Ch 17
Viewers 2k

အပိုင်း (၁၇) ဝမ်မိသားစု၏ ရုန်းကန်လှုပ်ရှားရမှု

ယခင်ဝမ်အိမ်တော်တွင် ရှိနေခဲ့စဥ်က အိမ်တွင်း၊ အိမ်ပြင်အလုပ်များမှာ ခက်ခဲကြမ်းတမ်းလွန်းလှရာ မူလက လှပသည့်ဆုဝန်အား သူဖုန်းစားလေးအသွင် ပေါက်သွားစေ၏။ 

ယခု သွမ့်အိမ်တော်သို့ ရောက်သောအခါဝယ် အလုပ်လုပ်ရသေးသည် ဆိုသော်ငြား သွမ့်အိမ်တော်၏ အလုပ်များက ပိုမို သက်သာလွယ်ကူသည်ဖြစ်ရာ ဆုဝန်က သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ပြုပြင်စောင့်ရှောက်ရင်း လှပသည့်ရုပ်ရည်ကို ပြန်လည်ရရှိလာတော့သည်။

အဒေါ်ကျိုးသည် ပြောလိုက်၏။

" ဆုဝန် အရင်က အတော်လေး ဖြစ်ကတတ်ဆန်း စောင့်ရှောက်ခံထားရတာပဲ။ တကယ်လို့ သွမ့်အိမ်တော်မှာ ကြာကြာနေလိုက်ရင် သူ ကျိန်းသေပေါက် ပိုပြီးလှလာမှာ" 

မီးဖိုချောင်တွင် ကူညီလုပ်ကိုင်သည့် ကောင်မလေးတစ်ယောက်က ပြောလာခဲ့၏။ " ဆုဝန်က အခု လှပြီးသားပဲလေ။  တကယ်လို့ နောက်ကို ထပ်ပြီး လှလာဦးမယ်ဆိုရင် သူ ဘယ်လောက်တောင် လှလိုက်မလဲဆိုတာ တကယ်မသိတော့ဘူး"

နောက်ထပ်ကောင်မလေးတစ်ယောက်က ပြောလာသည်မှာ 

" အမှန်ပဲ။ ဆုဝန် ဒီဝတ်စုံတွေဝတ်ထားတာ သူ့ရုပ်ရည်‌လေးနဲ့ လိုက်ဖက်ချက်ပဲ။ ချင်းယွင်ကောင်တီ လူကုံထံမိသားစုက သခင်မလေးတွေနဲ့ ယှဥ်ရင်တောင် မနိမ့်လောက်ဘူး။ သူတို့ထက်တောင် လှနေဦးမယ်"

ဆုဝန်က ရယ်လျက် ပြောလိုက်သည်။ 

" ငါက ဘယ်လိုလုပ် အဲဒီသခင်မလေးတွေနဲ့ ယှဥ်နိုင်မှာလဲ"

ထိုသို့ပြောလိုက်သော်လည်း ဆုဝန်၏စိတ်ထဲတွင်မူ သူ၏နောက်ခံက နိမ့်ကျသည်ဆိုသော်လည်း သူ့ကိုယ်သူ အထင်သေးခြင်းမရှိပေ။ မင်းသမီး၏ရှေ့‌တော်၌ ဆိုလျှင်တောင်မှ ဆုဝန်သည် ကျင့်ဝတ်ထုံးတမ်းကိုသာ လိုက်နာမည်ဖြစ်ပြီး သူ့ကိုယ်သူ ရှက်မိမည်မဟုတ်ချေ။

သည်ရက်ပိုင်းများတွင် ဆုဝန်သည် ဆံပင်ကို လှပစွာထုံးဖွဲ့သော်လည်း ရိုးရှင်းသည့်ဆံထိုးကိုသာ ထိုး၏။ ဆုဝန်က သူ့ကိုယ်သူ လှလှပပ ဝတ်စားဆင်ယင်ရသည်ကို နှစ်သက်သော်လည်း သူ့တွင် နေ့တိုင်း လုပ်စရာအလုပ်များ ရှိလေသည်။ သို့ဖြစ်ရာ ခေါင်းပေါ်ရှိ အဆင်တန်ဆာများက ရှုပ်ထွေးလွန်းနေ၍ မဖြစ်ပေ။

