Ch 98
Viewers 8k

အပိုင်း (၉၈)


 သွေးငါးရှဉ့်များ နှင့် လူသားများ

ကျန်းလော်သည် ထိုသတ္တဝါ၏သွေးနှင့် အကျိအချွဲရည်တို့၏ လုပ်ဆောင်ချက်ကို ရွံရှာသွားသည်။

သွေးသည် လူကိုပူသွားစေရုံသာမက ထိုကိစ္စကိုတောင်ထကြွလာစေသည်။ မည်မျှစက်ဆုပ်ဖွယ်ကောင်းလိုက်ပါသနည်း။ ငါးထီး၏သွေးများသည် အလွန်ညစ်ပတ်လွန်းသောကြောင့် ပြောပြဖို့ပင် မထိုက်တန်ချေ။

ကျန်းလော်မျက်နှာသည် ပြာနှမ်းနေပြီး ဒေါသထွက်လွန်းသောကြောင့် ရင်ဘက်သည် နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။ သို့သော် မကောင်းဆိုးဝါးသည် ကျန်းလော်သည် ဒေါသကိုထိန်းနေပြီး သူ့ကိုဘာမှပြန်မလုပ်မိရန် ဟန်ဆောင်နေသည်ဟုထင်သွားကာ အလွန်စိတ်ဝင်စားလာသည်။ ထိုအချိန်တွင် ငါတို့သည် ကျန်းလော်၏ကံဆိုးသောညလေးကို ချီယုံ့ကို မြင်ခွင့်မပေးလိုက်သင့်ပေ။

ကျန်းလော်သည် အလွန်ပူသောလေများကို ရှူထုတ်နေသည်။ သူခန္ဓာကိုယ် ကိုယ်ပူကျသွားအောင် ကြိုးစားနေသည်။ မိုးရေများကြောင့် သူ့အဝတ်သည်ကိုယ်နှင့်ကပ်ကာ ရွှဲရွှဲစိုနေသော်လည်း နည်းနည်းများအေးမလာပေ။ ကျန်းလော်သည် ပုံမှန်အသံနှင့်

“စာသင်တာ ဒီလောက်ထိပဲ”

ပြောပြီး ကျန်းလော်သည် မကောင်းဆိုးဝါးကို ကျောခိုင်းကာ အခန်းပြန်သွားသည်။ မကောင်းဆိုးဝါးသည် ကျန်းလော်ကို ဆွဲလိုက်ပြီး သူ့ရှေ့သွားရပ်လိုက်သည်။ ကျန်းလော်သည် ရင်ဘက်ထဲတွင် တင်းကျပ်နေပြီး မကောင်းဆိုးဝါးကို မလှုပ်ဘဲမော့ကြည့်လိုက်သည်။ ဆံပင်အနက်နှင့်ကောင်လေး၏ မျက်နှာတွင် မြင်နေကျမဟုတ်စွာ နီရဲနေပြီး အသက်ရှူသံများလေးလံနေသည်။ အေးစက်သော မိုးရေထဲတွင်ပင် အငွေ့ဖြူဖြူများ အသက်ရှူလိုက်တိုင်းထွက်နေသည်။

သူ့မျက်လုံးများသည် အေးစက်နေပြီး သတိပေးသလို မကောင်းဆိုးဝါးကိုကြည့်လိုက်သော်လည်း မျက်လုံးများသည် အလွန်နီရဲနေသည်။ ဤကဲ့သို့ပုံမှန်မဟုတ်စွာ နီရဲနေခြင်းသည် ဒေါသမဟုတ်ဘဲ တစ်ခုခုကိုတောင့်ခံထားရခြင်းသာဖြစ်နိုင်သည်။

‘ညှို့နိုင်လွန်းတယ်’

ချီယုံသည် သ‌ဘောကျစွာရယ်လိုက်ပြီး

“မင်းကိုကြည့်ရတာ နည်းနည်းလွတ်နေပုံပဲ”

အသက်ရှူသံကို မနည်းတည်ငြိမ်အောင်ထိန်းလိုက်ပြီး ကျန်းလော်သည် တည်တံ့စွာမေးလိုက်သည်။

“ပြောကြည့်လေ ငါဘာဖြစ်နေတာလဲ”

မကောင်းဆိုးဝါးသည် မျက်မှောင်ကြုတ်လိုက်ကာ သူ့ကိုသေချာကြည့လိုက်သည်။ ကောင်လေးသည် သူဘယ်လိုကြည့်ကြည့် မူမမှန်ပေ။

“မင်းဖြစ်နေတာ........................”

ကောင်လေးသည် မျက်လုံးများမှေး၍ ကြည့်လိုက်သည်။ အဖြေကိုနားထောင်ရန် အဆင်သင့်ပြင်ထားပုံဖြင့် ကျန်းလော်၏လက်ချောင်းများသည် ကွေးနေအောင် ဆုပ်ထားပြီး သူ့ခန္ဓာကိုယ်သည်တောင့်တင်းနေသည်၊

“ဖျားနေတာလား”

ချီယုံ၏ သေချာတွေးထားသော အဖြေကိုကြားသောအခါ

ကျန်းလော် “..................”

