Ch 111
Viewers 8k

အပိုင်း (၁၁၁) 


သခင့်အိမ် 

လုံးဝကို လူသစ်လေးဖြစ်သော လျန်ရွှီသည် ကျန်းလော်မှ နှင်းမုန်တိုင်းအကြောင်းပြောပြသောအခါ  အလွန်ပူပန်စိတ်လှုပ်ရှားသွားသည်။ နှင်းမုန်တိုင်းသည် တစ်နာရီအတွင်း တိုက်ခတ်မည်ဟု ကြားသောအခါ လျန်အိမ်တော်မှ သုံးယောက်သားသည် ကျန်းလော်ကို အားကိုးတကြီးကြည့်၍ ငိုကြတော့မတတ်ဖြစ်လာကြကာ 

“ဘယ်လိုလုပ်ကြမလဲ”

ကျန်းလော်သည် စိတ်ထဲမှ ပြောလိုက်မိသည်။

‘မင်းတို့လျန်အိမ်တော် အခုထိ အိမ်တော်ခြောက်ခု ကြားထဲမှာ ရပ်တည်နိုင်နေသေးတာ တော်တော်အံ့ဩစရာကောင်းနေပြီ’ 

ကျန်းလော်သည် သူ့ကျောပိုးအိတ်ကို ချလိုက်ပြီး အကြွေစေ့သုံးစေ့ ထုတ်လိုက်သည်။ ထို့နောက် ကျန်းလော်သည် အကြွေစေ့ဗေဒင်မမေးခင် နှင်းများကို လက်တစ်ဆုပ်အပြည့် ယူလိုက်ပြီး လက်နှစ်ဖက်ကို သန့်စင်သွားအောင် ဆေးလိုက်သည်။ တခြားသုံးယောက်သည် ကျန်းလော်ဘေးတွင် ကုပ်ကုပ်လေး ဆောင့်ကြောင့်ထိုင်ကာ မျက်တောင်မခတ်ဘဲ သေချာကြည့်ကြသည်။ 

ကျန်းလော်သည် ပစ္စည်းများကိုသိမ်းလိုက်ပြီး သံလိုက်အိမ်မြှောင်ကို ထုတ်ကြည့်ကာ 

“သွားကြစို့” 

နာရီဝက်ကြာပြီးနောက် ကောင်းကင်ကြီးသည် မှောင်မည်းလာပြီး တိမ်ထူလာသည်။ လေပြင်းတိုက်ကာ တိမ်တိုက်မည်းမည်းများသည် သူတို့ခေါင်းပေါ်တည့်တည့်ရောက်လာသလို တောင်တစ်ခုလုံးကို ဖုန်းလွှမ်းသွားသည်။ 

နှင်းမုန်တိုင်း အစပျိုးနေပြီဖြစ်သည်။ 

လျန်ရွှီတို့ သုံးယောက်သည် ကျန်းလော်ကို အလွန်ယုံကြည်အားကိုးနေကြကာ “စီနီယာအစ်ကိုကြီး(သာ့ရှစ်ရှုန်း)” ကို ပါးစပ်ကမချတမ်း ရိုးသားအားကိုးစွာ ခေါ်နေကြရာ ကျန်းလော်သည် သူတို့အဲ့လို တစ်ခါခေါ်တိုင်း ကြက်သီးများထလာတော့သည်။ 

နောက်ထပ်နာရီဝက်ကုန်သွားပြီးနောက် နှင်းပွင့်များသည် ကြမ်းတမ်းစွာ ပြန့်ကျလာပြီး လေအေးများသည် တောင်တစ်တောင်လုံးကို တရှဲရှဲမြည်အောင် တိုက်ခတ်လာသည်။ 

ကောင်လေးသုံးယောက်ကတော့ အဆင်ပြေသော်လည်း လျန်ရွှီသည် အလွန်ဖြူဖျော့နေကာ နှင်းတွေကြားထဲတွင် လမ်းဆက်လျှောက်ရန် ခက်ခဲနေတော့သည်။ 

