Ch 70
Viewers 8k

အပိုင်း (၇၀) 


အလုပ်ပြီးပြီ

ကျန်းလော်၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားပြီး လှောင်ပြုံးပြုံးလိုက်ရာ သူ့နှုတ်ခမ်းမှဒဏ်ရာကို ဆွဲဖြဲလိုက်သလိုဖစ်သွားပြီး ရက်စက်စွာ

“ခွေးကိုက်တာ”

ထန်ပိ “...........”

သူသည် မေးပြီးမှ တစ်ခုခုမှားနေသလိုခံစားလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျန်းလော်ကိုယ်ပေါ်တွင် သူ့သခင်၏အနံ့ကို ရလိုက်သောကြောင့်ဖြစ်သည်။ ယခုပြန်တွေးကြည့်မိသောအခါတွင်လည်း သူသည် သခင့်ထံမှ လူစိမ်းအနံ့တစ်ခုရခဲ့သေးသည်။ 

‘သူတို့နှစ်ယောက် တိုက်ခိုက်ကြတာလား’

‘သခင့်လက်မောင်းကို ကျန်းလော်က ဖြတ်လိုက်လို့ သခင်က ကျန်းလော်နှုတ်ခမ်းကို ပြန်လုပ်လိုက်တာလား’

‘ဒါဆိုခုနက ကျန်းလော်ပြောတဲ့ ခွေးဆိုတာက..........’

ထန်ပိသည် မျက်ခုံးတွန့်သွားပြီး သူတို့ဘာလို့ ဒီလိုအခြေအနေမျိုးအထိ တိုက်ခိုက်လိုက်ကြလဲ စဉ်းစားမရနိုင်အောင် ဖြစ်နေသည်။ ထန်ပိသည် သူ့ကိုယ်သူ မဖော်ထုတ်မိစေရန် ဘာမှမသိလိုက်သလို ဟန်ဆောင်လိုက်သည်။ 

‘ဘာမှမပြောလို့အဆင်မပြေဘူးထင်တယ်’

ထန်ပိသည် အသံခြောက်ခြောက်ကြီးဖြင့်

“တကယ်ကြီးလား ငါတို့ဆေးရုံမှာ ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ လိုမယ်ထင်တယ်နော်”

ခွေးရူးပြန်ကာကွယ်ဆေးဟူသော စကားလုံးကို သူသည် လူ့လောကကို ရောက်စက ကြားဖူးထားခြင်းဖြစ်သည်။ 

ကျန်းလော်၏ဒေါသသည် ချက်ချင်းပျောက်ကွယ်သွားပြီး ပြုံးလိုက်ကာ

“ဟုတ်သားပဲ ခွေးကိုက်ပါတယ်ဆိုမှ ခွေးရူးပြန်ကာကွယ်ဆေးထိုးရမှာပေါ့”

ထန်ပိသည် သူ့စိတ်ကဘာလို့ ဒီလောက်အပြောင်းအလဲမြန်လဲ စဉ်းစားနေသည်။ လမ်းတွင် ထန်ပိသည် ကျန်းလော်ကို ကြည့်နေကာ လုံးဝအကြည့်မလွှဲပေ။

‘သခင်က ကျန်းလော်ကိုစောင့်ကြည့်ခိုင်းထားတယ်’

ကျန်းလော်က မေးလိုက်သည်။

“စီကွေး မင်းဘာလို့ ငါ့ကိုဒီလောက်တောင် ကြည့်နေတာလဲ”

ထန်ပိသည် တောင့်ခနဲဖြစ်သွားပြီး အကြည့်လွှဲလိုက်ကာ မရေမရာနှင့်

“ဘာမှမဟုတ်ပါဘူး”

ကျန်းလော်သည် ဘာမှထပ်မမေးတော့ပဲ ရိုက်ကူးရေးအဆောက်အဦးမှ နှစ်ယောက်သားထွက်ခဲ့ကြပြီး ကားငှား၍ ရယ်ရွှင်နှင့် လုယုံရိကို ရှာရန် ဆေးရုံသို့ ထွက်ခဲ့ကြသည်။ ဆေးရုံလျှောက်လမ်းတွင် သူတို့နှစ်ယောက်အပြင် ရဲသားတစ်ယောက်နှင့် ဒါရိုက်တာနှင့် ပီဒီတို့သာရှိသည်။ ဒါရိုက်တာသည် ရယ်ရွှင်ကို ပြုံးပြလိုက်သည်။ သူသည် ရယ်ရွှင်ကိုကြောက်နေပုံပေါ်သည်။ ရဲသည် ကျန်းလော်မြင်ဖူးသော သူနှင့်တူကာ သွားဖြူဖြူများပေါ်သည် အထိပြုံးပြလိုက်ပြီး လက်ဝှေ့ယမ်းပြနေသည်။ 

“ဟိုင်း ထပ်တွေ့ပြန်ပြီနော်”

ကျန်းလော်သည် ခနမျှစဉ်းစားလိုက်ပြီး ဟိုတယ်၁၂၉ တုန်းက အမှုကိုတာဝန်ယူသည့် ရဲမှန်းသိလိုက်သည်။ 

“တိုက်ဆိုင်လိုက်တာ”

