အပိုင်း (၉၂)
သရဲငါးကောင်ရွှေ့ပြောင်း အစီအရင်
ကျန်းလော် “.............”
သူသည် တိတ်ဆိတ်သွားကာ ပြောလိုက်သည်။
“မေးခွန်းကောင်းပဲ”
သူပြုံးလိုက်ပြီး ဟုတ်ကြောင်းဖြေလိုက်မှ ကောကျူသည် ကျန်းလော်ဘယ်လိုလုပ်ပြီး အဲ့ဒီလူက သူကိုယ်တိုင်ပါလို့ သိလဲ သဘောပေါက်သွားရသည်။
“ဒါပေမဲ့ အခုအဲ့ဒါ ငါဟုတ်မဟုတ်က အဓိကမကျဘူး”
ကောကျူ
“ကျန်းလော် ဒီကိစ္စက တကယ်အရေးကြီးတာနော်”
ယခုလို လူတိုင်းက သူတို့ကို စိတ်ဝင်တစားကြည့်နေကြချိန်တွင် အလိုက်သင့် သရုပ်ဆောင်ကြရန် ခက်ခဲသည်။ ကျန်းလော်သည် ပြီးပြည့်စုံစွာပြောသည်။
“ဒီလောက်ကတော့ ဘာမှမဟုတ်ပါဘူးကွာ”
သူသည် လူချမ်းသာတစ်ယောက်လို ပြုံးလိုက်ပြီး ကပ္ပတိန်ကို ခေါင်းညိတ်၍ မေးဆတ်ပြလိုက်သည်။ ကျန်းလော်ထင်သည်မှာ သူ့ကို ဒီလိုကျဉ်းထဲကျပ်ထဲပို့သူသည် ချီယုံသာဖြစ်နိုင်သည် ဟုထင်သည်။ သူသည် တစ်စုံတစ်ယောက်ကို ဝင်ပူးထားမည့် ချီယုံ့ကို လိုက်ရှာသည်။ သို့သော် ချီယုံ့ကို လူတိုင်းထံတွင် လုံးဝမတွေ့ပေ။
ကောကျူသည် အလွန်ထိတ်လန့်နေပြီး ဆက်ပြောနေသေးသည်။
“ငါတို့ဘာလုပ်ကြမလဲ ဘယ်လိုလုပ်မလဲလို့ ငါတို့မှာ ပိုက်ဆံတစ်ပြားမှမှမရှိတာ၊ ငါအကောင်းဆုံးမင်းအတွက်လုပ်ပေးနိုင်မှာက ငါ့ကျောက်ကပ်ထုတ်ရောင်းဖို့ပဲကွ သားကြီးရေ ဒါနဲ့ ကျောက်ကပ်တစ်လုံးကို ဘယ်လောက်လောက်ရလဲ မင်းသိလား”
လေလံပွဲအပြီးတွင် ပထမအသုတ်မှ လူဆယ်ယောက်သည် ကပ္ပတိန်ထံသို့ သွား၍ ငွေချေရသည်။ ကျန်းလော်သည် မီးစင်ကြည့်ကရန် သူ့ဘေးမှတစ်ယောက်ကို မျက်နှာပြောင်စွာ ကြားဖြတ်ပြီး ကပ္ပတိန်ထံသို့ သွားလိုက်သည်။ သို့သော် ကပ္ပတိန်သည် သူ့ကိုပြုံးပြ၍
“မစ်စတာကျုံး လူကြီးမင်းအတွက် ငွေပေးချေပြီးပါပြီ”
ကျန်းလော်သည် အေးခဲသွားပြီး ရယ်မောလိုက်ကာ
“တကယ်ကြီးလား ကျုပ်မမှတ်မိလိုက်ဘူးရော”
ကပ္ပတိန်သည် စာရွက်ဖြူတစ်ရွက်နှင့် ဘဏ်ကတ်တစ်ကတ်ကမ်းပေးလိုက်ပြီး
