အပိုင်း (၅၁)
ခေါင်းတလားထဲမှ လှုပ်လာသော အလောင်း
ကောကျူသည် တာအိုဘုန်းတော်ကြီးတစ်ပါးဖြစ်ရာ ဖြူနီတစ္ဆေများအကြောင်း သူ့လောက်သိနိုင်သူ မရှိပေ။
ပတ်ဝန်းကျင်သည် မှောင်လာလေပြီ။ ဝန်ထမ်းများအားလုံးသည် ကြောက်လန့်ပြီး ကဏှာမငြိမ်ဖြစ်လာသည်။ နေမဝင်ခင်ကတည်းက လုယုံရိသည် ဝန်ထမ်းများကို ပြန်နားကြရန်လွှတ်လိုက်ပြီး ဖြစ်သည်။ သူတို့မသွားခင် ကောကျူသည် ဝန်ထမ်းများ မဖြစ်မနေလိုက်နာကြရမည့် အချက်သုံးချက်ပြောခဲ့သည်။
“မီးမဖွင့်ရဘူး၊ ဘာသံကြားကြားထမကြည့်ရဘူး၊ တစ်ယောက်ယောက် အခန်းတံခါးလာခေါက်လဲ မဖွင့်ပေးရဘူး၊ ပြောချင်တာက ဘာပဲဖြစ်နေနေ အသံပဲကြားကြား လုံးဝထမကြည့်ပဲ မျက်လုံးမှိတ်ပြီး အိပ်နေကြဖို့ပါပဲ၊ လုံးဝအပြင်မထွက်ခဲ့ပါနဲ့”
ဝန်ထမ်းများသည် အသေမှတ်ထားလိုက်ပြီး သက်ဆိုင်ရာအခန်းအသီးသီးသို့ ပြန်သွားကြသည်။ ရေပူစမ်းဥယျာဉ်သည် အလွန်တိတ်ဆိတ်သွားသည်။ သူတို့အဖွဲ့တိုးတိုးတိုးတိုး ပြောနေသံများမှလွဲ၍ ဘာသံမှမကြားရပေ။ တဖြည်းဖြည်း ညဉ့်နက်လာပြီး သန်းခေါင်အချိန်သို့ရောက်လာသည်။
သူတို့သည် စကားပြောရပ်လိုက်ကြပြီး ဖြူနီသရဲများပေါ်လာမည့်အချိနကို တိတ်ဆိတ်စွာစောင့်နေကြသည်။ ဘယ်လောက်ကြာသွားသည်မသိ ရွှင်မြူးသော သီချင်းသံသည် သူတို့နှင့် ခပ်လှမ်းလှမ်းမှ ပေါ်ထွက်လာသည်။ ပုလွေသံ ဗုံသံများသည် ပွဲတော်ကြီးတစ်ခုကျင်းပနေသကဲ့သို့ ကျယ်လောင်ရွှင်မြူးစွာထွက်လာသည်။ ထိုအသံများထွက်လာရာနေရာသည် သူတို့နှင့် အတန်ငယ်လှမ်းပြီး ထိုနေရာမှ မြူခပ်ပါးပါးဆိုင်းလာသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ၊ ကောကျူသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး
“သွားစို့”
အုပ်စုလိုက်ကြီး သီချင်းသံထွက်လာသော နေရာသို့ ချီတက်သွားကြသည်။ သူတို့နီးလာလေ ထိုသီချင်းသံကို ရှင်းရှင်းလင်းလင်းကြားရလေဖြစ်သည်။ ထိုရွှင်မြူးသော သီချင်းတွင် ခြောက်ခြားဖွယ် အရှိန်အဝါတစ်ချို့ပါနေပြီး ပျော်ရွှင်နေပုံပေါက်သော်လည်း ထိုအသံသည် ပျော်ရွှင်တာလည်း မဟုတ် ဝမ်းနည်းတာလည်း မဟုတ်ဘဲ ခြောက်ခြားစရာကောင်းနေသည်။ ကောကျူသည် သံလိုက်အိမ်မြှောင်ကိုကိုင်၍ သူ့သူငယ်ချင်းများကို ဦးဆောင်ပြီး ရှေ့ဆက်သွားလိုက်သည်။ ထိုအချိန်တွင် သူသည် အဖြူအနီဝတ်ထားသော မကောင်းဆိုးဝါးမများ ဆန့်ကျင်ဘက်တွင် ရပ်နေသည်ကို မြင်ပြီး ရပ်သွားပြီး လမ်းနံဘေးရှိ သစ်ပင်များကြားသို့ ခြေဖွပြီး ဝင်သွားကြသည်။
သူသည် နောက်လှည့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
“ရှူး”
“အသံမကျယ်စေနဲ့”
အချိန်ခနကြာပြီးနောက် ရွှင်မြူးမြူး သီချင်းသံတိတ်သွားပြီး ဝမ်းနည်းပူဆွေးဖွယ် သီချင်းသံစတင်လာသည်။ ကျန်းလော်သည် လမ်းဘေးမှ သစ်ပင်များကြားတွင် ကုပ်ကုပ်လေးထိုင်နေပြီး တုပ်တုပ်မှ မလှုပ်ဝံ့ဘဲ ရှေ့မှမြင်ကွင်းကို သေချာကြည့်နေသည်။