“သဘာဝလွန်အမှုအခင်းတွေကို ဒီနယ်မြေမှာ ကျုပ်ပဲတာဝန်ယူထားတာ၊ တခြားလုပ်ဖော်ကိုင်ဖက်တွေလဲ ရှိသေးတယ်”

ရဲသည် နေရောင်တောက်ပနေသလို ပြုံးလိုက်ပြီး

“လုက ခွဲစိတ်ခန်းထဲမှာ ဒဏ်ရာချုပ်နေတုန်းပဲ ကျန်းငါမင်းကို မေးခွန်းနည်းနည်းမေးလို့ရမလား ဖြေဖို့ အဆင်ပြေရဲ့လား”

ကျန်းလော်သည် နှုတ်ခမ်းစေ့လိုက်ပြီး

“ခနလောက်စောင့်ပေးပါဗျာ ကျွန်တော်သွားအရင်တိုက်လိုက်ချင်လို့”

သူ၏ တစ်စုံတစ်ယောက်မှ ဆွဲဖြဲခံထားရပုံရပြီး ယောင်ကိုင်းနေသော နှုတ်ခမ်းကို ကြည့်လိုက်ပြီး ရဲအရာရှိသည် နူးညံ့စွာဖြင့်

“ဘာဖြစ်လာတာလဲ”

ထန်ပိသည် ကျန်းလော်မျက်နှာကို ကြည့်လိုက်ပြီး ချောင်းဟန့်လိုက်ကာ

“သူ့ကို ခွေးကိုက်လိုက်တာ”

ရဲအရာရှိသည် သေချာြကည့်၍

“ဪ”

ရယ်ရွှင်သည် သိချင်စွာဖြင့် 

“အဆောင်မှာ ခွေးရှိတယ်လား”

ကျန်းလော်သည် ပြုံးလိုက်ပြီး

“ရှိတယ်”

သူသည် တစ်ခါသုံးသွားတိုက်တံတစ်ချောင်းကို ဗီဒိုထဲမှထုတ်၍ သူတို့ကို ပြုံးပြလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သူသည် သွားတိုက်ရန် သွားတိုက်တံကို ပါးစပ်ထဲထည့်လိုက်ရာ သွားတိုက်တံမှ အမျှင်များသည် အနာကို ထိသွားသောကြောင့် ကျန်းလောသည် အနည်းငယ်ညည်းလိုက်ကာ သူ့မျက်နှာသည် တည်သွားသည်။ သူသည် မှန်ကြည့်လိုက်ပြီး ပါးစပ်ဟလိုက်သည်။ သူ့နှုတ်ခမ်းသည် အတွင်းဘက်တွင် စုတ်ပြတ်ပြဲထွက်နေပြီး သူ့လျှာသည် တစ်ချက်လောက်သာ အကိုက်ခံထားရသော်လည်း အလွန်နာကျင်နေသည်။ ကျန်းလော်သည် ဘယ်လိုပင် ခွေးကိုက်သည်ဟု ဆင်ခြေပေးထားသော်လည်း အတွေ့အကြုံရှိသူများကို ညာမရချေ။

ရယ်ရွှင်လိုလူသာလျှင် သူ့ပေါက်ကရစကားများကို ယုံမှာဖြစ်သည်။ ကျန်းလော်သည် ပါးစပ်ပိတ်လိုက်ပြီး မှန်ကိုကြည့်လိုက်ရာ မှန်ထဲတွင် ဆံပင်အနက်နှင့်ကောင်လေးမျက်နှာသည် ရေခဲများခဲနေသကဲ့သို့ အေးစက်နေသည်။ သူ့မျက်နှာသည် စုတ်ပြတ်နေကာ သူ့နှလုံးသားသည်လည်း ဒေါသထွက်ရလွန်း၍ ကွဲပြဲသွားပြီလားမသိပေ။ 

ဒါကို အနမ်းလို့ပြောလျှင် ဘယ်သူမှယုံမည်မဟုတ်ပေ။ 

ကျန်းလော်က ချီယုံအကြောင်းမသိဘူးလား

ချီယုံသည် ကျန်းလော်နှင့် သူသည် စရိုက်တူသောလူများဖြစ်သည်ဟုပြောဖူးပြီး ကျန်းလော်သည်လည်း ချီယုံသည် လူတိုင်းကို သူ့လိုပင်မှတ်နေသည်ဟု ကောက်ချက်ချဖူးသည်။ ကျန်းလော်သည် ချီယုံကို နမ်းလိုက်ပြီးနောက် တစ်ခုသိလိုက်ရသည်။ ချီယုံသည် သူ့ကိုပြန်ပြီး အရှက်ရစေချင်နေသည်။ သူ့ကို မုန်းတီးကာ ပျက်ရယ်ပြုချင်နေသည်။ 

ကျန်းလော်ကိုလှောင်ပြောင်ခြင်းသည် သူ့အတွက် အချည်းအနှီးဖြစ်သွားပြီး သူသည် ကျန်းလော်ကိုယ်စား မျက်နှာမဲ့မိစ္ဆာကို ရင်ဆိုင်ခဲ့ရသေးသည်။ စက်ဆုပ်စရာကောင်းလိုက်တာ၊ ကျန်းလော်သည် သူ့ကိုနမ်းခဲ့သည်။ ထို့ကြောင့်မကောင်းဆိုးဝါးသည် ဆိုးဝါးစွာနမ်း၍ ပြန်ပေးဆပ်လိုက်သည်။ ကျန်းလော်သည် အနမ်းတစ်ခုကြောင့် မကောင်းသည့် ခံစားချက်များရနေသည်။ အချစ်အကြောင်းပင် မတွေးနိုင်သေးဘဲ အနမ်းအကြောင်းထိုင်တွေးနေရသည်။ အချစ်မဟုတ်ပဲ တက်မက်ခြင်းများလား။

