အပိုင်း (၁၄၁)
မင်းဘယ်လိုဝတ်ထားလဲ
‘ကောင်းလိုက်တာ’
ကျန်းလော့သည် မျက်ဆံများနောက်သို့ လိမ့်သွားမိသည်ကို မထိန်းချုပ်နိုင်တော့ပေ။
‘ရွှမ်ရွှီလောကကြီး ဘာဖြစ်သွားသွား ငါနဲ့ဘာဆိုင်လို့လဲ’
စိတ်ထဲမှပြောနေတုန်း ကျန်းလော့သည် ကံကြမ္မာယုံသူ၏ စကားများထဲမှ အမှားတစ်ခုကို ဖမ်းမိလိုက်သည်။
ကံကြမ္မာယုံသူပြောသည် ‘သူ’ ဆိုသောသူမှာ ချီယုံ မှလွဲ၍ တခြားသူမဖြစ်နိုင်ပေ။ သို့သော် ထိုအကြောင်း ထုတ်မပြောခင်ထဲက ကျန်းလော့သည် ကံကြမ္မာယုံသူ၏ အသံကို မှတ်မိလိုက်သည်။ ခန်မှန်းမရသော နတ်ဘုရားကဲ့သို့ ကောင်းကင်ဘုံမှ လှမ်းပြောနေသော စကားလုံးများနှင့် တူသော အသံဖြစ်သည်။ ဝေးကွာပြီး ဆန်းကြယ်ကာ ခိုင်မာသော ရည်ရွယ်ချက်ရှိပြီး သူ့စကားများအားလုံးသည် အမှန်တရားသာဖြစ်ပြီး နားထောင်ယုံကြည်ရန် ဖိအားပေးနေသည့်အသံဖြစ်သည်။
ဤရင်းနှီးနေသော အသံသည် မှန်လောကထဲတွင် ကြားခဲ့ရသော နောက်ကွယ်မှ ပုဂ္ဂိုလ်၏အသံ ဖြစ်သည်မှာ သေချာသည်။
ကျန်းလော့မျက်လုံးများသည် မည်းနက်သွားပြီး ချက်ချင်း ပုံမှန်သတိအနေအထားသို့ ပြန်ရောက်သွားသည်။ ကျန်းလော့သည် မှန်လောက၏နောက်ကွယ်မှလူကို အမြဲတမ်း စိတ်ထဲမှာ မှတ်ထားသည်။
မည်သူမှ အတိတ်အကြောင်းကို လက်ရှိအခြေအနေထိ ယူမလာချင်ပေ။ ထိုသို့သော မကောင်းသည့် ကိစ္စများဆို ပိုဆိုးသည်။ ထိုနောက်ကွယ်မှလူသည် ကျန်းလော့ဖြတ်သန်းခဲ့ရသော အတိတ်ကို သိနေပြီး မှန်လောကထဲတွင် ဖွင့်ချပစ်သည်။
ရွံစရာကောင်းပြီး ရှက်ရွံ့ဖွယ်မှတ်ဉာဏ်များကို တခြားသူများ မြင်သွားပြီးနောက် ကျန်းလော့၏ ဒေါသအဟုန်သည် ပုံမှန်ထက်ကိုပိုပြီး မြင့်တက်လာခဲ့သည်။
မှန်လောကထဲမှ လက်ရှိအခြေအနေအထိ ကံကြမ္မာယုံသူသည် ကျန်းလော့ကို ချီယုံ၏ မကောင်းဆိုးဝါးသဘာဝကို မြင်အောင်ပြဖို့ ကြိုးစားပြီး သူ့ကို ချီယုံ့ကို သတ်ခိုင်းနေခြင်းဖြစ်သည်။
ကျန်းလော့သည် တကယ်ပဲ ချီယုံ့ကို သတ်ချင်သည်။ မကောင်းဆိုးဝါးများကို အနိုင်ယူပြီး ထိုမကောင်းဆိုးဝါးများ သူ့ခြေထောက်အောက်တွင် ကိုယ်တိုင် ရှုံးနိမ့်ကြောင်း ဝန်ခံလာမှာကို လိုချင်သည်မှန်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို ထိန်းချုပ်ပြီး ခိုင်းစေခြင်းကိုတော့ မကြိုက်ရုံမက ရွံရှာစက်ဆုပ်လွန်းသည်ထက်ပင် ပိုသေးသည်။
သူလုပ်ချင်တာကို လုပ်တတ်သော်လည်း သူလုပ်ချင်နေသည့် ကိစ္စတစ်ခုကို တခြားသူက လာထိန်းချုပ်ပြီးခိုင်းစေခြင်းကိုတော့ မုန်းပါသည်။
‘မင်းက ဘာကောင်ကြီးမို့လို့ ငါ့ကိုလာပြီး ငါးစာလုပ်ခိုင်းနေရတာလဲ’
အာဃာတအမုန်းစာရင်းဟောင်းတွင် အသစ်တစ်ယောက် ထပ်တိုးလာလေပြီ။ ကံကြမ္မာယုံသည် ပြိုင်ဘက်မရှိ ပထမနေရာသို့ ရောက်သွားပြီး ကျန်းလော့ အရှင်းပစ်ချင်ဆုံး လူတစ်ယောက်ဖြစ်လာသည်။
ကျန်းလော့သည် နှလုံးခုန်မြန်နေပြီး သူ့မျက်နှာသည် အေးခဲနေကာ သူ့ပုံစံသည် ကံကြမ္မာယုံသူ၏ မျက်နှာထားအတိုင်း ခံစားချက်မဲ့နေသကဲ့သို့ တစ်ထပ်တည်းတူနေသည်။
ကံကြမ္မာယုံသူသည် ကျန်းလော့လက်ကို ဆွဲ၍ ရှောင်ချန်ရေကန်ထဲမှ ဆွဲထုတ်ကာ အပြင်ဘက်သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
ကျန်းလော့အဝတ်အစားများသည် စိုရွှဲနေကာ ဘောင်းဘီအောက်နားမှ ရေများ စီးကျနေသည်။ သို့သော် သူသည် အေးစက်မှုကို မခံစားရပေ။ ကံကြမ္မာယုံသူသည် ကျန်းလော့ရှေ့မှ ဦးဆောင်သွားကာ ခြေလှမ်းတိုင်းတွင် ရှုခင်းများသည် ဆက်တိုက်ပြောင်းလဲနေသည်။
မြစ်များ တောင်များပေါ်မှ ဖြတ်သန်းသွားကြသည်။ ကျန်းလော့သည် သူ့ဘေးဘက်တွင် လမ်းနှစ်ဖက်လုံးသည် မြင်ကွင်းများ တစ်ခုပြီးတစ်ခု အမြန်ပျောက်သွားသည်ကို မြင်နေရသည်။
