Ch 174
Viewers 8k

အပိုင်း (၁၇၄)


 နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းခြင်း (၂) 

ဟွာပိကို ဟာသလုပ်ပြီးနောက် မေးသည်။ 

“သခင် ဘယ်မှာလဲ” 

“အပေါ်ထပ်မှာ” 

ကောဝူချန်က ဖြေသည်။ 

“ဒါပေမဲ့ သခင့်ကို မနှောင့်ယှက်တာကောင်းမယ် သခင်အခု အနားယူနေတယ်” 

လျောင်စီသည် ပုခုံးတွန့်လိုက်ပြီး ကောဝူချန်‌ဘေးမှ ကွန်ပျူတာနေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။ 

“ငါလာတာ အချိန်အခါ မသင့်ဖြစ်သွားတာပဲ ငါက ပျင်းစရာကောင်းတဲ့ နှစ်သစ်ကူးပါတီကထွက်လာပြီး သခင့်ကိုလာတွေ့တာကို သခင်က ငါ့ကို ချီယယ်ခန္ဓာနဲ့ ခန္ဓာချင်းလဲပေးမှာ စောင့်နေတာ” 

ဟွာပိက ပြောသည်။ 

“မင်းပြောတော့ ချီယယ့်ခန္ဓာကိုယ်က သခင့်အတွက် အသင့်တော်ဆုံးဆို အခု မင်းက သခင်နဲ့တန်းတူဖြစ်ချင်နေသလိုပဲ” 

“သူ့ခန္ဓာကိုယ်က သခင်နဲ့ တကယ်ပဲ ကိုက်ညီတယ်” 

လျောင်စီသည်လည်း ဂိမ်းထဲဝင်လိုက်ပြီး သူတို့နှင့် ဂိမ်းဆော့ရန်ပြင်လိုက်သည်။ 

“အရမ်းကို မယုံနိုင်စရာကောင်းလောက်အောင် ကိုက်ညီနေတာကွာ သူ့စိတ်ဝိညာဉ်ခန္ဓာက မသိရင် သခင့်အတွက် အထူးသီးသန့်ဖြစ်တည်နေသလိုမျိုးပဲ ငါကတော့ တကယ်ပြောရဲတယ် သခင်သာ ချီယယ့်ခန္ဓာကို သုံးမယ်ဆိုရင် အရမ်းကို လုံးဝ ပြီးပြည့်စုံသွားမှာ” 

သူသည် နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီး 

“ဒါပေမဲ့ သခင့်မှာ အခု ရုပ်ထုခန္ဓာရှိနေပြီမို့လို့ ချီယယ့်ခန္ဓာကို မလိုအပ်တော့ဘူးလေ ဒီတော့ ဒီခန္ဓာက ငါ့မြင်ကွင်းထဲ ရောက်လာတော့တာပဲ” 

ကစားပွဲသည်ပြီးသွားပြီး အနိုင်ရသူ မရှိလိုက်ပေ။ ကောဝူချန်သည် “သန့်ရှင်းသော တာအိုလေပြေ”ကို ဝအောင်မသတ်လိုက်ရပေ။ ထို့ကြောင့် နောက်ထပ်ကစားပွဲတစ်ခု စတင်ကာ သူ့ကို ထပ်မံဖိတ်ခေါ်လိုက်ပြီး အမှတ်အသားပြု၍ တမင်တကာ ရန်စတော့သည်။ 

“ဒါပေမဲ့ ချီယယ်က ချီမ်ိသားစုဝင်လေ ပြီးတော့ မျိုးဆက်သစ်တွေရဲ့ ပါရမီရှင်လို့တောင် ရွှမ်ရွှီလောကမှာ နာမည်ကြီးနေတာ ချီမိသားစု ကျဆုံးသွားရင်တောင် သူ့ရဲ့ ဖြစ်တည်မှုနဲ့တင် မင်းကိုင်တွယ်နိုင်ဖို့ မသေချာဘူး ဟဲနန်အနောက်ပိုင်းက လျောင်မိသားစုဆီပြန်သွားရင်ရော မင်းရဲ့ အလောင်းထိန်းချုပ်ပညာကရော တိုးတက်လာရဲ့လား” 

ထိုစကားကြောင့် လျောင်စီသည် ခဏလောက် ချောင်းဆိုးရပ်သွားပြီး ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ 