ကျန်းလော်သည် သူ့ကိုသူသတိပြန်ဝင်လာစေရန် ပါးကို လက်နှင့်ပုတ်လိုက်သည်။  ထိုသို့တွေးပြီးနောက် သူ့အတွေးထဲ ရစ်ဝဲနေသော ထူဆန်းသည့် အကျပ်အတည်းသည် ပျောက်ကွယ်သွားသည်။ ကျန်းလော်သည် သွားကိုသုံးကြိမ်မြောက်တိုက်ပြီးနောက် သူသည် နာကျင်လွန်း၍ ဒေါသတအားထွက်လာသည်။

ချီယုံ၏နှုတ်ခမ်းက  ကျောက်တုံးလိုမာကြောသည်။ သူတို့အနမ်သည် သွေးထွက်အောင် တမင်တကာ စစ်တိုက်နေသကဲ့သို့ပင် တစ်ယောက်နှင့်တစ်ယောက် မီးထရှို့လိုက်ပြီး ပြာကျသွားစေချင်နေကြသည်။ ကျန်းလော်၏သွေးများသည် မကောင်းဆိုးဝါး၏သွေးနက်များနှင့်ရောနှောနေကာ သူသည် မည်သူမျှမသိသော ကျင်းထဲကျပ်ထဲရောက်နေခဲ့ပြီး ထိုသွေးများသူ့ပါးစပ်ထောင့်မှာပေသွားသည်ကို တိတ်တိတ်လေးနေခဲ့ရသည်။ မကောင်းဆိုးဝါးများသည် ကျန်းလော်နှင့် ပုံမှန်ဆိုလျှင် ဘယ်တော့မှာလာရှုပ်လိမ့်မည် မဟုတ်ပေ။ ကျန်းလော်သည် ရေအေးတစ်ခွက်ယူကာ သူ့မျက်နှာကို လောင်းချလိုက်သည်။ ရေအေးသည် သူ့ကို စိတ်ငြိမ်သွားစေပြီး သူသည်ပြုံးလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲမှ ထွက်လာပြီး ရဲအရာရှိမေးခွန်းများဖြေလိုက်သည်။ 

အရာရှိသည် မျက်နှာမဲ့မိစ္ဆာအကြောင်းနှင့် ထိုအရာကို သူဘယ်လိုရှင်းလိုက်သလဲမေးသည်။ ကျန်းလော်သည် မျက်လုံးကျယ်ကျယ်ဖွင့်၍ ချီယုံအကြောင်းကိုဖယ်ပြီး ဇာတ်လမ်းတစ်ခုလုပ်ပြီး ပြောပြလိုက်သည်။ အရာရှိသည် ပါးစပ်အဟောင်းသားနှင့် နားထောင်ပြီး ခနခနသက်ပြင်းချနေကာ

“အန္တာရာယ်များလိုက်တာ”

“ဘုရားရေ မလွယ်ဘူးနော် မလွယ်ဘူး”

“အောင်မလေး မင်းအရှောင်တော်လို့ပေပဲ ကျန်းရေ ဘုရားမလို့ ကံကောင်းတာပဲ”

လူနှစ်ယောက်သည် ပုံပြင်ပြောသူနှင့် နားထောင်သူကဲ့သို့ပင် တစ်ယောက်သည် မဟုတ်တာတွေလျှောက်ပြောနေပြီး တစ်ယောက်သည် တကယ်ထင်ပြီး စိတ်ဝင်တစားနားထောင်နေသည်။ ကျန်းလော်သည် ဇာတ်စုံခင်းပြပြီးနောက် ရဲအရာရှိသည် စာအုပ်သေးသေးလေးထဲ မှတ်လိုက်ပြီး

“မစိုးရိမ်ပါနဲ့ ကျန်း ကျူပ်အထက်ကိုကောင်းကောင်းတင်ပြလိုက်မယ် မင်းတို့ကို ခရက်ဒစ်မြင့်မြင့်ရအောင် သေချာပြောပေးလိုက်မယ်”

ကျန်းလော်သည် အကြီးကြီးပြုံးပြလိုက်ပြီး

“ကျေးဇူပါဗျာ”

သူသည် ပုံမှန်မေးစရာ တစ်ခုရှိသလိုပင်

“ကျွန်တော်တို့ ပြည်နယ်တွင်း သဘာဝသိပ္ပံပြိုင်ပွဲတုန်းကလေ ရဲအရာရှိလမ်ကိုတွေ့မိလို့ သူအခုရှိသေးလား”

ရဲအရာရှိသည်

“အဲ့တုန်းက ရဲတွေလည်းပါခဲ့တယ်လေ၊ ပြီးတော့ ဒီအမှုကိုဖော်ပြီးတော့ အရာရှိတော်တော်များများ ပြောင်းကုန်ကြတယ်၊ ကျုပ်ကတော့ မပြောင်းလိုက်ရဘူး ကျုပ်လုပ်ဖော်ကိုင်ဖက်ကတော့ ပြောင်းရွှေ့ထဲပါသွားတယ်”

