အပိုင်း (၁၁၅)
နေဝင်တရီရောအချိန် လေပွေနှိုးထလာစေ
“မင်္ဂလာပွဲက မင်္ဂလာပွဲပဲ”
ကျန်းလော်သည် သာမန်ကျကျပဲ တုံ့ပြန်လိုက်သည်။
“ဒါပေမဲ့ မင်းဘာလို့ ငါ့ကို ဒီကိုဘာနေတဲ့လမ်းမှာ ဆေးခတ်တာလဲ”
ဆယ်ကျော်သက်အရွယ်ချီယုံသည် စက္ကန့်အနည်းငယ်မျှတည်ငြိမ်စွာ စိုက်ကြည့်နေပြီး တဖြည်းဖြည်း အနားကပ်လာကာ ရယ်မောလိုက်သည်။
“အား ဒါဆို မင်းမသိသေးဘူးပေါ့”
ကျန်းလော်သည် သူ့ကိုယ်သူ ပါးပြင်းထောင်ထားသော မြွေဟောက်တစ်ကောင်ကဲ့သို့ တွေးနေသော်လည်း ချီယုံသည် အပြုံးအကြီးကြီး ပြုံးလိုက်ကာ ကျန်းလော်ကို ချီမိသားစုအကြောင်း စိတ်အားထက်သန်စွာ ပြောပြတော့သည်။
“ချီမိသားစုက ဇနီးတိုင်းက စောစောသေကြတယ်လေ ကိုယ့်အဖေက အဲ့တာကြောင့် ဘယ်သူ့ကိုမှ လက်မထပ်ချင်ခဲ့ဘူး ဒါပေမဲ့ မျိုးနွယ်စုက ဖိအားပေးလို့ အမေ့ကို လက်ထပ်လိုက်ရတယ် ဒါကြောင့် အဖေက လက်ထပ်ခြင်း ကျိန်စာကို ဖျက်ဖို့အတွက် အသက်သုံးဆယ်ပြည့်ပြီးတဲ့ ချွေးမတစ်ယောက်ရှာချင်တယ် ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်တိုင်းရဲ့ အမျိုးသမီးတွေက ငယ်ငယ်ရွယ်ရွယ်ပဲဖြစ်ရမယ် ဒီလိုနဲ့ပဲ ကိုယ့်အမေလဲ စောစောသေသွားတယ် ပြီးတော့ အခုကိုယ့်အလှည့်ရောက်တော့ တစ်စုံတစ်ယောက်ကို ဆွဲမချချင်တော့ဘူး ဒွပေမဲ့ မျိုးနွယ်စုက ကိုယ့်ကို တစ်ချိန်လုံးဖိအားပေးနေတော့ ကိုယ့်မှာရွေးချယ်စရာမရှိတော့ဘူး အဲ့ဒါကြောင့် ကိုယ်က မျိုးနွယ်စုက အကြီးအကဲတွေကို အမျိုးသားဇနီးသည်တစ်ယောက်ရှာပေးဖို့ပဲ တောင်းဆိုလိုက်ရတော့တာပဲ”
သူသည် ရုတ်တရက်ကြီး ကျန်းလော်နားနောက်မှ ဆံပင်ကို သပ်တင်ပေးလိုက်ပြီး သူ့လက်ချောင်းအေးအေးများသည် ကျန်းလော်၏ နားရွက်ကို ပွတ်တိုက်သွားသည်။
“ဒါကြောင့် မင်းက ချီမိသားစုထဲကို လက်ထပ်ဝင်လာရပြီး ကိုယ်နဲ့ မင်္ဂလာဆောင်လိုက်ရတာပဲ စိတ်မပူပါနဲ့ မင်းက အမျိုးသမီးတစ်ယောက်မဟုတ်တော့ မျှော်လင့်ထားတာထက်ကို အသက်ပိုရှည်နိုင်လောက်ပါတယ် ဒါပြီးရင်တော့ မင်းက ကိုယ်နဲ့အတူတူ ချီမိသားစုကျိန်စာကို ချိုးဖျက်ပေးရမှာပေါ့ အားလုံးပြီးသွားရင် ချီမိသားစုက မင်းတို့ ကျန်းမိသားစုကို သုံးမကုန်နိုင်လောက်တဲ့ ငွေတွေ ပေးမှာပါ”
ချီယုံသည် အားနာဟန်ပြုံးပြလိုက်ပြီး စိတ်ဖိစီးဟန် မျက်မှောင်ကြုတ်သွားသည်။
“ကိုယ်တို့က သာမန် လင်မယားဆိုပေမဲ့ တကယ်တော့ ညီအစ်ကိုကောင်းတွေပဲလေ မင်းအိမ်မှာအတိုင်းပဲ နေသာသလိုနေပါ ရှစ်နှစ်လောက် ကိုယ့်ကို အဖော်ပြုပေးရမှာဆိုတော့ မင်းအတွက် ခက်ခဲနိုင်ပါတယ်”
သူ့အမူအယာသည် ပကတိရိုးသားနေပြီး သူ့အသံနှင့် ခံစားချက်တို့ကပင် ရိုးရှင်းနေရာ ဤကဲ့သို့ ခန့်ညား စိတ်ကောင်းရှိသောသူသည် သနားစရာကောင်းလောက်အောင် အခြေအနေဆိုးကြီး ကြုံတွေ့နေရသည်မှာ ချက်ချင်း ကယ်တင်ပေးလိုက်ချင်စိတ်ပေါက်လာစေသည်။ နှလုံးသားမာကျောသော နတ်ဘုရားသည်ပင် ဤလူငယ်လေးနှင့် တွေ့လျှင် ချက်ချင်းပျော့ပြောင်းသွားမည်ဟုပင် ထင်ရသည်။
‘ဒီတော့ ဒီပုံစံက မင်းအသက်ရှင်တဲ့ အချိန်တုန်းက သူတော်ကောင်းယောင်ဆောင်ထားတဲ့ မျက်နှာဖုံးပေါ့လေ’
‘စာအုပ်အပြင်မှာရော အထဲမှာရော လူတွေရဲ့ နှလုံးသားကို ဆွဲဆောင်ထားနိုင်တာ မထူးဆန်းပါဘူး ဒီလိုလှလှပကောင်လေးက မျက်မှောင်ကြုတ်နေတာကို လူတွေက သနားပဲသနားမှာပေါ့ ဘယ်သူကမှ မျက်နှာဖုံးတပ်ထားတယ် ထင်မှာမဟုတ်ဘူး’
ကျန်းလော်သည် အပြုံးတုတစ်ခုဖြင့် ရေလိုက်ငါးလိုက်ပြန်ပြောလိုက်သည်။
“မခက်ခဲပါဘူး လုံးဝမခက်ခဲပါဘူး”
စကားပြောကြည့်ပြီးနောက် ဤချီယုံသည် မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲမသွားသေးကြောင်း ကျန်းလော်အတွက် သေချာသွားသည်။ သို့သော် ယခုချီယုံသည် မကောင်းဆိုးဝါး ချီယုံ၏ ငယ်ဘဝဆယ်ကျော်သက်အရွယ်ဖြစ်သည်။
ထိုအချက်သည် ပို၍ ပျော်စရာကောင်းသည်ဟုထင်ကာ ကျန်းလော်သည် ချီယုံ့ကို အူမြူးစွာ ကြည့်လိုက်သည်။
ချီယုံသည် မတ်တပ်ရပ်ပြီး ရှပ်အင်္ကျီမှ ချည်ထုံးကို ဖြည်လိုက်ပြီး
“နားတော့လေ”
