Ch 90
Viewers 8k

အပိုင်း (၉၀) 


သွေးငါးရှဉ့်များ

ဓားသွားသည် ရွှတ်ခနဲမြည်သွားပြီး သစ်သားထဲစိုက်ဝင်သွားသည်။ မကောင်းဆိုးဝါးသည် ပျင်းတိပျင်းရွဲထိုင်နေရာမှ တောင့်ခနဲဖြစ်သွားသည်။ ကျန်းလော်သည် ဓားကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ကာ မကောင်းဆိုးဝါး၏ပေါင်ကို အသာအယာဖြတ်လိုက်သည်။ 

“ကြောက်သွားလား”

မကောင်းဆိုးဝါးသည် ရိုးသားစွာခေါင်းညိတ်လိုက်ကာ

“နည်းနည်း”

“ဘယ်လိုယောက်ျားမျိုးကများ ဒီလိုဟာကို မကြောက်ဘဲနေမှာလဲ”

ဆံပင်အနက်ရောင်လူငယ်လေးသည် ပြုံးလိုက်ပြီး ထိုကောင်လေး၏နှုတ်ခမ်းအရောင်ကို လိုက်ကြည့်ရင်း မကောင်းဆိုးဝါးသည် တိုးတိုးလေးပြောလိုက်သည်။ 

“ဒီနာကျင်မှုကနေ မင်းကိုယ်မင်းရှာမတွေ့ဘူးလား”

ဓားဦးသည် အန္တာရာယ်များစွာ လှုပ်ရှားသွားသည်။ 

“တစ်ချက်ထဲဖြတ်လိုက်ရုံပဲ ငါ့ကို လုပ်ဖို့ကြိုးစားနေတဲ့ကောင်ကို ဘာလို့ ဖြတ်မပစ်ဘဲနေရမလဲ”

ကျန်းလော်သည် မကောင်းဆိုးဝါး၏ပေါင်ကို ဓားနှင့် အချက်ပေါင်းများစွာ မွှန်းလိုက်သည်။ မကောင်းဆိုးဝါးသည် အတွေးများနေသလို မျက်လုံးကိုမှေးလိုက်သည် သို့သော် ထိုအချိန်တွင် ကျန်းလော်လက်သည် ရုတ်တရက် ရပ်တန့်သွားပြီး တစ်နေရာကို ကြောင်အစွာကြည့်နေကာ ချီယုံကို မော့ကြည့်လိုက်ပြီး

“မင်းကတဏှာရူးလား”

“ဒီလိုအလုပ်ခံနေရတဲ့အချိန်မှာတောင် ထန်နေရလားကွ”

မကောင်းဆိုးဝါးသည် သူ့ကိုယ်သူငုံ့ကြည့်လိုက်သည်။ သူသည် အံ့ဩစွာ မျက်ခုံးပင့်လိုက်ပြီး အပြစ်ကင်းသည့်အပြုံးလေးပြုံးပြလိုက်ကာ

“ဒီလိုဖြစ်သွားမယ်လို့ ဘယ်လိုလုပ်သိမှာလဲ............ဒါပေမဲ့ အစေခံရဲ့ပြဿနာကို သခင်တစ်ယောက်အနေနဲ့ ဖြေရှင်းပေးသင့်တယ်နော်”

ကျန်းလော်သည် နှာမှုတ်လိုက်ပြီး ဓားမြှောင်ကို မြှောက်လိုက်ကာ အားပြင်းပြင်းစိုက်ချလိုက်သည်။ စင်အောက်မှလူအုပ်ကြီးသည် မှင်သက်သွားပြီး ချွေးအေးများစီးကျလာသည်။ ချီယုံသည် ဆူပုပ်သွားပြီး စိတ်ဆိုးဟန်နှာမှုတ်လိုက်သည်။ သူ့ပေါင်ထဲမှဓားကြောင့် သူသည် တကယ်သင်းကွက်ခံလိုက်ရတော့မလို့ပင်။ ကျန်းလော်သည် ဓားမြှောင်ကို အညှာအတာကင်းစွာ ဆွဲထုတ်လိုက်သည်။ ထို့နောက် မကောင်းဆိုးဝါး၏ မျက်နှာကို လက်မအရွယ်လောက်ဓားနှင့်မွှန်းလိုက်သည်။ 

“အဆင်ပြေသွားပြီလား ဟမ်”

ဓားမှသွေးများသည် ကျန်းလော်မျက်နှာကို လာစင်ပြီး ရက်စက်စွာပြောလိုက်သည်။

“မင်းကအခုချိန်ထိ ဂဏန်းခုနှစ်လုံးတန်သေးတာ နှမြောစရာပဲ မဟုတ်ရင် သင်းကွက်ခံရပြီးနေပြီ”

“ဒါပေမဲ့ ဒါကမင်းခန္ဓာကိုယ်အစစ်မဟုတ်တော့ သင်းကွက်ကွက် မကွက်ကွက် ဘာမှမထူးဘူး မင်းရဲ့ကိုယ်အစစ်ကို သင်းကွက်မှပိုပျော်စရာကောင်းမှာ နှမြောစရာပဲ”

သွေးများသည် ဒုကပ္ပတိန်၏မျက်နှာရှိဒဏ်ရာမှ တောက်လျောက်စီးကျနေသည်။ သွေးများသည် ပုတီးစေ့အရွယ်ခန့်အလုံးများအဖြစ် ထိုလူ၏လည်ပင်းအထိ စီးကျနေသည်။ ကျန်းလော်သည် ချီယုံမျက်နှာကို လက်နှင့်ပင့်၍  လေးစားစွာကြည့်လိုက်သည်။

“ပိုပြီးတောင် ဆွဲဆောင်မှုရှိသွားသလိုပဲ”

ထို့နောက်သူသည် လက်ဖယ်လိုက်ကာ

“ဂဏန်းခုနှစ်လုံးဘယ်ကပါ့မလဲ၊ ငါမင်းကို စျေးတင်မှဖြစ်မယ်”

ကျန်းလော်သည် မတ်မတ်ရပ်လိုက်ပြီး ကျာပွတ်ဖြင့် ချီယုံ့လည်ပင်းကို ဆွဲရစ်ထားလိုက်သည်။

“အဲ့လိုမလုပ်ခင် ငါမေးတာအရင်ဖြေ မင်းဘာလို့ ဒီသင်္ဘောပေါ်ရောက်နေတာလဲ”

မကောင်းဆိုးဝါးသည် ရယ်လိုက်ပြီး 

“သေချာပေါက် မင်းရှိလို့ရောက်လာတာ‌ပေါ့”

ကျန်းလော်၏လက်သည် ကျာပွတ်ကို တင်းတင်းဆွဲလိုက်ကာ မကောင်းဆိုးဝါး၏လည်ပင်းပေါ်တင် ဒဏ်ရာနက်နက်ကြီးတစ်ခု ဖြစ်သွားသည်။ သူသည် ခေါင်းမော့လိုက်ပြီး မျက်နှာဖုံးတပ်ထားသော ဆံပင်အနက်နှင့်ကောင်လေးကို ကြည့်လိုက်ကာ မရေမရာပြုံးလိုက်ပြီး

