Ch 82
Viewers 8k

အပိုင်း (၈၂) 


မိန်းကလေးတစ်ယောက်ရှိတယ်

ဂျင်ဆင်းကလေးလေးကို ပိုက်ပြီး ပြန်လာသည့် လမ်းတွင် ကျန်းလော်သည် ကံကြမ္မာယုံသူအကြောင်း တွေးနေမိသည်။ သူလမ်းလျှောက်နေချိန်တွင် သူ့အင်္ကျီလက်များစိုရွှဲသွားသောကြောင့် အတွေးရပ်သွားသည်။ သူငုံ့ကြည့်လိုက်သောအခါ ဂျင်ဆင်းကလေးလေးသည် သူ့အင်္ကျီလက်ဖြင့် မျက်ရည်များသုတ်နေသည်။ ကလေးလေးသည် သူငိုနေတာကို ကျန်းလော်တွေ့အောင်း တမင်တကာ သုတ်နေသောကြောင့် ကျန်းလော်သည် ပြုံးလိုက်မိသည်။ သူသည် နှလုံးသားမာကျောသောသူဟန်ဆောင်ကာ တမင်သက်သက် မမြင်ချင်ယောင်ဆောင်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် သူ့ကိုအရေးမလုပ်သောအခါ အလွန်စိတ်ညစ်သွားပြီး ကျန်းလော်အင်္ကျီလက်ကို ဆွဲကာ အသံချွဲချွဲလေးနှင့် 

“ကလေးလေးကို လွတ်ပေးလိူ့မရဘူးလားဟင်”

ကျန်းလော်သည် ကြင်နာစွာပြုံးပြလိုက်ပြီး

“မရဘူး”

ဂျင်ဆင်းကလေးလေးသည် ဝမ်းနည်းသွားသော အသံလေးနှင့် 

“ဒါပေမဲ့ ကလေးလေးကို လွတ်မပေးရင် ကလေးလေးကို သူများတွေက စားသွားတော့မှာ”

ကျန်းလော်သည် သနားစရာကောင်းစွာ ပြန်ပြောလိုက်သည်။

“မင်းကိုလွတ်ပေးလိုက်ရင် ငါ့ခြေထောက်တွေ ရိုက်ချိုးခံရမှာကွ”

ဂျင်ဆင်းကလေးလေးသည် အေးခဲသွားပြီး ထိုသို့သော အဖြေမျိုးထက် ‘သူ့ကို  ဘယ်သူမှမစားစေရဘူး’ ဟူသော အဖြေမျိုးမျှော်လင့်နေမှန်း သိသာသည်။ ကျန်းလော်သည် ပြုံးပြလိုက်ပြီး ကလေးလေးကို လက်ဖြင့်တောက်လိုက်ကာ

“ကောင်စုတ်လေး သနားစရာကောင်းချင်ယောင်ဆောင်တာက အလုပ်မဖြစ်ဘူးနော် မင်းအဲ့လို ဟန်ဆောင်ရင် မင်းကိုလွတ်ပေးမှာလို့ ဘယ်သူကများပြောလိုက်တာလဲ”

ကျန်းလော်ထွက်သွားပြီးနောက် ဧည့်ခန်းထဲတွင် ဖုန်းလီသည် အိမ်ရှင်နေရာတွင်ထိုင်နေပြီး ကျန်းလော်၏အတန်းဖော်များကို ကြည့်လိုက်ကာ မထူးခြားသော ပုံစံဖြင့်

“ပြောပါ”

ဝမ်ယမ်လန်ကပြောလိုက်သည်။

“ကောင်းကင်သခင်ဖုန်း မရှိတဲ့အချိန် ချီယုံက ကျန်းလော်ကို လာရှာခဲ့ပါတယ်၊မနေ့ညက ကျွန်တော်တို့ ညစာထွက်စားကြတဲ့အချိန်မှာ ချီယုံက ပြောင်ပြောင်တင်းတင်း ကိုယ်ထင်ပြလာပါတယ်၊ ဒါပေမဲ့ မနေ့ညကချီယုံလာတွေ့တာက နည်းနည်းတော့ကောင်းသွားပါတယ်၊ သူတို့နှစ်ယောက်စကားများပြီးတော့ ကျန်းလော်လည်း အသိစိတ်ပြန်ဝင်လာပါတယ်”

