အပိုင်း (၁၁၉)
ဖက်ထုပ်ဆိုင်
ကျန်းပင်းချန်နှင့် ရှောင်ရန်တို့နှစ်ယောက်လုံးသည် ကျန်းလော့၏ အရည်အချင်းကို မြင့်တင်ပေးရန်တော့ ငွေအလုံးအရင်းသုံးခဲ့ပါသည်။ ကျန်းပင်းချန်သည် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်အနေဖြင့် ကြည့်ကောင်းသည့်ပုံမရှိဘဲ ငယ်ရွယ်စဉ်က ချောမောခြင်းများ ရှစ်ခု ခုနှစ်ခုလောက် ပျောက်ကွယ်နေပြီဖြစ်ပြီး ပြောရလျှင် ပုံပျက်နေပြီဖြစ်သည်၊
သို့သော် ကျန်းပင်းချန်ထံမှ ကျန်းလော့၏ မျက်လုံးများနှင့် မျက်ခုံးများသည် အခုချိန်ထိ သိသာနေဆဲဖြစ်သည်။
ရှချင် ကျန်းပင်းချန်၏ မျက်ခုံးအလယ်ကို နမ်းလိုက်တုန်းက ကျန်းလော့သည် စိတ်ပျက်စွာ ပြုံးလိုက်မိသည်။
ကျန်းလော့သည် ရွံစရာကောင်းသော တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသောကြောင့် ကျန်းအိမ်တော်တွင် တစ်ခနလေးမှ မနေချင်တော့ပေ။ ထို့ကြောင့် အိမ်ရှင်မိသားစုကို သတိပေးပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
မထွက်သွားသေးခင် ချီယုံ့ကိုသူ့အခန်းဆီ ခေါ်သွားသည်။ သူအိမ်မှထွက်လာတုန်းက အခန်းထဲတွင် တစ်ခုခုမေ့ထားရစ်ခဲ့မိသည်ကို သတိရသွားသည်။ မှန်လောကထဲမှာပါ အဲ့ပစ္စည်းရှိနေမလား အတည်ပြုချင်သောကြောင့် သွားရှာကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျန်းပင်းချန်သည် သတင်းပို့တာကြားသည်နှင့် လေအလျင်ဖြင့် အမြန်ရောက်လာသည်။ သူ့မျက်နှာတွင် နှုတ်ခမ်းနီရာများနှင့် စိတ်ပျက်စရာကောင်းကာ ရယ်ချင်စဖွယ်ဖြစ်နေကာ
“သခင်လေးချီ ကျွန်တော့်မှာ စီးပွားရေးကိစ္စလေး သခင်လေးနဲ့ဆွေးနွေးချင်တာ ရှိလို့ပါ သခင်လေးအတွက်လည်း အကျိုးအမြတ်ရှိမှာ သေချာပါတယ်”
ချီယုံသည် ထိုင်ခုံပေါ်တွင် ပျင်းရိစွာမှီထိုင်နေပြီး ကျန်းပင်းချန်ကို စိုက်ကြည့်နေသည်။ ကျန်းပင်းချန်၏ အပြုံးတို့ တဖြည်းဖြည်းလျော့လာပြီး စိတ်ထဲတွင် ယောက်ယက်ခတ်လောက်ပြီဆိုမှ ပျင်းပျင်းရိရိ ထရပ်ကာ
“သွားစို့လေ”
ကျန်းပင်းချန်သည် ချီယုံ့ကို သူ့စာကြည့်ခန်းထဲသို့ ဦးဆောင်သွားသည်။ ကျန်းလော့ကတော့ သူ့ပစ္စည်းများကို ထုတ်ပိုးနေရင်း ဗီဒိုရှေ့တွင် မတ်တပ်ရပ်နေကာ တံခါးဖွင့်လိုက်သည်။ ထို့နောက် ဗီဒိုတစ်ခုလုံး နှံ့နေအောင် ရှာပြီးနောက် ဗီဒိုထောင့်နားလေးတွင် သတ္ထုဘူးသေးသေးလေး တစ်လုံးကို တွေ့လိုက်ရသည်။
သတ္ထုဘူးလေးကို ကိုင်ကြည့်ပြီး ကျန်းလော့သည် သက်ပြင်းချလိုက်သည်။
မှန်လောကနှင့် အပြင်လောက ဆက်စပ်နေမနေသိချင်သောကြောင့် သက်သေတစ်ခုရှာခြင်းသာဖြစ်ပြီး ကန့်လန့်ကာနောက်မှ လူသည် အပြင်လောကတွင် သူဖွက်ထားသော ကိုယ်ပိုင်ပိုက်ဆံကိုတောင် ဒီနေရာမှာ ဖွက်ထားပေးနိုင်အောင် တော်လွန်းနေလေသည်။