“ကိုယ်တို့မေးခွန်းပြောင်းရအောင်”

သူသည်ရယ်လိုက်ပြီး

“ဘာလို့ ကိုယ့်ကို တမင်တကာ ယွမ်ထျန်းကျူးပေးခဲ့တာလဲ”

“ယွမ်ထျန်းကျူးတစ်ခုက မင်းဝိဉာဉ်ကို ဘယ်လောက်ပြန်ဖွဲ့စည်းပေးနိုင်မလဲ သိချင်လို့”

ကျန်းလော်က ဆက်ပြောလိုက်သည်။

“ပြီးတော့ မင်းအင်အားကြီးလာတာနဲ့ မင်းရဲ့အကြံအစည်ကြီးကို မြန်မြန်ပြီးအောင်လုပ်ဖို့ သတိပေးချင်လို့၊ ချီမိသားစုကို ဖျက်ဆီးတာလိုမျိုးပေါ့၊ မင်းလုပ်နိုင်ရင် ချီမိသားစု(ချီရယ်)ကို သင်ခန်းစာတစ်ချို့ပေးလိုက်”

“အား အဲ့ဒီချီးတွင်းလိုချီမိသားစု(ချီရယ်)လား ”

မကောင်းဆိုးဝါးသည် ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

“အလျင်မလိုနဲ့ သူတို့သေဖို့က သိပ်မကြာတော့ဘူး”

“ကောင်းပြီလေ ဒီတစ်ခါ မင်းငါ့မေးခွန်းကို ဖြေတော့”

“ကိုယ်သင်္ဘောပေါ်တက်လာတာကိုလား..................အဲ့ဒါက မင်းကိုတွေ့ချင်လို့ပါဆို”

ထို့နောက် ကျာပွတ်နှင့်ရိုက်လိုက်သံအကျယ်ကြီး ထွက်လာသည်။ ကျာပွတ်သည် မကောင်းဆိုးဝါး၏ပေါင်ရှိ ဒဏ်ရာပေါ်သို့ ထိထိမိမိရိုက်သွားသည်။ ကျန်းလာ်သည် ပျင်းရိစွာပြောလိုက်သည်၊

“မင်းဒီလိုပဲ ပေါက်ကရတွေလျှောက်ပြောနေရင် ငါတို့ဆက်ပြောနေစရာအကြောင်းမရှိတော့ဘူး”

ချီယုံသည် ပုခုံးတွန့်လိုက်ပြီး အလွန်အပန်းပြေနေပုံဖြင့် မှီနေသည်။ ရွှေအိုရောင်ဆံပင်များသည် ချွေးများရွှဲနေကာ သူ့မျက်လုံးရှေ့သို့ အချောင်းလိုက်အချောင်းလိုက် ကျနေသည်။ အံ့ဩစရာကောင်းစွာပင် ပိုပိုချောလာပြီး ဆွဲဆောင်မှုရှိနေသည်။ ကျန်းလော်သည် ရုတ်တရက်ပြုံးလိုက်ပြီး သူအရင်ထဲကပြောချင်နေသော စကားကို ထုတ်ပြောလိုက်သည်။ 

“မင်းကတကယ့်ကို နွားကျောင်းသားနဲ့တူတယ်(ကောင်းဘွိုင်)”

“ကောင်းဘွိုင်လား”

ချီယ့ုသည် သူ့ကိုကြည့်လိုက်ပြီး ခပ်တိုးတိုးရယ်လိုက်ကာ 

“အဲ့တော့ ဧည့်သည်တော်က ကျေနပ်သွားရဲ့လား”

“ငါပျော်ပျော်မပျော်ပျော် မင်းကိစ္စမဟုတ်ဘူး”

ကျန်းလော်သည် ယုတ်မာတော့မည့်အပြုံးကြီးပြုံးလိုက်ပြီး ရှေ့တိုးကာ ချီယုံ့ထိုင်ခုံကို လူအုပ်ကြီးဘက်လှည့်လိုက်သည်။ သူသည် ထိုင်ခုံနောက်မှီကို လက်နှစ်ဖက်တင်ထားပြီး 

“ဒီအောက်က လူတွေကို ပျော်အောင်လုပ်ပေးဖို့က မင်းအတွက်ပိုအရေးကြီးတယ်”

မကောင်းဆိုးဝါးသည် အငိုက်ဖမ်းကာ ရုန်းလိုက်ပြီး ကျန်းလော်ကို ထနမ်းရန်ကြိုးစားလိုက်သော်လည်း ကြိုးချည်ခံထားရသောကြောင့် ကျန်းလော်နှုတ်ခမ်းထောင့်ကိုသာ နမ်းမိသွားသည်။ ထို့ကြောင့် ကျန်းလော်သည် မကောင်းဆိုးဝါးကို တွန်းထုတ်လိုက်ပြီး ခုံကိုသူ့ဘက်သို့ ပြန်ဆွဲလှည့်လိုက်သည်။ ချီယုံသည် မပျော်တော့ပုံဖြင့် ခုံကိုမှီထိုင်နေပြီး ကျန်းလော်နှုတ်ခမ်းကိုငေးနေကာ မကျေမနပ်ပြောလိုက်သည်။ 

“သူတို့ကို ဂရုစိုက်စရာမလိုပါဘူး”

‘သနားစရာကောင်’

ချီယုံသည် သူ့ကိုယ်သူကျိန်ဆဲလိုက်သည်။ 

အဆုံးတွင်တော့ ဤခန္ဓာကိုယ်သည် သူ့ဥစ္စာမဟုတ်ပေ။ 

ကျန်းလော်သည် သူ့ဓားမြှောင်အသွားထိပ်ဖြင့် မကောင်းဆိုးဝါး၏ အင်္ကျီကို အပေါ်ကနေအောက်အထိ ဆွဲဖြဲပစ်လိုက်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အားလုံးမြင်အောင် ပြလိုက်သည်။

ကျန်းလော်သည် ထိုသို့လုပ်ပြီး ခုံကို လူအုပ်ကြီးဘက်ပြန်လှည့်လိုက်သည်။ မကောင်းဆိုးဝါးသည် လူအုပ်ကြီးနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ အလင်းဝိုင်းကြီးသည် အလွန်အမင်းလင်းနေကာ အလင်းရောက်သောနေရာသည် လင်းထိန်နေပြီး ကျန်နေရာများသည် မှောင်မိုက်နေသည်၊ လူအုပ်ကြီး၏အကြည့်များသည် သွေးများရွှဲနေသော အစေခံနှင့် သူ့နောက်မှ တစ်ဝက်သာမြင်ရသော သခင်ဖြစ်သူကို အံ့ဩစွာငေးကြည့်နေကြသည်။ 

လှပသော သခင်သည် လူများမြင်ချင်သည်ကို သိစွာ အစေခံ၏ တစ်ဝက်ပိုင်းခံထားရသော အဝတ်ကိုချွတ်လိုက်ပြီး ကျာပွတ်နှင့် ခပ်ဆွဆွရိုက်ကာ လှောင်လိုက်သည်။