ဖုန်းလီမျက်နှာသည် တည်ငြိမ်နေပြီး စားပွဲခေါက်နေကာ 

“သူတို့ ဘယ်နှစ်ကြိမ်လောက်တွေ့ကြလဲ”

ဝမ်ယမ်လန်သည် ဖုန်းလီမျက်နှာကို ဆက်တိုက်ဖတ်နေကာ 

“အများဆုံးနှစ်ခါလောက်ပါပဲဗျ”

ထို့နောက် သူသည်ပြုံးလိုက်ပြီး

“ကျန်းလော်က တစ်ချိန်လုံးကျောင်းမှာပဲ အဆိုင်းမန့်ကိစ္စနဲ့ အလုပ်ရှုပ်နေတာပါ ပြီးတော့လဲ အမြဲတမ်း ကျွန်တော်တို့နဲ့ အတူရှိနေတာပါ၊ လူတွေတစ်ခုခုလုပ်ရင် အမြဲခြေရာလက်ရာ ကျန်ခဲ့ပေမဲ့ သရဲတွေကတော့ ခန့်မှန်းမရတဲ့အပြင် သူတို့ဆီက ကာကွယ်ဖို့ကလည်း မလွယ်ဘူးဆိုတော့ဗျာ...........”

ဝမ်ယမ်လန်၏ ရည်ရွယ်ချက်မှာ ဖုန်းလီကို ချီယုံကသာ ကျန်းလော်ကို အနှောက်အယှက်ပေးနေတာဖြစ်ပြီး ကျန်းလော်က ဘာမှမလုပ်ခဲ့ကြောင်း သိစေရန်ဖြစ်သည်။ ဖုန်းလီသည် ထိုစကားကို ယုံရမလား မယုံရမလား ရှုပ်ထွေးနေကာ

“မင်းတို့ရောက်တောင်နေမှတော့ ထျန်းရှိဖူမှာ ရက်နည်းနည်းလောက် နေသွားကြလေ၊ မနက်ဖြန်ကျရင် ထျန်းရှိဖူကဦးစီးပြီး သင်ခန်းစာတစ်ခုပို့ချမှာမို့လို့ ဒီမှာနေလိုက်ကြပေါ့၊ ကျုပ်မင်းတို့ကျောင်းကို ဖုန်းဆက်ထားလိုက်မယ်”

ဝမ်ယမ်လန်တို့သည် အချင်းချင်းကြည့်လိုက်ကြသည်။ သူ့အိမ်မှ ပြန်ခေါ်ခံရသော ချီရယ်နှင့် ထျန်းရှိဖူသို့ ဝင်ခွင့်မရှိသော စီဝမ်ကွေးတို့မှလွဲ၍ ကျန်လူများပါလာသောကြောင့်

ကျိုးကျုံးချိုးက ဦးဆောင်၍

“ကောင်းကင်သခင်ကို အနှောက်အယှက်ပေးမိပါပြီ”

ဖုန်းလီသည် လက်ကိုယမ်းလိုက်ပြီး

“ဝူတု သူတို့အတွက် အခန်းပြင်ပေးလိုက်ပါ”

မကြာမီတွင် ဧည့်ခန်းထဲတွင် သူတစ်ယောက်သာကျန်တော့သည်။ ဖုန်းလီသည် မျက်လုံးမှိတ်ထားရင်း ကျန်းလော်အလာကို စိတ်ရှည်ရှည်စောင့်နေသည်။ ကျန်းလော်ခြေသံကြားလိုက်ရပြီး

“ဆရာ”

ကျန်းလော်က ပြောသည်။

“ကောင်းကင်သခင်ကြီးက သက်ရှိဂျင်ဆင်းမလိုချင်ဘူးလို့ပြောပြီး ပြန်ယူသွားခိုင်းလိုက်ကပါတယ်”

ဖုန်းလီသည် ငြင်သာစွာသက်ပြင်းချလိုက်ကာ 

“မင်းအစ်ကိုတွေပြန်ရောက်လာမှ နောက်တစ်ခုထပ်သွားပေးခိုင်းလိုက်မယ်”

ထို့နောက်ဖုန်းလီသည်

“ဒါအတွက်ကတော့.............”