“ဒီကိစ္စတွေအတွက်က အမြဲတမ်း ထွက်ပေါက်တစ်ခုတော့ ရှိတာပဲကွာ ဒါပေမဲ့ လုံးဝကြီး အောက်ဆုံးရောက်အောင်လုပ်နေတာက ငါ့ခန္ဓာကိုယ်ကွ ငါ့ခန္ဓာကိုယ်က မခံနိုင်တော့ဘူး” 

ဟွာပိသည် ရပ်တန့်သွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ 

အဝတ်ထူထူများဝတ်၍ ကွန်ပျူတာခုံတွင် ထိုင်နေသော လျောင်စီသည် ဘုန်းကြီးဖြစ်သည့် ကောဝူချန်ထက်တောင် ပို၍ ထူထဲစွာ ဝတ်ဆင်ထားသည်။ သို့သော် ထိုသို့ အဝတ်အထပ်ထပ်နှင့် တစ်ကိုယ်လုံး အထုတ်ထုပ်သလို ထုတ်ထားတာတောင် ပိန်ပါးနေသေးသည်။ သူသည် နွေရာသီတုန်းကထက်ပင် ပိုပိန်သွားကာ လေတိုက်လျှင်ပင် လွှင့်ထွက်သွားလောက်သည်။ ဒီအတိုင်းဆိုလျှင် လျောင်စီသည် တစ်နှစ် နှစ်နှစ်အတွင်း သေသွားတော့မည်မှာ အသေအချာပင်ဖြစ်သည်။ 

ကွန်ပျူတာမှ အပြာရောင်အလင်းရောင်သည် လျောင်စီ၏မျက်လုံးထဲမှ ဆက်လက်ရှင်သန်လိုသည့်စိတ်ထားကို မီးမောင်းထိုးပြနေသလို ထင်ရှားနေစေပြီး 

“မင်းသိလား ငါ့အိပ်မက်ကလေ” 

“ငါက အလောင်းမုဆိုးတွေရဲ့ နောက်ဆုံးမျိုးဆက်ကွ ငါသေသွားရင် လျောင်မိသားစုရဲ့ ဘိုးဘေးအဆက်ဆက် ဆင့်ကမ်းလာတဲ့ အလောင်းထိန်းချုပ်ခြင်း ပညာရပ်လည်း ပျောက်ကွယ်သွားမှာ ” 

လျောင်စီကပြောသည်။ 

“ငါသိတတ်စအရွယ်ကနေ ကြီးလာတဲ့အထိ အလောင်းတွေကြားထဲမှာ အိပ်ပြီး သူတို့နဲ့အတူတူ စားသောက်လာခဲ့တာ ငါသူတို့နဲ့နေပြီး နှစ်နှစ်ဆယ်ကြာအောင် သင်ယူခဲ့တယ် ရလဒ်က ငါ့အရိုးတွေထဲထိ အလောင်းကောင်ဆီတွေ စိမ့်ဝင်သွားပြီး ငါ့တစ်ကိုယ်လုံး အလောင်းကောင်နံ့ထွက်လာတာပဲ ငါက အလောင်းမုဆိုး ဖြစ်ဖို့ ပါရမီပါခဲ့ပြီး ငါ့ဘိုးဘေးတွေလောက်ပဲ တတ်နိုင်တဲ့ ပညာတချို့ကိုလည်း ဒီနယ်ပယ်ထဲမှာ ငါကျွမ်းကျင်သေးတယ် ဒါပေမဲ့ ငါဘယ်တော့မှ အလောင်းတစ်ကောင်ကိုတောင် မထိန်းချုပ်ခဲ့ရဘူး ဘာလို့လဲဆိုတော့ ငါ့ခန္ဓာကိုယ်က အလောင်းထိန်းချုပ်စီးနင်းနိုင်ဖို့ လုံလောက်အောင် မသန်မာလို့လေ” 

သူကပြောသည်။ 

“ငါလေ တကယ်ပဲ အလောင်းတစ်ကောင်လောက်ဖြစ်ဖြစ် ဖမ်းဖို့ ကြိုးစားချင်တယ်။ .. တကယ်ဖမ်းကြည့်ပြီး ထိန်းချုပ်စီးနင်းလိုက်ရင် သူတို့ပြောသလို ပျော်စရာကောင်းလားဆိုတာ သိချင်တယ်” 