ယနေ့တွင် ဆုဝန်သည် သွမ့်ကျင်းထျန်၊ ဝမ်လော့ရှန်း၊ လီရှန့်တို့အတွက် ညလယ်စာ သွားပို့ပေးခဲ့၏။ 

ဆုဝန် တံခါးအား ဖွင့်လိုက်သည်နှင့် ထိုင်ကာစာဖတ်နေကြသည့် လူငယ်သုံးဦးမှာ တစ်ချက်မျှ မော့ကြည့်ပြီး မှင်တက်သွားကြ၏။ 

ဆုဝန်သည် ညလယ်စာအား ဗန်းအပြည့်သယ်လာခဲ့၏။

လီရှန့်သည် ဆုဝန်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့၏။ သွမ့်ကျင်းထျန်က စိုက်ကြည့်နေရင်းဖြင့် ဆုဝန်၏ အဝတ်အစားများကို သတိပြုမိသွားတော့သည်။ မဟုတ်သေးပေ။ သူသည် အ‌ဒေါ်ဝမ်အား ဆုဝန်အတွက် အဝတ်အစားတချို့ ရှာခိုင်းသည်မှာ သခင်မလေးတို့ ဝတ်စားသည့် လှပသည့် အဲဒီအဝတ်အစားမျိုး ရှာစေချင်၍ဖြစ်၏။ 

အဘယ်ကြောင့် ဆုဝန်ကိုယ်ပေါ်မှ အနှီဝတ်စုံသည် သာမန်ဆန်လွန်းနေရပါသနည်း။ သွမ့်ကျင်းထျန်မှာ အနည်းငယ် စိတ်ပျက်သွားရသည်။ ဒါနှင့် ဆုဝန် ထိုသို့လှပသည့်ဝတ်စုံမျိုးကို ဝတ်ဆင်လိုက်မည်ဆိုပါက သူသည် ကျိန်းသေပေါက် အလွန်ပင် လှပသွားမည်ပင်။ ဆုဝန်၏ခေါင်းပေါ်မှ အဆင်တန်ဆာသည်လည်း ရိုးစင်းလွန်းလှသည်။ ခါတိုင်း သူတွေ့နေကျ မည်သည့်မိန်းကလေး၏ ခေါင်းပေါ်တွင်များ ပန်းမပန်ဆင်ထားခြင်း ရှိပါသနည်း။ ဆုဝန်၏ခေါင်းထက်တွင် အဆင်တန်ဆာ အနည်းငယ် ချို့ယွင်းနေခဲ့၏။

ဝမ်လော့ရှန်းမှာ ခဏမျှ မှင်တက်သွားပြီးနောက် ခေါင်းကို ပြန်ငုံ့ထားလိုက်‌တော့သည်။ ပျာယာခတ်ခဲ့ရသည့် အရင်ရက်များက သူ ဆုဝန်၏ကောင်းကွက်များကို အမှတ်ရမိသော်လည်း ယခုမူ ဆုဝန်ကို ထပ်၍ အထင်သေးသွားပြန်ပြီဖြစ်၏။ 

ဆုဝန် ဤသို့ဝတ်စားဆင်ယင်ထားရခြင်းသည်ကား ကျိန်းသေပေါက် သူကြည့်ရန်အတွက် ဖြစ်ရမည်ပင်။ 

ဝမ်လော့ရှန်းသည် ဆုဝန်၏ အတွေးအခေါ်ကို အထင်သေးရွံရှာမိ၏။

ဝမ်လော့ရှန်းဘက်မှကြည့်ပါလျှင် ဆုဝန်သည် ပိုကောင်းသည့်အဝတ်အစားများကို ဝတ်လိုက်၍ အနည်းငယ် ပိုကြည့်ကောင်းသွားသည်ဆိုလျှင်တောင်မှ ယန်ယွင်ရန်နှင့်တော့ ယှဥ်၍မရသေးချေ။ 

ယန်ယွင်ရန်သည် သိမ်မွေ့ကြော့ရှင်းပြီး ပညာတတ်၏။ ဆုဝန်မှာ‌တော့ သူ၏သတို့သမီးလောင်းဟု အမည်ခံထားသော်လည်း တကယ်တမ်းတွင်တော့ သူ့အိမ်မှ အိမ်စေတစ်ယောက်သာ ဖြစ်၏။ သွမ့်အိမ်တော်သို့ လာတော့လည်း အလုပ်သမားဟု နာမည်တပ်ထားပေမဲ့ တကယ်တမ်းမှာမူ သွမ့်အိမ်တော်၏ အစေခံတစ်ယောက်သာဖြစ်လေသည်။ 

