Ch 198
Viewers 8k

အပိုင်း (၁၉၈)


 တကယ်လို့ ... မေ့သွား ...

ချီယုံသည် နဂါးရေကန်ထဲကို ခုန်ချသွားပြီး ကံကြမ္မာယုံသူ၏ ရည်မှန်းချက်အတိုင်း ဖြစ်သွားသည်။ ကံကြမ္မာယုံသူသည် ကျန်းလော့ကို နဂါးရေကန်ထဲသို့ ကယ်တင်ရန် တွန်းချလိုက်သည့် အချိန်တွင် ချီယုံသည် ကံကြမ္မာယုံသူကို ဘာမှမလုပ်ပါဘဲ ကျန်းလော့အတွက်နှင့် ရေကန်ထဲသို့ တိုက်ရိုက်ခုန်ချသွားခဲ့သည်။ 

နဂါးရေကန်နှင့် မကောင်းဆိုးဝါးတို့သည် ပိုးဖလံနှင့် မီးတောက်တို့နှင့် အသွင်တူပြီး ချီယုံသည် ဆယ်ကြိမ်တွင် ကိုးကြိမ်တိတိ သေမှာ သေချာသည်။ သူသာ အလွန်အင်မတန် ဉာဏ်ကောင်းနေပါလျှင် သေခြင်းတရားကို ရှောင်တိမ်းနိုင်လောက်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်သည်။ 

ချီယုံ နဂါးရေကန်ထဲ ခုန်ချသွားသည်ကို ကြည့်နေရင်း ကံကြမ္မာယုံသူသည် စကားပင် ပြောမထွက်နိုင်လောက်အောင် စိတ်သက်သာသွားသည်။ သို့သော် ပြောမပြနိုင်သော ရှုပ်ထွေးမှုတစ်ခုကိုလည်း ခံစားသွားရသည်။ 

ကံကြမ္မာယုံသူသည် ကျန်းလော့က ချီယုံ့အတွက် အလွန်အရေးကြီးသည်ကို သိရှိထားသော်လည်း ချီယုံက ကျန်းလော့ကို အသက်ပေးပြီးကယ်နိုင်ချေကို သုံးဆယ်ရာခိုင်နှုန်းလောက်သာ ယုံကြည်ထားခဲ့သည်။ 

ကျန်းလော့အတွက်နှင့် ဤမျှအထိ လုပ်သွားနိုင်မည်ဟု မထင်ထားခဲ့ပေ။ 

ကံကြမ္မာယုံသူသည် အနည်းငယ် စိတ်ပြေသွားသော်လည်း ရေကန်နံဘေးတွင် သူ့ကို ပြိုင်မတိုက်နိုင်သော စီဝမ်ကွေးတစ်ယောက် ရှိနေသေးမှန်း မေ့သွားခဲ့သည်။ 

သတိလက်လွတ်ဖြစ်သွားသည့် ကံကြမ္မာယုံသူကို ထန်ပိက ရင်ဘက်တည့်တည့်သို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။ 

ကံကြမ္မာယုံသူသည် သူ့ရင်ဘက်ကို ဖောက်ဝင်သွားသော ဓားကို ငုံ့ကြည့်ပြီး တစ်ကမ္ဘာလုံးကို ဂရုမထားသော အကြည့်ဖြင့်  ထန်ပိကို မော့ကြည့်၍ ရုတ်တရက်  ပြုံးပြလိုက်သည်။ 

ထန်ပိသည် သူ့ကို စိုးရိမ်စွာဖြင့် သူ၏ ခမ်းနားသော ဓားရှည်ကို ပြန်ဆွဲထုတ်ပြီး နောက်တစ်ကြိမ် ထပ်၍ ထိုးတော့မည့်အချိန်တွင် ကံကြမ္မာယုံသူက အေးစက်စွာ ပြောလာသည်။ 

“မင်းက သူ့ရဲ့ နောက်ဆုံးအခွင့်အရေးနော်” 

ကံကြမ္မာယုံသူသည် ပြောပြီးနောက် ရေကန်ထဲသို့ နက်ရှိုင်းစွာ ကြည့်လိုက်သည်။ သူလုပ်ရမည့်အရာကို လုပ်ပြီးနေပြီဖြစ်သောကြောင့် ဆက်နေရန် အကြောင်းပြချက် မရှိတော့ပေ။ 