သူသည် ဆယ့်ရှစ်နှစ်သာရှိသေးသော်လည်း သူ့ပုံစံသည် ရှည်သွယ်သန်မာသော တည်ဆောက်ပုံရပြီးနေပြီဖြစ်သည်။ လှုပ်ရှားမှုတိုင်းသည် ကျက်သရေရှိနေပြီး အရှိန်အဝါတစ်ခုကိန်းအောင်းနေကာ အလွန်အကျွံဖျော့တော့နေသည်မှလွဲ၍ နှစ်ပေါင်းများစွာ နာမကျန်းထားသည့် အရိပ်အယောင် မရှိပေ။
“ဒါနဲ့ စကားမစပ်”
သူသည် ကျန်းလော်ဘက်သို့ ရုတ်တရက် လှည့်လာပြီး
“ရေချိုးချင်လား”
ကျန်းလော်သည် ခေါင်းကြည်လာရန် အခွင့်အရေးရှာနေသူ ဖြစ်သောကြောင့်နှင့် မှန်ဝင်္ကပါလောက ထဲသို့ ဝင်လာသည့် အခြားသူများကို ရှာချင်နေတာက တစ်ကြောင်းကြောင့် ခေါင်းညိတ်လိုက်သည်။ ချီယုံက ပြောသည်။
“အပြင်ထွက်ပြီး ညာဘက်ကိုသွားလိုက် ညာဘက်လမ်းအဆုံးမှာ ရေချိုးခန်းရှိတယ် သွားကြည့်လိုက်တော့နော်”
ကျန်းလော်သည် ပေါ့ပါးစွာပင် လဲရမည့်အဝတ်များကို ဗီဒိုထဲတွင် ရှာကြည့်လိုက်ပြီးနောက် တံခါးဖွင့်၍ ထွက်သွားတော့သည်။ သူ့နောက်တွင် အင်္ကျီကြယ်သီးဖြုတ်နေသော ချီယုံက လှမ်းပြောလိုက်သည်။
“ရေချိုးခန်း ကြမ်းပြင်က စိုပြီး နည်းနည်းချောနေတယ် သတိထားဦး”
အသံကြားသောကြောင့် နောက်လှည့်ကြည့်လိုက်ပြီး ကျေးဇူးတင်လိုက်သည်။
“သတိပေးလို့ ကျေးဇူး သတိထားလိုက်ပါ့မယ်”
အခန်းတံခါးကို ပြန်စေ့ထားခဲ့ပြီး ထွက်သွားသောကြောင့် အခန်းထဲတွင် ချီယုံတစ်ယောက်ထဲသာ ကျန်ခဲ့သည်။ သူသည် ယခုအချိန်ထိ အဝတ်ချွတ်နေတုန်းဖြစ်ပြီး အဝတ်အစားများ မပါသော ခန္ဓာကိုယ်သည် ခန့်ညားသော ပုံစံအပြည့်အဝပေါ်လွင်နေသည်။ ကြွက်သားလိုင်းများသည် သူ့နေရာနှင့်သူ ကြည့်ကောင်းနေသည်။
သူသည် အိပ်ရာပေါ်မှာ အနီရောင်ရင့်ရင့် လိုက်ကာကို မလိုက်ပြီး အိပ်ရာဘေးစားပွဲပေါ်မှာ စာအုပ်တစ်အုပ်ယူလိုက်ကာ လှဲပြီး ပျင်းရိစွာ စာအုပ်ဖတ်နေလိုက်သည်။ လူငယ်လေး၏ မျက်ခုံးအစုံသည် မကောင်းဆိုးဝါးကဲ့သို့ ဆိုးယုတ်ခြင်းများ ဖြာထွက်နေကာ စာအုပ်ထဲတွင် ထည့်ပိတ်ထားသော အေးစက်ခြင်း အရှိန်အဝါများ အခန်းထဲသို့ ပျံ့နှံ့နေသည်။
“ဒီတစ်ယောက်လဲ မသေခင် ဘယ်နှစ်ရက်လောက် ခံမလဲ မသိဘူး”
အခန်းထဲတွင် လင်းထိန်နေပြီး တိတ်ဆိတ်နေသော်လည်း အိပ်ရာပေါ်မှ လူငယ်လေးကတော့တစ်ခုခု ကြားနေရသလို နားစွင့်ထားသည်။
သူသည် စိတ်ဝင်စားမှု ကင်းမဲ့စွာ ရယ်လိုက်သည်။
“ဒီညကုန်တဲ့ထိ အသက်ရှင်နိုင်ရင်တော့ ငါ့ကို အံ့ဩသွားအောင် လုပ်နိုင်မှာပဲ”
ကျန်းလော်သည် ကော်ရစ်တာတွင် မတ်တပ်ရပ်နေပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။ မင်္ဂလာပွဲတိုင်းသည် အမြဲတမ်း ရာသီဥတုသာယာပြီး နေရောင်တလက်လက်လင်းနေသည့်အချိန်တွင် လုပ်လေ့ရှိသည်။ ယခုအချိန်တွင် နေရောင်မမြင်ရအောင် မဲမှောင်နေပြီး ကျန်းလော်သည် ယခုဘယ်အချိန်ရောက်နေမှန်းပင် မသိနိုင်ပေ။ ရာသီဥတုမကောင်းဘူးဟု မပြောနိုင်သော်လည်း သေချာသည်မှာ မင်္ဂလာပွဲကျင်းပရန် သင့်တော်သော ရာသီမဟုတ်ပေ။
ခြောက်ခြားဖွယ်လေထုသည် နတ်ဆိုးမိစ္ဆာများနှင့် ရင်ဆိုင်တွေ့ရသလို အေးစက်စက်နိုင်လှသည်။ ကျန်းလော်သည် ရေချိုးခန်းဆီသို့ လျှောက်သွားသည့် လမ်းတလျှောက်လုံးတွင် လျန်ရွှီနှင့် တခြားမည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။ ရေချိုးခန်းကို နှစ်ခန်းဖွဲ့ထားပြီး ဘယ်ဖက်ခန်းကို “သခင်လေးကျန်း” ဟူသော နာမည်ရေးထိုးထားသည်။
‘ဒီတော့ တစ်ယောက်ထဲသုံးလို့ရမဲ့ သီးသန့်ရေချိုးခန်းပေါ့’
ဘယ်ဖက်ရေချိုးခန်းထဲသို့ ကျန်းလော်ဝင်လိုက်သောအခါ အခန်းကို နှစ်ပိုင်းပိုင်းထားကြောင်း တွေ့လိုက်ရသည်။ အတွင်းအပြင်အခန်းဖွဲ့ထားသကဲ့သို့ လိုက်ကာအဖြူရောင်လို အစမျိုးနှင့် ပိုင်းခြားထားခြင်းဖြစ်သည်။ အပြင်ဘက်ခြမ်းသည် အဝတ်လဲရန် ဖြစ်ပြီး နံရံကို အဖြူရောင်သုတ်ထားပြီး အဖြူရောင် စက္ကူအချို့လဲ ကပ်ထားသေးသည်။ ထိုအပေါ်တွင် ရေဆူလာသောအချိန်နှင့် သခင်လေးများ လာရောက်ဆေးကြောရန် အကော်းဆုံးအချိန်များကိုလည်း ရေးထားသည်။ ကျန်းလော်သည် လဲဝတ်ရန် အဝတ်များကို ကြိုးတန်းပေါ်တွင် တင်လိုက်ပြီး အဖြူရောင်လိုက်ကာကို ဖယ်လိုက်ရာ အတွင်းခြမ်းတွင် ကြွေရေချိုးဇလားကြီး တစ်ခုကို တွေ့လိုက်သည်။ ယနေ့ခေတ်တွင် ရေပန်းမရှိသေးဘဲ ရေချိုးကန်ထဲသာ စိမ်ချိုးရသည်။
