Ch 14
Viewers 2k

အခန်း (၁၄)

ဝမ်ရှီး၏ စကားများသည် ရယ်သွမ်းဖွယ်ကောင်းလှသည်။ သူမပြောပုံအရ ဤတာဝန်များသည် လွယ်ကူသည်ဖြစ်စေ၊ ခက်ခဲလေးလံသည်ဖြစ်စေ သူမကိုယ်ပိုင်အကျိုးအမြတ်ပေါ် မူတည်ပြီး သူမစကားလုံးများက ပြောင်းလဲနေတာဖြစ်သည်။ 

သူမ ကူညီနိုင်မည့် ရည်ရွယ်ချက်မရှိမှန်း သိပြီးနောက် အမျိုးသမီးဝမ်သည် အသံကိုပြောင်းလိုက်ကာ 

“သမီးအမေ့ကို ဒီအလုပ်လေးတွေ အရင်ဆုံး ကူညီပေးပါကွယ်။ တစ်လနေရင်လေ ဆုဝန်လစာရလာတဲ့အခါ တို့မိသားစုအလုပ်တွေကိုလုပ်ဖို့ အစေခံတစ်ယောက်ခန့်လိုက်မယ်။ အဲ့အချိန်ကျရင် သမီးပုံမှန် သက်သောင့်သက်သာဘဝလေးမှာ ဆက်နေလို့ရပြီလေ။ ဒါပေမဲ့ ဒီလတော့ တို့တွေ သည်းခံရမယ်လေ နော်”

ဝမ်လော့ရှန်းသည် စိတ်မပါလက်မပါဖြင့် အိမ်တိုက်ရန် အဝတ်စုတ်ကို ကောက်ယူလိုက်သည်။ သူမသည် အိမ်အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်မည် ဖြစ်ပြီး သူမအမေက ခြံအပြင်ဘက်ကို သန့်ရှင်းရေးလုပ်မည် ဖြစ်သည်။ အပြင်ဘက်တွင် နေက ပြင်းပြင်းထန်ထန် ပူ၍နေသည်။ 

အိမ်ထဲသို့ ဝင်လိုက်သောအခါ ဖုန်အလွှာလိုက်ကြီးသည် ပရိဘောဂများပေါ်တွင် တင်၍နေသည်။ သူမအခန်းနှင့် သူမမိဘတွေ အခန်းတွင် ရှုပ်ပွနေသော အဝတ်အစားများက ပုံအောနေသည်။ ထိုအဝတ်များကို အရင်ရှင်းရမည်လော၊ ဖုန်များကို အရင်သုတ်ရမည်လော သူမ မသိတော့။ ထိုခံစားချက်ကြီးက သူမရင်ထဲသို့ ဝင်လာသည်။ 

သူမသည် အဝတ်များကို နေ့စဥ်လဲကာ ထိုလဲထားသောအဝတ်များကို အိပ်ရာဘေးက ခုံပေါ်တွင် တင်ထားလေ့ရှိသည်။ ဆုဝန်သည် ထိုညစ်‌ပေနေသောအဝတ်များကို ယူပြီး လျှော်ဖွတ်ရသည်၊ သန့်ရှင်းရသည်၊ ထို့‌နောက် ခေါက်သိမ်းပေးရသည်။ ထိုအလုပ်များကို သူမကိုယ်တိုင် ယခင်က တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ 

အဝတ်များသည် ညစ်တော့မညစ်ပတ်ပေ။ လျှော်စရာတော့ မလိုသော်လည်း တွန့်ကြေနေသည်။ ထိုအဝတ်များကို ဗီရိုထဲသို့ ပြန်ထည့်သိမ်းရန် မသင့်တော်ချေ။ အချိန်အတော်အကြာစဥ်းစားပြီးနောက် သူမသည် အဝတ်များကို ထပ်လျှော်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အဝတ်များကို တစ်ခါတည်းနှင့် ပြန့်သွားစေရမည်။ 

