Ch 52
Viewers 8k

အပိုင်း (၅၂)



 မကောင်းဆိုးဝါး အတွေးစများ


လက်သီးနှင့်ထိုးပြီးနောက် ကျန်းလော်သည် တောင့်တင်းသွားသည်။ 


သူသည် ကျောက်တုံးကို ပိတ်ထိုးလိုက်မိသလိုပင် ကျောက်တုံးကမနာဘဲ သူကသာ နေလို့သေတော့မည်။


ကျန်းလော်သည် မျက်ခုံးတွန့်သွားပြီး နာကျင်မှုကို သက်သာအောင် လက်ကို ခါနေသည်။ သူ့မျက်နှာကတော့ တည်တင်းထားသည်မှာ တစ်စက်ကလေးမျှ မလျော့ပေ။ ထို့နောက် စိတ်တိုစွာဖြင့် မကောင်းဆိုးဝါးဗိုက်ကို အသေကန်ပစ်လိုက်သည်၊ ချီယုံနောက်ကျောသည် ထူထဲလေးလံသော ခေါင်းတလားအဖုံးနှင့် အရှိန်ပြင်းပြင်းသွားတိုက်သည်။ အပြင်ဘက်မှ သီချင်းသံသည် ရပ်တန့်သွားပြီး ခေါင်းတလားသည်လည်း မခါယမ်းတော့ပေ။ 


မကောင်းဆိုးဝါးသည် အသေအော်ရယ်နေပြီး ရယ်သံတအားကျယ်လာသည်။ ကျန်းလော်သည် ချီယုံ့ကို ဆွဲချလိုက်ကာ ယင်းဟူကို ဆင့်ခေါ်ပြီး ခေါင်းတလားအဖုံး ဖွင့်ခိုင်းလိုက်သည်။ ထို့နောက် သူသည် စတိုင်မလှိုင်ဖြင့် ခေါင်းတလားထဲမှ ထွက်လာသည်။ ရေသရဲများနှင့် အနီရောင် မင်္ဂလာဆောင်သရဲများသည် အပြင်တွင် တစ်ကောင်မှ မရှိတော့ပေ။ သူသည်နောက်ပြန်လှည့်လိုက်ပြီး ခေါင်းတလားအဖုံးကို ပြန်ဖုံးဖို့ လုပ်သည်။ 


“မစ်စတာ မကောင်းဆိုးဝါး”


သူသည် ခေါင်းတလားထဲမှ မကောင်းဆိုးဝါးကိုကြည့်၍ ပညာရှင်ဆန်ဆန်ပြုံးလိုက်ကာ


“ဒီထဲမှာပဲ တစ်ယောက်ထဲ နှလုံးရှာနေလိုက်တော့ ဘိုင့်ဘိုင်”


ခေါင်းတလားပိတ်လုဆဲဆဲတွင် မကောင်းဆိုးဝါးသည် ပုံစံပြောင်းလိုက်ကာ ခေါင်းတလားထဲသို့ ကျက်သရေရှိစွာ ပြန်လှဲအိပ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘက်ပေါ်တင်ထားသည်။ ခေါင်းတလားလုံးလုံးလျားလျားပိတ်သွားပြီးနောက် မကောင်းဆိုးဝါးကို မမြင်ရတော့ပေ။ ကျန်းလော်သည် ဖူလုဒါဇင်လိုက်ကြီး ထုတ်လိုက်ကာ ခေါင်းတလားတစ်ခုလုံး လိုက်ကပ်လိုက်သည်။ ပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်ရာ နီဖြူသရဲများမရှိတော့ပဲ မြူများပိုထူလာကာ ငါးမီတာအကွာအဝေးသို့ပင်  မမြင်ရတော့ပေ။ 


ဝေါယဉ်သည်လည်း ခေါင်းတလားဘေးမှာပင် ရပ်ထားသည်။ အနားတဝိုက်ကိုပင် ကောင်းကောင်းမမြင်ရသောကြောင့် ဘယ်ရောက်နေမှန်း မသိနိုင်ချေ။ ကျန်းလော်သည် ယင်းဟူခေါင်းကို ထိလိုက်ပြီး ခေါင်းတလားကို ကြည့်လိုက်ကာ ရုတ်တရက် အေးစက်စွာပြုံးလိုက်သည်။


“တွန်းပစ်လိုက်”


ယင်းဟူသည် သမ်းဝေလိုက်သည်။ ပါးစပ်အကျယ်ကြီးဖွင့်ထားသော ကျားဖြူကြီးသည် နောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်၍ လက်တွင် အားအပြည့်ထည့်ပြီး ခေါင်းတလားကို ပုတ်ထုတ်လိုက်သည်။ ခေါင်းတလားသည် တစ်ခြမ်းစောင်းပြုတ်ကျသွားပြီး မြေကြီးပင် တုန်သွားသည်။


အနားမှ စမ်းချောင်းထဲသို့ ခေါင်းတလားသည် လှိမ့်သွားပြီး ရေစီးအတိုင်းပါသွားသည်။ ကျန်းလော်သည် ထိုနေရာတွင် ရပ်ကြည့်နေပြီး ပျော်ရွှင်လွပ်လပ်စွာ ရယ်မောလိုက်သည်။


“ပျော်ရွှင်စရာ ခရီလေးဖြစ်ပါစေ ဆရာရေ”


အဝေးကြီးရောက်သွားသော ခေါင်းတလားကို ဘုန်းကြီးတစ်ပါးက ဆယ်လိုက်သည်။ ခေါင်းတလားဖုံးမှ ဖူလုများကို တစ်ရွက်ချင်းဖယ်နေသော ဘုန်းကြီးသည် အလွန်ပြီးပြည့်စုံသည့် ပန်းချီကားတစ်ချပ်လိုပင်။ ဖူလုများဖယ်ပြီးနောက် ချီယုံသည် ခေါင်းတလားအဖုံးကို ဖွင့်ပြီး ထထိုင်လိုက်သည်။ ကောဝူချန်သည် သက်ပြင်းချလိုက်ပြီး


“သခင် ဒီလိုအရေးမပါတဲ့ ကိစ္စလေးကြောင့် ကျွန်တော့ကို ခေါ်ပြီး ကောကျူကို အာရုံပြောင်းခိုင်းတာလား”


ချီယုံသည် ခေါင်းတလားထဲမှ ထွက်လိုက်ပြီး သူ့ကို  အဖြူရောင်မြူများထူထပ်နေသည့် နေရာသို့ ဦးဆောင်သွားသည်။


“မင်းညီလေးကို တွေ့လိုက်ရတယ် မဟုတ်ဘူးလား”


ကောဝူချန်သည် မျက်လွှာချလိုက်ပြီး ပုတီးစေ့များကို ဆက်တိုက်အောက်ချနေကာ


“သခင်ကတော့ နောက်နေပြန်ပါပြီ”


ချီယုံ့ကို ပို့ပြီးနောက် ကျန်းလောသည် ဝေါယဉ်လိုက်ကာကို သွားမလိုက်သည်။ လုယုံရိသည် ဝေါယဉ်ထဲတွင် မျက်မှောင်ကြီးကုပ်ပြီး အိပ်မက်ဆိုးမက်နေသလို ကြောက်လန့်တုန်ရီနေသည်။  ကျန်းလော်သည် သူ့မျက်နှာကို ပုတ်လိုက်ပြီး 


“လုယုံရိ”