“မစ်စတာ ဝင်စတန်က တကယ့်ကို ပြိုင်ဘက်ကင်းခန္ဓာကိုယ်ရှိတာပဲ”

ကျန်းလော်သည် သူ့ပိုင်အစေခံသည် လူများလိုချင်သော ပြီးပြည့်စုံသည့် ကုန်ပစ္စည်းဖြစ်သည်ကို သိသည်။ သို့သော် ထိုသူတို့ ပိုလိုချင်လာစေရန် လက်အိတ်ဝတ်ထားသော လက်ဖြင့် အစေခံ၏ ခန္ဓာကိုယ်ကို ဖြေးဖြေးချင်းပွတ်ဆွဲသွားသည်။ မကောင်းဆိုးဝါးသည် ထိုင်ခုံကိုမှီနေပြီး ဘုရင်တစ်ပါးလို စည်းစိမ်ခံနေပြီး ကျန်းလော်ပွတ်သပ်နေသည် ကိုကျေကျေနပ်နပ်ကြီး သဘောကျနေသည်။ သို့သော်ကျန်းလော် သူ့ဗိုက်ကို ပွတ်လိုက်ချိန်တွင် ထွက်လာသော စူးစူးဝါးဝါးအော်သံများကြောင့် မကောင်းဆိုးဝါးသည် မျက်လုံးဖွင့်လိုက်ပြီး လူအုပ်ကြီးကို မီးထတောက်တော့မတက် မကျေနပ်စွာကြည့်လိုက်သည်။ ထိုအချိန်တွင် ကျန်းလော်သည် ပြုံးလိုက်ပြီး စင်အောက်မှလူများကို ပြောလိုက်သည်၊

“ဒီအစေခံကို ကြမ်းခင်းဈေး ဂဏန်းခုနှစ်လုံးကစခေါ်မယ် လေလံဆွဲချင်ကြလား”

စင်အောက်မှလူများသည် မှင်တက်သွားပြီး လူတစ်ယောက်သည် အူယားဖားယားနှင့် စအော်လိုက်သည်။

“သုံးမီယီယမ်”

“ငါးမီလီယမ်”

“...............”

စင်ပေါ်မှပွဲသည် တဖြည်းဖြည်း အရှိန်တက်လာသည်။ ပိုင်ရှင်သည် စင်ကို လေလံပွဲလုပ်ပစ်လိုက်သည်။ သို့သော် လူတိုင်းသည် သတိမထားမိစွာ အစေခံကိုသာ လောဘတကြီး သွားရည်တမြားမြားနှင့် ကြည့်နေကြသည်။ ကပွဲခန်းမထဲမှ လေထုသည် တဖြည်းဖြည်း ပူနွေးတက်ကြွလာသည်။ ခွမ်ကျိန်းသည် သူ့သူငယ်ချင်းများကို သေချာကွယ်ရပ်ထားပြီး ဂရုတစိုက်ကာကွယ်ထားသည်။ သို့သော် သူတို့နားသို့ လူအိုကြီးတစ်ယောက် ရုတ်တရက် ရောက်လာပြီး သူ့လက်ကိုလာဆွဲကာ ခွမ်ကျိန်း၏ကျန်းမာပြီး သန်မာပုံပေါက်သော ခန္ဓာကိုယ်ကို အမြင်မကြည်ပုံဖြင့်  ရက်စက်စွာပြောလိုက်သည်။

“မင်းကို ငါ့အစေခံအဖြစ်ခေါ်မယ်”

ခွမ်ကျိန်းလက်ထဲမှ ကတ်သည် အစေခံကတ်ဖြစ်ပြီး သူသည် ဘာပြန်ပြောရမှန်းမသိစွာ ကျိုးကျုံးချိုးကို ကြည့်လိုက်သည်။ ကျိုးကျုံးချိုးသည် ကောကျူသူမကို ပေးထားသော သခင်ကတ်ကို ထောင်ပြလိုက်ပြီး 

“သူကကျွန်မအစေခံ”

လူအိုကြီးသည် ကျိုးကျုံးချိူးကို မကျေမနပ်ကြည့်လိုက်ပြီး ခွမ်ကျိန်းလက်ကို မလွတ်ချင်လွတ်ချင် လွှတ်ချလိုက်သည်။ သူ့မျက်လုံးသည် ခွမ်ကျိန်းကာပေးထားသော ဝမ်ယမ်လန်ကို မျက်စိကျသွားသည်။ ရီဝေဝေမျက်လုံးတို့နှင့် ဝမ်ယမ်လန်ကို သိမ်းကျုံးကြည့်လိုက်ပြီး

“မင်းကတ်က အစေခံကတ်လား ကျုပ်ကို မင်းကတ်ပြကြည့်စမ်း”

လူများသည် လေလံဆွဲရန်အလျင်လိုနေကြသည်။ လုယုံရိတွင် ရယ်ရွှင်ရှိပြီး ကောကျူသည် စိုင်လောင်အာကို ကာကွယ်ထားသည်။ ထို့ကြောင့် ဝမ်ယမ်လန်ကို သူတို့မကာကွယ်နိုင်တော့ပေ။ ခွမ်ကျိန်းသည် မျက်နှာပျက်သွားပြီး ကျိုးကျုံးချိုးကို ဝမ်ယမ်လန်ကိုသာ ကာကွယ်ရန်ပြောလိုက်သည်၊ ဝမ်ယမ်လန်သည် ခွမ်ကျိန်းစကားကို ကြားသောအခါ နှစ်ကြိမ်လောက်ရယ်လိုက်သည်၊ ရယ်သံသည် ယခင်က သူတို့ကြားခဲ့ဖူးသော ညင်သာသည့် ရယ်သံမျိုးမဟုတ်ဘဲ ရှင်းမပြနိုင်လောက်သော အနည်းငယ်ခက်ထန်နေသလို ရယ်လိုက်ကာ

“ခင်များက ကျုပ်ကို ခင်များလိုလူရဲ့ အစေခံဖြစ်စေချင်တာလား”

လူအိုကြီး၏မျက်လုံးများသည် ညစ်ညမ်းနေပြီး ယုတ်မာစွာပြောလိုက်သည်။

“မင်းကအရပ်ရှည်နေပေမဲ့ ကြည့်ရမဆိုးပါဘူး”

ဝမ်ယမ်လန်သည် ခပ်သောသောရယ်လိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။

“ဒါကြောင့်မို့လို့ ငါဒီလိုမိန်းမလိုဝတ်စားတာ”

ကျန်းလော်သည် လူအုပ်ထဲမှ အငြင်းပွားသံတချို့ကြားသောကြောင့် လှမ်းကြည့်လိုက်ရာ မျက်နှာပျက်သွားပြီး ချီယုံကို စင်ပေါ်တွင် ပစ်ထုတ်လိုက်ကာ ချက်ချင်းစင်ပေါ်မှ ဆင်းချသွားသည်။ အငြင်းပွားနေသော နေရာရောက်သောအခါ လူအိုကြီးသည် ဝမ်ယမ်လန်၏ ခါးကို ကြမ်းတမ်းစွာဆွဲဖက်တော့မည်။ ကျန်းလော်သည် လူအိုကြီး၏လက်ကို လိမ်ဆွဲလိုက်ကာ 