“လူကြီးမင်းအတွက်ရေးပေးထားတဲ့ တန်ဖိုးငွေကို ဒီကတ်နဲ့ ငွေချေခဲ့တာဗျ”
ငွေကြေးစာရင်းထဲတွင် ကျန်းလော်နာမည်နှင့် များပြားသော သုံညများပါသော ဂဏန်းတစ်တွဲရေးထားသည်။ ကျန်းလော်သည် စာရွက်ကိုခေါက်လိုက်ပြီး ပြုံးလိုက်သည်။
“ကပ္ပတိန် လေလံဈေးခေါ်တဲ့ စာရွက်က အရေးမပါတော့ဘူးဆိုရင် ကျုပ်ယူသွားလို့ရမလား အမှတ်တရပေါ့ဗျာ”
ကပ္ပတိန်သည်ပြုံးလိုက်ပြီး
“ရတာပေါ့ ယူသွားပါ”
ကျန်းလော်နှင့် ကောကျူတို့သည် လေလံပွဲမှထွက်ခဲ့ကြပြီး အခန်းသို့ပြန်လာခဲ့ကြသည်။ သူတို့အခန်းတံခါးအောက်ခြေတွင် စာရွက်တစ်ရွက်ခေါက်ရက်လေး ညှပ်နေသည်။
[ဒီနေ့ည နှစ်နာရီ ရေကူးကန်နားမှာ လာတွေ့ပါ]
စာအောက်ဆုံးတွင် ပိုင်ဟွားတက္ကသိုလ်ခဲပုံကြမ်းလေးတစ်ပုံ ထည့်ထားသည်။
ကောကျူသည် စာရွက်ကိုယူပြီး ဖတ်ကြည့်လိုက်သည်။
“သူတို့ ဒုက္ခရောက်နေကြတာတော့ မဟုတ်လောက်ပါဘူးနော်”
ကျန်းလော်သည် အဖြူရောင်ကြွေဘေစင်ကိုရှာယူခဲ့ပြီး ရေချိုးခန်းထဲသို့သွားကာ ဘေစင်တစ်ခုလုံးကို ရေအပြည့်ဖြည့်လိုက်ပြီး စားပွဲပေါ်သို့ တင်ထားလိုက်သည်။
“ဘာမှဖြစ်မှာမဟုတ်ပါဘူး ငါဒီလက်ရေးမှတ်မိတယ် ရယ်ရွှင့်လက်ရေး”
ရယ်ရွှင်သည် သူပထမဆုံး ဤလောကသို့ရောက်သည့်အချိန်တွင် ရွှမ်ရွှီလောကကြီးအကြောင်း သင်ပေးသည့် လက်ဦးဆရာဖြစ်ခဲ့ဖူးသည်။
ကျန်းလော်သည် မတ်တပ်ရပ်နေပြီး အကြွေစေ့များကို လက်ကောက်လိုလုပ်ထားသည့် ကြိုးကို အိတ်ထဲမှထုတ်လိုက်သည်။ အမွှေးနံ့သာမီးရှို့ထားသော ပြာများထည့်ထားသော ဘူးကိုလည်း ထုတ်လိုက်သည်။ ကောကျူသည် အဲ့ဒါများကို ဆွဲယူကြည့်သည်။
“မင်းအတွက်ပေးတဲ့သူ ဘယ်သူလဲဆိုတာ လက်ရေးကတစ်ဆင့်ရှာကြည့်မလို့လား”
ကျန်းလော်က ခေါင်းညိတ်သည်။
“အင်း”
အကြွေစေ့များကို ကြိုးမှဖြုတ်လိုက်ပြီး ရေထဲတွင် သင်ထားဖူးသော အစီစဉ်အတိုင်း နေရာချလိုက်သည်ာ အမွှေးနံ့သာပြာများကို စားပွဲပေါ်မှ ဘေစင်ကြွေခွက်ဘေးတွင် အပြန့်လိုက်သေချာဖြူးထားသည်။
“ဒါပေမဲ့...............”