လုယုံရိသည် သုံးခါလောက်အခေါ်ခံရပြီး တုန်တက်သွားပြီး နိုးလာသည်။ 


“အားးး ချီးပဲ လာမထိနဲ့လို့”


သူသည် ကြောက်လန့်တကြားအော်လိုက်ပြီး လက်တွေရော ခြေထောက်တွေရော ရုန်းကန်နေကာ ကျန်းလော်သည် နောက်သို့ အမြန်ဆုတ်လိုက်သည်။ လုယုံရိကို စိတ်ငြိမ်သွားအောင် တော်တော်စောင့်လိုက်ရသည်။ သူသည် ကျန်းလော်ကိုကြည့်ပြီး အလန့်ပြေသွားကာ အသက်ပြင်းပြင်းရှူလိုက်ပြီး 


“ငါအရမ်းကြောက်နေတာ ကျန်းလော် ကျန်းလော်ရေ မင်းသိလား ငါ့ဘာတွေကြုံလိုက်ရလဲ သိလားလို့”


“ငါ့မှာ မျက်တောင်လေးတစ်ချက်ခတ်မိပါတယ် တစ်ခါထဲ ဝေါယဉ်ထဲတန်းရောက်သွားပြီး သတို့သမီးလို ဝတ်ထားတဲ့ သရဲမက ဘေးမှာလာထိုင်ကြည့်နေသေးတယ်”


သူသည် ပြောနေရင်း ကြောက်လန့်တုန်ယီလာပြီဂ


“အဲ့သရဲမက ငါ့ကို သတ်တော့မှာ သိလား”


‘ကံမကောင်းတာ ငါတစ်ယောက်ထဲတော့ မဟုတ်ဘူးပဲ’


ကျန်းလော်သည် စိတ်ပြေသွားပြီး ချက်ချင်းစိတ်အခြေအနေကောင်းသွားကာ


“အခုအဆင်ပြေသွားပါပြီကွာ ထွက်ခဲ့တော့”


သူတို့နှစ်ယောက် ဝေါယဉ်ဘေးမှ ထွက်လာသောအခါ လုယုံရိသည် ထူထပ်နေသော မြူများကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်ကာ


“တစ်ခုခုတော့ မှားနေပြီကွ”


သံလိုက်အိမ်မြှောင်မရှိသောကြောင့် ကျန်းလော်သည် ယင်ယန်လက်ကောက်ကို နှစ်ကြိမ်ဝေ့ယမ်းလိုက်သည်။ သို့သော်လက်ကောက်သည် လေးဘက်လေးတန်လုံး လင်းသွားသည်။ ကျန်းလော်ကို မြောက်ဘက်သို့ တန်းတန်းမတ်မတ် မပြနိုင်တော့ပေ။ ယင်ယန်လက်ကောက် အလုပ်မလုပ်နိုင်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်ကာ


“ယင်ယန်လက်ကောက်လဲ အလုပ်မလုပ်တော့ဘူး.............”


တည်နေရာရှာခြင်းတွင် ယင်ယန်လက်ကောက်သည် ပုံမှန်အတိုင်း ယင်နှင့်ယန်ထိတွေ့ဆက်နွယ်နေသော နေရာဖြစ်သည့် ကောင်းကင်ပေါ်တွင်ဖြစ်ဖြစ် မြေကြီးအောက်တွင်ဖြစ်ဖြစ် ထူထပ်သော တောအုပ်နှင့် မြင့်မားသောအဆောက်အဦးများတွင် ဖြစ်စေ သေချာပေါက် ကောင်းကောင်းကြီး အလုပ်လုပ်နိုင်သည်။တောင်နှင့်မြောက်မကွဲပြားနိုင်သော နေရာသည် တစ်နေရာသာရှိနိုင်သည်။ 


မြေအောက်လောကပင်။


ကျန်းလော်သည် ဝေါယဉ်မှ အနီရောင်ပန်းလုပ်ထားသော ပိုးနီစကို ဖြူတ်လိုက်ကာ


“လုယုံရိ နေရာဖွေရှာလမ်းပြနည်း နဲ့ ကြိုးစားကြည့်ရအောင်”


လုယုံရိသည် ခေါင်းညိတ်လိုက်ပြီး ဓားတစ်ချောင်းထုတ်လိုက်ကာ ဝေါယဉ်ထိပ်ပိုင်းတွင် ပြောင်းပြန်တြိဂံပုံစံ ဖြတ်ထုတ်လိုက်သည်။ ထိုအရာလေးကို ယူပြီး စမ်းချောင်းနားသို့သွားကာ ရေဖြည့်လိုက်သည်။ ထို့နောက် ထိုရေခွက်ကို ဖိတ်မကျအောင် ဂရုတစိုက်ပြန်သယ်လာသည်။လုယုံရိသည် ထိုတြိဂံလေး၏အောက်ပိုင်းကို မြေကြီးထဲ မြုတ်လိုက်သည်။ သို့မှသာ မျက်နှာပြင်သည် ဇလုံကဲ့သို့ဖြစ်သွားမည်ဖြစ်သည်။


ကျန်းလော်သည် ပိုးနီစမှ ချည်တစ်ချို့ ဆွဲထုတ်ပြီး ကြိုးတစ်ချောင်းဖြစ်အောင် ကျစ်လိုက်သည်။ 


“လုယုံရိ အခုဘယ်သူကမှ ကံမကောင်းတာလဲ”


လုယုံရိသည် ခါးသီးစွာပြန်ပြောသည်။


“ငါ ငါ ငါ”


သို့သော် သူသည် ပြန်ရှင်းနေသေးသည်။


“ဒါပေမဲ့လေ ငါသေချာစဉ်းစားကြည့်တော့ ငါအဲ့မှာရပ်နေတုန်းက တကယ်ကြီး သစ်ကိုင်းခြောက်ရှိမနေတာ သေချာတယ်ဟ”


ကျန်းလော်သည် သူ့ကို ခြေဖျားနှင့် ခတ်လိုက်ပြီး


“ယုံမနေဘူး”


လုယုံရိသည် အသံကြားရလောက်အောင် သက်ပြင်းချလိုက်သည်။ ကျန်းလော်သည် ဇလုံနားသို့ ကြိုးကိုင်ပြီး လျှောက်သွားသည်။ လုယုံရိသည် သစ်ကိုင်းခြောက်တစ်ခုကို အပိုင်းသေးတစ်ခုဖြတ်လိုက်ပြီး ဇလုံအလယ်တည့်တည့်သို့ ချလိုက်သည်။ သစ်ကိုင်းခြောက်အဆုံးထိကျမသွားစေရန် ကျန်းလော်သည် ကြိုးကို အမြန်ဆွဲလိုက်သည်။ သူသည်ကြိုးကို လက်ညိုးတွင် အပတ်ပေါင်းများစွာရစ်လိုက်သည်။ ကြိုးသည်ကျန်းလော်၏ ထိန်းချုပ်မှုအောက်တွင် သစ်ကိုင်းကို ဇလုံအလယ်တည့်တည့်တွင် တည်ငြိမ်သွားသည်။ လုယုံရိသည် လက်ညှိုးကို ရေထဲတွင် နှစ်လိုက်ပြီး ထိုလက်ဖြင့် သစ်ကိုင်းအစွန်းလေးကို ညင်သာစွာ ပုတ်လိုက်သည်။