“ကျုပ်အစေခံကို ထိလို့ရတယ်လို့ ခင်များကို ဘယ်သူကပြောလဲ”

လူအိုကြီးသည် အလွန်ဒေါသထွက်သွားပြီး မော့ကြည့်လိုက်ရာ ကျန်းလော်ဖြစ်နေ‌သောကြောင့် အသံပျော့သွားပြီး ဝမ်ယမ်လန်ကို ကြည့်၍ ပြောလိုက်သည်၊

“မင်းအစေခံလား”

စင်ပေါ်တွင်ချီယုံသည် နှုတ်ခမ်းပေါ်မှာသွေးကို လျှာနှင့် လျက်လိုက်ရင်း ကျန်းလော်ကို မျက်စောင်းထိုးကြည့်လိုက်သည်။အလင်းရောင်အောက်တွင် သူ့မျက်လုံးပြာပြာများသည် အနည်းငယ်ဝမ်းနည်းနေပုံပေါ်ကာ သူ့မျက်နှာသည် အသက်မရှိတော့သော အလောင်းကောင်ကဲ့သို့ ဖြစ်နေသည်။ သူသည် လူချမ်းသာတစ်ယောက်က စင်ပေါ်ကို လက်ညိုးထိုးပြပြီး ကျန်းလော်ကို မေးခွန်းမေးနေသည်ကို ကြားလိုက်သည်။ 

“စင်ပေါ်ကလူကရော”

ကျန်းလော်သည် ဝမ်ယမ်လန်ကို သူ့နောက်ပို့လိုက်ပြီး မဲ့ပြုံးပြုံးလိုက်ကာ

“ဒုကပ္ပတိန်ကို ဆော့ရတာ ကျုပ်ပျင်းသွားပြီ ဒီတော့ ပိုက်ဆံများများပေးတဲ့သူက ဒုကပ္ပတိန်ရဲ့ သခင်ပဲ”

သူ့စကားကို လူတိုင်းနီးပါးကြားလိုက်ကြသည်။ လေလံဆွဲနေကြသူများသည် ပိုမိုပြီး ပြင်းပြင်းထန်ထန် အော်ဟစ်နေကြသည်။ မကောင်းဆိုးဝါး၏မျက်နှာသည် မဲမှောင်သွားသည်။ သို့သော် မည်သူမျှ သူပျော်မပျော် ဂရုမစိုက်ကြပေ။ တစ်စုံတစ်ယောက်သည် ကျန်းလော်ကို အထွန့်တက်သည်။

“သူ့ကို ဒီလိုဖြစ်အောင် ဆော့ထားတာ ဈေးလျော့ပေးသင့်တယ်”

“ဆောရီးပဲ လာမညှိနဲ့ မတတ်နိုင်ရင် လစ်”

ကျန်းလော်သည် လေသံပြင်းပြင်းနှင့်

“မင်းသာ ဒီအစေခံကိုရသွားရန် ပေးရတဲ့‌ဈေးနဲ့တန်မတန်သိရလိမ့်မယ် သူကအများကြီး အဖိုးတန်တယ်”

ကျန်းလော်သည် ထိုသို့ပြောလိုက်ပြီး လူအုပ်ကြီးကို သေချာကြည့်လိုက်ကာ 

“လူကြီးလူကောင်းတို့ ကျုပ်မင်းတို့ဆီအပ်ထားလိုက်တော့မယ်နော် ဈေးအများဆုံးပေးနိုင်တဲ့သူ စင်ပေါ်ကအစေခံကို ရမှာပဲ ပြီးသွားရင် ပိုက်ဆံရှင်းဖို့ ကျုပ်ကို လာခေါ်”

ဆံပင်အနက်နှင့်လူငယ်လေးသည် နှစ်ခါမတွေးဘဲ သူ့လူများကိုခေါ်ပြီး ထွက်သွားသည်။ ချီယုံသည် မည်းမှောင်နေသောမျက်နှာဖြင့် ကျန်းလော်နောက်ကျောကို ကြည့်လိုက်သည်။ မြူနက်များသည် သူ့ဘေးတွင် ပေါ်လာကာ မကောင်းဆိုးဝါးသည် အလွန်စိတ်အခြေအနေမကောင်းတော့ပေ။ 

သာမန်လူများသည် စင်ပေါ်မှ မြူနက်များကို မမြင်ရပေ။ ထိုလူများသည် သခင်အသစ်ဖြစ်ရန် သွားရည်တမြားမြားကျပြီး စင်နားထိတိုးလာသည်။ မကောင်းဆိုးဝါးသည် သူ့ကိုချုပ်ထားသော သားရေကြိုးကို ဖြတ်ချလိုက်ပြီး ခုံပေါ်မှထရပ်လိုက်သည်။ 

‘ကျန်းလော်လေးက ငါ့ကို သူများကိုပေးလိုက်တယ်’

အစေခံများသည် ခွင့်ပြုချက်မရှိဘဲ  ခန်းမထဲမှ ထွက်ခွင့်မရှိပေ။ သို့သော် သခင်များသည် သူတို့အစေခံများကို ခေါ်သွားခွင့်ရှိသည်။ ကျန်းလော်သည် ဝမ်ယမ်လန်ကို ခေါ်ပြီးအပြင်ထွက်လိုက်သည်။ 

“မင်း ဒီလိုပွဲမှာ မိန်းကလေးအဝတ်အစားတွေ ဝတ်ထားတာ အန္တာရာယ်များတယ်ကွ”

ဝမ်ယမ်လန်သည် ယနေ့တွင်လည်း မိတ်ကပ်ပါးပါးလိမ်းထားသည့်အပြင် ပွဲတက်ဂါဝန်ကို သိမ်မွေ့သော အမျိုးသမီးကဲ့သို့ ဝတ်စားထားသည်၊၊ သူ့ကို မသိကြသော သူများမြင်လျှင် မိန်းကလေးအဖြစ်သာမြင်ကြသည်။ 

“ဒါက ငါမိန်းကလေးလိုဝတ်ရတဲ့ အကြောင်းအရင်းပဲလေ”

ဝမ်ယမ်လန်သည် ကျန်းလော်နှင့် ဘေးချင်းကပ်ရပ်လျှောက်ပြီး စီးကရတ်တစ်လိပ်ကမ်းပေးလိုက်သည်။ သူတို့နှစ်ယောက်သည် လေညှင်းခံရန်ကုန်းပတ်ပေါ်သို့ လမ်းလျှောက်နေကြသည်။ ဆံပင်များလွင့်နေကြပြီး ဝမ်ယမ်လန်သည် ခေါင်းငုံ့လိုက်ပြီး မိန်းမဆန်ဆန်မျက်နှာချောချောသည် မျက်လုံးများတွင် စိတ်နာနေသော အကြည့်များပေါ်လာကာ

“မိန်းကလေးအဝတ်အစားတွေနဲ့ဆိုရင် အမှောင်ထုတွေကိုသူများတွေထက် ပိုမြင်ရတယ်၊ ပြီးတော့လဲ ဒီလိုလူယုတ်မာတွေကို ကောင်းကောင်းကြီးဖော်ထုတ်နိုင်တယ်လေ”

စကားလုံးတိုင်းသည် လှောင်သံစွက်နေကာ 

“ငါဒီလိုဝတ်ပြီးတော့ အဲ့လိုအတွေ့အကြုံတွေ အများရနိုင်တယ်လေ”

“စိတ်ဝင်စားစရာအရမ်းကောင်းတယ်လေ......”