ကျန်းလော်သည် တိတ်ဆိတ်သွားသည်။ မကောင်းဆိုးဝါးသည် သူ့အတွေးနှင့်သူ ခေါင်းညိတ်လိုက်သည်။ အာဏာရှင်မကောင်းဆိုးဝါးကြီးသည် ရုတ်တရက်ကြီး ကျန်းလော်ကို မစနောက်ချင်တော့ပဲ အကြောင်းမရှိစွာ မကျေမနပ်ဖြစ်လာသည်။ ကျန်းလော်လိုလူမျိုး၏ လူသားခန္ဓာကိုယ်သည်ပင် အလွန်ချူချာနူးညံ့နေသည်။ ကောင်လေးသည် တစ်ခါလောက်လေး ရေချိုးလိုက်ရုံနှင့် ဖျားသွားသည်။ သူကဲ့သို့လူ၏ ပြိုင်ဘက်သည် လူသားခန္ဓာကိုယ်တွင် ဖိနှိပ်ကာ အကျဉ်းချခံနေရသည်။

သူနေမကောင်းဖြစ်မယ်၊ ဒဏ်ရာရမယ် ပြီးရင် သေသွားမယ်

‘စိတ်ဝင်စားဖို့ကောင်းမနေတော့ဘူး’

ချီယုံသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး မျက်နှာထားသည် အလွန်အေးစက်သွားသည်။ လေထုသည် အလွန်ပါးလာပြီး မြူနက်များသည် သူ့နောက်တွင်အလုံးအရင်းပေါ်လာသည်။ သူ့အရှိန်အဝါသည် တစ်ခနလေးအတွင်းမှာပင် အလွန်အန္တာရာယ်ရှိသည့် လူအဖြစ်ပြောင်းလဲသွားသည်။ ကျန်းလော်သည် ချွေးများအလုံးလိုက် အလုံးလိုက်စီးကျလာချိန်တွင် မကောင်းဆိုးဝါးသည် ရုတ်တရက်ပျောက်သွားသည်။

ကျန်းလော်၏ဦးနှောက်ထဲတွင် ချက်ချင်းပင် အတွေးသစ်တစ်ခုသည် တဒေါင်ဒေါင်မြည်လာသလို ဝင်လာသည်။ သူရပ်နေသည့် နေရာမှ ကြောက်မက်ဖွယ်အရှိန်အဝါများ ခံစားနိုင်နေသေးသည်။

‘ချီယုံက ဘာဖြစ်တာလဲ’

‘ငါ့ကို နောက်ထပ်ထောင်ချောက်ဆင်သွားတာလား’

ကျန်းလော်သည် အလွန်စိတ်ရှုပ်သွားသည်။ သူသည် ထိုနေရာတွင် မိနစ်နည်းနည်းကြာအောင် စောင့်နေသော်လည်း ချီယုံပေါ်မလာပေ။ ကျန်းလော်သည် ချီယုံတကယ်ပေါ်မလာတော့သောကြောင့် သူထွက်သွားပြီမှန်းသိလိုက်သည်။

မကောင်းဆိုးဝါးသည် သူ့ကို တမင်တကာစိတ်ရှုပ်အောင်လိုက်လုပ်နေသောကြောင့် ကျန်းလော်သည် သူ့အကြောင်းမတွေးတော့ပေ။ သူ့ခန္ဓာကိုယ်မှ အပူသည် အလွန်ပြင်းထန်လာသောကြောင့် ကျန်းလော်သည် အခန်းသို့ အမြန်ပြန်သွားသည်။ အခန်းပြန်ရောက်သောအခါ ကျန်းလော်သည် ရေချိုးခန်းထဲတန်းဝင်သွားသည်။ ရေချိုးခန်းမှန်ထဲတွင် သူ့ကိုသူမြင်ပြီး ချီယုံသည် အဘယ့်ကြောင့် သူ့ကိုဖျားနေသည်ဟုပြောမှန်း သဘောပေါက်သွားသည်။ သူ့မျက်နှာသည် နီရဲနေပြီး နှုတ်ခမ်းများသည် နှင်းဆီရည်အလောင်းခံထားရသကဲ့သို့ ရွှန်းစိုနေသည်။ ချွေးများနှင့် မိုးရေများသည် နဖူးမှစီးကျနေသည်။ ကျန်းလော်တစ်ကိုယ်လုံးသည် အရမ်းပူနေပြီး ဖြူဖတ်နေသည်။ သို့သော် သူ့ကိုယ်သူမြင်ပြီး သူသည် ဖျားနေတာမဟုတ်ဘဲ မီးလောင်နေသလိုဖြစ်နေကြောင်း သိလိုက်သည်။

ကျန်းလော်သည် မျက်ခုံးတွန့်လိုက်ပြီး ရေချိုးကန်ထဲသို့‌ ရေအေးများထည့်လိုက်ကာ ကိုယ်အပူချိန်ကျသွားစေရန် ရေအေးထဲဝင်စိမ်ရန် အမြန်လုပ်လိုက်သည်။

ကျန်းလော်သည် အလွန်ပူလောင်နေသည်မှလွဲ၍ မသက်သာမှု တစ်စုံတစ်ရာ မခံစားရပေ။ မီးကဲ့သို့ပူလောင်နေခြင်းသည် သူ့ဆင်ခြင်တုံတရားကို မသက်ရောက်စေသော်လည်း သူ့ပါးစပ်ထဲတွင် အလွန်ခြောက်သွေ့နေသည်။ ရေစိမ်ပြီးနောက် ကျန်းလော်သည် ရေထပ်ချိုးလိုက်သည်။