ကောကျူက ပြောချင်သည်။
“အဲ့နည်းက အရမ်းခက်တယ် ငါတို့ဆရာတွေတောင် မှ သိပ်မအောင်မြင်တတ်ကြဘူး ဒီလိုပတ်ဝန်းကျင်မျိုးမှာဆို ပိုခက်မှာကွ”
“စမ်းကြည့်လို့တော့ အရှုံးမရှိပါဘူးကွာ”
ကျန်းလော်သည် အကုန်နေရာချပေးပြီး ဓားတိုတစ်ချောင်းနှင့် သူ့ဘယ်ဖက်လက်ခလယ်ကို လှီးလိုက်သည်။ ကြွေဖြူဘေစင်ခွက်တွင် ဘယ်ဖက်လက်ခလယ်မှသွေးဖြင့် မန္တာန်ဆွဲလိုက်သည်။ လက်ခလယ်မှသွေးသည် ယန်ဓာတ်အလွန်အားကောင်းကာ အမျိုးသားရော အမျိုးသမီးရောအတွက် ထိုလက်ခလယ်သွေးနှင့် ရေဖျော်၍ အဆောင်ဆွဲခြင်းသည် ဟင်္သာပြဒါးနှင့် ရေးခြင်းထက် ပိုမိုအစွမ်းထက်သည်။
လွယ်လွယ်ကူကူပဲ ဖူလုဆွဲပြီးနောက် နောက်ဆုံးစုတ်ချက်အပြီးတွင် ကျန်းလော်သည် ကပ္ပတိန်ထံမှယူခဲ့သော ဈေနှုန်းစာရွက်ကို နှစ်ခြမ်းဖြဲလိုက်ပြီး လူပုံစံအရုပ်လေးအလယ်တည့်တည့်ပေါ်သို့ လက်ရေးမျာများပါသည့် အပိုင်းကို တင်လိုက်သည်။ နောက်ထပ် သွေးတစ်စက်ကို လူရုပ်လေးထိပ်တည့်တည့်ကို အစက်ချလိုက်သည်။ ထို့နောက် ထိုလူရုပ်လေးကို ရေထဲထည့်လိုက်သည်။
သွေးထွက်နေသော လက်ချောင်းကို ပါးစပ်ထဲထည့်စုပ်လိုက်ကာ သွေးတိတ်အောင်လုပ်လိုက်သည်။ သူ့မျက်လုံးသည် ဘေစင်ကိုသာ ကြည့်နေသည်။ လူရုပ်ကလေးသည် ရေထဲသို့ ဖြည်းဖြည်းချင်းနှစ်သွားသည်။ ထိုကဲ့သို့ ပေါ့ပါးသော စာရွက်ပါးပါးလေးသည် ရေမျက်နှာပြင်တွင် ပေါလောပေါ်နေသင့်သည်။ သို့သော် စာရွက်လူလေးသည် ပေါလောပေါ်နေရမည့်အစား ရေထဲသို့ နှစ်မြှပ်သွားခဲ့သည်။ ကြေးအကြွေစေ့များကို အရုပ်ကလေးကို ဆွဲငင်နေကြပြီး မကြာခင်တွင် လူရုပ်လေး၏လက်သည် ရုတ်တရက်လှုပ်ရှားသွားပြီး ရေပေါ်သို့ တက်လာသည်။
ကောကျူသည် အလွန်ဝမ်းသာသွားကာ အသံတုန်နေပြီး
“ရတယ်ကွ လုပ်နိုင်သွားတယ်ဟ”
လူသေးသေးလေးသည် အပေါ်သို့တက်လာပြီး ရေထည့်ထားသော ဘေစင်ထဲမှ ထွက်လာကာ အမွှေးနံ့သာပြာများပေါ် လမ်းလျှောက်သွားသည်။
လူကလေး၏ ရေစိုနေသော ခြေလှမ်းများသည် အမွှေးနံ့သာပြာများဖြန့်ထားသောအပေါ်တွင် လူတစ်ယောက်၏ ခပ်ဝါးဝါးပုံရိပ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။ သို့သော် ပုံတစ်ဝက်လောက်သာပေါ်သေးသည် အရုပ်လေးကိုယ်ပေါ်မှ ရေများသည် ပြာများကြောင့် အကုန်ခြောက်သွားပြီး အစွမ်းသတ္တိများပျောက်ကွယ်သွားတော့သည်။