ဟွာပိသည် လျောင်စီ့ဘက်လှည့်လိုက်ပြီး 

“မင်းလုပ်နိုင်မှာပါ” 

လျောင်စီသည် ဝမ်းနည်းစွာ ရယ်မောလိုက်ပြီး ဆိုင်ထဲသို့ပတ်ကြည့်လိုက်သည်။ 

“ဟေး ထန်ပိရော ဘယ်ရောက်သွားတာလဲ” 

ကောဝူချန်က ပြောသည်။ 

“အိုး သူ့ကို သခင်က တစ်ခုခုပို့ခိုင်းတာ သွားပို့နေတယ်” 

ကွန်ပျူတာထဲတွင် နောက်ထပ် ကစားပွဲတစ်ခု စနေလေပြီ။ 

ကျန်းလော့သည် ဖက်ထုပ်မထုတ်ခင် သုံးယောက်ပေါင်းပြီး ဂိမ်းဆော့ချင်လာသောကြောင့် ဝင်ဆော့လိုက်သည်။ ဖက်ထုပ်များကို ယယ်ရွှင်နှင့် လုယုံရိတို့က ထုတ်နေကြပြီး သူတို့ထုပ်ပိုးထားသော ပုံစံသည် လှပကာ ပြည့်ဝနေပြီး သူတို့၏ မီးဖိုချောင် စကေးများ အနည်းငယ် တိုးတက်လာကြသလို ထင်ရသည်။ တခြားသူများ ထုပ်ထားတာကတော့ အတော်လေးအဆင်မပြေပေ။ ခြောက်တာခြောက် ပြဲတာပြဲဖြစ်နေကြပြီး အားလုံးပြီးသွားသောအခါ စိတ်သက်သာစွာ ချွေးသုတ်လိုက်ကြသည်။ 

ချက်ရပြုတ်ရမည့် အချိန်ရောက်လာသောအခါ ကျန်းလော့သည် ကူညီနိုင်လောက်မည့် သူကိုသာ မီးဖိုထဲခေါ်ခဲ့သည်။ တခြားသူများကလည်း မီးဖိုချောင်ဝင်ရမည်ကို ငရဲပြည်ဆင်းခိုင်းသလို အကြောက်အကန် ငြင်းကြသည်လေ။ 

မီးဖိုခန်းထဲတွင် စိုင်လောင်အာသည် တာဝန်သိစွာ ကျန်းလော့ကို ကြက်သွန်နီတစ်လုံး ကမ်းပေးလိုက်ပြီး ကျန်းလော့ လှမ်းယူတာ မြင်သောအခါ ကျန်းလော့ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ 

“ကျန်း မင်း ဟေးဝူချန်အကြောင်း ကြားဖူးလား” 

ကျန်းလော့သည် အံ့ဩစွာ စိုင်လောင်အာကို မော့ကြည့်လိုက်ပြီး 

‘စိုင်လောင်အာက သူ့ကိုယ်သူ ပိုင်ဝူချန်ဆိုတာ သိသွားတာလားဟ’ 

စိုင်လောင်အာသည် သူ့အကြည့်ကို သတိမထားမိဘဲ သုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်သည်။ 

“ငါနိုင်ငံခြားရောက်နေတုန်းက တစ်ညကကွာ ငါ့အိပ်ရာဘေးမှာ သူစိမ်းတစ်ယောက် လာမတ်တပ်ရပ်နေတာ ပြီးတော့ သူပြောတာ ငါ့ကို ထတော့ အလုပ်ပြန်လုပ်တော့တဲ့ သူပြောတာ သူအခု အရမ်းအလုပ်များနေပြီတဲ့ ငါက ကြိုမပြောပဲ ခွင့်ယူလိုက်တာက တာဝန်မသိတတ်တာပဲတဲ့ အဲဒါကြောင့် ငါ့ကို နှစ်ကုန်နားရက်တွေ အကုန်နှုတ်ပစ်မယ်တဲ့ ပြီးတော့ အများကြီး ပြောသေးတာ ငါဖြင့် ကြောက်လိုက်တာကိုမှပဲကွာ” 

“အထူးသဖြင့် “နှစ်ကုန်ပိတ်ရက်”ဆိုတဲ့ အသံကြားတာနဲ့ ပိုကြောက်လာတာ “ 

စိုင်လောင်အာသည် ပြောနေရင်းနှင့်ပင် ဘာကို ကြောက်လို့ ကြောက်မှန်းမသိအောင် ကြောက်ရွံ့လာသည်။ 

