Ch 13
Viewers 2k

အပိုင်း (၁၃) ဝမ်မိသားစု၏ အခက်တွေ့မှု

လက်စသတ်တွင်တော့ သွမ့်ကျင်းထျန်အား စားစရာလာပို့ပေးသည့် ချူးဝမ်ဖြစ်နေခဲ့သည်ပင်။

ထိုနေ့က သွမ့်ကျင်းထျန်သည် လီရှန့်မှာ နေ့တိုင်း အစားအသောက်များကို ကြုံသလို ကျပန်းစားသောက်နေမှန်း သိခဲ့ပြီးနောက် လီရှန့်အတွက် နေ့လယ်စာနှင့် ညစာကို ထုပ်လာပေးရန် ကမ်းလှမ်းခဲ့၏။ ထို့ကြောင့် ချူးဝမ်က နှစ်ယောက်စာ ပို့ပေးလာခြင်းပင်။

အားလုံးက ဆုဝန်ချက်ထားခဲ့သည်များဖြစ်၏။

သွမ့်ကျင်းထျန်နှင့် လီရှန့်သည် ယခုပဲ အစားအသောက်ဘူးများကို ဖွင့်ကြလိုက်သည်။

အစားအသောက်ဘူး၏ များစွာသောအကန့်များထဲတွင် ဆူဖြိုးသည့်ဝက်သားနှပ်၊ ကောင်းစွာကျက်သည့် ဆီပူထိုးပဲသီးကြော်၊ အမဲပြုတ်ချက်အနည်းငယ်၊ ရေခဲစိမ်မှိုတစ်ပန်းကန်တို့ ပါဝင်၏။ ဟင်းလျာတိုင်းက ဆွဲဆောင်လှ၏။ အတွင်းရှိ ထမင်းမှာ အနက်ရောင်ဖြစ်သည်။ ယာဂုမှဆန်နက်ဖြင့် ရောထားပုံ ပေါ်၏။

သို့သော်လည်း အနှီဆန်နက်မှာ လူ၏စားချင်စိတ်အပေါ် သက်ရောက်မှု လုံးဝမရှိပေ။ ပုံမှန်အားဖြင့် သွမ့်ကျင်းထျန်သည် မနက်ပိုင်း သွမ့်အိမ်တော်တွင် ဆီများသည့် အစားအစာများ စားလေ့ရှိရာ နေ့လယ်ပိုင်းတွင် ဗိုက်မဆာချေ။ သို့ဖြစ်ရာ ကျောင်းမှကျွေးသည့် ထမင်းကို သုံးလေးလုတ်မျှသာ စားတတ်သည်။ 

သို့ပေသိ ယနေ့မနက်ခင်းတွင်မူ သူ ခါတိုင်းလောက် အများကြီးမစားခဲ့ပေ။ နေ့လယ်စာ စားချိန်ရောက်သော် ကျိန်းသေပေါက်ကို ဗိုက်ဆာသည်ပင်။ 

သွမ့်ကျင်းထျန်သည် တူကောက်ကိုင်ကာ စားသောက်ခြင်းတွင် သူ့ကိုယ်သူ မြှုပ်နှံထားလိုက်တော့သည်။

အစားစားခြင်းတွင် အာရုံစိုက်ထားလွန်းသည်ကြောင့် သွမ့်ကျင်းထျန်မှာ အဆောင်ရှိ သူ၏ စာသင်ဖက်များက  နေ့လယ်စာဘူးပေါ်ရှိ သူနှင့် လီရှန့်တို့၏လက်များကို ကြည့်နေကြသည်အား လုံးဝပင် သတိမပြုချေ။

သွမ့်ကျင်းထျန်သည် အလုတ်အနည်းငယ် စားလိုက်ပြီးသည့်နောက် ဟင်းရည် သောက်ရန် ခေါင်းမော့လိုက်မှသာလျှင် အနားရှိ စာသင်ဖက်များက မမှိတ်မသုန် စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရတော့သည်။ 