ကျန်းလော်သည် ရေချိုးကန်ထဲမှ ရေအပူချိန်ကို စမ်းကြည့်လိုက်သည်။ သူ့အတွက် အညောင်းအညာပြေပြီး စိတ်သက်သာစေသည့်အပူချိန်ဖြစ်နေသောကြောင့် အဝတ်ချွတ်လိုက်ပြီး ရေထဲသို့ ကျေနပ်စွာ ဝင်စိမ်လိုက်သည်။
ရေချိုးကန်ထဲမှ ရေများသည် အပြင်ဘက်သို့ လျှံထွက်ကုန်ပြီး ကြမ်းပြင်ကို စိုရွှဲသွားစေသည်။ ကျန်းလော်သည် မျက်လုံးမှိတ်လိုက်ပြီး ခေါင်းလျှော်လိုက်သည်။ သို့သော် သူခေါင်းကိုင်လိုက်ရုံရှိသေးသည် သူ့ပုခုံးပေါ်မှ ဆံပင်ချည်များ လျောကျလာတော့သည်။
ကျန်းလော်သည် နှလုံးခုန်မြန်သွားပြီး နောက်လက်တစ်ဖက်ဖြင့် ခေါင်းနှင့် ပုခုံးစပ်ကြားကို ကိုင်ကြည့်လိုက်ပြန်သည်။ နောက်ထပ် ဆံပင်ချည်အုံလိုက်ကြီးသည် သူ့လက်ထဲသို့ အလုံးလိုက်ကြီးပါလာသည်။
‘ဘာလဲ ငါကတုံးဖြစ်သွားတော့မှာလား မဟုတ်လောက်ပါဘူး’
ကျန်းလော်သည် မျက်လုံးဖွင့်လိုက်ပြီး သူ့လက်ကို ကြည့်လိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင်ဆံပင်ကျွတ်များ ထူထပ်စွာ အများကြီး ရှိနေပြီး ရေမှော်ပင်များနှင့်ပင် တူနေသေးသည်။ ကျန်းလော်သည် ထူးဆန်းသော မျက်နှာထားဖြင့် သူ့ပုခုံးပေါ်ကိုစောင်းကြည့်လိုက်သည်။ ထို့နောက် ပုခုံးကို ထပ်မံစမ်းကြည့်လိုက်ရာ ဆံပင်များကျွတ်ပါလာသေးသောကြောင့် ဆောင့်ဆွဲလိုက်သော်လည်း အနည်းငယ်မျှ နာကျင်မှုကို မခံစားရပေ။
“..............”
ဆံပင်ကျွတ်များနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း သတိထားမိသွားပြီးနောက် ကျန်းလော် နှလုံးသားလေးသည် အောက်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ထိုဆံပင်ကျွတ်များမှာ သူ့ဆံပင်များမဟုတ်သောကြောင့် လန့်သွားသည့်ကြားမှ ဝမ်းသာသွားရသေးသည်။
ကျန်းလော်သည် ခေါင်မိုးပေါ်သို့ မော့ကြည့်လိုက်ရာ ဇောက်ထိုးကြီး ကျလာနေသော ပုတ်သိုးနေပြီး ဆံပင်ချည်များ ဆက်တိုက်ပြတ်ကျနေသော လူခေါင်းတစ်လုံးကို တွေ့လိုက်ရသည်။ ထိုဇောက်ထိုးကြီး အောက်စိုက်လာသော ခေါင်းကြီးသည် အသားစများပါ ပဲ့ကျနေပြီး ပုတ်ပွနေကာ ဦးခေါင်းခွံပင် ကျွတ်ကျလာမတတ် ပျော့စိနေလေသည်။
ကျန်းလော်သည် ရုတ်တရက် နှလုံးခုန်ရပ်မတတ်လန့်သွားပြီး သူ့မျက်နှာသည် ပြာနှမ်းသွားတော့သည်။ သူသည် စိတ်တိုစွာဖြင့် ရေချိုးကန်ထဲမှ ထရပ်လိုက်ကာ ရေချိုးကန် အစွန်းသို့ လျှောက်သွားလိုက်ပြီး ကန်ဘောင်ပေါ်တွင် ရပ်၍ ဆံပင်သုံးထောင်လောက်လေးဖြင့် လာခြောက်နေသော ခေါင်းကို အကြင်နာကင်းမဲ့စွာ ဆွဲချလိုက်သည်။
အားအပြည့်ဖြင့် ဆွဲချလိုက်သောကြောင့် ဦးခေါင်းသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကာ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ သို့သော် အရှိန်ပြင်းပြင်းဖြင့် ကျလာသော ဦ်းခေါင်းအစိတ်အပိုင်းများသည် မြေပြင်ပေါ်အရောက်တွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ကျန်းလော်၏ မျက်နှာသည် မည်းမှောင်သွားပြီး ရေချိုးကန်ထဲသို့ ရေအသစ်လဲလိုက်ကာ သူ့ပုခုံးကို ကြမ်းတမ်းစွာ ပွတ်တိုက်နေတော့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းလော်သည် တစ်စုံတစ်ယောက် အနားကပ်လာသလို ခံစားရပြီး နောက်လှည့်ကြည့်လိုက်ရာ အဖြူရောင်လိုက်ကာနောက်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
“ဘယ်သူလဲ”
ကျန်းလော်က မေးသည်။
ပုံရိပ်သည် ပြန်မဖြေသော်လည်း အနားကပ်သည်ထက် ကပ်လာသည်။ မှုန်ဝါးဝါးပုံရိပ်သည် လိုက်ကာနောက်တွင် ထင်ရှားလာနေပြီး အမျိုးသမီးတစ်ယောက်ပုံစံဖြစ်သွားသည်။ ကျန်းလော်သည် အသံကို ထိန်းချုပ်ပြီး ဘယ်ဖက်လက်ခလယ်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မေးလိုက်ပြန်သည်။
“ဘယ်သူလဲလို့ မေးနေတယ်လေ”