ကျန်းလော့သည် ခွိခနဲ ရယ်မိသွားပြီး 

“အဟမ်း တကယ်ကြီးလားကွ” 

‘အစ်ကိုဟေးက တကယ်ကြီး အလုပ်များလွန်းလို့ သည်းမခံနိုင်တော့ပဲ နိုင်ငံခြားထိ စိုင်လောင်အာနောက် လိုက်သွားတာလား’ 

စိုင်လောင်အာသည် အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်ပြီး သိချင်စွာ ပြောလိုက်သည်။ 

“ဦးထုပ်အရှည်ကြီးနဲ့ လူလေ ပြီးတော့ ငိုညည်းပူဆွေးနေတဲ့ တုတ်ကြီးလည်း ကိုင်ထားတာ လုံးဝ ဒဏ္ဍာရီထဲက ဟေးဝူချန် နဲ့တစ်ပုံစံထဲပါဆို” 

ကျန်းလော့သည် ထိုသူမှာ ဟေးဝူချန်မှန်း လုံးဝသေချာသွားသည်။ သို့သော် သိသာနေသည့် အဖြေကို ထပ်ပြီး သိအောင်မပြောတော့ပဲ မျက်လုံးကို မှေးစင်း၍ ရယ်မောလိုက်သည်။ 

“စိုင်လောင်အာ ဆိုရိုးတစ်ခုရှိတယ်လေ ‘မင်း တစ်စုံတစ်ခုအကြောင်းကို နေ့တိုင်း စိတ်စွဲနေရင် ညတိုင်း အဲဒီအကြောင်း အိပ်မက်မက်မှာပဲ’တဲ့” 

စိုင်လောင်အာသည် တွေးကြည့်ပြီး 

“ဒါဆို ငါမြင်လိုက်တဲ့ ဟေးဝူချန်က အိပ်မက်သက်သက်ပဲလား” 

ဟုတ်သည်လည်း မပြော မဟုတ်ဘူးလဲ မပြောပဲ 

“မင်းသူ့ကို နောက်တစ်ကြိမ်တွေ့ရင် သူက အကောင်အထည်ရှိလား အိပ်မက်လား သိရအောင် ထိကြည့်လိုက်” 

စိုင်လောင်အာသည် သဘောပေါက်သွားပြီး 

“ကောင်းတယ်” 

ကျန်းလော့သည် မီးဖိုခန်းထဲတွင် အလုပ်လုပ်နေရင်း ထွက်လာသောအခါ ပြတင်းပေါက်အပြင်ဘက်သို့ အကြည့်ရောက်သွားသည်။ အပြင်ဘက်တွင် နှင်းများ စတင်ကျဆင်းနေပြီဖြစ်သည်။ 

သူသည် အပြင်ဘက်သို့ တည်ငြိမ်စွာကြည့်နေပြီး ပြတင်းပေါက်ကြီးဆီသို့ လျှောက်သွားလိုက်သည်။ မြေပြင်သည် နှင်းထုပါးပါးတစ်လွှာ ဖုံးလွှမ်းနေပြီဖြစ်သည်။ နှစ်သစ်ကူးညဖြစ်သောကြောင့် အပြင်ဘက်တွင် မည်သူ့ကိုမှ မမြင်ရပေ။ 

ကျန်းလော့အတွက် ဤလောကရောက်ပြီးမှ ပထမဆုံးအကြိမ် နှစ်သစ်ကူး ဖြတ်သန်းရခြင်းဖြစ်သည်။ ထို့အပြင် တိတ်ဆိတ် ငြိမ်းချမ်းပြီး နွေးထွေးသော ပထမဆုံး နှစ်သစ်ကူးလဲ ဖြစ်သည်။ သူသည် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး နှင်းပွင့်များကို လိုက်ဖမ်း၍ ကြည့်လိုက်ရာ နှင်းပွင့်ချပ်သည် ခန္ဓာကိုယ်အပူချိန်ကြောင့် အရည်ပျော်သွားတော့သည်။ ထို့နောက် ပြုံး၍ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်၍ တံခါးပိတ်လိုက်သည်။ 