သွမ့်ကျင်းထျန်က အစားကို ဟင်းရည်ဖြင့်မျှောချလိုက်ကာ ဆိုလိုက်၏။

“ဒီနေ့လယ်စာက ကျွန်တော်အသစ်ခန့်ထားတဲ့ စားတော်ကဲချက်ထားတာလေ။ တကယ်အရသာရှိတယ်။ ရက်ပိုင်းအတွင်း အားလုံးကိုလည်း အိမ်တော်ကိုလာပြီး သုံးဆောင်ဖို့ ဖိတ်ပါ့မယ်” အားလုံးသည် တံတွေးမျိုချလိုက်ပြီး သွမ့်ကျင်းထျန်အား ကတိမဖျက်ရန် ပြောလာကြသည်။ ဤစားစရာသည်ကား မွှေးပျံ့လွန်းလှသည်။ ကျောင်းတော်မှကျွေးသည့် အစားအသောက်များနှင့် လုံးဝပင် နှိုင်းယှဥ်၍ မရနိုင်ပေ။

ဝမ်လော့ရှန်းသည် သွမ့်ကျင်းထျန်၏ စားတော်ကဲအသစ်ဆိုသည်မှာ ဆုဝန်ကိုပြောခြင်းဖြစ်ကြောင်း သိနေခဲ့၏။ ယခင်တုန်းက သူသည် ဆုဝန်၏ဟင်းချက်လက်ရာမှာ ဤမှကောင်းမွန်သည်ဟု တစ်ခါမျှ မထင်ခဲ့ဖူးပေ။ သို့ပေသိ ယနေ့တွင်တော့ သွမ့်ကျင်းထျန်၏အစားအသောက်ဘူးမှ ရနံ့သည် ဝမ်လော့ရှန်း၏ နှလုံးအိမ်တွင် စွဲထင်ကျန်နေလျက်ရှိပြီး ဝမ်လော့ရှန်းအား ကျောင်းတော်မှ ကျွေးသည့်စားစရာများကို မျိုချရန်နည်းလမ်းမရှိ ဖြစ်စေ၏။ 

ထိုနေ့တွင် ဝမ်လော့ရှန်းမှာ ကျောင်းတော်၌ ကမောက်ကမ ဖြစ်နေခဲ့သည်။ သို့ပေသိ သူသည် အိမ်က အခြေအနေသည်လည်း သူ့အတိုင်းပင် ဆိုးရွားနေခဲ့သည်အား မသိခဲ့ပေ။

မနေ့ကရယ်၊ မနေ့တစ်နေ့ကရယ်၊ ယနေ့ပါ အပါအဝင်ဆိုလျှင် ဆုဝန် အိမ်တွင် ယခင်ကကဲ့သို့ အလုပ်မလုပ်တော့သည်မှာ သုံးရက်ပင်ရှိနေပြီဖြစ်၏။ ဝမ်မိသားစုမှာ လုံးလုံးလျားလျားပင် ဗြောင်းဆန်နေပြီဖြစ်၏။ 

ဝမ်လော့ရွှယ်သည် ပျင်းရိသူတစ်ဦးဖြစ်ပြီး မည်သို့အလုပ်လုပ်ရမည်ကို မသိပေ။ ဝမ်အမေမှာ နှစ်နှစ်လောက် သက်သောင့်သက်သာ နေခဲ့ရသည်ဖြစ်ရာ ရုတ်တရက်ကြီး အနှီအိမ်အလုပ်များကို မည်သို့မည်ပုံ စတင်လုပ်ကိုင်ရမည်အား မသိတော့ချေ။ 

အိမ်သည်ကား ရှုပ်ပွ‌နေလျက်။ ဆုဝန်၏ မူလအခန်းမှလွဲလျှင် တခြားအခန်းများ၌ အဝတ်များအား နေရာအနှံ့ ချွတ်ထားလျက်ရှိ၏။ 

ပစ္စည်းများကို ပွစာကြဲအောင် ထားထားကြပြီး ကြမ်းပြင်တွင်လည်း မျက်နှာသစ်၊ ခြေထောက်ဆေးရာမှ‌ရေများ ညစ်ပေလျက်ရှိသည်။ အပြင်ဘက်မှ မြေကြီးကိုနင်းလာကြပြီး ရေစိုကြမ်းပြင်ကိုပါ နင်း၍ လျှောက်သွားကြသောအခါ ကြမ်းပြင်တွင် ရွှံ့ခြေရာများအပြည့် ဖြစ်သွားတော့လေသည်။ 