သူမအဝတ်လျှော်သည့် ဇလုံနားသို့ ရောက်သောအခါ ဇလုံသည် ညစ်ပေနေ‌သော အဝတ်များနှင့် ပြည့်နေပြီး အနံ့ကလဲ ဆိုးလှလေသည်။ ထို့ကြောင့် ဝမ်လော့ရွှယ်သည် အဝတ်များကို ခေါက်ကာ ဗီရိုထဲသို့ သာ ပြန်ထည့်လိုက်ရသည်။ 

အိမ်၏ ဟိုဟိုဒီဒီကို သန့်ရှင်းရေးလုပ်ရသည်မှာ တနေကုန်ပေသည်။ သူမသည် ကြားထဲတွင် အမျိုးသမီးဝမ်ချက်သော ဆားငန်နေသည့်ဟင်းကိုသာ စားရသေးသည်။ ထို့နောက် ကျန်သောနေရာများကို ထပ်မံ သန့်ရှင်းရေးလုပ်ရသည်။ 

မနက်ပိုင်းတွင် ဝမ်လော့ရွှယ်နှင့် အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ မိန်းကလေးအချို့က ချင်းယွင်ကောင်တီကို အတူတူသွားရန် လာခေါ်ကြသည်။ သူမသည် အိမ်သန့်ရှင်းရေး လုပ်ချင်သောကြောင့် ဂိတ်ပေါက်ဝ၌ပင် မလိုက်နိုင်ဟု ငြင်းလိုက်သည်။ 

မိန်းကလေးများသည် ခြံဝန်းထဲသို့ မဝင်ကြပေ။ သို့သော် ဂိတ်ပေါက်ဝမှ ကြည့်လျှင်ပင် ဝမ်မိသားစုခြံဝန်းသည် ယခင်ကကဲ့သို့ သန့်ရှင်းပြီး သပ်ရပ်မနေပေ။ မိန်းကလေးများသည် အထူးအဆန်း ဖြစ်နေကြသည်။ ပုံမှန်ရက်များတွင် ဝမ်မိသားစု၏ခြံဝန်းသည် အလွန်သန့်ရှင်းသည်။ ယနေ့ ဘာတွေဖြစ်သွားသနည်း။ သို့သော် လူနည်းစုတို့သည် ဘာမှတော့မပြောကြ။ ဤသည်မှာ ရှားပါးပြီး ဖြစ်တတ်သော သဘောမျိုးဖြစ်သည်။ 

ဝမ်လော့ရွှယ်သည် အပြင်သွားဖို့အချိန် မရှိပေ။ ထို့ကြောင့် မိန်းကလေးများသည်သာ အတူတူသွားကြပေသည်။ 

အမျိုးသမီးဝမ်သည်လည်း တစ်နေ့လုံး အလုပ်လုပ်သည်။ နေ့လယ်ဘက်တွင်မူ သူမနှင့်အတူ ကျော်ကြားသော အိမ်ထောင်ရှင်မများ လာခေါ်သည်ကို ငြင်းလိုက်ရသည်။ 

အမျိုးသမီးဝမ်သည် ထိုအိမ်ထောင်ရှင်မများအနက် အလှပဆုံးဖြစ်သည်။ 

အမျိုးသမီးဝမ်ကြောင့် ဝမ်လော့ရွှယ်သည် သက်သာသော အိမ်အလုပ်များကို လုပ်ရသည်။ ဆုဝန်ကမူ ကြမ်းတမ်းခက်ခဲသော အိမ်အလုပ်များကို လုပ်ရသည်။ သူမကမူ ဘာမှ လုပ်စရာမလိုပေ။ 