ကမ္ဘာဦးလူသားများ ကမ္ဘာဦးအစတွင် ဂူတွေထဲနေသည့်အချိန်မှစ၍ ဟယ့်ထူလော့ရှုဟုခေါ်သော ပထမဆုံးအဆင့်နှင့် ဒုတိယအဆင့်ကောင်းကင်ဘုံမှ ပါးကွအစီအရင် စတင်ဖန်တီးခဲ့ချိန်အထိ အနှေးပြကွက်နှင့် ရုပ်ရှင်ကြည့်နေရသလို မြင်ခဲ့ရသည်။
တော်ဝင်ဂူသင်္ချိုင်းများကို ဒီတိုင်းတည်ဆောက်ရာမှ ဖုန်းရွှေပညာဖြင့် တည်ဆောက်နိုင်သွားချိန် နက္ခဗေဒင်ပြက္ခဒိန်သုံးနေကြသော အချိန်မှ စိုက်ပျိုးရေးနှင့် မိုးလေဝသပညာရပ်တို့ကိုပါ နားလည်လာကြသည့်အချိန်တို့ကိုပါ မြင်တွေ့ရသည်။ ရွှမ်ရွှီလောက၏ ဘိုးဘေးပညာရှင်များ၏ သေခြင်းရှင်ခြင်း အတွေ့အကြုံမျာကိုလည်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲလာပုံကို မြင်တွေ့ရကာ ဗိသုကာပညာထွန်းကားစပြုသည့် အချိန်တွင် တည်ဆောက်ထားသော အိမ်ငယ်လေးများမှ အစပြု၍ မျိုးနွယ်စုကြီးများနှင့် တိုင်းပြည်များ ဖြစ်ပေါ်လာသည်အထိ တဖြည်းဖြည်း ချမ်းသာကြွယ်ဝလာခြင်းများကို မြင်တွေ့ခဲ့ရသည်။
ကျန်းလော့ခေါင်းပေါ်တွင် ရုတ်တရက် ကြယ်များ လင်းလက်တောက်ပလာကာ သန်းချီသော ကြယ်အစုအဝေးကြီး နေလုံးကြီးကို လှည့်ပတ်နေသည်ကို မြင်လိုက်ရသည်။
ကျန်းလော့သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကြယ်များသည် ထိုက်ကျီရိုးရာသိုင်းကွက်ကဲ့သို့ ပြောင်းလဲသွားကာ ရွေ့လျားနေရင်း ငွေရောင်အလင်းတန်းတစ်ချက်လက်သွားပြီး ရှစ်ထောင့်အစီအရင် ခင်းကျင်းထားသည့် ပုံစံအဖြစ်ပြောင်းလဲသွားသည်။
ကောင်းကင်၊ မြေကြီး၊ မိုးကြိုး၊ လေ
မီး၊ ရေ၊ တောင်နှင့် လေပြည်။
ကြယ်များသည် တစ်ချိန်လုံး ပုံသဏ္ဍာန်ပြောင်းလဲနေကာ ကျန်းလော့မျက်လုံးများသည် ကြယ်များနှင့်အတူ တောက်ပလင်းလက်နေသည်။ မြင်ကွင်းသည် အလွန်လှပကာ အကြည့်မလွှဲနိုင်သောကြောင့် ကျန်းလော့လည်ပင်းပင် နာကျင်ကိုက်ခဲလာကာ အကြည့်လွှဲလိုက်သည်။ သူသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ရုတ်တရက် နှင်းတောင် အလယ်တည့်တည့်တွင် ရပ်နေသော သူ့ကိုယ်သူကို ပြန်မြင်လိုက်ရသည်။
ကျဆင်းနေသော နှင်းပွင့်များသည် သူ့ဆံပင်ကို ဖြတ်ဆင်းသွားကာ ကျန်းလော့သည် သူ့ကို ဤသို့မြင်ရအောင် ဖော်ဆောင်ပေးနေသော ကံကြမ္မာယုံသူရှိရာဘက်ကို လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် နှင်းပြင်လွှာပေါ်တွင် ခြေရာပါးလျှပ်လျှပ်များ ချန်ထားခဲ့ကြပြီး နောက်တစ်လှမ်း လှမ်းလိုက်သောအခါ မြင်ကွင်းသည် ရုတ်ချည်း ပြောင်းလဲသွားပြီး ချော်ရည်များ ဆူပွက်နေသော မီးတောင်ထဲသို့ရောက်သွားကြသည်။
သူတို့သည် မီးတောင်တစ်ခု၏ အနက်ရှိုင်းဆုံးသော အတွင်းပိုင်းနေရာကို ရောက်နေကြပြီး ကျန်းလော့မျက်လုံးများသည် အနီရောင်မီးတောက်များ၏ အငွေ့ဟပ်မှုကြောင့် မှိတ်ထားလိုက်ရသည်။ ကံကြမ္မာယုံသူသည် သူ့ကိုဆွဲ၍ ပွက်ပွက်ထနေသော ချော်ရည်ပူများထဲသို့ ခုန်ဆင်းသွားကာ သူတို့သည် ပင်လယ်ပြာအောက်ခြေသို့ ရောက်သွားပြန်သည်။
ထိုအချိန်ခဏလေးမှာပင် ကျန်းလော့သည် ကမ္ဘာပေါ်ရှိ စိတ်ဝင်စားစရာအကောင်းဆုံးသော နေရာများကို စိတ်လှုပ်ရှားစွာ ရောက်သွားခဲ့သည်။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းကိုပါ တစ်ချိန်ထဲရောက်သွားခဲ့သည်။
နောက်ဆုံးတွင် ကံကြမ္မာယုံသူသည် ကျန်းလော့ကို အော်ရိုရာအလင်းတန်းများအောက်သို့ ခေါ်သွားပြီး လှည့်ကြည့်ကာ တိုးဖွဖွပြောလိုက်သည်။
“ဒီလိုအရာမျိုးတွေအကုန် ဖျက်ဆီးခံရမှာကို မရှက်မိဘူးလား”
သူ့မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သောအခါ ကျန်းလော့သည် သူ့ကိုယ်သူ ရှောင်ချန်ရေကန်ထဲ ပြန်ရောက်နေကြောင်း သိလိုက်ရသည်။ ကံကြမ္မာယုံသူသည် ရေကန်နံဘေးတွင် ရပ်နေကာ ပြောလိုက်သည်။
“မင်းထွက်လာသင့်တဲ့ အချိန်တောင်ရောက်နေပြီပဲ”
ကျန်းလော့သည် ထိုးမှိုင်းနေသလို ငြိမ်သက်နေပြီး ရေပူစမ်းကန်ထဲမှ နှေးကွေးစွာထွက်လာပြီး အဝတ်အစားများ လဲလိုက်သည်။ ထို့နောက် ကံကြမ္မာယုံသူသည် နောက်လှည့်၍ ထွက်သွားသည်။
