အပိုင်း (၆၁)
လူခြောက်ကလေး
ရှန်တုချွင်ကျေးရွာ၏ မြေအောက်ထဲမှ တွင်းတူး၍ တွားထွက်လာသော စီးဝမ်ကွေးသည် မြေကြီးကိုအချိန်အတော်ကြာအောင် တူးခဲ့ရသော်လည်း သူ့သူငယ်ချင်းများ၏ အနံ့ကိုမရတော့ပေ။ သူသည် တွင်းပေါက်ရှေ့တွင် ဘယ်သွားရမှန်းမသိသောကြောင့် အကြာကြီး မက်တပ်ရပ်နေခဲ့သည်။ နေဝင်သွားသောအခါ လူများထွက်ခွာနေသည်ကို မြင်လိုက်သည်။ သူသည် သူတို့နောက်မှ လိုက်သွားကာ ရှန်တုချွင်ကျေးရွာမှထွက်လာပြီး လူများကြားရောနှောနေလိုက်သည်။
လူများသည် သူ့ကို တစ်ချိန်လုံး အထူးအဆန်းလိုကြည့်နေကြကာ သူ့အဝတ်အစားများကို ကြည့်၍ အချင်းချင်း တိုးတိုးပြောနေကြသည်။ ထို့ကြောင့် သေပြီးသားလူသည် သူတို့နှင့် အတူမသွားတော့ပေ။ သူသည် သံတွေ သံမဏိတွေနှင့် လုပ်ထားသော နေရာများစွာကို ရောက်ခဲ့ပြီး လူတွေအများကြီးကို တွေ့ခဲ့သော်လည်း သူ့သူငယ်ချင်းများကို ရှာမတွေ့ပေ။ သူသည် ဓားကိုဆွဲကာ နေရာတိုင်းလိုက်ရှာသည်။
‘ငါဘယ်သွားရမလဲ’
‘သူငယ်ချင်းတွေ ဘယ်မှာလဲ’
စီးဝမ်ကွေးသည် လူ့လောကတွင် လမ်းပျောက်နေသော အချိန်တွင် သူသည် မိမိကိုယ်ကို အရည်အချင်းရှာဖွေသူဟု ပြောသောလူတစ်ယောက်နှင့်တွေ့ခဲ့သည်။ သူသည် စီးဝမ်ကွေးကို စာချုပ်သာချုပ်မည်ဆိုလျှင် သူတို့ပြောသလိုလုပ်လျှင် သူ့သူငယ်ချင်းများကိုရှာပေးမယ်ဟု ပြောခဲ့သည်။ စီးဝမ်ကွေးသည် စာချုပ်တွင် လက်မှတ်ထိုးလိုက်ပြီး 'Next Stop! IDOL'သို့စေလွတ်ခံခဲ့ရသည်။ သူတို့မသွားခင်တွင် သူ့အေးဂျင့်သည် သူ့ကိုအရင်ဆုံး ဆံပင်လိုက်ညှပ်ပေးခဲ့သည်။ စီးဝမ်ကွေးသည် စိမ်ပြေနပြေပဲ သူ့ဆံပင်ရှည်ကြီးကို တိုသွားအောင်ညှပ်လိုက်သည်ကို မှန်ထဲမှကြည့်နေခဲ့သည်။ ထို့နောက် အေးဂျင့်သည်
“ကင်မရာပေါ်မှာပါရအောင် မင်းလုပ်နိုင်တာ အကုန်လုပ်၊ နားလည်လား၊ အဲ့တာမှ မင်းသူငယ်ချင်းတွေ မင်းကို တီဗီပေါ်မှာ မြင်ပြီး လာရှာကြမှာ”
စီးဝမ်ကွေးသည် အတွေးများနေပြီး
“ဟုတ်ပြီ”
သူသည် ဤလူများသူ့ကို တကယ်မကူညီဘူးဆိုတာသိခဲ့သည်။ သူ့အေးဂျင့် တခြားသူများနှင့် ပြောနေသည်ကို သူကြားခဲ့သည်။ အေးဂျင့်သည်
“ဒီကောင်က တကယ့်ငတုံးကွာ ငါသူနဲ့ အနှစ်နှစ်ဆယ်စာ စာချုပ်ချုပ်လိုက်တယ်၊ အနှစ်နှစ်ဆယ်တောင်ကွ ပြီးတော့ကွာ သူကစာချုပ်ကို မျက်တောင်တစ်ချက်မခတ်ဘဲ လက်မှတ်ထိုးလိုက်တာနော်”