နောက်တစ်စက္ကန့်တွ၍် ကံကြမ္မာယုံသူသည် ဝင်ပူးထားသော နတ်ဘုရားခန္ဓာကိုယ်ကို ထားခဲ့ပြီး ထွက်သွားခဲ့သည်။ 

သမ္မတနိုင်ငံခေတ် အဝတ်အစားအတိုင်း ဝတ်ဆင်ထားသော အလောင်းကောင်သည် ရုတ်တရက် အသက်မဲ့သွားပြီး နောက်ပြန်လဲကျသွားတော့သည်။ 

ထန်ပိသည် ကြောင်အသွားပြီး ထိုအလောင်း သေသွားပြီဆိုတာကို သေချာစေရန် သူ့ဓားဖြင့် အကြိမ်ပေါင်းများစွာ တတ်နိင်သလောက် ထိုးစိုက်ကြည့်ခဲ့သည်။ 

ချီယုံသည် အလွန်ကြောက်စရာကောင်းနေပြီး လူပုံသဏ္ဍာန် ပျောက်ကွယ်သွားကာ သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း အငွေ့ပျံလာနေပြီး  ကျန်းလော့ကို ပွေ့ထားသော လက်နှစ်ဖက်သည် အရိုးဖြူဖြူများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ 

ထန်ပိသည် ကျန်းလော့ အခြေအနေကို မေးကြည့်တော့မည့် အချိန်တွင် ချီယုံ၏ တောင့်တင်းနှေးကွေးနေသော လှုပ်ရှားမှုများကို သတိပြုလိုက်မိသည်။ 

ထန်ပိသည် သူ၏ တုန်ယီနေသော လက်များကို မြင်ပြီး ကြောက်မက်ဖွယ် မတွေးဝံ့သော အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။ 

သူ့မျက်လုံးများသည် ကျန်းလော့ထံသို့ အကြည့်ရောက်သွားပြီး မဝံ့မရဲ ခေါ်လိုက်သည်။ 

“ကျန်းလော့” 

သို့သော် သူခေါ်လိုက်သည့်အသံသည် ခြောက်သွေ့အက်ကွဲပြီး တုန်ယင်နေကြောင်း သတိထားမိသွားပြီး ဂူထဲတွင် မမြင်ရသော အကြောက်တရားတစ်ခု လွှမ်းခြုံလာသလိုပင်။ 

မြေပြင်ပေါ်တွင် လှဲလျောင်းနေသော ဆံပင်အနက်ရောင်လူငယ်လေးသည် လုံးဝကို တုံ့ပြန်ခြင်း မရှိပေ။ ထန်ပိ၏ နှလုံးသားသည် ပြင်းထန်စွာ ဆွဲခါလိုက်သလို ခုန်သွားပြီး သူ့အသံကို ခပ်ဖျော့ဖျော့အသံဖြင့် 

“ကျန်းလော့” 

တိတ်ဆိတ်မှုထဲတွင် တိတ်ဆိတ်မှု တစ်ခု ထပ်၍ ကြီးစိုးသွားပြန်သည်။ 

တိတ်ဆိတ်မှု လွှမ်းခြုံနေသည်မှာ မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းနှင့်ပင် ဆင်တူနေပြီး လှိုက်မောလာသော ရင်ဘက်၊ အသက်ရှူရခက်ခဲလာမှု အောက်ဆီဂျင် မလုံလောက်၍ မွန်းကြပ်လာမှုတို့ကို တစ်ဆက်ထဲ ခံစားလိုက်ရသည်။ 

ချီယုံ၏ တစ်ကိုယ်လုံးသည် မီးတောက်နေပြီး ကျန်းလော့ကို တည်ငြိမ်စွာ စိုက်ကြည့်နေကာ သူ၏ ဖြူဖွေးသော အရိုးများအဖြစ်ပြောင်းလဲသွားသော လက်ဖြင့် ကျန်းလော့ရင်ဘက်ကို ခပ်ပြင်းပြင်း ဖိချလိုက်သည်။ 

ကျန်းလော့၏ မျက်လုံးများသည် ပွင့်မလာတော့ဘဲ အိပ်မောကျနေသကဲ့သို့ တည်ငြိမ်နေသည်။ မျက်နှာပေါ်တွင် ရေစက်တချို့ တင်ကျန်နေပြီး ထိုရေစက်သည် ချီယုံ၏ အရိုးလက်ချောင်းအပေါ် စီးသွားရာ နောက်တစ်ကြိမ်ထပ်၍ လောင်ကျွမ်းသွားလေတော့သည်။ 

