Ch-11
ရှန်းမင်မှာ
ကျိုးထောင်ဟွားလက်ထဲရှိသူ့လက်အား အမြန်ရုန်းဖယ်လိုက်သည်။
အခြားသူများမှာ
သူ့အားနိမိတ်မကောင်းသူဟု ယူဆကြသောကြောင့်
အနားသို့မကပ်ဘဲခပ်စိမ်းစိမ်းသာနေကြသော်လည်း သူမမှာမူမကြောက်ရွံ့သည့်အပြင်
သူ့လက်ကိုပင် ဆွဲထားသေး၏။ကျိုးထောင်ဟွားမှာ သူမလက်ဖဝါးလေးများကို
အနည်းငယ်နှမြောတသဖြစ်စွာဖြင့် ပွတ်သပ်နေမိပြီး စိတ်ထဲတွင်ခဏတာမျှဗလာဖြစ်သွားရသည်။
သို့သော်လည်းကိစ္စမရှိပါပေ။သူသည်သူမဘေးနားတွင်ရှိနေသည်မဟုတ်ပါလား။အခွင့်အရေးဆိုသည်မှာ
အမြဲရှိနေမည်ဖြစ်သည်။
သူမဆွဲထားသည့်
ဘေးကင်းလုံခြုံရေးအဆောင်နှစ်ခုအားကြည့်လိုက်ရာ
ခဏအတွင်းမှာပင်ခြောက်သွေ့သွားပြီဖြစ်၏။သူမသည် ၎င်းတို့ကိုတြိဂံပုံစံခေါက်လိုက်ပြီး
တစ်ခုကိုထုတ်ကာချမ်ရှီထံကမ်းပေးလိုက်သည်။
"အမေ
ဒါလေးကိုဆောင်ထားနော်၊ဒါက အမေ့ကို မကောင်းဆိုးဝါးတွေရန်ကနေ
ကာကွယ်ပေးလိမ့်မယ်"
ချမ်ရှီမှာ
လက်အားသွက်သွက်ယမ်းကာ အဆောင်ကိုသူမလက်ထဲသို့ပြန်တွန်းပို့လိုက်ပြီး
"သမီးကနှစ်ခုပဲဆွဲထားတာလေ၊ဈေးဦးတောင်မပေါက်သေးတာကို
အမေ့ဆီပေးလို့ဘယ်ဖြစ်မလဲ၊အမေ့ကိုပေးချင်ရင်
နောက်မှတစ်ခုထပ်ဆွဲပေးပေါ့၊အမေမလောပါဘူး"
ထိုစကားအားကြားသောအခါ
ကျိုးထောင်ဟွားလည်း ချမ်ရှီ့စကားနားထောင်လိုက်ပြီး
အဆောင်ကိုအဝတ်ဟောင်းပေါ်သို့ပြန်တင်ထားလိုက်ရာ အဝါရောင်အဆောင်နှစ်ခုမှာ
အဝတ်ဟောင်းပေါ်တွင် သိပ်ပြီးသိသာခြင်းမရှိတော့ပေ။
ကျိုးထောင်ဟွားမှာ
ရှန်းမင်နှင့်ချမ်ရှီတို့ ဆိုင်ရှေ့တွင်ထိုင်ရုံသာထိုင်ပြီး
ဝယ်သူလာသည်ကိုသာစောင့်နေကြကာ မည်သည့်ကြေညာမှုမှမလုပ်သည်ကို သတိပြုမိသွားသည်။
ဖြတ်သွားဖြတ်လာများမှာ
များပြားသော်လည်း အများစုမှာတော့ သုတ်သီးသုတ်ပျာသွားလာနေကြရာ
သူတို့ကုန်ပစ္စည်းများအားရပ်ကြည့်သည့်လူမှာ မရှိသလောက်ပင်။
ဒီလိုဆိုရင်တော့
မဖြစ်သေးပါဘူး။
ဒီလိုသာဆို
ဘယ်တော့မှရောင်းကုန်တော့မှာလဲ။
ကျိုးထောင်ဟွားချက်ချင်းပင်မတ်တပ်ရပ်လိုက်ပြီး
လမ်းသွားလမ်းလာများထံအော်ပြောလိုက်သည်။
"သတင်းကောင်းနော်
သတင်းကောင်း၊ဖြတ်သွားဖြတ်လာမိဘပြည်သူအပေါင်းတို့