“တကယ်တော့ကျွန်တော့မှာ မေးစရာတစ်ခုရှိလို့ပါ၊”

ကျန်းလော်သည် ပြုံးလိုက်ပြီး အသံတိုးလိုက်ကာ

“အရာရှိလင် ဒုတိယပြိုင်ပွဲမှာရှာတွေ့ခဲ့တဲ့ အလောင်းတွေအကြောင်းသိလားဗျ”

ဤစကားဝိုင်းမှ ကျန်းလော်သည် အရာရှိလင်သည် အလွန်စပ်စုတတ်ပြီး အကြောင်းအရာတစ်ခုကို အဆုံးထိသိချင်တတ်ကြောင်း သေချာသွားသည်။ သူသည် ရယ်ရွှင်နှင့် တူတူပင်ဖြစ်သည်။

သူ့လုပ်ဖော်ကိုင်ဖက်သည် ယွင်နန်သို့ ရွှေ့ပြောင်းသွားရပြီး ထိုပြိုင်ပွဲနှင့်ပတ်သတ်၍ အရာရှိလင်သည် သူ့လုပ်ဖော်ကိုင်ဖက်ထံမှ အားလုံးနီးပါးသိထားနိုင်သည်။ အရာရှိလင်သည် ခေါင်းငုံ့ပြီး လေသံလေးဖြင့်

“မင်းတို့က ဘာကိုသိချင်တာလဲ”

ကျန်းလော်သည် ခေါင်းခါလိုက်ပြီး

“ပြိုင်ပွဲကောင်စီက ကျွန်တော်တို့ကို ဘာမှမပြောပြဘူး”

အရာရှိလင်သည်

“အဲ့ဒါဆို မင်းတို့သိစရာမလိုလို့ထင်တယ်”

“ဒုတိယပြိုင်ပွဲက ကျူးလွန်ခံရသူရဲ့ အလောင်းက ငါြကားတာတော့ အဲ့တာက ပူဆွေးအရုပ်ဖြစ်သွားတယ်နဲ့ ပြီးတော့ သူမအလောင်းနှင့် တခြားအလောင်းတွေကို နံရံထဲက ရှာတွေ့တာတဲ့ သူမကအလောင်းဖြစ်နေတုန်းမှာတောင် အဲ့ဒီလူတွေကို လက်စားပြန်ချေနိုင်တာဆိုတော့ သူမက ပါရမီပါတာပဲ ပြီးတော့ သူမအသက်ရှင်နေတုန်းက သူမက ရုပ်လွန်ပညာမှာ တော်တဲ့ကျောင်းသားထဲပါတယ်တဲ့၊ ကျူပ်ကြားတာတော့ ပြိုင်ပွဲပြီးတော့ ချီမိသားစုက အလောင်းကို သူတို့အိမ်ကိုယူသွားတယ်တဲ့ ဒီလိုစပယ်ရှယ်အလောင်းကို ဘယ်မှာ သုံးမလို့လဲတော့ မပြောတတ်ဘူး”

ကျန်းလော်သည် 

“ဒါက ဒီလိုကိုး”

သူသည် ကျေးဇူးတင်စွာပြုံးပြလိုက်ပြီး

“ကျွန်တော့်ကို ဒီအကြောင်းပြောပြလို့ ကျေးဇူးပါ အရာရှိလင်”

ချီမိသားစုက လုပ်ခဲ့သည်မှာ သေချာသွားပြီဖြစ်သည်။ သို့သော် ချီမိသားစုသည် ဗြောင်ကျလွန်းနေပြီး ဖုယွင်အာကို ထုတ်သုံး၍ သူတို့ပေါ်သွားမည်ကို လုံးဝမစိုးရိမ်ပုံပေါ်သည်။ ကျန်းလော်သည်

“အိုး သူတို့က သေသွားပြီးပဲ ဘယ်လိုလုပ် ပေါ်သွားနိုင်မှာလဲ”

နောက်ထပ်ချီမိသားစုနဲ့ ချီမိသားစုသည် ဘာလို့ရုတ်တရက် ပူးပေါင်းလှုပ်ရှားသွားကြပါသလဲ။

ကျန်းလော်သည် အရာရှိလင်နှင့် ပြောဆိုပြီးနောက် အရာရှိလင်သည် ကျန်းလော်ကို ဒါရိုက်တာဆီသို့ခေါ်သွားသည်။ 

“ဒါက တကယ်ကို ထူးခြားတဲ့မစ်ရှင်ပဲဗျာ ကျွန်တော်တို့ထင်တာက ကျွန်တော်တို့အကြောင်းလူမသိစေလောက်ဘူးထင်နေတာ မထင်မှတ်ဘဲ ကျန်းက နာမည်ကြီးသွားတယ် ခင်များလည်းသိမှာပါ ရုပ်လွန်အဖွဲ့အစည်းကရော ပြည်နယ်ဘက်ကရော ရုပ်လွန်အဖွဲ့အစည်းအကြောင်း လူမသိစေချင်ဘူးလေ”