ကျန်းလော်သည် တိတ်ဆိတ်စွာနားထောင်နေပြီး သူတို့နှစ်ယောက်သည် စီးကရတ်သောက်ရင်း အကြောင်းအရာတချို့ပြောင်းပြောကြသည်။ သူတို့သည် သင်္ဘောပေါ်မှ အချက်အလက်များဖလှယ်လိုက်ကြပြီး နှစ်ဖက်လုံးမှအချက်အလက်များကို ပေါင်းစပ်လိုက်ပြီး ဘာဆက်ဖြစ်မလဲ စဉ်းစားကြသည်။ 

လူချမ်းသာများဘက်ခြမ်းတွင် အရွယ်တင်နုပျိုစေပြီး အသက်ရှည်နိုင်သည့် ဂုဏ်သတ္တိရှိသော သွေးငါးရှဉ့်များရှာဖမ်းကြသည်။ သာမန်လူများသည် သင်္ဘောပေါ်တွင် ငွေပေး၍ခေါ်ထားသောကြောင့် အလုပ်တချို့လုပ်ပေးမှသာ အကျိုးခံစားခွင့် အနည်းငယ်ရနိုင်မည်ဖြစ်ပြီး ထိုငါးရှဉ့်ကိုတော့ စားနိုင်မည်မဟုတ်ပေ။ 

‘ဒါပေမဲ့ သာမန်လူတွေကို ဘယ်သူက ပိုက်ဆံပေးတာလဲ’

ကျန်းလော်နှင့် ဝမ်ယမ်လန်တို့သည် စိတ်ထဲတွင် အဖြေရသွားပြီဖြစ်သည်။ 

လူချမ်းသာများကပေးသည်။ 

လူချမ်းသာများသည် အဘယ့်ကြောင့် သွေးငါးရှဉ့်ကိုရှာဖွေပြီး ဘာကြောင့် သာမန်လူများကို သင်္ဘောပေါ်ပါအောင် ခေါ်လာရတာလဲ။

ကျန်းလော်တစ်ခုခုပြောမည့်အချိန်တွင် ထောင့်တစ်နေရာမှ ဆူညံသံကို ကြားလိုက်သည်။ သူနှင့် ဝမ်ယမ်လန်သည် ထိုနေရာသို့ ပြိုင်တူလှည့်ကြည်လိုက်ပြီး ထောင့်ဆီသို့ သွားလိုက်ကြသည်။ သူတို့ထိုနေရာနားရောက်တော့ ဝမ်ယမ်လန်က မေးလိုက်သည်။

“ဘယ်သူလဲ”

ထိုနေရာမှ အာဟာရပြတ်နေပုံရသော ကလေမလေးတစ်ယောက်သည် တုန်တုန်ယင်ယင်နှင့် ထွက်လာသည်။ ကလေးမလေးသည် ရှစ်နှစ်လောက်သာရှိပြီး ဂါဝန်သေးသေးလေးဝတ်ထားကာ ကျန်းလော်နှင့် ဝမ်ယမ်လန်ကို သေချာကြည့်နေပြီး စကားမပြောရဲပုံနှင့် ခေါင်းငုံ့လိုက်သည်။ ဝမ်ယမ်လန်သည် နူးညံ့စွာမေးလိုက်သည်။

“ညီမလေး ညီမလေးက ဘယ်သူလဲ ဘာလို့ ဒီနေရာမှာပုန်းနေတာလဲ”

“သမီးက လိရှား”

ဝမ်ယမ်လန်သည် အကြာကြီးချော့မေးတော့မှ ကောင်မလေးသည် အသံတိုးတိုးဖြင့်

“ဒီမှာဆော့နေတာပါ”

ကျန်းလော်သည် ကလေးလေးရှေ့တွင် ဒူးတစ်ဖက်ထောက်ပြီး ထိုင်လိုက်ကာ သူမလေးကဲ့သို့ တိုးတိုးပြောလိုက်သည်။

“ဒီမှာ တစ်ယောက်ထဲ ဆော့နေတာလား”

ကောင်မလေးသည် ခေါင်းညိတ်လိုက်ပြီး သူတို့ကိုကြည့်လိုက်သည်။

သူမလေးသည် အရုပ်လေးကဲ့သို့ သေးသေးကွေးကွေးနှင့် ဖြူဖျော့နေသည်။ အဝတ်များသည် ကောင်းမွန်ပုံပေါ်သော်လည်း အရောင်အဆင်းမရှိ‌တော့ပေ။ လူချမ်းသာနှင့်လည်းမတူပေ။ သို့သော်လည်း သာမန်လူများသည် လှေဦးပိုင်းကို လူချမ်းသာတစ်ယောက်မှ မဖိတ်ခေါ်လျှင် ဝင်ခွင့်မရှိပေ။ ကျန်းလော်သည် အလွန်လှပစွာပြုံးလိုက်ပြီး 

“လိရှား ညီမလေး ဖေဖေဘယ်မှာလဲ၊ ကိုကို ညီမလေးကို ပြန်လိုက်ပို့ပေးမယ်လေ”

လိရှားသည် ခေါင်းလှည့်လိုက်ပြီး သူမနောက်ရှိအခန်းများကို ညွှန်ပြကာ

“သမီးက အဲ့ဒီမှာနေတာ ဖေဖေက ဒီသင်္ဘောကြီး မောင်းတဲ့ ကပ္ပတိန်မို့လို့ သမီးက ဒီသင်္ဘောကြီးပေါ်ကနေရာတွေ အကုန်သိနေပြီ”


‘အိုး ကပ္ပတိန်ရဲ့ သမီးပေါ့’

ကျန်းလော်က မေးလိုက်သည်။

“ညီမလေး မေမေကရော”

လိရှားသည် အသံတိုးတိုးလေးနှင့်

“လွန်ခဲ့တဲ့ နှစ်နှစ် မုန်တိုင်းတိုက်တော့ လိရှားမေမေက ကုန်းပတ်ပေါ်က ပြုတ်ကျသွားပြီး လိရှားဆီပြန်မလာတော့ဘူး”

‘ဒီလိုကြီးလားဟ’

‘ကလေးမလေးက အမေမရှိတော့ သူ့အဖေကလည်း အလုပ်များတဲ့ ကပ္ပတိန်ဆိုတော့ ကလေးကို သေချာမကြည့်နိုင်ဘူးထင်တယ်’