သူ့ခန္ဓာကိုယ်သည် ချီယုံ၏ လှုပ်ရှားမှုတို့ကြောင့် တုန်ယီနေသော်လည်း ရင်ဘက်ကတော့ မလှုပ်မယှက် ရှိနေဆဲပင်။ 

ချီယုံ့ကိုယ်ပေါ်မှ ပြတ်ကျလာသော အသားများသ်ည ကျန်းလော့ကိုယ်ပေါ်သို့ တစ်တစ်ပြီး တစ်တစ် ကျသွားသည်။ တစ်ကြိမ်နှစ်ကြိမ် ဖိခြင်းသည် အသုံးမဝင်ပေ။ ချီယုံသည် ပို၍ မြန်မြန် ဖိချပေးသည်။ 

ရုတ်တရက် ချီယုံသည် ကျန်းလော့မျက်နှာကို အားပြင်းပြင်းဖြင့် ဆွဲယမ်းလိုက်ပြီး ကျန်းလော့မျက်နှာပေါ်တွင် အရိုးလက်များကြောင့် ဒဏ်ရာတချို့ ထင်ကျန်ကုန်သည်။ ချီယုံသည် အောက်ငုံ့လိုက်ပြီး ကျန်းလော့ကို အသက်ရှူသွင်းပေးပြန်သည်။ 

သွေးနံ့သည် အလွန်ပြင်းထန်ပြီး ပျို့အန်ချင်စဖွယ် ဖြစ်နေသော်လည်း မကောင်းဆိုးဝါးသည် ကသုတ်ကယက်ဖြစ်စွာ ခေါင်းမာမာဖြင့် လေများသွင်းပေးနေဆဲဖြစ်ပြီး ကျန်းလော့သည် တုံ့ပြန်မှု မရှိဆဲ ဖြစ်သည်။ 

သူသည် ဘာကိုမှ မခံစားရတော့ပေ။ နာကျင်မှုမရှိသလို အသက်ရှူခြင်းလဲ မရှိတော့ပေ။ 

ကျန်းလော့ သေသွားလေပြီ။ 

ချီယုံ၏ တစ်ကိုယ်လုံးသည် သွေးများရွှဲနစ်နေပြီး  သူ့ကိုယ်ပေါ်မှသွေးများသည် ကျန်းလော့ကိုယ်ပေါ်သို့ တစ်စက်စက် ကျနေသည်။ ကျန်းလော့၏ ခန္ဓာကိုယ်သည် အေးစက်လာပြီး အလွန်အကျွံ ဒဏ်ရာအပြင်းအထန်ရထားပြီး သေအံ့ဆဲဆဲ မကောင်းဆိုးဝါးထက်ပင် ပို၍ အေးစက်နေပါသေးသည်။ 

မျက်နှာပြင်အောက်တွင် ဖိနှိပ်ထားသော ရူးသွပ်နေသော ဒေါသတို့သည် ပေါက်ထွက်လုနီးနီး ဖြစ်လာနေသည်။ 

ချီယုံသည် ကျန်းလော့နှုတ်ခမ်းနှင့် ဖိကပ်ထားရာမှ ခေါင်းမော့လိုက်ပြီး ထန်ပိသည် မကောင်းဆိုးဝါး၏ တုန်ခါနေသော ခန္ဓာကိုယ်ကို မြင်နေရသည်။ ချီယုံသည် မသဲကွဲသော တုန်ယင်နေသော အသံတိုးတိုးဖြင့် အမိန့်ပေးလာသည်။ 

“ကျန်းလော့ စကားပြော” 

သို့သော် လူသေတစ်ယောက်က မည်သို့များ စကားပြောနိုင်ပါမည်နည်း။ 

မကောင်းဆိုးဝါး၏ အသံသည် ပို၍ ခက်ထန်လာပြီး တိုးတိတ်စွာ ဟိန်းဟောက်တော့သည်။ 

“စကားပြောစမ်းပါလို့” 

သူသည် ကျန်းလော့၏ ပါးနှစ်ဖက်ကို အရူးတစ်ယောက်လို အားအကြီးကြီးဖြင့် ဆွဲညစ်လိုက်ကာ ကျန်းလော့ကို ဒေါသတကြီးအော်ငေါက်၍ ဗလုံးဗထွေးနှင့်  စကားပြောလာရန် ပြောဆိုနေရင်း  ပါးစပ်ကို ဆွဲဟနေသည်။ 