ကျန်းလော်သည် လူရုပ်ကလေးကို ယူလိုက်ပြီး တစ်ဝက်တစ်ပျက်သာပေါ်နေသော လူပုံကို ကြည့်လိုက်သည်။
‘နဖူးကျယ်ကျယ် ပါးရိုးကျဉ်းကျဉ်း နှင့် နှာခေါင်းပေါ်တွင် မှည့်အကြီးကြီး’
ကောကျူသည် ထိုပုံကို အကြာကြီးကြည့်နေပြီး
“ဒီလူ့ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”
ကျန်းလော်သည် သူ့ကိုလှည့်ကြည့်လိုက်သည်။
“ငါဗုဓ္ဒဘာသာဝင်ဖြစ်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းမှာနေခဲ့တုန်းက မြင်ဖူးခဲ့တာထင်တယ်”
ကောကျူသည် မျက်လုံးမှိတ်လိုက်ပြီး စိတ်ငြိမ်ငြိမ်ထားကာ စဉ်းစားလိုက်သည်။
“နှာခေါင်းမှာ မှဲ့အကြီးကြီးနဲ့ မျက်နှာထားဆိုးဆိုးနဲ့လူက ငါ့ကို တစ်ခါတုန်းက သူ့ကိုကြောက်သွားအောင် လုပ်ခဲ့ဖူးတယ်”
“ဒီလူက ဘယ်သူလဲကွာ”
ကောကျူသည် နှဖူးကိုခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး စိတ်အိုက်စွာပြောလိုက်သည်။
ကျန်းလော်သည် အလောတကြီး ပြောသည်။
“ချီ(ချီရယ်)မိသားစုလား ချီ(ချီယုံ)မိသားစုလား”
ကောကျူသည် လက်ခုပ်နီးလိုက်ပြီး စိတ်လှုပ်ရှားစွာ ထခုန်လိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် ချီ(ချီယုံ) မိသားစုက”
ကျန်းလော်သည် မအံ့ဩသွားတော့သည့်အပြင် ပြုံးတောင်ပြုံးလိုက်သေးသည်။
“ဒီချီမျိုးနွယ်တွေက ငါ့ကို သွေးငါးရှဉ့်စားဖို့ နေရာဝယ်ပေးတာဆိုတော့ သူတို့က ငါ့ကို ထာဝရအသက်နဲ့ နုပျိုမှုပေးချင်နေတာများလား”
မည်သို့ဖြစ်နိုင်ပါမည်နည်း။
သတင်းသည်ပင် မကောင်းသောအသိုင်းအဝိုင်းများမှ ပျံ့နှံ့လာခြင်းဖြစ်ရာ သွေးငါးရှဉ့်သည် ကောင်းသည့်အရာတစ်ခု မဟုတ်မှန်း ရှင်းလင်းနေသည်ပင်။
ကျန်းလော်သည် မတော်တဆ ဤကိစ္စကို ချဲ့တွေးမိသွားသည်။
ပြည်နယ်ဘက်မှ ဒီသွေးငါးရှဉ့်အကြောင်းကို မသိ၍ သူတို့ကို အထူးစစ်ဆေးရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။ ချီမိသားစုသည် ဘယ်လိုကဘယ်လိုသိသည်တော့မသိနိုင်သော်လည်း သူတို့သည် ဤကိစ္စကို တခြားသူများထက် ထဲထဲဝင်ဝင်သိထားနိုင်သည်။
သူတို့လုပ်ရမည့် မစ်ရှင်မှာ အစတုန်းက ဒီတစ်ခုမဟုတ်ဘဲ တခြားတစ်ခုဖြစ်နိုင်သည်။ ချီမိသားစု ဝင်နှောင့်လိုက်၍သာ သွေးငါးရှဉ့်ကို စစ်ဆေးရန် ပြောင်းသွားခဲ့ခြင်း ဖြစ်နိုင်သည်။