ကျန်းလော့သည် သံဘူးလေးကို ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် အဖုံးဖွင့်ကြည့်လိုက်ရာ ဒင်္ဂါး ဒါဇင်များစွာနှင့် ငွေတုံးသေးတချို့ကို တွေ့လိုက်ရသည်။ ကျန်းလော့၏ အပြင်ကမ္ဘာမှ လေးငါးထောင်ရှိသော ငွေကြေးကို ဒီခေတ်ငွေကြေးအဖြစ်ပြောင်းပေးထားခြင်း ဖြစ်သည်။
ယခုအချိန်တွင် ကျန်းလော့တွေးမိသည်မှာ သူသည် အမျှော်အမြင်ရှိပြီး စုတတ်ဆောင်းတတ်သည့် လူကောင်းလေး ဖြစ်သည်ဟု တွေးမိနေသည်။
သူသည် ဘူးထဲမှ ငွေတုံးတစ်တုံးကို ထုတ်၍ မြှောက်ဆော့နေချိန်တွင် ရုတ်တရက် အခန်းတံခါးပွင့်လာပြီး မွှေးရနံ့တို့ ထုံလွှမ်းနေသော လူတစ်ယောက်ဝင်လာကာ တံခါးပြန်ပိတ်လိုက်သည်။
ကျန်းလော့က နောက်လှည့်မကြည့်ပေ။
အမျိုးသမီးသည် သူ့နောက်မှ ညင်သာစွာလျှောက်လာပြီး သူမလက်မောင်းကို ထိုင်ခုံနောက်မှီပေါ်သို့ သိမ်မွေ့စွာတင်လိုက်သည်။ ထို့နောက် ချွဲပစ်နေသော အသံဖြင့်
“သခင်လေး အဲ့ဒီရေနောက်ကန်လို မိသားစုထဲမှ နေရတာ ဘယ်လိုလဲ”
“မဆိုးပါဘူး”
ကျန်းလော့သည် ခပ်ပြတ်ပြတ်သာ ဖြေပေးလိုက်သည်။ ရှချင်သည် စိတ်ချသွားသလို သက်ပြင်းချလိုက်ပြီး
“တော်သေးတာပေါ့”
လေထုသည် တိတ်ဆိတ်နေပြီး ကျန်းလော့သည် ဘာမှထပ်မပြောချင်သလို သူ့ရှေ့မှစားပွဲကို လက်ချောင်းဖြင့် ပွတ်ဆွဲ၍ အလုပ်ရှုပ်ဟန်ဆောင်နေသည်။
သို့သော် ရှချင်ကလည်း ကျန်းလော့၏ အပြုအမူကို မမြင်ချင်ဟန်ဆောင်ကာ သူမလက်ချောင်းများကို ကျန်းလော့ခေါင်းကို ပွတ်သပ်နေပြီး
“သခင်လေး သိလား သခင်ကြီးက သခင်လေးကို ချီမိသားစုကို ပို့လိုက်ဖို့ ဆုံးဖြတ်ခဲ့တုန်းက ကျွန်မမတားခဲ့ဘူး တမင်တကာ မတားခဲ့တာ”
ပျော့ပြောင်းနူးညံ့နေသော အသံဖြင့် ပြောနေသော ရှချင်သည် အလွန်သက်တောင့်သက်သာ ရှိနေပုံရပြီး သူမသည် အမြဲတမ်း အကြံအစည်တို့ ပြည့်နေသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကျန်းလော့သည် သူမကောင်းခဲ့သည့် ကိစ္စတို့ကို မြင်အောင် ပြန်မကြည့်ချင်တော့သည်အထိ စိတ်ပျက်သွားရခြင်း ဖြစ်သည်။
“ဘာလို့လဲဆိုရင် နောက်နှစ်နည်းနည်းနေရင် ကျန်းမိသားစုက ဗရမ်းဗတာဖြစ်နေတော့မှာ ဒီတော့ သခင်လေးအနေနဲ့ ကျန်းမိသားစုထက်စာရင် ချီမိသားစုမှာ နေတာ ပိုကောင်းလိမ့်မယ်လေ”
ရှချင်သည် သူမလက်ချောင်းများကို ခေါင်းမှ ကျန်းလော့ပုခုံးထိ ပွတ်ဆွဲလာပြီး ကျန်းလော့နောက်ကျောကို တကိုယ်လုံးမှီတွယ်၍ ကျောက်စိမ်းကဲ့သို့ လက်အစုံသည် ကျန်းလော့ဂုတ်ကို နှိပ်ပေးနေသည်။