သူသည် နောက်ပိုင်းတွင် အောင်မြင်ကျော်ကြားချင်ပြီး အရာရှိတစ်ဦး ဖြစ်လာချင်၏။ ဆုဝန်သည် လှပသည်ဆိုလျှင်တောင်မှ နိမ့်ပါးသည့် လှပမှုပင် ဖြစ်ချေသည်။

ဆုဝန်မှာ သူသဘောကျစေရန် လှပသည့် အဝတ်အစားများဝတ်ခြင်းက သူ့အား ပို၍ အထင်သေးစေရုံပင်ရှိ၏။ 

သွမ့်ကျင်းထျန်နှင့် လီရှန့်တို့နှစ်ဦးစလုံးမှာ ဆုဝန်လှပသည်အား ချီးကျူးနေကြ၏။ ဝမ်လော့ရှန်းသည်တော့ ဆုဝန်ကို လုံးဝ နောက်တစ်ကြိမ်မကြည့်တော့ဘဲ စာလေ့လာခြင်းအပေါ်သာ အာရုံစူးစိုက်ထားတော့သည်။ 

ဝမ်လော့ရှန်းအား ဤသို့မြင်ရသော် ဆုဝန်မှာ ဒေါသထွက်မည့်အစား အလွန်ပင် စိတ်သက်သာရာ ရသွား၏။ အနှီဝမ်လော့ရှန်းသည် အတော်လေး ဆုံးဖြတ်ချက်ခိုင်မာသည်ပင်။ သူ့ကို ယခင်ကအတိုင်း မုန်းတီးနေဆဲဖြစ်ပြီး အဝတ်အစား ပြောင်းလဲလိုက်သည်နှင့် သူ့စိတ်ကို မပြောင်းလိုက်ပေ။ ယင်းသည်ကား ကောင်းသည့်အခြင်းအရာပင်။ သည်အတိုင်းဆိုလျှင် နောက်ပိုင်း ဝမ်လော့ရှန်းနှင့်ပတ်သက်မှုအား အားစိုက်စရာမလိုဘဲ အပြီးအပြတ် ဖြတ်တောက်ပစ်နိုင်မည်ပင်။ 

ဆုဝန်လုပ်သည့် ညလယ်စာအား စားပြီးသည့်နောက် လီရှန့်နှင့် ဝမ်လော့ရှန်းတို့သည် သွမ့်ကျင်းထျန်အား နှုတ်ဆက်စကားဆိုလိုက်ကြသည်။

သွမ့်အိမ်တော်တံခါးမကြီးမှ ထွက်ခွာလာပြီးနောက် လီရှန့်က ဝမ်လော့ရှန်းနှင့် လမ်းခွဲသွားရန် စိတ်ကူးမရှိခဲ့ပေ။ လီရှန့်သည် ဝမ်လော့ရှန်း သွားသည့်လမ်းအတိုင်း လိုက်လျှောက်နေဆဲဖြစ်၏။

လီရှန့်ကပြောလာ၏

" ဆုဝန်က ဒီရက်တွေမှာ ကြာလေပိုလှလာလေပဲလို့ ညီနောင်ဝမ်မထင်ဘူးလား"

ဝမ်လော့ရှန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

" ဆုဝန်က တကယ်ကိုပဲ ပိုလှလာပါတယ်။ ဒါပေမဲ့ သန့်စင်မွန်မြတ်တယ်တော့ မဟုတ်ပါဘူး။ သူက ဒီအတိုင်း ရိုင်းစိုင်းတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။ ဘယ်လိုလုပ် သန့်စင်မွန်မြတ်တယ်ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်မှာလဲ "

ဝမ်လော့ရှန်း၏ နှလုံးသားထဲတွင်တော့ ချင်းယွင်ကောင်တီအတွင်း၌ ယန်ယွင်ရန် တစ်ဦးတည်းကသာလျှင် သန့်စင်မြင့်မြတ်သည်ဟူသော စကားလုံးနှင့် ထိုက်တန်လေသည်။ 