မြူထူထူများကြားတွင် အဖွဲ့နှစ်ဖွဲ့သည် မျက်နှာချင်းဆိုင်ရပ်နေကြသည်။ တောင်ဘက်တွင် မကောင်းဆိုးဝါးသရဲမများသည် မျက်နှာကို ဖြူဖွေးနေအောင် မျက်နှာချေများလိမ်းထားပြီး အနီရောင်ဝတ်စုံများဝတ်ထားသည်။ သူတို့လက်များသည် ဖြူလွန်းပြီး ပြာနမ်းနေသည်။ သူတို့အနီးတွင် အနီရောင်စက္ကူများ လွင့်နေကာ သူတို့ရပ်နေသော မြေပြင်တွင်ပင် စက္ကူစများကြောင့် နီရဲနေသည်။
ထိုအနီရောင်သရဲများအလယ်တွင် ရဲရဲတောက်နေသော ပိုးနီစများနှင့်ပြုလုပ်ထားသော ပန်းပွင့်နီနီများနှင့် အလှဆင်ထားသော တောက်ပနေသော အနီရောင် မင်္ဂလာ ဝေါယာဉ်တစ်ခု ရှိသည်။
မြောက်ဘက်ခြမ်းတွင် ရပ်နေသော အုပ်စုသည် အမည်းရောင်ခေါင်းတလားတစ်လုံးကို သယ်ထားပြီး တောင့်တောင့်ကြီး ရပ်နေသော အဖြူရောင်ဝတ်ထားသည် ဖြူဆုတ်နေသော ရေသရဲများဖြစ်သည်။ ရေသရဲများသည် အဖြူရောင်ပူဆွေးခြင်း ဝတ်စုံကို ဝတ်ထားကြပြီး အဖြူရောင်အစရှည်ကြီးကို ခါးတွင်ပတ်ထားကြသည်။ ထိုအစများသည် မြေပြင်ပေါ်တွင် ထိရှည်လျားပြီး တွဲလွဲကျနေကာ မြေပြင်တွင် တရွတ်တိုက်ဆွဲနေကြသည်။
သေဆုံးသူများပိုက်ဆံ အဖြူရောင်စက္ကူများသည် လမ်းတစ်ဖက်မှ အနီရောင်စက္ကူများနှင့် ရောနှောနေကြသည်။ သီချင်းသံသည် အလွန်စူးရှသည်ထက်စူးရှလာသော်လည်း ကျန်းလော်တို့မြင်နေရသော မြင်ကွင်းသည် အလွန်တိတ်ဆိတ်ပြီး တည်ငြိမ်နေသည်။
လုယုံရိသည် သူ့ရှေ့မှမြင်ကွင်း ကြည့်ရင်းကြည့်ရင်း ကြောက်လာကာ ကြက်သီးများထလာသည်။
ကျန်းလော်သည် အသက်ဖျော့ဖျော့လေးရှူလိုက်သည်။ သူဘေးမှ တအားကြောက်နေသော လုယုံရိသည် သူ့ကိုအသံတိုးတိုးဖြင့်
“ကျန်းလော်ရေ ဒါကြီးက သေလောက်အောင် ကြောက်စရာကောင်းတာဟေး”
ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး အသံနှိမ့်နှိမ့်နှင့် ပြန်ပြောလိုက်သည်။
“ကောကျူကို ငါတို့ ဘာလုပ်ရမလဲ မေးကြည့်လိုက်”
လုယုံရိသည် ထိုစကားကို ဘေးမှ ရယ်ရွှင်ကို လက်ဆင့်ကမ်းလိုက်ပြီး ရယ်ရွှင်မှ ကျိုးကျုံးချိုး၊ အဆင့်ဆင့် လက်ဆင့်ကမ်းသွားသည်။ ကျန်းလော်သည် ခနစောင့်လိုက်ရပြီး လုယုံရိသည် သူဘက်လှည့်လာကာ တိုးတိုးပြန်ပြောလိုက်သည်။
“ကောကျူပြောတာက ဖြူနီဆန့်ကျင်ဘက်သရဲတွေက တအားအန္တာရာယ်များထဲတယ်တဲ့ ငါတို့ သူတို့ကိစ္စကို ဝင်ပါလို့မဖြစ်ဘူးတဲ့၊ အရင်ဆုံး ဖြူနီသရဲဆန့်ကျင်ဘက်ရပ်နေကြတဲ့နေရာကိုမှတ်ထားပြီး မနက်ခင်း နေထွက်လာတာနဲ့ လမ်းနှစ်ခုခွဲပေးမယ့် အစီအရင်တစ်ခုဆွဲပြီး လမ်းကြောင်းရှင်းပေးလိုက်ရမှာတဲ့”
ကျန်းလော်သည် အလုပ်ဖြစ်နိုင်သည်ဟု တွေးလိုက်ပြီး
“ဒါဆို ငါတို့ ပြန်လို့ရပြီနော့”
လုယုံရိသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး
“အွန်း နောက်ဆုံးတော့ ပြန်ရတော့မယ်”
လူတိုင်းသည် ပြိုင်တူဆုတ်ခွာရန် အချက်ပြလိုက်ပြီး ချက်ချင်းထွက်လာသော်လည်း လုယုံရိသည် သစ်ကိုင်းခြောက်တစ်ခုကို တက်နင်းမိသွားသည်။ သစ်ကိုင်းခြောက်သည် သူ့ခြေထောက်အောက်တွင် ကျိုးသွားပြီး အသံမြည်သွားသည်။ လုယုံရိသည် တောင့်ခနဲဖြစ်သွားပြီး သူ့ဘေးနားရှိ ကျန်းလော်ကို ခပ်နှဲ့နှဲ့လေးသွားဖြဲပြလိုက်သည်။ သူသည်ငိုတော့မည့်ပုံဖြင့်
“ငါကျိန်ရဲပါတယ်ကွာ ခုနတုန်းကတောင် ဒီသစ်ကိုင်းခြောက်မရှိဘူးကွ”
ကျန်းလော် “................”