ခဏလောက်ကြည့်သွားကြပါဦးနော်၊လက်ကိုင်ပုဝါတို့ ပိုက်ဆံအိတ်တို့
အမွှေးနံ့သာအိတ်တို့လိုချင်ရင် ဒီဘက်ကိုကြွခဲ့ကြပါ၊လက်ရာကသပ်ရပ်ပြီး
အထိအတွေ့ကလည်းနူးညံ့တယ်၊ပန်းထိုးပညာကထိပ်တန်းနဲ့ အရည်အသွေးကလည်း အကောင်းဆုံးပဲနော်၊ဈေးနှုန်းအတူတူနဲ့
အရည်အသွေးကောင်းပစ္စည်းတွေကို
အရည်အသွေးကောင်းကောင်းနဲ့ဈေးနှုန်းချိုသာနေစေရမယ်၊စိတ်အေးလက်အေးနဲ့
ယုံယုံကြည်ကြည်ဝယ်ယူနိုင်ပြီနော်"
ကျိုးထောင်ဟွား၏ရုတ်ချည်းအော်ဟစ်သံကြောင့်
ရှန်းမင်နှင့်ချမ်ရှီတို့လန့်သွားကြသည်။ထွက်သွားခါနီးဖြစ်သော
လမ်းသွားလမ်းလာများမှာလည်း သူတို့ဘက်သို့လှည့်ကြည့်လာကြ၏။ချမ်ရှီမှာမူ
အလွန်ရှက်ကိုးရှက်ကန်းဖြစ်သွားရကာ ရှက်လွန်း၍ခြေချောင်းများဖြင့်
မြေကြီးကိုပင်ကုတ်နေမိတော့သည်။
သူမပန်းထိုးလက်ရာများမှာ
ထောင်ဟွား ဖော်ပြသလောက်မကောင်းမွန်လှရာ အပိုပြောနေခြင်းဖြစ်ကြောင်းသိသာလှ၏။ချမ်ရှီ
ရှက်စိတ်ဖြင့်ခေါင်းငုံ့နေစဉ်မှာပင် တစ်စုံတစ်ယောက်မှဈေးနှုန်းမေးလာသည်ကို
ကြားလိုက်ရသည်။
"ဒီလက်ကိုင်ပုဝါက
ဘယ်လောက်လဲ"
ချမ်ရှီ
အလိုလိုအမြန်ပြန်ဖြေမိလိုက်သည်။
"နှစ်ပြားပါ"
ဈေးမေးသည့်အမျိုးသမီးငယ်မှာ
လက်ကိုင်ပုဝါအားကောက်ယူပြီး နှစ်ဖက်စလုံးကိုသေချာစစ်ဆေးကြည့်ကာ
လေးလေးနက်နက်ပြောလာသည်။
"အခြားဆိုင်တွေနဲ့
ဈေးတူပေမယ့် အရည်အသွေးကတစ်ကယ်ပိုကောင်းတာပဲ"
ချမ်ရှီ၏မျက်နှာထက်တွင်
ကျေနပ်သည့်အပြုံးတစ်ခုပေါ်လာလေသည်။သူမသည် ပစ္စည်းများပြုလုပ်ရာတွင် မည်သည့်အခါမျှ
အလျင်စလိုမလုပ်တတ်သလို လက်ရာကိုလည်းမခိုကပ်ပေ။သူမကိုယ်တိုင်စိတ်တိုင်းကျမှသာ
အလုပ်အားရပ်နားတတ်သူဖြစ်သည်။
"ဒီကအစ်မလှလှလေးမှာ
တစ်ကယ်အမြင်ရှိတာပဲနော်၊ဟောဒီပန်းနုရောင်လက်ကိုင်ပုဝါက
အစ်မနဲ့အလိုက်ဖက်ဆုံးပဲ၊အစ်မမျက်နှာလေးကို
မက်မွန်ပွင့်လေးလိုပိုပြီးလှသွားစေမှာ၊တစ်ကယ်လို့
ဒါကိုသာပန်းရောင်အမွှေးနံ့သာအိတ်လေးနဲ့တွဲလိုက်လို့ကတော့
ပိုပြီးပြည့်စုံသွားမှာပဲ"
ကျိုးထောင်ဟွားမှာ
ထိုသို့ပြောရင်းအမျိုးသမီးငယ်လေးထံသို့ ပန်းရောင်အမွှေးနံ့သာအိတ်လေးကိုပါ
လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။အိတ်ပေါ်ရှိ သက်ဝင်လှုပ်ရှားနေသောလိပ်ပြာပုံစံ