သို့သော် စီးဝမ်ကွေးသည် ဂရုမစိုက်ပေ အနှစ်နှစ်ဆယ်သည် သူကဲ့သို့ ရှင်နေသောအလောင်းကောင်အတွက် ဘာမှမဟုတ်ပေ၊ အနည်းဆုံးတော့ သည်လူများသည် သူကိုသူ့သူငယ်ချင်းများရှာရန် အကြံတစ်ခုခုတော့ ပေးနိုင်လောက်သည်။
သို့သော် စီးဝမ်ကွေးသည် အစီအစဉ်တွင် အခါနှစ်ဆယ်လောက် ရိုက်ကူးရေးလုပ်ခဲ့ရသော်လည်း ထိုဖလင်များကို သိမ်းထားကြသောကြောင့် သူ့သူငယ်ချင်းများက သူ့ကိုလာမရှာကြပေ။ ထို့ကြောင့် သူသည် အစီအစဉ်ကို ခြိမ်းခြောက်ပြီး ထုတ်လွှင့်ရန်တွန်းအားပေးဖို့ လုပ်တော့မည်ဖြစ်သည်။ ထို့ကြောင့် ခါတိုင်းလိုပုံမှန် မနက်ခင်းတွင် စီးဝမ်ကွေးသည် စိတ်မပါလက်မပါ လျှောက်လာပြီး အဆောင်လျှောက်လမ်းရှိ ကင်မရာကို ဖြုတ်ပြီး အင်္ကျီထဲထည့်လိုက်ပြီး အသံသွင်းမည့်ခန်းမသို့ သွားလိုက်သည်။
သူဝင်လာလျှင်ဝင်လာချင်း အတန်းဖော်များသည် သူ့ကိုကြည့်လိုက်ပြီး
“စီကွေး အားလုံးရောက်နေပြီ မင်းတစ်ယောက်ဘဲ ကျန်တော့တာ”
စီးဝမ်ကွေးသည် လူအုပ်ကြီးနောက်တွင် ဝင်ရပ်လိုက်သည်၊ ထိုအချိန်တွင် ရင်းနှီးနေသော အသံကိုကြားလိုက်ရသည်။
“စီးဝမ်ကွေးလား”
လုယုံရိသည် အံ့ဩရှုပ်ထွေးသွားသည်။ အရပ်ရှည်ပြီး ဆံပင်အတိုနှင့်သူသည် လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ လုယုံရိကို မြင်လိုက်သောအခါ မျက်လုံးများပြူးကျယ်လာပြီး နေရာတွင်အတောင့်လိုက်ဖြစ်သွားသည်။
စီးဝမ်ကွေးသည် ခေတ်အလိုက်ဝတ်စားလိုက်သောအခါ တစ်မျိုးတစ်ဖုံ ချောမောနေသည်။ သူ၏ ဓားသွားကဲ့သို့ မျက်ခုံးနှင့် စူးရှသော မျက်လုံးတို့သည် ဆယ်ကျော်သက်များကို ဦးတည်သော ဒီလိုအစီအစဉ်မျိုးနှင့် လုံးဝလိုက်ဖက်နေသည်။ ကျန်းလော်သည် လုံးဝပြောင်းလဲသွားသော စီးဝမ်ကွေးကို ကြည့်၍ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
သူအတွေးများနေတုန်း စီးဝမ်ကွေးသည် လုယုံရိကို ပျော်ရွှင်စွာပြေးဖက်လိုက်လေသည်။ လုယုံရိကိုဖက်ရင်း လုယုံရိနောက်မှ ကျန်းလော်ကိုမြင်ပြီး စိတ်လှုပ်ရှားလွန်း၍ ကျန်းလော်ကို ပြေးဖက်လိုက်ပြန်သည်။
“နောက်ဆုံးတော့ နောက်ဆုံးတော့ သူငယ်ချင်းတို့ မင်းတို့ငါ့ဆီရောက်လာပြီ”
ကျန်းလော်သည် ပြင်းပြင်းထန်ထန်အညစ်ခံနေရသောကြောင့် ဘာမှပြန်မပြောနိုင်ပေ။
“................”
စီးဝမ်ကွေးသည် ကျန်းလော်ကို လွတ်လိုက်ပြီး ပျော်ရွှင်တုန်ယင်နေသော အသံနှင့်
“သူငယ်ချင်း ဘာလို့ငါ့ကို အဲ့ဒီနေရာကြီးမှာ ထားသွားရတာလဲ”
မေးခွန်းမေးခံလိုက်ရသော ကျန်းလော် “.....................”
