Ch 199
Viewers 8k

အပိုင်း (၁၉၉) 


မရဘူး 

ကျန်းလော့ ထန်ပိသေဆုံးသွားတာကို ကြည့်နေခဲ့သည်။ သူသည် ဘာဆက်ဖြစ်မည်ဆိုသည်ကို အနည်းငယ် ရှုပ်ထွေးနေသော်လည်း နဂါးရေကန်အောက်ခြေတွင် သူသေဆုံးပြီးသွားပြီဆိုတာကိုတော့ သိထားပြီး ယခု သူသည် ပြန်လည်ရှင်သန်လာသည်။ ထို့အပြင် သူ့အစား ထန်ပိက သေဆုံးသွားသည်။ 

သူ့ကို ကယ်ခဲ့သည့်သူမှာ... ထန်ပိများ ဖြစ်နေမည်လား 

ကျန်းလော့သည် ထန်ပိကို ဗလာဖြစ်စွာ ကြည့်နေပြီး မကြာခင်တွင် သူ့ကို တစ်စုံတစ်ယောက်က ပွေ့ချီထားကြောင်း သတိထားမိသွားသည်။ သူမော့ကြည့်လိုက်သောအခါ သွေးများ ရွှဲနေသော မျက်နှာကို မြင်လိုက်ရသည်။  သွေးထွက်မတတ် ရဲနေသော မျက်လုံးဟု ခေါ်မရတော့သော အပေါက်နှစ်ပေါက်သည် ကျန်းလော့ကို သေစေနိုင်လောက်သော အကြည့်ဖြင့် စိုက်ကြည့်နေပြီး ကျန်းလော့၏ နှလုံးသားသည် ပြင်းထန်စွာ နာကျင်လာသည်။ 

“ချီ....ယုံ” 

ချီယုံ၏ ယခင်က ကျော့ရှင်းချောမောသော ပုံရိပ်သည် ပျောက်ကွယ်သွားပြီး သူသည် အရေခွံမဲ့မိစ္ဆာတစ်ကောင် သွေးများ စက်စက်ယိုနေသည်နှင့် တူနေသည်။ 

သူသည် ကျန်းလော့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး လက်ကို ဆန့်ထုတ်လိုက်ကာ ကျန်းလော့၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်နေသည်။ သူသာ ခပ်ပြင်းပြင်း ထိကိုင်ကြည့်လိုက်ပါလျှင် ကျန်းလော့ သေသွားမည့်အလား.... 

ဤနေရာသည် နဂါးသွေးကြော၏ အနက်ရှိုင်းဆုံးနေရာဖြစ်သည်။ ချီယုံက မည်သို့မှာ ဤနေရာရောက်လာပြီး ဒီပုံစံမျိုး ဖြစ်သွားရပါသနည်း။ 

‘ထန်ပိ ထန်ပိက ဘာလို့ သေသွားရတာလဲ’ 

‘ကံကြမ္မာယုံသူကရော ဘယ်ရောက်သွားလဲ’ 

ကျန်းလော့၏ မျက်နှာသည် တဖြည်းဖြည်း မည်းမှောင်လာပြီး သူ့တွင် မေးစရာအများကြီးရှိနေသော်လည်း တစ်စခုကိုမှ ထုတ်မမေးနိုင်ပဲ ဗလာဖြစ်နေသော အကြည့်များဖြင့် ချီယုံနှင့် ထန်ပိတို့ကို ကြည့်နေမိသည်။ 

ဤအချိန်တွင် ထိုကိစ္စများကို လိုက်ပြီး သိချင်မေးချင်နေ၍ မဖြစ်ကြောင်း သိသည်။ ယခု သူအလုပ်သင့်ဆုံးကိစ္စမှာ ဒဏ်ရာအပြင်းအထန်ရထားသော ချီယုံကို ဤနေရာမှ ခေါ်ထုတ်သွားရန်နှင့် သေဆုံးသွားသော ထန်ပိအလောင်းနှင့် နောက်ဆုံးစကားများကို သူသေချာပေါက် ပြန်သယ်သွားရမှာဖြစ်သည်။ 