‘ကံကြမ္မာယုံသူက ဘယ်လိုနည်းမျိုးသုံးလိုက်တာလဲ’
‘ဒါမျိုးက လူတစ်ယောက်လုပ်နိုင်တဲ့ အရာမျိုးဟုတ်ရဲ့လား’
ကျန်းလော့ဦးနှောက်သည် ပူထူနေပြီး အချက်အလက်အများကြီး တစ်ထိုင်တည်း အထည့်ခံလိုက်ရ၍ ဟမ်းသွားသော ကွန်ပျူတာ ဟက်ဒစ်လိုပင် စိတ်အခြေအနေသည် ပုံမှန်ပြန်မဖြစ်နိုင်သလို ဖြစ်သွားသည်။ ကံကြမ္မာယုံသူ၏စကားများသည် ကျန်းလော့ခေါင်းထဲတွင် ထပ်မြည်လာကာ ကျန်းလော့၏စိတ်သည် ချာချာလည်နေအောင် မူးဝေလာသည်။ ကျန်းလော့သည် မူးဝေမှုကို အံကြိတ်ပြီး သည်းခံနေရသည်။
“အပြစ်သားကို ဖျက်ဆီးပစ်မှသာ အားလုံးငြိမ်းချမ်းသွားမှာ”
“ဒီကပ်ဘေးကြီးကို တာဆီးနိုင်မှာ မင်းတစ်ယောက်ထဲပဲရှိတယ်”
“မင်းကပဲ သူ့ကိုသတ်နိုင်မှာ”
‘မပြောပါနဲ့တော့’
‘ပါးစပ်ပိတ်ထား’
ကံကြမ္မာယုံသူသည် ရုတ်တရက် နောက်လှည့်ကြည့်လိုက်သောအခါ ဆံပင်အနက်ရောင်ကောင်လေး ခလုတ်တိုက်မိသွားသည်ကို မြင်ရသည်။ ဆံပင်အနက်ရောင်ကောင်လေး၏ မျက်လုံးများသည် ပင်ပန်းနွမ်းနယ်နေပုံရကာ ငေးငိုင်စွာဖြင့် ခလုတ်တိုက်မိသွားသော သစ်ပင်ကြီးကို ဖက်ထားသည်။
သူ့မျက်နှာသည် ချွေးများရွှဲနေကာ ပါးပြင်သည် ရေပူထဲတွင် စိမ်ထားရသောကြောင့် အနည်းငယ်နီရဲနေသည်။
ရေစိုနေသော မျက်ခုံးများသည် အနည်းငယ် စိတ်ဖိစီးနေပုံပေါက်နေသည်။
ကံကြမ္မာယုံသူသည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေရင်း နောက်လှည့်ကြည့်ပြီး ကျန်းလော့ဆီသို့ လျှောက်သွားလိုက်သည်။ ကျန်းလော့သည် သူ့နားကပ်လာတာကို ခံစားမိကာ ကံကြမ္မာယုံသူကို အလွန်အားနည်းနေသည့်ပုံဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်သည့် ရှင်းလင်းကြည်လင်နေပြီး စိတ်မပါသော စိတ်အတက်အကျမရှိသော အကြည့်မျိုးဖြစ်သည်။ သို့သော် ထိုသို့ထာဝရရှင်သန်သူတစ်ယောက်၏ သိမ်မွေ့မှုသည် အခွံသက်သက်သာဖြစ်ပြီး အတွင်းတွင် ခက်ထန်သော တစ္ဆေတစ်ကောင်ကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်သည်။
ကံကြမ္မာယုံသူ၏ မျက်လုံးထဲတွင် ခံစားချက်တစ်မျိုး ဖြတ်ခနဲထင်သွားကာ လက်ကိုမြှောက်၍ ကျန်းလော့နားကို ထိလိုက်သည်။
“တရားထိုင်”
ဆူညံသံများသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျန်းလော့သည် မသက်မသာဖြစ်လာပြီး သူ့နဖူးထောင့်ကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်လိုက်ကာ
“ကံကြမ္မာယုံသူ..”
ကံကြမ္မာယုံသူကပြောသည်။
“မင်းပြန်သွားရမဲ့ အချိန်ရောက်ပြီ”
ကျန်းလော့သည် ဗိုက်တစ်ခုလုံးအပြည့် မေးခွန်းများအပြည့်နှင့် အခန်းဆီသို့ ပြန်လာသည်။ ထို့နောက် သူ့ကို စောင်နေသော လုယုံရိနှင့် တွေ့ခဲ့သည်။ နေ့လည်စာစားချိန်ဖြစ်သောကြောင့် လုယုံရိသည် သူ့ကို ထမင်းစားခန်းဆီသို့ ဆွဲခေါ်သွားသည်။
“ကျန်းလော့ နေလို့ကောင်းလာပြီလား”
ကျန်းလော့သည် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်ပြီး
“အင်း”
လုယုံရိသည် ကျန်းလော့ကို ကြည့်၍ တစ်ခုခုမှားနေသလို ခံစားလိုက်ရသော်လည်း လည်ပင်းနာနေသောကြောင့် စကားမပြောချင်တာဖြစ်မည်ဟုသာတွေး၍ ဆန်ပြုတ်ကျဲကျဲတစ်ပန်းကန်ပေးလိုက်သည်။
“လာ ဒီဆန်ပြုတ်လေးသောက်လိုက် လည်ပင်းနာတာ သက်သာတယ်တဲ့”
ကျန်းလော့သည် ရယ်ချလိုက်ချင်သော်လည်း ထိန်းထားရသည်။ သူတို့စားပွဲတွင် လူများများရှိနေကာ စားရင်းသောက်ရင်း စကားပြောနေကြသည်။ လျန်ရွှီသည် ပန်းကန်ထဲတွင် ခေါင်းမြုပ်မတတ် အားရပါးရစားသောက်နေကာ ကျိုးကျုံးချိုး၏ လျန်ပင်းအကြောင်း မေးသည်ကို ကြားပြီး သက်ပြင်းချလိုက်သည်။
“ငါ့စီနီယာအစ်ကိုကာ အရမ်းဒဏ်ရာမပြင်းပေမဲ့ အဲဒီကျောင်းသားတွေကတော့ အခုထိသတိမရသေးဘူး သူတို့ဝိညာဉ်တွေက မှန်လောကထဲမှာ သေသွားတာဆိုတော့ သူတို့က ရှေ့လျှောက် သစ်ပင်လူသား ဖြစ်သွားနိုင်လောက်တယ်”