သူဘာမှမပြောရသေးခင် ဂျင်ဆင်းကလေးလေးသည် ချွဲပစ်နေသော အသံဖြင့် 

“ဖေဖေ”

ဖုန်းလီရော ကျန်းလော်ရော နှစ်ယောက်လုံးသည် ကြောင်အမ်းသွားပြီး ဂျင်ဆင်းကလေးလေးကို ကြည့်လိုက်ကြသည်၊ ဂျင်ဆင်းကလေးလေးသည် ကျန်းလော် လက်ချောင်းများကို သူ့ကိုယ်လေးနှင့် ဖိထားပြီး သနားစဖွယ်ငိုရှိုက်သံလေးနှင့်

“ဖေဖေ ကလေးလေးကို ကာကွယ်ရမယ်နော်”

‘ဒီကောင်စုတ်လေးက ဉာဏ်ကောင်းလှချေလားဟ’

ကျန်းလော်မျက်လုံးထောင့်များ အပေါ်တက်သည်အထိ ပြုံးလိုက်ကာ ဖုန်းလီသည် အကျယ်ကြီးအော်ရယ်လိုက်ပြီး

“ဒီဂျင်ဆင်းကို အခုကစပြီး မင်းဘဲထိန်းသိမ်းထားလိုက်တော့”

ကျန်းလော် “..............ဒါ.........”

ကျန်းလော်၏ တုံ့ပြန်ပုံကို ကြည့်ရင်း ဖုန်းလီသည် မျက်မှောင်ကြုတ်လိုက်ကာ

“မင်းရဲ့ သက်ကယ်အဆောင်က ပျက်ဆီးသွားတာလား”

ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး နိမ့်ချစွာ အကြံတောင်းလိုက်သည်၊

“ဆရာ ဘာလို့ ဒီသက်ကယ်အဆောင်က ကျွန်တော့်ကို ထျန်းရှိဖူကို ချက်ချင်းပြန်ခေါ်လာတာလဲ”

“ဒီအဆောင်က ထျန်းရှိဖူတပည့်ကြီးတွေတိုင်းမှာ တစ်ခုစီရှိကြတယ်။ အဲ့ဒီအဆောင်တစ်ခုစီတိုင်းကို ကျောင်းသားရဲ့ ဆရာကိုယ်တိုင်ရေးပေးထားတာ၊ မင်းကိုယ်တိုင် အသက်အန္တာရယ်ရှိနေပြီလို့ ထင်ရင် အဆောင်က မင်းကိုချက်ချင်းကာကွယ်ပေးမှာပဲ”

ဖုန်းလီသည် ထလိုက်ပြီး သစ်သားဗီဒိုရှိရာသို့ အေးဆေးစွာလျှောက်သွားလိုက်သည်။ သူသည် ဗီဒိုထဲမှ မိုးမခကိုင်းကို ထုတ်လိုက်ကာ 

“ငါ့တပည့်တစ်ယောက်ချင်းဆီမှာ ဒီအဆောင်ရှိတယ်”

ကျန်းလော်သည် ဖုန်းလီလက်ထဲမှ မိုးမခကိုင်းကို ကြည့်ပြီး မျက်ခွံများ တဆတ်ဆတ်တုန်လာပြီး

“ဆ ဆရာ”

ဖုန်းလီသည် သူ့ကို ဘေးတိုက်လှည့်ကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံးကို သေချာကြည့်ကာ

“ငါ မင်းကို အဲ့ဒီမကောင်းဆိုးဝါးကောင်နဲ့ တွေ့ရင် ချက်ချင်းအကြောင်းကြားဖို့ မပြောထားဘူးလားဟမ် မင်းအဲ့ဒီကောင်နဲ့ ထပ်တွေ့ရင် မင်းခြေထောက်တွေရိုက်ချိုးပစ်မယ်လို့ ပြောတာရော မမှတ်မိဘူးလား”

ကျန်းလော်သည် အလျင်အမြန် ဆင်ခြေပေးလိုက်သည်။

“ကျွန်တော် မကောင်းဆိုးဝါးနဲ့ တွေ့တုန်းက ဆရာမှ ရှိမနေတာ ဆရာ့ကို ရှာမတွေ့လို့..........”