သို့သော် ကျန်းလော့သည် ယခုထိတိုင် အဖြစ်အပျက်များကို မယုံနိုင်ဖြစ်နေကာ သူ့မျက်လုံးများသည် စိုစွတ်လာတော့သည်။ 

ထန်ပိက မည်သို့များ သေဆုံးသွားရပါသနည်း  

ခနကြာပြီးနောက် သူသည် လက်တုန်တုန်ဖြင့် ထန်ပိ၏ မျက်လုံးတို့ကို ပိတ်ပေးလိုက်သည်။ 

ကျန်းလော့သည် သူ့ကို ပွေ့ပိုက်ထားသော ချီယုံ့လက်ကို ညင်သာစွာ ဆွဲမကာ ထရပ်လိုက်သည်။ သူသည် ယခုအချိန်တွင် အလွန်အားနည်းနေပြီး နာကျင်နေတုန်းပင်။ သို့သော် ကျန်းလော့သည် သူ့ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် သန်မာလာသည်ကို ခံစားမိသည်။ 

ကိုးကွယ်ခြင်းနတ်စွမ်းအားတို့သည် သူ့ခန္ဓာကိုယ်ကို ဆက်၍ ဒုက္ခပေးနိုင်မှာ မဟုတ်တော့ပေ။ လုံးလုံးလျားလျား ပြန်ကောင်းလာပြီးနောက် သူ့ခန္ဓာကိုယ်သည် အနည်းဆုံး သာမန်လူသားများထက် ဆယ်ဆ သန်မာလာလောက်သည်။ သူသည် ထန်ပိကဲ့သို့ စီဝမ်ကွေးဖြစ်သွားသည်နှင့် တူသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ကိုးကွယ်ခြင်း နတ်စွမ်းအားတို့ ရှိနေသည်။ 

ကျန်းလော့သည် အတုအယောင်နတ်ဘုရားတစ်ပါးလည်း မဖြစ်ချင်ပေ။ သူ့လက်ကို နဂါးရေကန်ဆီသို့ ဆန့်ထုတ်လိုက်ပြီး နဂါးရေကန်ထဲမှ ရွှေရောင်မြွေကြီးတစ်ကောင် ထွက်လာလေသည်။ အမြှီးတွင် ယင်ယန်လက်ကောက်ကို စွပ်၍ ကျန်းလော့ထံသို့ လက်ကောက်ကို ပို့ဆောင်ပေးခဲ့လေသည်။ ကျန်းလော့သည် မျက်လုံးမှိတ်ပြီး တစ်လုံးချင်း ပြောလိုက်သည်။ 

“ကံ ကြ မ္မာ ယုံ သူ” 

သခင်ဖြစ်သူ၏ ဒေါသတို့သက်ရောက်ခံရသော မြွေကြီးသည် ဂူတစ်ခုလုံးကို တွားသွားပြီး တွန့်လိမ်နေတော့သည်။ ကျန်းလော့သည် ထန်ပိ၏ ဓားကြီးကို ကောက်ကိုင်၍ ဒဏ်ရာအပြင်းအထန်ရနေသော ချီယုံ့ကို ကူညီကာ ချီယုံ့လက်တစ်ဖက်ကို လူ့ပုခုံးတွင် တင်လိုက်သည်။ 

သူသည် မြေပြင်ပေါ်တွင် လဲနေသော ထန်ပိကို ကြည့်၍ စိတ်မသက်သာစွာ ခေါင်းစောင်း၍ ခြောက်သွေ့အက်ကွဲသော အသံဖြင့် ရှင်းပြသည်။ 

“ထန်ပိ ချီယုံဒဏ်ရာက ဆက်ပြီး ဒီမှာနေလို့ နှောင့်နှေးလို့ မဖြစ်တော့ဘူး ငါ သူ့ကို ခေါ်ထုတ်သွားပြီး မင်းကို ပြန်လာခေါ်မယ်” 

ကျန်းလော့သည် ရပ်သွားပြီး ထပ်ဖြည့်ပြောသည်။ 

“မင်းပြောသမျှ အားလုံး ယူသွားမှာပါ” 