တစ်စုံတစ်ခုကို သတိရသွားပြီး ကျန်းလော်သည် ထူးဆန်းသောမျက်နှာထားနှင့် သူ့နှုတ်ခမ်းသူကိုင်ကြည့်လိုက်သည်။ နောက်တစ်ခေါက် နမ်းလိုက်ပြန်ပြီ။ သူပြန်တွေးနေမိသည်မှာ ဂရုစိုက်၍ မဟုတ်ဘဲ ရွံလို့ဖြစ်သည်။ ကျန်းလော်သည် နောက်ကျောမှ ဓားနှင့်ထိုးခံလိုက်ရခြင်းဖြစ်သည်။

သူတို့သည် အနမ်းနှင့်တိုက်ခိုက် သတ်ဖြတ်ကြပြီး နှုတ်ခမ်းနှင့် လျှာတိုက်ပွဲသည် တငွေ့ငွေ့လောင်နေသော မီးတောက်ကဲ့သို့ပင် မိုးရွာထဲမှာပင် သတိမထားမိစွာ တိုက်ခိုက်ခဲ့ကြသည်။

ချီယုံ့အပေါ်သူမသနားမညှာတာတာကို အပြစ်မပြောကြပါနှင့် ချီယုံကသာ သူ့ကို မညှာမတာတိုက်ခိုက်အောင် လုပ်နေသည်သာ ဖြစ်သည်။

တစ်ခုခုမှားနေပုံရသော်လည်း သေချာပြန်တွေးကြည့်သောအခါ ဘာမှမှားမနေပေ။

ကျန်းလော်သည် အတွေးထဲတွင် အလွန်ရှုပ်ထွေးနေပြီး သူ့လက်များသည် ပျစ်ဆွဲကြီး ဟိုလုပ်သည်လုပ် လျှောက်လုပ်နေသည်။ ကျန်းလော်သည် ရှက်သွေးဖြာသွားပြီး သူ့ကိုယ်သူထိန်းချုပ်ကာ

‘သေစမ်း’

‘အဲ့ဒီအနမ်းကို တွေးမိလိုက်တာနဲ့ ဘာလို့ထောင်လာတာလဲဟ’

‘ဟိုငါးထီးကောင်ရဲ့ သွေးကြောင့်မို့လို့ ဒီလိုတုံ့ပြန်တာပဲနေမှာပါ’

‘သေချာတယ် ငါးထီးကောင်ကြောင့်ပဲ’

ကျန်းလော်သည် သူ့ကိုသူဝန်မခံချင်ဘဲ ခေါင်းမာနေသည်။ သူသည် သူ့ကိုယ်သူ ဝန်မခံပါပဲ သူသည် လုံးဝမလှုပ်ပဲ ဒေါသဖြေရန်ရေအေးလောင်းချလိုက်သည်။ သူအားလုံးပြီးသွားသောအခါ နာရီလက်တံသည် ၄နာရီသို့ရောက်နေပြီး မိုးလင်းနေပြီဖြစ်သည်။ အလွန်နောက်ကျနေပြီဖြစ်ကာ လူတိုင်းအိပ်ရာထဲတွင်ပင်ရှိနေဦးမည်ဖြစ်သည်။ ကျန်းလော်သည် ဆိုဖာပေါ်တွင် အပေါ်ဝတ်ခြုံလိုက်ကာ လှဲလိုက်ပြီး အတွေးမများဘဲ အိပ်ပျော်သွားရန် ကိုယ့်ကိုကိုယ် ဖိအားပေးလိုက်သည်။

မနက်ခင်းဆယ်နာရီတွင် ကောကျူသည် သူ့ကို လာနှိုးသည်။ ကျန်းလော်မျက်လုံးဖွင့်လိုက်သောအခါ ခေါင်းကိုတူနှင့်ထုခံထားရသလို ကိုက်ခဲနေသည်။ သူသည်နဖူးကိုကိုင်ပြီး ထထိုင်၍မေးလိုက်သည်။

“ဘယ်နှနာရီထိုးပြီလဲ”

သူ့အသံသူကြားပြီး မှင်တက်သွားသည်။ နှာသံပေါက်နေကာ ဆယ်ရက်လောက် စကားမပြောထားသကဲ့သို့ သဲသဲကွဲကွဲမကြားရပေ။ စကားပြောလိုက်လျှင် လည်ချောင်းထဲတွင် ဓားနဲ့မွှန်းထားသလို ခံစားရကာ အလွန်မသက်မသာဖြစ်နေပြီး တံတွေးပင်မြိုချမရပေ။ ကျန်းလော်သည် သူတကယ်ပဲ အအေးမိပြီး ဖျားနေပြီဆိုတာ သိလိုက်သည်။

“............”