လူနှစ်ယောက်သည် လိရှားကို အခန်းပြန်ပို့လိုက်ပြီး ပြန်ရန်အလုပ် ကလေးမလေးသည် နှုတ်ခမ်းကိုက်လိုက်ပြီး တွေဝေနေပုံဖြင့် ရုတ်တရက်ကြီး ဝမ်ယမ်လန်၏စကတ်ကို ဆွဲကာ

“မမ”

ဝမ်ယမ်လန်သည် တောင့်သွားပြီး ကလေးမလေးကိုပြုံးပြလိုက်ကာ အစ်မကြီးတစ်ယောက်လို ဒူးထောက်ကြည့်လိုက်ပြီး

“ဘာများလုပ်ပေးရမလဲ ကလေးလေး”

ကလေးမလေးသည် ဝမ်ယမ်လန့်လည်ပင်းကို ဖက်လိုက်ကာ သူ့နားနားကပ်၍

“ငါးစွပ်ပြုတ် လုံးဝမသောက်ပါနဲ့”

ဝမ်ယမ်လန်သည် အပြုံးမပျက်ဘဲ ကလေးမလေးကို ညင်သာစွာပြန်မေးလိုက်သည်။

“လိရှားလေး ဘာလို့ မမကို ငါးစွပ်ပြုတ်မသောက်ခိုင်းတာလဲ ဆိုတာ ပြောပြလို့ရလား ကလေးလေး”

လိရှားသည် တိတ်ဆိတ်နေပြီး ခေါင်းခါပြလိုက်သည်။ ဝမ်ယမ်လန်သည် ကလေးကို မေးခွန်းထပ်မမေးတော့ပဲ ခေါင်းပုတ်ပေးလိုက်ကာ  နှုတ်ဆက်စကားပြောလိုက်သည်။ အပြန်လမ်းတွင် သူတို့သည် သာမန်လူတစ်ယောက်ကို စင်ပေါ်မှကန်ချလိုက်သော ချန်လိကို တွေ့လိုက်သည်။ ချန်လိ၏အဝတ်များသည် စိုရွှဲနေပြီး မျက်နှာမဲ့ပြီး ကျန်းလော်တို့ကို ကျော်သွားသည်။ ကျန်းလော်ကို ရေစက်အနည်းငယ်စင်သွားသည်။ ကျန်းလော်သည် လက်ဖြင့်သုတ်လိုက်ပြီး ထိုရေကို နမ်းကြည့်လိုက်ရာ ပင်လယ်နံ့ရသည်။ 

‘ပင်လယ်ရေတွေပဲ’

ဝမ်ယမ်လန်သည် သူ့လုပ်ရပ်ကိုမြင်သောအခါ

“ဒီလူ့မှာ ပြဿနာရှိနေလို့လား”

ကျန်းလော်သည် ကြမ်းပြင်ပေါ်မှ ရေကွက်ကြီးကို ကြည့်လိုက်သည်။

“ဒီလူက ညလယ်ကြီးမှာ ပင်လယ်‌ရေတွေ ရွှဲနစ်နေတာ ပင်လယ်ထဲ ခုန်ချလိုက်လို့လား”

သူသည် ရေကွက်ကြီးကို ကြည့်လိုက်ပြီး ထူးဆန်းသလိုခံစားရကာ ရေကွက်နောက်လိုက်ကြည့်လိုက်ရာ ဒါဇင်လောက်ရှိသော သင်္ဘောသားအုပ်လိုက်ကြီးသည် ကြိုးများကို အပေါ်အောက်သေချာချည်နေကြသည်။ ကြိုးများသည် ငါးဖမ်းသေနတ်ကိုယ်စီနှင့် ရေငုပ်ဝတ်စုံဝတ်ထားသော သင်္ဘောသားနှစ်ယောက်ကို သေချာဂရုတစိုက်ချည်ထားကာ လူတစ်အုပ်သည် ထိုနှစ်ယောက်ပါနေသော သက်ကယ်လှေကို ဖြေးဖြေးချင်း ပင်လယ်ထဲ ချနေသည်။

သူတို့သည် တစ်စုံတစ်ယောက် သူတို့ဘက်လာနေသည်ကို မြင်သောအခါ သင်္ဘောသားတစ်ယောက်သည် သူတို့နားရောက်လာကာ

“လူကြီးမင်းတို့ ကျုပ်က သင်္ဘောသားတုထိုင်ပါ ကျွန်တော်တို့ အခုတော်တော်အလုပ်ရှုပ်နေလို့ ဒီနားကိုပတ်မသွားပါနဲ့ခင်မျ”

လေတိုက်လာသောအခါ ဤနေရာရှိ ငါးညှီနံ့သည် လှေဦးပိုင်းကထက်ပိုပြင်းသည်ကို သိလိုက်ရသည်။ ကျန်းလော်သည် ဘေးမှ သက်ကယ်လှေကိုကြည့်လိုက်ပြီး သိချင်စွာဖြင့် အသံကိုတိုးလိုက်ကာ

“ငါးဖမ်းနေကြတာလား..........”

သူသည် နောက်ဆက်တွဲစကားများထည့်မပြောသော်လည်း တုထိုင်ဟုခေါ်သော သင်္ဘောသားသည် သူဆိုလိုသည်ကို နားလည်ပုံရကာ ရယ်လိုက်ပြီး

“လူကြီးမင်းကတော့ အတွေးလွန်နေပါပြီဗျာ ကျွန်တော်တို့ ရွက်လွင့်လာတာမှ တစ်ရက်ပဲရှိသေးတာ ငါးဖမ်းးမဲ့နေရာ မရောက်သေးဘူးဗျ”

“ဒါဆို ဒါက”

“မစ်စတာ ဝင်လ်တန်လေ ရေထဲခုန်ချသွားလို့ဗျာ ကျွန်တော်တို့ သူ့ကိုအခုပဲဆယ်ပြီးတာ”

“ဒါပေမဲ့ လူကြီးမင်းတို့ စိတ်မပူပါနဲ့”

တုထိုင်သည် စိတ်ရှည်စွာဖြင့် 

“ဒီအချိန်က သား‌ပေါက်တဲ့အချိန်လေ အခု ဝင်လ်တန်ကိုကယ်ပြီး ကျွန်တော်တို့ သားဥပေါက်တာကြည့်ဖို့ ထပ်ဆင်းမလို့ဗျ ဒါမှ သူတို့ဘယ်အချိန်လောက် အကောင်ဖြစ်မလဲ ခန့်မှန်းလို့ရမှာလေ”

‘ဝင်လ်တန်က ခုန်ချတာတဲ့လား’

ကျန်းလော်သည် ဂိတ်ပေါက်တွင် ရူးနေသကဲ့သို့သောင်းကျန်းခဲ့သော လူချမ်းသာဝင်လ်တန်ကို တွေးမိပြီး မေးလိုက်သည်။

“သေပြီလား”

တုထိုင်ကပြောလိုက်သည်။

“အသက်မျှင်းမျှင်းတော့ ရှူနေပါသေးတယ်”

ကျန်းလော်သည် အမူအယာမပျက်ဘဲ အဓိကအကြောင်းအရာကို ဆက်မေးလိုက်သည်။

“ညဘက်ကြီး ဥသွားကြည့်တာက အဆင်ပြေပါ့မလား”