သူဖြတ်သန်းခဲ့ရသည့် တလျှောက်လုံးတွင် ကျန်းလော့သည် နှစ်သစ်တိုင်းကို တစ်ယောက်ထဲ အထီးကျန်ဆန်စွာ ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ အစားအသောက်များသည် ပုံမှန်ထက်ပို၍ ကောင်းမွန်ပြီး နှစ်တိုင်းနှစ်တိုင်း မကုန်နိုင်မခမ်းနိုင် မှာ၍ အသားများနှင့် အသီးအရွက်များသည် ဧည့်ခန်းထဲမှ ကော်ဖီစားပွဲတွင် ပြည့်နှက်နေခဲ့သည်။ ထို့နောက် စားချင်စိတ်မရှိစွာ စားရင်း ဟင်းများ အေးစက်ပြီး အဆီတွေဝေ့နေကာ တစ်ယောက်ထဲ နွေဦးပွဲတော် အစီအစဉ်ကို ကြည့်ရင်း ကုန်ဆုံးခဲ့သည်။ 

အထီးကျန်စရာမလိုသလို ထူးခြားသွားတာလဲ ဘာမှမရှိပါဘဲ ဒီတိုင်း ပျော်ရွှင်စရာ ရုံးပိတ်ရက်ရှည်ဖြစ်ပြီး နှစ်သစ်ကူးဆိုသော ခံစားချက်မရတာကလွဲလျှင် အကုန်အဆင်ပြေခဲ့ပါသည်။ 

ကျွန်တော် တစ်ခါမှ တခြားကမ္ဘာကို ပြောင်းလာပြီး နှစ်သစ်ကူးကို လူအများကြီးနဲ့ ကုန်ဆုံးရမယ်လို့ မတွေးကြည့်မိဖူးဘူး 

ကျန်းလော့သည် ပြုံးလိုက်ပြီး ပြတင်းပေါက်နားမှ လှည့်ထွက်ရန် ပြင်လိုက်စဉ် 

“ဟမ်” 

သူ့အသံကို ကြားသော လုယုံရိသည် စပ်စုလိုစွာ အမြန်ပြေးလာပြီး 

“ဘာမှားနေလို့လဲ” 

အပြင်ဘက်ကို လိုက်ကြည့်သော လုယုံရိထံမှ အာမေဋိတ်သံထွက်လာသည်။ 

“အာ” 

ပြတင်းပေါက်ပြင်ဘက်တွင် ကျီးကန်းနက်များသည် အထုတ်တစ်ထုတ်ကို ဆွဲ၍ အပြင်ဘက်တွင် ရစ်ဝဲနေလေသည်။ 

“ဒီရာသီကြီးမှာ ကျီးကန်းတွေက ဘာလာလုပ်တာလဲဟ” 

လုယုံရိသည် မယုံနိုင်စွာ ပြောလိုက်သည်။ 

“သူတို့... ဒီကို တစ်ခုခု လာပို့ကြတာလား’ 

ကျီးကန်းများ၏ သွေးနီရောင်မျက်လုံးများသည် ကျန်းလော့ကိုသာ စိုက်ကြည့်နေကြသည်။ ကျန်းလော့သည် မည်သူ စတန့်ထွင်ပြန်ပြီဆိုတာကို တန်းသိသွားသည်။ သူသည် ကျီးကန်းကို ရန်လိုစွာ ခဏလောက် စိုက်ကြည့်လိုက်ပြီး ပြတင်းပေါက်ကို ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်ပြီး ကျီးကန်းဆီသို့ လက်ဆန့်ပေးလိုက်သည်။ 

သို့သော် ကျီးကန်းက ရှောင်လိုက်ပြီး တိုက်ခန်းအောက်မှ သစ်ပင်များ ထူထပ်စွာ ပေါက်နေသော နေရာသို့ ပျံသန်းသွားသည်။ 

ကျန်းလော့သည် အေးစက်စွာ ရယ်မောလိုက်ပြီး လက်ကို ရုတ်လိုက်သည်။ 

“တော်တော် ထန်နေတယ်ပေါ့” 

လုယုံရိသည် သူ့နားကို ကုတ်လိုက်ပြီး သိချင်စွာ မေးလိုက်သည်။ 

“ကျန်းလော့ အောက်ဆင်းကြည့်မလား” 

ကျန်းလော့က မညှာမတာ ပြောလိုက်သည်။ 

“မသွားဘူး” 