အမျိုးသမီးဝမ်က ဆုဝန်သည် တံမြက်လှည်း၊ အဝတ်လျှော်စသော အလုပ်ကြမ်းများကို လုပ်ရပြီး ဝမ်လော့ရွှယ်က ချည်ထိုးပန်းထိုး၊ ချက်ပြုတ်ခြင်း စသည့် သက်သာသောအလုပ်များ လုပ်ရခြင်းမှာ ဝမ်လော့ရွှယ်သည် အလုပ်ကြမ်းနှင့် သက်သာသောအလုပ်နှစ်ခုလုံးကို ခွဲခြားသိကာ လုပ်နိုင်ပြီး၊ ဆုဝန်ကမူ အလုပ်ကြမ်းသာ လုပ်တတ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

အမျိုးသမီးဝမ်သည် သူမတို့ကိုယ်ပိုင် သီးနှံကြိတ်ခွဲရုံမှ ပိုက်ဆံအမြောက်အမြားရသောကြောင့် မိသားစုသည် ဘာကိုမှစိတ်မပူဘဲ စားနိုင်သောက်နိုင်ပြီး၊ ဝမ်လော့ရှန်း၏ ပညာရေးကိုလဲ ထောက်ပံ့ပေးနိုင်သည်ဟုဆိုသည်။ 

ထိုအမျိုးသမီးများသည် အမျိုးသမီးဝမ်၏ ကြွားဝါမှုကို မနှစ်မြို့ကြသော်လည်း မနာလိုအားကျမှုကိုတော့ မရပ်တန့်နိုင်ကြချေ။ ဝမ်အမျိုးသမီး၏ဘဝသည် ကောင်းမွန်လွန်းသောကြောင့် ဖြစ်သည်။ 

ဝမ်မိသားစု သီးနှံကြိတ်ခွဲရုံက ပိုက်ဆံရသည်။ ဝမ်လော့ရှန်းသည် ပညာကောင်းကောင်းသင်ယူနေပြီး ပညာသင်ကျောင်းသားအဖြစ် သတ်မှတ်ခံရသည်။ ထို့ကြောင့် များပြားလှသော အဆုံးမရှိသည့် စမ်းချောင်းသဖွယ်လူများက ဝမ်လော့ရွှယ်အား လက်ဆက်ရန် လာကြလေသည်။ 

ဝမ်‌လော့ရွှယ်သည် အိမ်တွင်းအလုပ်များကိုလုပ်၍ ဆုဝန်က အိမ်ပြင်အလုပ်များကိုလုပ်သည်။ ဝမ်အမျိုးသမီး၏ ဘဝသည် လွယ်ကူ၍ သက်သောင့်သက်သာရှိလှသည် မဟုတ်ပါလော။ 

ခြံဝန်းထဲတွင် အမျိုးသမီးဝမ်အလုပ်များနေသည်ကို ကြည့်၍ စကားများသော အမျိုးသမီးများထဲမှ တစ်ယောက်က “ဝမ်အမေ ဒီတစ်ခေါက် ဆုဝန်သွားတာနဲ့ပဲ အလုပ်ကြမ်းတွေအားလုံးကို ကိုယ်တိုင် လုပ်နေရတာလား”  ရွာသားများအားလုံးသည် ဆုဝန်က သွမ့်အိမ်တော်သို့ အလုပ်လုပ်ရန်သွားကြောင်း သိကြပြီးဖြစ်သည်။ သို့သော် ချက်ပြုတ်ရန် သွားမှန်းတော့ မသိကြပါ။ အလုပ်ကြမ်းလုပ်ရန် သွားသည်ဟုသာ ထင်ကြတာဖြစ်သည်။

အမျိုးသမီးဝမ်မ ခပ်တည်တည်နှင့် “ဒါတွေ ငါကိုယ်တိုင်လုပ်စရာ မလိုပါဘူး။ နောက်ရက်အနည်းငယ်အတွင်း မိန်းကလေးတစ်ယောက် ငှားတော့မှာလေ။ ဟုတ်တယ်။ ငါလဲ အလုပ်လုပ်ခိုင်းဖို့ မိန်းကလေးတစ်ယောက်လောက်တော့ တကယ်လိုချင်နေတာ” သူမက ဆက်ပြောသည်။ 