သူသည် ဗလာဖြစ်သွားသော မျက်နှာနှင့် နောက်လှည့်ကြည့်လိုက်ရာ ဖြူနီသရဲများအားလုံးသည် သူတို့ဘက်သို့ ပြိုင်တူကြည့်နေကြပြီး ထိုမျက်လုံးများတွင် အလင်းရောင်တစ်စက်မှ မရှိဘဲ မည်းမှောင်နေသည်။ သူတို့သည် ကျန်းလော်တို့နှစ်ယောက်ကို လုံးဝအကြည့်မခွာပေ။
ကောကျူသည် မယုံနိုင်လောက်အောင် လန့်သွားပြီး ရှင်းမပြနိုင်တော့ပဲ အကျယ်ကြီးအော်လိုက်သည်။
“ပြေး”
ကျန်းလော်သည် လုယုံရိကို ဆွဲပြီး အသားကုန်ပြေးရန်အလုပ် သူတစ်လှမ်းမှမကြွရသေးခင် လုယုံရိသည် ရုတ်တရက်ကြီး လဲကျသွားပြီး ကျန်းလော်ကိုပါ သူငယ်ချင်းကောင်းပီသစွာ ဆွဲချသွားသည်။ လုယုံရိသည် ကြောက်လန့်တကြားအော်တော့သည်။
“ငါ့ခြေထောက်ကို ကြိုးနီးကြီးနဲ့ ဆွဲထားတယ်လို့ အီး”
ကျန်းလော်သည် သူ့ကိုဆွဲပြီးအထ လုယုံရိခြေထောက်ကို လှမ်ကြည့်လိုက်သည်။ လုယုံရိသည် အနီရောင်မကောင်းဆိုးဝါးမတစ်ကောင်၏ သွေးနီရောင် အဝတ်စဖြင့် အပတ်ခံထားရပြီး ထိုသရဲမသည် လုယုံရိကို ဖြူနီသရဲများအလယ်ထိ ဆွဲခေါ်နေသည်။ ကျန်းလော်သည် ကျိန်ဆဲလိုက်ပြီး လက်ထဲတွင် ဓားမြှောင်တစ်ချောင်းပေါ်လာကာ ပိုးနီစကို ဖြတ်တော့သည်။
ပိုးကြိုးနီလည်း ပြတ်သွားရော နှစ်ယောက်လုံး သက်ပြင်းမောကြီး မှုတ်ထုတ်လိုက်သည်။ သို့သော် ကျန်းလော်သည် သူတို့ ထိုသရဲများအလယ်တွင် ရောက်နေကြောင်းသိလိုက်ရတော့သည်။ နှစ်ဖက်လုံးမှ သရဲများသည် သူတို့ကို ဝိုင်းထားပြီး အမူအယာမဲ့စွာ စိုက်ကြည့်နေကြသည်။
ကျန်းလော် “...............”
‘လုယုံရိနှင့် အတူရှိနေရတာ ပျော်မနေတော့ဘူးနော်’
မထင်မှတ်ထားသော အလှည့်အပြောင်းကြောင့် ကောကျူတို့သည် ထိုနှစ်ယောက်ကို မဆွဲလိုက်နိုင်ခဲ့ပေ။ သူတို့သူငယ်ချင်းများ ထိုသရဲများအဝိုင်းခံလိုက်ရသည်ကို မြင်သည်နှင့် ကောကျူသည် မက်မွန်သားဓားကို ထုတ်လိုက်ကာ
“ဖြူနီသရဲတွေက လမ်းကိုပဲလိုချင်တာ လူကိုမဟုတ်ဘူး၊ အခုတော့ လူတွေကိုပဲကြည့်နေကြပြီ လမ်းကိုစိတ်ထဲမှာမရှိကြတော့ဘူး၊ အခုသူတို့ လုယုံရိနဲ့ ကျန်းလော်ကိုမြင်သွားပြီဆိုတော့ မဖြစ်ဘူး ငါတို့ သူတို့ကို ပြန်ခေါ်ရမယ်”
သူရှေ့တိုးမည့်အချိန်မှာပင် လေကဲ့သို့ ပေါ့ပါးသော အသံတစ်သံကြားလိုက်ရသည်။
“ကောကျူ မင်းကွာ ဘာလို့အခုထိ တုံးအမိုက်မဲနေတုန်းပဲလဲ”
ကောကျူသည် အေးခဲတောင့်တင်းသွားပြီး သူ့မျက်နှာသည် ပြာနှမ်းသွားသည်။ သူသည် သူ့လက်ထဲမှ မက်မွန်ဓားကို တင်းတင်းဆုပ်ထားရာ သူ့လက်တွင် သွေးကြောများထောင်ထနေသည်။ ကောကျူသည် အမြဲလိုလို သူ့နှလုံးသားခေါ်ဆောင်ရာကိုသာလိုက်ခဲ့ပြီး ပျော်ရွှင်တက်ကြွပြီး အားအင်းအပြည့်နဲ့ လူသားဖြစ်ကာ ဘယ်တုန်းကမှ တစ်ဦးတစ်ယောက်ကို ဒေါသမထွက်ခဲ့ဖူးပေ။ လူတိုင်းသည် သူ့မျက်နှာပေါ်မှ ယခုလိုအမူအယာမျိုးမတွေ့ဖူးပေ။ သူသည် အလွန်ခါးသီးစွာ မုန်းတီးနေသော တစ်ခုခုကို အဆုံးထိခြေမွပစ်ချင်သော မျက်နှာထားသည် သူတို့တစ်ခါမှ ကောကျူကို မသိခဲ့ဖူးသလိုပင် ခံစားကြရသည်၊၊
ကောကျူသည် အသံမြည်လောက်အောင် အံတင်းတင်းကြိတ်လိုက်ပြီး ထိုအသံသည် တိုးလွန်းသော်လည်း သူ့နားထဲတွင် မိုးခြုန်းသံကဲ့သို့ အကျယ်ကြီး ကြားလိုက်ရသည်။
ကျိုးကျုံးချိုးသည် စိတ်ပူသွားပြီး
“ကောကျူ.............”
ကောကျူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့သူငယ်ချင်းများဘက်လှည့်လိုက်ကာ စိတ်မပူစေရန် ပြုံးပြလိုက်ပြီး တောနက်ဘက်သို့ ပြန်လှည့်လိုက်ကာ တင်းမာအေးစက်သော အသံဖြင့
“ကော ဝူ ချန်”
လူတစ်ယောက်သည် တောထဲမှ ဖြေးဆေးစွာထွက်လာသည်။ ထိုလူ၏ ဓားကဲ့သို့မျက်ခုံးမွှေးသည် မှင်နက်နှင့် ဆွဲထားသလို မည်းမှောင်နေကာ အဖြူရောင်ဘုန်းတော်ကြီးဝတ်စုံကို ဖြစ်သလိုဝတ်ဆင်ထားသော်လည်း လရောင်အောက်တွင် ထိုသူ၏ချောမောမှုကို မပျောက်ပျက်သွားစေပေ။ ခေါင်းတုံးတုံးထားသော ဘုန်းတော်ကြီးဖြစ်နေသော်လည်း သူ့ပုံပန်းသဏ္ဍန်သည် လရောင်အောက်တွင် ထာဝရရှင်သန်သူတစ်ယောက်ကဲ့သို့ အလွန်ခန်ညားနေသည်။
ကောကျူ၏လက်များသည် တစ်ဆတ်ဆတ်တုန်ယင်နေပြီး သူ့ရှေ့မှလူကို အထင်သေးစွာကြည့်လိုက်ပြီး အသံနက်နက်နှင့်
“ကောဝူချန် မင်းငါ့ရှေ့မှာပေါ်လာရဲတယ်”
ကောဝူချန်သည် ညင်သာစွာပြုံးလိုက်သည်။ သူ့ပုံစံသည် နေလိုလလို ထင်လင်းတောက်ပနေသော်လည်း စကားပြောလာသည့်အခါ ဖြတ်ရိုက်ချင်လောက်အောင် ကျက်သရေတုန်းသွားသည်။
“ငါ့ညီလေးအနေနဲ့ကွာ ကောကျူရာ မင်းရဲ့ တာအိုပညာကိုမကောင်းဆိုးဝါးဝိဉာဉ်တွေကို နှိမ်နှင်းတဲ့နေရာမျိုးမှာ သုံးနေတုန်းပဲလား အိုး မြင်လိုက်တာတော့ မင်းမအောင်မြင်လိုက်ဘူးပဲနော်”
သူ့ကို ဖျော်ဖြေနေသည် အောက်မေ့သလားမသိအောင် သူ့လက်ထဲမှ ဗုဓ္ဒပုတီးကုန်းကို ဆွဲလိမ်ပြီး အားရပါးရ အော်ရယ်လိုက်သေးသည်။
“ဒီနှစ်တွေအတွင်းမှာ မင်းကနည်းနည်းမှ မတိုးတက်လာဘူးပဲ၊ ကောကျူမင်းကလေ အခုထိခေါင်းမာပြီး မင်းပြောတဲ့ မင်းနှလုံးသားနောက်ကိုပဲလိုက်တာလား ဘာလား အဲ့တာကို လက်ကိုင်ထားတုန်းပဲလား ကောကျူ မင်းသိလား မင်းကလေ တစ်ကယ့်ကို အရှုံးသမားပါကွာ အခုလည်း မင်းသူငယ်ချင်းတွေ မင်းရှေ့မှာပဲ သွေးသံရဲရဲသေတာကို ထပ်ထိုင်ကြည့်နေရဦးမဲ့ အရှုံးသမားကောကျူ ဖြစ်နေတုန်းပါလား”
ကောကျူသည် အသက်ရှူသံများပြင်းလာပြန်သည်။ ကောဝူချန်သည် သူ့ကို ကြည့်လိုက်ပြီး အမှောင်ထဲဝင်သွားသည်။ ကောကျူသည် သတိလွတ်သွားပြီး နောက်ကချက်ချင်းလိုက်သွားသည်။
“ကောဝူချန် အဲ့မှာ ရပ်နေစမ်း”
ဝမ်ယမ်လန်သည် အလန့်တကြားပြောလိုက်သည်။
“ကောကျူ မသွားနဲ့”
သို့သော် ကောကျူသည် ကောဝူချန်နောက်လိုက်ပြီး တောနက်ထဲတွင် ပျောက်ကွယ်သွားတော့သည်။ ဝမ်ယမ်လန်သည် ဝေဝါးစွာတွေးမိလာသည်။ သူ့သူငယ်ချင်းများသည် ထောင်ချောက်ထဲကျသွားပြီး နာကျင်နေရသည်။
‘ငါဘာလုပ်ရမလဲ’
“ကျုံးချိုး ရယ်ရွှင် မင်းတို့ ချီရယ်နဲ့ ကျန်းလော်နဲ့ လုယုံရိကို သွားကယ်ကြ ခွမ်ကျိန်း မင်းနဲ့စိုင်လောင်အာက ငါနဲ့အတူ ကောကျူနောက်လိုက်ကြမယ်”