မကောင်းဆိုးဝါး၏ အသံသည် ကြောက်ရွံ့စိုးထိတ်မှုများနှင့် တုန်ခါအက်ကွဲနေပြီး ကျန်းလော့ကို ကိုင်ထားသော လက်များသည် မတည်မငြိမ် ဖြစ်လာတော့သည်။ 

ချီယုံသည် ရုတ်တရက် စွမ်းအားမဲ့မှုကို ခံစားလာရသည်။ 

သူ့ဘဝတွင် လူပေါင်းများစွာကို သတ်ဖြတ်ဖူးပြီး များစွာသော နှိပ်စက်မှုများကိုလည်း ခံစားခဲ့ရဖူးသည်။ သို့သော် သူသည် မည်သူ့ကိုမှ မကယ်တင်ခဲ့ဖူးသလို ဘယ်သောအခါကမှလဲ ယနေ့လောက် မနာကျင်ခဲ့ရဖူးပေ။ 

စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော နှစ်ခုလုံးနာကျင်နေသည်။ ချီယုံသည် သူ့အသားများကို တစ်စုံတစ်ယောက်က ဓားတုံးတုံးဖြင့် စိမ်ပြေနပြေ ခွာနေသလို သူ့ကို လက်ဝါးကပ်တိုင်ဖြင့် ကပ်၍ နှိမ်နှင်းသလို ခံစားနေရကာ ပြောမပြတတ်အောင် နာကျင်နေသည်။ 

ချီယုံ့ကို ဤအတိုင်းသာ ဆက်ထားပေးရမလို ဖြစ်နေပြီး သူ့မျက်လုံးများသည် မှောင်မိုက်နေလေသည်။ 

သူသည် ကျန်းလော့ သေသွားပြီမှန်း နဂါးရေကန်ထဲ ခုန်ချလိုက်ထဲက သိခဲ့ပြီး ပျင်းရိဖွယ်ကောင်းသော နာကျင်မှုကို ကျော်ဖြတ်၍ ကျန်းလော့ကို ပွေ့ပိုက်ရန်  ကြိုးစားခဲ့သည်။ 

သူသည် ကျန်းလော့ကို လက်မောင်းထဲတွင် ပွေ့ထားပြီး အမြဲ တည်ငြိမ်သော သူသည် မတည်ငြိမ်နိုင်တော့စွာ တုန်ယီနေခဲ့သည်။ သို့သော် ချီယုံသည် တိတ်ဆိတ်နေဆဲဖြစ်ပြီး ထိုတိတ်ဆိတ်မှုသည် သူ၏ နာကျင်မှုနှင့်ကြေကွဲမှုကို ဖုံးဖိပေးထားသည်။ 

ချီယုံသည် ရုတ်တရက် သူ့လက်မောင်းထဲမှ လူငယ်လေးအတွက် ပြင်းပြနက်ရှိုင်းသော မုန်းတီးမှုကို ခံစားရပြီး ကျန်းလော့လည်ပင်းကို မထိန်းချုပ်နိုင်စွာ ညှစ်၍ သူ့ကို နိုးထလာဖို့ ပြောချင်သည်။ သူ့ကို သူ့လက်တို့နှင့်ကိုယ်တိုင် သတ်၍ အရှင်လတ်လတ် ဝါးစားပစ်လိုက်ချင်သည်။ 

သူ့စကားများသည် သွေးများစွန်းနေပြီး စိတ်ရောကိုယ်ပါ ထိခိုက်နာကျင်နေမှန်း သိသာသော အမုန်းတရားတို့နှင့် ပြည့်ဝနေကာ 

“တကယ်လို့ မင်းသေရင် ကိုယ် ဒီလောကကြီးကို ငရဲကျအောင် လုပ်ပစ်မှာ” 

“လူတိုင်း သေသွားကြမှာ” 

သူ၏ အရိုးပြိုင်းပြိုင်းဖြစ်နေသော လက်များဖြင့် ကျန်းလော့မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်ပြန်သည်။ 