“ပထမဆုံးအနေနဲ့ ငါ့အိမ်က ကြိတ်ခွဲစက်က ငွေလဲဝင်တယ်လေ၊ နောက် ဒုတိယအနေနဲ့ ပညာသင်ကျောင်းသားလေး ငါ့သားဝမ်လော့ရှန်းက ငါ့ကို ဒီလို အလုပ်ကြမ်းမျိုး မလုပ်စေချင်ဘူးတဲ့လေ။ ဆိုတော့ကာ အစေခံ မိန်းကလေး တစ်ယောက်လောက်ကတော့ ရှာကို ရှာရမယ်” ဝမ်အမျိုးသမီးသည် ဦးစွာ သူမတို့မိသားစု၏ စည်းစိမ်အကြောင်းကိုကြွားသည်။ ထို့နောက် ဒုတိယအနေနှင့် ဝမ်လော့ရှန်းသည် ပညာသင်ကျောင်းသားဖြစ်ကြောင်းကို ကြွားပြီး၊ တတိယအနေနှင့် ဝမ်လော့ရှန်း၏ သားသမီးဝတ္တရားကျေပွန်ပုံကိုကြွားပြောပြီး၊ နောက်ဆုံး ဝမ်လော့ရှန်းက အိမ်တွင် အစေခံမိန်းကလေးတစ်ဦးထားရန် ရှာနေကြောင်း ကြွားပြောလေသည်။ 

ခဲတစ်လုံးနှင့် ငှက်လေးကောင် ပစ်လိုက်ခြင်းပင်။ 

အမျိုးသမီးများသည် ထိုစကားများကို ကြားသောအခါ ချဥ်သွားပြီး မနာလိုဝန်တို ဖြစ်ကုန်ကြသည်။ 

ဝမ်မိသားစုသည် ဤသို့သောဘဝတွင် နေခြင်းဖြစ်သည်။ သူတို့ဘဝ၊ သူတို့ သားသမီးများနှင့် မတူ၊ သူတို့သည် အိမ်တွင်း အိမ်ပြင် ကိစ္စအဝဝကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကြရပေသည်။ 

လူချင်းအတူတူကို ဘဝချင်း အဘယ်ကြောင့် ကွာခြားနေရပါသနည်း။ 

အမျိုးသမီးများထဲမှ တစ်ဦးဖြစ်သူ အမျိုးသမီးဆန်သည် အလွန်ချဥ်သွားပြီး ပြောလိုက်သည်။ “ ဆုဝန်က အလုပ်တွေ အများကြီး မလုပ်ရဘူးလို့ အရင်က ပြောဖူးတယ်မလား။ အဲဒါနဲ့များ ဘာလို့ ဆုဝန်ထွက်သွားတာနဲ့ အစေခံမိန်းကလေးရှာဖို့အတွက်နဲ့ အလုပ်ရှုပ်ခံနေရတာလဲ “

ဝမ်ရှီးသည် တစ်ချက်မျှကြည့်လိုက်ပြီး “ကျွန်မဘာသာ ရှာချင်လို့ရှာတာပါ” 

အမျိုးသမီးဆန်က “နည်းနည်းတစ်မျိုးများ ဖြစ်နေသလားလို့ပါ။ ဆုဝန်က အလုပ်တွေအများကြီး မလုပ်ရဘူးဆိုရင် အစေခံတစ်ယောက်ရှာပြီး ပိုက်ဆံအများကြီး သုံးဖို့ထိကျ နှမြောဖို့ ကောင်းနေလားလို့” 

ဝမ်ရှီးက မပြုံးမရွှင်ပြန်ပြောသည်။

” ကျွန်မတို့အိမ်ရဲ့ဝင်ငွေက သူများတွေရဲ့ စီးပွားရေးနဲ့ ယှဥ်ရင်တော့ နှမြောဖို့ကောင်းမနေပါဘူး” 