သစ်ကိုင်းခြောက်သည် ဖြေးညှင်းစွာ လည်သွားသည်။ ထိုသစ်ကိုင်းခြောက်သည် တဖြည်းဖြည်းအောက်မှအပေါ်သို့ ညွှန်ပြပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ထိသွားလိုက်ကာ ကြိုးချည်ထားရင်းနှင့်ပင် မြေပြင်ပေါ်သို့ မျဉ်းဖြောင့်တစ်ကြောင်းဆွဲသွားသည်။ မျဉ်းဖြောင့်ဆွဲပြီးနောက် သစ်ကိုင်းသည် အလှုပ်ရပ်သွားပြီးဇလုံနှုတ်ခမ်းနှင့်တိုက်ကာ မြေပြင်ပေါ်သို့ ကျသွားသည်။ 


ကျန်းလော်သည် လက်ကိုလွှတ်လိုက်ကာ မျဉ်းကိုကြည့်ပြီး 


“သွားစို့”


လူနှစ်ယောက်သည် မျဉ်းကြောင်းဦးတည်ရာအတိုင်း မြူထူထူထဲသို့ ဖြတ်ဝင်သွားလိုက်ကြသည်။ အချိန်ဘယ်လောက်ကြာအောင် လျှောက်လိုက်ရသည် မသိ အနီရောင်အလင်းတန်းနှစ်ခုသည် မြူထူထူကို ဖြတ်ပြီး သူတို့ရှေ့ပေါ်လာသည်။


ကျန်းလော်နှင့် လုယုံရိသည် အချင်းချင်းကြည့်လိုက်ကြပြီး အနီရောင်အလင်းတန်းနောက် လိုက်သွားကြသည်။ သူတို့ရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင် အနီရောင်အလင်းတန်းနှစ်ခုမှာ ရှေးမြို့ဟောင်းဂိတ်ဝတွင် ချိတ်ထားသော မီးပုံးအနီနှစ်ခု ဖြစ်နေသည်။ 


မြို့ဟောင်းအဝင်ဝတွင် စာလုံးလေးလုံးကို တောက်ပနေသော အရိုးခြောက်ဖြင့် ရေးထားသည်။


“ဖုန်းတုတစ္ဆေမြို့တော်”


လူများသည် ထိုမြို့ဟောင်းသို့ ဝင်ချည်ထွက်ချည်ဖြစ်နေကြသည်။ ထန်ပိကဲ့သို့ ထူးဆန်းစွာ ဝတ်စားထားကြသော သူများနှင့် ယခုခေတ်အဝတ်အစားဝတ်ထားကြသူများ သွားလာနေကြသည်။ ထိုနေရာတွင် အနက်ရောင်ဝတ်ရုံများဝတ်ထားသော အရိပ်ကဲ့သို့ သူများလည်းရှိကာ ထိုလူများသည် ခေါင်းကို ငုံ့ထားကြသည်။ ဂိတ်ဝတွင် နွားခေါင်းရှိသော မကောင်းဆိုးဝါးနှင့် မြင်းမျက်နှာ မကောင်းဆိုးဝါးတို့ စောင့်ကြပ်နေသည်။


ဖြတ်သန်းသူများသည် အလွန်ပေါ့ပါးစွာ လျှောက်နေကြတည်းက အသက်မရှိကြတော့မှန်း သိသာသည်။ ကျန်းလော်၏မျက်နှာသည် ကျောက်တုံးကဲ့သို့ မာထန်နေကာ လုယုံရိသည် လမ်းဘေးတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် တစ္ဆေမြို့တော်ကို ကြည့်နေသည်။


“နေရာဖွေရှာလမ်းပြနည်းက ငါတို့ကို ဒီနေရာကို ခေါ်လာတာဆိုတော့ ငါတို့တစ္ဆေမြို့ထဲက ဖြတ်သွားမှ ပြန်ရောက်မှာ သေချာတယ်”


လုယုံရိသည်တိုးတိုးလေးပြောလိုက်သည်။


“ဖြူနီသရဲတွေက ငါတို့ကို တစ္ဆေမြို့တော်ထဲကနေ ဖြတ်ပြီးသယ်လာတဲ့ ယင်နဲ့ယန်ဖြစ်နိုင်လား”


ကျန်းလော်ကပြောသည်။


“တစ္ဆေမြို့ထဲ ဝင်မှရမှာပဲ ဒါပေမဲ့ ဒီပုံစံနဲ့ ဝင်သွားလို့မဖြစ်ဘူး”


သူ့မျက်လုံးသည် ဝင်ထွက်သွားလာနေသော လူအုပ်ကြီးကို လိုက်ကြည့်နေသည်။ 


တစ္ဆေမြို့ထဲသို့သွားလာနေကြသည်မှာ တစ္ဆေသရဲများတင်မကပဲ တစ်ခါတစ်ရံ အသက်ရှင်နေသူများလည်း ပါသည်။ အသက်ရှင်လျက်ဖြတ်သွားသူများတွင် အနည်းငယ်မျှသာ မြေအောက်လောကထဲက အသက်ရှင်လျက်ထွက်သွားနိုင်ကြသည်။


ပုံမှန်သံသရာစက်ဝန်းအရဆိုလျှင် သာမန်ဝိဉာဉ်များသည် သူတို့ကို ခက်ခဲအောင်မလုပ်တတ်သော်လည်း ရက်စက်သွေးဆာသော မကောင်းဆိုးဝါးများနှင့်တွေ့လျှင် အမြဲသေသွားကြရသည်ပင်။


ထို့ကြောင့်ဒီအတိုင်းဝင်သွားသည်ထက် အရိပ်ကဲသို့ တိုးတိတ်စွာဝင်သွားမှသာ ဘေးကင်းပေမည်။ လုယုံရိသည် စိုးရိမ်စွာဖြင့်


“ဘယ်လိုဝင်ကြမလဲ အရိပ်လူတွေလို ရုပ်ဖျက်ပြီး ဝင်ရမှာလား”


ကျန်းလော်သည် ပုံမှန်ဖြစ်စွာပြောလိုက်သည်။


“မြေအောက်ကမ္ဘာသားလို ဟန်ဆောင်ဖို့ လွယ်တယ်ထင်နေတာလား သူတို့စာရင်းမှာ သေဆုံးသူနှစ်ယောက်အပိုရှိတယ်ထားဦး အဲ့အဝတ်တွေ ဘယ်ကရမှာတုန်း”


သေသူများကို ဓားမြသွားတိုက်လို့လဲ မရပေ။ ဓားမြတိုက်လိုက်လို့ အဝတ်ရသွားလျှင် ထိုဆုံးရှုံးသွားသော အရိပ်ဖြတ်သန်းသူသည် သေဖို့ ထိုင်စောင့်ရမည်လား။


လုယုံရိသည် သက်ပြင်းအကြိမ်ကြိမ်ချသည်။ ထိုအချိန်တွင် မြို့ထဲမှ မှင်စာလေးများ သုတ်တီးသုတ်ပြာထွက်လာသည်။ မှင်စာလေးသည် သမ်းဝေလိုက်ပြီး လက်သုံးချောင်းထောင်လိုက်ကာ


“သုံးယောက်သေပြန်ပြီ”