သူ့လက်သည် ယခုထိတိုင်အောင် နာကျင်နေဆဲ ဖြစ်သည်။ သို့သော် ချီယုံ၏ လှုပ်ရှားမှုများသည်လည်း နူးညံ့ပြီး နှေးကွေးနေဆဲဖြစ်ကာ သူ၏ အမြဲလိုလို အေးစက်နေသော အသံ၏ ဆန့်ကျင်ဘက်ဖြင့် 

“ကိုယ် အားလုံးကို သတ်ပစ်မှာ” 

ကျန်းလော့သည် တိတ်ဆိတ်ငြိမ်သက်စွာ အိပ်ပျော်နေသည်။ 

“မင်းရဲ့ သူငယ်ချင်းတွေကိုရော မင်းဂရုစိုက်တဲ့ လူတွေအားလုံးကိုရော  မင်းကြိုက်တတ်တဲ့ ပစ္စည်းတွေ အရာအာလုံး အားလုံးကို ဖျက်ဆီးပစ်မှာ” 

ချီယုံသည် သူ့ကိုယ်သူ ပြန်ပြောနေသလို တတွတ်တွတ် ပြောနေသည်။ 

“ဒါပေမဲ့ မင်းသာ နိုးလာခဲ့ရင် ဘယ်လိုလုပ်ပေးရမလဲ အမ်းး ကိုယ် မင်းအရင်က တောင်းဆိုတာကို လုပ်ပေးမယ် အာမခံတယ် ကိုယ်သေချာပေါက် မင်းပြောတဲ့အတိုင်း လုပ်ပေးမှာ” 

ကျန်းလော့သည် သူ့စကားများနှင့် ပတ်သက်ပြီး ပျော်ရွှင်ပုံ မရပေ။ ချီယုံ့ကို အဖြေမပေးဘဲ ငြိမ်နေဆဲ။ 

‘မင်းလေးက ခေါင်းမာလိုက်တာကွာ’ 

ချီယုံက တွေးလိုက်သည်။ 

သူသည် ရုတ်တရက် နှစ်ကြိမ်လောက် ရယ်မောလိုက်ပြီး တည်သွားသည်။ 

သူ့နှလုံးသားထဲတွင် အမုန်းတရားနှင့် ဒေါသတို့ ရောထွေးနေပြီး ထိုခံစားချက်သည် တဖြည်းဖြည်း မြှင့်တက်လာကာ ချီယုံသည် သူ့ကို လွှမ်းခြုံနေသော နာကျင်မှုအစစ်အမှန်ကို ခံစားလာရသည်။ နာကျင်မှုသည် အလွန်ပြင်းထန်လွန်းသောကြောင့် သူ့ကိုယ်သူ နောက်တစ်ကြိမ် ပြန်သေတော့မည်ဟုတောင် ထင်သွားသည်။ 

“မင်းကိုယ့်ကို နာကျင်အောင်လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးသွားတယ်နော် ” 

ချီယုံကပြောသည်။ 

“အခုတော့ မင်း အောင်မြင်သွားပါပြီ” 

ကျန်းလော့သည် ချီယုံ့ကို နာကျင်စေမည့် အဆင့်မြင့်သော လက်စားခြေနည်းဖြင့် ပြန်ရောက်လာခဲ့သည်ဟု ပြောနိုင်သည် ။ 

ကျန်းလော့ကို မကောင်းဆိုးဝါးသည် ပွေ့ပိုက်ထားပြီး လေထုသည် အေးခဲမတတ် ဖြစ်လာသည်။ တိတ်ဆိတ်ခြင်းသည် သက်တောင့်သက်သာ မဖြစ်စေစွာ ထန်ပိသည် ရုတ်တရက် ခြေထောက်မြှောက်လိုက်ပြီး ကျန်းလော့နှင့် ချီယုံတို့ ရှိရာဆီသို့ ဒယိမ်းဒယိုင် လျှောက်လာသည်။ 

ကျန်းလော့ကို ပွေ့ထားသော ချီယုံသည် သူ့ကို မကြည့်ပေ။ သူသည် တကယ့်ကျောက်ရုပ်ထု တစ်ခုလို ဖြစ်နေပြီး သူ၏ ဒဏ်ရာများသည် သူ့ကို အချိန်ပိုင်းအတွင်း ပျောက်ကွယ်ကြွေလွင့်သွားစေနိုင်သော်လည်း သူ့ကိုယ်သူ ကယ်တင်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ 

ကျန်းလော့သေသွားပြီဆိုတာကို သူမည်သို့မှ လက်မခံနိုင်ပေ။

ထန်ပိသည် ဒူးတစ်ဖက်ထောက်လိုက်ပြီး သူ၏ ဓားရှည်ကြီးဖြင့် အားယူ၍ တည့်တည့်ထောက်နေကာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် ရုတ်တရက်  သွေးမည်းမည်းများ အန်ထုတ်လိုက်ရလေသည်။ 

“သခင် ကျွန်တော် ကျန်းလော့ကို ကယ်နိုင်ပါတယ်...” 