“ဆရာဦးလေးလဲ ဘာမှမတတ်နိုင်ဘူး ဦးလေးက အရမ်းကို ကြိုးကြိုးစားစားနဲ့ လုပ်နိုင်တာ အကုန်လုပ်ပြီး ကုပေးနေပေမဲ့ သူတကယ်ကြီး ကို ဘာမှ မတတ်နိုင်တော့ဘူး ထင်ပါတယ်ဟာ”
ကျန်းလော့က ရုတ်တရက် မေးလိုက်သည်။
“သူတို့ အခုထိ သတိမရသေးဘူးလား သူတို့မိသားစုတွေရော မလာဘူးလား”
“ညီမအထင်တော့ သူတို့တစ်ခုခုဖြစ်နေတာ မသိသေးလို့ထင်တယ်”
လျန်ရွှီကပြောသည်။
“လီရှောင်းပြောတာတော့ သူတို့တွေက ဆောင်းရာသီပိတ်ရက်တိုင်း လေထုကို လေ့လာဖို့ ခရီးထွက်ကြတယ်တဲ့ သူတို့မိသားစုတွေကလည်း ရိုးနေပြီဆိုတော့ အဲဒါကြောင့် လာမရှာကြတာထင်တယ်”
‘ကံကြမ္မာယုံသူက မှန်လောကရဲ့နောက်ကွယ်ကလူ ဖြစ်နေတာဆိုတော့ မှန်ထဲမှာ သရဲရှိမရှိကြည့်ဖို့ စပြောတဲ့ တွမ့်ကျီကလည်း သံသယဝင်စရာကောင်းနေတယ်’
ကျန်းလော့သည် ထိုကိစ္စမျိုးကို တိုက်ဆိုင်တာလို့တော့ မယုံရေးချမယုံပေ။ သူသည် တွမ့်ကျီနှင့် တခြားသူများကို သွားကြည့်ဖို့ တေးထားလိုက်သည်။
နေ့လည်စာစားပြီးနောက် ကျန်းလော့သည် ဝမ်ယမ်လန်ကို စကားပြောဖို့ခေါ်လိုက်ပြီး ဤနေရာမှ မြန်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ပြောလိုက်သည်။ သူ့ကြောင့် ဤလူများကို ပြဿနာထဲ ဆွဲမသွင်းချင်ပေ။ ထို့အပြင် ရင်းနှီးနေသော လူများရှိနေလျှင် ကျန်းလော့အတွက် ဒရာမာချိုးဖို့ အနည်းငယ် ခက်ခဲသည်လေ။
ဝမ်ယမ်လန်သည် သူတို့အုပ်စုကို ထွက်ခွာမည့်အကြောင်းပြောလိုက်ပြီး တာအိုဆရာတော်ဝေ့ဟယ်မှ သူတို့ထွက်သွားတော့မည့်အကြောင်း သိသွားသောအခါ သူတို့ကို တောင်အောက်လိုက်ပို့ပေးရန် တပည့်များ ထည့်ပေးလိုက်သည်။
သူတို့မထွက်သွားခင် လူတိုင်းသည် ကျန်းလော့ကို ကြားနာမည့်ရက်ကို နောက်မကျဖို့ အထပ်ထပ်အခါခါ မှာကြသည်။
‘ငါတို့ ကြားနာမဲ့နေ့ကို မမေ့နေနဲ့နော်’
ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး သူတို့ကို ဂိတ်ဝနားထိ လိုက်ပို့လိုက်သည်။ သူတို့နောက်ကျောများ သူ့မြင်ကွင်းထဲမှ လုံးဝပျောက်ကွယ်သွားတော့မှ အခန်းဆီသို့ ပြန်သွားခဲ့ပြီး အိပ်ဖို့ပြင်လိုက်သည်။
ညနေပိုင်းတွင် လာနေကျမဟုတ်သော ဧည့်သည်နှစ်ယောက်သည် “ဝူရှညန်” ဂိတ်ပေါက်ဆီသို့ ရောက်လာကြသည်။
တပည့်များသည် ခက်ထန်သော မျက်နှာသေနှင့် ကောင်းကင်သခင်နှင့် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တို့ကို တရားကျင့်ခန်းသို့ ခေါ်သွားပေးသည်။ ဖုန်းလီသည် တာအိုဆရာတော်ဝေ့ဟယ်နှင့် စကားပြောနေရင်း စိတ်မရှည်စွာ ထရပ်လိုက်ပြီး
“သူဘယ်မှာလဲ ကျုပ်သူ့ကို သွားတွေ့လိုက်မယ်”
ဖုန်းလီသည် မည်သူလိုက်ပို့တာမှ မစောင့်ဘဲ သူ့ဟာသူ ထွက်သွားသည်။ ကောင်းကင်သခင်၏ အေးစက်ခက်ထန်နေသော မျက်နှာကိုကြည့်၍ တာအိုဆရာတော်ဝေ့ဟယ်သည် ခက်ခက်ခဲခဲ ပြုံးလိုက်ပြီး
“သူ ဒီနေ့ စိတ်အခြေအနေမကောင်းဘူးထင်တယ်နော် ဟုတ်တယ်မလား”
“သူ ဒီကိုပြန်လာတိုင်း ပျော်နေတာ မြင်ဖူးလို့လားကွာ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် နှေးကွေးစွာ ပြောလိုက်သည်။
“တောင်အောက်က လျန်ဘိုးဘေးအိမ်တော်ကို ထားလိုက်ဦး ဖုန်းလီအတွက် စိတ်ပျက်စရာအကောင်းဆုံးနေရာ ပြောဆိုရင် ခုနှစ်ဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က မင်းပိုင်တဲ့ဒီတောင်ထိပ်ပဲကွ သူ့တပည့်ကို မင်းတောင်ထိပ်ကို ခေါ်သွားတယ်ဆိုတာ သိသွားတုန်းကများဆို သူ့မျက်နှာက မည်းမှောင်သွားတာများ အမလေး တွေးကြည့်လိုက်တာနဲ့ ကြက်သီးထတယ် တကယ် ကြောက်စရာကြီးပါဆိုနေ”
တာအိုဆရာတော် ဝေ့ဟယ်သည် ပွစိပွစိ တစ်ကိုယ်ထဲ ရေရွတ်လိုက်သည်။
“သူ့တပည့်ကို တောင်ပေါ်ရောက်အောင် ငါခေါ်တာမှမဟုတ်တာ ပြီးတော့လဲ ငါက..”