“အားလုံးပြီးသွားလို့ သခင်လေး အိမ်ပြန်လာမဲ့ အချိန်ကျရင် ကျန်းမိသားစုက လုံးဝအသစ်တစ်ခုလို ပြောင်းလဲသွားပါလိမ့်မယ်”
ကျန်းလော့သည် ငြီးငွေ့စွာ မေးလိုက်သည်။
“ဘာလို့ ဒီလိုလုပ်ခဲ့ရတာလဲ”
သူသည် တကယ့်ကမ္ဘာအစစ်တုန်းက ရှချင်ကို မေးခဲ့သည့် မေးခွန်းကို တူညီစွာ ထပ်မေးခဲ့သည်။
အသက်ဆယ့်ငါးနှစ်အရွယ် ကျန်းလော့သည် ထိုမြင်ကွင်းကြောင့် အသိစိတ်ပျောက်မတတ် ထိတ်လန့်ခဲ့ပြီး အခန်းဆီသို့ ကသောကမြော ပြန်ခဲ့ရသည်။
ကျန်းလော့၏မိခင်သည် ခင်ပွန်းကို နာခံရမည်ကိုသာ သိသော တုံးအသည့် မိန်းမဖြစ်သည်။ ကျန်းလော့ဖခင်ကတော့ မကောင်းဆိုးဝါးကဲ့သို့ ဆိုးယုတ်သူဖြစ်သည်။ အမြဲလိုလိုပင် ကျန်းပင်းချန်မှ သူ့ဇနီးနှင့် ကလေးများကို ရိုက်ဖို့လုပ်တိုင်း ကျန်းလော့တစ်ယောက်ထဲသာ သူ့မိခင်နားတွင် မတ်မတ်ရပ်ပြီး ရိုက်ချက်တိုင်းကို သည်းခံကာ မိခင်ကို ကာကွယ်ပေးခဲ့သည်။ မည်သည့်အကြိမ်တွင်မှ သူ့မိခင်ကို ကာကွယ်ရန် နောက်မကျခဲ့ဖူးပေ။
ထိုသို့ မိခင်ကိုကာကွယ်ရင်း အရိုက်ခံနေရသည့်သူ့ကို ဝင်ကာပေးမည့်သူ မည်သူမျှမရှိခဲ့ဘဲ ရှချင်ကသာလျှင် သူ့ရှေ့မှ မားမားမတ်မတ်ရပ်၍ ကာကွယ်ပေးခဲ့သော တစ်ဦးတည်းသောသူ ဖြစ်သည်။
အကြိမ်ပေါင်းများစွာ သူမသည် ကျန်းလော့ကို သူမလက်မောင်းများထဲ ပွေ့ဖက်ထားပြီး အရိုက်ခံရခြင်းမှ ကာကွယ်ပေးခဲ့သည်။ ရှချင်သည် ကျန်းလော့၏အမေ မဟုတ်သည့်အပြင် သူမသည် ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်သာ ဖြစ်သေးသော်လည်း ကျန်းလော့သည် သူမထံတွင် မိခင်ထံမှ မရခဲ့ဖူးသော လုံခြုံသည့် ခံစားချက်မျိုး ရခဲ့သည်။
ထို့ကြောင့် သူမြင်ခဲ့သည့်အရာကို မယုံနိုင်ဖြစ်နေကာ စာကြည့်စားပွဲတွင် ငိုင်ငိုင်ကြီး ထိုင်နေပြီး အတွေးပျောက်နေတော့သည်။
ထိုအချိန်တွင် ရှချင်သည် သူ့အခန်းထဲသို့ ဝင်လာခဲ့လေသည်။
သူမသည် ကိုယ်လုံးတီးဖြစ်နေပြီး ကျန်းလော့ကို မြူဆွယ်ညှို့ယူနေသော မျက်လုံးတို့ဖြင့် ကြည့်နေပြီး သူမလက်သည် ကျန်းလော့ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်သွားသည်။ သူမအပြုအမူများသည် အရင်တုန်းကနှင့် ဘာမှမကွာခြားပေ။ အရင်အတိုင်းပင် နူးညံ့နေပြီး ဂရုစိုက်မှုအပြည့်နှင့် ဖြစ်နေတုန်းပင် ဖြစ်သည်။
ဆယ့်ငါးနှစ်သာရှိသေးသော ကျန်းလော့ကို ရှချင်က ဖြားယောင်းခဲ့သည်။ ကျန်းလော့သည် ရွံရှာခြင်းနှင့် သစ္စာဖောက်ခံရသည့် ခံစားချက်တို့မှလွဲ၍ ဘာကိုမှ မခံစားနိုင်ခဲ့ပေ။ သူသည် ရှချင်၏လက်များကို ရှောင်တိမ်း၍ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
“ဘာလို့ အဲ့ဒီလိုလုပ်ခဲ့တာလဲ”
....................