မကောင်းဆိုးဝါးသည် သူ့ကို မော့ကြည့်လာပြီး ချီယုံ၏ မျက်လုံးများသည် သွေးနီရောင် အခေါင်းပေါက်ကြီး နှစ်ပေါက်ကဲ့သို့ ကြောက်စရာကောင်းနေသည်။ 

ထန်ပိ၏ မျက်နှာသည် ပြာနှမ်းလာပြီး သူ့နှုတ်ခမ်းများသည် မည်းနက်လာကာ မကောင်းဆိုးဝါး၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်ပြီး အသက်ကို အားစိုက်ရှူလိုက်ပီဲး 

“ကျွန်တော်ကို လိရှားကိုက်လိုက်တာ ဒဏ်ရာက အဆိပ်သင့်သွားပြီး အခုဆို အဆိပ်က တစ်ကိုယ်လုံးကို ပျံ့နေပါပြီ... သခင် ကျွန်တော် ကျန်းလော့ကို ကယ်နိုင်ပါတယ်” 

သူသည် အလွန်ခက်ခဲစွာ အားယူပြီး စကားကို တစ်လုံးချင်းပြောနေရသည်။ သို့သော် တစ်လုံးချင်းကို ခက်ခက်ခဲခဲ ပြောနေရင်း 

“ကျွန်တော်က တစ်ဘဝစာအတွက် နောက်ဆုံးထွက်သက်ကို ရှင်သန်ခြင်း ထွက်သက်အဖြစ် ချန်ထားတဲ့ စီဝမ်ကွေးပါ တကယ်လို့ ကျွန်တော်သာ ကျန်းလော့ကို ဒီရှင်သန်ခြင်းထွက်သက်ကို ပေးလိုက်ရင် သူအသက်ရှင်နိုင်ပါလိမ့်မယ်” 

ထန်ပိသည် ရှင်သန်ခြင်းထွက်သက်ကို ပေးလိုက်လျှင် သူဘာဖြစ်သွားမည်ကို ထည့်မပြောခဲ့ပေ။ သို့သော် စီဝမ်ကွေးတစ်ကောင်က ရှင်သန်ခြင်းထွက်သက် မရှိတော့လျှင် ဖြစ်လာမည်မှာ အသက်မရှိတော့သော အလောင်းကောင်ဖြစ်ကြောင်း ရှင်းလင်းနေသည်။ 

ကျန်းလော့ သေဆုံးသွားသည်ကို မြင်သောအခါ ထန်ပိသည် ဤနည်းဖြင့် ဖြေရှင်းနိုင်ကြောင်း တွေးမိခဲ့သည်။ ကျန်းလော့ကို ရှင်သန်ခြင်းထွက်သက် ပေးဖို့ ဆုံးဖြတ်လိုက်သော်လည်း သူ့စိတ်ထဲတွင် မရေရာသော မရှင်းပြနိုင်သော တွေဝေတုံ့ဆိုင်းမှုတို့ ပေါ်ပေါက်လာသည်။ 

ဤခံစားချက်သည် အလွန်ထူးဆန်းပြီး သူသည်တစ်စုံတစ်ခုကို မခွဲနိုင်မခွာရက် ဖြစ်နေသလိုပင်။ 

သို့သော် သူသည် အဆိပ်သင့်နေခြင်းဖြစ်ကြောင်း သိပြီးနောက် ထန်ပိသည် ဆုံးဖြတ်ထားသည့်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်သည်။ 