ဖုန်းလီဘာမှပြန်မပြောနိုင်ခင် ကျန်းလော်သည် အသံတိုးတိုးလေးနှင့်

“သူ သူက ဘယ်လိုလူမျိုးလဲဆိုတာ တပည့်သိသွားပါပြီ ဒါပေမဲ့ သူ သူကျွန်တော့်ကို မလွတ်ပေးဘူး၊အဲ့ဒီအချိန်တုန်းက ကျွန်တော်ကြောက်လာတော့ သက်ကယ်အဆောင်က အသက်ဝင်လာပြီး တပည့်ကို ဒီထျန်ရှိဖူကို ပြန်ခေါ်ခဲ့ပါတယ်။”

ကျန်းလော်သည် မျက်ရည်များသုတ်လိုက်ပြီး

“ဆရာ”

“တပည့် တပည့် မှားမှန်းသိပါပြီ ဆရာက တပည့်ကောင်းဖို့လုပ်တာလဲ နားလည်သွားပါပြီ တပည့် ချီယုံဆီမှာ နောက်ထပ်အရူးလုပ်မခံတော့ပါဘူး”

ဖုန်းလီ “.............”

ဖုန်းလီသည် သက်ပြင်းချလိုက်ပြီး မိုးမခကိုင်းကို ပြန်သိမ်းလိုက်သည်။ 

“မင်းနားလည်သွားတာ ကောင်းတယ်”

ကျန်းလော်သည် ချက်ချင်းပြုံးလိုက်ပြီး ဖုန်းလီဆက်ပြောသည်ကို ကြားသောအခါ ဆူပုတ်သွားသည်။ 

ဖုန်းလီကပြောလိုက်သည်။

“ဒါပေမဲ့ မင်းဆီသူလာတာကို ဆရာ့ကို အရင်လာမပြောတာကိုက အမှားလုပ်တာပဲ မင်းမြေတိုက်ခန်းမှာ တစ်ရက်တိတိကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရမယ်”

ကျန်းလော်သည် အစတုန်းက ဖုန်းလီသည် သူ့ကိုဆို မျက်နှာသာပေးတတ်ပြီး ကြင်နာစွာဆက်ဆံတတ်သောကြောင့် ဖုန်းလီကို ပြောပြမည်ဟု တွေးထားသည်။  ထို့ကြောင့် သူသည် ဝမ်ယမ်လန်ကို ဖုန်းလီကို ပြောပြစေရန် အရိပ်အမွတ်တချို့ လုပ်ခဲ့ရသည်။ သို့သော် အံ့ဩစရာကောင်းစွာ ဖုန်းလီသည် သူထင်ထားသည်ထက်ပင် ပိုတင်းကျပ်နေကာ ခြေထောက်ကို ရိုက်မချိုးသော်လည်း သူ့ကို မြေတိုက်ခန်းထဲပိတ်ထားရန် ပြောခဲ့သည်။ ကျန်းလော်သည် သူအပြစ်သေးသေးလေး လုပ်တာကို အပြစ်ပေးသောကြောင့် မပျော်တော့ပေ။ စည်းကမ်းတင်းကျပ်ပြီး ထိန်းချုပ်ခံနေရသလို ခံစားရသည်။

ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး 

“တပည့် သိပါပြီ”

မြေတိုက်သုံးသပ်ခန်းများသည် ထျန်းရှိဖူအတွင်း အလွန်သီးသန့်ဆန်သော နေရာတွင်ရှိပြီး ပုံမှန်အားဖြင့် ဘယ်သူမှကိစ္စမရှိဘဲ မလာကြပေ။ ကျန်းလော်သည် တစ်ခါမှဒီနေရာကို မရောက်ဖူးပေ။ သို့သော် ကျိုးဝူတုသည် ဒီနေရာနှင့် အလွန်ရင်းနှီးနေပုံပေါ်ကာ သူ့ကို လိုက်ပို့ပြီး ကရုဏာသက်စွာ

“ဆရာက မင်းကို မြေတိုက်သုံးသပ်ခန်းမှာ ဘယ်လောက်လောက်နေခိုင်းထားလဲ”