ချီရယ်သည် အစထဲက အလွန်စိုးရိမ်နေကာ ဝမ်ယမ်လန်ပြောသည်နှင့် မကောင်းဆိုးဝါးများကြားသို့ အရင်ဆုံး ရူးရူးမိုက်မိုက်ပြေးချသွားသည်။ သို့သော် သူတို့ဆီမရောက်လိုက်သေးခင် သရဲများနှင့် သူတို့ကြားမှ လုယုံရိတို့နှစ်ယောက်သည် လေထဲတွင် ပျောက်သွားသည်။
ကျန်းလော်နှင့် လုယုံရိတို့သည် သရဲများစောင့်ကြည့်ခံနေရသည်။ ကျန်းလော်သည် ယင်ယန်လက်ကောက်ထဲမှ အစောင့်အရှောက်များကို ဆင့်ခေါ်ရန်ပြင်လိုက်စဉ် သရဲများသည် ဝေါယဉ်နှင့် ခေါင်းတလား ကိုယ်စီမကာ အပေါက်တစ်ခုထဲဝင်သွားကြသည်။
ကျန်းလော်သည် လက်မြောက်ပီဲး ရှေ့တိုးလိုက်ရာ အလုံပိတ်ထားသော နေရာတစ်ခုသို့ ပြုတ်ကျသွားသည်။ ထိုနေရာသည် ကျပ်သိပ်မှောင်မည်းနေကာ အပေါ်ရောအောက်ရော လုံနေအောင်ပိတ်ထားသည်။ သေချာသည်မှာ သူသည် ရေသရဲများထမ်းသော ခေါင်းတလားထဲသို့ ရောက်နေလေပြီ။
ခေါင်းတလားသည် လှုပ်ယမ်းသွားပြီး အပြင်ဘက်တွင် သီချင်းသံပြန်ထွက်လာသည်။
သူက ခေါင်းတလားထဲမှာဆိုလျှင် လုယုံရိသည် သေချာပေါက် မင်္ဂလာဝေါယဉ်ထဲတွင် ရှိပေလိမ့်မည်။
ကျန်းလော် လှုပ်လိုက်သောအခါ သူ့အောက်တွင် အေးစက်နေသော ခန္ဓာကိုယ်တစ်ခုကို စမ်းမိသွားသည်။ နေရာသည် အလွန်ကျဉ်းနေသောကြောင့် သူသည် ထိုအလောင်းကို တစ်ကိုယ်လုံးဖိမိထားသည်။ ကျန်းလော်သည် တီးတိုးပြောလိုက်သည်။
“ငါ့ကောင်ကြီး ဆောရီးကွာ ဗဲရီး သွေ့ပုကျိ ငါအခုချက်ချင်းထွက်ပေးမယ်နော်”
ကျန်းလော်သည် ကိုယ်ကိုလှိမ့်လိုက်ပြီး သူ့ကိုယ်သူလည်း ဘာတွေပြောနေမှန်းမိတော့စွာ အခေါင်းထဲတွင် ပက်လက်လှန်လိုက်ပြီး ခေါင်းတလားအဖုံးကို ခေါက်ကြည့်လိုက်သည်။
အသံသည် ထူထူကြီး ဖြစ်နေသောကြောင့် ကျန်းလော်သည် ဤမျှလေးလံသော ခေါင်းတလားအဖုံးကို ဖွင့်ရန် အတော်အကြံအိုက်သွားသည်။
ခေါင်းတလားသည် အုတ်ခဲနှစ်ခဲ ထပ်ထားသလောက်ကို ထူနေသည်။ ကျန်းလော်သည် ယင်ယန်လက်ကောက်ကို ကိုင်လိုက်သည်။ အစောင့်အရှောက်ဆယ့်နှစ်ကောင်နှင့်ဆိုလျှင် သေချာပေါက် ဖွင့်လိုက်နိုင်သောကြောင့် သိပ်တော့ စိတ်မပူမိချေ။ အရေးကြီးသည်မှာ လုယုံရိကို ကယ်ပြီး ဤဖြူနီသရဲများကြားမှ ထွက်ပြေးရန်ဖြစ်သည်။ ကျန်းလော်သည် ခက်ခဲစွာ ကိုယ်ကို လှိမ့်လိုက်ပြန်သည်။ အလောင်းထံတွင် သူသုံးနိုင်လောက်မည့်တစ်ခုခုရှိမရှိ ရှာနေသည်။
“ဒီအလောင်းကို ရေသရဲတွေ မြုပ်ဖို့နေရာရှာရတာ လွယ်မှာတော့မဟုတ်ဘူး”
သူသည် ပွစိပွစိပြောနေသည်။
“သားကြီး မင်းလှုပ်မလာမှ ဖြစ်မယ်နော်၊ မင်းပါလှုပ်လာရင် ဒီနေရာကျဉ်းကျဉ်းလေးထဲမှာ ငါတို့နှစ်ယောက်လုံး မလှုပ်နိုင်ဖြစ်တော့မှာပဲ”
အလောင်းသည် တုတ်တုတ်မှ မလှုပ်ပေ။ ကျန်းလော်သည် အလောင်း၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းစမ်းနေသည်။ သူ့လက်သည် ဖြည်းဖြည်းချင်း အလောင်း၏ခါးအထိရောက်သွားပြီးး ထိုအလောင်းဝတ်ထားသော အဝတ်ကို စမ်းမိသွားသည်။ အဝတ်သည် ပိုးကဲ့သို့ ချောမွတ်နေပြီး ခေါက်ရာတစ်ကြောင်းကျန်မနေအောင် ချောနေသည်။