“နေ့နဲ့ညက သိပ်မကွာပါဘူးဗျာ”

တုထိုင်သည် ပျော်ရွှင်နေသောအသံဖြင့် ပင်လယ်ထဲကို ငုံ့ကြည့်လိုက်ကာ

“ပင်လယ်အောက်ခြေမှာ ဘာမှမမြင်ရဘူးလေ”

ထိုသို့ပြောပြီးနောက် သူသည် ကျန်းလော်တို့နှစ်ယောက်ကို ထွက်သွားပေးရန် ယဉ်ကျေးစွာတောင်းဆိုလိုက်သည်။ လူချမ်းသာများနှင့် သာမန်လူများသည် အထပ်မတူပေ။ ကျန်းလော်သည် ဝမ်ယမ်လန်ကို နှုတ်ဆက်လိုက်ပြီး အခန်းမပြန်ခင် ခန်းမထဲတွင်ထားခဲ့သော ချီယုံ့ကို သတိရသွားသည်။ သူသည် ရယ်ချလိုက်ပြီး မေ့ထားလိုက်တော့သည်။ ချီယုံ့လိုလူသည် တခြားသူများသူ့ကို အသားယူမည်ကို ငြိမ်ခံနေလိမ့်မည်ဟု မထင်ပေ။ သူပြန်ရောက်လျှင် မကောင်းဆိုးဝါးနှင့် မည်သို့ရင်ဆိုင်ရမည်ကို တွေးနေလိုက်သည်။

နောက်နှစ်ရက်တွင် အပျော်စီးသင်္ဘောသည် တိတ်ဆိတ်နေသည်။ ထူးဆန်းစွာပင် မကောင်းဆိုးဝါးသည် ကျန်းလော်ကို လုံးဝလာမနှောက်ယှက်ပေ။ ဒုကပ္ပတိန်ကို မကြာခဏတွေ့ရသော်လည်း ထိုလူသည် ကျန်းလော်ကို ကြည့်ပင်မကြည့်ရဲပေ။ ကျန်းလော်သည် ထိုလူမှာ ချီယုံမဟုတ်တော့သောကြောင့် စိတ်မဝင်စားတော့ပေ။ ခန္ဓာကိုယ်တစ်ခုသာဖြစ်သော်လည်း ချီယုံမရှိတော့သည်မှာ သိသာလှသည်။ ကျန်းလော်သည် ထိုလူအကြောင်းနည်းနည်းပင် စိတ်မဝင်စားတော့ပေ။ 

ရွက်လွင့်လာပြီး လေးရက်မြောက်နေ့တွင် Angoneseသင်္ဘောကြီးသည် ထူးဆန်းသောငါးတစ်မျိုးကို ဖမ်းရန်ပြင်ဆင်နေကြသည်။ ကျန်းလော်သည် ငါးဖမ်းသည့် ဖြစ်စဉ်တစ်ခုလုံးကို သေချာကြည့်သည်။

ပိုက်ကွန်အကြီးကြီးတွင် လူနှစ်ယောက်စာလောက်ကြီးသော ငါးအမည်းရောင်အကြီးကြီးတစ်ကောင် မိလာပြီး စက်ဖြင့် ဆွဲတင်နေကြသည်။ ငါးမည်းကြီးသည် လူငါးယောက်တောင် အားစိုက်ဆွဲနေရပြီး လှေအလယ်ရှိ ချိန်စက်ပေါ်သို့ ဆွဲတင်လိုက်သည်။ ကျန်းလော်ဘေးရှိလူတစ်ယောက်သည် အံ့ဩစွာဖြင့်

“ပေါင်၅၀၀ကျော်တောင်လား”

“ဒီငါးတစ်ကောင်လုံးဆို မီလီယံချီအောင်တန်မှာပဲကွာ”

ဘာမှမသိသော သာမန်လူများသည် တအံ့တဩကြည့်နေကြသည်။ လူချမ်းသာများသည် ထိုငါးကို အလင်းများထွက်နေသော မျက်လုံးဖြင့်ကြည့်နေကြကာ တချို့သည် စိတ်လှုပ်ရှားလွန်း၍ လက်များပင်ခါနေကြသည်။ ထိုငါးသည် အလွန်ထူးဆန်းသည်။ တစ်ကိုယ်လုံးကြေးခွံတစ်ခုမှ မပါချေ။ ခေါင်းသည်အလွန်ကြီးပြီး ခေါင်းတွင် ထူးဆန်းစွာ သွေးအလွှာတစ်လွှာဖုံးနေသည်။ ခေါင်းပိုင်းရှိ အရေခွံတွင် အပ်နှင့်အဖောက်ခံထားရသကဲ့သို့ သွေးကြောင်းများနှင့် အလွှာလိုက်လေးအုပ်နေခြင်းဖြစ်သည်။ ကိုယ်ထည်သည် ပြောင်ချောနေသော ချွဲကျိကျိအရာများနှင့် ကာကွယ်ထားပုံရသည်။ ရွှံ့ထဲတိုးထားသလို မဲနက်ကျိချွဲကာ ရွံစရာကောင်းနေသည်။ ကြေးခေါင်းလောင်းကဲ့သို့မျက်လုံးနှစ်လုံးမှ သွေးများစီးကျနေသေးသည်။ 

ကုန်းပတ်တစ်ခုလုံးကို ပြင်းထန်သော အနံ့တမျိုးဖုန်းလွှမ်းလာသည်။ အမျိုးသမီးတစ်ယောက်သည် မထိန်းနိုင်တော့ပဲ အန်လိုက်ကာ

“ငါးညှီနံ့က ဆိုးဝါးလိုက်တာ”

ငါးညှီနံ့သည် အလွန်ပြင်းထန်ကာ ငါးပုတ်ကဲ့သို့ အနံ့မျိုးဖြစ်ပြီး အလွန်ဆိုးဝါးသည်။ အားလုံးသည် နောက်ဆုတ်လိုက်ပြီး နှာခေါင်းများကို အုပ်ထားလိုက်ကာ စိတ်မပါတပါထွက်သွားကြသည်။

ထိုအကောင်သည် သွေးငါးရှဉ့်ဖြစ်သည်။

သွေးငါးရှဉ့်ကို ဖမ်းပြီးသောအခါ Angoneseသင်္ဘောကြီးသည် ထိုနေရာတွင် ခနရပ်ထားသည်၊ လူချမ်းသာများသည် ပျော်ပါးရန်စိတ်မဝင်စားကြတော့ပေ။ သူတို့သည် အခန်းဆီသို့ပြန်ကာ ညစာစားချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။ ကျန်းလော်သည် ကုန်းပတ်ပေါ်တွင် ဝမ်ယမ်လန်လဲကျဟန်ဆောင်သည်ကို ဖမ်းပေးလိုက်ရင်း သူ့လက်ထဲထည့်ပေးသွားသော စာကိုယူပြီး အခန်းပြန်လာခဲ့သည်။ ကျန်းလော်သည် အခန်းထဲရောက်သောအခါ စာကိုဖွင့်ကြည့်လိုက်ရာ စာတစ်ကြောင်းသာရေးထားသည်။ ဝမ်ယမ်လန်သည် သာမန်လူထဲမှ လေးဦးပျောက်ဆုံးသွားကြောင်း ရေးထားပြီး သူတို့မေးကြည့်ကြရာ လူချမ်းသာများနှင့် ဆော့ရင်းသေသွားကြသည်ဟု ပြောကြောင်း ရေးထားသည်။ ဝမ်ယမ်လန်တို့အဖွဲ့သည် ကျန်းလော်နှင့် ကောကျူတို့လူသတ်သမားကို ရှာတွေ့ပြီး သူတို့ပြန်ရောက်လျှင် ရဲလက်အပ်ကြရန် မျှော်လင့်နေကြသည်။