စီဝမ်ကွေးများ ပေါ်ပေါက်လာနိုင်ခြေမှာ အလွန်နည်းပါးလှသည်။ 

ရှင်သန်ခြင်းထွက်သက်သည် ထန်ပိ၏ နှလုံးသားထဲတွင် မြှပ်နှံသိမ်းဆည်းထားပြီး သူလုပ်ရမည့်အရာအားလုံးမှာ ကျန်းလော့ကို သူ့သွေးတို့ကို တိုက်၍ သွေးမှတစ်ဆင့် ထွက်သက်ကို ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ထန်ပိသည် ကျန်းလော့က သူတို့နှင့် မတူပဲ ထူးခြားသူတစ်ယောက်ဖြစ်ကြောင်း သိပြီး ကျန်းလော့ ဤ ရှင်သန်ခြင်းထွက်သက်ကို သုံး၍ စီဝမ်ကွေး ဖြစ်လာနိုင်ပေသည်။ 

လိရှား၏ အဆိပ်သည် အလွန်စွမ်းအားကြီးသော်လည်း ထန်ပိ မကုသနိုင်သည့် အဆိပ်မျိုးတော့ မဟုတ်ပေ။ သို့သော် သူသည် ကျန်းလော့ကို အချိန်အကြာကြီး သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ရှိထားပြီး ... 

ရုတ်တရက် လုယုံရိအကြောင်း တွေးမိသွားသည်။ 

ထန်ပိသည် တိတ်ဆိတ်စွာ တွေးလိုက်သည်။ ကျန်းလော့သေသွားလျှင် လူတိုင်းသည် ဝမ်းနည်းကြေကွဲပေလိမ့်မည်။ သို့သော် သေသွားသူက သူဖြစ်လျှင်တော့ မတူတော့ပေ။ 

လုယုံရိအတွက် သူသည် သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး သစ္စာဖောက်တစ်ယောက်၏ သေခြင်းအတွက် ဝမ်းနည်းစရာမလိုအပ်ပေ။ 

ထန်ပိသည် ထိုသို့တွေးမိပြီး စိတ်သက်သာရာရသွားသော်လည်း အနည်းငယ် စိတ်ပျက်သွားသည်။ အဘယ့်ကြောင့် စိတ်မကောင်းသွားရမှန်း မသိပေ။ စီဝမ်ကွေးတစ်ကောင်အနေဖြင့် သူသည် နေသင့်သလောက် အသက်ရှည်ရှည် နေခဲ့ပြီးဖြစ်သည်။ 

မကောင်းဆိုးဝါးသည် သူ့ကို သေစေနိုင်သော အကြည့်ဖြင့် စိုက်ကြည့်နေပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက် တိုးတိတ်သော အသံဖြင့် မေးလာသည်။ 

“မင်း ဘာလိုချင်လဲ” 

ထန်ပိသည် ခေါင်းငုံ့လိုက်ပြီး အကြာကြီး တွေးပြီးနောက် ခေါင်းခါလိုက်သည်။ မကောင်းဆိုးဝါးက ပြောသည်။ 

“ငါမင်းကို တစ်ခါတုန်းက ကတိပေးထားတာကို လုပ်ပေးမယ်” 

ထန်ပိသည် ခေါင်းညိတ်လိုက်သည်။ အဆိပ်သည် ဆိုးသည်ထက် ဆိုးလာပြီး ထန်ပိ၏ ဦးနှောက်ကို နှေးကွေးလာစေကာ တွားသွားရသည့် အဆင့်သို့ ရောက်သွားသည်။ 

စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ထန်ပိသည် သူ့နှလုံးသားထဲမှ ရှင်သန်ခြင်းထွက်သက်ကို လက်ကောက်ဝတ်ဆီသို့ တွန်းပို့လိုက်ပြီး ဓားကိုယဓ၍ လက်ကို ဖြတ်လိုက်သည်။ 

စီဝမ်ကွေး၏ ရှင်သန်ခြင်းထွက်သက်သည်  နှလုံးသားမှ လက်ကောက်ဝတ်ဆီသို့ ရောက်ဿွားပြီး သွေးများပန်းထွက်လာကာ ထန်ပိသည် သူ့လက်ကို ကျန်းလော့ နှုတ်ခမ်းနားသို့ ပို့လိုက်သည်။ မကောင်းဆိုးဝါးသည် ကျန်းလော့ ပါးစပ်ကို ဆွဲဟပေး၍ စေးပျစ်ပျစ် ခဲလုလု သွေးများ ကျန်းလော့ပါးစပ်ထဲသို့ ဝင်ရောက်ကျဆင်းသွားသည်ကို ကြည့်နေခဲ့သည်။ 