အကယ်၍သာ သွေးငါးရှဉ့်သည် တကယ်ကြီး အန္တာရာယ်များပြီး ချီမိသားစုနှင့်သာ ဆက်စပ်မှုရှိနေပါလျှင် ကျန်းလော်သည် ဤအခွင့်အရေးကို အသုံးချပြီး ချီမိသားစုကို ထိုးချဖို့ လုပ်မည်ဖြစ်သည်။
‘မဟုတ်ဘူး မဟုတ်ဘူး မဟုတ်သေးဘူး သွေးငါးရှဉ့်များအကြောင်း ချီမိသားစုက ဘာမှမသိ မပက်သက်လျှင် ကျန်းလော်က ပတ်သက်မှုရှိအောင် ဇာတ်ညွှန်းရေးပစ်လိုက်မှာ ဖြစ်သည်။’
ကျန်းလော်သည် အလွန်စိတ်လှုပ်ရှားလာပြီး သွေးငါးရှဉ့်များအကြောင်း အမြန်သိချင်လာသည်။
ကောကျူသည် ရုတ်တရက်ကြီး တောက်တောက်ပပပြုံးနေသော ကျန်းလော်ကိုကြည့်ကာ
“ကျန်း ကျန်းလော်”
ကျန်းလော်သည် သိမ်မွေ့စွာပြုံးပြလိုက်ပြီး
“ငါတို့အခုအိပ်ရေးဝအောင် အရင်အိပ်ထားလိုက်ရအောင် ငါတို့ညလုံးပေါက်လုပ်ရမဲ့ ကိစ္စတွေ ရှိသေးတယ်လေ”
ထုံးစံအတိုင်း ကောကျူက နာခံစွာ သွားအိပ်တော့သည်။ ကောင်းကောင်းအိပ်ထားကြပြီးနောက် လူနှစ်ယောက်သည် ရေကူးကန်သို့ စုံစမ်းဖော်များနှင့် တွေ့ရအောင် နိုးတာနှင့်ချက်ချင်းလှုပ်ရှားလိုက်ကြသည်။ သူတို့ထွက်လာပြီး ရေကူးကန်ရှိရာထောင့်နားတွင် သူတို့သူငယ်ချင်းများကို တွေ့လိုက်ကြသည်။
သို့သော် သူတို့တွင် တစ်ခုခုမှားနေကြသလို ခံစားမိသည်။ သူတို့အနီးနားက လေထုသည်ပင် စိတ်ဓာတ်ကျမှုများ လွှမ်းခြုံနေပြီး တစ်နေရာလုံး ဆေးလိပ်ငွေ့များမွှန်ထူနေသည်။
ဝမ်ယမ်လန်နှင့် ကျိုးကျုံးချိုးတို့သည် ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်၍ ဆေးလိပ်သောက်နေကြသည်။ စိုင်လောင်အာနှင့် လုယုံရိတို့၏ မျက်လုံးများသည် ယုန်မျက်လုံးများကဲ့သို့ နီရဲနေကြသည်။ ရယ်ရွှင်သည် ရှောင်ဖန်ကို ဖက်ပြီး စကားမပြောနိုင်ပဲ ငြိမ်ငြိမ်လေးရပ်နေသည်။
ကျန်းလော်သည် ရုတ်တရက် မူးမိုက်မတက် ဖြစ်သွားကာ
“ဘာဖြစ်နေကြတာလဲ ဘာမှားလို့လဲ”
စိုင်လောင်အာသည် ကျောက်တိုင်ကြီးကဲ့သို့ပင် တောင့်တောင့်ကြီးဖြစ်နေကာ နှုတ်ခမ်းထောင့်များသည် အောက်သို့ သိသိသာသာ ကုပ်ကျနေသည်။
“ခွမ်ကျိန်း ခွမ့်ကျိန်းလေ ငါတို့အစားငါးစွပ်ပြုတ်တွေ သောက်ပေးလိုက်တာ အဖျားဝင်သွားပြီး ညလယ်တုန်း ခေါ်သွားခံလိုက်ရတယ်”