ကျန်းလော်သည် လက်ချောင်းဖြင့် တွက်ချက်ကြည့်လိုက်ပြီး စိတ်သက်သာသွားပုံရကာ အငယ်သုံးယောက်ဘက် လှည့်ပြီး အော်ပြောလိုက်သည်။ 

“ရောက်ခါနီးပြီ အားတင်းပြီး ဆက်လျှောက်ကြ” 

စကားပြောပြီးနောက် ချောင်းအကြိမ်ကြိမ်ဆိုးသွားတော့သည်။ လေအေးများသည် စကားတစ်ခွန်းပြောတိုင်း သူ့လည်ချောင်းတိုင်း အလုံးအရင်းလိုက်ဝင်ကြကာ သူ့လည်ချောင်းကို ဆွဲဖြဲနေသလို နာကျင်နေသည်။ 

လျန်ရွှီ၏ဝိဉာဉ်သည် အားတက်သွားပြီး ရှေ့ဆက်လျှောက်ဖို့ အားအင်များပြန်ရသွားသည်။ 

နှင်းမုန်တိုင်းလာသောအခါ ပတ်ဝန်းကျင်တွင် မှုန်မှိုင်းပြီး မည်းမှောင်နေသောကြောင့် ရှေ့သို့ မမြင်ကြရပေ။ သူတို့ဘယ်လောက်ကြာအောင်သွားခဲ့သည် မသိ သူတို့ရှေ့တွင် နွေးထွေးသော မီးရောင်များကို မြင်လိုက်ရသည်။ လေပြင်းများနှင့် နှင်းများကြားတွင် ခပ်ရေးရေးသာ မြင်ရသော မီးရောင်သည် သူတို့အတွက် ဘုရားသခင်ကို တွေ့လိုက်ရသလိုပင်။

လျန်ချင်းသည် စိတ်လှုပ်ရှားစွာ ပြောသည်။ 

“အဲ့ဒီမှာ တစ်ယောက်ယောက် ရှိလောက်တယ်ဗျ” 

အလင်းရောင်ကို မြင်လိုက်ရသောကြောင့် သူတို့ခြေလက်များသည် အားအင်ပြည့်ဝလာသလို ခံစားကြရသည်။ 

သူတို့အုပ်စုသည် မီးရောင်နောက်သို့ လိုက်သွားကြရာ ကောင်းမွန်သော သစ်သားအိမ်ရှေ့သို့ ရောက်သွားကြသည်။ 

ကျန်းလော်သည် အရင်ရှေ့ထွက်လိုက်ပြီး တံခါးခေါက်ကြည့်သည်။ ထို့နောက် လျန်ရွှီကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ 

“တောင်ပေါ်မှာ ဒီလိုသစ်သားအိမ်တွေ ရှိလား” 

“ဟုတ်ရှိတယ် အစ်ကိုကြီး” 

လျန်ရွှီသည် ပင်ပန်းစွာ နံရံကို မှီလိုက်ပြီး 

“နွေရာသီမှာ အပူရှောင်ဖို့  ဒီလိုစံအိမ်သေးသေးလေးတွေ လာဆောက်ပြီး နေတဲ့ သူတွေရှိတယ် အဲ့လိုအိမ်ဆောက်ပြီး လာနေတဲ့သူတွေက တကယ့်ထိပ်တန်းမိသားစုတွေပဲ ရှိတာ အစ်ကိုကြီး ” 

လျန်ရွှီစကားပြောပြီးပြီးချင်းမှာပင် အိမ်ထဲမှအသက်ကြီးသူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“လာပြီ လာပြီ” 

သူတို့သည် တံခါးရှေ့တွင် မတ်မတ်ရပ်နေကြပြီး တံခါးပွင့်လာသောအခါ အသက်ငါးဆယ်အရွယ်လောက်ရှိပြီဖြစ်သော အိမ်တော်ထိန်း အဘိုးကြီး တစ်ယောက်ထွက်လာပြီး သူတို့ကို ပြုံးကြည့်၍ 

“မင်းက” 