ကျန်းလော်သည် နှေးကွေးစွာပြန်ပြောလိုက်သည်။

“တစ်ရက်”

“တစ်ရက်ထဲလား၊ မများပါဘူးကွာ”

“အစ်ကိုတို့ဆို ဆရာ့ဆီက အပြစ်အကြီးကြီးတွေခံရတာ၊ သုံးသပ်ခန်းထက် ပိုတိတ်ဆိတ်တဲ့ နေရာလိုမျိုးမှာလေ၊ အဲ့ဒီမှာဆို အင်တာနက်လဲမရဘူး၊ ဖတ်စရာ စာအုပ်လဲမရှိဘူး ပျင်းလွန်းလို့ အချိန်မြန်မြန်ကုန်အောင် တရားပဲထိုင်နေရတယ် အဲ့ဒီမှာ အိမ်သာရော ရေချိုးစရာနေရာပါမရှိဘူး ဒီတော့ မင်းက အဲ့ကို အပို့မခံရအောင် သုံးသပ်ခန်းမှာ လိမ်လိမ်မာမာနေ၊ အစ်ကို မနက်ဖြန်မနက်ကျရင် ပြန်လာခေါ်မယ် ဟုတ်ပြီလား”

သူပြောသမျှကို ကျန်းလော်သည် တိတ်ဆိတ်စွာနားထောင်နေသည်၊ ကျန်းလော်သည် အိပ်ရာအထုတ်လေးပိုက်ပြီး ကျိုးဝူတုနောက်မှ သုံးသပ်ခန်းများဆီ လိုက်သွားသည်။ သုံးသပ်ခန်းများသည် အကျဉ်းထောင်အခန်းများလိုပင် ကော်ရစ်တာတွင် သံတံခါးများဖြင့် ပိတ်ထားသည်။ ကျိုးဝူတုသည် ဒီနေရာနှင့် ရင်းနှီးနေကာ ကျန်းလော်ကို နေရောင်ကောင်းကောင်းဝင်ပြီး လေဝင်လေထွက်ကောင်းသော အခန်းကို သေချာရွေးပေးသည်။ ကျနးလော်သည် သူ့လက်ထဲမှ ပစ္စည်းများကို ချလိုက်ပြီး ပုခုံးကို နှိပ်လိုက်သည်။ ကျိုးဝူတုသည် ကျန်းလော်ကို အခန်းထဲပို့၍

“မင်းသူငယ်ချင်းတွေကို စိတ်ပူမနေနဲ့ အစ်ကို သူတို့ကို သေချာဂရုစိုက်ထားလိုက်မယ် အချိန်ကုန်မြန်အောင် ဖူလုရေးကျင့်နေလိုက်”

ကျန်းလော်သည် အခန်းထဲလိုက်ကြည့်နေရင်း ခေါင်းညိတ်ပြလိူက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကျိုး”

ကျိုးဝူတုသည် သူမပြန်ခင် ကြက်ခြေထောက်အစပ်တစ်ထုပ်ကြီး ပေးခဲ့သည်။ သံတံခါးပိတ်သွားပြီးနောက် ကျန်းလော်သည် အခန်းထဲတွင် တစ်ယောက်ထဲကျန်ခဲ့သည်။ အခန်းသည် ရိုးရိုးရှင်းရှင်းပင် ကုတင်တစ်လုံး စားပွဲတစ်ဆက်သာရှိသည်။ နံရံပေါ်တွင် ပြတင်းပေါက်သေးသေးလေးတစ်ခု ရှိသည်။ ထိုပြတင်းပေါက်မှ နေရောင်ကောင်းကောင်းရပြီး နေအလင်းထဲတွင် ဖုန်မှုန့်များတဖျတ်ဖျတ်လက်နေသည်။ ကျန်းလော်သည် အိပ်ရာခင်းလိုက်ပြီး ရေချိုးခန်းသွားကြည့်လိုက်သည်။ ရေချိုးခန်းသည် ကျဉ်းသော်လည်း သန့်ရှင်းနေသည်။ 