နောက်တစ်ခနတွင် ပုံရိပ်သည် လိုက်ကာဖြူနောက်မှ ထွက်ပေါ်လာပြီး ကျန်းလော်နှင့် မျက်နှာချင်းဆိုင်နားလောက်တွင် လာရပ်သည်။ အသားရောင်ခြယ်ထားပုံရသော မျက်နှာသည် အဖြူရောင်လိုက်ကာနောက်တွင် ပုန်းကွယ်နေဆဲဖြစ်ပြီး လည်ပင်းရိုးသည် ငေါထွက်နေကာ မျက်လုံးများနှင့် နှုတ်ခမ်းများသည် အရိပ်ထဲမှကြည့်သည်ကိုပင် သိသာစွာ ချိုင့်ဝင်နေလေသည်။
ထို့နောက် ခြောက်ခြားဖွယ်ကောင်းစွာပင် လိုက်ကာနောက်မှ ပုံရိပ်သည် အမျိုးသားတစ်ယောက် သဏ္ဍာန်ပြောင်းလဲသွားပြန်သည်။
ကျန်းလော်သည် လက်ခလယ်ကို တည်ငြိမ်စွာ ကိုက်လိုက်ပြီး ထိုမှ ထွက်လာသော သွေးစက်များကို လိုက်ကာထိပ်နားသို့ ပတ်ဖြန်းလိုက်သည်။
ဆာလဖြူရစ်အက်ဆစ်ဖြင့် ပတ်လိုက်သော အဝတ်စကဲ့သို့ပင် လိုက်ကာနောက်မှ အဖြူရောင်အရိပ်သည် မီးခိုးဖြူများအဖြင့် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင်တော့ လိုက်ကာအဖြူရောင်သည် လေမတိုက်ပဲ ယိမ်းသွားပြီး တဖန်ပြန်ပြီး တည်ငြိမ်သွားတော့သည်။
ကျန်းလော်သည် အနှောက်အယှက်များ ပျောက်သွားသည်နှင့် ရေချိုးခြင်းကို မြန်မြန်အဆုံးသတ်လိုက်ကာ အဝတ်လဲလိုက်သည်။
ချီယုံသည် စာအုပ်ပိတ်လိုက်ပြီး အခန်းထောင့်တွင် ချိတ်ထားသည်။ အနောက်တိုင်းနာရီကို ကြည့်လိုက်သည်။ တစ်နာရီကျော်ကြာသွားပြီဖြစ်သော်လည်း သူ့ဇနီးအသစ်လေးသည် ပြန်ရောက်မလာသေးပေ။
‘အခုထဲက သေသွားပြီလားမသိဘူး’
ချီယုံသည် စာအုပ်နောက်တစ်အုပ်ကို ယူလိုက်ပြီး ငြီးငွေ့ဟန်ဖြင့် စာဆက်ဖက်နေလိုက်သည်။
ချီမိသားစုသည် ဗွက်အိုင်တစ်အိုင်ကဲ့သို့ ညစ်ထွေးနေပြီး ကမ္ဘာပေါ်မှာ အရှင်လတ်လတ် ငရဲတွင်းဖြစ်သည်။ ချီမိသားစုနှင့် လက်ထပ်လျှင် ငယ်ငယ်ရွယ်ရွယ်နှင့် သေရမည်ကို သိကြသော်လည်း ငွေအတွက်ကြောင့် ချီမိသားစုသို့ လက်ထပ်ပြီး ဝင်ရောက်လာကြသေးသည်။ ထိုသို့သောသူများ သေသွားသည်က သနားစရာတော့ မကောင်းလှပေ။ သူ၏လေးစားမှုပြလိုက်ရသော နေ့လေးသည် ထုံးစံအတိုင်း အလဟသတ်ဖြစ်သွားရပြန်ပြီ ဖြစ်သည်။
သူသည် ကုတင်ပေါ်မှဆင်းလိုက်ပြီး ခြင်ထောင်ချလိုက်သည်။ အနီရောင်လိုက်ကာ အကြီးကြီးသည် လုံခြုံစွာ စေ့ပိတ်သွားပြီး အိပ်ရာကို အပြင်ဘက်အခန်းနှင့် လုံးဝပိုင်းခြားပေးလိုက်သည်။
ချီယုံသည် သူအသစ်ယူလာသော စာအုပ် ပထမစာမျက်နှာကို လှန်နေကာရှိသေးသည် ရုတ်တရက်ကြီး အဖြူရောင်လက်တစ်စုံမှ လိုက်ကာကို ဆွဲတင်လာသည်ကို မြင်လိုက်ရသည်။ အနီရောင်ကန့်လန့်ကာထဲသို့ ဝင်လာသော လက်ချောင်းသည် ဖြူဖွေးသွယ်လျပြီး လက်ဆစ်တို့သည် လုံးဝန်းနေကာ လှပမှုအပေါင်း ခညောင်းနေလေသည်။
ထိုလက်မှ လတ်ဆတ်သော ရေချိုးပြီးစအနံ့မျိုးရနေပြီး ရုတ်တရက် လိုက်ကာ ဆွဲအမခံလိုက်ရကာ တစ်စုံတစ်ယောက်သည် ကုတင်ပေါ်သို့ ဝင်ထိုင်လိုက်သည်။
ရေစိုနေသော ကျန်းလော်သည် ချီယုံ့၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့လေသည်။
ထိခိုက်ဒဏ်ရာတစ်ခုမှ မရှိပါဘဲ ပြန်ရောက်လာသော ကျန်းမာကာနီရဲနေသော ကျန်းလော်သည် သူ့မျက်လုံးထဲတွင် အထူးအဆန်းဖြစ်နေသည်။
ကျန်းလော်အနားတွင် ရေငွေ့များ ပျံ့နှံ့နေပြီး သူ့မျက်နှာသည် မပျော်ရွှင်ပုံပေါက်နေကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
ချီယုံ့သူငယ်အိမ်သည် သတိမထားမိလောက်အောင် ကြုံ့သွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။
“မင်းဘာလို့ တအားနောက်ကျနေတာလဲ”
ကျန်းလော်သည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး
“မတော်တဆမှုသေးသေးလေး တစ်ခုကြုံနေလို့”
သူသည် အခန်းကို ဝေ့ကြည့်လိုက်သည်။ ထို့နောက်
“ခေါင်းသုတ်ဖို့ သဘက်ရှိလား”
ချီယုံသည် အိပ်ရာပေါ်မှ ဆင်းလိုက်ပြီး သူ့ကို ခြောက်သွေ့သော သဘက်တစ်ထည်ယူပေးလိုက်သည်။ ထို့နောက် ကျန်းလော်၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည်ကြည့်ကာ မယုံနိုင်ဖြစ်နေပြီး ကျန်းလော်ခေါင်းသုတ်နေသည်ကို တောင့်တောင့်ကြီး ငေးနေမိသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စ၍ သုတ်နေသော သဘက်အထိ အသေးစိတ်လိုက်ကြည့်ပါသော်လည်း ဘာမှကို ထူးဆန်းမနေပေ။