ထိုအချိန်တွင် ကျန်းလော်သည် ဘာပြောလို့ပြောရမှန်း မသိတော့ချေ။

ကောကျူသည် သူ့အသံကိုကြားပြီး အံ့ဩသွားကာ ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်သည်။ ကျန်းလော်သည် ရေနွေးတစ်ဝက်လောက်သောက်လိုက်ပြီး လည်ချောင်းသည် အနည်းငယ်သက်သာသွားသလိုခံစားလိုက်ရသည်။

“ကျေးဇူး”

“စကားမပြောနဲ့တော့”

ကောကျူသည် စိတ်မကောင်းစွာပြောလိုက်သည်။ ထို့နောက်သူကပင် ဆက်ပြောသည်၊

“နေ့လည်၁၂နာရီထိုးတော့မှာ သင်္ဘောသားတစ်ယောက်က ငါ့ကိုလာပြောသွားတယ် မင်းကို သွေးငါးရှဉ့်နေ့လည်စာစားဖို့ ထမင်းစားခန်းထဲ လာခိုင်းပေးပါတဲ့”

ကျန်းလော်သည် အနည်းငယ်ထိုင်းမှိုင်းနေပြီး နှဖူးကိုပွတ်လိုက်ကာ နှေးကွေးစွာပြောသည်။

“အိုး ငါမှတ်မိပြီ ဒီနေ့က သုံးရက်မြောက်နေ့မလား”

ကောကျူသည် ပိုမိုစိုးရိမ်လာပြီး

“မင်းသွားဦးမှာလား”

“ငါမသွားလို့မရမှာစိုးတယ်”

ကျန်းလော်သည် ရေတစ်ငုံသောက်လိုက်ပြီး

“ချီအိမ်တော်က ငါ့ကိုဒီနေရာရောက်အောင်ပို့ပေးထားတာလေကွာ ငါမသွားရင် သူတို့အပြစ်တင်ဖို့ အကြောင်းအရာတစ်ခု ရသွားလိမ့်မယ်”

လုယုံရိနှင့် တခြားသူများသည် သူတို့အခန်းများထဲတွင် ပုန်းနေကြတုန်းဖြစ်ပြီး ယခုအချိန်သည် သူတို့ကို ဆွဲထုတ်လို့မဖြစ်သေးပေ။

ကောကျူကပြောလိုက်သည်။

“ဒါပေမဲ့ သူတို့ကျွေးမဲ့ သွေးငါးရှဉ့်က သက်ရှည်နုပျိုမဲ့ အာနိသင်ရှိရှိမရှိရှိ မကောင်းတာတော့ သေချာတယ် လုံးဝစားလို့မဖြစ်ဘူး”

“ငါသိပါတယ်ကွာ”

ကျန်းလော်သည် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး သူ့မျက်နှာကို သုတ်လိုက်ကာ

“အရင်အဝတ်အစားလဲလိုက်ဦးမယ် ဒါနဲ့ စကားမစပ် တခြားသူတွေ‌ရော”

“သူတို့တွေ သာမန်အရပ်သားတွေဘက် ပြန်သွားလိုက်ပြီ အဲ့ဒီဘက်မှာ အရပ်သားတွေကို ပြောပြပြီး အားလုံးကို မီးမှိတ်တာနဲ့ သင်္ဘောဝမ်းထဲမှာပုန်းနေကြဖို့ပြောထားကြတယ် အဲ့ဒီမိစ္ဆာတွေက အကျိအချွဲတွေလူးထားရင် လူသားနံ့မရကြဘူးဆိုတော့ သူတို့ကို လုံခြုံအောင် သင်္ဘောဝမ်းထဲမှာပဲ ပုန်းခိုင်းထားရမှာပဲ၊ ငါတို့ သွေးငါးရှဉ့်အမတွေကို အကုန်လုံးသတ်ပြီးရင် ဒါမှမဟုတ် ရဲတွေရောက်လာရင် ငါတို့အားလုံး အသက်ရှင်နိုင်ပြီ”

ကောကျူသည် စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

“တတ်နိုင်သလောက် တစ်ယောက်ဆိုတစ်ယောက်ကယ်ရမှာပေါ့...................ငါတို့လူနည်းနည်းလေးနဲ့ပဲ..............”

သူသည် ခါးသီးစွာရယ်လိုက်ပြီး ဆက်မပြောနိုင်တော့ပဲ။ သွေးငါးရှဉ့်အမတစ်ကောင်သေသွားလျှင် သင်္ဘောပေါ်ရှိအထီးများအားလုံးသည် ဒေါသထွက်သွားပေလိမ့်မည်။ ကောကျူသည် ထုတ်မပြောသော်လည်း သူတို့သည် ဤတိုက်ပွဲတွင် သေသွားနိုင်ကြောင်း နှလုံးသားထဲမှပင်သိနေသည်။ သူသည် အလွန်အကောင်းမြင်တတ်ကာ ပွင့်လင်းသောသူဖြစ်သောကြောင့် ထိုသေမည့်အကြောင်းကို ခေါင်းထဲကထုတ်ထားလိုက်သည်။ သူသည် ကျန်းလော်အဝတ်လဲနေသည်ကို စောင့်ရင်း သူဘယ်လိုများ သွေးငါးရှဉ့်မစားရအောင် လုပ်မလဲ သိချင်နေသည်။

ကျန်းလော်စိတ်အခြေအနေသည် အလွန်လည်ထွက်နေသည်။ ယခုအချိန်တွင် သူသည် ဘာကိုမှ မစဉ်းစားနိုင်ပေ။ အကြာကြီးစဉ်းစားပြီးနောက် ကျန်းလော်သည် အက်ကွဲနေသော အသံဖြင့်

“ကိစ္စမရှိဘူး မီးစင်ကြည့်ကလိုက်တာပေါ့ ငါအခုနေမကောင်းလို့ စားချင်စိတ်မရှိဘူး သူတို့ငါ့ကို ဘယ်လိုဖိအားပေးနိုင်မလဲ ကြည့်ကြသေးတာပေါ့”