ဆုဝန်၏ကိုယ်ပေါ်တွင် စျေးတွက်မှု များလွန်းသည်။ အပြင်လူများက မသိကြပေ။ သူသာလျှင် ဆုဝန်မည်မျှ စိတ်ရှုပ်စရာကောင်းမှန်း သိသည်ပင်။ ဆုဝန်သည် သူ့ကို မည်သို့ စာလေ့လာရမည်ဖြစ်ကြောင်း အမြဲပြောလေ့ရှိ၏။ ပြောရမည်ဆိုလျှင်တော့ ရယ်ဖွယ်ကောင်းလှသည်။ ဆုဝန်သည် မည်သည့်သဘောတရားကိုမှ နားမလည်ပါဘဲ စာလုံးအနည်းငယ်ကို သိရုံမျှဖြင့် သူကဲ့သို့ တကယ့်ပညာတတ်တစ်ဦးကို သင်ပြပေးသည်မှာ အမှန်တကယ်ပင် ရယ်ဖွယ်ကောင်းလှသည်။ 

ထို့အပြင် ဝမ်လော့ရှန်း၏နှလုံးသားထဲ၌ ဆုဝန်သည် အိမ်မှုကိစ္စများကို လုပ်ရန်သာ သင့်တော်သည့် ကလေးမတစ်ဦးဖြစ်၏။

လီရှန့်က ပြောလိုက်၏။

" ကျွန်တော်ကတော့ မိန်းကလေးဆုဝန်က မွန်မြတ်သန့်စင်တယ်ဆိုတဲ့စကားလုံးနဲ့ အထိုက်တန်ဆုံးလို့ပဲ ထင်တယ်။ မိန်းကလေးဆုဝန်ချက်တဲ့ဟင်းတွေက သွမ့်အိမ်တော်က စားတော်ကဲခေါင်းဆောင်ချက်တဲ့ ဟင်းတွေထက်တောင် ပိုကောင်းသေးတယ်။ ဒီလိုပညာသားပါတဲ့ ပင်ကိုစရိုက်မျိုးက သာမန်မိန်းကလေးတွေမှာ ရှိနိုင်တာမျိုး မဟုတ်ဘူးလေ"

လီရှန့်က ထပ်ပြောလာသေးသည်။

" အနာဂတ်မှာ မိန်းကလေးဆုဝန်ကို ဇနီးအဖြစ် လက်ထပ်ယူနိုင်ဖို့ လုံလောက်တဲ့ ကံကောင်းမှုရှိတဲ့သူက သုံးဘဝစာ ကုသိုလ်ကံတွေ ရှိလို့ပဲ"

ဝမ်လော့ရှန်း၏ စိတ်ထဲတွင် လီရှန့်ကို လှောင်ရယ်နေမိသည်။ သူ မနှစ်သက်သည့်ပစ္စည်းအား လီရှန့်က သုံးဘဝကုသိုလ်ကံဟု ထင်မြင်နေလျက်ရှိ၏။ 

ဝမ်လော့ရှန်းက ပြောလိုက်၏။

" ဆုဝန်က သာမန်မိန်းကလေးပါပဲ။ ချင်းယွင်မြို့ထဲမှာ အများကြီးပဲရှိတာမျိုး။ ခင်ဗျား သူ့ကို ဒီလို ချီးကျူးစရာမလိုပါဘူး"

လီရှန့်က ပြုံးလိုက်ပြီး ဝမ်လော့ရှန်း၏စကားအား ထပ်မံမချေပလာခဲ့ချေ။

" ညီနောင်ဝမ်၊ ဆုဝန်ရဲ့မိဘတွေ ဒါမှမဟုတ် ဦးလေးဝမ်နဲ့ အဒေါ်ဝမ်က  သူ့ကို အိမ်ထောင်ချပေးဖို့များ စီစဥ်ထားကြသေးလားမသိဘူး"

လီရှန့်သည် ဆုဝန်ကို သဘောကျနေခြင်းဖြစ်ကြောင်း ဝမ်လော့ရှန်း နားလည်ပေ၏။ ပြောရမည်ဆိုပါလျှင် ဆုဝန်သည် မကြာမီ ဆယ့်ငါးနှစ် ပြည့်တော့မည်ဖြစ်ရာ အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်တော့မည်ဖြစ်သည်။ 

ဝမ်လော့ရှန်းက ခေါင်းယမ်းလိုက်ကာ 

" မရှိဘူး။ ဆုဝန်ကို စေ့စပ်ကြောင်းလမ်းမပေးရသေးဘူး"