ကျန်းလော်သည် လက်ကို ခါးမှအောက်ဆင်းသွားပြီး အလောင်း၏လက်ကို ထိလိုက်သည်။ အလောင်း၏လက်ဖဝါးသည် ကြီးမားပြီး ကျန်းလော်သည် လက်ချောင်းတစ်ချောင်းချင်း လိုက်ထိကြည့်နေသည်။
ဘာမှရှာမတွေ့ပေ။ ထိုအချိန်တွင် သူ့ညာဘက်မျက်ခွံသည် ပြင်းပြင်းထန်ထန်လှုပ်သွားသည်။ သူ့ခြေထောက်များသည် အလောင်း၏ခြေထောက်ကို ဖိမိထားသည်။ ထိုသူသည် အရပ်ရှည်သည်ထင်သည်။ ကျန်းလော်သည် ထိုသူ၏တံတောင်ဆစ်ကို ကိုင်ကာအားယူလိုက်ပြီး လက်ကို အလောင်း၏လည်ပင်းဆီမနည်းထုတ်ကာ သွားစမ်းသည်။ သူသည် အလွန်သတိထားပြီး အလောင်း၏မျက်နှာကို သေချာစမ်းနေသည်။
နှုတ်ခမ်းပါးပါး၊ နှာတံမြင့်မြင့် ထိသည် ထပ်ထိသည် ထိုအချိန်တွင် အလောင်း၏ နှုတ်ခမ်းသည် ဖြေးဖြေးချင်း ကွေးတက်လာသည်။
ကျန်းလော်သည် တောင့်တောင့်ကြီးဖြစ်သွားသည်။ နောက်ခနတွင် ကောင်းကင်ကြီး လည်ထွက်သွားသလို ခံစားလိုက်ရပြီး ကျန်းလော်သည် အလောင်းကောင်အောက်သို့ ရောက်သွားသည်။ ကျန်းလော်သည် လန့်အော်မိသွားရာ ယင်ယန်လက်ကောက်မှ အလင်းတန်းထွက်လာသည်။ အလင်းသည် ခနသာ လက်သွားသည်။ အလောင်းသည် ခန့်မှန်းထားပုံရကာ သူ့လက်ကို ချုပ်ထားပြီး ခပ်တိုးတိုးရယ်လိုက်သည်။ လက်ကောက်မှ အလင်းရောင်သည် အလောင်း၏ ခန္ဓာကိုယ်ကို သေချာမြင်လိုက်ရသေးသည်။
တည်ငြိမ်ချောမောတင့်တယ်ပြီး ဒီလိုအခြေအနေမျိုးမှာပင် သက်တောင့်သက်သာဖြစ်နေဟန် ရှိသော ချီယုံပင် ဖြစ်လေသည်။ ကျန်းလော်သည် နှစ်ကြိမ်လောက် မျက်ခုံးပင့်လိုက်ပြီး ဒီအကောင်ဖန်တီးထားတဲ့ ကိစ္စထဲ ရောက်သွားပြီ ဟူသော ခံစားချက်မျိုးရလိုက်သည်။
အလွန်ကျဉ်းသော ခေါင်းတလားထဲတွင် လူနှစ်ယောက်သည် ပြောမပြနိုင်လောက်သော ပုံစံနှင့် ပူးကပ်နေကြပြီး အသားချင်းပွတ်မိနေသည်။ လေထုသည် ချက်ချင်းထိလွယ်ရှလွယ်ဖြစ်လာသည်။ ခေါင်းတလားသည် အခုထိလှုပ်ယမ်းနေတုန်းပင်၊ ကျန်းလော်သည် ခေါင်းတလားတစ်ခါလှုပ်သွားတိုင်း လှေစီးနေသလို ခံစားနေရသည်။ သီချင်းသံသည် ရုတ်တရက် ဝမ်းနည်းပျော်ရွှင်သွားကာ ထူးဆန်းစွာပင် ဖြူနီဆန့်ကျင်ဘက်များသည် ပေါင်းစည်းသွားကြသည်။ ချီယုံသည့် ကျန်းလော်မေးရိုးကို ညစ်လိုက်သည်။
မကောင်းဆိုးဝါးသည် ခေါင်းငုံ့ကြည့်လိုက်ပြီး ဒီအချိန်သည် သူ့အလှည့်ဖြစ်သွားပြီဆိုသော မျက်နှာထားနှင့် ကျန်းလော်တစ်ကိုယ်လုံး လျှောက်စမ်းတော့သည်။
“ကိုယ့်နှလုံးသားလေးကို ဘယ်မှာ ဖွက်ထားလဲ ကြည့်ရအောင်”
ကျန်းလော်၏ခြေလက်များကို မကောင်းဆိုးဝါးသည် လှုပ်မရအောင် ဖိထားသည်။ မကောင်းဆိုးဝါးသည် ကျန်းလောကို မဲ့ပြုံးပြုံးပြလိုက်သည်။
“အွန်းးးးး လည်ပင်းကြားမှာတော့ မဟုတ်လောက်ဘူးထင်တယ်”
အေးစက်သော လက်ချောင်းထိပ်ဖြင့် ကျန်းလော်ရင်ဘက်ထိ ပွတ်ဆွဲသွားသည်။ ချီယုံသည် ကျန်းလော်နှလုံးသားနေရာသို့ လက်ဖဝါးဖြင့် အုပ်လိုက်သည်။ သူ့လက်မှတစ်ဆင့် နှလုံးခုန်သံကို ခံစားနေကာ အေးစက်စွာပြောလိုက်သည်။