ကျန်းလော်သည် စာကို မီးရှို့လိုက်သည်။ ထို့နောက် ငါးညှီနံ့ပျောက်ရန်ရေချိုးလိုက်သည်။ သွေးငါးရှဉ့်၏အနံ့သည် တော်တော်နှင့်မပျောက်သောကြောင့် ကျန်းလော်သည် ရေသုံးခါချိုးလိုက်ရသည်၊ ထိုမျှအနံ့ဆိုးသောငါးကို ဘယ်လိုမှစားနိုင်မည် မဟုတ်ပေ။ 

‘အဲ့ဒါကြီးက တကယ်ပဲ လှပပြီး အသက်ရှည်အောင် လုပ်နိုင်မှာတဲ့လား’

လူတိုင်းသည် ရနိုင်လျှင် ထာဝရအသက်ကို လိုချင်ကြသည်ပင်။ တကယ်သာ ထိုသို့သော ကောင်းကျိုးများရနိုင်မည်ဆိုလျှင် လူချမ်းသာများသည် သူတို့မသေနိုင်တော့ရန် ထိုသွေးငါးရှဉ့်၏အရသာသည် ချီးလိုဖြစ်နေလျှင်တောင် အငမ်းမရစားကြလိမ့်မည်။

ညစာအချိန်တွင် စားသောက်ဆိုင်ထဲတွင် ဆူညံနေကြသည်။ ကျန်းလော်နှင့်ကောကျူသည် သာမန်လူလေးယောက် ပျောက်သွားသည့် အကြောင်းနှင့် လူများကိုဝှေ့ကြည့်လိုက်ပြီး လက်သည်ကို ခန့်မှန်းနေကြသည်။ အကယ်၍ လူသတ်သမားသာဆိုလျှင် ထိုလူ၏မျက်နှာသည် ရန်လိုပုံပေါက်လျှင်ပေါက် သွေးအလွှာတစ်ထပ် ဖုံးလျှင်ဖုံးနေပေလိမ့်မည်။ ကောကျူသည် လူများကို သေချာစွာလိုက်ကြည့်ပြီးနောက်

“ဒီက လူချမ်းသာတွေအကုန်လုံး ကောင်းတာလဲမဟုတ် ဆိုးတာလဲမဟုတ်ဘူးကွ သူတို့ထဲက ဘယ်သူမှ လတ်တလောလူသတ်ထားတဲ့ပုံ မပေါ်ဘူး”

ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်ပြီး

“လူချမ်းသာတွေအကုန် ဒီထဲမှာဟုတ်ရဲ့လား”

“သူတို့အကုန်လုံး ဒီညသွေးငါးရှဉ့်စားရတော့မှာဆိုပြီး လူတိုင်းရောက်နေကြတယ်လေ”

ကောကျူသည် အသံကိုနှိမ့်လိုက်ပြီး မသေချာစွာဖြင့်

“ကျန်းလော် သွေးငါးရှဉ့်က တကယ်ပဲ လူတစ်ယောက်အသက်ကို ဆွဲဆန့်နိုင်ပြီး ပြန်ပြီးနုပျိုအောင် လုပ်ပေးနိုင်တာလား”

“ငါလည်းမသိဘူး”

ကျန်းလော်သည် ရယ်မောလိုက်ပြီး 

“ကံကိုမယုံဘဲ အယူသည်းနေကြတာလားမသိဘူးကွ”

သို့သော် သူသည် မကောင်းဆိုးဝါးတောင် အကောင်အထည်လိုက်ကြီး ရှိနေသော ကမ္ဘာသို့ရောက်နေသောကြောင့် သွေးငါးရှဉ့်တကယ် အစွမ်းထက် မထက်မသေချာတော့ပေ။ သူတို့နှစ်ယောက်သာ တတွတ်တွတ်နှင့် လေဖုတ်နေကြသော်လည်းး တခြားလူချမ်းသာများသည် စိတ်မရှည်ကြ‌တော့ဘဲ တံခါးဝကိုသာ တကြည့်ကြည့် မျှော်နေကြသည်။ နာရီဝက်ကြာပြီးနောက် ကပ္ပတိန်သည် အလျင်စလိုဝင်လာကာ တောင်းပန်လိုက်သည်။

“ကျွန်တော်တောင်းပန်ပါတယ်ဗျာ ကျွန်တော်တို့ ဒီနေ့ သွေးငါးရှဉ့်ကို ဖမ်းမိခဲ့ပေမဲ့ အခုစားလို့မရသေးပါဘူး”

“ဘယ်အချိန်မှစားရမှာလဲ”

ကပ္ပတိန်၏စကားမဆုံးသေခင် လူတစ်ယောက်သည် စိတ်မရှည်တော့ပဲ ဖြတ်မေးလိုက်သည်။ ကပ္ပတိန်သည် ထိုသူကိုကြည့်လိုက်ပြီး မတုံ့ဆိုင်းပဲ

“လူကြီးမင်း အရသာအကောင်းဆုံးအစားအစာကို စားရဖို့အတွက် သည်းခံပြီးစောင့်ရပါတယ်ဗျ ကျွန်တော်တို့ အခုကစပြီး ချက်ပြုတ်ဖို့ ပြင်ဆင်နေပါတယ် တစ်ပတ်အတွင်းသွေးငါးရှဉ့်ကို လူကြီးမင်းတို့စားသုံးရမှာပါ”

“သို့သော်လည်း လူကြီးမင်းတို့ကို ပြောရမှာရှိပါသေးတယ် သွေးငါးရှဉ့်က ပေါင်ငါးရာကျော်လေးပြီး အကောင်ကြီးပေမဲ့ သူ့ရဲ့ အသားအနည်းငယ်ကသာ တကယ်အစွမ်းထက်ပါတယ်။ ပထမအသုတ်က အသားတွေကသာ အကောင်းဆုံးဖြစ်ပြီး ယခင်အတွေ့အကြုံများအရ တစ်သုတ်ကို လူဆယ်ယောက်စာပဲ ထွက်ပါတယ်”

ကပ္ပတိန်သည် ပြုံးလိုက်ပြီး သက်ပြင်းချလိုက်ကာ

“ပြီးတော့ ပထမဆုံးဆယ်ယောက်ကို မနက်ဖြန်ည လေလံပွဲမှာ ဆုံးဖြတ်ပါမယ်”

#################################################