သူပြန်ရောက်လျှင် ဆုဝန်နှင့်သူ၏ စေ့စပ်ကြောင်းလမ်းမှုအား အပြင်လူများအား မပြောရန် သူ့မိဘများအား ပြောပြရမည်ဖြစ်ကြောင်း ဝမ်လော့ရှန်းတွေးလိုက်၏။ 

ဆုဝန်တွင် ရည်ရွယ်ထားသူ မရှိကြောင်းသိရမှ လီရှန့်မှာ စိတ်အေးသွားရသည်။ သူ့အတန်းဖော်များအားလုံးက စာဖတ်နိုင်၊ ကဗျာရွတ်နိုင်သည့်မိန်းကလေးမျိုးကို သဘောကျကြ၏။ မူလကတော့ လီရှန့်မှာ သူသည်လည်း ထိုသို့သောမိန်းကလေးတစ်ယောက် ရှာသင့်သည်ဟု တွေးခဲ့သည်ပင်။ 

လီရှန့်၏မိသားစုက ဆင်းရဲသည်ဆိုသော်ငြား လီရှန့်မှာမူ ချောမောတင့်တယ်၏။ ဝမ်လော့ရှန်း စာမေးပွဲတွင် ပထမမရခင်တုန်းက လီရှန့်သည် ဝမ်လော့ရှန်းထက် အမြဲအဆင့်ကောင်းခဲ့သည်ပင်။ ချင်းယွင်ကောင်တီရှိ လူတိုင်းက လီရှန့်စာတော်သည်ကို သိကြ၏။

ယခုထိတိုင် လီရှန့်သည် ဝမ်လော့ရှန်းထက် ပိုကျော်ကြားနေသေး၏။ ယင်းမှာလည်း ဝမ်လော့ရှန်းအား ခံရခက်စေသည့် အချက်တစ်ချက်ဖြစ်ပေ၏။

လီရှန့်နှင့် သိကျွမ်းသည့်မိန်းကလေးအများစုမှာ လီရှန့်ကို အတော်လေး သဘောကျနှစ်သက်ကြ၏။ လူကုံထံမိသားစုမှလူတချို့ကပင် လီရှန့်၏မိခင်ဖြစ်သူအား သူတို့၏သမီးနှင့် လီရှန့်ကို စေ့စပ်ကြောင်းလမ်းပေးချင်ကြောင်း တိုးတိုးတိတ်တိတ် လာပြောခဲ့ကြသည်။ 

လီရှန့်၏မိသားစုက တစ်ခါကိုမျှ လက်မခံခဲ့ချေ။ ပထမတစ်ချက်အနေဖြင့် လီရှန့်တို့မိသားစုမှာ သူတို့ဆင်းရဲကြောင်း သိကြ၏။ အကယ်၍ ချမ်းသာသည့်မိသားစုမှ မိန်းကလေးနှင့် လက်ထပ်လိုက်ပါလျှင် အဆင့်အတန်းချင်း ကိုက်ညီမည် မဟုတ်ပါချေ။ ပြီးလျှင် သတို့သမီးအိမ်ဘက်မှ ထိန်းချုပ်မှုကို မလွဲမသွေ လက်ခံရမည်ဖြစ်၏။ ဒုတိယအချက်အနေဖြင့် လီရှန့်သည် ထိုမိန်းကလေးများအပေါ် ခံစားချက် လုံးဝ မရှိသောကြောင့်ပင်။ 

သို့ပေသိ ထူးဆန်းသည်မှာ ဆုဝန်ကို အကြိမ်ရေအနည်းငယ်မျှတွေ့ပြီးနောက် လီရှန့်မှာ ဆုဝန်အပေါ် နှစ်သက်သည့်ခံစားမှုများ တိုးလာခဲ့သည်။ လီရှန့်မှာ ဆုဝန်ကဲ့သို့ မည်သည့်စာအုပ်စာပေကိုမျှ ဖတ်ရှုဖူးခြင်းမရှိသည့် မိန်းကလေးတစ်ဦးကို သဘောကျသွားလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပါချေ။

လီရှန့်နှင့် ဝမ်လော့ရှန်းတို့ ထွက်သွားပြီးနောက် သွမ့်ကျင်းထျန်သည် ဆုဝန်ညလယ်စာယူပြီး ဝင်လာခဲ့သည့် ပုံစံအား တွေးနေမိသည်။ ဆုဝန်သည် ရိုးရိုးရှင်းရှင်းသာ ဝတ်စားထားသော်လည်း နတ်ဘုရားတစ်ပါးအသွင် ဆောင်လျက်ရှိ၏။