ကျန်းလော့သည် အလျင်စလိုဖြင့် ချီယုံ့ကို ဂူထဲမှ ထုတ်သွားပြီး တောနက်ထဲ လုံခြုံနိုင်သော နေရာတွင် ဖွက်လိုက်သည်။ ကျန်းလော့သည် ကံကြမ္မာယုံသူ တကယ် ထွက်သွားလား မထွက်သွားဘူးလား သိချင်နေပြီး ချီယုံ့ကို တစ်စုံတစ်ယောက်က လာပြီး လုပ်ကြံဖို့ကြိုးစားမည်ကို စိုးရိမ်နေသည်။ 

သူသည် မည်သူမျှ မရှိသည့် နေရာတွင် ချီယုံ့ကို ဖွက်ထားခဲ့ပြီး ဘေးဘက်တွင် အစီအရင်တစ်ခု ချခဲ့ကာ ချီယုံ့ကို တစ်စုံတစ်ယောက်က တိုက်ခိုက်လာလျှင် ချက်ချင်း သိရအောင် ဖြစ်သည်။ 

ချီယုံသည် သူလုပ်သမျှကို လိုက်ကြည့်နေပြီး ကျန်းလော့ကို တစ်ချက်ကလေးမှ အကြည့်လွှဲမသွားပေ။ ကျန်းလော့သည် သူ့မျက်နှာမှ အသည်းကွဲနေသော အကြည့်ကြောင့် နူးညံ့သွားပြီး နှေးကွေးစွာ ပြောလိုက်သည်။ 

“ဒီမှာစောင့်နေ ငါ ထန်ပိကို သွားခေါ်လာခဲ့မယ် အလွန်ဆုံး ဆယ့်ငါးမိနစ်ဆို ပြန်ရောက်ပြီ” 

ချီယုံ့ အက်ရှသော အသံဖြင့် ပြောသည်။ 

“သွားပါ” 

ကျန်းလော့သည် သူ့ကို လည်ပြန်တစ်ချက်လှည့်ကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ထွက်သွားတော့သည်။ 

... 

လိရှားသည် ခေါင်းပေါ်တွင် ရေတစက်စက် အကျခံရပြီး နိုးလာသည်။ သူမမျက်လုံး ဖွင့်လိုက်သည်နှင့် ထန်ပိသေဆုံးနေတာကို လှမ်းမြင်လိုက်သည်။ လိရှားသည် အလွန်ထိတ်လန့်သွားပြီး ထန်ပိ တကယ်ကြီးသေဆုံးသွားသည်လားဆိုသည်ကို အတည်ပြုရန် ထသွားကြည့်လိုက်သည်။ ထန်ပိသည် တကယ်သေဆုံးသွားပြီး သေဆုံးရသည့်အကြောင်းအရင်းသည် သူမ၏ အဆိပ်ကြောင့် ဖြစ်ဟန်တူသည်။ 

လိရှားသည် စိတ်ဆိုးပြီး အားနည်းသွားသော်လည်း သူမဘာလုပ်ခဲ့သည်ကို မမှတ်မိတော့ပေ။ သို့သော် လိရှားသည် လူသားတစ်ယောက် မဟုတ်ဘဲ အနည်းငယ်သော ဝမ်းနည်းမှုနှင့် အားငယ်မှုတို့သည် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ 

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး ဤနေရာတွင် မည်သူမျှ မရှိတာ သေချာသွားသောအခါ လိရှားသည် မျက်လုံးလှိမ့်လိုက်ပြီး တွင်းနက်ကြီးမှတစ်ဆင့် ထွက်သွားဖို့လုပ်တော့သည်။ လိရှားသည် ဂူထဲမှ အလျင်စလို ထွက်သွားပြီး လမ်းတစ်ဝက်တွင် ထူးဆန်းသော လူတစ်ယောက်၏ ကျယ်လောင်စွာ ငိုကြွေးပြီး ရူးသွပ်သွားသလို အော်ရယ်နေသံကို ကြားသော်လည်း သူမဂရုမစိုက်ပေ။ 