ပန်းထိုးလက်ရာကြောင့်ဖြစ်စေ၊ကျိုးထောင်ဟွား၏ချိုသာသောစကားကြောင့်ဖြစ်စေ
အမျိုးသမီးငယ်လေးမှာသူမ၏ကျေနပ်မှုကို မဖုံးဖိနိုင်တော့ပေ။
"ကောင်းပြီလေ
ငါနှစ်ခုလုံးယူလိုက်မယ်"
ချမ်ရှီမှာသူမလက်ဖဝါးပေါ်ရှိ၇ပြားအားကြည့်ရင်း
စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေတော့သည်။သူမ၏ပထမဆုံး အရောင်းအဝယ်အား
ဤမျှမြန်မြန်ဆောင်ရွက်နိုင်ခဲ့သည်လေ။ထို့ပြင်ပစ္စည်းနှစ်ခုတောင်
တစ်ပြိုင်တည်းရောင်းခဲ့ရခြင်းဖြစ်သည်။
"ဒီပိုက်ဆံအိတ်ကဘယ်လောက်လဲ"
"ငါလက်ကိုင်ပုဝါ
တစ်ထည်ယူမယ်နော်"
ကျိုးထောင်ဟွားမှဆက်တိုက်ဆိုသလိုအော်ဟစ်ရောင်းချနေရာ
တစ်ဖြည်းဖြည်းဖြင့် လူအများအပြားမှာ သူမဆိုင်ရှေ့တွင်
ပန်းထိုးပစ္စည်းများဝယ်ယူရန်စုရုံးလာကြတော့သည်။လူအများစုမှာကြည့်ရှုပြီးနောက်တွင်
တစ်ခုဖြစ်စေ နှစ်ခုဖြစ်စေဝယ်ယူသွားကြရာ
ချမ်ရှီတစ်ယောက်အတိုင်းမသိဝမ်းသာနေတော့၏။ဤသည်မှာ သူမ၏ဈေးရောင်းသက်တမ်းတစ်လျှောက်
အရောင်းရဆုံးပင်ဖြစ်သည်။လူအတော်များများမှ စိတ်ဝင်တစားရှိနေသည်ကိုမြင်သောအခါ
ကျိုးထောင်ဟွားသည် အခွင့်အရေးအားလက်လွှတ်မခံဘဲ ဆက်ပြောလိုက်၏။
"လက်လွှတ်မခံကြနဲ့နော်
တောင်ပေါ်ကနေလတ်လတ်ဆတ်ဆတ်ဖမ်းလာတဲ့
တောယုန်တွေ၊တောကြက်တွေနဲ့တောဝက်သားတွေလဲရှိပါသေးတယ်၊လတ်လတ်ဆတ်ဆတ်ဖမ်းပြီး
ချက်ချင်းလာရောင်းတာမလို့ အရသာကတော့အရမ်းကောင်းပါပဲ၊မွှေကြော်ပဲချက်ချက်
စတူးပဲချက်ချက် လူကြီးတွေအတွက် အားဖြစ်စေသလို ကလေးတွေကိုလည်း
အရပ်ရှည်ပြီးဉာဏ်ကောင်းစေပါတယ်၊မနက်ဖြန်ကျရင် သူတို့တွေကတော်ဝင်စာမေးပွဲမှာ
ဂုဏ်ထူးဘွဲ့ထူးတွေနဲ့အောင်မယ့်သူတွေဖြစ်လာမှာအသေအချာပဲနော်"
ကျိုးထောင်ဟွားသည်စကားပြောရင်းပင်
လူတိုင်းထံလက်မထောင်ပြလိုက်ရာ ပန်းထိုးပစ္စည်းဝယ်နေသည့် အမျိုးသမီးများနှင့်
ဖြတ်သွားဖြတ်လာအမျိုးသား၊ အမျိုးသမီးများအားလုံး ပြုံးရွှင်သွားကြသည်။
ဒါကတစ်ကယ်ကောင်းတာပဲ၊သူမဆီကသားကောင်တွေကိုစားတာနဲ့
တော်ဝင်စာမေးပွဲအောင်နိုင်တယ်ပေါ့လေ။
ရှန်းမင်မှာကျိုးထောင်ဟွားစကားများကို
ကြားပြီးနောက် ဆွံ့အသွားရသည်။
"???"