ဒါရိုက်တာသည် ခါးသီးစွာပြုံးလိုက်ပြီး 

“ခင်များပြောသလိုပါပဲ ကျွန်တော်တို့ ဖြေရှင်းဖို့ စီစဉ်ထားပြီးပါပြီ”

အရာရှိသည် ခေါင်းညိတ်လိုက်ပြီး

“အစီအစဉ်ဆွဲပြီးပြီဆိုတော့ ကျွန်တော်တို့ ပုံတစ်ပုံမှထပ် မမြင်ရတော့ရင်ပိုကောင်းမယ်ဗျ”

ထိုသို့ပြောပြီးနောက် အရာရှိသည် ထွက်သွားလိုက်သည်။ ကျန်းလော်သည် တခြားသူများနှင့် လျှောက်လမ်းတွင်နေခဲ့သည်။ ထို့နောက် လုယုံရိဆီသို့ သွားလိုက်ကြသည်။ လုယုံရိသည် ဗွီအိုင်ပီခန်းတွင်အိပ်ပျော်နေပြီး ကျန်းလော်တို့သည် ထိုကဲ့သို့ ဆေးရုံခန်းထဲတွင် ဧည့်ခန်းသေးသေးလေးနှင့် ရေခဲသေတ္တာ မီးဖိုချောင်သေးသေးတစ်ခုပါသည်ကို ယခုမှမြင်ဖူးကြသည်။ 

ကျန်းလော်သည် အင်္ကျီလက်များခေါက်တင်လိုက်ပြီး ရေခဲသေတ္တာဆီသွားကာ တစ်နေ့လုံးပင်ပန်းထားသောကြောင့် တစ်ခုခုလုပ်စားရန် ဘာရှိလဲသွားကြည့်လိုက်သည်။ ရယ်ရွှင်သည် ကျန်းလော်ကို ကြည့်၍ မျက်လုံးများတောက်လာကာ ကျန်းလော်ဆီလျှောက်သွားလိုက်ပြီး

“ညစာလုပ်တော့မလို့လား၊ ဘာကူညီရမလဲ”

ကျန်းလော်သည် ရေခဲသေတ္တာထဲသို့ကြည့်၍ တွေးပြီးပြောလိုက်သည်။

“ညဘက်ကြီး ဆီများတာတွေစားတာ သိပ်မကောင်းဘူး........... ဆိုပေမဲ့ တစ်ခါတစ်လေကတော့ ဘာမှမဖြစ်ပါဘူး၊ သုံးထပ်သားရယ် ခရမ်းသီးရယ် ကြက်ဥရယ်တွေ့တယ်”

သူသည် မီးဖိုချောင်ထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်းနှင့် အခြားဟင်းချက်စရာများရှာလိုက်သည်။ ထို့နောက်

“ဝက်သားတောက်တောက်စင်းပြီး ခရမ်းသီးနှင့်ကြော်မယ် ပြီးရင် ကြက်ဥဟင်းရည်လုပ်လိုက်မယ် ဘယ်လိုလဲ”

ရယ်ရွှင်သည် အသံကျယ်ကျယ်ဖြင့်

“အွန်း အွန်း ကောင်းတယ်”

ကျန်းလော်သည် ထမင်းချက်ဖို့ လုပ်နေရင်း

“မင်းတို့နှစ်ယောက် ကြည့်ပဲကြည့်မနေကြနဲ့လေ လာကူဦးဟ”

ထန်ပိသည် တောင့်သွားပြီး သူ့ဓားကြီးကို နံရံတွင်ထောင်ခဲ့ပြီး မီးဖိုခန်းထဲသို့ ဝင်သွားသည်။ ကျန်းလော်သည် သူ့ကို ခရမ်းသီးပေးလိုက်ပြီး ရယ်ရွှင်ကိုတော့ သူထမင်းချက်နေတုန်း ပါဝင်ပစ္စည်းများလှီးခိုင်းလိုက်သည်။ ကျန်းလော်သည် ဟင်းချက်ရသည်ကို သိပ်သဘောမကျပေ။ သို့သော် သူသည် တစ်ခုခုကိုအာရုံစိုက်နေပါက သူ့စိတ်ကိုရှင်းသွားစေသောကြောင့်ပင်။ မူလကမ္ဘာတွင် သူသည် အလုပ်မရခင်က မြေပုံဆွဲခြင်အပေါ်မှာသာ အာရုံစိုက်ခဲ့ပြီး အလုပ်ရသွားပြီးနောက် သူ့ဝါသနာသည် အလုပ်မှအလုပ်ဖြစ်သွားကာ မပျင်းမရိတစ်ချိန်လုံး ကွန်ပျူတာရှေ့မှာသာ အချိန်ကုန်ခဲ့သည်။ ကျန်းလော်သည် အားလပ်ချိန်တွင် ဟင်းချက်တာကို အနည်းငယ်လေ့လာခဲ့သေးသည်။ 