သို့သော် သူမ လှေကားနားရောက်သွားသောအခါ တာအိုဆရာတော် ဝေ့ဟယ်က မသေမရှင် ဖြစ်နေသော ကောဝူချန်ကို ကိုင်ထားပြီး လျှောက်ထွက်နေသည်ကို မြင်လိုက်ရသည်။ 

လိရှားသည် လျင်မြန်စွာ ပုန်းလိုက်ပြီး ထိုမြင်ကွင်းကို သေချာမြင်ရစေရန် မျက်စိရှင်ထားသည်။ တာအိုဆရာတော် ဝေ့ဟယ်၏ မျက်လုံးများသည် နီရဲနေပြီး ယောင်ကိုင်းနေကာ ကောဝူချန်သည် ယဲ့ယဲ့လေးသာ ရှိတော့ပုံပေါက်ပြီး သူတို့သည် မကြာခင်တွင် ချိတ်ဆွဲထားသော လှေကားမှ ထွက်ခွာသွားတော့သည်။ 

သူတို့ထွက်သွားတော့မှသာ လိရှား ထွက်လာရဲသည်။ မကြာခင်တွင် လိရှားသည် ဂူပေါက်ရှိ မြစ်ဆီသို့ ရောက်လာသည်။ 

ထန်ပိလည်းမရှိ  ကောဝူချန်လည်း မရှိ ချီယုံလည်း မရှိပေ။ လိရှားသည် ထွက်ပြေးဖို့ တာဆူသည်။ သူမသည် မြစ်ထဲကို ငုံ့ကြည့်ပြီး ခနလောက် တွေဝေနေပြီးမှ ပျော်ရွှင်စွာ မြစ်ထဲသို့ ခုန်ဆင်းသွားပြီး လျပ်တပြတ် ပျောက်ကွယ်သွားတော့သည်။ 

သူမရေထဲသို့ ခုန်ဆင်းသွားပြီး သိပ်မကြာခင်လေးတွင် ဘန်းဆိုသော အသံအကျယ်ကြီး ကြားလိုက်ရပြီး ဂူတစ်ခုလုံး ပြိုကျသွားလေတော့သည်။ 

.... 

ကျန်းလော့ ပြန်လာသောအခါ ပြိုကျနေသော ဂူကိုသာ မြင်ရတော့သည်။ ဂူဝင်ပေါက်သည် ကျောက်တုံးကြီးများဖြင့် ပိတ်သွားပြီး တစ်နေရာလုံးသည် ကျောက်ပုံကြီးဖြစ်သွားတော့သည်။ 

ကျန်းလော့၏ နှလုံးသားသည် အေးစက်သွားတော့သည်။ သူသည် ထိုနေရာတွင်ပင် မိနစ်များစွာ တောင့်တောင့်ကြီး ရပ်နေမိပြီး ချီယုံ့ကို ပြောခဲ့သော အချိန်မတိုင်ခင်လေးတွင် သတိဝင်လာကာ တုံ့ဆိုင်းဆိုင်းဖြင့် ပြန်ထွက်သွားတော့သည်။ 

ချီယုံ့ကို ဖွက်ထားခဲ့သော နေရာသည် ဤနေရာနှင့် မဝေးပေ၊ နဂါးသွေးကြော၏ အနက်ရှိုင်းဆုံးနေရာ ဖြစ်နေဆဲဖြစ်ပြီး ကျန်းလော့သည်လည်း ပြောရလျှင် ပြန်မကောင်းသေးသော အနေအထားဖြစ်ကာ သူ့ကို ခေါ်ပြီး မြန်မြန် ထွက်ပြေးဖို့မှာ မဖြစ်နိုင်ပေ။ သူအဓိကလုပ်ရမည်မှာ ချီယုံ့ကို မြန်မြန်နိုင်သမျှ မြန်မြန် တောင်ခြေဆီသို့ ခေါ်သွားဖို့ပင်။ 