လဲဝတ်ထားသော မင်္ဂလာဝတ်စုံသည် သစ်သားအဝတ်စင်ပေါ်တွင် ဒီအတိုင်းရှိနေပြီး စုတ်ပြဲနေဟန်မရှိပေ။ အခန်းသည် အနည်းငယ်မှောင်နေပြီဖြစ်သောကြောင့် ချီယုံသည် ဝတ်စုံမှ သွေးစက်အချို့ကို မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် အကြောင်းကြောင်းကြောင့် သူဝန်ခံရပေမည်။ သူ၏ ဇနီးအသစ်လေးသည် ပထမနေ့ထဲကပင် သူ့ကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်လေသည်။ ဇနီးအသစ်လေးသည် သူ့ကို အေးစက်စွာမေးလာသည်။
“ဘာတွေ လိုက်ကြည့်နေတာတုန်း”
ညအိပ်ဝတ်စုံဝတ်ထားသော ဆယ်ကျော်သက်လေးသည် သိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။
“ကိုယ်က မင်းဘယ်လို မတော်တဆမှုများ ကြုံခဲ့လဲ သိချင်နေလို့လေ”
“ပြောပြဖို့ မတန်ဘူး သိချင်မနေနဲ့”
ကျန်းလော်သည် ခေါင်းပေါ်သို့ သဘက်တင်လိုက်ပြီး ချီယုံ့ကို တောက်ပစွာပြုံး၍ ကြည့်လိုက်သည်။
“လူကောင်းလေး ဒီမှာလာထိုင်”
ချီယုံ့မျက်ခုံးသည် အနည်းငယ်တွန့်သွားပြီး နာခံစွာ လျှောက်သွားလိုက်သည်။
ကျန်းလော်သည် သူ့ဘေးမှ နေရာကိုပုတ်ပြလိုက်ပြီး ချီယုံသည် ထိုနေရာတွင် ဝင်ထိုင်လိုက်သည်။ ကျန်းလော်သည် သူ့ကိုကြည့်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။
“ငါ့ကို သတိပေးခဲ့လို့ ကျေးဇူးပဲ မဟုတ်ရင် ရေချိုးခန်းထဲမှာ ချော်လဲတော့မလို့လေ”
ချီယုံက ပြန်ပြောသည်။
“ကိုယ် လုပ်သင့်တာပါ”
ကျန်းလော်သည် နူးညံ့ချိုသာစွာပြောလိုက်သည်။
“ငါတို့က ညီအစ်ကိုကောင်းတွေ ဖြစ်သွားပေမဲ့လည်း ဒီနေ့က ငါတို့ရဲ့ နေ့ကောင်းရက်မြတ်လေးဆိုတော့ ရိုးရာအတိုင်း လိုက်မလုပ်သင့်ဘူးလား”
ချီယုံ “ဟမ်...”
“ငါရေချိုးနေတုန်းက ဒီဆံပင်တွေကို မင်းရဲ့ဆံပင်တွေနဲ့ စုချည်ရအောင် ပြင်ဆင်လာခဲ့တာလေ ချီယုံ မင်းဆံချင်းဆက်နိုင်မလား”
ချီယုံသည် သူ့လက်ထဲရောက်လာသော လူတစ်ယောက်၏ ဆံပင်ခေါင်းတစ်ဝက်စာလောက်ရှိသည့် ဆံပင်ချည်ထူထူများကို တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
သူသည် အလွန်ရယ်မောနေပြီး မျက်ခုံးကို ခြစ်လိုက်သည်။
“စိတ်မကောင်းပါဘူး ကိုယ်က...အင်း....ဒီအတိုင်းမင်းမှာ ဒီလောက် ဆံပင်တွေ အများကြီး ရှိနေတာ အံ့ဩသွားလို့ ဟွန်း”
ကျန်းလော်သည် သဘောကောင်းဖော်ရွေစွာ ရယ်လိုက်ပြီး အခုချိန်ထိ ဆံပင်ဖြတ်ဖို့ ဆန္ဒရှိပုံမပေါ်သော ချီယုံကို ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးလှိမ့်လိုက်ပြီး ဆံရှည်သရဲခေါင်းမှ ရလာသော ဆံပင်ခြည်များကို ချီယုံ့လက်ထဲ အကုန်လွှဲပေးလိုက်ကာ
“မင်းဒီည မလုပ်ချင်သေးဘူးဆိုရင်လည်း ဆံပင်ဖြတ်ပြီး ထုံးဖို့ စဉ်းစားပြီးတဲ့အချိန်ထိ ဒီဆံပင်တွေကို မင်းပဲ သိမ်းထားလိုက်နော်”
ချီယုံသည် ကျန်းလော် အိပ်ရာပေါ်သို့ ဝင်လှဲလိုက်သည်ကို ကြည့်နေပြီး သိမ်မွေ့စွာပြောလိုက်သည်။
“အွန်း”
ထို့နောက် ပုံမှန်မဟုတ်စွာ တောက်ပနေသောမျက်လုံးများဖြင့် ဆံပင်များကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ မီးမှိတ်ပြီး အိပ်ရာဝင်လိုက်တော့သည်။
ကျန်းလော်သည် အရင်တုန်းကပင် လူများစွာနှင့် အိပ်ရာတစ်ခုထဲ အိပ်ခဲ့ဖူးသည်။ ယောက်ျားလေးအချင်းချင်းထဲတွင် သူငယ်ချင်းများ ညီအစ်ကိုများ အိပ်ရာတစ်ခုထဲတွင် တူတူအိပ်ခြင်းမှာထူးဆန်းသည့်အရာမဟုတ်သော်လည်း ဆယ်ကျော်သက်အရွယ် ချီယုံသည် မကောင်းဆိုးဝါး ချီယုံနှင့် သိပ်မတူသောကြောင့် သူ့အတွက် တင်းကျပ်စွာ ခုခံလိုစိတ်တို့ အနည်းငယ်လျော့ပါးလို့နေသည်။
သို့သော် ဆယ်ကျော်သက်အရွယ် ချီယုံသည် သူ့ကို စိတ်ပေါ့ပါးစေပြီး ခုခံမှုမရှိတော့တာမျိုးတော့ မဟုတ်ပေ။
ကျန်းလော်သည် တစ်ညလုံးနှစ်ခြိုက်စွာအိပ်မောကျသွားပြီး အိပ်မက်ထဲတွင် သူ့နောက်သို့ မြွေနက်ကြီးတစ်ကောင် လိုက်နေသည်ဟု မြင်မက်ခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်သည် အနည်းငယ် အေးစက်စက်နိုင်နေသည်။ ကျန်းလော်သည် အသက်ပြင်းပြင်းရှူပြီး နဖူးမှ ချွေးများ စီးကျလို့နေသည်။