“သမီးတို့ တောင်ပေါ်တက်လာရင်း နှင်းမုန်တိုင်းမိသွားလို့ ဒီတစ်ညလောက် နားခိုခွင့် ပြုနိုင်မလားရှင့်” 

လျန်ရွှီက ယဉ်ကျေးစွာမေးလိုက်သည်။ 

လူအိုကြီးသည် သူတို့ကိုကြည့်၍ အပြင်ဘက်မှ လေပြင်းများရော၍ တိုက်ခတ်နေသော နှင်းမုန်တိုင်းကို တစ်ချက်ကြည့်၍ ပေါ့ပါးစွာနောက်ဆုတ်ကာ 

“ဒါပေါ့ ဝင်ခဲ့ကြ ကလေးတို့” 

သူတို့အထဲဝင်လိုက်သည်နှင့် နွေးထွေးမှုကို ခံစားလိုက်ရပြီး အားလုံးသည် အခုမှ အသက်ပြန်ရှင်လာသလို ခံစားရသည်။  ထို့နောက် သူတို့သည် လူအိုကြီး၏ ညွှန်ကြားမှုကြောင့် နှင်းများရွှဲနေသော ဂျက်ကတ်များကို ချွတ်လိုက်ကြသည်။ 

တောင်ပေါ်တွင် မြို့ပေါ်မှာကဲ့သို့ လေပူစက်များမရှိသောကြောင့် ရှေးနည်းအတိုင်း မီးလင်းဖိုသာရှိသည်။ အိမ်ထဲတွင် လူအိုကြီးအပါအဝင် နောက်ထပ် လူနှစ်စုသည် ကိုယ့်အုပ်စုနှင့်ကိုယ် ဆိုဖာပေါ်မှာထိုင်နေကြသည်။ 

တစ်စုမှာ အသက်ကြီးကြီးစုံတွဲတစ်တွဲ ကပ်လျက်ထိုင်နေကြတာဖြစ်ပြီး သူတို့သည် ကျန်းလော်ကို ကြင်နာစွာကြည့်နေကြကာ သူတို့အဝတ်များ အခြောက်ခံရန် ကူညီပေးကြသည်။ အဝတ်များကို မီးလင်းဖိုတွင်အခြောက်ခံရင်း ရုတ်တရက်တိုက်ခတ်လာသော နှင်းမုန်တိုင်းအကြောင်း ပြောနေကြသည်။ 

နောက်တစ်အုပ်စုမှာ လူငယ်ကျောင်းသားလေးယောက်ဖြစ်ပြီး အမျိုးသားနှစ်ယောက် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။ သူတို့သည်လည်း ခွဲထိုင်နေကြကာ သူတို့ဂွမ်းကပ်အင်္ကျီများကို ချွတ်၍ မီးလင်းဖိုနားတွင် အခြောက်ခံနေကြသည်။ ကြည့်ရသည်မှာ ကံမကောင်းဘဲ နှင်းမုန်တိုင်းမိကြသူများမှာ သူတို့ကြီးပဲ မဟုတ်ချေ။ 

ကျောင်းသားလေးယောက်သည် သူတို့ကို လက်ဝေ့ယမ်းပြပြီး နှုတ်ဆက်သည်။ ဆံပင်ကောက်ကောက်နှင့် ကောင်မလေးသည် ဖော်ရွေစွာပြောသည်။ 

“နင်တို့လည်း ဒီတောင်ပေါ်ကို လေစုဖို့ လာတာလား” 

“ဟာ” 

လျန်ပင်းသည် ရှုပ်ထွေးသွားပြီး 

“ဒီလိုနှင်းကျနေတဲ့ နေ့ကြီးမှာ တောင်ပေါ်ကို ဘာယူဖို့ လာကြတာ..”