လုယုံရိသည် ခေါင်းကိုကုတ်လိုက်ပြီး တံခါးဆီသို့ပြေးသွားကာ 

“ငါသွားကြည့်လိုက်မယ် ဆန်တာက နှစ်သစ်ကူးအတွက် ကျီးကန်းတွေနဲ့ လက်ဆောင်ပို့ခိုင်းလိုက်တာ ဖြစ်နိုင်တာပဲ” 

ကျန်းလော့သည် သူ့ကို ပြန်ခေါ်ဖို့ အချိန်မရလိုက်ပေ။ ထို့ကြောင့် သူသည် ပြတင်းပေါက်မှာသာရပ်နေပြီး အောက်သို့ ကြည့်နေလိုက်တော့သည်။ မကြာမီတွင် လုယုံရိ တိုက်ခန်းမှ ထွက်သွားသည်ကို မြင်လိုက်ရပြီး သစ်တောသေးသေးလေးထဲသို့ ပြေးဝင်သွားသည်။ 

လုယုံရိသည် သူ၏ ဂွမ်းကပ်အနွေးအင်္ကျီကို ဆွဲစေ့လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သစ်ပင်အမြင့်ကြီးမှ သစ်ကိုင်းအကြီးကြီးတွင် နားနေသော ကျီးကန်းများကို မြင်သောအခါ လုယုံရိသည် ရယ်မောလိုက်ပြီး 

“ငှက်ကလေးတွေ မင်းတို့ ဒီကို နှစ်သစ်ကူးလက်ဆောင်ပေးဖို့ ရောက်လာကြတာလား” 

ကျီးကန်းများသည် နှစ်ကြိမ်အော်လိုက်ပြီး စိတ်ပျက်စွာ ပျံထွက်သွားသည်။ လုယုံရိသည် ရှုပ်ထွေးသွားပြီး သစ်ပင်ကို စက်ဝိုင်းလို ပတ်ကြည့်သည်။ ထို့နောက် ပင်စည်တွင် ချိတ်ထားသော အထုတ်ကို တွေ့လိုက်ရသည်။ 

လုယုံရိသည် အိတ်ကို ယူကြည့်လိုက်ရာ အိပ်ပေါ်တွင် စာလုံး တချို့ကို တွေ့လိုက်ရသည်။ 

“ကျန်းလော့” အိတ်၏ အောက်ပိုင်း ထောင့်နားလေးတွင် လှပစွာ ရေးထားခြင်းဖြစ်သည်။ 

‘အိုး ကျန်းလော့ရဲ့ လက်ဆောင်ပဲ’ 

လုယုံရိသည် အိမ်တွင်းစီး အဝတ်ဖိနပ်ကို ဝတ်ဆင်ထားသောကြောင့် အေးပြီး တုန်နေသည်။ သူသည် ပစ္စည်းများကို ယူ၍ ပြန်သွားဖို့လုပ်လိုက်သည်။ သို့သော် နှစ်လှမ်းသာ လှမ်းရသေးသည် ရုတ်တရက် သစ်ပင်ပေါ်မှ သစ်ကိုင်းတစ်ကိုင်းသည် ဂျွတ်ခနဲမြည်သွားပြီး သူ့ခေါင်းတည့်တည့်သို့ ကျိုးကျလုလု ဖြစ်လာလေသည်။ လုယုံရိသည် ကြောင်အသွားပြီး နောက်ဆုတ်လိုက်သည်။ 

သူသည် လက်ထဲမှ ပစ္စည်းဖြင့် မျက်နှာကို ကာလိုက်သည်။ ရုတ်တရက် သူ့လက်ထဲမှ ပစ္စည်းကို သတိထားမိသွားပြီး သေချာကြည့်လိုက်ရာ အနီရောင်လည်စည်းဖြစ်နေသည်။ 

‘ဒါကလည်း ကျန်းလော့အတွက် လက်ဆောင်ပဲလား’ 

‘ဘာလို့ အိတ်ထဲ တစ်ခါထဲ ထည့်မထားရတာလဲ’ 

လုယုံရိမျက်နှာတွင် ရှုပ်ထွေးမှုများ ဖြတ်ပြေးသွားပြီး မည်သူ့ကို မှ မမြင်သောအခါ လည်စည်းကို ယူ၍ အခန်းသို့ပြန်တော့သည်။ တိုက်ခန်း တံခါးဆီသို့ ရောက်သောအခါ လုယုံရိသည် ရှင်းမပြနိုင်သော ခံစားချက်တချို့ကြောင့် နောက်လှည့်၍ သစ်တောလေးထဲသို့ ကြည့်လိုက်သည်။ 