လိုက်ကာသည် နောက်တစ်ကြိမ်အမခံလိုက်ရပြီး ချီယုံသည် အိပ်ရာဘေးတွင် မတ်တပ်ရပ်နေကာ ပြတင်းပေါက်မှ အလင်းရောင် အိပ်ရာပေါ်ကျအောင် လိုက်ကာကို မပေးထားသည်။ ကျန်းလော်သည် မျက်နှာထားမပြောင်းစွာ နိုးထလာပြီး စိတ်ကောင်းဝင်နေသလို အသံမျိုးဖြင့်
“မင်းက အရင်နိုးနေတာလား”
ကျန်းလော်သည် ကုတင်ပေါ်မှ ဖြေးဖြေးချင်းထထိုင်လိုက်သည်။ ချီယုံသည် နောက်ဆုတ်သွားပြီး အလင်းရောင်သည် သူ့မျက်နှာတစ်ဝက်ပေါ်သို့ ဖြာကျနေပြီး နောက်တစ်ခြမ်းသည် အရိပ်ထဲတွင် ပျောက်လုလုဖြစ်နေသည်။ ချီယုံ၏ နုနယ်သော ကလေးမျက်နှာသည် အမှောင်ထဲတွင် ရုတ်တရက် ထူးဆန်းစွာ တွန့်လိမ်သွားသည်။
သူ့နှုတ်ခမ်းသည် ကျေနပ်နေသလို ကော့တက်သွားပြီး ဂရုတစိုက်ရှိလှသော လူငယ်တစ်ယောက်၏ အပြုံးကို ဖော်ကျူးနေကာ
“မနက်စာစားဖို့ အချိန်ရောက်နေပြီ”
ကျန်းလော်သည် နိုးလာသည်နှင့် ရေချိုးခန်းထဲတွင် တွေ့ခဲ့သော တစ္ဆေနှစ်ကောင်အကြောင်းကို ပြန်စဉ်းစားမိပြီး ထိုတစ္ဆေများသည် ချီယုံလောက်တော့ ကြောက်စရာမကောင်းပေ။
မနက်စာစားပြီးနောက် ကျန်းလာ်သည် လျန်ရွှီနှင့် နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရခဲ့သည်။ ထို့ကြောင့် မနက်စာစားပြီးသည်နှင့် လျန်ရွှီကို ချီအိမ်တော်တဝိုက်လိုက်ပြရန် အမိန့်ပေးလိုက်သည်။ သို့မှသာ နှစ်ယောက်တည်း စကားပြောနိုင်မည် ဖြစ်သည်။
လျန်ရွှီသည် တိုးတိုးလေးပြောသည်။
“ကျွန်မ လျန်ပင်းနဲ့ လျန်ချင်းတို့နဲ့ မနေ့က တွေ့တယ် သူတို့ကို အနောက်ဘက်ခြံဝန်းထဲက လူမမြင်နိုင်တဲ့ နေရာတစ်ခုရှိလို့ အဲ့မှာ စောင့်ခိုင်းထားတယ် အစ်ကိုကြီး ကျွန်မတို့ အနောက်ဘက်ခြံဝန်းကိုပဲ အရင်သွားလိုက်ရအောင်”
ခြံဝန်းထဲတွင် မမြင်ရသော ဂူတစ်လုံးရှိပြီး လျန်ရွှီ ကျန်းလော်ကို အထဲသို့ခေါ်သွားချိန်တွင် ဂူထဲတွင် လူအပြည့်ဖြစ်နေပြီ ဖြစ်သည်။ လျန်ချင်းနှင့် လျန်ပင်းသာမကပဲ ဓာတ်ပုံကလပ်မှ ကျောင်းသားလေးယောက်ပါရှိနေသည်။ သူတို့ရှစ်ယောက်လုံး မှန်လောကထဲသို့ ရောက်လာခြင်းဖြစ်သည်။ လျန်ချင်းသည် သူတို့ကို မနှုတ်ဆက်ခင် ကျန်းလော်ကို အရင်ကြည့်လိုက်သည်။ ထို့နောက် သိချင်စပ်စုစွာဖြင့် မေးလာသည်။
“အစ်ကိုကြီး ကျွန်တော်ကြားတာတော့ မနေ့က အိမ်တော်ထဲကို လက်ထပ်ပြီး ဝင်လာတာ အစ်ကိုကြီးဆို တကယ်ပဲလားဟင်”
ကျန်းလော် စိုက်ကြည့်လိုက်ရာ အူတူတူကောင် လျန်ချင်းသည် ဟိုကြည့်သည်ကြည့် ဖြင့်ရယ်မောလိုက်ပြီး အကြောင်းအရာပြောင်းပြောလိုက်သည်။
“အခု ကျွန်တော်တို့ ဘယ်သူဖြစ်နေလဲဆိုတာ အရင်ပြောလိုက်ရအောင်ဗျာ”
ရှစ်ယောက်လုံးထဲတွင် ကျန်းလော်ကသာ အကြီးဆုံးဖြစ်နေပြီး ချီမိသားစု တိုက်ရိုက်မျိုးဆက် သခင်ငယ်လေး၏ ဇနီးဖြစ်ကာ အာဏာအရှိဆုံးသူလည်း ဖြစ်နေပြန်သည်။ ချင်းယွင်သည် ဒုတိယနီးပါးလိုက်ပြီး သူမသည် ချီမိသားစု၏ အစေခံခေါင်းဆောင်ဖြစ်သည်။ တုကောနှင့် လျန်ချင်းသည် အရှေ့ဘက်ခြံဝန်းမှ အစေခံများဖြစ်နပြီး လျန်ပင်းနှင့် တွမ့်ကျီသည် မီးဖိုဆောင်အလုပ်သမားများဖြစ်ကာ လိရှန်သည် ချီမိသားစုမှ သခင်မလေးတစ်ယောက်၏ အစေခံဖြစ်နေသည်။
ကျန်းလော်သည် တိုးဖွဖွပြောလိုက်သည်။
“ကြည့်ရတာ ငါတို့အားလုံး မထင်မရှားဇာတ်ကောင်လေးတွေ နေရာရောက်နေကြတာပဲ”
“ရှင်က အတန်းရှင်းရှာချင်နေတာလား”
ချင်းယွင်က ပြောလိုက်သည်။
“ဘာတဲ့ မထင်မရှားဟုတ်လား ရှင်က သွေးရင်းသခင်လေးရဲ့ ဇနီးလေ အဲ့တာတောင် မထင်မရှားနေတုန်းလား”
“ဒီမိသားစုက ကျိန်စာသင့်နေတာ အဲ့တာကြောင့် ဇနီးတွေအကုန်လုံးက သက်ဆိုးမရှည်ကြဘူး ဒီတော့ မကြာခင်သေတော့မဲ့လူ ကျုပ်ကို ဘယ်သူမှ အာရုံမရှိဘူး အိုကေ”
ကျန်းလော်က ရှင်းပြလိုက်သည်။
အုပ်စုလိုက်ကြီး အတွေးနက်သွားပြီး လျန်ပင်းသည် လျန်ချင်းထက် ဆက်ဆံရေးကောင်းသူဖြစ်ကာ အဆက်အသွယ်နည်းနည်း လုပ်ထားနိုင်ခဲ့သောကြောင့် သူ့ထံမှ သတင်းတချို့ရလိုက်သည်။ လျန်ပင်းသည် လက်ထောင်လိုက်ပြီး ပြောသည်။
“မင်းတို့နိုးလာတုန်းက အသံတစ်ခုကြားကြသေးလား”
“ငါတို့ကို မကောင်းဆိုးဝါးကို သတ်ရမယ်လို့ပြောတဲ့ အသံလား”
တုကောသည် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