“နှင်းမုန်တိုင်းကျတဲ့ နေ့တွေကရှားပါးတယ်လေ” 

လည်ပိတ်ဆွယ်တာနှင့် ကင်မရာကိုင်ထားသော အမျိုးသားက အသေးအဖွဲကိစ္စလေးတစ်ခုလို ပြောလိုက်သည်။ 

“ကျွန်တော်တို့ ဒီလောက်များတဲ့နှင်းတွေ တစ်ခါမှ မမြင်ဖူးသေးဘူး မနက်ကျရင် နှင်းတွေက အများကြီး ဖြစ်နေမှာ ဒါနဲ့ ကျွန်တော်တို့လေးယောက် ဒီနေရာပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ဖို့ အထူးတလယ်လာခဲ့တာ” 

သက်ကြီးစုံတွဲသည် သူတို့ဘေးနားမှဆိုဖာတွင်ထိုင်နေပြီး သူတို့အတွက် ရေနွေးငှဲ့ပေးသည်။ 

“ကျုပ်တို့ အိုကြီးအိုမတွေလည်း နှင်းမုန်တိုင်းကြောင့် ဒီမှာလာပိတ်မိနေတာပဲ မနက်တုန်းက နှင်းကျလာတာနဲ့ ထင်းသွားရှာပြီး ပြန်မလို့ကို မမျှော်လင့်ဘဲ လမ်းတွေက နှင်းကြောင့် တအားလျှောနေတာ ဒါနဲ့ ထင်းတွေသယ်ပြီး တောင်ပေါ်ပဲတက်လာရတော့တာပဲ အဲ့ဒီမှာ နှင်းမုန်းတိုင်းက တိုက်လာတော့ ဘာပြောကောင်းမလဲကွာ စိတ်ကိုရှုပ်သွားတာပဲ တော်သေးတယ် ကျုပ်တို့ကို မုန်တိုင်းရှောင်ရင်း ဒီမှာနားခိုခွင့်ပေးလို့ အိမ်တော်ထိန်းယန်ကို ကျေးဇူးတင်ရမယ် ” 

အိမ်တော်ထိန်းယန်သည် အင်္ကျီများကို စနစ်တကျချိတ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွား၍ မုန့်နှစ်ပန်းကန် သွားယူလာသည်။ 

“လမ်းကြမ်းတော့ လာရတာခက်ခဲကြမှာပဲ မုန်တိုင်းစဲတဲ့ထိ လွတ်လွတ်လပ်လပ်နေသွားကြပါ ကျွန်တော်တို့ မိသားစု သခင်ကြီးက ဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံတတ်တဲ့ လူကောင်းမို့လို့ စိတ်ပူစရာမရှိပါဘူး” 

ထိုစကားကြားသောအခါမှသာ လူတိုင်းသည် အနည်းငယ် နေရထိုင်ရအဆင်ပြေသွားသည်။ အုပ်စုလိုက်ကြီးသည် အတူတူဝိုင်းဖွဲ့ စကားပြောနေပြီး မကြာခင် နာမည်တွေတောင် မေးပြီးကြသည်အထိ ရင်းရင်းနှီးနှီး စကားပြောကြသည်။ 

ကျောင်းသားလေးယောက်သည် ဤနေရာအနီးတဝိုက်ရှိ တက္ကသိုလ်မှဖြစ်ပြီး ဓာတ်ပုံအသင်းမှသူများ ဖြစ်ကြသည်။ ဦးထုပ်ဆောင်းထားသော တစ်ယောက်သည် တုကော ဟုခေါ်ပြီး ဓာတ်ပုံအသင်း၏ ဥက္ကဌဖြစ်သည်။  ဆံပင်ကောက်ကောက်နှင့် တစ်ယောက်သည် ချင်းယွင်ဖြစ်ပြီး အသင်း၏ ဒုဥက္ကဌဖြစ်သည်။ 

နောက်ထပ်အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်မှာ ဓာတ်ပုံအသင်းမှ အသင်းသားများဖြစ်ကာ စုံတွဲဖြစ်ကြပုံရသည်။ ကျောင်းသားလေးယောက်စလုံးသည် ပါးစပ်ဖွာစကားများကြသူများ မဟုတ်ကြပေ။ 