ကျန်းလော်သည် ချက်ချင်းကြီး အားနည်းစိတ်ပျက်သွားသောပုံဖမ်းလိုက်ကာ
“မင်းကိုကယ်လိုက်တဲ့သူက ငါ့ကို ငါသာမင်းကို ခေါ်သွားမယ်ဆို ငါ့ကိုသတ်ပစ်မယ်တဲ့”
စီးဝမ်ကွေးသည် စိတ်တိုသွားပြီ လူသတ်ချင်နေသော စိတ်ဝင်သွားပြီး
“အဲ့ဒီလူက ဘယ်သူလဲ”
ရယ်ရွှင်နှင့် လုယုံရိသည်လည်း ကျန်းလော်ကို သိချင်စွာ ကြည့်လိုက်ကြသည်။
“ငါမသိဘူး ဒါပေမဲ့ သူက မြေခွေးမျက်နှာဖုံးနဲ့တစ်ယောက်ကို သခင်လို့ခေါ်လိုက်တယ်”
ကျန်းလော်သည် လျှို့ဝှက်စွာပြုံးလိုက်ပြီး ချောင်းဟန့်လိုက်ကာ
“ငါမင်းကိုကယ်ဖို့ အများကြီးကြိုးစားခဲ့တာပါကွာ ဒါပေမဲ့ ငါမင်းကိုငါနဲ့ခေါ်မသွားနိုင်ခဲ့ဘူး ငါအဲ့လူကို နိုင်အောင်မတိုက်နိုင်လိုက်ဘူးကွာ”
သခင်ဟုခေါ်သော မြေခွေးမျက်နှာဖုံးနှင့်သူကို မှတ်ထားလိုက်ပြီး စီးဝမ်ကွေးသည် စိတ်တိုပြီး
“ဒီတော့ အဲ့ဒီလူကြောင့် ငါတို့ သူငယ်ချင်းသုံးယောက် ခွဲရတာပေါ့ ငါသူ့ကို မှတ်ထားလိုက်မယ်”
ကျန်းလော်သည် ချက်ချင်းမျက်လုံးများကျယ်သွားပြီး လောင်စာထပ်ထည့်လိုက်သည်။
ရယ်ရွှင်သည် လုယုံရိကို ပုတ်လိုက်ပြီး
“လုယုံရိ ကျန်းလော်မျက်နှာကိုကြည့်ဦး တစ်ခုခုမကောင်းတာဖြစ်တော့မယ် မထင်ဘူးလား”
လုယုံရိသည် ခေါင်းညိတ်လိုက်ပြီး
“အွန်း”
ရယ်ရွှင်သည် အနည်းငယ်တွေးလိုက်ပြီး
“ထားလိုက်တော့ သူတစ်ခုခုမကောင်းတာ လုပ်ခဲ့ရင်တောင် အဲ့ဒီငတုံးအလောင်းကောင်ကို အရူးလုပ်နေတာပဲနေမှာ၊ သူ့ပျော်သလိုသာလုပ်ခိုင်းထားရအောင်”
ခနကြာသောအခါ ရုတ်တရက် လူအုပ်ကြီးဆီမှ အာပေးသံများဆူညံလာပြီး တံခါးဆီသို့ မီးတောက်မတက်ကြည့်နေကြသည်။
“ဆရာရောက်လာပြီး”
လူအားလုံးသည် စိတ်လှုပ်ရှားစွာ တံခါးကိုကြည့်လိုက်သည်၊ ကျန်းလော်သည် သူတို့အတိုင်း ဘေးသို့ လှည့်ကြိုက်သည်။
သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါးဝတ်ထားသော လူတစ်ယောက်သည် ပြုံးပြီး နှုတ်ဆက်ရင်းဝင်လာသည်။
“မင်္ဂလာနံနက်ခင်းပါ”
“မင်္ဂလာနံနက်ခင်းပါဆရာ ”
“အား မင်္ဂလာနံနက်ခင်းပါ”
ထိုသူလမ်းလျှောက်ဝင်လာချိန်တွင် လင်းလက်နေသော အရောင်များဖြာသွားသကဲ့သို့ ထိုသူ့တစ်ကိုယ်လုံး လက်လက်ထနေသည်။ သူသည် စားပွဲကို မှီလိုက်ပြီး သင်တန်းသားများငြိမ်မည့် အချိန်ကိုစောင့်နေလိုက်သည်။ ထို့နောက် သူသည်ပြုံးလိုက်ပြီး
“အားလုံး ဒီနေ့အရမ်းတွေ တက်ကြွနေတယ်ပေါ့”
“ဆရာချင်ဖန် ကျွန်တော်တို့ ပိုပြီးတောင် တက်ကြွနိုင်ပါသေးတယ်”
ချင်ဖန်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး
“မလုပ်ပါနဲ့ မလုပ်ပါနဲ့ မလုပ်လိုက်ပါနဲ့ ဟားဟား”
လူအုပ်ကြီးသည် ရယ်မောလိုက်ကြသည်။ အခန်းသည် တက်ကြွလာပြီး ချင်ဖန်သည် လက်ထဲရှိကတ်ကို ကြည့်လိုက်သည်။ သူသည် အလွန်ဆွဲဆောင်မှုမရှိသော်လည်း သူ့အပြုအမူ နေထိုင်ပြောဆိုပုံသည် နှစ်သက်ဖွယ်ကောင်းပြီး ကြည့်လေချောလေပုံစံမျိုးဖြစ်သည်။
ချင်ဖန်သည် ပြုံးလိုက်ပြီဂ လက်ထဲမှကတ်ကို ခါလိုက်ကာ
“ကစားရမှာပဲ ကိုယ်တို့ ပျော်စရာကစားပွဲလေးတစ်ခု ဆော့ကြမလား”
“ပြည်သူတွေထဲက တောင်းဆိုထားတဲ့ မင်းတို့ကို ခြောက်လှန့်မယ့် အမဲလိုက်ကစားပွဲလေးဆိုပေမဲ့ ရိုက်ကူးရေးအဖွဲ့က သေချာစဉ်းစားပြီး ဘာမှရှုပ်ထွေးတာတွေ ထည့်မထားဘူး၊ ရိုးရိုးရှင်းရှင်း သူများတွေနဲ့ မတူအောင် ကစားကြမယ်”
ချင်ဖန်သည် မေးစေ့ကိုပွတ်၍ မျှော်လင့်စောင့်စားနေကြသော သင်တန်းသားများကိုကြည့်၍ ပြုံးလိုက်ကာ
“ဆိုတော့ ဒီနေ့ အခန်းထဲမှာ သရဲရှာကြမယ်၊ စလိုက်ရအောင်”
“ဘာကြီး အခန်းထဲမှာ သရဲ ဟုတ်လား”
“အား ငါကြောက်လာပြီ မပါလို့မရဘူးလား”
“ပွဲစီစဉ်သူတွေက ဆိုးလိုက်တာ ငါဒီလိုကစားနည်းကြီးကို ကြောက်တယ်လို့”
ကြောက်စရာကောင်းသော အေးစက်စက် လေတစ်ချက် အခန်းအတွင်းဝှေ့သွားသည်။ လုယုံရိသည် အိမ်ထဲမှ အလင်းရောင်ကိုကြည့်လိုက်သည်။ ထို့နောက် အပြင်ဘက်ရှိ နေရောင်ကို ကြည့်လိုက်ပြီး ရယ်ရွှင်ကို တိုးတိုးလေးကပ်ပြောလိုက်သည်။
“သူတို့က တကယ်ကြီး ကြောက်နေကြတာလား”
ရယ်ရွှင်သည် သေချာစွာ ခေါင်းခါပြလိုက်သည်။ ဒီသရဲရှာတဲ့ဂိမ်းက မနေ့ညက ကျန်းလော်ဒါရိုက်တာကြီး နှင့် ဆွေးနွေးပြီးထည့်ထားသော ဂိမ်းဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့သည် တရားခံသည် သေချာပေါက် သင်တန်းသားထဲမှ ဖြစ်မည်ထင်နေကြသည်။ သူတို့သုံးယောက်သည်လည်း မနေ့ညက စတူဒီယိုထဲတွင် ဘာမှရှာမတွေ့ခဲ့ပေ။ ထို့ကြောင့်ကျန်းလော်သည် ဤဂိမ်းကို အကြံပေးခဲ့ခြင်းဖြစ်သည်။ ဒီဂိမ်းကို အခွင့်အရေးယူပြီး သင်တန်းသားများကို စောင့်ကြည့်ရန်ဖြစ်သည်။
အကယ်၍ ကျန်းလော်တို့သုံးယောက်သာ သရဲရှာတွေ့ခဲ့လျှင် ဤအပိုင်းကို ထုတ်လွှင့်မည်မဟုတ်ပေ။ မတွေ့လျှင် ရိုက်ကူးရေးအဖွဲ့သား တစ်ယောက်သည် သရဲပုံစံ ဝတ်၍ ပုံမှန်ကစားပွဲများလို သင်တန်းသားများကို ခြောက်လှန့်မည် ဖြစ်သည်။
“ရိုက်ကူးရေးအဖွဲ့က သရဲရှာဂိမ်းကို သုံးပိုင်းခွဲထားတယ်”
ချင်ဖန်သည် ဆက်ဖက်၍
“ပြီးတော့ သင်တန်းသားတွေကို သုံးဖွဲ့ခွဲမယ် ဒီတော့ ကိုယ်တို့စပြီး မဆော့ခင် မင်းတို့ထဲက တစ်ယောက်ကို သရုပ်ပြဖို့ ခေါ်လိုက်မယ်နော်”