လျန်ပင်းသည် ခေါင်းညိတ်လိုက်ပြီး
“ငါလည်း အဲ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်တယ် ‘မင်းသာ မကောင်းဆိုးဝါးကို သတ်နိုင်ရင် ဒီထဲက ထွက်နိုင်လိမ့်မယ်’ တဲ့ ငါကအခုဆို မီးဖိုဆောင်ထဲမှာ အလုပ်ကြမ်းလုပ်နေရတာ အရမ်းခက်ခဲလွန်းတယ် ဒီအိမ်တော်က သခင်တွေကို လည်းမမြင်ဖူးသေးဘူး ဒါပေမဲ့ အပြင်ဘက်မှာတော့ လူတစ်ချို့နဲ့ အဆက်အသွယ်လုပ်ထားတယ် ဒီနေ့အတွက် မီးဖိုဆောင်လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ဖို့ အပြင်ထွက်တဲ့အချိန်တုန်းက လမ်းဘေးက ဈေးသည်တွေ ပြောနေတာ ကြားခဲ့တာ မြို့ထဲမှာ လူသတ်သမားတစ်ယောက် ရောက်နေတယ်တဲ့”
“လူသတ်မှုလား”
လျန်ပင်းသည် ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်ပြီး သစ်ကိုင်းတစ်ကိုင်းကို ယူကာ မြေပြင်ပေါ်တွင် သူမှတ်မိသလောက် ချရေးလိုက်သည်။
“သူတို့ပြောတာတော့ မြို့ထဲမှာ လူသေကြတာ ဆယ်ယောက်လောက်ရှိပြီတဲ့ ပြီးတော့ သူတို့သေပုံကလည်း ထူးဆန်းနေတာပဲတဲ့ သူတို့သေတာ နည်းမျိုးစုံနဲ့ပဲဆိုပြီး လူတိုင်းက တအားကြောက်လန့်နေကြတာ မြို့ကတော့ သေခြင်းချောက်ကမ်းပါးဘေးရောက်နေပြီဆိုပြီး လူတွေက မှောင်ရိပ်သန်းလာရင်ကို အပြင်မထွက်ကြတော့ဘူး သူတို့တွေ ပြောဆိုနေတာ နားထောင်ခဲ့တော့ စကားတစ်လုံးကြားခဲ့တယ် -”
သူသည် မြေပြင်ပေါ်တွင် စကားလုံးတစ်စုကို ချရေးလိုက်သည်။
“မကောင်းဆိုးဝါး ဝိဉာဉ်”
“မြို့သူမြို့သားတွေက ဒီလူသတ်သမားက ရက်စက်ကြမ်းကြုတ်တဲ့ သရဲတစ္ဆေတစ်ကောင်လို့ ယုံနေကြပြီ”
လျန်ရွှီသည် ငြိမ်ကျသွားသော်လည်း တုကောက ပြောလိုက်သည်။
“မကောင်းဆိုးဝါးတွေ အပြင်မှာ တကယ်ရှိမရှိမသိပေမဲ့လည်း ငါ့စိတ်ထဲမှာတော့ မကောင်းဆိုးဝါးက ချီမိသားစုနဲ့ ဆက်စပ်နေတယ်လို့ပဲ ထင်နေတယ် ငါတို့ရှစ်ယောက်လုံး ချီအိမ်တော်မှာ လာစုနေကြထဲက ငါတို့ထဲမှာ တူညီတဲ့ တစ်ခုခုရှိနေလို့ပဲ ဖြစ်ရမယ်”
“ဒါပေမဲ့ ချီမိသားစုက အရမ်းကြီးလွန်းတယ် ငါတို့ ဘယ်လိုလုပ်ပြီး မကောင်းဆိုးဝါးကို ရှာနိုင်မှာလဲ ရှာနိုင်လို့ တွေ့တယ်ပဲ ထားဦး သူ့ကို ဘယ်လိုသတ်မှာလဲ”
အုပ်စုလိုက်ကြီးသည် တိတ်ဆိတ်သွားပြီး တွမ်ကျီသည် ရုတ်တရက် အောက်ထိုင်ချလိုက်ကာ ဒူးနှစ်ဖက်ထဲ မျက်နှာဝှက်၍ အားနာရှက်ရွံ့စွာ ပြောလိုက်သည်။
“ငါတောင်းပန်ပါတယ်ကွာ ဂိမ်းလေးတစ်ခုက ဒီလိုပြောင်းလဲသွားမယ်မှန်း သိရင် မဆော့ခဲ့ပါဘူး ဒါတွေအာလုံးငါ့အမှားတွေပဲ တကယ်လို့ ငါသာ ငါသာ အဲ့လိုအမိန့်မျိုး မပေးခဲ့ရင် ......”
လိရှောင်းသည် ကုန်းလိုက်ပြီး ဒူးတစ်ဖက်ထောက်ပြီး ထိုင်လိုက်ကာ တွမ့်ကျီ၏ မျက်ရည်များကို ဂရုတစိုက် သုတ်ပေးလိုက်သည်။
ချင်းယွင်မျက်နှာသည် အနည်းငယ်ရုပ်ဆိုးနေကာ သူမလက်သည်းများကို ဆိတ်ထားလိုက်သည်။
“ငိုမနေနဲ့ ငိုနေလို့ အခုမှ ဘာထူးတော့မှာလဲ ငါ ငါလည်း အရင်က ဒီကမ္ဘာမှာ သရဲတွေရှိတာ မယုံခဲ့ဘူး.....အား ကံဆိုးလိုက်တာ ငါတို့တွေ တောင်ပေါ်ကို မတက်ခဲ့သင့်တာပါဟာ”
လျန်ရွှီသည် သက်ပြင်းချလိုက်ပြီး သိမ်မွေ့စွာ အားပေးလိုက်သည်။
“စိတ်မပူပါနဲ့ ငါတို့နည်းလမ်းတစ်ခုတော့ရှာတွေ့မှာပါ မကောင်းဆိုးဝါးကို ရှင်းပစ်ဖို့ နည်းလမ်းက ရှိနိုင်ပါတယ်”
သူမသည် နှုတ်ခမ်းတင်းစေ့လိုက်ပြီး သိပ်စိတ်ပူပန်မှု မရှိစွာ ပြုံးလိုက်သည်။
“ကိစ္စတိုင်းအတွက် အနည်းဆုံး ဖြေရှင်းဖို့ နည်းလမ်းတစ်ခုစီတော့ ရှိတတ်ပါတယ်”
ချင်းယွင်က ရုတ်တရက် ထမေးလာပြန်သည်။
“ဖြေရှင်းဖို့ နည်းလမ်းက ဘာလဲ”
လျန်ရွှီသည် ကျန်းလော်ကိုကြည့်လိုက်ပြီး
“အစ်ကိုကြီး ကျွန်တော်က လူတွေကို ခြိမ်းခြောက်တဲ့ နေရာမှာ အရမ်းတော်တာပဲ ဒါပေမဲ့ ဒီလိုအခြေအနေကြီး ဖြစ်လာတော့ အစ်ကိုကြီးကိုပဲ အားကိုးရတော့မှာပဲ”
ကျန်းလော်မျက်နှာသည် ခုနကအတိုင်း မပြောင်းလဲသေးပေ။ မကောင်းဆိုးဝါးအကြောင်း တစ်ခွန်းမှဝင်မပြောဘဲ မေးလိုက်သည်။
“ဒီလောကထဲရောက်ပြီးတော့ တစ္ဆေသရဲတွေများ တွေ့သေးလား”