ဂျင်ဆင်းကလေးလေးသည် အိပ်ရာပေါ်မှ တွားးသွားလိုက်ကာ ကျန်းလော်မမြင်ခင် နံရံကို တွယ်တက်ပြီး ပြတင်းပေါက်မှ ထွက်ပြေးရန်အလုပ် ကျန်းလော်သည် သူ့ကို ဆွဲချလိုက်သည်။ ကျန်းလော်သည် စိတ်မရှည်စွာ 

“သားလိမ္မာလေးရေ ဘယ်ကိုလျှောက်ပြေးမလို့တုန်း”

ကျန်းလော်သည် ဂျင်ဆင်းကလေးလေးကို စားပွဲရှိဗီဒီုထဲသို့ ပစ်ထည့်လိုက်ပြီး တံခါးပိတ်ထားလိုက်သည်။ ထို့နောက် ခနလောက်အိပ်ရန် အိပ်ရာပေါ်သို့ လှဲနေလိုက်သည်။ ကျန်းလော်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး ညနေလေးနာရီထိုးမှ နိုးလာသည်။ သူထသောအခါ ကောင်းကင်သည် ရွှေရောင်သမ်းနေပြီး နေဝင်တော့မည်ဖြစ်သည်။ ညစာစားချိန်တွင် သူ့သူငယ်ချင်းများရောက်လာသည်။ သူတို့သည် သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကာ အပြစ်ရှိသည့် ပုံပေါက်နေသည်။ သူ့အတွက် သောက်ရေနှင့် စားစရာများလည်း ယူလာကြသည်။ 

ဝမ်ယမ်လန်သည် အပြစ်ရှိသလိုကြည့်ပြီး တီးတိုးပြောလိုက်သည်။

“ကျန်းလော် တောင်းပန်ပါတယ်ကွာ၊ ကောင်းကင်သခင်ကို မင်းချီယုံနဲ့တွေ့တာ ငါပြောလိုက်တာ”

ကျန်းလော်က ပြောလိုက်သည်။

“ရပါတယ်ကွာ မင်းတို့က ငါကောင်းဖို့လုပ်ခဲ့တာပဲ”၏

ဝမ်ယမ်လန်သည် သက်ပြင်းချလိုက်ပြီး ကျန်းလော်သည် အပြစ်ကင်းရဲ့သားနှင့် ဘာလို့များ ဖုန်းလီက ဒီလိုပြင်းပြင်းထန်ထန် အပြစ်ပေးရတာလဲဆိုတာ နားမလည်နိုင်တော့ပေ။ 

‘ဒီလိုမျိုးနွယ်စုကြီးတွေကတော့ အရမ်းကိုတင်းကျပ်တာပဲ’

“ငါတို့မင်းမှာထားတဲ့ ပစ္စည်းတွေယူလာပြီ”

ဝမ်ယမ်လန်သည်

“သုံးသပ်ခန်းကို ပစ္စည်းတွေအများကြီး မယူလာရဘူးဆိုလို့ မင်းအခန်းထဲမှာ ထည့်ထားလိုက်တယ်”

ကျန်းလော်သည် သူ့ကို ကျေးဇူးတင်လိုက်သည်။ သူတို့သည် ကျန်းလော်၏သုံးသပ်ခန်းအပြင်ဘက်တွင် နာရီဝက်လောက်ကြာ‌အောင် စကားပြောနေပြီး သုံးသပ်ခန်းအစောင့် လာခေါ်ကြမှ ပြန်သွားလိုက်သည်။ သုံးသပ်ခန်းသည် တဖန်ပြန်ပြီး တိတ်ဆိတ်သွားသည်။ မှောင်လာသောကြောင့် ကျန်းလော်သည် ဖူလုအဆွဲကျင့်လိုက်ကာ ပြန်အိပ်လိုက်သည်။