သူ့မျက်လုံးသည် လက်ထောင်နေကြသော သင်တန်းသားများကို ကျော်၍
“နောက်ဆုံးတန်းက ဆံပင်ရှည်နဲ့ သင်တန်းသားလေး ရှေ့ကို ထွက်ခဲ့ပြီး ကိုယ်နဲ့သရုပ်ပြပေး”
ကင်မရာနောက်တွင် ဒါရိုက်တာသည် ကြောင်သွားပြီး
“သူတို့အကြောင်း ချင်ဖန်ကို မပြောထားဘူးလား”
ပီဒီသည် ကင်မရာပေါ်ရှိ ကျန်းလော်ကိုကြည့်ပြီး
‘မွေးထဲက ကင်မရာနဲ့များ ဖက်မွေးလာတာလား ဒီလောက်တောင် စခရင်ပေါ်မှာကြည့်ကောင်းနေတာ’
သူသည် မျက်လုံးအောက်မှ အရေးအကြောင်းများပင် ပေါ်လာသလို ခံစားလိုက်ရကာ
“အိုက်ယား သွားပြီ သွားပြီ ဒီအခန်းတစ်ခန်းလုံးဖျက်ရမှာတဲ့လား ဒီကြည့်ကောင်းတဲ့မျက်နှာလေးကို စိတ်ထဲမကောင်းလွန်းလို့ ဘယ်လိုဖျက်ရမှာလဲလို့ ”
ဒါရိုက်တာကြီးသည် သက်ပြင်းချလိုက်ပြီး
“ဘယ်သူကရော ဖျက်ချင်ပါ့မလဲ”
ပီဒီသည်
“ဆရာသခင်လေးကို ဖျက်ရမယ်ဆိုရင် ချင်ဖန်ဆိုတဲ့ ပေအရှည်ကောင်ကိုရော ဖျက်ရမှာ”
ဒါရိုက်တာကြီးသည် လက်ကိုယမ်းလိုက်ပြီး
“ဘာမှမဖြစ်ဘူး ချင်ဖန်းကို မင်းကမသိလို့”
“မင်းသာ သေချာပြောပြလိုက်ရင် မင်းပြောတာနားထောင်လိမ့်မယ်”
ကျန်းလော်သည် ရုတ်တရက်အခေါ်ခံလိုက်ရသောကြောင့် ကြောင်သွားသည်။ သင်တန်းသားများသည် သူ့ကိုတပြိုင်ထဲ လှည့်ကြည့်နေကြသည်။
“သူ့နာမည်က ကျန်းဟွမ် ဟုတ်တယ်မလား သူ့ကို ရိုက်ချက်နည်းနည်းတိုးပေးလိုက်ရင် သူက သေချာပေါက် ကျော်ကြားမှာ”
“စကားမစပ် ကျန်းဖုန်း မင်းအခန်းမှာလဲ သင်တန်းသားအသစ် တစ်ယောက်ရောက်နေတယ်မလား၊ သူ့နာမည်ကရော ဘာတဲ့လဲ”
ကျန်းဖုန်းသည် ကျန်းလော်ကို အဆိုးမြင်သော မျက်လုံးတို့နှင့်ကြည့်လိုက်ပြီး အနည်းငယ်ကြောက်လာသလို ခံစားရသောကြောင့် မျက်နှာသည် ရှုံ့မဲ့နေကာ သူ့ကိုလာမေးသော သင်တန်းသားကို ခေါင်းငုံ့၍
“ငါမသိဘူး”
ထိုသင်တန်းသားသည် ပါးစပ်အဟောင်းသားနှင့်
“မင်းမပြောချင်တာ သူ့ကိုမကြိုက်လို့လား”
စင်ပေါ်တွင် ချင်ဖန်သည် ကျန်းလော်ကိုခေါ်နေသည်။
“လာပါ မကြောက်နဲ့ ဒီတိုင်းဆရာနဲ့ လက်တွေ့သရုပ်ပြရုံပါပဲ”
ကျန်းလော်သည် ခြေလှမ်းကျဲများနှင့် လျှောက်လာပြီး
“ဆရာ ကျွန်တော့ကို ခေါ်တာလား”
“ငါဘယ်တုန်းကမှ မင်းလောက်ဆံပင်ရှည်တဲ့သူ မမြင်ဖူးသေးဘူး”
ချင်ဖန်သည် သူ့ကိုစလိုက်ပြီး
“ငါဇာတ်ကားရိုက်ရင်တော့ ဆံပင်ရှည်တပ်ဖူးပေမဲ့ မင်းလောက်တော့ ကြည့်မကောင်းဘူးကွ”
ကျန်းလော်သည် မျက်နှာရှေ့ကျလာသော ဆံပင်ကို ဖယ်လိုက်ပြီး ကျောဘက်သို့ တွန်းပို့လိုက်သည်။ ဆံပင်သပ်လိုက်ချိန်တွင် အလွန်လှပပြီး ချောမောနေသောကြောင့် သူ့ကို သဘောမကျသော သင်တန်းသားများသည်ပင် သူ့ကို ငေးနေကြသည်။