သူအမဲလိုက်လာသောတိရစ္ဆာန်များမှာ
တောင်ပေါ်မှသာမန်တောကောင်များသာဖြစ်သည်။ထိုအသားများစားရုံဖြင့်
အဘယ်ကြောင့်ဤမျှများပြားသည့် အကျိုးရလဒ်များရှိနိုင်ပါမည်နည်း။သူမသည်
စာမေးပွဲတောင်အောင်နိုင်သည်ဟုပြောနေသေး၏။
သို့သော်
အားတက်သရောနှင့်တက်တက်ကြွကြွပြောဆိုနေသော သူမအားမြင်သောအခါ
ရှန်းမင်မျက်ဝန်းများထဲတွင် မသိမသာအပြုံးရိပ်တစ်ခုဖြတ်ပြေးသွားလေသည်။
"မိန်းကလေး
မင်းပြောတာတစ်ကယ်နိမိတ်ကောင်းတာပဲ၊ငါ့ကို
တောကြက်တစ်ကောင်နဲ့ယုန်တစ်ကောင်ပေးပါဦး"
"ကျွန်မကိုလည်းပေးနော်"
ကျိုးထောင်ဟွား
အမြန်ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ
အားလုံးပဲမလောကြပါနဲ့၊တစ်ယောက်ချင်းစီ အလေးချိန်,ချိန်ပေးပါ့မယ်နော်"
ထိုသို့ပြောရင်း
ကျိုးထောင်ဟွားသည်အခွင့်အရေးအားအရယူကာ ရှန်းမင်လက်ကိုဆွဲလိုက်ပြီး လူကြီးများအတွက်
အသားများကိုချိန်တွယ်ခိုင်းလိုက်သည်။ထိုအချိန်မှာပင်
ရှန်းမင်မှတစ်ဆင့်သားကောင်များပေါ်သို့ကူးစက်နေသည့်
အငြိုးအတေးဝိညာဉ်စွမ်းအင်များကိုဖယ်ရှားရန် လက်ဟန်သင်္ကေတတစ်ခုကို
သူမအမြန်ပြုလုပ်လိုက်၏။မကြာမီအချိန်အတွင်းမှာပင် တောကြက်နှင့်ယုန်ဆယ်ကောင်ခန့်မှာ
ရောင်းကုန်သွားတော့သည်။
ခေါင်းပေါင်းအနက်နှင့်မီးခိုးရောင်ဝတ်ရုံရှည်ဝတ်ထားသော
သက်လတ်ပိုင်းအမျိုးသားတစ်ဦးရောက်လာပြီးမေးလိုက်၏။
"ဒါက
တောဝက်လား"
"ဦးလေးကအမြင်ထက်တာပဲ၊ဒါတောင်ပေါ်ကနေ
ခုလေးတင်ဖမ်းလာတဲ့ တောဝက်ပေါက်လေးပါ၊အရသာကတော့လုံးဝလျှာလည်သွားစေရမယ်"
ကျိုးထောင်ဟွားမော့ကြည့်ပြီးပြုံးကာ
ပြန်ဖြေလိုက်သည်။
သို့သော်
သူမအကြည့်သည် ထိုလူ့လက်ကောက်ဝတ်ထက်ရောက်သွားသောအခါ အနက်နှင့်အနီရောင်ရောယှက်နေသော
ကြိုးတစ်ချောင်းကို မြင်လိုက်ရသည်။၎င်းမှာ ကံကြမ္မာကြိုးပင်ဖြစ်၏။
သို့သော်
၎င်းသည်အငြှိုးကြီးတစ္ဆေတစ်ကောင်နှင့်
ဆက်နွှယ်နေသည့်ကံကြမ္မာကြိုးဖြစ်နေသည်။သူ့ဖူးစာဖက်မှာ အငြှိုးကြီးတစ္ဆေဖြစ်နေ၏။
ဝေ့ကျန့်ဖုန်း
တောဝက်ကိုမ,ကြည့်ပြီး
အလေးချိန်အားခန့်မှန်းကြည့်လိုက်ရာ ပေါင်
၅၀ခန့်ရှိလောက်ပေမည်။သူလည်းတွန့်ဆုတ်မနေတော့ဘဲ
ကျိုးထောင်ဟွားအားချိန်ခိုင်းလိုက်သည်။
ဝေ့ကျန့်ဖုန်းငွေချေပြီးသော်
ကျိုးထောင်ဟွားမှမေးလိုက်၏။
"ဦးလေး
ဘေးရန်ကင်းအဆောင်လေးရော မဝယ်ချင်ဘူးလား၊ဒါက မကောင်းဆိုးဝါးတွေရန်ကနေ ကာကွယ်ပေးပြီး
