန်မှာ အမှန်တကယ်ပင် မကြာခဏ သတိလစ်ခဲ့ဖူး၏။

ဆိုင်အကူလေးက ဆက်ပြောလာ၏။

“ ကျွန်တော်တို့အိမ်က သခင်ကြီးက မိန်းကလေးဆုကို ခေါ်သွားပြီးတော့ ရောဂါစစ်ဆေး၊ ကုသပေးဖို့ သူ့ဇနီးကို ပြောခဲ့တယ်။ ဂရုတစိုက် သွေးကြောစစ်ကြည့်ပြီးတော့ နှစ်တစ်ရာဂျင်ဆင်းကပဲ မိန်းကလေးဆုရဲ့အသက်ကို ကယ်နိုင်မယ်ဆိုတာ သိလိုက်ရတယ်။  တကယ်လို့ အဲဒီဂျင်ဆင်းကိုသာ မစားရဘူးဆိုရင် မိန်းကလေးဆု နှစ်နာရီအတွင်းပဲ သေသွားမှာကို စိုးရိမ်ရတယ်တဲ့ “

“ ကျွန်တော်တို့သခင်ကြီးက ကြင်နာသနားတတ်တော့ ရှေးဟောင်းဂျင်ဆင်းကို တခြားဆေးတွေနဲ့ ရောကျိုပြီး မိန်းကလေးဆုကို တိုက်ဖို့ ကျွန်တော့်ကိုခိုင်းခဲ့တယ်လေ။ အဲဒီလိုနဲ့ပဲ သူ့ကို ငရဲကနေ ပြန်ဆွဲခေါ်လာခဲ့နိုင်တာပေါ့ဗျာ”

“ မိန်းကလေးဆုက နေ့လယ်တုန်းက တစ်ခါသတိရလာတယ်။ သူ  ဝိုးတိုးဝါးတားနဲ့ သူ့နာမည်က ဆုဝန်လို့ ခေါ်တယ်လို့ပြောခဲ့တာ။ နောက်ပြီး ဘာတဲ့ ဘာတဲ့ ပထမနေရာဆိုလား။ ဘာတဲ့ ပညာရှိဝမ်ဆိုလား။ ဘာတူတယ်ဆိုလား။ ဘာဇနီးလောင်းဆိုလားပဲ။ ကျွန်တော်လည်း မိန်းကလေးဆုက ပညာရှိဝမ်တို့မိသားစုက ဖြစ်ရမယ်လို့ ခန့်မှန်းလိုက်တာ။ အများကြီးလိုက်မေးကြည့်ပြီးမှ ဒီနေရာကို ရှာတွေ့ခဲ့တာ”

ဝမ်ရှီး၏ မျက်နှာတစ်ပြင်လုံးမှာ တွန့်ရှုံ့လျက် ရှိချေသည်။

“ အဲဒီလူကို ကယ်လို့ရတယ်ဆိုရရင်လည်း ကယ်လိုက်ပေါ့။ မင်း ဒါက ဘာလုပ်တာလဲ” 

ဆိုင်အကူလေးက အံ့သြသည့်မျက်နှာဖြင့်

“ ကျွန်တော်တို့အိမ်က သခင်ကြီးက မိန်းကလေးဆုကို ကယ်ခဲ့တာလေ။ အဒေါ်တို့က ပိုက်ဆံပေးရမှာပေါ့။ နှစ်တစ်ရာရှေးဟောင်းဂျင်ဆင်းက ငွေ၆တုံး။ ပြီးတော့ တခြားဆေးတွေရောဆိုတော့ စုစုပေါင်း ငွေခုနစ်တုံးကျတယ်။ အဒေါ် ကျွန်တော့်နောက်က လိုက်ခဲ့ပြီး ပိုက်ဆံပေးလှည့်ပါ။ ပြီးရင် မိန်းကလေးဆုကို ပြန်ခေါ်သွားလို့ရပြီ။ ကျွန်တော်တို့ဆိုင်မှာ ခိုင်းတဲ့အလုပ်သမားတစ်ယောက် ရှိတယ်။ အဒေါ်  ကြေးပြားငါးပြားထပ်ပေးလိုက်ရင် ဆိုင်က အလုပ်သမားက မိန်းကလေးဆုကို ဝါးကုလားထိုင်နဲ့ ပြန်ပို့ပေးလိမ့်မယ်”

ထို့မှသာလျှင် ရွာသားများမှာ ဆုဝန်သည် လမ်းပေါ်တွင် မေ့လဲနေခဲ့ပြီး ဆေးခန်းမှသမားတော်က ကြည့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိနားလည်သွားတော့သည်။ ထို့အတွက်ကြောင့် အကြွေးတင်ရခြင်းပင်။ အလိုလေးလေး။ စျေးကြီးလိုက်သည်ဖြစ်ခြင်း။ 

---------