ကျန်သည့်စကားလုံးများသည် ဗိုက်ထဲ မျိုချလိုက်သလို မကြားရတော့ကာ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် မကြားချင်ယောင်ဆောင်နေလိုက်သည်။ ထို့နောက် ကျိယောင်ဇီက မေးလိုက်သည်။
“ဒီရက်တွေထဲ တောင်ပေါ်ကို တခြားသူတွေရောက်လာကြသေးလား”
“ကျိုးကျုံးယွီရဲ့ သမီးနဲ့ သူမသူငယ်ချင်းတွေတော့ ရောက်လာတယ် တစ်ညအိပ်ပြီး ပြန်သွားကြပြီလေ”
တာအိုဆရာတော်ဝေ့ဟယ်သည် ဘာလုပ်လို့လုပ်ရမှန်း မသိစွာဖြင့် ပြောလိုက်သည်။
“တခြားသူတွေလား တခြားဘယ်သူမှ မရှိပါဘူး”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် စိတ်သက်သာရာရသွားသည်။
‘ကြည့်ရတာ ကလေးတွေက ပစ္စည်းကို ပို့ပေးပြီပြီထင်တယ်’
ဖုန်းလီရောက်သွားသောအခါ ကျန်းလော့သည် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သည်။ သူသည် အိပ်ရာဘေးတွင်ရပ်၍ ကျန်းလော့ကို ခဏလောက်ကြာကြာကြည့်နေပြီး တပည့်ဖြစ်သူ ဒဏ်ရာရထားပုံမပေါ်တာကြောင့် ထွက်သွားဖို့ လုပ်လိုက်သည်။
သို့သော် သူ မထွက်သွားရသေးခင် ဖုန်းလီသည် ကျန်းလော့တွင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။ သူ့မျက်နှာသည် မီးတောက်နေသလို နီရဲနေပြီး သူ့နှုတ်ခမ်းများကတော့ ခြောက်သွေ့နေသည်။ မျက်ရစ်မရှိသော မျက်ခွံသည် တင်းကျပ်စွာ မှိတ်ထားကာ ဆံပင်အနက်များသည် လည်ပင်းတဝိုက်တွင် ကပ်နေပြီး နားရွက်နှစ်ဖက်သည် အပူများစောင့်တက်လာသလို ပူလောင်နေပုံရပြီး ကောင်လေးသည် စောင်ကို ဖက်ထားပြီး လေးလံစွာ အသက်ရှူနေသည်။
ဖုန်းလီသည် ခဏလောက် တွေဝေနေပြီး ကျန်းလော့နှဖူးကို စမ်းကြည့်လိုက်သည်။
‘သေချာပြီ ဖျားနေတာပဲ’
သူသည် လက်ကိုရုတ်လိုက်ပြီး အခန်းထဲသို့ ဝေ့ကြည့်လိုက်ကာ သဘက်အသေးတစ်ထည်ယူ၍ ရေအေးထဲနှစ်လိုက်သည်။ ထို့နောက် ရေညစ်လိုက်ပြီး ကျန်းလော့နှဖူးပေါ်သို့ ခေါက်တင်ပေးလိုက်သည်။သို့သော် အေးစက်နေသော ရေဝတ်သည် ကျန်းလော့နဖူးပေါ်တွင် ချက်ချင်း အငွေ့များထွက်လာကာ သဘက်ပင် ပူလောင်သွားသောအခါ ဖုန်းလီ၏ မျက်ခုံးများသည် တွန့်ကွေးသွားပြီး အခန်းထဲမှ မထွက်ခင် ကျန်းလာ့ကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။
ကျန်းလော့သည် အာခြောက်လာသောကြောင့် နိုးလာသည်။ မျက်လုံးဖွင့်လိုက်သောအခါ တစ်အိမ်လုံး မည်းမှောင်နေသည်။
‘ညစာစားချိန်တောင် လွန်နေပြီထင်တယ်’
ကျန်းလော့သည် ပျင်းရိစွာ အခန်းထဲသို့လိုက်ကြည့်လိုက်ပြီး ရုတ်တရက် လန့်သွားသည်။ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် အိပ်ရာခြေရင်းဘက်တွင် မတ်တပ်ရပ်နေကာ ထိုပုံရိပ်သည် သူနိုးလာတာ မြင်တာနဲ့ ကျန်းလော့ နှုတ်ခမ်းနားသို့ တစ်ခုခုကို ကိုင်လာသည်။
“စား”
‘ဒါက ဖုန်းလီအသံကြီး’
ကျန်းလော့သည် ခဏလောက် တုန့်ဆိုင်းသွားပြီး
“ဆရာ”
ဖုန်းလီသည် ရှေ့တိုးလာပြီး ထက်ရှသော မျက်နှာကို အမှောင်ထဲတွင် ကောင်းကောင်းမမြင်ရပေ။ တစ်စုံတစ်ခုသည် သူ့လက်မောင်းထဲမှ ကျန်းလော့ကိုယ်ပေါ်သို့ ခုန်ဆင်းလာပြီး တအိအိ ငိုနေသည်။
ကျန်းလော့သည် ထိုအရာလေးကို ရင်းနှီးနေသလိုဖြစ်နေသောကြောင့် အမှောင်ထဲတွင် ဆွဲယူပြီး ကြည့်လိုက်ရာ အနီရောင်သွားရည်ခံလေး ဝတ်ထားသော ဂျင်ဆင်းကလေးလေး ကို မြင်လိုက်ရသည်။
ဂျင်ဆင်းကလေးလေးသည် ပူဆွေးစွာ ငိုကြွေးနေပြီး အဝါရောင်မျက်ရည်ပေါက်ကြီးများသည် သူ့မျက်လုံးထဲမှ ပုလဲလုံးများလို တစ်လှိမ့်ချင်းကျလာသည်။ ကလေးလေးသည် ကျန်းလော့လက်မောင်းကို ဆွဲဖက်ထားကာ ငိုကြွေးနေပြီး နှုတ်ခမ်းဆူကာ
“ဖေဖေ”
ဂျင်ဆင်းကလေးလေး၏ ခေါင်းပေါ်မှ ထိုးထိုးထောင်ထောင် ထွက်နေသော နှုတ်ခမ်းမွှေးများ ပျောက်နေပြီး ကျန်းလော့သည် ဖုန်းလီ သူ့ကို စားဖို့ပေးခဲ့သည့် အရာကို သေချာသိသွားသည်။ ထို့ကြောင့် လှည့်ကြည့်လိုက်ရာ တကယ်ကို ဂျင်ဆင်းကလေးလေး၏ နှုတ်ခမ်းမွှေးဖြစ်နေသည်။
ကျန်းလော့သည် နည်းနည်းလေးမှ မတုံ့ဆိုင်းပဲ ခေါင်းငုံ့၍ အမြန်စားလိုက်သည်။ ဖုန်းလီလက်ဖဝါးပေါ်သို့ ပူလောင်သော အသက်ရှူငွေ့များ ဖြာကျသွားကာ တစ်စက္ကန့်အတွင်း ကျန်းလော့သည် နောက်သို့ ချက်ချင်းဆုတ်သွားသည်။
ဖုန်းလီသည် လက်ကို ရုတ်လိုက်ကာ ထိုလက်ဖဝါးကို လက်ချောင်းများနှင့် ပွတ်သပ်လိုက်သည်။ သူ့မျက်နှာထားသည် အနည်းငယ်မရေမရာဖြစ်နေပြီး
“မင်းဖျားနေတာ”