“ဒီနေရာမှာများလား”
ကျန်းလော်သည် သူ့ကို ဂရုမစိုက်စွာကြည့်လိုက်သော်လည်း သူ့နှလုံးခုန်သံသည် အနည်းငယ်မြန်နေသည်။ချီယုံသည် မေးစေ့ကိုပွတ်လိုက်ရင်း
“အဲ့ဒီလိုလဲ မဟုတ်ဘူးထင်တယ်ရော”
မကောင်းဆိုးဝါး၏လက်များသည် ကျန်းလော်ခါးနားထိ ဖြေးဖြေးချင်းဆင်းသွားသည်။ ခါးလိုင်းသည် အလွန်ကျစ်လစ်ပြီး ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မှုဟု တင်စားနိုင်သော ကြွက်သားများသည် အလွန်မိမိုက်စွာ နေရာတကျရှိနေသည်။ မကောင်းဆိုးဝါးသည် ထိုခါးနားလေးကို တမင်တကာပင် စက်ဝိုင်းကဲ့သို့ ပွတ်သပ်နေသည်။
ထို့နောက် စိတ်ပျက်စွာသက်ပြင်းချလိုက်ကာ
“အိုက်ယား ဒီမှာလဲ မဟုတ်ဘူးပဲ”
ထိုနေရာမှ အောက်သို့ ဖြေးဖြေးချင်းဆင်းသွားပြီး ယားအောင်တမင်တကာ လုပ်နေသလိုပင်။ ကျန်းလော်သည် ဒူးကွေးလိုက်ပြီး မကောင်းဆိုးဝါး၏ ဗိုက်ကို တိုက်ချလိုက်သည်။ မကောင်းဆိုးဝါးသည် ထိုသို့တိုက်ခိုက်မှုကို မှုပင် မမှုပေ။ သူ့ကို တင်းကျပ်စွာ အောက်တွင်ဖိထားပြီး လက်ရာမြောက်သောလက်ချောင်းရှည်ရှည်များဖြင့် ကျန်းလော်ပေါင်ကို ဆုပ်ကိုင်ထားသည်။
“မင်းနဲ့တွေ့ရတော့မယ်ဆို ကိုယ်ကအများကြီး ပြင်ဆင်ထားရတာကွ”
ချီယုံသည် လွမ်းဆွေးစွာကြည့်လိုက်ပြီး
“အားလုံးထဲမှာ ကျန်းလော်လေးက အကြံဆိုးဆိုးလေးတွေ အများကြီး သိမ်းထားတတ်တာကိုး”
ကျန်းလော်သည် ချီယုံကို အမှောင်ထဲမှ မမြင်မကမ်းကြည့်လိုက်ပြီး
“ဘာလို့ တစ်ခါထဲသွားမသေလိုက်လဲ”
ချီယုံက ပြောသည်။
“ကလေးလေးရေ ကိုယ်ကသေပြီးသွားပြီလေ”
မကောင်းဆိုဝါးသည် ဆံပင်အနက်နှင့်ကောင်လေး၏ရုန်းကန်မှုကို သူ့တစ်ကိုယ်လုံးသုံးပြီး တင်းတင်းကျပ်ကျပ် ထိန်းထားသည်။ ခေါင်းအစခြေအဆုံး ဖိခံထားရသော ကျန်းလော်သည် စိတ်တိုလာကာ မျက်နှာကြီးနီရဲပြီး ချွေးများထွက်လာသည်။
“ရှာမတွေ့တာ ယုံတောင်မယုံနိုင်ဘူး”
မကောင်းဆိုးဝါးသည် သူ့ကိုယ်သူ ပြောလိုက်သည်။ သူသည် ကျန်းလော်ပေါ်မှောက်ချပြီး လေသံအေးအေးကြီးဖြင့် နားနားကပ်ကာ
“ကျန်း ကိုယ့်ကိုပြောပြ ဒီဆရာရဲ့ နှလုံးသားကို ဘယ်မှာ ဖွက်ထားတာလဲ”
ကျန်းလော်၏ချွေးစိုနေသော ဆံပင်သည် နားရွက်နှင့် ကပ်နေပြီး သူ့နှာခေါင်းမှ အသက်ရှူသံသည် လေးလံလာကာ ခေါင်းတလားထဲတွင် မွန်းကြပ်နေပြီး ကျန်းလော်သည် အသက်ရှူရပ်မတတ်ဖြစ်လာသည်။
သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး
“မင်းနှလုံးသားဘယ်မှာလဲ ငါက ဘယ်လိုလုပ်သိမှာလဲ”
သူသည် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
“ဆရာရေ အကျိုုးသင့်အကြောင်းသင့်တွေးကြည့်ပါဦး ဆရာက သေပြီးသွားပြီလေ ဘာအတွက် နှလုံးသားလိုအပ်ဦးမှာလဲ”
“လျှာစောင်းထက်တယ်”