ဆုဝန်မှာ အမှန်တကယ်ပင် ချင်းယွင်ကောင်တီမှ မိန်းကလေးအားလုံးထက် လှပပေ၏။

ဝမ်လော့ရှန်းသည် ဆုဝန်ကို တစ်လမ်းလုံး မုန်းတီးလာသော်လည်း ရှုပ်ပွနေသည့်အိမ်သို့ ပြန်ရောက်သောအခါ သူ၏နှလုံးသားထဲတွင် ဆုဝန်အား စတင်တမ်းတမိလာရ‌လေသည်။

ဆုဝန်ရှိခြင်း၏ ကောင်းကွက်မှာ အိမ်တွင် အလုပ်လုပ်မည့်သူ ရှိနေခြင်းပင်။ သူသည် လုံးဝ အသုံးမဝင်ခြင်းတော့ မဟုတ်ပါချေ။

ဆုဝန်မှာ လဝက်စာလစာ ပေးရန် ကျန်နေသေးသည်။ အဲဒီအချိန်ကျ အိမ်တွင်အလုပ်လုပ်ရန် အစေခံကောင်မလေး သို့မဟုတ် အဒေါ်ကြီးတစ်ဦး ငှားရမ်းလိုက်ပါလျှင် သူတို့ ထိုမျှ ခံစားရတော့မည်မဟုတ်ပေ။

ဝမ်လော့ရှန်းသည် ဆုဝန်ကို အစေခံကောင်မလေးများ၊ အဒေါ်ကြီးများနှင့် အတူတူပဲဟု တွေးထားသည်ပင်။ အစေခံကောင်မလေး သို့မဟုတ် အဒေါ်ကြီးတစ်ဦး ငှားရမ်းလိုက်ခြင်းက မိသားစုနှင့် သူကြုံတွေ့နေရသည့် အခက်တွေ့မှုများအားလုံးကို ဖြေရှင်းနိုင်မည်ပင်။

ပင်ပန်းနေပြီဖြစ်သောဝမ်လော့ရှန်းမှာ အိမ်သို့ ပြန်ရောက်ပြီးနောက် ကြိတ်ဆုံရုံတွင် နှစ်နာရီကြာ အလုပ်သွားလုပ်ရပြန်သည်။ မလုပ်၍ မရပါချေ။ ဝမ်အဖေတွင် ဖခင်ဂုဏ်ရှိပြီး သားတစ်ယောက်အနေဖြင့် ဝမ်လော့ရှန်းမှာ မနာခံဘဲမနေရဲပေ။

ဝမ်လော့ရှန်းမှာ ကြိတ်ဆုံရုံ၌ အိတ်ပေါင်းများစွာကို သယ်ပြီး၍ ပြန်‌လာချိန်တွင် ဝမ်ရှီးက ဆီးကြိုကာ ပြောတော့သည်။ 

" လော့ရှန်း၊ အမေတို့အိမ်ကတော့ မနက်ဖြန် အစေခံရှာမှဖြစ်တော့မယ်။ အစေခံသာ မရှာဘူးဆိုရင် အမေတို့ဘဝကြီးက ခက်ခဲနေတော့မှာ"

ဝမ်လော့ရှန်းက မျက်လုံးပင့်လိုက်သည်။ အခန်းသည်ကား ရှုပ်ပွနေလျက်။ စားပွဲတွင်လည်း အစားအစာ အကြွင်းအကျန်များ အပြည့်ဖြင့်။ ပန်းကန်ပြားနှင့် ပန်းကန်လုံးများမှာ ဖရိုဖရဲပြန့်ကျဲကာ ကြမ်းပေါ်တွင်လည်း အမှိုက်မျိုးစုံရှိနေခဲ့၏။ 

ဝမ်လော့ရှန်းမှာ သူ့အမေနှင့် ညီမလေးကို စိတ်ထဲတွင် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ မိန်းမများအနေဖြင့် သူတို့သည် ဤအရာများကို ‌ကောင်းကောင်းဖြေရှင်းနိုင်သင့်ပေသည်။ ဘယ်လိုများ အိမ်ကို ထိုမျှ ရှုပ်ပွနေအောင် ထားနိုင်ရပါသနည်း။