ကျန်းလော့နှင့်ချီယုံ နှစ်ယောက်လုံးသည် ဒဏ်ရာရနေပြီး ကျန်းလော့သည် သူ့ဒဏ်ရာများ ပြန်ကောင်းသည့်နှုန်း အလွန်မြန်နေကြောင်း သတိထားမိသည်။ သို့သော် မကောင်းဆိုးဝါးကတော့ အရိုးထိတိုင်အောင် ဒဏ်ရာရသွားခဲ့ခြင်းကြောင့် တစ်ရှူးတစ်မျှင်ချင်း ပြန်လည်ဖွဲ့စည်း၍ ဖြည်းဖြည်းချင်းသာ ပြန်ကောင်းနေလေသည်။

ကျန်းလော့သည် တဝူတောင်တွင် နိုင်ငံတော် တပ်ဖွဲ့များ ပုန်းအောင်းနေဆဲဖြစ်သည်ကို သိရှိထားပြီး သူသည် ချီယုံ့ကို ခေါ်ဆောင်သွားရာတွင် ရန်သူများကိုသာ မက တပ်ဖွဲ့ကိုပါ ရှောင်တိမ်းသွားရန် လိုအပ်သည်။ 

ကံကောင်းစွာပင် ခရီးသည် မချောမွေ့သော်လည်း ကျန်းလော့သည် ချီယုံ့ကို နောက်ဆုံးတွင် တောင်ခြေရောက်အောင် ပြန်ခေါ်လာနိုင်ခဲ့သည်။ သူသည် ဝေးကွာပြီး လူသူမရှိသော ဝါးတောတစ်ခုကို တွေ့ပြီး ချီယုံ့ကို ထိုဘေးတွင် ချ၍ အမောဖြေနေသည်။ 

သို့သော် တစ်ခနအတွင်းမှာပင် သူ့နှလုံးသားကို ကျောက်တုံးကြီးများနှင့် ဖိထားသလို လေးလံလာသည်။ နောက်ဆုံးတွင် သူ၏ ကြောက်မက်ဖွယ်ပုံစံကို သတိပြုမိသွားသော ချီယုံသည် သွေးထွက်မတတ်နီရဲနေသော မျက်လုံးတို့ကို မှိတ်လိုက်ပြီး ကျန်းလော့ကို မသဲကွဲသော အသံတိုးတိုးဖြင့် မေးသည်။

“ထန်ပိ ဘယ်မှာလဲ ” 

“ဂူသင်္ချိုင်းက ပြိုကျသွားတယ် သူက အောက်ခြေမှာ နှစ်သွားပြီ” 

ကျန်းလော့သည် မည်းမှောင်နေသော မျက်နှာဖြင့် ကြည့်လိုက်ပြီး 

“ချီယုံ မင်း ဂူထဲဝင်လာတုန်းက ဟေးဒီးစ်ရဲ့ ဧည့်ခန်းမထဲက ရေးထားတဲ့ နှစ်လုံးစပ် လင်္ကာကို တွေ့ခဲ့လား” 

ချီယုံ “ဟမ်” 

“အဲ့ဒီမှာ ဆိုရိုးလိုဟာမျိုး ရေးထားတာရှိတယ် “သေခြင်းတရားသည် ယခုချိန်ထိ မဖြစ်ပွားသေး တစ်စုံတစ်ယောက်သည် ဧည့်ဟောခန်းမကျယ်ကို ဝင်ပြီးလျှင် အသက်ရှင်ရန် မျှော်လင့်နိုင်သေးသည်” ” 

ကျန်းလော့က ပြောသည်။ 

“ခေါင်းတလားထဲက လူက သေပြီးသားကို ပြန်နိုးလာတယ် ပြီးတော့ ပြန်ရှင်လိုက် သေဆုံးလိုက်နဲ့ သံသရာလည်နေတာ ဒီတော့ သူက ပြန်ရှင်လာနိုင်တယ် တကယ်လို့ ငါတို့သာ မြေအောက်လောက ငရဲကို ဖြတ်သွားလို့ ရမယ်ဆိုရင် ထန်ပိကို ပြန်ခေါ်လာနိုင်လောက်တယ်နော်” 