သူသည် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေကာ သူ့အံဆွဲထဲမှ ဂျင်ဆင်းကလေးလေးသည် အသာလေးထွက်သွားသည်။ ဂျင်ဆင်းကလေးလေးသည် သံတံခါး၏ လေထွက်ပေါက်မှ ထွက်ဖို့လုပ်သည်။ ကျန်းလော်သည် ဂျင်ဆင်းကလေးလေး ထွက်ပြေးသွားမည်ကို မစိုးရိမ်ဘဲပြန်အိပ်နေလိုက်သည်။ ညဘက်တွင် သုံးသပ်ခန်းသည်  ကလေးလေးသည် ဘယ်လိုမှ သော့ခတ်ထားလိုက်ပြီး ထွက်မပြေးနိုင်ပေ။ သူသည် ပျင်းရိစွာဖြင့် ပြန်အိပ်လိုက်သည်။ ထိုအချိန်တွင် ဂျင်ဆင်းကလေးလေးသည် လေထွက်ပေါက်မှပြေးဝင်လာပြီး အိပ်ရာပေါ်သို့ ပြေးတက်လိုက်ပြီး ကျန်းလော်လက်မောင်းထဲဝင်ပြီး တစ်ကိုယ်လုံးတုန်နေအောင် ငိုနေပြီး

“သရဲရှိတယ် အီးဟီး အပြင်မှာသရဲရှိတယ်လို့”

ဂျင်ဆင်းကလေးလေးသည် တစ်ကိုယ်လုံးမဲနက်ပြီး ညစ်ပတ်နေသည်။ ကျန်းလော်သည် သူ့ကို တွန်းထုတ်လိုက်ပြီး ရက်စက်စွာနှင့် ဂရုမစိုက်စွာဖြင့် 

“ထျန်းရှိဖူမှာ ဘယ်လိုလုပ်ပြီး သရဲရှိမှာလဲ”

ဂျင်ဆင်းကလေးလေးသည် တုန်ယင်ပြီး မျက်ရည်များရွှဲနစ်နေကာ ကျန်းလော်၏ အိပ်ရာကိုစိုရွှဲသွားစေသည်။ ကျန်းလော်သည် အမူအယာမဲ့စွာဖြင့် ကလေးလေးကို ရေချိုးခန်းကိုခေါ်သွားပြီး ရေထဲနှစ်ကာဆေးပေးလိုက်သည်။

ရွှံ့နက်များဆေးပြီးသွားပြီး ကျန်းလော်သည် အဝါရောင်ပြောင်းသွားသော ရေကိုသတိထားမိလိုက်သည်။ ဂျင်ဆင်းလက်ဖက်ရည်နှင့်တောင် တူနေသည်။ ဂျင်ဆင်းကလေးလေးသည် ငိုနေရင်းရပ်သွားကာ တိုးတိုးပြောလိုက်သည်။

“မင်းမသောက်ဖူးလား”

ကျန်းလော်ကပြောလိုက်သည်။

“ဘာကို သောက်ခိုင်းနေတာလဲ”

ဂျင်ဆင်းကလေးလေးသည် တည်ကြည်သော အသံဖြင့်

“ကလေးလေးရဲ့ ချိုးရေကိုလေ”

ကျန်းလော် “................”

ကျန်းလော်သည် ဂျင်ဆင်းလေးကို ရေထဲနှစ်လိုက်သည်။

ဂျင်ဆင်းကလေးလေးသည် ရေထဲမှ ပြန်ထုတ်လိုက်သည်။ ကျန်းလော်သည် ထိုရေကိုမျက်နှာတစ်ချက်မပျက်ပဲ သွန်ချပစ်လိုက်သည်။ ဂျင်ဆင်းကလေးလေးကို ဆေးကြောပေးပြီးနောက် ကျန်းလော်သည် ကလေးလေးနောက်ကျောရှိ ကိုက်ရာတစ်ခုကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ

“အကိုက်ခံလာရတာလား”

ဂျင်ဆင်းကလေးလေးသည် တုန်သွားပြီး

“အပြင်မှာသရဲရှိပါတယ်ဆို သူမက ကလေးလေးကို စားချင်နေတာ”

‘မဖြစ်နိုင်တာ’

ချီယုံလို မကောင်းဆိုးဝါးဆိုရင်တောင် အစ်ကိုချောင်ကို ထိမ်းချုပ်ပြီး ဝင်လာနိုင်တာဖြစ်သည်။ သရဲတစ်ကောင်သည် ထျန်းရှိဖူသို့ ဘယ်လိုမှ ဝင်မလာနိုင်ပေ။ ကျန်းလော်မယုံသည်ကို မြင်သောအခါ ဂျင်ဆင်းကလေးလေးသည် 