ဦးလေးကိုဘေးကင်းစေမှာပါ၊တစ်ရွက်ကို ပြားတစ်ရာပါပဲ၊ပြားတစ်ရာဆိုတာ
ဦးလေးကိုမနစ်နာစေသလို အလိမ်ခံရတာမျိုးလဲ မဖြစ်စေပါဘူး"
ဝေ့ကျန့်ဖုန်း
လေးနက်သောအမူအယာဖြင့်ခေါင်းယမ်းလိုက်သည်။သူသည်ထိုကဲ့သို့သောကိစ္စမျိုးအားမယုံကြည်ပါပေ။ပြားတစ်ရာဆိုလျှင်
တောဝက်သားအတော်များများဝယ်နိုင်ရာ အသုံးမဝင်သည့်စာရွက်အစုတ်အတွက်
ပိုက်ဆံမဖြုန်းချင်ချေ။
ဝေ့ကျန့်ဖုန်း
ကျိုးထောင်ဟွားထံကြည့်ကာ ဤမိန်းကလေးသည်လမ်းဘေးများ၌လိမ်စားနေသည့် လူလိမ်မလေး
တစ်ယောက်ဖြစ်လိမ့်မည်ဟုထင်မထားခဲ့ပေ။နောက်တစ်ကြိမ်ဆိုလျှင်
သူမထံမှပစ္စည်းများမဝယ်တော့ဟုတွေးလိုက်သည်။တောဝက်ပေါက်လေးအားသယ်ကာ
သူလှည့်ထွက်သွားခါနီးမှာပင် ကျိုးထောင်ဟွားမေးခွန်းကို ရုတ်တရက်ကြားလိုက်ရ၏။
"ဦးလေး
အခုတလောအိပ်မက်ဆိုးတွေ ခဏခဏမက်နေတယ်မလား၊အိပ်မက်ထဲမှာ
အနီရောင်တောက်တောက်မင်္ဂလာဆောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ပေါ်လာပြီး
ဦးလေးကို လက်ထပ်ချင်နေတယ်မလား"
အလားအလာရှိသောဖောက်သည်တစ်ဦးကိုတွေ့ထားသဖြင့်
ကျိုးထောင်ဟွားလက်လွှတ်မခံလိုပေ။
ကျိုးထောင်ဟွားစကားအားကြားသောအခါ
ဝေ့ကျန့်ဖုန်းမယုံကြည်နိုင်ဟန်ဖြင့် သူမဘက်လှည့်ကြည့်လာသည်။
"မင်းကဒါကိုဘယ်လိုသိတာလဲ"
ခန့်မှန်းလိုက်တာလား။
ဝေ့ကျန့်ဖုန်းသံသယဝင်သွားသည်။ဤသည်မှာလမ်းဘေးလူမိုက်များသုံးနေကျ
လှည့်ကွက်တစ်ခုပေများလား။တစ်စုံတစ်ခုအားသိလိုစိတ်ဖြင့်
ကျိုးထောင်ဟွားထံသူစိုက်ကြည့်နေမိသည်။
"ဦးလေး
ကျွန်မကအသက်ငယ်ပေမယ့်တာအိုပညာကိုတော့ကျွမ်းကျင်ပါတယ်၊ဦးလေးသာဒီအဆောင်ကိုဆောင်ထားရင်
အဲဒီအငြှိုးကြီးတစ္ဆေက ဦးလေးနောက်ကို ထပ်ပြီးလိုက်နှောင့်ယှက်နိုင်မှာ
မဟုတ်တော့ပါဘူး"
မဟုတ်လျှင်တစ္ဆေသတို့သမီးမှ
သူ့အားမင်္ဂလာဆောင်အခမ်းအနားဆီဆွဲခေါ်သွားသည်နှင့် သူသည်လူသားတစ်ဦးမဟုတ်တော့ဘဲ
မြေအောက်လောကသားဖြစ်သွားပေလိမ့်မည်။
ဝေ့ကျန့်ဖုန်းသည်
ကျိုးထောင်ဟွား၏အပြစ်ကင်းသောမျက်နှာလေးအား စိုက်ကြည့်နေမိသည်။အသက်၁၄နှစ်အရွယ်
မိန်းမငယ်လေးတွင် အတုအားအစစ်ထင်အောင်လုပ်နိုင်သည့်
အရည်အချင်းများတတ်မြောက်နေပြီလား။
ကျိုးထောင်ဟွားမှ
ဝေ့ကျန့်ဖုန်းနှင့်စကားပြောနေစဉ်မှာပင် လက်တစ်ဖက်ပေါ်လာပြီး
ဝေ့ကျန့်ဖုန်းခါးကြားမှပိုက်ဆံအိတ်ကို ရုတ်ချည်းဆွဲယူသွားတော့သည်။
သူမချက်ချင်းအော်ဟစ်လိုက်တော့၏။
"သူခိုး
သူခိုး ဝိုင်းဖမ်းကြပါဦး"