ကျန်းလော့သည် ဖျားနေတာကို အကြောင်းပြ၍ ဖုန်းလီနှင့် တောင်အောက်လိုက်ဆင်းဖို့ စဉ်းစားမိသွားသော်လည်း ဂျင်ဆင်းကလေးလေးက ဒီကိုရောက်နေတာကို သတိရသွားကာ ထိုအကြောင်းပြချက်သည် မဖြစ်နိုင်တော့ကြောင်း နားလည်လိုက်သည်။
ထို့ကြောင့် သူသည် ဆက်လက်ပြီး ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး စိတ်မဝင်စားသလို ပြုံးလိုက်ကာ
“ဖျားတယ်နာတယ်ဆိုတာ လူ့သဘာဝပါပဲ ကျွန်တော် အဆင်ပြေပါတယ် ဆရာစိတ်မပူပါနဲ့”
ဖုန်းလီသည် တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိလိုက်ကာ သူ့အသံသည် ချက်ချင်းအေးစက်သွားသည်။
“ရှောင်ချန်ရေကန်ထဲမှာ ဘယ်နှကြိမ်စိမ်ခဲ့တာလဲ”
“နှစ်ခါပါ”
ကျန်းလော့က ပြောသည်။
“တစ်ခါစိမ်ရင် တစ်နာရီကြာပါတယ် ပြီးတော့ ကံကြမ္မာယုံသူက ရေကန်ထဲကို သွေးတစ်စက်ထည့်ပေးပါတယ်”
ဖုန်းလီ၏ အရှိန်အဝါသည် ချက်ချင်း ဒေါကြီးမောကြီးဖြစ်လာပြီး တံခါးဆီသို့ ခြေလှမ်းအကျဲကြီးများဖြင့် လှည့်ထွက်သွားသည်။ အခန်းထဲမှ မထွက်ခင် ကျန်းလော့ကို လှည့်ကြည့်ပြီး
“လိုက်လာခဲ့”
ကျန်းလော့သည် အိပ်ရာပေါ်မှာ လိမ့်ဆင်းလိုက်ကာ ဂျင်ဆင်းကလေးလေးကို ချီ၍ ဆရာဖြစ်သူနောက် မလှမ်းမကမ်းမှ လိုက်လာသည်။ ဖုန်းလီတစ်ယောက် ပြဿနာရှာတော့မည်ဆိုတာကို ကျန်းလော့သည် ရှင်းရှင်းလင်းလင်း မြင်နေပြီး သူ့ဉာဉ်ဆိုးလေးသည် ရုတ်တရက်နိုးထလာကာ ပွဲကြည့်ဖို့ အဆင်သင့်ဖြစ်နေပြီး ကံကြမ္မာယုံသူကို ဖုန်းလီတိုက်ခိုက်မည်ကို ကြည့်ချင်နေသည်။
‘ဒါပေမဲ့ ဖုန်းလီက ကံကြမ္မာယုံသူကို တကယ်ကော ရိုက်နိုင်မှာလား’
ဂျင်ဆင်းကလေးလေးသည် ကျန်းလော့လက်မောင်းပေါ်တွင် လှဲလျောင်းနေကာ မည်သူမျှ သူ့ကို မချော့သောကြောင့် မျက်ရည်များ သူ့ဟာသူ တိတ်သွားသည်။ ထို့နောက် ကျန်းလော့အင်္ကျီစကို ဆွဲဆုပ်၍ တွယ်တက်ဖို့ လုပ်နေသည်။ ကျန်းလော့ကလည်း ထိုကလေးကို မတားဘဲ လုပ်ချင်တာ လုပ်ခိုင်းထားသည်။
ကလေးလေးသည် ချွဲပစ်ပစ်အသံလေးဖြင့် ကျန်းလော့ နားနားကပ်၍ တိုးတိုးပြောလာသည်။
“ဖေဖေ အခုထိ မသက်သာလာသေးဘူးလား”
ကျန်းလော့သည် တကယ်တမ်းတွင် ဖျားနေတာ မဟုတ်ပေ။ လက်ကောက်ဝတ်ကို ဖြတ်ရာမှ သွေးများဆုံးရှုံးထားသည့်အပြင် တစ်ညလုံး နွေဦးအိပ်မက်မက်ပြီး စိတ်ကြွနေခဲ့သောကြောင့် ပင်ပန်းနေရုံသာ ဖြစ်သည်။
ဂျင်ဆင်းအဆီအနှစ်သည် အလွန်ကောင်းသော ဆေးတစ်လက်ဖြစ်သော်လည်း သူသည် သွေးအများကြီး ဆုံးရှုံးထားသောကြောင့် ဂျင်ဆင်းမည်မျှ အစွမ်းထက်ပါစေ အချိန်တိုအတွင်း သွေးအားပြန်ကောင်း မလာနိုင်ပါချေ။
ကျန်းလော့သည် ပို၍ နေလို့ကောင်းလာသော်လည်း အပြည့်အဝတော့ ပြန်မသက်သာသေးပေ။
သို့သော် လက်ကောက်ဝတ်မှ ဖြတ်ထားသော ဒဏ်ရာသည် စတင်ပြီး ယားယံလာပြီး အနာဖေးတက်လာကာ မကြာခင် အနာပျောက်တော့မည် ဖြစ်သည်။
‘ဒါလည်းကောင်းတာပဲ’
ထိုဒဏ်ရာသည် လွန်ခဲ့သော နှစ်ရက်ခန့်က ကျန်းလော့ကို မိန်းမောနေရာမှ ပြန်သတိရလာစေသော ဒဏ်ရာဖြစ်သည်။
သို့သော် သူသည် နဂိုစိတ်အခြေအနေသို့ ပြန်နိုးထလာပြီဖြစ်ကြောင်း ကံကြမ္မာယုံသူကို မသိစေချင်ပေ။
တစ်ဖက်တွင် ထိုသို့ မိန်းမောသွားခြင်းမှာ ကျန်းလော့ အားနည်းနေသည်ဟူသော သက်သေလည်း ဖြစ်နေသောကြောင့် သူသည် တခြားသူများကို မပြောပြချင်ပေ။
အိပ်မက်ထဲတွင် စာသင်စင်ပေါ် လဲနေရတုန်းကပင် သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကို အဝတ်အစားအပြည့်အစုံ ဝတ်ထားဆဲဖြစ်ကာ သူ့လက်ကောက်ဝတ်မှ ဒဏ်ရာကို သေသည်အထိ ကာကွယ်သွားရန် ဆုံးဖြတ်ထားသည်။ ကျန်းလော့သည် ဂျင်ဆင်းကလေးလေးကို တစ်ကိုက်လောက် ထပ်ကိုက်စားချင်သည်။ သို့သော် အလွန်အကျွံ ဖြစ်သွားမှာလည်း စိုးရိမ်နေသောကြောင့် ဂျင်ဆင်းကလေးလေးကို နောင်တရစွာ ကြည့်လိုက်ပြီး
“ကောင်းပါတယ် ဘာလို့်လဲ”
ဂျင်ဆင်းကလေးလေးသည် သူ့ဖေဖေမှ သူ့ကိုကိုက်စားဖို့ စဉ်းစားနေကြောင်း မတွေးမိပဲ ချောင်းဟန့်၍ ရှိုက်ကာ တိုက်တွန်းလိုက်သည်။
“ပါးစပ်ဟလိုက်ပါ ဖေဖေ”
ကျန်းလော့သည် ကလေးလေးကို ပျင်းရိစွာ ကြည့်လိုက်ပြီး
“ဘာဖြစ်လို့ ပါးစပ်ဟရမှာလဲ”
ဂျင်ဆင်းကလေးလေးသည် သူ့၏ အနီရောင် သွားရည်ခံကို ဂရုတစိုက်မလိုက်ကာ သူ့အဝတ်ကလေးကို ရေညှစ်သလို ညှစ်မည့် လက်ဟန်ပြကာ
“ကလေးလေး ခုနက ငိုတုန်းက အရမ်းကို ဂရုတစိုက်နဲ့ ငိုထားလို့ မျက်ရည်တွေအကုန်လုံး ဒီပေါ်မှာပဲကျသွားတာ ကလေးလေး ဖေဖေသောက်ဖို့ အရည်တွေကို ညှစ်ပေးမယ်လေ ဒီဆေးက အရမ်းအစွမ်းထက်တာ”
ကျန်းလော့ “..............”