“ကျွန်တော်က ဆံပင် ညှပ်လိုက်မလို့ နည်းနည်းစိတ်ရှုပ်စရာကောင်းလို့လေ”
ထို့နောက်ကျန်းလော်သည် ယဉ်ကျေးစွာဖြင့်
“ဆရာက နောက်တယ်ဗျာ ကျွန်တော်က ဆရာ့လောက်တောင် ကြည့်မကောင်းပါဘူးဗျာ”
ကျန်းလော်သည် ပြီးပြည့်စုံစွာနှိမ့်ချပြီး ပြောလိုက်သည်။ ချင်ဖန်သည် သူ့ကို တကယ်သဘောကျပုံရပြီး မိနစ်အနည်းငယ်လောက်စကားပြောနေပြီး
“ပထမအပိုင်းရဲ့ နာမည်က မင်းတို့အားလုံးကြားဖူးကြမယ်ထင်တယ် ‘အိမ်ထဲမှာ ထီးနဲ့ဆော့’ ငယ်ငယ်တုန်းက ဆော့ဖူးတယ်ဟုတ် အဆင်ပြေမယ်မလား”
တစ်စုံတစ်ယောက်က ထပြောလိုက်သည်
“ကျွန်တော်ကြားဖူးတာတော့ အိမ်ထဲကထီးက အရပ်ရှည်လာမှာမဟုတ်ဘူး လို့ပါ”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါလည်းကြားဖူးတယ် အဲ့လိုဆော့ရင် အရပ်ရှည်မလာတော့ဘူးတဲ့”
ရိုက်ကူးရေးအဖွဲ့သည် ကြက်သွေးရောင်ထီးများယူလာကြသည်။ ကျန်းလော်နှင့် သင်တန်းသားများသည် ထီးတစ်ယောက်တစ်ချောင်းစီ ကိုင်ထားပြီး ချင်ဖန်သည် ကတ်ကိုစားပွဲပေါ်တင်လိုက်ကာ
“တူတူဖွင့်ကြမယ် အသင့်ပြင် တစ် နှစ်….”
သင်တန်းသားများသည် ထီးကို တစ်ပြိုင်ထဲ ဖွင့်လိုက်ကြသည်။ သာမန်လူများဖြစ်သောကြောင့် အားလုံးသည် ပြုံးရွှင်နေကြကာ ထီးများနှင့် တစ်ယောက်နှင့်တစ်ယောက်တွန်းတိုက် ဆော့ကစားနေကြသည်။ ကျန်းလော်သည် ထီးဆောင်းလိုက်ကာ အခန်းထဲရှိ လူအားလုံးကို စေ့စေ့စပ်စပ်လိုက်ကြည့်နေသည်။ ကြက်သွေးရောင်ထီးသည် အခန်းထဲတွင် ရောင်ပြန်ဟပ်ကာ တစ်ခန်းလုံး နီရဲနေသည်။ ဘာမှမတွေ့သောကြောင့် ကျန်းလော်သည် ကင်မရာဘက်လှည့်ပြီး ခေါင်းယမ်းပြလိုက်သည်။
ခနကြာသောအခါ ဝန်ထမ်းတစ်ယောက်သည် ထီးများလာသိမ်းသွားသည်။ ကျန်းလော်သည် ထီးပိတ်လိုက်ပြီး အပြင်ကိုကြည့်လိုက်သည်။ နေရောင်တောက်နေသော ကောင်းကင်သည် ရုပ်ချည်း တိမ်ဖုံးမည်းမှောင်သွားပြီး မိုးရွာလာသည်။ ကောင်းကင်တစ်ခုလုံး နေရာလပ်မကျန် တိမ်မည်းများဖုံးသွားသည်။ ရာသီဥတု ရုတ်တရက် ပြောင်းသွားသောကြောင့် ရိုက်ကူးရေးလုပ်နေရာတွင် အနည်းငယ်အဆင်မပြေဖြစ်သွားသည်။ သူတို့သည် အခုလေးတွင်ပင် အနီရောင်ထီးနှင့် သရဲရှိမရှိ စမ်းသပ်ခဲ့ကြရာ ယခုကဲ့သို့ မှုန်မှိုင်းနေသော ရာသီဥတုတွင် ရှာရမည်မှာ မလွယ်ကူသလိုခံစားရသည်။
“ဘာလို့မိုးက ရုတ်တရက်ကြီး ရွာလာရတာလဲ”
ချင်ဖန်သည် ကျန်းလော်ကို ကြည့်လိုက်ကာ ရယ်ကျဲကျဲဖြင့်
“မင်း သရဲတွေ နတ်တွေ ယုံတတ်လား”