သူတို့အားလုံးသည် အသက်တူတူပဲ ဖြစ်ကြပြီး အကြောင်းအရာအတော်များများကို ဆွေးနွေးပြောဆိုနိုင်ကြသည်။ သို့သော် လျန်မောင်နှမသုံးယောက်သည် သူတို့ပြောနေကြသော အကြောင်းအရာများကို လည်ပင်းလေးရှည်ရင်း တိတ်တိတ်လေးသာ နားထောင်နိုင်သည်။ သူတို့သည် ယခုခေတ်စားနေသော အကြောင်းအရာများကို တစ်ခုမှမသိသလို သူတို့ပြောနေတာကိုလည်း တစ်ခါမှမကြားဖူးသောကြောင့် ထိုင်ပြီး ကြောင်တောင်တောင် ရယ်နေကြရုံသာ တတ်နိုင်သည်။ 

ကျောင်းသားလေးယောက်သည် သူတို့ကို ဂရုမစိုက်ပေ သို့သော် သူတို့သည် ကျန်းလော်ထံသို့ ခနခန ခိုးကြည့်မိကြသည်။  တုကောသည် ကင်မရာကို ကျန်းလော်ဘက်ချိန်၍ 

“ကျွန်တော့်ကို ခင်များရဲ့ ဓာတ်ပုံတစ်ပုံလောက် ရိုက်ခွင့်ပေးနိုင်မလားဗျာ” 

ဆိုဖာခုံတွင် လူအများကြီးမဆန့်သောကြောင့် ကျန်းလော်သည် အောက်မှကောဇောပေါ်တွင် တင်ပြင်ခွေထိုင်နေသည်။ ဆံပင်ရှည်နှင့်လူငယ်လေးသည် ကင်မရာကို ကြည့်၍ 

“မရိုက်တာပဲ ကောင်းမယ်” 

တုကောသည် စိတ်ပျက်ကာ ကင်မရာကို ပြန်သိမ်းလိုက်သော်လည်း အလျော့မပေးသေးဘဲ 

“ကောင်းပါပြီ စိတ်ပြောင်းပြီး ကျွန်တော့်ကို တစ်ပုံလောက် ရိုက်ခွင့်ပေးဖို့ မျှော်လင့်ပါတယ်” 

ချင်းယွင်၏ အပြုံးသည် လျော့တိလျော့ရဲဖြစ်သွားပြီး တုကောလက်မောင်းကို ဆွဲဖက်လိုက်ကာ စသလိုနောက်သလိုနှင့် သတိပေးလိုက်သည်။ 

“နောက်ထပ်လူပုံရိုက်ရင် ကျွန်မကို မော်ဒယ်လုပ်ခိုင်းမယ်လို့ အရင်က ရှင်ကတိပေးထားတယ်လေ ကျွန်မစောင့်နေတာ တစ်နှစ်တောင်ရှိပြီ ရှင်က တစ်ပုံလေးတောင် ရိုက်မပေးသေးဘူး” 

တုကောသည် မျက်နှာထားပြောင်းမသွားဘဲ 

“ချင်းယွင် စိတ်ဝိဉာဉ်ကွန့်မြူးတယ်ဆိုတာ ရချင်တိုင်းမရဘူးကွ ဒီတော့ ငါလည်း မတတ်နိုင်ဘူး”, 

တုကောသည် သူ့လက်မောင်းကို ချင်းယွင်လက်ထဲမှ ဆွဲထုတ်ရင်း ပြောလိုက်သည်။ ချင်းယွင်သည် သူ့အပြုအမူကြောင့် ရှက်ရွံ့သွားသည်။ အချိန်ကိုက်ပင် အိမ်တော်ထိန်းယန်သည် မီးဖိုချောင်ထဲမှ ထွက်လာသောကြောင့် ချင်းယွင်က လှမ်းမေးလိုက်သည်။ 

“အဘိုးယန် ဒီမှာ သခင်ကြီးရဲ့ မိသားစုရော ရှိလား” 