ပြောရလျှင် လေ့လာသည်ဆိုသည်မှာ ဗီဒီယိုများကြည့်ပြီး ဟိုဟိုဒီဒီလျှောက်ချက်ခြင်းဖြစ်သည်။ သူသည် ကြည့်ရသည်မှာ သင်ယူနိုင်စွမ်းနှင့် တွဲမွေးလာသည်ထင်ရလောက်အောင် သူလုပ်သမျှသည် ‘ကျွန်တော် ဒါလုပ်ရတာ အရမ်းကျွမ်းတယ်’ဟူ၍ ထုတ်ပြောနိုင်လောက်အောင် သင်ယူနိုင်ခဲ့သည်။ ကျန်းလော်သည် ထမင်းရည်ငှဲ့နေပြီး သူ့နောက်မှ ဓားပြုတ်ကျသံ သုံးခါကြားပြီးနောက် မနေနိုင်တော့ပဲ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် အမှိုက်ပုံကြီးတွေ့လိုက်ရသည်။ 

နောက်ဆုံးမှာတော့ စီးဝမ်ကွေးများသည် ဓားသမားများဖြစ်ပြီး သူတို့ရှေ့ရှိစီးဝမ်ကွေးသည် ခရမ်းသီးကို ရန်သူလို အပိုင်းပိုင်းဖြတ်ထားသည်။ ရယ်ရွှင်၏ ဓားကိုင်နိုင်စွမ်းသည် ကြက်သွန်နီများကို တစ်လွှာချင်းအဖက်လိုက် လွင့်နေအောင် ခွာထားပြီး ကြက်သွန်ဖြူသည် ပျော့ဖက်နေကာ ကိုင်လို့ပင် မရတော့ပုံပေါ်သည်။ 

ကျန်းလော် “......ထားလိုက်ပါတော့ ငါပဲလုပ်လိုက်တော့မယ် မင်းတို့ပန်းကန်ဆေးလိုက်”

ထန်ပိသည် ရယ်ရွှင်ပန်းကန်ဆေးသည်ကိုကြည့်ပြီး ရှုံ့မဲ့နေကာ သူလည်းလိုက်ဆေးရတော့သည်။ 

ရယ်ရွှင်သည် လေသံလေးဖြင့် ထန်ပိကိုကပ်ပြောလိုက်သည်။

“ကျန်းလော်က ဟင်းချက်တော်တယ်နော်”

ထန်ပိက

“စီးဝမ်ကွေးတွေက စားဖို့မလိုဘူး”

ရယ်ရွှင်သည် ပြုံးလိုက်ပြီး စိတ်သက်သာသွားပုံဖြင့် 

“ဒါဆို ငါနှစ်ယောက်စာ စားလို့ရပြီပေါ့ ရေးးးးးး”

ထန်ပိ “.........”

‘လူတွေက တအားစိတ်ရှုပ်ဖို့ကောင်းတာပဲ’

ကျန်းလော်သည် အစားအစာများပြင်လို့ ပြီးခါနီးဖြစ်နေလေပြီ၊ မီးဖိုခန်းထဲမှ ဟင်းနံ့သည် ပိုပိုပြင်းလာကာ စားချင်စိတ်ကို ဆွပေးနေသည်။ ဟင်းနှစ်မျိုးနှင့် စွပ်ပြုတ်တစ်ခွက်သည် မြန်မြန်ဆန်ဆန်ပဲ ပြင်ပြီးသွားကာ ရယ်ရွှင်နှင့်ထန်ပိတို့သည် ဟင်းခွက်များကို ဧည့်ခန်းရှိ ကော်ဖီစားပွဲလေးပေါ် သယ်သွားကြသည်။ ကျန်းလော်သည် အလယ်မှာထိုင်ပြီး ဝက်သားစင်းကောကို စားရန်ပါးစပ်ထဲထည့်လိုက်ရာ အနာကိုထိမိသွားပြီး ပြန်ချထားလိုက်ရသည်။ 

‘ထမင်းချက်ရပြီး ဘာမှလဲမစားရဘူး’

ကျန်းလော်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ထမင်းထဲသို့ ကြက်ဥဟင်းရည်များ လောင်းထည့်လိုက်သည်။ ထို့နောက် သူရှေ့ရှိနှစ်ယောက်ကို ပြုံးပြလိုက်ကာ

“ငါစွပ်ပြုပ်အရင်သောက်လိုက်မယ် မင်းတို့အရင်စားကြတော့”

ဟင်းနံ့များကြောင့် လုယုံရိသည် တစ်ကြိမ်နိုးလာပြီး ထမင်းနှစ်ပန်းကန်စားပြီး ဝက်သေတစ်ကောင်လို ပြန်အိပ်သွားသည်။ အရာအားလုံးဖြေရှင်းပြီးနောက် မနက်လေးနာရီထိုးသွားပြီဖြစ်ပြီး မိုးလင်းနေပြီဖြစ်သည်။ ထန်ပိသည် ခေတ်အပြင်အဆင်အတိုင်းဝတ်စားထားသော်လည်း ဓားပိုက်ပြီး ဆိုဖာပေါ်တွင် မတ်မတ်ကြီးထိုင်နေပုံမှာ စစ်မြေပြင်ကို စောင့်ကြပ်နေသော စစ်သူကြီးတစ်ယောက်နှင့်ပင် ခပ်ဆင်ဆင်ဖြစ်သည်။ သူ့ပုံစံသည် သဲသောင်ပြင်ပေါ်တွင် ခက်ထန်စွာ အထီးကျန်နေသော ရှေးဟောင်းစစ်သူကြီးကဲ့သို့ပင်။ ကျန်းလော်သည် လူနာစောင့်ကုတင်တွင် လှဲလိုက်ရင်း ထန်ပိ၏နောက်ကျောကို သေချာကြည့်နေသည်။ 