“ရက်ရှဆာ့သရဲက စိတ်အခြေအနေမကောင်းဘူး ငါတကယ်ကြီး သူသတ်လိုက်တဲ့ အလောင်းတွေကို မရှင်းချင်တော့ဘူး အဲ့ကောင်က သတ်ပြီး ကုန်အောင်မစားဘူး အသားနဲ့ ဝိဉာဉ်တွေကို ကိုက်ဖြဲပြီး အသားစတွေ အကုန်ပျံ့ကျဲကျန်ခဲ့တာ”


“ဒီနေ့ဖြတ်သန်းသူ ဘယ်လောက်သေသွားပြီလဲ”


“ရှစ်ယောက်တောင်ရှိနေပြီ”


နောက်မှင်စာတစ်ကောင်က ဝင်ပြောသည်။


“သူဒီနေ့တကယ်စိတ်အခြေအနေမကောင်းဘူး သူက တစ္ဆေသတ်ကွင်းဖွင့်ချင်တာလေ မြို့တော်ထဲ အားအကြီးဆုံး တစ္ဆေကသာ သတ်ကွင်းကို အသက်ဝင်အောင်လုပ်နိုင်ပြီး သတ်ကွင်းဘုရင်ဖြစ်လာမှာ၊ သတ်ကွင်းအသက်မဝင်တာ ဘယ်နှနှစ်တောင်ရှိပြီမို့လို့လဲ သူ့လိုသရဲတွေက ငါတို့လို မှင်စာလေးတွေနဲ့ ဘာမှမလုပ်နိုင်တဲ့ ဝိဉာဉ်လေးတွေကို သားရဲတွေ ပါးစပ်ထဲ ရုန်းကန်နေတာ တအားမြင်ချင်နေမှာပေါ့”


“ဒီနေ့ကတော့ ဝင်လာတဲ့ ဖြတ်သန်းသူတွေအတွက် နေ့ကောင်းမဟုတ်ဘူး”


“ဖြတ်သန်းသူတွေတင်မဟုတ်ဘူး ငါတို့လဲ အရေခွံကွာတော့မယ် ရက်ရှာ့ဆာသရဲက တအားလွန်နေပြီ မှင်စာလေးတွေနဲ့ ဝိဉာဉ်ကလေးငယ်တွေကို စားနေတာ တစ်ကြိမ်မကတော့ဘူး”


“အ ဟား”


သရဲများသည် မြို့ပြင်တွင် ဖြတ်သန်းသူများ သေဆုံးခန္ဓာကိုယ်ကို ပစ်လိုက်ပြီး မြို့ထဲပြန်ဝင်သွားသည်။ လုယုံရိသည် ကျန်းလော်ကို လှည့်ကြည့်လိုက်သည်။


ကျန်းလော် “...............”


ကျန်းလော်က ပြောသည်။


“ငါနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သေချာတယ်”


လုယုံရိသည် ရယ်ကျဲကျဲနှင့် ပြန်ပြောသည်။


“ကျန်းလော်ရဲ့ နို့ဆိပ်သင့် တဲ့ ပါဝါကတော့ ထိပ်ဆုံးကနေဆင်းမသွားသေးဘူးပဲ လေးစားပါတယ်”


သူတို့သည် မြူထဲတွင်ပုန်းကွယ်နေပြီး မှင်စာများ အလောင်းပစ်သွားသော နေရာသို့ တိတ်တိတ်လေးသွားလိုက်သည်။ သူတို့ထိုနေရာရောက်သောအခါ သူတို့သည် အလောင်းရှစ်လောင်းကိုတွေ့လိုက်သည်။ ကျန်းလော်နှင့် လုယုံရိသည် သွေးများတအားမစိုနေသေးသော ဝတ်ရုံနှစ်ခုကိုယူလိုက်သည်၊


ထို့နောက် သူတို့သည် နောင်တကျမ်းစာကို တတွတ်တွတ်ရွတ်နေပြီး ကြောက်ရွံ့စွာဖြင့် ထိုလူများထံမှ ဖြတ်သန်းခွင့်ကို ယူလိုက်သည်။


သူတို့သည် မြို့ထဲဝင်ရန် အဆင်သင့်ဖြစ်မှ မြို့ဆီသို့ သွားလိုက်ကြသည်။


ကျန်းလော်သည် ဝတ်ရုံမည်းအိပ်ကပ်ကို ချွတ်ကြည့်လိုက်သည်။


“ဒီထဲက ဘာကြီးလဲ၊ သွေးနံ့ရတယ်ရော”


သူဖွင့်ကြည့်လိုက်သောအခါ မျက်ခုံးပင့်သွားပြီး 


“ဝက်နှလုံးဟ”


ကျန်းလော်အတွက် သေဆုံးဖြတ်သန်းသူများ ဒီလိုပစ္စည်းမျိုးဆောင်သွားတတ်သည်ကို နားလည်နိုင်ပေသည်၊ သို့သော် 


‘ဘာလို့ ဝက်နှလုံးမှလဲ’


လုယုံရိသည်လည်း သူ့အိတ်ကို ချွတ်ကြည့်လိုက်ရာ


“ငါ့ထဲလဲ ဝက်နှလုံးပဲဟ”


ကျန်းလော်သည် မသိလိုက်မသိဘာသာ ယင်ယန်လက်ကောက်ကို ပွတ်မိပြီး အတွေးများနေသည်။


မြူဖြူဖြူများထဲမှ ရွှေရောင်ကြွက်သည် တိတ်တဆိတ်ထွက်လာပြီး သူ့ပါးစပ်ထဲတွင် ကိုက်ချီထားသော ရုပ်ထုနှလုံးသားနှင့် ယွမ်ထျန်းကျူးကို ကျန်းလော်လက်ထဲသို့ ထည့်ပေးသွားသည်။ ကျန်းလော်သည် ထိုနှစ်ခုကိုယင်ယန်လက်ကောက်ထဲတွင် သိမ်းဆည်းထားသည်။ မကောင်းဆိုးဝါးရုပ်ထုနှလုံးသားမှ မကောင်းဆိုးဝါးအရှိန်အဝါများ အပြင်ထွက်မလာစေရန်ဖြစ်ပြီး နောက်တစ်ကြောင်းမှာ တစ်ခြားသူများ လာရောက် မလုယူနိုင်စေရန်ဖြစ်သည်။ ကျန်းလော်သည် ချက်ချင်း ကြွက်ကို လက်ကောက်ထဲ ပြန်ဝင်သွားစေလိုက်သည်။


ကျန်းလော်သည် သူ၏ကံမကောင်းမှုကို သတိထားစွာ ရုပ်ထုနှလုံးသားနှင့် ယွမ်ထျန်းကျူးသည် သူ့လက်ထဲရှိနေလျှင် မလုံခြုံနိုင်ကြောင်း ဆင်ခြင်မိသည်။ သူတို့သည် တစ္ဆေမြို့တော် ဝင်ပေါက်သို့ သွားလိုက်သည်။ နွားထီးသည် သူတို့ကိုကြည့်၍ လက်ကိုထုတ်လိုက်ကာ


“ဝင်ကြေး”


ကျန်းလော်ကမေးလိုက်သည်။


“မြို့ဝင်ကြေးအဖြစ်ဘာကို သတ်မှတ်ထားတာလဲ”


“နှလုံးတစ်ခု”


နွားခေါင်းသည် စိတ်မရှည်စွာ အော်သံပေးလိုက်ပြီး


“မရှိရင် လစ် မြို့ထဲ ဝင်မရဘူး”