ကောကျူသည် ထိတ်လန့်စွာ ရှေ့တိုးလာပြီး
“ဘယ်သူခေါ်သွားတာလဲ”
ဝမ်ယမ်လန်သည် စီးကရက်ကို ပါးစပ်ထဲမှ ထုတ်လိုက်ကာ သွေးထွက်မတက် နီရဲနေသော မျက်လုံးများဖြင့် မော့ကြည့်လာသည်။
“ဒီနှစ်ရက်လုံး ညစာက ငါးစွပ်ပြုတ်လေ မနေ့က သောက်လိုက်တဲ့ သူတွေထဲက တစ်ဝက်လောက်ကို သင်္ဘောသားတွေက မနေ့ညက အဖျားရှိကြလို့ဆိုပြီး ခေါ်ထုတ်သွားကြတယ်၊ ဒီည ညစာမှာ ငါတို့အားလုံးရဲ့ မထိထားတဲ့ ငါးစွပ်ပြုတ်တွေကို မြင်တော့ ငါတို့ကို သင်္ဘောသားတွေက စောင့်ကြည့်နေကြတာကွာ၊ အဲ့တာနဲ့ ခွမ့်ကျိန်းက သောက်လိုက်ရတာ ပြီးလဲပြီးရော အဖျားဝင်သွားပြီး သင်္ဘောသားတွေ လာဆွဲခေါ်သွားကြတာပဲ၊ စိုင်လောင်အာက သုတ်တီးသုတ်ပြာတံခါးလာမခေါက်ခင်အထိ ငါတို့ခွမ်ကျိန်းကို သင်္ဘောသားတွေ လာခေါ်သွားမှန်း မသိလိုက်ဘူး”
သူ့လက်များသည် စီးကရတ်ကိုင်ထားရင်း အလွန်တုန်ယင်နေသော်လည်း သူအသိစိတ်ကိုထိန်းထားနိုင်ဆဲဖြစ်ကာ အဖြစ်အပျက်တစ်ခုလုံးကို လိုတိုရှင်းပြောပြနိုင်လေသည်။
ကျန်းလော်သည် မျက်လုံးမှတ်လိုက်ပြီး သက်ပြင်းကိုချ စိတ်ကိုငြိမ်အောင်ထားကာ
“ဘယ်ကိုခေါ်သွားတာလဲ”
“သင်္ဘောဝမ်းထဲကိုတဲ့”
ရယ်ရွှင်၏အသံသည် အပြင်းအထန်ငိုကြွေးထားသလို အက်ရှနေသည်။
ဒီလိုအချိန်မျိုးတွင် သူတစ်ယောက်ကတော့ တည်ငြိမ်နေမှဖြစ်မည်ကို ကျန်းလော်နားလည်ထားသည်။ အသိစိတ်လွတ်သွားလို့ မဖြစ်ပေ။ သူ့သူငယ်ချင်းများ၏ ဘာကြောင့်မှန်းမသိ သူ့ကို အားကိုးယုံကြည်စွာ လှမ်းကြည့်နေကြသော အကြည့်များသည် သူ့ပုခုံးကို လေးလံလာစေသည်။
ကျန်းလော်သည် အသက်ရှူထုတ်လိုက်ပြီး
“ထကြတော့ ငိုင်မနေကြနဲ့ သင်္ဘောဝမ်းထဲသွားပြီး ခွမ်ကျိန်းကို သွားရှာကြမယ် စိုင်လောင်အာက နတ်ဘုရားတွေကို ပင့်ဖိတ်နိုင်တာပဲဟာ ကောကျူအသည်းအသန်သေလုနီးပါးဖြစ်တုန်းကတောင် ကယ်နိုင်ခဲ့တာပဲကွာ၊ နတ်ဘုရားပင့်ဖိတ်နိုင်နေတာ ငါးစွပ်ပြုတ်ထဲက တစ်ခုခုကြောင့် ဖြစ်တဲ့အဖျားလောက်ကတော့ ပြောဖို့တောင် မတန်ပါဘူးကွာ စိတ်အေးအေးထားကြ”
ယခု သူ့အနေအထားကို တွေးကြည့်ပြီး သူ့ပါးစပ်ကို အချိန်မှီထိန်းလိုက်ကာ
“ခွမ်ကျိန်းအဆင်ပြေမှာပါကွာ”
ဝမ်ယမ်လန်သည် တီးတိုးအသံဖြင့်
“တကယ်ပဲ အဆင်ပြေနိုင်ပါ့မလား”