“စီကွေး”

သူသည် တခြားသူများနိုးသွားမည်စိုးပြီး လေသံလေးဖြင့်

“မင်းရဲ့ဓားကလေ ဘယ်တုန်းထဲက မင်းနဲ့ အတူရှိနေတာလဲ”

ထန်ပိသည် ခေါင်းခါလိုက်ပြီး

“မမှတ်မိတော့ဘူး”

သူသည် ဓားကို အဝတ်နက်နှင့်ပတ်လိုက်ပြီး ပြန်စဉ်းစားကြည့်လိုက်သည်။ ဒီဓားသည် သူနှင့်ဘယ်ကတည်းက အတူရှိခဲ့မှန်း မမှတ်မိတော့ချေ။ ထန်ပိသည် မတ်မတ်ထိုင်လိုက်ပြီး

“မင်းအိပ်ဖို့ အချိန်လွန်နေပြီနော်”

ကျန်းလော်သည် ပြုံးလိုက်ပြီး

“ဝမ့်အန်း”

ကျန်းလော်သည် အအိပ်ဆတ်သူဖြစ်ပြီး ဖုန်းမြည်သည်နှင့် နိုးလာသည်။ ဆံပင်အနက်ရောင်ကောင်လေးသည် စောင်ကိုဆွဲဖယ်လိုက်ပြီး 

“ဟယ်လို”

သူ့အသံသည် ပျင်းရိစွာ အိပ်ရေးမဝသေးပုံပေါက်နေသည်။

ဖုန်းထဲမှ အားအင်အပြည့်နှင့် ဝမ်ယမ်လန်၏အသံကြားလိုက်ကာ 

“မထသေးဘူးလား”

ကျန်းလော်သည် သမ်းလိုက်ပြီး

“ထနေပြီ”

“ဘာကိစ္စလဲ”

ဝမ်ယမ်လန်ကပြောလိုက်သည်။

“သတင်းကောင်းရှိတယ် ပြည်နယ်နဲ့ ထျန်းရှိဖူတို့ ပူးပေါင်းပြီး မင်းသတင်းတွေအကုန် ဖုံးပစ်လိုက်ပြီ”

“အခုဆိုရင် အင်တာနက်ပေါ်မှာ မင်းအကြောင်း စာတစ်လုံးတောင် မရှိတော့ဘူး မင်းနာမည်နှင့် တူတဲ့စာလုံးတောင် ရိုက်လို့မရတော့ဘူး မင်းပုံတွေလဲ အကုန်ဖျက်ခံလိုက်ရပြီ သူတို့တွေပုံကို သိမ်းထားရင်တောင် ဖျက်ခံရမှာတဲ့ ပြည်နယ်အစိုးရဘက်က လုံးဝပေါ်မလာဖို့ အာမခံတယ်တဲ့”

ဖျော်ဖြေရေးလောကဘက်တွင်တော့ ကျန်းလော်သည် လုံးဝပျောက်သွားသည်။ ကျန်းလော်သည် အင်တာနက်တွင် ရှာကြည့်လိုက်ရာ ဘာမှရှာမတွေ့တော့သောကြောင့် ကျေနပ်သွားသည်။ သူသည် တစ်ခုခုတွေးလိုက်မိပြီး ချင်ဖန်၏အကောင့်ထဲဝင်ကြည့်လိုက်သည်။ ချင်ဖန်တင်ထားသော ပို့စ်သည်လည်း ပျောက်သွားပြီး မှတ်ချက်များလည်း မရှိတော့ပေ။ ကျန်းလော်သည် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး အကောင့်ထဲမှထွက်တော့မည့် အချိန်တွင် ချင်ဖန်သည်  ပို့စ်တစ်ခုတင်လိုက်သည်။ 

[@ ချင်ဖန်: နေ့ရက်ကောင်းလေး

စကားလုံးငါးလုံးသာပါသော ပို့စ်ဖြစ်သော်လည်း မှတ်ချက်များသည် မိုးထိမတတ် များပြားစွာရနေသည်။ ကျန်းလော်သည် ထိုစကားလုံးများကို စိုက်ကြည့်လိုက်ပြီး ထိုစကားသည် သူ့ကိုပြောနေသလိုခံစားရသည်။

‘ချီးးး’

ချီယုံသည် ထိုစကားကို သူ့ရှေ့တွင်ပြုံးစိစိနှင့် လာပြောသလို မြင်ယောင်လာသည်။ ထိုမကောင်းဆိုးဝါးမျက်နှာသည် ချောမောနေသော်လည်း ‘အကြွေးရှင်’ဟု မျက်နှာပေါ်တွင် ရေးထားသေးသည်။ ကျန်းလော်မျက်လုံးထဲတွင် ထိုစကားလုံးငါးလုံးမှ စုတ်ချက်တစ်ချက်စီတိုင်းသည် သူ့ကို လှောင်ပြောင်နေကြသည်။  သူသည် အကောင့်သစ်ခု ချက်ချင်းဖွင့်လိုက်ပြီး ထိုပို့စ်အောက်တွင် မှတ်ချက်သွားပေးလိုက်သည်။

“အရူး”