ကျန်းလော်သည် ပြုံးလိုက်ပြီး


“ကျွန်တော်တို့ အဆင်သင့် ပြင်လာပါတယ်”


သူသည်ခေါင်းငုံ့လိုက်ပြီး သူ့မျက်နှာကို ကွယ်လိုက်သည်။ ဝတ်ရုံအောက်တွင် ကျန်းလော်မျက်နှာတွင် အပြုံးပျောက်သွားပြီး


‘တစ္ဆေမြို့ထဲဝင်ခွင့်ရဖို့ ကိုယ့်နှလုံးကိုပေးရမယ်တဲ့လား တိုက်ဆိုင်လွန်းမနေဘူးလား’


‘ချီယုံက တမင်တကာငါပြန်တုံ့ပြန်လာအောင် ဆင်ထားတဲ့ ထောင်ချောက်လို့ ထင်နေပြီ’


ထိုထက်ပိုသော ကိစ္စများလည်း ရှိနိုင်နေသေးသည်။ 


အနီအဖြူသရဲများသည် ကျန်းလော်အတွက် ချီယုံရေးထားသော ဇာတ်လမ်းလည်း ဖြစ်နိုင်သည်လေ။ ရုပ်ထုနှလုံးသားပြန်ယူရန် တော်တော်အားထုတ်ထားပုံပေါ်သည်။ ကျန်းလော်သည် ဝက်နှလုံးထည့်ထားသော အိတ်ကို နွားခေါင်းကို လှမ်းပေးလိုက်သည်။ နွားခေါင်းနှင့် မြင်းမျက်နှာနှစ်ကောင်သည် အိတ်များကို ဖွင့်ကြည့်လိုက်ကြပြီဂ


“ဝင်လို့ရပြီ”


ကျန်းလော်နှင့် လုယုံရိတို့သည် မြို့ထဲသို့ ဝင်နိုင်သွားသည်။ တစ္ဆေမြို့တော်သည် လူ့ကမ္ဘာမှ ဈေးကဲ့သို့ အလွန်စည်ကားသော်လည်း လေထုသည် မှောင်မိုက်ခြောက်ခြားဖွယ်ကောင်းသည်။ လမ်းနှစ်ဖက်တွင် စင်များရှိပြီး အလယ်တွင် အနီရောင်မီးပုံးများချိတ်ဆွဲထားကာ အောက်ဘက်တွင် စင်ပိုင်ရှင်များရပ်နေသည်။ စင်ပိုင်ရှင်(ဆိုင်ရှင်)၏ မျက်နှာသည် ဖြူဆုတ်နေပြီး နှုတ်ခမ်းသည် သွေးကဲ့သို့ နီရဲနေသည်။ လူတိုင်းကို ပြုံးပြနေပြီး သူ့ဆိုင်ကို ဝင်ကြည့်ရန် ဖိတ်ခေါ်နေသည်။ အဖြူရောင်မြူထုကြီးသည် မြို့လယ်တွင် ပျောက်သွားသည်။ 


ကျန်းလော်သည် ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သည်။ နေရာတိုင်းတွင် သရဲ သဘက်များသည် ကြောက်မက်ဖွယ်ကောင်းစွာ သွားလာနေကြသည်။ သူတို့သည် လက်အများကြီးဖြင့် မြေပြင်ပေါ်တွင် တွားသွားနေကြပြီး လူအရေခွံမရှိသော သရဲများသည် နံရံသို့ သူတို့ ခြေလက်များဖြင့် တွယ်တက်နေသည်။ သရဲမများသည် ဆံပ်ငအရှည်ကြီးများဖြင့် မြင်လိုက်သူတိုင်း ရူးသွားနိုင်လောက်အောင် ကြောက်စရာကောင်းနေသည်။ သူ့မျက်လုံးများသည် ဈေးရောင်းစင်များကို ကြည့်လိုက်သည်။ 


ဈေးရောင်းစင်မှ ပစ္စည်းများသည် ပို၍ပင် ကြောက်စရာကောင်းနေသည်။ လူသားလက်များ၊ လူခေါင်းများ လူ့အရေပြားများနှင့် လူခြောက်ကလေးလေးများကို စင်ပေါ်တွင် တန်းစီထားသည်။ ကျန်းလော်သည် ထပ်မကြည့်တော့ဘဲ မြို့ထဲမှ မြန်မြန်ထွက်ရန် လမ်းရှာလိုက်သည်။ သူတို့ လမ်းအလယ်နားရောက်သောအခါ သရဲအုပ်လိုက်ကြီဂ လမ်းကို ပိတ်ရပ်နေကြသည်။ ထိုသရဲအုပ်ကြီး အလယ်တွင် ကြောက်စရာကောင်းသော ရက်ရှာ့ဆာသရဲမက်တပ်ရပ်နေသည်။ ရက်ရှာ့ဆာသရဲသည် အရပ်သုံးမီတာရှည်ကာ အနီရောင်ဆံပင် အစိမ်းရောင်မျက်လုံးတို့အပြင် ကြောက်စရာကောင်သော အစိမ်းရောင်ဖားပြုတ်ကဲ့သို့ မျက်နှာကြီး ရှိသည်။


သူ့အသံသည် အလွန်ကျယ်သောကြောင့် ကြားမိသူတိုင်းနားကွဲမတတ်ပင်။


“မင်းသားကို ငါ့ကို မြည်းကြည့်ဖို့ပေးလို့ သရဲအိုကြီး ကျုပ်က တစ္ဆေမြို့တော်တွေ အများကြီး သွားလာဖူးပေမဲ့ ခင်များသားလို ခေါင်းငါးလုံးပေါက်နေတဲ့ သရဲကိုတော့ ပထမဆုံးတွေ့ဖူးတာပဲ”


သရဲအိုကြီးသည် ငိုကြွေးနေပြီး


“သခင်ကြီးရယ် ကျူပ်ကလေးကို ချမ်းသာပေးပါ”


မြေအောက်ကမ္ဘာမှ သရဲများသည်လည်း လူ့လောကနှင့် ထူးမခြားနားပင် ကွဲပြားသည်မှာ သူတို့သည် မကောင်းသည့်အရာများ လုပ်ထားသည့် အကြိမ်ရေနှင့် ဆိုးယုတ်အားကောင်းသူသာ သခင်ဖြစ်နေခြင်းပင်။


ကျန်းလော်သည် ထိုမြင်ကွင်းကို အေးစက်စွာကြည့်နေရင်း ထွက်ခွာရန်လမ်းကြောင်းကို တွက်ချက်နေသည်။


သို့သော် လုယုံရိအကြောင်းကို သူကောင်းကောင်းသိသည်။လုယုံရိသည် အလွန်တရားမျှတမှုလိုလားသူဖြစ်ကာ ချီယုံအတွက်နှင့် ကျန်းလော်ကို အလွန်ရန်လိုခဲ့သူဖြစ်ပြီး ဤကဲ့သို့ မတရားမှုမျိုးကို ရပ်ကြည့်နိုင်မည် မဟုတ်ပေ။


ကျန်းလော်သည် လုယုံရိကို တိုးတိုးပြောလိုက်သည်။


“လုယုံရိ ဒီနေရာက တစ္ဆေမြို့တော်ဆိုတာ သိတယ်နော်”