အိမ်တော်ထိန်းယန်က သိမ်မွေ့စွာပြောလိုက်သည်။ 

“အွန်း ကျုပ်တို့သခင်ကြီး ကတော့ ခုနကမှပြန်ရောက်ခဲ့ပြီး အခန်းထဲမှာ အနားယူနေပါတယ် ကျေးဇူးပြုပြီး ကျုပ်တို့သခင်ကြီးရဲ့ ရိုင်းပြမှုကို ဗွေမယူပါနဲ့” 

ချင်းယွင်သည် လက်ယမ်းပြလိုက်ပြီး 

“မယူပါဘူး မယူပါဘူး” 

မေးခွန်းတစ်ခုပြီးတစ်ခုမေးပြီးနောက် စောနက အရှက်ရသည့် အဖြစ်အပျက်သည် ပျောက်ကွယ်သွားတော့သည်။ အိမ်တော်ထိန်းယန်၏ စကားများကြောင့် ချင်းယွင်သည် အိမ်တော်သခင်ကြီး ဆိုသူအကြောင်း သိချင်သွားသည်။ 

ဤတစ်ကြိမ်သည် အိမ်တော်ကြီးများ၏ အိမ်တော်ထိန်းကို ပထမဆုံးတွေ့ဖူးတာ ဖြစ်သောကြောင့် သူမသည် ပိုပြီး မေးခွန်းများ မေးချင်သေးသည်။ သို့သော် ဘယ်သူမှ စကားဆက်မပြောကြသောအခါ သူမသည် အလွန်ရှက်ရွံ့သွားသောကြောင့် စကားဆက်မပြောတော့ပေ။ 

အိမ်တော်ထိန်းယန်က ဆက်ပြောသည်။ 

“ကဲ ကျုပ်ညစာပြင်နေတာလေ အဲ့တာ မင်းတို့ တစ်ခုခု မစားတာရှိသေးလား လာမေးတာပါ” 

လူအုပ်လိုက်ကြီးသည် ခေါင်းခါလိုက်ပြီး ကျေးဇူးတင်လိုက်သည်။ ထို့နောက် ကျန်းလော်သည် လက်မြှောက်လိုက်ပြီး 

“ ဆောရီး ကျွန်တော် ငါးမစားဘူးဗျ” 

အိမ်တော်ထိန်းယန်သည် ပြုံးလိုက်ပြီး 

“ဒီည ညစာမှာ ငါးမပါပါဘူး စိတ်မပူပါနဲ့” 

ကူလုပ်ပေးမည်ကို ငြင်းဆန်ပြီးနောက် အိမ်တော်ထိန်းသည် မီးဖိုခန်းထဲသို့ ပြန်သွားလိုက်သည်။ ဘာမှလုပ်စရာမရှိသောအခါ ကျန်းလော်၏ စပ်စုစွန့်စားချင်စိတ်သည် ပိုပိုဆိုးလာပြီး ထရပ်လိုက်ကာ အောက်ထပ်သို့ လျှောက်ကြည့်တော့သည်။ 

ပထမထပ်တွင် မာစတာအိပ်ခန်းများနှင့် ဧည့်သည်ခန်းများရှိပြီး အိမ်တော်ထိန်းယန်၏ လမ်းညွှန်မှုမပါဘဲ ဝင်မကြည့်နိုင်သော နေရာများဖြစ်သည်။ ကျန်းလော်သည် နေရာအနှံ့လျှောက်ပတ်ကြည့်ပြီးနောက် ကောက်ချက်ချလိုက်သည်။ 

‘ဒီစံအိမ်ပိုင်ရှင်က တော်တော် အထက်တန်းကျပြီး တကိုယ်ကောင်းဆန်တဲ့ လူဖြစ်ရမယ်’ 