မီးဖိုချောင်မှ ပန်းကန်များကို ဆေးကြောထားခြင်းမရှိချေ။ တချို့တလေမှာ နေရာအနှံ့ ပြန့်ကျဲလျက်ရှိပြီး တချို့ကိုမူ ဇလုံကြီးကြီးများအတွင်း စိမ်ထားလေရာ ချဥ်စူးစူးအနံ့တစ်မျိုး ထုတ်လွှင့်နေတော့သည်။

မီးဖိုချောင်မှ အသီးအရွက် အကျန်များကလည်း ယင်ကောင်အမြောက်အများကို ဆွဲဆောင်နေလျက် ရှိ၏။ တဝီဝီဖြင့်ပျံနေကြရာ လူကိုစိတ်ညစ်ညူးစေ၏။

ခြံဝန်းသည်လည်း ရှုပ်ပွနေခဲ့သည်။ ဝမ်လော့ရွှယ် ကြက်များ၊ဝက်များကို အစာကျွေးထားသည့် ဟင်းသီးဟင်းရွက်များမှာ ခြံဝန်းတစ်ဝက်လောက် ပြန့်ကျဲနေလျက်ရှိ၏။ ခြံဝန်းအနောက်ဘက်၌မူ ဇလုံထဲတွင် စိမ်ထားသောအဝတ်အစားများသည် ဆွေးမြည့်စ ပြုလာလေ၏။ ခြံဝန်းနံရံပေါ်တွင် ဆုဝန်စိုက်ပျိုးထားခဲ့သော ဟင်းရွက်ပင်တို့သည်လည်း ရေမရရှိခြင်းကြောင့် ယခင်ကဲ့သို့ ရှင်သန်မနေတော့ဘဲ နွမ်း‌ခြောက်ကုန်လေပြီ။ 

ကြက်ခြံအတွင်းရှိ ကြက်မြေသြဇာများကို သန့်ရှင်းရေးလုပ်မည့်သူ မရှိသဖြင့် ခပ်ဖျော့ဖျော့ ကြက်မြေသြဇာနံ့ရှိနေ၏။

ဝမ်ရှီးသည် စိတ်တင်းလျက် ဆေးခါးကြီးကို မျိုချလိုက်ကာရာ သန့်ရှင်းရေးလုပ်မည်ဟု ပြောခဲ့သော်လည်း မည်သည့်နေရာမှ စတင်ရမည်မှန်း တကယ်ပင် မသိပါချေ။

ပန်းကန်များကို ဆေးကြောမည်ဆိုပြန်တော့လည်း ကန်ထဲတွင် ရေပင်မရှိချေ။

ဝမ်ရှီးမှာ အင်အားများစွာ စိုက်ထုတ်လျက် ရေနှစ်ပုံးဆွဲခဲ့သော်လည်း မီးဖိုချောင်မှ ပန်းကန်အားလုံး ဆေးအပြီးတွင် ယင်းသည် ကုန်သွားရချေသည်။

ဝမ်ရှီးမှာ မောပန်းနေပြီဖြစ်ပြီး အလုပ်လုပ်ရန် အားမရှိတော့ပေ။ သို့သော်လည်း ခြံဝန်းနှင့်အိမ်မှာ ရှုပ်ပွနေဆဲဖြစ်ရာ သူ၏နှလုံးသားထဲတွင် အမည်မသိ မီးတစ်စ တောက်လောင်လာတော့သည်။

ဝမ်လော့ရွှယ်မှာ ဘာမှမလုပ်ဘဲ မျက်နှာချေ ခြယ်သလျက် အခန်းထဲတွင် ပျင်းပျင်းရိရိဖြင့် အချိန်ဖြုန်းနေသည်ကို မြင်ရသော် ဝမ်ရှီးသည် ဝမ်လော့ရွှယ်ကို ဘာမှကူမလုပ်ဘဲ သူ့အား ပင်ပန်းပြီး သေစေချင်နေသည်၊ မျက်လုံးဖြူဝံပုလွေကို ပျိုးထောင်မိသည်ဟု ဆူပူကြိမ်းမောင်းနေတော့သည်။