သူသည် ခနရပ်လိုက်ပြီး


“သရဲတွေက ဒီမှာ လွပ်လွပ်လပ်လပ်သွားလို့ လာလို့ရတယ်ဆိုတာ သရဲဖြစ်နေလို့ သရဲတွေကသာ ဒီတစ္ဆေမြို့ထဲကနေ ထွက်သွားလို့ရတာ ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုနေရာမှာ သရဲလာဖြစ်ထဲက သားနေနေ မြေးနေနေ အဖေနေနေ ကောင်းတဲ့ဟာတွေ မဟုတ်ဘူး”


လုယုံရိသည် တိုးတိုးလေးပြန်ပြောသည်


“ငါသိပါတယ်”


သူသည် ပွစိပွစိပြောသည်။


“ငါမင်းကို အန္တာရာယ်တောထဲ ဆွဲချမိတဲ့ အပြစ်တောင်မချေနိုင်သေးတာ ငါမင်းကို နောက်ထပ် ဘာမှ မဖြစ်စေချင်တော့ပါဘူး”


ကျန်းလော်သည် သူကိုယ်တိုင်ကြားရရုံလေးပြောလိုက်သည်။


“စိတ်မကောင်းပါဘူးကွာ တကယ်က ငါကသာ မင်းကို ဒီကိစ္စထဲ ဆွဲခေါ်မိတာပါကွာ”


သို့သော် သူသည် လုယုံရိကို ဘာမှမပြောခဲ့ပေ။ ဘာမှမပြောတော့ရုံမကပဲ စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ကာ 


“မင်းတောင်ကြီးလာပြီပဲ”


လုယုံရိ “............”


ရက်ရှာ့ဆာသရဲသည် စိတ်မရှည်တော့ပုံရပြီး ခေါင်းငါးလုံးနှင့် သရဲလေးကို ဆွဲပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်။ တစ်ခေါင်းချင်းဆီ ဝါးပြီး မျိုချလိုက်ကာ


“ကောင်းတယ် အရသာမဆိုးဘူး”


ခေါင်းငါးခေါင်းသည် တပြိုင်တည်း အော်ဟစ်နေကြကာ ရက်ရှဆာသရဲ၏ ချွန်ထက်သောသွားများအောက်တွင် အော်သံများတစ်ခေါင်းပြီး တစ်ခေါင်းပျောက်သွားသည်။ သရဲအိုကြီးသည် အလွန်ပူဆွေးပြီး ငိုယိုကာလူအုပ်ကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ 


ရက်ရှဆာသရဲသည် သူ့ဗိုက်ကို ပုတ်လိုက်ပြီး အကျယ်ကြီးအော်ရယ်လိုက်ကာ ထွက်သွားရန်လုပ်သည်။ လူအုပ်ကြီးသည် ရက်ရှာ့ဆာသရဲကို လမ်းဖယ်ပေးလိုက်သည်။ ထိုအချိန်တွင် ရက်ရှဆာသရဲသည် ရပ်တန့်သွားပြီး လေထဲသို့ အနံ့ရှူလိုက်ကာ


“တစ်ယောက်ယောက် အနံ့မရကြဘူးလား”


အရိပ်ဖြတ်သန်းသူများအဖြစ် လူအုပ်ကြီးထဲ ရုပ်ဖျက်ထားကြသူများသည် တုန်ယင်လာပြီး ခေါင်းငုံ့ထားကြသည်။ ကျန်းလော်နှင့် လုယုံရိသည် အချင်းချင်းကြည့်လိုက်ကြပြီး ဖြေးဖြေးချင်းနောက်ဆုတ်သွားသည်။


ရက်ရှဆာသရဲ၏ မျက်လုံးစိမ်းများသည် လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်နေသည်။ ဘာမှမတွေ့ပေ။ သို့သော် ရက်ရှဆာသည် အလျှော့မပေးပဲ လေထဲကို အနံ့ခံနေကာ


“ဘယ်လိုမှ မမှားနိုင်ဘူး ဒါက လူသားအနံ့ဆိုတာ သေချာတယ် ဟမ်း အရသာရှိမဲ့အနံ့လေး”


သူသည် နှခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်က လုပ်ကာ သရဲအုပ်ကြီးဆီသို အနံ့ခံနေကာ လမ်းပေါ်မှ သရဲများသည် တုပ်တုပ်မှ မလှုပ်ရဲပေ။ ရက်ရှာ့ဆာသည် လုယုံရိနှင့် ကျန်းလော်နားသို့ ရှင်းရှင်းလင်းလင်းကြီး ကပ်သွားးသည်။ ကျန်းလော်သည် အမြန်ဆုံးဖြတ်လိုက်ပြီး 


“ပြေး”


လုယုံရိနောက်လှည့်မကြည့်မိခင် ကျန်းလော်သည် သူ့ကိုဆွဲပြီး မြို့ထွက်ပေါက်သို့ အသားကုန်ပြေးတော့သည်။ လုယုံရိသည် ထိတ်လန့်သွားပြီး 


“ချီးပဲ’


ရက်ရှာ့ဆာသရဲသည် သူတို့နောက်သို့ အမြန်ပြေးလိုက်သည်။ လူနှစ်ယောက်သည် လေတိုက်သလိုပြေးနေကာ သူတို့ ဦးထုပ်များကျွတ်သွားသည်။ ကျန်းလော်နောက်လှည့်ကြည့်လိုက်သောအခါ သူအနက်ရောင်ဆံပင်များသည် လေထဲဝဲနေပြီး ရက်ရှာ့ဆာသရဲသည် စိတ်လှုပ်ရှားစွာပြေးလိုက်ရင်း အော်ပြောသည်။


“သူတို့ပဲ လူသားအနံ့က သူတို့ဆီကရတာ”


လုယုံရိသည် စိတ်တိုသွားပြီး သူ့ကိုယ်သူငုံ့နမ်းကြည့်သည်။ ထို့နောက်


“ငါကိုယ်က ဘာသောက်အနံ့မှ ထွက်မနေဘူးကွ”


ကျန်းလော်သည် သူ့ကိုကြည့်လိုက်ပြီး ရပ်အော်နေသောကြောင့် အမြန်ဆွဲပြေးရပြန်သည်။ လုယုံရိသည် ဒီအချိန်တွင် အလွန်စိတ်ချရသည်။ ရက်ရှဆာသရဲသည် သူတို့နှင့် နီးကပ်လာသည်။ မကောင်းဆိုးဝါးသည် သူတို့ထပ် တစ်ရပ်စာလောက်ပိုမြင့်သောကြောင့် သူပြေးသည့်အချိန်တွင် ကျန်းလော်တို့ထက် သုံးဆလောက်ပိုမြန်သည်။ သရဲသည် ကျန်းလော်တို့နှင့် နီးသည်ထက်နီးလာကာ ရူးသွပ်စွာအော်ရယ်လိုက်သည်။


“သရဲတွေထက်စာရင် လူသားတွေက အရသာအရှိဆုံးပဲကွ ဟားဟား”


ကျန်းလော်သည် အရှေ့ကို မျှော်ကြည့်လိုက်ရာ သူတို့သည် ထွက်ပေါက်နှင့် အလွန်ဝေးနေသေးကြောင်း သိလိုက်သည်။ ဤသို့ပြေးနှုန်းနှင့်ဆိုလျှင် ရက်ရှာ့ဆာသရဲသည် သူတို့ကို မိနစ်ဝက်အတွင်း မှီလာပေလှိမ့်မည်။ 


‘ငါတို့မလွတ်နိုင်မှတော့ မပြေးတော့ဘူးကွာ’