ချီယုံက ပြန်မဖြေပေ။ ကျန်းလော့၏ နှလုံးသားသည် နှစ်မြှပ်သွားပြီး ထိုအခွင့်အရေး နည်းပါးကြောင်း သူသိသည်။ 

ထိုအလောင်းသည် နတ်ဘုရားတစ်ပါး၏ အလောင်းဖြစ်ပြီး ဤနေရာတွင် နဂါးသွေးကြောမှ စွမ်းအင်များကို စုပ်ယူနေခဲ့တာ ဖြစ်နိုင်ကာ ထိုသို့မဟုတ်လျှင် ကံကြမ္မာယုံသူ၏ အရံနတ်ဘုရားခန္ဓာဖြစ်နေနိုင်ပြီး ကံကြမ္မာယုံသူနှင့် ပတ်သက်ဆက်နွယ်မှု တစ်မျိုး ရှိပုံပေါသည်။ 

သို့သော် ထန်ပိကတော့ ရှင်နေသော အလောင်းကောင် စီဝမ်ကွေးဖြစ်သည်။ 

စီဝမ်ကွေးတို့သည် ဟိုးယခင်နှစ်ပေါင်းများစွာထဲက သေဆုံးသွားကြပြီးသော လူများဖြစ်သည်။ 

ကျန်းလော့သည် သူပြန်ကောင်းလာသည်နှင့် မည်မျှ ခက်ခဲပါစေ ထန်ပိ၏ ခန္ဓာကိုယ်ကို တွေ့အောင်ရှာဖို့ ဆုံးဖြတ်ထားသည်။ နဂါးရေကန်လှိုင်ဂူသည် ကျောက်တုံးနံရံများဖြင့် သေချာသော တည်ဆောက်မှုပုံစံရှိပြီး အပေါ်တွင် ဟောင်းလောင်းပေါက်ရှိနေသောကြောင့် ဂူက ပြိုသွားလျှင်တောင် နဂါးရေကန်ရှိရာ ဂူကတော့ ထိုအတိုင်းကျန်ခဲ့နိုင်ပြီး ထန်ပိ၏ အလောင်းသည်လည်း မပျက်စီးသေးလောက်ပေ။ 

အခွင့်အရေးမည်မျှ သေးငယ်နေပါစေ သူကြိုးစားကြည့်ချင်သည်။ ငရဲမှ တစ်စုံတစ်ယောက်နှင့်လည်း သူသိသည်။ ထိုသူသည် ဟေးဝူချန်ဖြစ်သည်။ 

ကျန်းလော့သည်နှုတ်ခမ်း တင်းတင်းစေ့လိုက်ပြီး မေးသည်။ 

“မင်း ဘယ်လိုနေလဲ” 

ယခု သူသည် ချီယုံ့ကို ကြည့်ရန် အနည်းငယ် ကြောက်ရွံ့နေသည်။ 

ချီယုံ့ပုံစံက ကြောက်စရာကောင်းနေသောကြောင့် မဟုတ်ဘဲ ချီယုံ့ကို ယခုလို မြင်လိုက်ရသောကြောင့် ချီယုံ သူ့ကို မည်သို့ ကယ်တင်ခဲ့သည်ကို မြင်ယောင်လာသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် ချီယုံ သူ့ကို ကယ်တင်ခဲ့သည်ကို မြင်ယောင်မိသောအခါ ကျန်းလော့သည် နှလုံးသားအောက်ခြေမှ နာကျင်မှုကို ခံစားရပြီး အသက်ရှူဖို့ပင် ခက်ခဲလာသည်။ 

ကျန်းလော့သည် သူဤသို့ အကြီးအကျယ် ဒဏ်ရာရနာကျင်နေချိန်တွင် ချီယုံ ဘာလုပ်နိုင်သည်ကို ကောင်းကောင်း နားလည်သည်။ 