ကျန်းလော့သည် သူ့လက်ထဲမှ ငွေတုံးသေးသေးလေးကို ပွတ်သပ်ရင်း စားပွဲပေါ်သို့ လက်တင်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“ထွက်သွားစမ်း”
ရှချင်လက်များသည် လှုပ်ရှားမှုတို့ ရပ်တန့်သွားပြီး သက်ပြင်းချလိုက်သည်။
“ကျွန်မ ရှင့်ကို ကြိုက်တယ်”
“ဒါပေမဲ့ ကျွန်မအသက်အရွယ်နဲ့ ကျွန်မဂုဏ်ပုဒ်အရဆိုရင် ကျွန်မဘယ်တော့မှ ရှင့်ဇနီးဖြစ်လာမှာ မဟုတ်ဘူး”
ရှချင်သည် မတ်မတ်ရပ်လိုက်ပြီး
“ပြီးတော့လဲ ရှင်က ကျွန်မကို မကြိုက်တော့ ဘယ်တော့မှ ကျွန်မနဲ့ လက်ထပ်မှာမဟုတ်ဘူးလေ”
ထိုအကြောင်းများကြောင့်ပင် ရှချင်သည် ကျန်းလော့ဖခင်ဖြစ်သော စာရိတ္တတစ်စက်မှမကောင်းသော ကျန်းပင်းချန်ကို မြူဆွယ်ခဲ့သည်။ သို့မှသာ သူမ တစ်ဘဝလုံး ကျန်းလော့နှင့် နီးကပ်စွာ နေနိုင်မည်ဖြစ်သည်။ သူမသည် နူးညံ့စွာ ပြုံးလိုက်ပြီး
“ကျွန်မသာ ရှင့်အမေ ဖြစ်လာရင် ဘာတွေပဲ လုပ်ရလုပ်ရ ရှင့်ကို ကာကွယ်ပေးမှာ”
“အရေးအကြီးဆုံးအချက်က”
သူမသည် တိုးဖွဖွလေးပြောသည်။
“ရှင့်အဖေ သေသွားရင် ဒီကျန်းမိသားစုကြီးက ကျွန်မဟာဖြစ်သွားမှာပဲ ပြီးရင် ရှင်ကလဲ ကျွန်မအပိုင် ဖြစ်သွားမှာ”
“သခင်ငယ်လေးရေ ရှင်က ကျွန်မကလေး ဖြစ်လာတော့မှာ ပြီးရင် ကျွန်မက ရှင့်ကို ဒီနေရာနဲ့ အဝေးဆုံးကို ခေါ်သွားပေးမယ်”
မှန်လောကထဲမှ ရှချင်၏စကားလုံးတိုင်းသည် အစစ်အမှန်ကမ္ဘာထဲမှ ရှချင်၏စကားများနှင့် တစ်ထပ်ထဲ ကျနေလေသည်။
ဆယ့်ငါးနှစ်အရွယ် ကျန်းလော့သည် အရင်ထဲက ရှချင်သူ့အမေကို အငြိုးအတေးမှတ်ထားမှန်း သိခဲ့သည်။ ကျန်းလော့ ဒဏ်ရာတစ်ချက်ရတိုင်း တစ်ခါအရိုက်ခံရတိုင်း ရှောင်ရန့်အပေါ်ထားသည့် အမုန်းတရားသည် တစ်စထက်တစ်စ ကြီးမားလာခဲ့သည်။ ကျန်းလော့တစ်ယောက် သူမကို ကယ်ဖို့ မည်မျှအရိုက်ခံနေရဦးမှာလဲဆိုတာ နေ့တိုင်းတွေးမိသည်အထိ သူမကို မုန်းတီးခဲ့သည်။