သို့ပေသိ ဝမ်လော့ရှန်းသည် သူ့အမေနှင့် ညီမလေး၏အကျင့်ကို ကောင်းစွာနားလည်ထား၏။ သူတို့နှစ်ယောက်မှာ အမှန်ပင် ယင်းအား မဖြေရှင်းနိုင်ပေ။ သူတို့ အစေခံတစ်ဦးအား အမြန်ဆုံး ရှာဖွေရတော့မည့်ပုံပေါ်၏။ 

တခြားကိစ္စများကို မဆိုထားနှင့်၊ ဝမ်လော့ရှန်းတွင် ဝတ်ဆင်ရန် သန့်ရှင်းသည့်ဝတ်စုံပင် မရှိချေ။ အကယ်၍ သူ ထိုညစ်ပေနေသည့် အဝတ်အစားများကို နောက်တစ်ကြိမ် ကျောင်းတော်သို့ ထပ်ပြီး ဝတ်သွားမည်ဆိုလျှင် သူ့အတန်းဖော်များ၏ အထင်သေးခြင်းကို ကျိန်းသေပေါက်ခံရပေလိမ့်မည်။

ဝမ်လော့ရှန်းက ပြောလိုက်သည်။

" ဒါဆိုလည်း အစေခံရှာကြတာပေါ့"

ဝမ်ရှီးက ပြောလိုက်၏။

" ဒါဆို မနက်ဖြန်ကျ အမေစျေးသွားပြီး အစေခံတစ်ယောက်ရှာလိုက်မယ်။ ဆုဝန်ရဲ့လစာက အိမ်မှာ အစေခံငှားဖို့လောက်ပါတယ်" 

ဆုဝန်၏လခများ မရသေးမီမှာပင် ဝမ်ရှီးသည် ဆုဝန်၏လစာများကို သုံးပစ်ရန်အတွက် ကြံစည်နေချေပြီ။

ဝမ်လော့ရှန်းမှာ မျှော်လင့်ချက်ရှိလာပြီဟု ခံစားလိုက်ရသည်။ သူသည် ထိုကဲ့သို့ ဗရမ်းဗတာဘဝမျိုးဖြင့် ကြာကြာမနေချင်ပင်။

ညစ်ပတ်နေသည့် အဝတ်အစားအပုံထဲမှ ဝမ်လော့ရှန်းသည် သိပ်မညစ်ပတ်လှသည့်ဝတ်စုံတစ်စုံကို ရှာဖွေလိုက်ပြီးနောက် ယင်းအား မနက်ဖြန် ကျောင်းတော်သို့ဝတ်သွားရန် ထုတ်ယူလိုက်၏။ 

ဝမ်လော့ရှန်းမှာ ဒီရက်ပိုင်းအတွင်း စာလေ့လာချိန် သိပ်မရဟု ခံစားနေရသည်။ အကယ်၍ သည်အတိုင်း ဆက်သွားပါက ဒီလစာမေးပွဲတွင် လီရှန့်က သူ့ကို ကျော်တက်သွားပေတော့မည်။ 

ထိုသို့စဥ်းစားမိသည်နှင့် ဝမ်‌လော့ရှန်းမှာ တုန်လှုပ်သွားရသည်။ အိမ်တွင် အစေခံတစ်ယောက် ရှာပြီးပါက သူ့ကိုယ်စား အစေခံလေးကို ကြိတ်ဆုံရုံသို့ သွားလုပ်ခိုင်း၍ ရပြီဖြစ်၏။ သူသည်တော့ ဒီရက်ပိုင်းအတွင်း လွတ်သွားခဲ့သော သင်ခန်းစာများကို အလျင်အမြန် ပြန်လည်ဖာထေး လေ့လာနိုင်ပြီဖြစ်၏။ 

ဒုတိယမနက်စောစောတွင် ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည် ဝတ်စားပြင်ဆင်၍ ရောင်းဝယ်ဖောက်ကားသည့် ရန်မာစျေးသို့ သွားကာ အစေခံငှားတော့သည်။ 