အမျိုးသမီးများသည် ဝမ်အမျိုးသမီးနှင့် ‌တွေ့နေရတာကို မပျော်တော့ပေ။ အခြားအမျိုးသမီးများကမူ အမျိုးသမီးဝမ်နှင့် သူမ၏ အပူအပင်မရှိခံစားနေပုံကို အတင်းအဖျင်းပြောကြသည်။ 

ဝမ်မိသားစု၏ ပညာသင်ကျောင်းသားဖြစ်သူ ဝမ်လော့ရှန်းကို ချင်ရှီရွာသားများသာမက ချင်ယွန်ကောင်တီက လူများကပါ ဝမ်မိသားစုနှင့် ဝမ်‌လော့ရှန်းကို လေးစားကြသည်။ 

ထို့ကြောင့် ဤရွာမှလူများဖြစ်သည့် အမျိုးသမီးများသည် ဝမ်မိသားစုအပေါ် မစော်ကားဝံ့ပေ။ 

ဝမ်မိသားစုအိမ်တော်နှင့် အဝေးရှိလမ်းတစ်လျှောက်တွင် ထိုအမျိုးသမီးများသည် ဝမ်မိသားစု၏ကောင်းမွန်သော ဘဝနှင့် အစေခံမိန်းကလေးငှားမည်ဟုပြောသည့်အပေါ် သူတို့၏ မနာလိုမှုကို ပြောကြသည်။ 

ထိုအချိန်တွင် အမျိုးသမီးဆန်သည် အမျိုးသမီးဝမ်ကြားလျှင် မကြိုက်မည့် စကားအချို့ကိုပြောသည်။ 

“ငါကတော့ အဲ့ဒီဝမ်မိသားစု အစေခံ မငှားနိုင်လောက်ဘူးလို့ပဲ ထင်တယ်၊ ဝမ်မိသားစု ကြိတ်ခွဲရုံက ဘယ်လောက်ပိုက်ဆံရတယ်ပဲဆိုဆို၊ ဝမ်လော့ရှန်းက စာလုပ်ဖို့အတွက် အချိန်တွေ အများကြီးသုံး နေရတာလေ။ ဆို‌တော့ ဝမ်မိသားစုက အစေခံမိန်းကလေး ခန့်နိုင်မယ်မထင်ဘူး၊ နင်တို့တွေရော” 

ကျန်အိမ်ထောင်ရှင်မများကလဲ ဤအကြောင်းပြချက်ကို လက်ခံကြသည်။ ဝမ်မိသားစုသည် ချမ်းသာသည်။ သို့သော် အစေခံမိန်းကလေး ခန့်ထားနိုင်လောက်သည်အထိတော့ မချမ်းသာပေ။ ထိုသို့ ခန့်ထားနိုင်သည်မှာ တိုင်းပြည်အတွင်းမှ လူချမ်းသာမိသားစုများသာ ခန့်ထားနိုင်ပေသည်။ 

ရွာဇနပုဒ်မှလူများသည် အစေခံများကို မည်သို့ သုံးနိုင်မည်နည်း။ 

သို့သော် ရက်အနည်းငယ်ကြာလျှင်တော့ ဝမ်မိသားစု အစေခံ ခန့်မခန့်ကို မြင်ရမည်ဖြစ်သည်။ သို့မှသာ ဝမ်မိသားစုပြောသော စကားများသည် အမှန်ဟုတ်မဟုတ်ကို သိနိုင်ပေမည်။ 

တစ်နေကုန် အလုပ်များ ပင်ပင်ပန်းပန်းလုပ်ပြီးနောက် အမျိုးသမီးဝမ်သည် အလုပ်တွေ ပြီးသွားသလို ပြင်ဆင်လိုက်သည်။ သို့သော် ညစာစားဖို့အချိန်ရောက်နေပြီဖြစ်သည်။ တစ်နေ့လုံး အားလပ်ချိန်ဟူ၍ပင် မရှိပေ။  