ဝမ်လော့ရွှယ်က မကျေမနပ်ဖြင့် ပြန်ပြောလာခဲ့သည်။

“ဒါတွေက သာမန်ကာလျှံကာလုပ်ရတဲ့ အသေးအဖွဲ ကိစ္စတွေပဲကို။ အမေကိုယ့်ဘာသာကိုယ် လုပ်နိုင်တယ်မဟုတ်ဘူးလား။ အမြဲ ကျွန်မကို ဘာလို့ လာခိုင်းနေတာလဲ”

ခါတိုင်းတွင် ဝမ်ရှီးသည် ဆုဝန်၏အလုပ်များအကြောင်းပြောလျှင် ဆုဝန်လုပ်သည်များမှာ အသေးအဖွဲကိစ္စများဟုပြောခဲ့ရာ ဝမ်လော့ရွှယ်၏ မျက်လုံးထဲတွင်တော့ အနှီတာဝန်များသည် အမှန်တကယ်ပင် လုပ်ရလွယ်ကူနေသည်ပင်။ သူက ဝမ်ရှီးသည် ရိုင်းစိုင်းပြဿနာရှာသည်ဟု ထင်နေ၏။ 

ဝမ်ရှီးသည် ဒေါသဖြစ်ရလွန်း၍ အသက်ထွက်မတတ်ပင်။ သူသည် အော်ဟစ်လာ၏။

“ ဘယ်အလုပ်မျိုးက လွယ်လွယ်ကူကူ လုပ်လို့ပြီးမှာလဲ။ အိမ်အတွင်း၊ အပြင်မှာ ဒီလောက် လုပ်စရာတွေများနေတာ။ အလွယ်တကူလုပ်ပြီးမယ်တဲ့လား”

ပုံမှန်ဆိုလျှင် ဝမ်မိသားစု၏အိမ်အလုပ်အားလုံးကို ဆုဝန်ကလုပ်ခဲ့သည်ဖြစ်ရာ သားအမိနှစ်ယောက်က ချစ်ခင်ကြ၏။ ဆုဝန်မရှိသည့်အခါတွင်မူ ထိုအလုပ်များကို လု ပ်မည့်သူမရှိတော့ရာ ကျိန်းသေပေါက်ပင် ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်အပေါ်သို့ တာဝန်ကျလာ၏။ နှစ်နှစ်လောက် သက်သောင့်သက်သာနေခဲ့ခြင်းက ထိုနှစ်ယောက်အား အိမ်အလုပ်များကို မည်သည့်နေရာမှ စလုပ်ရကောင်းမှန်းမသိ ဖြစ်သွားစေတော့သည်။

ဝမ်လော့ရှန်းမှာ ဝမ်ရှီး၏ဆူပူမှုကို မခံစားနိုင်တော့ဘဲ ချေပလာ၏

“ အမေ၊ အမေ သမီးကို ဒီလိုအလုပ်ကြမ်းတွေ ခိုင်းရင် သမီးမျက်နှာက ညိုလာလိမ့်မယ်။ လက်တွေကြမ်းပြီး လက်မောင်းတွေ တုတ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သမီး ဘယ်လိုလုပ် လူကုံထံမိသားစုက သခင်မလေးလို့ပြောနိုင်တော့မှာလဲ”

“ သမီး အလုပ်ကြမ်းတွေလုပ်လို့ ဆုဝန်လို ရုပ်ဆိုးပန်းဆိုးဖြစ်သွားရင် ကိုကိုကျင်းထျန်က ဘယ်လိုလုပ် သမီးကို ကြိုက်တော့မှာလဲလို့ “

ဝမ်ရှီးမှာ တွေးတောနေမိ၏။ သာမန်မိသားစုမှမိခင်များသည် သူတို့၏သမီးဖြစ်သူကို အိမ်အလုပ်တချို့ လုပ်ကိုင်ရန် သင်ယူစေလိုကြသည်။ ဝမ်ရှီးကိုယ်တိုင်မှာပင် ကောင်းကောင်း မလုပ်နိုင်ရာ ဝမ်လော့ရွှယ်အား ကောင်းကောင်းမသင်ပြပေးနိုင်ခြင်းမှာ သဘာဝကျလေသည်။

နောက်ပိုင်းတွင် ဝမ်မိသားစုသို့ ဆုဝန်ရောက်လာခဲ့ပြီး အိမ်ပြင်မှကိစ္စများအားလုံးကို လုပ်သည့်လူရှိလာခဲ့ရာ သဘာဝကျစွာပင် ဝမ်အမေနှင့် ဝမ်လော့ရွှယ်မှာ ဘာမှလုပ်ရန်မလိုတော့ချေ။