အိမ်မှထွက်သည်နှင့် လမ်းပေါ်ရှိ တခြားအိမ်နီးချင်းများက ဝမ်သားအမိနှစ်ယောက် သပ်သပ်ရပ်ရပ် ဝတ်စားပြင်ဆင်ပြီး ထွက်လာသည်ကို တွေ့သွားကြ၏။ သို့ဖြစ်ရာ သူတို့က လှမ်းနှုတ်ဆက်၍ ဘာသွားလုပ်ကြမလဲဆိုသည်ကို မမေးဘဲ မနေနိုင်တော့ချေ။ 

ဝမ်ရှီးသည် သူ၏လေသံကို အတတ်နိုင်ဆုံး ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစား၍ "အို၊ အိမ်မှာ လုပ်စရာအလုပ်တွေ အများကြီးပဲမလား။ အဲဒါကြောင့် ထွက်ပြီး အစေခံငှားမလို့လေ"

ဤလမ်းထဲတွင် နေထိုင်ကြသူများမှာ မဆင်းရဲသလို ချမ်းလည်းမချမ်းသာကြပေ။ ရှာသည့်ငွေမှာ ဝတ်ဆင်၊ စားသောက်ဖို့အတွက် လုံလောက်ရုံမျှပင်။ အစေခံငှားရန်ငွေတော့ ဘယ်မှာရှိလိမ့်မည်နည်း။

ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့ အစေခံရှာသည့်အကြောင်း ကြားသော် အိမ်နီးချင်းများမှာ အားကျသွားကြတော့သည်။ ဝမ်မိသားစု၏ နေထိုင်မှုဘဝသည်ကား ကောင်းမွန်ပေစွ။ 

မနှစ်တုန်းက ဝမ်လော့ရှန်းမှာ ပညာတတ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ သို့ဖြစ်လေရာ ဝမ်မိသားစုသည် အခွန်ငွေပေးဆောင်စရာ မလိုချေ။ သည်နှစ်တွင်တော့ အစေခံပင် ငှားနိုင်ပြီဖြစ်၏။

လူချင်းတူပေမဲ့ ကွာခြားလွန်းလှပေသည်။

လမ်းလျှောက်သွားရင်း အိမ်နီးချင်းများ၏ အားကျသည့်အကြည့်များအား ခံစားမိသည်ကြောင့် ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့မှာ ဂုဏ်‌မောက်စွာ ခေါင်းမော့ရင်ကော့လိုက်ကြ၏။

ယနေ့ သူတို့သည် ရန်မာစျေးသို့ အစေခံရှာရန် ထွက်လာခဲ့ခြင်းပင်။ ဘယ်သူလူမျိုးကများ ရန်မာစျေးသို့ အစေခံ သွားရှာလိမ့်မည်နည်း။  ကျိန်းသေပေါက် လူထဲကလူများပင် သွားနိုင်ခြင်းပင်။

ဝမ်ရှီးနှင် ဝမ်လော့ရွှယ်တို့သည် ရင်ထဲတွင် ဟန်ကြီးဟန်ကြီး လုပ်တတ်သည့်စိတ်များ ကိန်းအောင်းနှင့်ပြီး ဖြစ်၏။

သူတို့ ရန်မာစျေးလမ်းဆုံသို့ ရောက်သည့်အချိန်တွင် လမ်းဆုံ၌ မြင်းလှည်းများ ရပ်ထားလျက်ရှိပြီး ကောင်းမွန်စွာ ဝတ်စားထားသည့် ကတော်များ၊ သခင်မလေးများမှာ မြင်းလှည်းများပေါ်မှ အစေခံများ၏ အကူအညီဖြင့် ဆင်းလာကြသည်ကို မြင်လိုက်ရ၏။ ကတော်များနှင့် သခင်မလေးများသည် မြင့်မြတ်၊ တင့်တယ်သည့် ကိုယ်နေဟန်ထားများရှိကြပြီး အစေခံ‌ ရွေးချယ်ရန် လာကြခြင်းဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည် ကိုယ့်ကိုယ်ကိုယ် ထိုကတော်များ၊ သခင်မလေးများနှင့် တူညီသည့်လူများဟု သတ်မှတ်ထားသည်ပင်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤနေရာသို့ အစေခံ ရွေးချယ်ရန် လာခဲ့ကြသည်ဖြစ်ရာ သူတို့အတိုင်း လိုက်လုပ်ရမည်ပင်ဖြစ်၏။ 

ထို့သို့တွေးမိသွား၍ သားအမိနှစ်ယောက်၏ကျောပြင်များမှာ ပိုလို့ပင် ဆန့်တန်းသွားတော့သည်။

...