ကျန်းလော်သည် အပြင်ဘက်ကိုကြည့်၍
“မယုံဘူး”
ချင်ဖန်သည် မယုံပုံဖြင့် မျက်ခုံးပင့်လိုက်ပြီး
“တကယ်တော့ငါကလေ ငါထင်လိုက်ရင် အမြဲမှန်တတ်တယ်ကွာ ဒီလိုရာသီဥတုကြီးက ငါ့ကို နည်းနည်းလန့်လာစေတယ်ကွ သိလား”
ထို့နောက်သူသည် အားပြည့်လာပြီး
“ကဲ ဒုတိယမြောက် ဂိမ်းကိုဆက်ဆော့ကြမယ် ကြည့်လိုက်ဦးမယ် ဒုတိယတစ်ခုက ‘သရဲမြင်ရန် နောက်လှည့်ကြည့်’တဲ့”
ချင်ဖန်သည် တောင့်တင်းစွာပြုံးလိုက်ပြီး
“ဒါမျိုးက ကြည့်ကောင်းတဲ့ လှုပ်ရှားမှုတော့ မဟုတ်ဘူးဆိုပေမဲ့လည်း အားလုံးပဲ ဂိမ်းကို စိတ်အားထက်သန်စွာ ပါဝင်ပူးပေါင်းပေးပါ”
သရဲမြင်ရန် အပေါ်အောက်လှုပ်ရှားရမည်၏ ဆိုလိုရင်းသည် လူတစ်ယောက်သည် ခြေထောက်ကား၍ ခါးကိုင်းပြီး ခြေနှစ်ဖက်ကြားမှ နောက်ဖက်ကို ငုံ့ကြည့်ရမည် ဖြစ်သည်။ သူတို့နောက်မှာသာ သရဲရှိလျှင် ဒီလိုအနေအထားနှင့် ကြည့်ပါက သေချာပေါက်မြင်ရလိမ့်မည်။ ကျန်းချန်သည် သရဲများကို အယုံအကြည်မရှိသလို ဤကဲ့သို့ ရှိုးပဲ့သည့်အလုပ်မျိုးလဲ မလုပ်ချင်ပေ။ သို့သော် ထုတ်လုပ်သူများသည် သူတို့ကိုကြောက်လန့်စေပြီး သူတို့ကြောက်လန့်သွားပုံကို မှတ်တမ်းတင်ချင်သည်။ ချင်ဖန်ပင် ဒီကလေးများ ထိုသို့လုပ်မည်ကို တွေးကြည့်ပြီး သနားလာသလို ခံစားရသည်။
လုံးဝမလုပ်ချင်စွာပဲ ကျန်းချန်သည် ခြေထောက်ကားလိုက်ပြီး ငုံ့ကြည့်လိုက်သည်။ သူ့နောက်တွင် ကျန်းဖုန်းတစ်ယောက်သာရှိသည်။ သို့သော်သူသည် ကျန်းဖုန်း၏ခေါင်းအနောက်ကိုသာမြင်ရသည်။ ကျန်းချန်သည် သူဤအနေအထားလုပ်နေရသည်ကို မယုံကြည်နိုင်ပဲ အကြည့်လွှဲလိုက်သည်။ ထိုအချိန်တွင် ကျန်းဖုန်းခေါင်းနောက်ရှိ ဘာမှမရှိခဲ့သောနေရာတွင် ကလေးခေါင်းတစ်ခုပေါ်လာပြီး ကျန်းချန်ကို ပါးစပ်ကြီးဖြဲပြီး ပြုံးပြနေသည်။
“အားးးးးးးးးးးးးးးးးးးး”
ကြောက်မက်ဖွယ်အသံကြီး ကြားလိုက်ရကာ လူတိုင်းသည် ကျန်းချန်ဖင်ထိုင်ရက် လဲကျသွားသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာသည် ဖြူဖက်နေပြီး ဒူးနှစ်ဖက်ကြား မျက်နှာအပ်ကာ တစ်ကိုယ်လုံးတုန်ယင်နေသည်။ ထို့နောက် သူသည် ကျန်းဖုန်းကို လက်ညိုးထိုးကာ
“သူ့ခေါင်းနောက်မှာ သရဲရှိတယ်”
ကျောင်းဘန်သည် သူ့ကိုထိန်းဖက်ပေးထားရင်း ကျန်းဖုန်းကိုကြည့်လိုက်သည်။ ကျန်းဖုန်းသည် ဒေါသထွက်စွာ ကျန်းချန်၏ကော်လံကိုဆောင့်ဆွဲလိုက်ပြီး လက်သီးနှင့်ရွယ်လိုက်ကာ
“ဘယ်သူ့နားမှာ သရဲရှိတယ်ပြောလိုက်တာလဲကွ ဟမ် ငါ့နားမှာ ဘာသောက်သရဲမှမရှိဘူး”