ဝမ်အမေမှာ နေ့တိုင်း အမျိုးသမီးများနှင့် အတင်းပြောကာ တစ်ခါတရံတွင် မာကျောက်ပင် ကစားကြသေး၏။ နေ့ရက်များကို သက်သောင့်သက်သာ ဖြတ်သန်းခဲ့သည်ပင်။

တခြားတစ်ဖက်တွင် ဝမ်လော့ရွှယ်မှာ နေ့တိုင်း လှလှပပ ဖြီးလိမ်းဝတ်ဆင်ရပြီး ဘာမှလုပ်ရန်မလိုချေ။ သက်သောင့်သက်သာ ဘဝမျိုးဖြင့် နေထိုင်ခဲ့ခြင်းပင်။

ဝမ်လော့ရှန်း၏ ကျော်ကြားမှုဂုဏ်ကြောင့် ဝမ်အမေနှင့် ဝမ်လော့ရွှယ်တို့မှာ သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်နိုင်ပြီး တစ်နေကုန် နားနားနေနေ နေနိုင်ခဲ့၏။ တခြားသူများသည်တော့ ဝမ်မိသားစု၏ ကြိတ်စက်ရုံမှာ ဝင်ငွေများ ရှာနိုင်ပြီး လူကုံထံမိသားစုဟု ထင်မှတ်နေကြသည်။ ထို့ကြောင့် သားရှင်မိသားစုများနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိ၏။ ချင်းယွင်ကောင်တီမှ နာမည်ကြီး လူကုံထံမိသားစုများသည် ဝမ်ရှီးနှင့် စကားလက်ဆုံပြောကာ ဝမ်လော့ရွှယ်အကြောင်း တီးခေါက်လေ့ရှိသည်။ 

တီးခေါက်သည့်လူ များစွာရှိသော်လည်း ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည် ဝမ်လော့ရွှယ်မှာ အချမ်းသာဆုံးမိသားစုကိုသာ လက်ထပ်နိုင်မည်ဟု တွေးထင်ကြသည်။ ဝမ်လော့ရွှယ်၏ မျက်လုံးထဲတွင် သာမန်လူချမ်းသာများကို လုံးဝမျက်စိမကျဘဲ ချင်းယွင်ကောင်တီ၏ အချမ်းသာဆုံးသွမ့်မိသားစုမှ သွမ့်ကျင်းထျန်ကိုသာ နှစ်သက်သဘောကျလေ၏။

သွမ့်ကျင်းထျန်နှင့် ဝမ်လော့ရှန်းတို့မှာ စာသင်ဖက်များဖြစ်ကြပြီး သွမ့်ကျင်းထျန်မှာ ဝမ်လော့ရွှယ်နှင့် ရင်းနှီးလိုသည်ဖြစ်ရာ ဝမ်လော့ရွှယ်မှာ ဝမ်လော့ရှန်းကို မှီ၍ ကောင်းစားသွားတော့သည်။

နောက်ပိုင်း သွမ့်ကျင်းထျန်အိမ်လာသည့်အချိန်တွင် ဝမ်လော့ရွှယ်မှာ စားစရာကို သူလုပ်ခြင်းမဟုတ်ဟု လီရှန့်အလိမ်ဖော်ခြင်းကို ခံလိုက်ရသော်လည်း ဝမ်လော့ရွှယ်မှာ သူ့အစ်ကိုနှင့် သွမ့်ကျင်းထျန်တို့ ပတ်သက်ဆက်ဆံနေသရွေ့ သွမ့်ကျင်းထျန်၏ သူ့အပေါ်ထားသည့်အမြင်ကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်ထားခဲ့သည်ပင်။