ကောကျူသည် သူ့ကိုကြည့်လိုက်ပြီး ပိုပိုစိုးရိမ်လာကာ

“ကောင်းတယ် မင်းလုံးဝစားလိုက်လို့မဖြစ်ဘူးနော်”

နေ့လည်ခင်းတွင် ကျန်းလော်သည် စားသောက်ဆိုင်သို့ ထွက်ခဲ့သည်။ သို့သော် သူသည် လမ်းတွင် ခေါင်းမူးနေသောကြောင့် လူတစ်ယောက်နှင့် ဝင်တိုက်မိလိုက်သည်။ ကြည့်လိုက်သောအခါ သူသိနေသောသူ ဖြစ်နေသည်။ ချန်လိသည် ကျိန်ဆဲရန်ပြင်လိုက်သော်လည်း လူချမ်းသာတစ်ယောက်ကို မြင်လိုက်သောကြောင့် မျက်နှာထားကိုပြင်လိုက်ကာ ကျိန်ဆဲမည့်စကားများကို မျိုချလိုက်သည်။ ကျန်း‌လော်သည် ဖြတ်သွားရန်ပြင်လိုက်ပြီး ရုတ်တရက်ရပ်လိုက်ကာ ချန်လိကို ဘေးတိုက်ကြည့်ပြီး ပြုံးလိုက်ကာ

“မင်းနာမည်က ချန်လိမို့လား”

ချန်လိသည် စိတ်မရှည်စွာနှင့်

“ကျူပ်မင်းကိုဘာများကူညီပေးရမလဲ ဆရာ”

ကျန်းလော်သည် ခေါင်းယမ်းလိုက်ပြီး

“ဘာမှတော့မရှိပါဘူး ကျုပ်မင်းနာမည်ကို အရင်တုန်းကကြားဖူးသလိုရှိလို့ပါ........... ကျုပ်မှာ ကျောက်ချင်းလို့ခေါ်တဲ့ မိတ်ဆွေတစ်ယောက်ရှိတယ် သူမအမျိုးသားနာမည်ကလည်း ချန်လိဆိုတော့.........ဆောရီး ကျုပ်လူမှားသွားတာထင်တယ်”

ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး ဝမ်းနည်းသွားပုံဖြင့်

“ကျုပ် ကျောက်ချင်းနဲ့မတွေ့တာ တော်တော်ကြာနေပြီ သူမဘာတွေများလုပ်နေမလဲ မသိဘူး...ကျုပ်ကြားမိတာတော့ သူမမှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်တောင် ရနေပြီတဲ့”

ချန်လိသည် ထိုနေရာတွင် တောင့်တောင့်ကြီးဖြစ်သွားပြီး သူ့မျက်နှာမှ ကြွက်သားများပင် လူသေကဲ့သို့ တောင့်တောင့်ကြီးဖြစ်နေကာ ကျန်းလော်ကို စိုက်ကြည့်နေသည်။

ကျန်းလော်သည် ထွက်သွားမည်အလုပ် ကျန်းလော်ကိုဆွဲလိုက်ကာ လူထွားကြီးသည် သူ့ကိုယ်သူလက်ညိုးထိုးပြကာ အထိတ်တလန့်နှင့်

“ဟုတ်ပါတယ် ဟုတ်ပါတယ် ကျုပ်မိန်းမနာမည်က ကျောက်ချင်းပါဗျာ ကျုပ်ကသူ့ခင်ပွန်းပါ ကျုပ်တို့လက်ထပ်ထားတာ ကြာလှပြီ သမီးလေးနာမည်က မာ့မာ့ပါ ခင်များ လူမမှားပါဘူး”

ကျန်းလော်သည် အဆွဲခံလိုက်ရသောကြောင့် ခေါင်းကိုက်ခြင်းကပိုဆိုးလာကာ မနည်းထိန်းထားရပြီး ထိတ်လန့်ဟန်ဆောင်လိုက်ကာ

“တိုက်ဆိုင်လိုက်တာ”

ချန်လိသည် ခေါင်းညိတ်လိုက်ပြီး ကျန်းလော်ကို နှလုံးသားထဲထိသွားလောက်မည့် အကြည့်နှင့်ကြည့်လိုက်ပြီး

“ကျုပ်မိန်းမနဲ့ အများကြီး ရင်းနှီးလား၊ လူကြီးမင်း ကျုပ်မိန်းမအကြောင်း ကျုပ်ဘယ်သူ့ဆီကမှမကြားရတာကြာပြီဗျ ကျုပ်ကို နည်းနည်းလောက် သူ့အကြောင်းပြောပြနိုင်မလားဗျာ”

“သူမက ခင်များကို တခြားဘာမှမပြောဘူးလား သူမအကြောင်းဖြစ်ဖြစ် ကျုပ်တို့သမီးလေးအကြောင်းဖြစ်ဖြစ်....”