ထိုနေ့မတိုင်ခင်ကထိ ကျန်းလော့သည် ရှချင်၏ သူ့မိခင်ကို ဘလိုင်းကြီးရန်လိုနေရခြင်း အကြောင်းအရင်းကို မသိခဲ့ပေ။ ရှချင်သည် သူ့မိခင်ကို မနာလိုခဲ့သည် အဘယ့်ကြောင့်ဆိုသော် ကျန်းလော့မိခင်သည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျန်းလော့ကို ထာဝရအနားမှာ ထားနိုင်သောကြောင့် ဖြစ်သည်။
ဆယ့်ငါးနှစ်အရွယ်ကျန်းလော့ကတော့ စကားမပြောနိုင်အောင် ဆွံ့အသွားကာ အရွယ်ရောက်နေသူတို့၏ ကမ္ဘာရှိအမှောင်တွင်းနက်ကြီးထဲ ကျသွားသလို ခံစားခဲ့ရသည်။
ကျန်းလော့သည် ရဲခေါ်လိုက်သည်။
သူသည် အရွယ်မရောက်သေးသောကြောင့် ရဲများသည် သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန်ကြံစည်ခြင်းဖြင့် ရှချင်ကို ဖမ်းသွားခဲ့သည်။ ကျန်းလော့ မိခင်ရှောင်ရန်သည်လည်း နောက်ဆုံးတွင် သတ္တိမွေးကာ ကျန်းပင်းချန်နှင့် ကွာရှင်းခဲ့သည်။
ကျန်းလော့တွင် ကျန်းမိသားစုအိမ်တော်တွင် ခနလေးမျှ နေချင်စိတ်မရှိခဲ့ပေ။ ပုတ်သိုးနေသော မိသားစုသည် သူ့အစာအိမ်ကို ပြောင်းပြန်လှန်နေသလို ခံစားရစေကာ အန်ချင်လာစေသည်။ သူနှင့် သူ့အမေသည် ကျန်းပင်းချန်ဆီမှ ထွက်လာခဲ့ကာ လူချမ်းသာများမှ သာမန်လူတန်းစားဘဝသို့ ရောက်သွားခဲ့သည်။
ကျန်းလော့တွေးသည်မှာ ယခုမှ ဘဝအသစ်စမည်ဟု သို့သော် သူတို့ဘဝသည် ပို၍ ဆိုးဝါးလာခဲ့သည်။
သူ့မိခင် ရှောင်ရန်သည် စတင်ပြီး နောင်တရလာပြီး သူမဘဝနှင့်ပတ်သတ်ပြီး စတင်၍ ညည်းတွားခြင်းများ ပြုလုပ်လာသည်။
နောက်ဆုံး သည်းမခံနိုင်တော့ပုံပေါ်သော ကျန်းလော့မိခင်သည် ကျန်းလော့ကိုကြည့်ပြီး အော်ဟစ်ငိုယိုတော့သည်။
“မင်း ဘာလို့များ ရဲတွေခေါ်ခဲ့ရတာလဲ မင်းသာရဲမခေါ်ခဲ့ရင် ငါလည်း မင်းအဖေနဲ့ ကွာရှင်းရမှာမဟုတ်ဘူး သိရဲ့လား မင်းကြောင့် မင်းသာရဲမခေါ်ခဲ့ရင် ငါတို့ဘဝတွေက ပြီးပြည့်စုံနေမှာ”
“ငါ့နောက်မှာ ဖောက်ပြန်နေတာလဲ ငါသိခဲ့မှာမဟုတ်ဘူး လို့..................”
ထိုနေ့မှစ၍ ကျန်းလော့ ခံစားသင်ယူခဲ့မိသည်မှာ ဟန်ဆောင်ခြင်းသည် ပေါ့သေးသေးအရာတစ်ခုမဟုတ်ဘဲ ဟန်ဆောင်နေတတ်ဖို့ ကြိုးစားရမည်ဟု သူ့ကိုယ်သူ ဆုံးမခဲ့သည်။
.............................