သူ့မျက်နှာသည် ကြောက်ရွံ့တုန်လှုပ်နေပြီး အဆိပ်ပြင်းကင်းမြှီးကောက် အကိုက်ခံရသကဲ့သို့ ပုတ်သိုးညစ်ပတ်ကာ အပိုင်းပိုင်းဖြတ်ခံထားရသလိုဖြစ်နေသည်။
“မင်းရဲ့ သောက်ပါးစပ်က သောက်ရေးမပါတာ နောက်ထပ်ထွက်ကြည့်လိုက်စမ်း”
ဝန်ထမ်းတစ်ယောက်သည် သူတို့ကိုဆွဲပြီး လူခွဲသည်။ ကျန်းလော်သည် ကျန်းဖုန်းကိုကြည့်လိုက်သည်။ သူသည် ကျန်းဖုန်းထံမှ ဘာသရဲမှ မမြင်ရသော်လည်း ကျန်းချန်က မြင်လိုက်ရသည်။ ကျန်းလော်သည် ကျန်းချန်နှင့် စကားများများမပြောဖူးပေ။ သို့သော် ကျန်းချန်သည် လူကောင်းတစ်ယောက်ဟုထင်သည်။ ကျန်းချန်သည် ဘယ်သောအခါမှ ကင်မရာရှေ့တွင် ရုန်းရင်းဆန်ခတ် လှုပ်ရှားမည့်သူ မဟုတ်ပေ ထို့ကြောင့် ကျန်းချန် ကျန်းဖုန်းနောက်မှ သရဲမြင်သည်ဆိုသည်မှာ ရှစ်ဆယ်ရာခိုင်နှုန်းမှန်နိုင်သည်။
အခြေအနေသည် ဖရိုဖရဲဖြစ်သွားသောကြောင့် ဂိမ်းဆက်မဆော့နိုင်တော့ပေ။ ရယ်ရွှင်သည် ကျန်းလော်နားလာပြီး
“ကျန်းဖုန်းနားမှာ သရဲမြင်လိုက်သေးလား”
“မမြင်လိုက်ဘူး”
ရယ်ရွှင်သည် ခေါင်းညိတ်လိုက်သည်။ ကျန်းလော်သည် အတွေးများနေကာ ကင်မရာရှေ့သို့သွားလိုက်ပြီး ၎င်းကိုခေါက်လိုက်သည်။ ထို့နောက် လက်ထောက်သည် ချက်ချင်းရောက်လာပြီး ကျန်းလော်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားသည်။
“ဆရာ ဘာများပြောချင်လို့လဲဗျ”
“ခုနကဗီဒီယိုကို ခနနေရင် ကျွန်တော့်ဆီပို့ပေးပါ”
လက်ထောက်သည် ခေါင်းညိတ်လိုက်ပြီး ထွက်သွားသည်။ ကျန်းလော် ပြန်သွားရန် လှည့်လိုက်သောအခါ ချင်ဖန်သည် သူ့ကို ပြုံးပြနေသည်။ ကျန်းလော်သည် ပြန်ပြုံးပြလိုက်ပြီး လူအုပ်ကြီးကို ဖြတ်၍ ကျန်းချန်ဆီသွားလိုက်သည်။ ရယ်ရွှင်သည် ကျောင်းဘန်ထံမှ ကျန်းချန်ကို ဆွဲယူလိုက်ပြီး
“သူကတအားကြောက်နေတယ် ငါက ဗုဓ္ဒဂါထာတော်တွေ ကျက်ထားတော့ သူ့ကို နှစ်သိမ့်ပေးလိုက်မယ်”
ကျန်းချန်သည် အသက်ရှူရပ်မတက် ကြောက်လန့်နေပြီး ရယ်ရွှင်မှ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်သောအခါ စိတ်ငြိမ်သွားသည်။ ကျန်းလော်သည် ဆံပင်များသူ့မျက်နှာတစ်ခုလုံးဖုံးသွားအောင် ငုံ့ချလိုက်ပြီး ကျန်းချန်ဘေးတွင် ရပ်လိုက်ကာ
“ကျန်းချန် မင်းဘာမြင်လိုက်ရတာလဲ”
ကျန်းချန်သည် တုန်ရီနေပြီး
“က ကလေးတစ်ယောက်”
“ဘယ်လိုမျိုးကလေးလဲ”
“ခြောက် ခြောက်သွေ့ပြီး မဲနက်နေတဲ့ကလေး”
ကျန်းချန်သည် အလွန်ကြောက်လန့်နေကာ
“အဲ့ အဲ့ဒါက ငါ့ကို ပြုံးပြနေခဲ့တာ သူ့ပါးစပ်က အပေါ်မှာ သူ့ သူ့မျက်လုံးတွေကျတော့ အောက်ဘက်မှာ အဲ့ဒီကလေးရဲ့ ခေါင် ခေါင်းက ပြောင်းပြန်ကြီး”