ကျန်းလော်သည် ပြတ်သားစွာ ရပ်လိုက်သည်။


သူ့နောက်မှပြေးလိုက်လာသော လုယုံရိသည် ကျန်းလော်ကို ဝင်တိုက်မိတော့မလို့ပင်


“ဘာလို့ မပြေးတော့တာလဲကွ”


ကျန်းလော်သည် ရက်ရှာ့ဆာသရဲနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ့ပုံစံသည် တည်ငြိမ်နေပြီး


“လုယုံရိ ငါမင်းကို ဒီနေ့တစ်ခု သင်ပေးမယ်”


ကျန်းလော်သည် ယင်ယန်လက်ကောက်ကို ထိလိုက်သည်။ ထိုအချိန်တွင် ယင်းဟူသည် သူဘေး၌ ချက်ချင်းပေါ်လာသည်။ ယင်းဟူသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကိုပင် တုန်သွားစေမည့် ကျားဟိန်းသံကြီးတစ်ခု လွင့်ထုတ်လိုက်သည်။


“မင်းကပြဿနာကို ရှောင်ချင်လို့ အမှန်အမှားကို လစ်လျူရှုလိုက်ပြီး ထွက်ပြေးခဲ့ရတာ”


ကျန်းလော်သည် ပြုံးလိုက်ပြီး သူ့မျက်လုံးများသည် ရက်ရှာ့ဆာသရဲကို စိုက်ကြည့်နေကာ သူ့အသံသည် တစ်နေရာလုံးကြားနိုင်လောက်အောင် ကျယ်သည်။


“ဒါပေမဲ့ ထွက်ပြေးလို့လဲ ရှောင်မထွက်နိုင်ဘူးဆို မပြေးတော့ဘဲ ရင်ဆိုင်ပစ်လိုက်”


“ဒီနှစ်ကတော့ ငါတို့ ဖြောင့်မတ်ရမဲ့ နှစ်ပဲဟေ့”


သူပြောပြီးသည်နှင့် ယင်းဟူသည် ရက်ရှာ့ဆာသရဲထံသို့ မြှားတစ်စင်းလိုပြေးသွားသည်။ ဟိန်းသံနှင့်အတူ ယင်းဟူသည် အရှိန်မြှင့်လိုက်ပြီး သူမကိုယ်ပေါ်တွင် ရွှေရောင် အလင်းတစ်လွှာဖုံးလွှမ်းနေသည်မှာ လေထဲတွင် မီးတောက်နေသော ကျားဖြူကြီး တစ်ကောင်အတိုင်းပင် ခန့်ညားနေသည်။ သူမသည် ရက်ရှာ့ဆာသရဲကို အရှိန်နှင့် ခုန်အုပ်လိုက်သည်။


ရက်ရှာ့ဆာသရဲသည် မျက်လုံးများကျွတ်ထွက်မတတ်ပြူးလာပြီး မြေပြင်ပေါ်သို့ လှိမ့်ကျသွားသည်။ ယင်းဟူသည် ရှေ့တိုးသွားပြီး ရက်ရှာ့ဆာသရဲ၏ခေါင်းကို တက်နင်းထားလိုက်သည်။ ကျန်းလော်သည် သွေးများပွတ်ပွက်ဆူလာသလို ခံစားရပြီး နှလုံးခုန်သံတအားမြန်လာသည်။ ရက်ရှာ့ဆာသရဲသည် ယင်းဟူအောက်တွင် ပြားပြားဝပ်နေသည်ကို ကြည့်ပြီး ရက်စက်သွေးဆာသော အတွေးများပေါ်လာသည်။


‘သတ်ပစ်လိုက်’


‘တစ်စစီ ဆွဲဖြဲပစ်’


‘ခေါင်းငါးလုံးသရဲကို အဲ့ကောင်စားလိုက်သလိုမျိုး သူ့ခေါင်းကိုဆွဲဖြုတ် အသားတွေ တစ်လွှာချင်းခွာ အပိုင်းပိုင်းအစအစ ခုတ်၊ သူ့ဝိဉာဉ်ကို ထုတ်ပြီး မျိုချပစ်’


ကျန်းလော်၏နှလုံးခုန်သံသည် အလွန်မြန်လာပြီး ရုပ်ထုနှလုံးသားသည် သူ့နှလုံးခုန်သံအတိုင်း တစ်ထပ်ထဲ ခုန်လာသည်။ တစ်ချက်ချင်းသည် ကျန်းလော်၏ ဝိဉာဉ်ကိုပါ လှုပ်ခါနေသည်။ ထိုခနလေးတွင် ကျန်းလော်တို့နှင့် အနီးနားမှ တုန်လှုပ်ဖွယ်အသံနက်ကြီးပေါ်လာကာ ငလျင်လှုပ်သလို တုန်ခါသွားပြီး မြေမှုန်များ ဖုန်ထသွားသည်။ မြို့ထဲရှိ သရဲသဘက်များသည် ရောက်တဲ့နေရာတွင် ရပ်သွားပြီး အသံလာရာသို့ ကြောင်အစွာလှည့်ကြည့်ကြသည်။ 


“တစ္ဆေသတ်ကွင်းပေါ်လာပြီဟေ့”


ထိုနေရာမှလူတိုင်း၏ မျက်လုံးများသည် ကျန်းလော်ကို ကြည့်နေကြသည်။ ဆံပ်ငအနက် ဝတ်ရုံအနက်နှင့်ကောင်လေးသည်  ထိုအကြည့်များကြားတွင် ဆိုးယုတ်သော ဆန္ဒတစ်ခုပေါ်လာကာ တဖြည်းဖြည်းတည်ငြိမ်လာသည်။ ထိုစဉ်တွင် ဘေးပတ်ပတ်လည်မှ သရဲများသည် တိုးတိုးတိုးတိုးပြောလိုက်သည်။


“တစ္ဆေသတ်ကွင်းအရှင်သခင်က လူသားတစ်ယောက်တဲ့လား”


 “ဘာဖြစ်လဲကွာ တစ္ဆေသတ်ကွင်း‌ပေါ်လာတာနဲ့တင် ငါတို့ ပျော်လို့ရနေပြီပဲကို၊ သတ်ကွင်းအရှင်ကသာ သတ်ကွင်းထဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့သူပဲလေ၊ အရှင်သခင်ရွေးတဲ့ သရဲက သတ်ကွင်းထဲအပို့ခံရမှာပဲ၊ သတ်ကွင်းက သွေးမစွန်းတာ နှစ်တွေတော်တော်ကြာနေပြီကွ သတ်ကွင်းမိစ္ဆာသားရဲတွေ ဘယ်လောက်တောင် ဆာလောင်နေကြမလဲ တွေးတောင် မတွေးရဲဘူး ဒီတစ်ခေါက်ကတော့ ပွဲကြီးပွဲကောင်းပဲ”


မရေမတွက်နိုင်သော သရဲများသည် ကျန်းလော်နားသို့ ဝိုင်းအုံလာပြီး အားပေးအားမြောက်လုပ်ကာ သတ်ကွင်းသို့ဝင်ရန် ဦးဆောင်ပေးနေကြသည်။ 