ရှချင်သည် တစ်ခုခုထပ်ပြောချင်နေသေးသော်လည်း သူမပိတ်ထားခဲ့သော တံခါးကို ရုတ်တရက် တစ်စုံတစ်ယောက်က ကန်ဖွင့်လိုက်သည်။ ချီယုံသည် တံခါးရှေ့တွင် မတ်တပ်ရပ်နေပြီး သူ့နောက်တွင် နေရောင်ဖြာကျနေသည်။ ထို့ကြောင့် သူ့မျက်နှာသည် အရိပ်ဖြင့် ဖုံးကွယ်ခံထားရကာ မမြင်ရပေ။ သို့သော် သူ့အသံသည် အနည်းငယ် အေးစက်နေသည်။
“ဒီက......................အမျိုးသမီးက”
သူက ပြောလိုက်သည်။
“ကျန်းလော့နဲ့ ကျုပ် ပြန်တော့မလို့ ”
သူ့ဘက်သို့ ရုတ်တရက် လှည့်ကြည့်လာသော ရှချင်ကို ကျော်၍ ချီယုံ့ဆီသို့ လျှောက်သွားလိုက်သည်။
သူ့မျက်လုံးထဲတွင် မတည်ငြိမ်မှုမရှိဘဲ ရှချင်သည် သူ့အတွက် ဘယ်တုန်းကမှ မသိခဲ့သော သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားချက်လုံးဝ ရှိမနေပေ။
ရှချင်၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားသည်။ သူမသည် အကြိမ်ပေါင်းမရေတွက်နိုင်အောင် ကျန်းလော့အမှန်တရားသိသွားမည့်အချိန်တွင် တုံ့ပြန်လာမည့် အပြုအမူကို မှန်းဆခဲ့သော်လည်း ထိုသို့ တည်ငြိမ်စွာ လစ်လျူရှူသွားလိမ့်မည်ဟု ဘယ်လိုမှ မတွေးမိခဲ့ပေ။
“ကျန်းမိသားစုက ရွံစရာကောင်းတယ်ဆိုတာ မပြောလိုက်ရဘူး”
ကျန်းလော့သည်ပုခုံးတွန့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ကာ
“ကျန်းပင်းချန်ဖြစ်ဖြစ် ရှောင်ရန်ဖြစ်ဖြစ် မင်းပဲဖြစ်ဖြစ် အကုန်ရွံစရာကောင်းတယ်”
သူသည် နောက်ပြန်လှည့်လိုက်ပြီး အသံထဲတွင် ရယ်မြူးရိပ်တို့ စွန်းထင်းနေကာ
“ကံကောင်းစွာနဲ့ပဲ ငါတို့ ဒီတစ်ကြိမ်တွေ့တာက နောက်ဆုံးပဲဆိုတော့ တော်သေးတာပေါ့ကွာ”
ထိုစကားများပြောပြီး ကျန်းလော့သည် အခန်းထဲမှ ထွက်သွားတော့သည်။
လူနှစ်ယောက်သည် ညစ်ပတ်ရွံရှာဖွယ်အိမ်ကြီးမှ တန်းတန်းမတ်မတ်ထွက်သွားတော့သည်။
ချီအိမ်မှ မြင်းလှည်းမောင်းသမားသည် သူတို့ကို ချပေးပြီးပြီးချင်း ချီအိမ်တော်သို့ ပြန်သွားခဲ့သည်။ ချီယုံက ညနေအထိစောင့်ရန် မှာထားပါသော်လည်း စောစောပြန်ထွက်သွားခဲ့သောကြောင့် သူတို့သည် လမ်းလျှောက်၍သာ ပြန်ရတော့မည် ဖြစ်သည်။
လမ်းတွင် ကျန်းလော့က မေးသည်။
“ဘယ်လိုစီးပွားရေးမျိုးကို ကျန်းပင်းချန်က မင်းနဲ့အတူလုပ်ချင်နေတာလဲ”
“ကုန်သည်လုပ်ငန်းပုံစံမျိုးပါကွာ”
ချီယုံသည် နှုတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်ပြီး