ထိုနေရာသည် နဂါးရေကန်ဖြစ်ပြီး သူသည် မကောင်းဆိုးဝါးဝိညာဉ်ဖြစ်သည်။ ဒါကိုတောင် ရေကန်ထဲ ခုန်ချခဲ့သေးသည်။ ကျန်းလော့နှလုံးသားသည် ချဉ်စူးလာပြီး သူတို့၏ ယခင်က စကားများ ရန်ဖြစ်ခဲ့တာသည် တကယ်တမ်းတွင် ဘာမှမဟုတ်တော့သလို ခံစားမိခဲ့သည်။ 

ချီယုံ၏ ဒဏ်ရာများသည် အလွန်ပြင်းထန်သော်လည်း သူသည် တည်ငြိမ်နေပြီး သူ့နာကျင်မှုများသည် မခံနိုင်လောက်စရာမဟုတ်သလို နေပြနေသည်။ 

“သိပ်မဆိုးပါဘူး” 

ကျန်းလော့သည် ချီယုံ့ဘေးတွင် ထိုင်ရန် နှေးကွေးစွာ ထသွားလိုက်သည်။ သေခြင်းရှင်ခြင်းကို နဖူးတွေ့ဒူးတွေ့ကြုံကာမှ ခံစားချက်အစစ်အမှန်ကို သဘောပေါက်ခြင်းသည် ထူးဆန်းသော်လည်း ယခုတွင် ပြောမထွက်နိုင် ဖြစ်နေသည်။ 

သူ့အတွင်းပိုင်းတွင် ခံစားနေရသော ခံစားချက်များသည် အလုံးအရင်းလိုက် ပူပြင်းနေပြီး လှိုက်လှိုက်ပြီး ဝမ်းနည်းလာသော်လည်း ချီယုံကတော့ သူနှင့်ပတ်သက်သော ခံစားချက်ကို မဖော်ပြတတ်ဘဲ လုပ်နေကျအတိုင်း တတ်သလောက် မှတ်သလောက် ဂရုစိုက်ပေးခဲ့သည်။ 

ကျန်းလော့သည် ချီယုံက သူ့အပေါ်ထားသည့် ခံစားချက်များကို ဝန်ခံရန် ယခင်က မည်သို့ ငြင်းဆန်ခဲ့သည်ကို သတိရလိုက်ပြီး သူ့က ဖိအားပေး လျှောက်ပြောသောအခါ တွင် သူ့ကို ဖက်ထားသည်ကို လွှတ်၍ ထွက်ပြေးသွားသည့် မကောင်းဆိုးဝါးကြီးကို မြင်ယောင်လာသည်။ 

သူတို့နှစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး အကျင့်စရိုက်တို့သည် တနည်းတဖုံ တူညီနေသည်ပေ။ 

အကြာကြိး တိတ်ဆိတ်နေပြီးနောက် 

“ဒီတစ်ခေါက် ကျေးဇူးတင်ပါတယ်” 

ကျန်းလော့က တိုးတိုးပြောလိုက်သည်။ 

“နောက်တစ်ခေါက် ဒီလိုထပ်မလုပ်ပါနဲ့” 

ချီယုံသည် မျက်လုံးပွင့်လာပြီး သူ့မျက်နှာပေါ်မှ အရေပြားများသည် တစ်ဝက်လောက် ပြန်ကောင်းနေပြီဖြစ်သည်။ အလင်းနှင့် အမှောင်တို့ ဖြတ်တောက်ခံထားရသလို တစ်ဝက်သည် လူသားဆန်စွာ ချောမောနေပြီး တစ်ဝက်ကတော့ နတ်ဆိုးတစ်ကောင်ကဲ့သို့ တွန့်လိမ်နေသည်။ 

သူ့မျက်လုံးများသည် သွေးများကြောင့် တိမ်ဖုံးနေသလို မှုန်ဝါးနေသည်။ နက်ရှိုင်းသော စိတ်ခံစားချက်များက မျက်လုံးထဲမှ စီးထွက်လာသလို ချီယုံ၏ နုပျိုတောက်ပသော မျက်နှာကို တည့်တည့်ကြည့်ပြီး အားနည်းစွာ ပြောလိုက်သည်။ 

“မရဘူး” 

######