ထိုမှတ်ချက်အောက်တွင် ချက်ချင်း ချင်ဖန်၏ဖန်များ အုပ်လိုက်ကြီးရောက်လာပြီး ဆွဲဖြဲကြတော့သည်။ ကျန်းလော်သည် သူတို့ကြောင့် စိတ်ရှုပ်မခံတော့ပဲ အကျယ်ကြီးရယ်လိုက်ကာ အကောင့်ထဲမှ ထွက်လိုက်သည်။ စိတ်အခြေအနေကောင်းသွားသော ကျန်းလော်သည် အိပ်ရာထဲမှ ထွက်၍

“မင်းတို့ အခုဘယ်မှာလဲ”

“ငါနဲ့ ခွမ်ကျိန်း မင်းတို့ဆီလာနေပြီ”

ဝမ်ယမ်လန်သည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ကားမှန်ချလိုက်ပြီး ရှုခင်းကြည့်ရင်း

“မနေ့ညက ရယ်ရွှင်ပြောပြတာ ရှောင်ဖန်ကို မထိန်းချုပ်နိုင်တော့ဘူးတဲ့ ပြီးတော့ လုယုံရိက ဒဏ်ရာရထားပြီး မင်းက ခွေးကိုက်ခံလိုက်ရတယ်ဆို အဲ့တာနဲ့ ငါမင်းတို့ကို လာနှစ်သိမ့်ပေးမလို့၊ ခွမ်ကျိန်းကလည်း ရှောင်ဖန်ကိုပြင်ပေးဖို့ လိုက်လာတာ”

“ဆေးရုံရောက်မှ ဆက်ပြောတာပေါ့ မင်းတို့ဘာစားပြီးပြီလဲ ”

ကျန်းလော်သည် သူတို့ကို နေ့လည်စာဒီရောက်မှစားကြရန် ပြောလိုက်ပြီး ဖုန်းချလိုက်သည်။ သူသည် ရေချိုးလိုက်ပြီး ထွက်လာသောအခါ ရယ်ရွှင်နှင့် လုယုံရိသည် တီဗီထိုင်ကြည့်နေကြသည်။ ကျန်းလော်သည် ဆိုဖာပေါ်တွင် ဝင်လှဲလိုက်သည်၊ ခနကြာသောအခါ ရယ်ရွှင်သည် သူ့ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ ကျန်းလော်သည် ခေါင်းပွတ်ခံနေရသည် ကို ကျေနပ်နေပြီး ပျင်းရိစွာပြောလိုက်သည်။

“ရယ်ရွှင် ဒါရိုက်တာက မင်းကိုမြင်တိုင်း ဘာလို့ကြောက်နေတာလဲ သူ့ကိုကြည့်လိုက်ရင် မင်းကိုမြင်လိုက်တာနဲ့ လေးစားသွားတဲ့ပုံနဲ့ ကုပ်ကုပ်လေးဖြစ်ဖြစ်သွားတာ ငါပဲ အဲ့လိုထင်နေတာလား”

“ငါလည်း အဲ့လိုပဲခံစားရတာပဲ”

ရယ်ရွှင်သည် အတည်ကြီးခံစားနေရပုံဖြင့် 

“အဲ့တာ ငါသည်းမခံနိုင်တော့လို့ မနေ့တုန်းက မင်းတို့ရောက်မလာခင် သူ့ကို မေးကြည့်လိုက်တာ သူကလေ တုန်နေလိုက်တာများ အထစ်အထစ်နဲ့ ငါသူ့ဝိဉာဉ်ကို ထုတ်ပြီး စားလိုက်မှာကြောက်လို့တဲ့လေ”

ကျန်းလော်သည် ထိုစကားလုံးများကို အလွန်ရင်းနှီးနေသလိုဖြစ်ကာ

“မင်းကဘာလို့ သူ့ဝိဉာဉ်ကိုစားရမှာတုန်း”

ရယ်ရွှင်သည် ခေါင်းခါလိုက်ပြီး 

“ငါလည်း မသိတော့ဘူး ပြီးတော့ သူကငါ့ကို တလေးတစားနဲ့ စကားပြောရင် “လောင်ရန်ကျား လောင်ရန်ကျား”နဲ့ အစချီချီပြီးပြောတာ ငါ့ကိုများအဘိုးတဲ့ ”

ကျန်းလော် “...........”

သူသည် ရုတ်တရက် အရင်တစ်ခေါက်က ဟိုတယ်၁၂၉ ပိုင်ရှင်ကို ပြောခဲ့သော ပေါက်တက်ကရများကို မှတ်မိသွားသည်။

‘သူက အသက်၅၈နှစ်တောင်ရှိနေပြီရယ် ဒါပေမဲ့သူက ရှင်နေတဲ့လူရဲ့ ဝိဉာဉ်တွေရော သေသူရဲ့ဝိဉာဉ်တွေရောစားပြီး ကောလိပ်ကျောင်းသားလို နုပျိုနေတာာ ‘

သူသည်နှာခေါင်းရှုံ့လိုက်ပြီးနောက်

“ဟုတ်ပကွာ ဟားဟားဟား”

‘ရုပ်လွန်လောကရဲ့ အတင်းအဖျင်းတွေကို ဒါရိုက်တာက ဘယ်ကကြားလာပါလိမ့်’

####################################