“တကယ်သရဲပါဆိုနေ ပြီးတော့ အဲ့တာ သရဲမကြီးလို့ သူမကိုမြေအောက်ထဲမှာ ပိတ်ထားတာလို့ ကလေးလေးပြုတ်ကျသွားတော့ သူမက ကလေးလေးကို ဖမ်းပြီး စားဖို့လုပ်တာ သူမလက်သည်းတွေက အရှည်ကြီးပဲ သူမပါးစပ်ကြီးက နံစော်နေတာပဲ သူမက ကလေးလေးကို ကိုက်လိုက်တာ”

ကျန်းလော်သည် မျက်ခုံးပင့်လိုက်ပြီး

“မြေအောက်ထဲမှာလား”

သူသည် သုံးသပ်ခန်းအောက်ဘက်တွင် မြေ‌အောက်ထပ်ရှိမှန်း မသိလိုက်ပေ။ ကျန်းလော်သည် စိတ်ဝင်စားသွားပြီး ဂျင်ဆင်းကလေးလေးကို ချီထားပြီး တံခါးဆီသို့လျှောက်သွားပြီး လေထွက်ပေါက်မှ အပြင်ကို ချောင်းကြည့်လိုက်သည်။ အပြင်တွင် ကော်ရစ်တာတလျှောက် မှောင်မဲနေပြီး တိတ်ဆိတ်နေသည်။ သုံးသပ်ခန်းများရှိရာ တလျှောက်လုံးတွင် သူ့အခန်းတစ်ခန်းသာ လင်းနေသည်။ ကျန်းလော်တစ်ယောက်သာ ဒီနေရာတွင် ရှိသည် ဖြစ်မည်။ 

ကျန်းလော်သည် တိုးတိုးပြောလိုက်သည်။

“ဘယ်နေရာကနေ မြေအောက်ထဲကျသွားရတာတုန်း ရှူးတိုးတိုးပြော”

ဂျင်ဆင်းကလေးလေးသည် ပါးစပ်ကိုလက်နှင့် အုပ်လိုက်ပြီး အသံတိုးတိုးလေးနှင့် ကော်ရစ်တာအဆုံးသို့ လက်ညိုးထိုးပြလိုက်သည်။

ကျန်းလော်က ထပ်မေးလိုက်သည်။

“မင်းဘယ်လိုလုပ်ပြီး သူမဆီက လွတ်လာတာလဲ”

“သူမက အချုပ်ခံထားရတယ်”

ပြီးတော့ ဂျင်ဆင်းကလေးလေးသည် တိုးတိုးတိုးတိုးနှင့်

“ကလေးလေးက သူ့မျက်နှာကို ကန်ထည့်လိုက်ပြီး ထွက်ပြေးလာတာ”

ကျန်းလော်သည် ခနမျှတွေးလိုက်ပြီး ယင်ယန်လက်ကောက်ကို ခါလိုက်သည်။ ရွှေရောင်ကြွက်လေးတစ်ကောင် ထွက်လာပြီး ကော်ရစ်တာအဆုံးထိ လေလိုပြေးသွားလိုက်သည်။ ထို့နောက်ချက်ချင်း ပြန်ရောက်လာကာ သူ့ခေါင်းလေးကို ကျန်းလော်လက်မောင်းထဲဝင်ပြီး ပွတ်သီးပွတ်သပ်လုပ်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် ကြွက်ကို အလွန်ကြောက်ရွံ့နေပြီး တုန်ခါနေသည်။ ထို့နောက် ကျန်းလော်သည် ဂျင်ဆင်းကလေးလေးကို ဆွဲထုတ်လိုက်ပြီး ခေါင်းခေါက်လိုက်ကာ ပျင်းပျင်းရိရိပြောလိုက်သည်။

“ကလေးလေး လိမ်ညာတတ်တဲ့ကလေးတွေကို လူကြီးတွေက ချက်စားပစ်မှာနော်”

ဂျင်ဆင်းကလေးလေးသည် အကျယ်ကြီးငိုနေပြီး 

“ကလေးလေးက တကယ်မလိမ်ပါဘူးဆိုနေ”

###########################################################