ကျန်းလော်သည် သူ့ကိုကြည့်လိုက်ပြီး အသံရောဟန်ရော တည်ငြိမ်နေအောင် ထိန်းကာ
“အဆင်ပြေသွားစေရမယ် ငါကတိပေးတယ်ကွာ”
ထူးဆန်းစွာပင် ရိုးရှင်းသော စကားစုလေးဖြစ်ပေမဲ့ လူတိုင်းသည် သူ့စကားကြောင့် အားအင်များပြည့်လာသလို ခံစားရကာ စိတ်ဓာတ်ကျမှုများဖယ်ထုတ်လိုက်ကြပြီး စိတ်အားထက်သန်စွာ မတ်မတ်ရပ်လိုက်ကြသည်။
ကျန်းလော်သည် ခနလောက်တွေးပြီး
“ဒီမှာ ငါတို့အဖွဲ့က လူတအားများနေတာ ဆိုတော့ တစ်ဝက်လောက် အခန်းပြန်စောင့်ကြရင် ကောင်း..............”
တစ်ယောက်မှ မလှုပ်ကြပဲ ကျန်းလော်ကိုသာကြည့်နေကြပြီး မသွားချင်ကြောင်း မျက်နှာထားဖြင့် တိတ်တဆိတ် ဆန္ဒပြနေကြသည်။
“ထားလိုက်ပါတော့”
“ဂရုစိုက်ပြီး ငါ့ညွှန်ကြားတဲ့အတိုင်း လုပ်မှရမယ်နော်”
သင်္ဘောဝမ်းထဲသို့သွားရန် သင်္ဘောသားများ အိပ်ဆောင်ကို ဖြတ်သွားရမည်ဖြစ်ပြီး သူတို့ သင်္ဘောဝမ်းတံခါးဆီသွားရန် တာဝန်ကျသင်္ဘောသားများကို ရှောင်သွားဖို့လိုသည်။
သင်္ဘောဝမ်းတံခါးကို သင်္ဘောသားနှစ်ယောက်စောင့်ကြပ်နေကြသည်။ ကျန်းလော်မျက်လုံးများ လက်သွားပြီး နောက်သို့လှည့်ကြည့်လိုက်ကာ နောက်မှအုပ်စုကို အသာလေးစုခိုင်းပြီး ပြောလိုက်သည်။
“သရဲငါးကောင်ရွှေ့ပြောင်း အစီအရင် ဘယ်လိုဆွဲရလဲ မှတ်မိကြလား”
တံခါးစောင့်နေသော သင်္ဘောသားနှစ်ယောက်သည် စကားပြောနေကြရင် သူတို့ရှေ့မှ လေဖြတ်တိုက်သွားသည်ကို ခံစားလိုက်ရသည်။ သူတို့သည် သိပ်ဂရုမထားမိသော်လည်း ခုနှစ်ခေါက်တိတိ လေတိုက်သွားသောအခါ သင်္ဘောသား နှစ်ယောက်သည် ခေါင်းလှည့်ကြည့်လိုက်ပြီး ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်သည်။
“ထူးဆန်းလိုက်တာ..............”
သင်္ဘောဝမ်းတံခါးထဲတွင် ကျန်းလော်နှင့် တခြားသူများသည် သူတို့ကို အထဲခေါ်လာပေးသော သရဲငါးကောင်ကို လေးစားစွာ ဂါရဝပြုလိုက်ပြီး ပြန်ပို့လိုက်ကြသည်။
သူတို့သည် နောက်လှည့်လိုက်ကြရာ လူများကို သစ်တောကြီးထဲရောက်သွားသလို မျက်နှာကျက်မှ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ချိတ်ဆွဲထားကြသည်ကိုတွေ့လိုက်ရသည်။
_-_သို့မဟုတ် ထူးဆန်းသော အလောင်းများလို့ ပြောသင့်သည်လား။
########################