ကျန်းလော်သည် နေရခက်စွာကြည့်လိုက်သည်။

“နေ့လည်စာစားချိန်ရောက်နေပြီ”

“ကျူပ်မင်းကို ကျုပ်နဲ့အတူနေ့လည်စာစားရင်း အချိန်ဖြုန်းပေးဖို့ တောင်းဆိုလို့ရမလား”

ချန်လိသည် ခပ်ပြတ်ပြတ်ပြုံးလိုက်သည်။

“စကားနည်းနည်းပါပဲ ကျုပ်နဲ့စကားလုံးနည်းနည်းလောက်ပဲ ပြောပေးပါဗျာ”

ချန်လိသည် သူ့ကိုယ်သူမြေကြီးပေါ်မှ ဖုန်မှုန့်အထိအောက်ကျို့နေကာ သူသည် သူ့မိန်းမနှင့် သမီးကို အလွန်လွမ်းဆွတ်နေပြီး သူ့မိသားစုနှင့် ပျော်ရွှင်ခဲ့သည့် အမှတ်တရများကို တမ်းတနေသည်။ သူသည် သူ့မိသားစုအကြောင်းပြောပြရန် လူမရှိခဲ့ပေ။ ထို့ကြောင့် သူမတို့အကြောင်းသိသောသူတစ်ယောက် သင်္ဘောပေါ်တွင် ပါလာသောအခါ သူမနှင့် သမီးဖြစ်သူအကြောင်းကို အလွန်သိချင်နေသည်။

ကျန်းလော်သည် ချန်လိ၏အသနားခံနေသော မျက်ဝန်းကို ကြည့်၍

“ကျုပ်မင်းနဲ့ အစ်မကျောက်အကြောင်း ပြောချင်ပါတယ်၊ အမကျောက်က ဓာတ်ပုံပညာမှာ တကယ့်ဆရာမပဲလေ ကျုပ်က သူမဆီ ဓာတ်ပုံအကြောင်းတွေ မကြာခဏသွားပြောဖြစ်တယ်ဗျ......ဒါပေမဲ့ ကျုပ်အခုလုပ်ကိုလုပ်ရမဲ့ ကိစ္စလေးရှိလို့ဗျာ ညစာစားဖို့သွားရတော့မယ် ဒီသင်္ဘောပေါ်မှာ သွေးငါးရှဉ့်စားဖို့ ကျုပ်ပိုက်ဆံတွေ အကုန်သုံးလိုက်ရတာဗျ၊ ဒီလိုလုပ်ရအောင် ကျုပ်ညစာစားပြီးသွားရင် ခင်များဆီလာခဲ့မယ် အဲ့ကျမှ ကျူပ်တို့အတူသောက်ရင်း စကားအေးအေးဆေးဆေး ပြောကြတာပေါ့”

ချန်လိမျက်နှာသည် အလွန်ကိုပျက်သွားပြီး ကျန်းလော်လက်ကို ကြမ်းတမ်းစွာဆွဲလိုက်ကာ

“မင်းက ဆယ်ယောက်ထဲမှာပါနေတာလား”

ကျန်းလော်သည် ခေါင်းညိတ်လိုက်ကာ သက်ပြင်းချလိုက်ပြီး

“ဒီတစ်နပ်စာလေးအတွက် ကျုပ်ပိုင်ဆိုင်တာအကုန်သုံးလိုက်ရတာ”

ချန်လိသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး မျက်နှာသည် အလွန်ပျက်နေသည်။ သူသည် ရုတ်တရက် ကျန်းလော်ကို သူနှင့်နီးသွားအောင်ဆွဲလိုက်ပြီး အခန်းတစ်ခုအတွင်းသို့ ဆွဲသွင်းလိုက်သည်။ ချန်လိသည် တံခါးရော ပြတင်းပေါက်များပါ အကုန်ပိတ်လိုက်ပြီး အခန်းကို အမှောင်ချလိုက်သည်။

ကျန်းလော်သည် စိတ်ရှည်စွာ မတ်မတ်ရပ်နေပြီး ချန်လိသည် အခန်းတွင်းသို့ သေချာလိုက်ကြည့်ပြီး ဘယ်သူမှမရှိတာသေချာမှ ကျန်းလော်နားသို့ လျှောက်လာကာ အသံတိုးတိုးဖြင့်

“အဲ့ဒီ သွေးငါးရှဉ့်တွေ မင်းစားလို့မဖြစ်ဘူးကွ”

ကျန်းလော်သည် မျက်လုံးများမှေးကြည့်လိုက်ပြီး တမင်တကာ မယုံသလိုနှင့်

“ဘာလို့လဲ ကျုပ်သွေးငါးရှဉ့်တွေအတွက် ပိုက်ဆံတွေအများကြီး ပေးထားတာလေ”

ချန်လိသည် စိတ်မရှည်စွာ စုပ်သပ်လိုက်ပြီး

“မသေချင်ရင် အဲ့တာမစားနဲ့”

ကျန်းလော်သည် ဘာမှပြန်မပြောပေ။ ချန်လိသည် သူမယုံဘူးထင်ကာ အခန်းထဲသို့ စိတ်မရှည်စွာ ပတ်လျှောက်လိုက်ပြီး နောက်ဆုံးတွင် သူသည် တစ်လှမ်းထဲနှင့် ကျန်းလော်နားတိုးလာကာ စိတ်ဆုံးဖြတ်လိုက်ပုံဖြင့် အသံကိုတိုးလိုက်ကာ

“အဲ့ဒီသွေးငါးရှဉ့်တွေက လူတွေကို ငယ်ရွယ်နုပျိုစေပြီး အသက်ရှည်အောင်လုပ်ပေးနိုင်တယ်လို့ ဘယ်ကကြားလာတာလဲ”

ကျန်းလော်သည် မရေရာသောပုံဖြင့်

“တခြားလူချမ်းသာတွေဆီကနေလေ ”