နေရာတိုင်းတွင် မှန်များ ဆိုဒ်စုံခင်းကျင်းထားပြီး ထောင့်တိုင်းတွင် ဆောင်းတွင်းမှာတောင် အညွှန့်တလူလူတက်နေသော နှင်းဆီပင်များရှိသည်။ အိမ်တံခါး အဝင်စတွင် ကျော့ရှင်းသော သူဌေးဆောင်း ဦးထုပ်တစ်လုံးနှင့် လေကာဂျက်ကတ်တစ်ထည်ကို ကုတ်ချိတ်စင်တွင် သပ်သပ်ရပ်ရပ် ချိတ်ထားသည်။ လေကာဂျက်ကတ်သည် ခေါက်ချိုးရာ တစ်ခုလေးမျှ မရှိအောင် ကျော့ရှင်းကော့ပြန်နေသည်။ 

လူများစွာ လျှောက်ထားသော အဝင်စမှ ကောဇောသည် ဖုန်နှင့် အမှိုက်စများ တစ်စက်လေးမှ မရှိအောင် သန့်ရှင်းနေသည်။ အိမ်တော်ထိန်းအိုကြီးသည် ငါးဆယ်ကျော်နေပြီဖြစ်သော်လည်း လူငယ်များထက် သန်တုန်းမြန်တုန်း ဖြစ်နေသေးသည်။ 

အိမ်ကြီးသည် ဖုန်းရွှေလည်း ကောင်းပြီး သူတို့အားလုံးနေထိုင်ရန် ကျယ်ကျယ်ဝန်းဝန်း ရှိသည်။ အိမ်တော်ထိန်းသည် ညနေပိုင်းတွင် ပြန်ထွက်လာပြီး သူတို့ပျင်းနေတာ မြင်သောအခါ ပိုကာနှစ်ထုပ်ရှာပေးသွားသည်။ 

တစ်နာရီကြာပြီးနောက် ညစာအဆင်သင့်ဖြစ်ပြီဖြစ်သည်။ 

နှေးကွေးသော အိမ်တော်ထိန်းကြီးသည် အစားအသောက်အမျိုးမျိုးကို ပထမထပ်သို့ ယူသွားပြီး နောက်ခနကြာသောအခါ ထိုအစားအသောက်များ ပြန်ယူပြီး ဆင်းလာသည်။ 

သူသည် သက်ပြင်းချလိုက်ပြီး ဘာမှမပြောလာသော်လည်း ဧည့်သည်များကို နှုတ်ဆက်လိုက်ကာ 

“အရင်သုံးဆောင်ကြပါ လူကြီးမင်းတို့” 

ညစာသည် အလွန်ရက်ရောပြီး အရသာရှိသည်။ တစ်ခန်းလုံးမှ လူများသည် အလွန်ဆာလောင်နေကြပြီ ဖြစ်သောကြောင့် ခေါင်းမဖော်နိုင်အောင် စားတော့သည်။ သူတို့စားလို့ဝသောအခါ အိမ်တော်ထိန်းကြီး၏ ဟင်းချက်လက်ရာကို အစွမ်းကုန် ချီမွမ်းကြသည်။  

အိမ်တော်ထိန်းယန်သည် ခေါင်းယမ်းကာ ရယ်နေပြီး သူတို့ကို ပန်းလက်ဖက်ရည်နှပ်ပေးနေသည်။ 

လက်ဖက်ရည်အနံ့နှင့် သစ်သားစံအိမ်သေးသေးလေးသည် နှင်းမုန်တိုင်းကြမ်းကြမ်းကြားတွင် လူတိုင်းကို နွေးထွေးစေသည်။ 

ဧည့်ခန်းထဲတွင် တီဗီရှိသော်လည်း ဒီအချိန်တွင် လိုင်းများပြတ်နေမည်ကို သိကြသောကြောင့် မည်သူကမှ တီဗီမဖွင့်ကြပေ။ 

စားသောက်ပြီးနောက် လူကြီးစုံတွဲသည် ပင်ပန်းသောကြောင့် အနားယူရန် အခန်းထဲသို့ ဝင်သွားကြသည်။ လူငယ်များသည် မအိပ်ချင်ကြသေးပေ။ တုကောသည် ဖုန်းကိုင်ပြီး မျက်မှောင်ကြုတ်ကာ 

“ဒီမှာအခုချိန်ထိ လိုင်းမမိသေးဘူး မင်းတို့ရော မိကြလား” 