မည်သို့ပင်ဆိုစေကာမူ  သူသည် ချင်းယွင်ကောင်တီမှ အလှဆုံးမိန်းကလေးပင် ဖြစ်လေသည်။

ဝမ်လော့ရွှယ်သည် သူ့ကိုယ်သူ လှပသည်ဟု တွေးထင်နေသော်လည်း တကယ်တမ်းတွင်တော့ သူ၏ ရုပ်ဆင်းရူပါကာသည်ကား သာမန်မျှသာဖြစ်သည်။ ဝမ်လော့ရွှယ်က သူ့ကိုယ်သူ ချင်းယွင်ကောင်တီ၏ အလှဆုံးမိန်းကလေးဟု တွေးထင်နေရသည့် အကြောင်းရင်းသည်ကား ချင်းယင်ကောင်တီ လူကုံထံမိသားစုမှ မိန်းကလေးများနှင့် ဝမ်လော့ရှန်းသည် အသိုင်းအဝိုင်းတစ်ခုတည်းတွင် မဟုတ်၍ပင်။ မမြင်ဖူးသည်နှင့် မတည်ရှိဟု မဆိုလိုပါ‌ချေ။

နွမ်းပါးသည့်မိသားစုမှ မိန်းကလေးများသည်လည်း အဝတ်အစားကောင်းများ၊ လက်ဝတ်ရတနာများ မဝတ်ဆင်နိုင်ကြရာ ဝမ်လော့ရွှယ်နှင့် မယှဥ်နိုင်သည်မှာ သဘာဝကျပေ၏။ ကျန်သည့် နောက်ခံအခြေအနေတူ မိန်းကလေးများအတွက်မှာလည်း ဝမ်လော့ရွှယ်သည် အကောင်းတကာ့ အကောင်းဆုံး အဝတ်အစားများကို ဝတ်ဆင်သည်ဖြစ်ရာ ထိုမိန်းကလေးများထက် သူက ပိုကြည့်ကောင်းနေသည်။ 

ယင်းသည်ကား ချင်းယွင်ကောင်တီမှ လူကုံထံမိသားစုများက ဝမ်လော့ရွှယ်အကြောင်း တီးခေါက်ရသည့် အကြောင်းအရင်းတစ်ချက်ပင်။

ဝမ်လော့ရွှယ်မှာ သူ၏ ရုပ်ရည်အပေါ် လွန်စွာ ချစ်ခင်ပြီး နေပူထဲတွင် အချိန်ကုန်လေ့မရှိပေ။ သူ၏နူးညံ့သည့်လက်ဖဝါးများအား ကြမ်းတမ်းသွားစေမည့် အလုပ်ကြမ်းကိုလည်း မလုပ်ခဲ့ချေ။

ခါတိုင်းဆိုလျှင် ဆုဝန်ရှိနေခြင်းကြောင့် ဝမ်ရှီးသည် ဝမ်လော့ရွှယ်အား ကျိန်းသေပေါက် သက်သောင့်သက်သာ ပေးနေခဲ့သည်ပင်။ ယခုမူ ဆုဝန်မရှိတော့ပေ။ အကယ်၍ ဝမ်လော့ရွှယ်က ဤဝန်ထုပ်ဝန်ပိုးများကို မျှဝေမယူဘူးဆိုပါလျှင် သူ ပင်ပန်းလွန်း၍ သေသွားရပေမည်။

ဝမ်ရှီးက ဝမ်လော့ရွှယ်အား စိတ်တိုစွာဖြင့် ပြောလိုက်သည်

“ ခဏလောက် အလုပ်လုပ်လိုက်တာနဲ့ ညည်းရုပ်မဆိုးသွားပါဘူး”

ဝမ်လော့ရွှယ်မှာ ငိုတော့မည်ဖြစ်၏

“ အလုပ်လုပ်ရင် ဘာလို့ ရုပ်မဆိုးသွားရမှာလဲ။ ဆုဝန် ဒါတွေကို နေ့တိုင်းလုပ်နေတာ။ သူ့အသားအရေကိုကြည့် ဘယ်လောက်တောင် မည်းပြီး၊ ကြမ်းတမ်းပြီး ရုပ်ဆိုးလိုက်သလဲ”

ဝမ်ရှီးက ပြန်ပြောလိုက်သည်။

“ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ဒီအလုပ်လေးလုပ်တာနဲ့ ရုပ်ဆိုးမလား။ သူက အစကတည်းက ရုပ်ဆိုးနေတာ”

သူသည် သူ့အိမ်တွင်အလုပ်လုပ်ရသည်က ဆုဝန်ကို ရုပ်ဆိုးစေခဲ့ခြင်းကို ဝန်မခံလိုခဲ့ပေ။

…