ဂျင်ဆင်းကလေးလေးသည် ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဖေဖေ ကလေးလေး ငိုထားတဲ့ မျက်ရည်တွေက နှုတ်ခမ်းမွေးတွေထက် ပိုစွမ်းတယ်သိလား ဖေဖေသာ သောက်ကြည့်ပြီး ကောင်းတယ်ဆိုရင်လေ ဖေဖေ့ဆရာကို ကလေးလေး နှုတ်ခမ်းမွှေးတွေ ဆွဲမနှုတ်တော့ဖို့ ပြောပေးပါလားဟင် အဲ့အစား ကလေးလေး မျက်ရည်တွေသုံးလေနော်”
ကျန်းလော့ မလှုပ်သော အခါ ကလေးလေးသည် ပို၍ စိတ်လှုပ်ရှားလာပုံရပြီး
“ဒါက တကယ်ကို အသုံးဝင်တာပါဆိုနေ အသက်ခုနှစ်ဆယ် ရှစ်ဆယ်အရွယ်တွေတောင် ဒါကို သောက်လိုက်ရင် ဆံပင်တွေ ပြန်နက်လာမှာလို့”
“... အရည်ညှစ်ထားတဲ့ မျက်ရည်တွေကို ငါ့ဆံပင်ထဲ ထည့်မလို့လား”
တစ်နေ့တာတွင် နောက်ကျနေပြီဟုပြောလို့ရသော်လည်း အချိန်အားဖြင့် ခြောက်နာရီကျော်ရုံလေးသာ ရှိသေးသည်။
တောင်ထိပ်လိုမျိုး ဘာမှလုပ်စရာမရှိသည့် နေရာမျိုးတွင်တောင် မည်သူမှ မအိပ်ကြသေးပေ။
ဖုန်းလီသည် ကျန်းလော့ကို တာအိုဆရာတော် ဝေ့ဟယ်ဆီသို့ ခေါ်သွားသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် တာအိုဆရာတော် ဝေ့ဟယ်နှင့် စကားပြောနေတုန်းဖြစ်ကာ သူတို့ဆီသို့ လာနေသော လူနှစ်ယောက်ကို မြင်သောအခါ အေးခဲသွားသည်။
ဖုန်းလီ၏ မျက်နှာထားသည် အေးစက်မည်းမှောင် ခက်ထန်နေကာ အသက်ရှူသံသည် အလွန်နိမ့်နေပြီး
“သူဘယ်မှာလဲ”
‘သူ’ဆိုတာ မည်သူမှန်း အမည်တပ်မပြောသောလည်း နားထောင်နေသူ နှစ်ယောက်သည် သူရည်ညွှန်းသည့်သူကို သိကြလေသည်။ တာအိုဆရာတော် ဝေ့ဟယ်သည် ချောင်းဆိုးလိုက်ပြီး ကျန်းလော့ကို ကြည့်လိုက်သည်။
“သူက ဒီမှာနေတာ မဟုတ်ဘူး”
ဖုန်းလီ၏ အသံသည် ပို၍ အေးစက်လာကာ
“သူက ဘယ်မှာနေတာလဲ”
အဖြေပြန်ပေးဖို့ မဖြစ်နိုင်သောအခါ ဝေ့ဟယ်သည် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။
ကျန်းလော့သည် ထိုလူနှစ်ယောက်၏ အပြန်အလှန်ပြောဆိုနေသည်ကို နားထောင်နေရင်း အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်သည် သူ့ကို ဂရုတစိုက် ကြည့်နေသည်ကို ခံစားမိသည်။ သူသည် နားဆွဲများအကြောင်း တွေးမိသွားပြီး နှလုံးခုန်မြန်လာသည်။ ကျန်းလော့၏ ခံစားချက်မဲ့သော မျက်နှာကို ပြန်ကြည့်ပြီး သူ့မျက်နှာသည် ပို၍ အေးစက်လာသည်။
အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်သည် ကျန်းလော့၏ ဆေးကြောသန့်စင်ခံလိုက်ရသော ပုံစံကိုကြည့်၍ စိတ်ပျက်ကာ ထိတ်လန့်သွားသည်။ သူသည် လက်ကိုမြှောက်၍ ကျန်းလော့ကို လက်ညှိုးထိုး၍
“မင်း မင် မင်း...”