ကျန်းလော်သည် မသုံးရတာ ဆယ်ရက်လောက်ရှိပြီဖြစ်သော ဖုန်းလေးကို ထုတ်ကြည့်လိုက်သည်။ သူ့ဖုန်းတွင်လည်း လိုင်းမရှိပေ။ တစ်ယောက်ယောက်မှ ဂိမ်းဆော့ဖို့ အကြံမပေးလာခင်အထိ အလွန်ပျင်းနေကြသည်။ 

“ဒီမှဦ ပိုကာကတ်တွေလည်း ရှိနေတာကို ငါတို့ ဘုရင်ဂိမ်းဆော့ကြရအောင်လေ” 

လျန်ရွှီတို့ သုံးယောက်သည် တစ်ခါမှ မကစားဖူးကြသောကြောင့် ဂိမ်းစည်းမျဉ်းများကို သေချာအာရုံစိုက်၍ နားထောင်နေကြသည်။ 

“ဘုရင်ကတ်ဆွဲမိတဲ့သူက တခြားသူကို အမိန့်ပေးလို့ရတယ် တခြားနှစ်ကတ် ဆွဲမိရင်လည်း အမိန့်ပေးလို့ရတယ် တကယ်လို့ သူတို့က ပြောတဲ့အတိုင်း မလုပ်ရင် အပြစ်ပေးခံရမယ် ရလား” 

ချင်းယွင်သည် ဘုရင်ဂိမ်းကို အလွန်ကျွမ်းကျင်ပုံရပြီး စားပွဲပေါ်တွင် လူရှစ်ယောက်ရှိသောကြောင့် သူမလက်ထဲတွင် ဖဲချပ်ကိုးချပ်ကိုင်ထားပြီး 

“ဟုတ်ပြီ တစ္ဆေကတ်ကို ဆွဲမိတဲ့သူက ဘုရင်ပဲနော်” 

ကျန်းလော်သည် စိတ်မဝင်စားပဲ မေးစေ့ကို ကိုင်ထားကာ ဖဲချပ်များ ရောနေသော ချင်းယွင်၏ လက်သည်းနီဆိုးထားသော လက်ကိုကြည့်နေသည်။ ချင်းယွင်ကတ်များကို ဖြန့်ချတော့မည့်အချိန်တွင် တစ်ဖက်တွင် ထိုင်နေသော အိမ်တော်ထိန်းယန်သည် ရုငတ်တရက် ထရပ်လိုက်ကာ ပထမထပ်ကို မော့ကြည့်လိုက်ပြီး လေးစားစွာ ခေါ်လိုက်သည်။ 

“သခင်ကြီး” 

လူအုပ်ကြီးသည် အေးခဲသွားပြီး လှေကားပေါ်သို့ ပြိုင်တူလှည့်ကြည့်လိုက်သည်။ 

ပထမထပ် လှေကားလက်ရန်းနားတွင် လူတစ်ယောက်မတ်တပ်ရပ်နေသည်။ ထိုလူသည် အရပ်ရှည်ကာ အနက်ရောင်ရေချိုးခန်းဝတ်ရုံဝတ်ထားပြီး အောက်ထပ်မှ လူများကို ငုံ့ကြည့်၍ 

“ဘာဂိမ်းတွေများ ကစားနေကြတာလဲ” 

နှုတ်ခမ်းပါးတို့ ကွေးတက်သွားကာ ပျင်းရိစွာ ပြုံးပြသည်။ မျက်နှာချောချောတွင် မောက်မာဝံ့ကြွားမှု အနည်းငယ်ထင်ဟပ်နေပြီး မဟာနဖူးနှင့် နှာတံမြင့်မြင့်ကို ပထမထပ်ကော်ရစ်တာ အရိပ်က ဖုန်းကွယ်ထားသည်။ 

“မင်းတို့အသံက အရမ်းဆူတော့ ကိုယ်နည်းနည်းတော့ အနှောက်အယှက်ဖြစ်တယ်ကွ” 

############################