ဝမ်ရှီးသည် သူမတစ်လပင် ခံနိုင်ပါ့မလားဟု တွေးမိသည်။ ဆုဝန်ပိုက်ဆံသာ ရဖို့ မရှိလျှင် သူမသည် မနက်ဖြန်ချက်ချင်းပင် မိန်း‌ကလေးတစ်ယောက် ရှာလိုက်မိမည် ဖြစ်သည်။  

မောပန်းနေသော်လည်း အမျိုးသမီးဝမ်သည် ချက်ပြုတ်ရဦးမည်။ ဝမ်အဖေသည် ကြိတ်ခွဲရုံ၌ တစ်နေ့လုံး အလုပ်များနေတာ ဖြစ်သည်။ အကယ်၍ သူညစာ မစားရလျှင် လူများကို ပတ်ပြီးဆဲရေးတိုင်းထွာနေမည် ဖြစ်သည်။ အမျိုးသမီးဝမ်သည် ထမင်းချက်ရန်ပြင်နေစဥ် ဝမ်အဖေ ပြန်ရောက်လာသည်။ 

ဝမ်အဖေသည် အနည်းငယ် မရောင့်ရဲဖြစ်နေသည်။ ပုံမှန်ရက်များတွင် အစားစားရန်ပြန်လာပြီး‌နောက် ကြိတ်ခွဲရုံသို့ ပြန်သွားလေ့မရှိပေ။ ဆုဝန်သည် မြည်းကိုစီးကာ ကြိတ်ခွဲရုံကို ပြန်သွားပြီး နာရီအနည်းငယ်ကြာ အလုပ်လုပ်ပေးလေ့ရှိသည်။ မိသားစုအတွက် ဝင်ငွေအများကြီး ပိုရပေသည်။ 

ယခု ဆုဝန်အကူအညီ မပါသောအခါ အလုပ်သည် မပြီးမြောက်နိုင်ပေ။ 

ဝမ်အဖေသည် အစားစားရန် ထိုင်လိုက်သည်။ စားလျှင်စားပြီးချင်း သူသည် ဝေါ့ကနဲ အသံထွက်သွားသည်။ ဝမ်အဖေသည် မကျေမနပ်နှင့် “ဟင်းက ငန်လိုက်တာ၊ ဒါကို လူတွေ ဘယ်လိုစားနိုင်မှာလဲ” သူသည် ဆုဝန်ချက်ကျွေးသော အရသာရှိသည့် အစားအစာများကို စားနေကျ ဖြစ်သည်။ သူ့စိတ်ထဲတွင် ဝမ်အမျိုးသမီး၏ အစားအစာသည် ဝက်စာထက်ပင် ပို၍ ဆိုးနေသည်။ 

အမျိုးသမီးးဝမ်သည် အတန်ငယ် စိတ်ဆိုးသွားသော်လည်း မိသားစု၏ အိမ်ထောင်ဦးစီးကိုတော့ မဆန့်ကျင်ဝံ့ပေ။ ဝမ်အဖေသည် ပါးစပ်နှင့်အပြည့် အနည်းငယ်စားပြီးနောက် တူကိုချကာ အိမ်ထဲသို့ ဝင်သွားသည်။ သူ့ညစ်ပတ်နေသော အဝတ်အစားများကိုချွတ်ကာ ကြုံရာကို ပစ်လိုက်သည်။ ထို့နောက် အိပ်ရာထဲသို့ ဝင်သွားလေတော့သည်။ 

မိသားစု၏ ခေါင်းဆောင်ဖြစ်နေသည့်အတွက် ဝမ်အဖေသည် သြဇာအာဏာညောင်းမြဲ ဖြစ်သည်။ ဝမ်မိသားစုသည် စကားတစ်လုံးမှ ပြန်မပြောဝံ့ပေ။ 

ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည် ဤစားမကောင်းသည့် ညစာကို ရေနှင့်မျှောချကာ စားလိုက်ကြရသည်။ ထိုစဥ် ဝမ်အဖေသည် အင်္ကျီမပါဘဲ အခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ကြသည်။ ဝမ်အဖေက “လော့ရှန်းပြန်လာရင် ကြိတ်ခွဲရုံကို တစ်နာရီလောက် လွှတ်လိုက်။ ဆုဝန်မရှိလို့ဆိုပြီး ကြိတ်ခွဲရုံက အလုပ်တွေအကုန် နှောင့်နှေးကုန်လို့မရဘူး”

ဝမ်အဖေ့စိတ်ထဲတွင် ပညာသင်ကြားခြင်းသည် ပျော်ပါးပျော်ရွှင်နေသည်နှင့် တူသည်။ ယခင်က ဆုဝန် ကြိတ်ခွဲရုံ၌ အလုပ်လုပ်နေချိန်တွင် ဝမ်လော့ရှန်းသည် ပျော်ပါးနေနိုင်ခဲ့သည်။ ဆုဝန်မရှိလျှင် ဝမ်လော့ရှန်းသည် မိသားစု၏ ယောက်ျားလေးဖြစ်သည်။ ထို့ကြောင့် သူသည် အမှန်ပင် ကြိတ်ခွဲရုံသို့ သွားရပေမည်။ 

ဝမ်အဖေ စိတ်ထဲ၌ တွေးနေသည်မှာ တစ်ယောက်ယောက်က နာရီအပိုများနေ့စဥ် အလုပ်လုပ်လျှင် သူသည် ပိုက်ဆံအများကြီး မရလျှင်တောင် ပေါင်းလိုက်လျှင် များလာမည် ဖြစ်သည်။ တစ်လလောက် ကြာလျှင် မိသားစုသည် အသားများအများကြီး စားသောက်လာနိင်ပေမည်။ 

လွန်ခဲ့သော နှစ်နှစ်က ဆုဝန် ဝမ်အိမ်တော်သို့ ‌ရောက်မလာခင် ဝမ်လော့ရှန်းသည် နေ့တိုင်း ကျောင်းမှ ပြန်လာသောအခါ ကြိတ်ခွဲရုံသို့ တစ်နာရီထက်ကြာအောင် သွားရောက်ကာ အလုပ်လုပ်ရလေ့ရှိသည်။ ဝမ်မိသားစုနှင့် ဝမ်လော့ရှန်းသည် ဒါကို အကျင့်ဖြစ်နေပြီးဖြစ်သည်။ 

နောက်ပိုင်း ဆုဝန် ဝမ်အိမ်တော်သို့ ရောက်လာသောအခါ သူမသည် ဝမ်လော့ရှန်းနေ့တိုင်း ကြိတ်ခွဲရုံသို့ ကျောင်းက ပြန်လာတိုင်း သွားရသည်ကို တွေ့ခဲ့ရသည်။ ဝမ်လော့ရှန်းသည် အလွန် ကြိုးစားနေရကြောင်း သူမ ခံစားလိုက်ရသည်။ သူကြိတ်ခွဲရုံမှ အလုပ်ပြီး၍ ပြန်လာသောအခါ အိမ်စာလုပ်ရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် ဆုဝန်သည် ကြိတ်ခွဲရုံသို့ သွားကာ ဝမ်လော့ရှန်းအတွက် အလုပ်လုပ်ပေးသည်။ ထိုအတွက်ကြောင့် ဝမ်လော့ရှန်းသည် အိမ်မှာနေ၍ စာပေလေ့လာနိုင်သည်။ နောက်ဆုံးတွင် ဝမ်မိသားစုရော၊ ဝမ်လော့ရှန်းပါ ဤသည်နှင့် အသားကျသွားပေတော့သည်။