ကျန်သည့် ခုနှစ်ယောက်လုံးသည် တပြိုင်ထဲ ခေါင်းခါလိုက်ကြသည်။ ကျန်းလော်မျက်လုံးများသည် မျက်တောင်တဖြတ်ဖြတ်ခပ်နေပြီး ဖုန်းလီပြောသော သူ့ကို ဝိဉာဉ်များ ကြိုက်ကြသည်ဆိုသည့် စကားကို၎င်း သူ၏ မွေးရာပါ ကံမကောင်းသည်ကြောင့်များလားဟု တွေးမိသွားသော်လည်း စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ကာ ဆက်ပြောသည်။
“မှန်တွေက ယင်ဓာတ်အများဆုံး စုပ်ယူပြီး ဆန်းကြယ်တဲ့ကိစ္စတွေ အများကြီး ဖြစ်ပေါ်စေတယ်၊ ငါတို့မှန်ထဲကို ညဆယ့်နှစ်ရာရီအချိန်ကြီး ဆွဲခေါ်ခံလိုက်ရတာ အဲ့ဒီအချိန်က သစ္ဆေအရှိန်အဝါအပြင်းထန်ဆုံးအချိန်ပဲ ဒါကြောင့် မှန်လောကထဲက ကောင်းကင်က မှိုင်းပြီး နက်ဆွေးနေတာပဲ ငါမှန်းတာသာ မှန်ခဲ့မယ်ဆိုရင် ဒီလောကထဲမှာ သရဲတွေ မရေတွက်နိုင်အောင် များနေလိမ့်မယ် မကောင်းဆိုးဝါးအတွက်ကတော့ မကောင်းဆိုးဝါးက ဘယ်လောက်တောင် ဆိုးယုတ်နေလဲ အရင်ကြည့်ရမှာပေါ့ ပြီးတော့ သူပြောသွားတဲ့ မကောင်းဆိုးဝါးက ဘယ်ဟာကို ပြောချင်တာလဲဆိုတာလဲ ငါတို့အရင် ရှာရမှာ အခုက ငါတို့မှာ ဘာမှကို မသိတဲ့ အခြေအနေရောက်နေတာ”
မကောင်းဆိုးဝါးဆိုသည့် စကားလုံးကို ကြားပြီးနောက် ကျန်းလော်ပထမဆုံးတွေးမိသူမှာ ချီယုံဖြစ်သည်။ သို့သော် ဤကမ္ဘာထဲရှိ ချီယုံမှာ မကောင်းဆိုးဝါးအဖြစ်သို့ မပြောင်းလဲသွားသေးပေ။ ထို့ကြောင့် ချီယုံ့ကိစ္စကို နောက်မှာထားခဲ့လို့ရနေသေးသည်။
အရေးအကြီးဆုံးမှာ ကန့်လန့်ကာနောက်မှ ကြိုးကိုင်နေသောလူသား၏ မကောင်းဆိုးဝါးကိုသတ်ပြီး အပြင်ပြန်ထွက်နိုင်သည်ဟု ပြောခဲ့သည်။ ထို့အပြင် ကိုယ်မသိသော တစ်စုံတစ်ယောက်မှ စောင့်ကြည့်နပြီး အမိန့်ပေးစေခိုင်းခြင်းခံနေရသည့် ခံစားချက်သည် လုံးဝမကောင်းနေပေ။
သူတို့ကျန်းလော်ပြောသမျှနားထောင်ပြီးချိန်တွင် လျန်ရွှီ၏ မျက်နှာထားသည် အစမှ အဆုံးထိ မပြောင်းလဲသွားပေ။
သာမန်ကျောင်းလေးတစ်ကျောင်းမှ ကျောင်းသားလေးယောက်လုံးသည် အေးခဲတောင့်တင်းသွားပြီး ချင်းယွင်သည် သူ့ကို ထူးဆန်းသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“ရှင်က တွမ့်ကျီနှင့် မတူဘူး ရှင့်မှာလဲ ဒီလို ခြောက်ခြားစရာတွေကို စိတ်ဝင်စားတဲ့ ဝါသနာရှိနေတာလား ဟုတ်လား”
ကျန်းလော်သည် ပုံမှန်အတိုင်း ပြုံးလိုက်ပြီး ရုတ်တရက် လက်ဆန့်ထုတ်လိုက်ကာ လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်သဏ္ဍာန်တစ်ခု ဖော်ဆောင်ပြီး ခန္ဓာကိုယ်ရှေ့သို့ ရိုက်ထုတ်လိုက်သည့် ကိုယ်ဟန်ပြကာ
“နေဝင်တရီရောအချိန် လေပွေနှိုးထလာစေ”
လေပွေတစ်ခုသည် မြေပြင်ပေါ်သို့ ရုတ်တရက်ပေါ်ထွက်လာကာ လေချွန်သံကဲ့သို့ ကြားနေရပြီး လူတိုင်း၏အဝတ်အစားများသည် အကုန်အပေါ်ဘက်သို့ ဝဲလွှင့်နေတော့သည်။
ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များသည် လေပွေထဲတွင် ပျံ့လွင့်နေကြပြီး လေအားသည် ပို၍ အားကောင်းလာကာ ဂူအမိုးပေါ်ထိ ထိုးတက်သွားတော့သည်။ လူတိုင်းသည် လေပွေကြီးကို ကြောင်တောင်တောင် မျက်လုံးများဖြင့် ကြည့်နေကြသည်။
သူတို့မျက်လုံးထဲသို့ ဖုန်များဝင်၍ ဆံပင်များငှက်သိုက်လို ရှုပ်ပွသွားတာတောင်မှ မျက်တောင်မခတ်ဝံ့ကြပဲ အာရုံသုံးပါးလုံးသည် လေပွေမှ မခွာနိုင်တော့ပေ။
ကျန်းလော်က ပြောသည်။
“ပျောက်ကွယ်စေ”
လေပွေရိုင်းသည် ရုတ်တရက် ပုံမှန်လေထုထဲသို့ ပျောက်ကွယ်သွားတော့သည်။ ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များသည် ကောင်းကင်ထက်မှ ကျလာသလို နေရာအနှံ့ လွင့်နေပြီး လူတိုင်းကို ချောင်းဆိုးသွားစေသည်။
သူတို့သည် လက်ဖဝါးများဖြင့် ဖုန်ခါသလို ခါလိုက်ကြပြီး ကျန်းလော်ကို ရည်ရွယ်ချက်ရှိရှိစောင့်ကြည့်နေကြသည်။
ထိုအကွက်ကို လျန်အိမ်တော်တွင် ဘာမှလုပ်စရာမရှိသော ဆယ်ရက်တွင် ထပ်ကာထပ်ကာ လေ့ကျင့်ခဲ့သော ကျန်းလော်သည် အားလုံးကို နှစ်သိမ့်ပြုံးပြပြီး လက်ပိုက်လျက် ပြောသည်။
“အခုကစပြီး အားလုံးကို ငါ့အမိန့်အတိုင်းပဲ လှုပ်ရှားရမယ် မေးစရာရှိလား”
“မ မရှိပါဘူး လုံးဝ မေးစရာမရှိဘူး ”
###############################