ထိုထွက်သက်ကို ထုတ်ယူပြီးနောက် ထန်ပိသည် အားကုန်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ အဆိပ်တို့သည် လျင်မြန်စွာ ပျံ့နှံ့လာပြီး ထန်ပိသည် အသက်ကို လုရှူနေရကာ နောက်ထပ် စက္ကန့်အနည်းငယ်လောက် ရှင်သန်နိုင်ရန် လောဘကြီးမိသည်။ သူသည်  ကျန်းလော့ နိုးလာမလာကို ကြည့်ရန် အချိန်ခနလေး အသက်ရှင်ချင်နေပါသေးသည်။ 

တစ်စက္ကန့် ၊ နှစ်စက္ကန့်... ကျန်းလော့သည် ထန်ပိ၏ မျက်ခွံများ လေးလံလာချိန်တွင် နိုးလာလေသည်။ 

သူသည် မတိုင်ခင်က ဘာဖြစ်သွားမှန်း မသိလိုက်ပါပေ။ ထို့ကြောင့် သွေးများ ရွှဲနစ်နေသော မျက်နှာနှင့် ထန်ပိကို ကြောင်ကြည့်နေခဲ့သည်။ ထို့နောက် ထုံထိုင်းစွာ ပြောလိုက်သည်။ 

“ထန်ပိလား” 

‘ပြန်ရှင်လာပြီ’ 

ထန်ပိသည် ရုတ်တရက် တုံ့ဆိုင်းမှုတစ်ခု ပေါ်လာပြီး ပြင်းပြသော စိတ်ခံစားချက်တို့ မြင့်တက်လာသည်။ သူ၏ နောက်ဆုံး ယဲ့ယဲ့သာ ကျန်ခဲ့သော ထွက်သက်နှင့် ထန်ပိသည် ကျန်းလော့ကို ဓားကြီးကို လှမ်းပေး၍ ရုတ်တရက် အနည်းငယ် နောင်တရလာသည်။ 

ကျန်းလော့ကို ကယ်တင်လိုက်ရခြင်းကြောင့် နောင်တရတာတော့ မဟုတ်ပေ သို့သော် လုယုံရိကို နောက်ဆုံးအချိန်တွင် မတွေ့ရသောကြောင့် သူလုပ်ခဲ့သည့် အရာများအတွက် သူ့ကို တောင်းပန်စကား မပြောလိုက်ရသောကြောင့် နောင်တရခြင်း ဖြစ်သည်။ 

သူ၏ နောင်တရကာ စိတ်ဓာတ်ကျနေသော သခင်ကို သူ့ကို ဘာလိုချင်လဲ မေးခဲ့သည့်အချိန်က သူခေါင်းခါခဲ့သည်။  

ထန်ပိ၏ မျက်လုံးများသည် ဦးတည်ရာ ပျောက်လာပြီး သူတက်ကြွမှုတို့သည် တဖြည်းဖြည်း လျော့ကျလာသည်။ သို့သော် သူသည် အားတင်း၍ ပြောသည်။ 

“သူငယ်ချင်း ငါ့ကို နောက်ထပ် စကားလေးနဲ့ ကူညီပါကွာ” 

ထန်ပိ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ဆွေးမြေ့လာသည်။ 

သို့သော် သူ့မျက်လုံးများကတော့ အလွန်တိတ်ဆိတ်နေပြီး သတိကပ်အာရုံစိုက်ထားဆဲဖြစ်ကာ သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိဘဲ ကြာရှည်စွာသော ရှင်သန်ခြင်းကို ချစ်မြတ်နိုးမှုသာ ရှိသည်။ 

သူသည် စိုးရိမ်ကြောင့်ကြမှုကင်းသော စီဝမ်ကွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူငယ်ချင်းများအတွက်ဆိုလျှင် နောက်မရွံ့ မကြောက်လန့်ဘဲ အဆုံးထိ တိုက်ခိုက်ပေးဖို့ အဆင်သင့်ဖြစ်နေတတ်သော စီကွေးပြန်ဖြစ်သွားသလိုပင်။ 

“တောင်းပန်ပါတယ်  ပျော်ရွှင်စရာ နှစ်သစ်ကူးပါ” 

“တကယ်လို့ ... မေ့သွား ...” 

ထန်ပိမျက်လုံးထဲတွင် အလင်းရောင်လေး မှိန်ဖျော့သွားပြီး သူငယ်အိမ်ကျယ်လာကာ မီးခိုးရောင် ပြောင်းသွားပြီး အသက်မရှူတော့ပေ။