ချန်လိသည် နှာမှုတ်လိုက်ပြီး ဆက်ပြီးမဖြောင်းဖျတော့ပဲ

“ဒါဆို သွေးငါးရှဉ့်စားထားတဲ့ လူတွေကိုမြင်ဖူးလား”

ကျန်းလော်၏အဖြေကို မစောင့်‌တော့ဘဲ

“အဲ့ဒီလူတွေက ဆယ်နှစ် နှစ်နှစ်ဆယ်လောက် ပြန်ငယ်သွားလား၊ အဲ့ဒီလူတွေရဲ့ ရောဂါကြီး ရောဂါလေးတွေ အကုန်ပျောက်ပြီး နောက်ထပ်ဆယ်စုနှစ်တွေ အသက်ရှည်သွားကြလား”

ကျန်းလော်သည် သူ့ကို မရဲတရဲကြည့်လိုက်ပုံဖြင့် အဆက်မပြတ်ခေါင်းညိတ်၍

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်’

ချန်လိသည် စိတ်အခြေအနေ အလွန်ဆိုးသွားပြီး

“အဓိပ္ပာယ်မရှိတာတွေ မင်းဘဝဆုံးသွားရင် ငယ်ရွယ်ပြီး အသက်ရှည်လည်း ဘာမှလုပ်မရတော့ဘူးကွ၊ သွေးငါးရှဉ့်ပေါက်တွေ အထီးရောအမရော ဘယ်ဟာမှ မကောင်းဘူး သားပေါက်အထီးတွေက လူသားခန္ဓာကိုယ်ထဲမှာ ကပ်တွယ်ပြီး လူတွေရဲ့ ခန္ဓာကိုယ်ကိုယူလိုက်ပြီး လူသားအရေခြုံထားတဲ့ မိစ္ဆာဖြစ်လာတာ၊ အမတွေကပိုကြောက်စရာကောင်းသေးတယ် အဲ့အကောင်တွေက မင်းတို့အသိတရားကို ထိန်းချုပ်ပြီး မင်းတို့ကို မင်းတို့ကိုယ်တိုင်ပျောက်ဆုံးသွားအောင် လုပ်ကြမှာကွ”

“အဲ့ဒီသင်္ဘောပေါ်ကထွက်သွားတဲ့ လူတွေအကုန်လုံးကို သွေးငါးရှဉ့်အမတွေက ထိန်းချုပ်ထားတာ၊ သူတို့က ပိုငယ်ပြီး အသက်ရှည်လာပေမဲ့ လူသားတွေ မဟုတ်ကြတော့ဘူး”

ကျန်းလော်သည် မျက်ခုံးများမြင့်တက်သွားပြီး

“အသိတွေကို ထိန်းချုပ်တယ်”

‘ချီယုံ့နည်းလမ်းနဲ့ တူမနေဘူးလား’

‘တွေးကြည့်ဖို့ အရမ်းကြောက်စရာကောင်းတယ်၊ မယုံနိုင်စရာပဲ’

သင်္ဘောပေါ်မှ သွေးငါးရှဉ့်စားခဲ့သော လူချမ်းသာများအားလုံးကို သွေးငါးရှဉ့်များက ထိန်းချုပ်လိုက်မည်ဆိုလျှင် သင်္ဘောတစ်ခုလုံးပေါ်မှ လူချမ်းသာများရော သာမန်လူများရော အားလုံးသည် သွေးငါးရှဉ့်စာများဖြစ်နေသည်လား။ သူတို့သည် ငါးအမများကို သုံးပြီး လူချမ်းသာများကိုထိန်းချုပ်ကာ သာမန်လူများကို ငါးစာနှင့် သားဖောက်ရန်ဥအိမ်အဖြစ်အသုံးချပြီး တစ်နှစ်ပြီးတစ်နှစ် သွေးငါးရှဉ့်များထိန်းချုပ်ထားသော လူချမ်းသာများပေါများလာကာ တပ်ဖွဲ့တစ်ခုပင် ဖြစ်လာနိုင်သည်။

‘သူတို့ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ’

‘ဘယ်လိုအစီအစဉ်များရှိထားလို့လဲ’

‘လူတွေကို ဘယ်လောက်တောင်ဖမ်းထားပြီး ငါးစာအဖြစ်ကျွေးခဲ့ပြီးပြီလဲ’

လူများကို အချိုးကျခွဲပြီး အစာအဖြစ်ရော မျိုးပွားရန်အတွက်ပါ အသုံးချနေသည်။ သူသည် ကျောရိုးတလျှောက်စိမ့်တက်လာကာ ကြက်သီးများထလာသည်။ ထိုအရာသည် ကောကျူပြောသလိုပင် လူကငါးကိုစားတာမဟုတ်ဘဲ လူကလူကိုပြန်စားတာသာဖြစ်နေသည်။ သို့သော် ပြောင်းပြန်တွေးကြည့်လျှင် ငါးများကို လူသားကျွေးခြင်းဖြစ်သည်။

ကျန်းလော်သည် သူသိလိုက်ရသော အချက်အလက်များကြောင့် မှင်တက်နေသည်။ သို့သော် သူသည် စိတ်ငြိမ်သွားပြီး တိတ်ဆိတ်စွာ ထွက်သွားရန်ပြင်လိုက်သည်။ သူထွက်မသွားခင် သူသည် ချန်လိကို မေးခွန်းတစ်ခု မေးလိုက်သည်။

“ခင်များ မိန်းမနဲ့ သမီးကို ပြန်တွေ့ချင်လား”