သူ့ခြေသံများမှလွဲ၍ နှင်းများကျနေသော ကောင်းကင်ကြီးနှင့် မြေပြင်ပေါ်တွင် ဘာတစ်ခုမှ ရှိမနေပေ။ လုယုံရိခေါင်းပေါ်တွင် နှင်းများ အနည်းငယ် ဖုံးသွားပြီး သစ်တောထဲသို့ကြည့်နေရင်း နှာချေလိုက်ကာ တိုက်ခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားတော့သည်။

သူ့ကိုယ်သူ ဘာကိုကြည့်နေမှန်း မသိသော်လည်း ကြည့်ပြီး ဘာမှမရှိသောအခါ သူ့နှလုံးသားသည် ဗလာဖြစ်သွားသလို ဟာသွားပြီး အဆင်မပြေတော့ပေ။ 

‘ထူးဆန်းလိုက်တာ’ 

သူသည် နှာတရှုပ်ရှုပ်ဖြင့် ခေါင်းငုံ့၍ တိုက်ခန်းထဲသို့ ပြေးဝင်သွားသည်။ လေအေးများတိုက်ခတ်လာပြီး ခဏအကြာတွင် တောနက်ရာနေရာမှာ ဆံပင်အတိုနှင့် လူတစ်ယောက် ထွက်လာလေသည်။ 

ထိုလူသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့လက်ထဲတွင် ဓားအကြီးကြီး ကိုင်ထားကာ သိပ်မဝေးသောနေရာမှ တိုက်ခန်းကို စောင့်ကြည့်နေသည်။ သူသည် မော်ဒန်အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အရှိန်အဝါသည် ရှာမှရှားသော ရှေးခေတ်စစ်သူကြီးများ၏ တည်ငြိမ်ပြီး လူသတ်ငွေ့တို့ပြည့်နေသော အရှိန်အဝါမျိုး ဖြစ်သည်။ 

“ထူးဆန်းလိုက်တာ ” 

ထန်ပိသည် တိုးတိတ်စွာ ပြောလိုက်ပြီး ရင်ဘတ်ပေါ်သို့ လက်တင်လိုက်ကာ 

“စီဝမ်ကွေးတွေက နှစ်သစ်ကူးမှာ အသက်ရှင်သန်တဲ့ ခံစားချက်မျိုး ရကြတာလား” 

‘မင်းလိုလူက ဆုံးရှုံးမှုနဲ့ ဝမ်းနည်းမှုဆိုတာ ဘာမှန်းသိလို့လားကွာ’ 

သူသည် လေတိုက်ထဲတွင် အကြာကြီး ရပ်နေပြီး နှင်းကျသည်မှာ ပို၍ ပြင်းထန်လာသည်။ စီဝမ်ကွေးသည် တောင့်တောင့်ကြီး ရပ်နေကာ သူ့နားထဲသို့ လူသားများ၏ ရယ်မောသံများနှင့် မိသားစုများ ပြန်လည်ဆုံစည်းကြ၍ ဝမ်းသာနေမှုများ စီးဝင်လာပြီး တိုက်ခန်းတစ်ခုလုံးသည် လူသားတို့၏ ရနံ့များ လွှမ်းခြုံနေကာ ရယ်သံများ စည်နေကြသည်။ 

ကောင်းကင်ကြီး မှောင်မိုက်လာသော်လည်း ထန်ပိကတော့ သူ့တစ်ကိုယ်လုံ နှင်းထုကြီး ဖုံးလွှမ်းနေသည်ကို ယခုထိတိုင် သတိမထားမိသေးပေ။ ရုတ်တရက်ကြည့်လိုက်လျှင် လက်ရာမြောက်သော နှင်းလူရုပ်လို့ ထင်ရပေမည်။ 

ထန်ပိ လှုပ်ရှားလိုက်ရာ နှင်းများသည် သူ့ကိုယ်ပေါ်မှ အချပ်လိုက် ကွာကျကုန်သည်။ သူသည် နောက်ဆုံးအနေနှင့် ရင်းနှီးနေသော အလွှာကို တစ်ချက်ကြည့်လိုက်ကာ လှည့်ထွက်သွားတော့သည်။ 

#####