“ကျန်းပင်းချန်က သတင်းရတာ မြန်သွားတယ်ပြောရမယ် မြို့ထဲက လောင်းကစားရုံတွေအကုန် ပိတ်ပြေးရတော့မယ့်အခြေအနေရောက်နေပြီလေ နေရာပြောင်းလို့မရတာတင်မကပဲ ဒေဝါလီခံရအောင်ကို အရေးတယူလုပ်မှာဆိုတော့ သူ့မှာငွေတော်တော်ဆုံးရှုံးသွားတယ်ပြောရမယ် မင်းအတွက် ကျန်းအိမ်ကို ပေးလိုက်တဲ့ ငွေတွေအကုန်လုံးကိုလဲ သူ့စီးပွားရေးထဲ ပြန်ထည့်လိုက်ရတယ်တဲ့ သူက မြို့ပြင်မှာ လောင်းကစားရုံထောင်ချင်တာလေ ချီမိသားစုက သရဲဖမ်းတာနဲ့ ထောင်ချောက်လုပ်တာမှာတော်တယ်ဆိုတော့ သူက ချီမိသားစုဝင်တစ်ယောက်ကို သူနဲ့ထည့်ပေးဖို့ ပြောနေတာ”
ကျန်းလော့သည် မျက်ခုံးပင့်သွားပြီး
“ချီမိသားစုက စွမ်းအားကြီးတဲ့ မိသားစုဝင်လား မင်းကလွဲပြီး ချီမိသားစုမှာ စွမ်းအားကြီးတဲ့သူ ရှိသေးလို့လား”
ချီယုံသည် ခနမျှ အေးခဲသွားပြီး သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
“ကိုယ်တော်မှန်း မင်းက ဘယ်လိုလုပ်သိတာလဲ”
ကျန်းလော့သည် ဟန်လုပ်၍ မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
“မင်းက မတော်ဘူးလား”
ချီယုံသည် သူ့ကို နိုင်အောင်မပြောနိုင်သောကြောင့် ရယ်မောလိုက်ပြီး သူ့မျက်လုံးထဲမှ အမှောင်ရိပ်များမှာ သိသိသာသာလျော့ကျသွားသည်။
“သခင်လေးကျန်းရေ ဒီလိုပါးစပ်လေးနဲ့ တခြားလူတွေကို ထိန်းချုပ်ဖို့ အခွင့်အရေးမပေးတော့ဘူးလား”
သူတို့နှစ်ယောက်သည် ရောက်တတ်ရာရာလျှောက်ပြောရင်း မြို့ထဲသို့ လမ်းလျှောက်လာကြသည်။ ကျန်းလော့သည် ဖက်ထုပ်ဆိုင်တစ်ဆိုင်ကို ဖြတ်လျှောက်လာရင်း ထိုဆိုင်ထဲတွင် လူသုံးယောက်ပြောနေသော စကားဝိုင်းကို တစ်စွန်းတစ်စကြားလိုက်ရသည်။ သူတို့ပြောနေသည့်အကြောင်းမှာ အမဲလိုက်ခြင်းအကြောင်းလိုမျိုး ဖြစ်နေသောကြောင့် စိတ်ဝင်စားသွားသည်။
“ငါကြားတာတော့ မြို့ထဲမှာ မနေ့ညက နောက်တစ်ယောက်ထပ်သေပြန်ပြီတဲ့ ပြီးတော့ အလောင်းကို မနက်ထဲက ရိကျွမ်းကို အမြန်ပို့လိုက်တယ်တဲ့”
“ဟစ် ဒီတစ်ခါသေတာ တော်တော်ဆိုးဝါးသေးလား”
“ငါပြောလိုက်ရင် မင်းကြောက်သွားမှာကွ..............ထားလိုက်တော့ ဖက်ထုပ်ခေါက်ဆွဲ အရင်စားလိုက်ဦးမယ် နောက်မှ အဲ့သေတဲ့အကြောင်းဆက်ပြောမယ်ကွာ”
ကျန်းလော့သည် တမင်တကာ လမ်းကို ဖြေးဖြေးလျှောက်လိုက်ပြီး ချီယုံ့ကို ရုတ်တရက်ကြီး လေးလေးနက်နက်ကြည့်လိုက်သည်။
“ငါဗိုက်ဆာတယ်”
တစ်မိနစ်ကြာပြီးနောက် လူနှစ်ယောက်သည် လမ်းဘေးဆိုင်လေးတွင် ဝင်ထိုင်ပြီးနေပြီဖြစ်သည်။ ဖက်ထုပ်ဆိုင်ပိုင်ရှင်သည် သဘောကောင်းစွာ မေးသည်။
“ဧည့်သည်တို့ အစပ်စားလားဗျ”
ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး
“များများထည့်”
ဆိုင်ရှင်ကပြောသည်။
“ကောင်းပါပြီ”