ကျန်းလော်သည် ဘာဖြစ်သွားမှန်း နားမလည်လိုက်ခင် သူနှင့် လုယုံရိသည် သတ်ကွင်းထောင့်ပင်ရောက်နေပြီ ဖြစ်သည်။ တစ္ဆေသတ်ကွင်းသည် အလွန်နက်စောက်သော မြေတွင်းကြီးဖြစ်သည်။ ၎င်းသည် ဆယ်မီတာခန့်နက်စောက်ကာ ဘေးပတ်ပတ်လည်တွင်လည်း အလွန်ကျယ်သည်။ မြေတွင်းကြီး ဘေးတွင် ထိုင်ခုံတစ်ခုသည် အလွန်မြင့်သောနေရာတွင် ရှိသည်။


ထိုအချိန်တွင် နွားခေါင်းသည် ကျန်းလော်ဘေးသို့ အလျင်အမြန်ရောက်လာသည်။ ထို့နောက်သူသည် အလွန်လေးစားစွာဖြင့်


“သခင်ကြီး ကျေးဇူးပြုပြီး နေရာယူပေးပါ”


ကျန်းလော်သည် မြေတွင်းထဲကိုကြည့်လိုက်ပြီး နူးညံ့စွာပြောသည်။


“ဒီဟာက သူတို့ပြောတဲ့ တစ္ဆေသတ်ကွင်းဆိုတာလား”


မြေတွင်းနံရံများကို သံလှောင်အိမ်များ ဒါဇင်အနည်းငယ်ခန့်နှင့် ကာရံထားပြီး ထိုလှောင်အိမ်များတွင် မဲနက်ဆိုးယုတ်သော အစိမ်းရောင်မျက်လုံးများ တဖျတ်ဖျတ်လက်နေသည့် မိစ္ဆာသားရဲများရှိသည်။ 


နွားခေါင်းက ပြောသည်။


“ဟုတ်ပါတယ် ဒီနေရာက တစ္ဆေသတ်ကွင်းပါ၊ သခင်ကြီးက သတ်ကွင်းကို ဖွင့်လိုက်တာပါ ပြီးတော့ သတ်ကွင်းက နောက်နေ့နေဝင်ရင် ပြန်မြှုပ်သွားမှာပါ၊ ဒီနေ့အတွင်းမှာတော့ သခင်ကြီးကသာ သတ်ကွင်းကိုထိန်းချုပ်ပြီး သရဲတွေကို သားရဲကောင်တွေနဲ့ တိုက်ခိုက်ခိုင်းနိုင်မှာပါ”


နွားထီးသည် ချွေးများကျလာပြီး သူ့နဖူးကို သုတ်လိုက်ကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့်


“တစ္ဆေသတ်ကွင်းထဲမှာဆိုရင် သခင်ကြီး ဘာလုပ်လုပ် ဘာပြောပြော သရဲသဘက်တိုင်းနာခံရမှာပါ၊ ဘယ်သူမှ ငြင်းဆန်လို့မရပါဘူး၊ ဒါပေမဲ့ တစ်ခုတည်းသော စည်းကမ်းချက်ရှိပါတယ် ‘အနိုင်ရသူက သခင်ကြီးကို လာတွေ့ခွင့်ရှိရမယ်’ အသက်ရှင်ကျန်နိုင်ရင် အဲ့ဒီသူက သခင်ကြီးနဲ့ တွေ့ကို တွေ့ရမှာပါ”


ကျန်းလော်သည် ခနလောက်တွေးလိုက်ပြီး ပြုံးလိုက်ကာ လုယုံရိဘက်လှည့်၍


“လုယုံရိ မြို့ထဲက အရင်ထွက်နှင့်လိုက်တော့”


လုယုံရိသည် စိတ်ပူစွာဖြင့် 


“မသွားဘူး”


ကျန်းလော်သည် ပြုံးပြီးပြောလိုက်သည်။


“မင်းသွားမှ ငါစိတ်အေးမှာကွ”


စကားအချို့ပြောပြီး ဖြောင်းဖျလိုက်ကာမှ လုယုံရိသည် သက်ပြင်းမောချလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် ထွက်သွားလိုက်သည်။ လုယုံရိမြို့ထဲမှ လုံလုံခြုံခြုံထွက်ခွာပြီဆိုမှ ကျန်းလော်သည် သူ့နောက်မှ အမှိုက်သရိုက်များကို လှည့်ကြည့လိုက်သည်။ 


သူ့ဝိဉာဉ်သည် အလွန်ပေါ့ပါးတက်ကြွနေသည်။ သူသည်ပြုံးလိုက်ပြီး ထိုင်ခုံဆီသို့ တစ်လှမ်းချင်းသွား၍ ထိုင်ကာ အောက်ငုံ့ကြည့်လိုက်သည်။ သူ့ဘေးတစ်ဖက်တစ်ချက်တွင် မြို့ဝင်ဂိတ်မှ အစောင့်များဖြစ်သော နွားထီးကောင်နှင့် မြင်းမျက်နှာကောင် လိုက်လာသည်။ ကျန်းလော် ပလ္လင်ပေါ်သို့ ထိုင်လိုက်ပြီး ခြေချိတ်လိုက်ကာ မကောင်းဆိုးဝါးများကို ငုံ့ကြည့်သည်။ သူသည် တံတောင်ဆစ်ကို ပလ္လင် လက်ရန်းပေါ်တင်ပြီး လက်ဖဝါးပေါ်မေးထောက်၍ ပျင်းရိစွာပြုံးလိုက်သည်။


‘ပွဲတော်ကြီးပါလား’


မကောင်းဆိုးဝါးများသည် တက်ကြွထက်သန်ကာ အော်ဟစ်နေကြသည်။ သူတို့ပုံစံများသည် တွန့်လိမ်နေပြီး အလွန်ကြောက်စရာကောင်းနေသည်။ မြင်ကွင်းသည် မည်းမှောင်နေသော အငွေ့အသက်များနှင့် စူးစူးဝါးဝါးအော်သံများကြောင့် ထိတ်လန့်ဖွယ်ကောင်းနေကာ တစ်နေရာလုံးခြုံကြည့်ရလျှင် သေလောက်အောင် ရုပ်ဆိုးနေပေသည်။


ကျန်းလော်သည် စိတ်ထဲမှ တွေးလိုက်သည်။


‘မိုက်တယ်ကွ’


သူ့ဝိဉာဉ်ကိုယ်တိုင်ပင် ထိုရုပ်ဆိုးဆိုးမကောင်းဆိုးဝါးများနှင့် တူညီသွားသလိုပင် သွေးများပွက်ပွက်ဆူလာပြီး သွေးဆာလာသလို ခံစားရသည်။ ဆိုးယုတ်ခြင်း၊ လောဘကြီးခြင်းတို့သည် ထိုအောက်မှသူများကို ကြည့်၍ သူ့တွင် ဖြစ်ပေါ်လာသော ဆန္ဒများဖြစ်သည်။ 


ရုပ်ထုနှလုံးသည် သူနှလုံးသားခုန်သံနှင့် တစ်ထပ်ထဲကျနေသည်။ ကျန်းလောသည် ပလ္လင်လက်ရန်းကို ပုတ်လိုက်ပြီး အောက်ဘက်သို့ ဝေ့ကြည့်လိုက်သည်။ ရက်ရှာ့ဆာသရဲကို ကြည့်နေပြီး သူ၏ကြက်သွေးရောင်နှုတ်ခမ်းတို့သည် လှပစွာကော့တက်သွားကာ


“ပထမဆုံး သူနဲ့ စလိုက်ကြရအောင်”