ချန်လိ၏မျက်လုံးများသည် မှိုင်းသွားပြီး

“မင်းမသိသေးဘူးလား သူတို့ဆုံးသွားပြီ”

ကျန်းလော်ကပြောလိုက်သည်။

“ခင်များသာ ခင်များမိန်းမနဲ့သမီးရဲ့ ဆံပင်ဖြစ်ဖြစ် သူတို့အဝတ်အစားဖြစ်ဖြစ် သူတို့အကြိုက်ဆုံးပစ္စည်းတစ်ခုစီရယ် သူတို့ မွေးရက်ရယ်သိရရင် ခင်များသူတို့ကို တွေ့နိုင်တယ်”

ပြောပြပြီးနောက် ခြေကုန်လက်ပန်းကျနေသော ချန်လိကို နှုတ်ဆက်လိုက်ပြီး စားသောက်ဆိုင်သို့ အချိန်မှီရုံလေးတင်ရောက်သွားသည်။

သို့သော် သူသည်သာလျှင် နောက်ဆုံးရောက်သွားတဲ့ ပထမအသုတ်ဆယ်ယောက်ထဲမှ သူဖြစ်နေသည်။ တခြားလူချမ်းသာကိုးယောက်သည် သူတို့ထိုင်ခုံတွင် အချိန်ကြာကြီးထိုင်စောင့်နေကာ သူတို့ဆယ်ယောက်မှလွဲလျှင် တခြားသူသော လူချမ်းသာများသည် နံရံကိုမှီပြီး မက်တပ်ရပ်နေကြသည်။ သူတို့သည် ပထမအသုတ်လူချမ်းသာများ သွေးငါးရှဉ့်စားသည်ကို စောင့်ကြည့်နေကြသည်။

ထိုထဲမှတစ်ယောက်သည် ကျန်းလော်အတွက် အလွန်ရင်းနှီးနေသည်။ နဖူးမောက်မောက် ပါးရိုးကျဉ်းကျဉ်းနှင့် နှာခေါင်းအလယ်တွင် မှဲ့ကြီးကြီးတစ်လုံးရှိနေသော ကျန်းလော်နှင့် ကောကျူတို့ ချီမိသားစုဝင်ဖြစ်ကောင်း သိထားသောသူ ဖြစ်သည်။ ကျန်းလော်သည် နှာခေါင်းရှုံ့လိုက်ပြီး နဖူးကိုပွတ်လိုက်ကာ ကပ္ပတိန်ဆီသို့ တန်းသွားလိုက်သည်။

“ကပ္ပတိန် ကျုပ်မနေ့ညက အအေးမိသွားလို့ အခုဖျားနေတယ်ဗျာ၊ ကျုပ်လည်ချောင်းကလည်း ယောင်နေသလိုဖြစ်နေပြီး တအားကိုနာနေတာဗျာ ကျုပ်ရက်နည်းနည်းလောက် ငါးစားနိုင်ဦးမယ်မထင်ဘူး၊ ကျုပ်ဒီနေ့စားမဲ့ဟာကို သိမ်းထားပြီး နေကောင်းမှပဲ စားလိုက်လို့ရမလား”

ကပ္ပတိန်သည် မျက်မှောင်ကြုပ်လိုက်သည်။ သို့သော် သူသည် ရယ်မောနေသော အသံကို မပြောင်းလဲပစ်လိုက်ပဲ နောင်တရသွားသလို ခေါင်းယမ်းလိုက်ပြီး ကရုဏာသက်သွားသလို ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး မစ်စတာကျုံးဝေ သွေးငါးရှဉ့်တွေအကုန်လုံးက အဆင်သင့်ဖြစ်နေပါပြီ ဟင်းပွဲကလည်း နာရီဝက်အတွင်းစားမှပဲ အကျိုးသက်ရောက်မှုရှိမှာ”

ကျန်းလော်သည် ချောင်းဆိုးလိုက်ပြီး သူမျက်နှာသည် ဖြူဖျော့သွားကာ နှုတ်ခမ်းသည် သွေးရောင်ရဲနေသောကြောင့် သူ့ကိုကြည့်လိုက်သည့် သူတိုင်းသည် သူအလွန်နေမကောင်းဖြစ်နေသည်ဟုသာ ထင်ကြမည်ဖြစ်သည်။ သူ့မျက်ခုံးများတွန့်သွားပြီး သူသည်အကြာကြီး စဉ်းစားဟန်ပြုကာ

“ဒါပေမဲ့ ကျွန်တော်အခုတကယ်ကို မစားနိုင်..............ထားလိုက်ပါတော့ ဒီနေ့ကျွန်တော့်နေရာကို တခြားသူကိုပေးလိုက်ပါတော့မယ် ကျွန်တော်စားဖို့အတွက်ကတော့ နောက်အသုတ်အထိစောင့်လိုက်ပါ့မယ်”

ကျန်းလော်သည် လူအုပ်ကြီးထဲကို လိုက်ကြည့်ကာ နှာခေါင်းပေါ်မှ မှဲ့ပါသော ချီမိသားစုဝင်ကို ညွှန်ပြကာ ပြုံးပြလိုက်သည်။ သူသည် အားနည်းစွာဖြင့် ပြောလိုက်သည်။

“ဒီကအစ်ကိုကြီး ကျွန်တော် အစ်ကိုကြီးကို ကျွန်တော့နေရာ ပေးလိုက်မယ်နော်”