ဖက်ထုပ်ဆိုင်လေးသည် သေးငယ်ပြီး အထဲတွင် ဆိုင်ရှင် ချက်ပြုတ်ရန်နေရာသာ ရှိသောကြောင့် စားပွဲများကို ဆိုင်ပြင်တွင် ထုတ်ခင်းထားရသည်။ သေးငယ်သော စားပွဲနှင့် ခုံများသည် ဟောင်းနွမ်းနေသော်လည်း သန့်ရှင်းနေသည်။ ချီယုံသည် ငုံ့ကြည့်လိုက်ပြီး စားပွဲကို လက်ချောင်းနှင့် ခြစ်ကြည့်လိုက်ပြီးမှ ခုံမှ ဝင်ထိုင်လိုက်သော်လည်း ပတ်ဝန်းကျင်မှ လူများကိုတော့ သဘောကျဟန်မရပေ။ သို့သော် ချီယုံက ချီယုံသာဖြစ်သည်။ သူ့ပုံစံသည် အလွန်သက်တောင့်သက်သာဖြစ်နေပုံမျိုးဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေသည်။
သူ့တွင် ကျန်းလော့နှင့် ဟာသပြောရန်ပင် အချိန်ရှိနေသေးသည်မှာ အလွန်အံ့ဩစရာကောင်းနေပြီ ဖြစ်သည်။
“သခင်လေးကျန်းကို ကျေးဇူးတင်ပါတယ် မင်းကျေးဇူးနဲ့ ဒီနေ့ကိုယ် ဗိုက်မဆာပဲ နောက်ထပ်ထမင်းတစ်ပန်းကန် ထပ်စားရတော့မှာပဲ”
ချီယုံအသက်ရှင်စဉ်က သူ့တွင် အဘယ့်ကြောင့် ချစ်ခင်သူဒီလောက်များမှန်း ကျန်းလော့ အခုမှ သိသွားသလိုလိုရှိသွားသည်။
သူသည်လည်း ချီယုံ့ကို စာအုပ်ထဲမှ စာလုံးများမှတစ်ဆင့် ချစ်ကျွမ်းဝင်ခဲ့ဖူးသည်လေ။ သူစာအုပ်ထဲရောက်သွားသည့်အချိန်တွင်လည်း တကယ်ကြီး ချီယုံ့ကို မျက်မြင်တွေ့ရသည့်အချိန်တွင် အတော်လေးကြည့်ကောင်းကြောင်း ဝန်ခံပါသည်။ သူတို့ အချင်းချင်းသိပြီးသွားသည့်အချိန်တွင်လည်း ထိုသူထံတွင် ခမ်းနားသော ဆွဲဆောင်မှုတစ်မျိုး ရှိသည်ကို ခံစားမိခဲ့ပြီး အသက်ရှင်စဉ်က ဟန်ဆောင်သဘောကောင်းသော မျက်နှာဖုံးကို သူသေပြီးသွားပြီးနောက် မျက်နှာဖုံးချွတ်၍ ကြောက်စရာကောင်းလာသော်လည်း ချီယုံက ဆွဲဆောင်မှုရှိနေဆဲပင် ဖြစ်သည်။
သူ့ကို သဘောကျလေးစားခဲ့သူများ အားလုံးသည် သူတို့တတ်နိုင်သလောက် သူ့ကို သဘောကျပေးခဲ့သော်လည်း သူတို့၏ စိတ်ရောကိုယ်ရော ထိန်းချုပ်ခံရပြီးနောက်တွင် သူ့အပေါ်ထားသည့်သဘောထားများသည် ပြောင်းပြန်ဖြစ်သွားကြသည်။
ဤသို့ဖြစ်ရခြင်းမှာ ချီယုံဟန်ဆောင်ကောင်းလွန်း၍ ဖြစ်ကြောင်း ကောက်ချက်ချနိုင်လေသည်။
ကျန်းလော့သည် ဆယ်ကျော်သက်ချီယုံသည်လည်း မျက်နှာဖုံးတပ်ထားမှန်းသိသည်။ သူသည် ဤချီယုံ့ကို မလေးစားဘဲကို မနေနိုင်ပေ။ ချီယုံ့အပြုံးတွေ အပြောအဆိုတွေထဲက ဘယ်တစ်ခုက အစစ်အမှန်မှန်း သူမခန့်မှန်းတတ်ပါချေ။
ကျန်းလော့သည် သူ့စကားကို သဘာဝကျကျ ရွတ်နောက်နောက်ဖြင့် ပြန်ဖြေလိုက်သည်။
“မင်းရဲ့ ကြင်နာတတ်တာကိုပဲ ကျေးဇူးတင်ရမှာပါ”
ချီယုံက ထပ်ရယ်ပြန်သည်။ သူတို့နောက်စားပွဲတွင် လူသုံးယောက်သည် စကားဆက်ပြောနေကြသည်။
“အဲ့ဒီသေသွားတဲ့ တစ်ယောက်က ဘယ်အိမ်ကတဲ့လဲ”
“မင်းက ဒါတောင် မသိသေးဘူးလားကွ သေသွားတစ်ယောက်က ချီအိမ်တော်က ကောင်လေးတစ်ယောက်တဲ့”
####################################