‘ကျန်းလော့က ဘယ်လိုလုပ်ပြီး ဒီပုံစံဖြစ်သွားရတာလဲ’
ဖုန်းလီနှင့် တာအိုဆရာတော်ဝေ့ဟယ်တို့ နှစ်ယောက်လုံးသည် သူ့ကို ကြည့်နေကြသောကြောင့် အသုဘပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်သည် အလောတကြီးဖြင့် ပြောလိုက်သည်။
“ဖုန်းလီ မင်းရဲ့တပည့်က ဘယ်နှယ့်လို့ ဒီပုံစံဖြစ်သွားရတာလဲ မင်းအရင်တုန်းက ရှောင်ချန်ရေကန်မှာ စိမ်တုန်းကထက်တောင် ပိုဆိုးနေပါလားဟေ”
ဖုန်းလီသည် နှာမှုတ်လိုက်ပြီး
“မင်း သူ့ကိုသာ မေးကြည့်လိုက်တော့”
တာအိုဆရာတော် ဝေ့ဟယ်သည် သက်ပြင်းချလိုက်ပြီး ဝေ့လည်ကြောင်ပတ်ပြောလိုက်သည်။
“မင်းတပည့်က အခုထိ ဘာမှ မစားရသေးဘူးမလား လာလာ ညစာသွားစားရအောင် ဝိုင်လေးဘာလေး သောက်တာပေါ့ကွာ ကလေးကို ခြောက်မနေနဲ့”
ဖုန်းလီသည် လုံးဝကို မလှုပ်ပေ။
တာအိုဆရာတော် ဝေ့ဟယ်က အကြံပေးလိုက်သည်။
“ကောင်းကင်သခင်ဖုန်း မင်းသူ့ကို အခုသွားရှာရင်တောင် မင်းရှာမတွေ့နိုင်ဘူးကွ”
ဖုန်းလီသည် နောက်ဆုံးတော့ ခေါင်းစောင်းလိုက်ပြီး ကျန်းလော့ကို ကြည့်လိုက်သည်။
“ဗိုက်ဆာလား”
ကျန်းလော့သည် ခေါင်းညိတ်လိုက်သည်။
ဖုန်းလီဒေါသသည် အနည်းငယ်တည်ငြိမ်သွားပြီး တာအိုဆရာတော်ဝေ့ဟယ်ကို အေးစက်စွာ ကြည့်၍
“ရှေ့ကသွား”
ဝေ့ဟယ်သည် ဖုန်းလီနှလုံးသားထဲတွင် သူ့ကို သေလောက်အောင် စိတ်တိုနေမည်ကို သိနေသည်။ သူသည် ခါးသက်စွာ ရယ်လိုက်ပြီး အခန်းအပြင်သို့ ဦးဆောင်ပြီး ထွက်လိုက်သည်။
“သွားစို့ သွားစို့ ငါတို့အတူမသောက်ရတာ ကြာပြီကွ”
ကျန်းလော့သည် တမင်တကာကို နောက်ချန်လျှောက်ခဲ့သည်။ ကံကောင်းစွာဖြင့် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင် သူ့နားကပ်၍ လျှောက်လာသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ကျန်းလာ့အမူအယာကို ဂရုတစိုက်သေချာကြည့်ပြန်သည်၊ သူကြည့်ရင်းကြည့်ရင်းဖြင့် သူ့မျက်နှာသည် ကောင်လေးကို ကြည့်ရင်း ခါးသီးလာသည်။
“ကျန်းလော့”
သူသည် မရဲတရဲ ခေါ်လိုက်သည်။
“မင်း ဝိညာဉ်ကျင့်ကြံခြင်း အတတ်ပညာကို သင်ချင်သေးရဲ့လား”
ကျန်းလော့သည် တည်ငြိမ်စွာ ပြုံးလိုက်ပြီး
“ဒါတွေအားလုံးက အပိုအလုပ်တွေပါဗျာ သင်သင် မသင်သင် ဘာမှဖြစ်မသွားနိုင်ပါဘူး”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်၏ နှလုံးသားသည် အေးစက်သွားကာ ကျန်းလော့အတိတ်တုန်းက ယင်ယန်လက်ကောက်ကို စွဲလမ်းမှုကို သတိရလိုက်ပြီး အလောတကြီး ပြောလိုက်သည်။
“ယင်ယန်လက်ကောက်ရော မင်းယင်ယန်လက်ကောက်ကို ကြိုက်သေးလား”
ကျန်းလော့သည် ရပ်လိုက်ပြီး ညာလက်ကို မြှောက်ပြလိုက်ကာ ပြောသည်၊
“ဒီဟာအကြောင်း ပြောနေတာလား”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်လိုက်သည်။ ကျန်းလော့သည် လက်ကောက်ကို ချွတ်တော့မည့်ဟန်ပြု၍
“သူတို့က ကျွန်တော့်အတွက် ဘာမှမထူးခြားနေပါဘူး ဒီတော့ ခင်ဗျားကြိုက်ရင် ခင်ဗျားကို ပေးလိုက်မယ်လေ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင် “…မလိုပါဘူး မလိုပါဘူး”
ကျန်းလော့လုံးဝ ဦးနှောက်ဆေးခံလိုက်ရပြီး ကယောင်ကတမ်း ဖြစ်နေသည်ကို အတည်ပြုလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး
“ကျုပ်ပို့လိုက်တဲ့ ဝိညာဉ်စုပ်ဆွဲပြားမရဘူးလား”
ကျန်းလော့သည် သူ့အိတ်ကပ်ထဲမှ နားဆွဲရှည်များကို ထုတ်၍
“ဝိညာဉ်စုပ်ဆွဲပြား ဒါကပြောတာလား ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်၏ မျက်လုံးများသည် တောက်ပသွားပြီး
“မင်းဘာလို့ ဝတ်မထားတာလဲ”
ကျန်းလော့သည် မသိသလို မေးလိုက်သည်။
“ဘာလို့ ဆွဲထားသင့်တာလဲ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် စိတ်လှုပ်ရှားသွားပြီး
“အဲဒါ ဆွဲထားရင် မင်းအတွက် ကောင်းလို့လေ”
ကျန်းလော့သည် နူးညံ့စွာ ပြုံးလိုက်သည်။
“ကျွန်တော် အခု အဆင်ပြေနေပါတယ်”
သူသည် ယခုအချိန်တွင် အလွန်းနူးညံ့သိမ်မွေ့နေပြီး သာမန်လူများနှင့် ကွဲပြားနေလိမ့်မည်။ ထို့ကြောင့် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ဤပစ္စည်းသည် သူ့ကို ထျန်ပိရေကန်၏ လွှမ်းမိုးမှု မခံရနိုင်ကြောင်း တိုက်ရိုက် ပြောပြလိုက်လို့ မဖြစ်ပါချေ။ ကျန်းလော့သည် ရေကန်မှ ရေများ၏ လွှမ်းမိုးမှုကြောင့် ခံစားချက်ကင်းမဲ့နေပြီး ဖြစ်သောကြောင့်ပင်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အလွန်စိုးရိမ်နေသောကြောင့် မသိလိုက်ပဲ အံကိုတင်းတင်းကြိတ်ကာ
“ကျုပ်ကိုပြောကြည့် မင်းဘယ်လိုဝတ်မှာလဲ”
#####