သူသည်ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ ကျန်းလော်သည် ပုံမှန်ရေချိုးထားသကဲ့သို့ ရွှဲရွှဲစိုနေပြီး သူ့ကို တင်းကျပ်နေအောင် ထုပ်ထားသလို ခံစားနေရသည်။ သူ့လည်ပင်းနှင့် ခါးမှသည် အသားများပေါ်နေအောင် အဝတ်လွတ်နေသည်။ သူ့မျက်နှာသည် အောက်ဆီဂျင်ပြတ်လာသောကြောင့် နီရဲလာကာ ဒေါသထွက်လာသည်။ သူမျက်နှာသည် တည်တံ့နေသော်လည်း သူ့နှုတ်ခမ်းများကတော့ ဟန်မဆောင်နိုင်စွာ ခပ်ဟဟဖြစ်နေသည်။ ရေပူစမ်းထဲစိမ်နေသလို ချွေးများအလုံးလိုက်ထွက်နေပြီး ရွှဲနစ်နေသည်။
အလှလေးသည် ကြာကြာကြည့်၍ မဖြစ်ပေ။ ဒီအလှလေးသည် အဆိပ်ခတ်ထားသော အလှဖြစ်ပြီး ကြည့်လိုက်သည့်သူကို ကိုက်လွတ်မည့် အလှလေးဖြစ်သည်။ မကောင်းဆိုးဝါးသည် ဘာကိုမှဂရုမစိုက်ရာမှ ယခုတွင် ကျန်းလော်၏ အောက်နှုတ်ခမ်းကို သေချာကြည့်မိနေသည်။ သူသည် ကျန်းလော်၏ တအားငြိမ်နေသည့် ပုံစံကို မကြိုက်တော့ပေ။ သူသည် ဟိုတယ်ခန်းအလယ်က ဖန်စားပွဲပေါ်မှ အဆောင်၏ ထိန်းချုပ်မှုခံခဲ့ရပြီး လိမ်ညာလိုက်ရစဉ်က ကျန်းလော်၏ အမူအယာကို မှတ်မိသေးသည်။ ထိုအချိန်က ကျန်းလော်မျက်နှာလေးသည် ယခုသူထိန်းချုပ်ထားသည်နှင့် အကွာကြီးကွာနေသည်။ သူသည် ထိုနေ့က သူလုပ်ခဲ့သည်ကို ပြန်တွေးကြည့်လိုက်သည်။
“ကျောင်းသားကျန်းနဲ့ ညှိနှိုင်းရတာလဲကွာ မင်းက အမြဲတမ်းပြန်ကိုက်ဖို့ ချောင်းနေတော့ ဘယ်ဖြစ်မလဲကွ”
မကောင်းဆိုးဝါးက ပြောလိုက်သည်။
“ဒီလိုသွားထက်ထက်တွေနဲ့ ကိုယ်သိချင်မိတယ် အဲ့ဒီသွားတွေ ဘာနဲ့တူနေလဲလို့ အိုး သိပြီ ကိုယ်မင်းတစ်ကိုယ်လုံးရှာပြီးပြီ ပါးစပ်ပဲကျန်တော့တာ ကိုယ့်နှလုံးသားလေးကို ဒီထဲမှာ ဖွက်ထားတာလား ကျောင်းသားကျန်း”
သူသည် နှေးကွေးစွာပြောလိုက်ပြီး တမင်တကာပင် သူ့လက်ချောင်းများကို ကျန်းလော်ပါးစပ်ထိသို့ အားပြင်းပြင်းထိုးထည့်လိုက်သည်။
ကျန်းလော်သည် ထိုလက်ချောင်းကို အသေကိုက်ဆွဲလိုက်သော်လည်း ကျောက်တုံးကိုကိုက်လိုက်ရသကဲ့သို့ သွားများကျိုးသွားတော့မလို ခံစားလိုက်ရသည်။ ချီယုံသည် အကိုက်ခံရသော်လည်း လှုပ်ပင် လှုပ်မသွားပေ။
ချီယုံသည် ကျန်းလော်သွားများကို ထိလိုက်ပြီး
“ဘာမှ မရှိဘူး”
မကောင်းဆိုးဝါးသည် သက်ပြင်းချလိုက်ပြီး
“ငါ့ ပစ္စည်းကို ဘယ်မှာများ သွားထားထားတာ လဲ”
သူသည် ကျန်းလော်ပါးစပ်ထဲမှ လက်ထုတ်လိုက်သည်။ ကျန်းလော်သည် အနည်းငယ်စိတ်ငြိမ်သွားပြီဖြစ်ပြီး သူ့နှာခေါင်းမှ အဖြူရောင် အငွေ့တချို့ ထွက်နေသည်။ သူသည် ချီယုံကို အေးစက်စွာကြည့်လိုက်ပြီး
“မင်းတစ်နေရာရှာဖို့ ကျန်သေးတယ်”
ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး
“ဘယ်နေရာလဲ”
ကျန်းလော်က ပြောသည်။
“မင်း ငါ့နားအရမ်းကပ်နေတယ်”
ချီယုံသည် အနည်းငယ်ကိုယ်ကိုကြွလိုက်သည်။ ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်ပြီး
“ထပ်ကြွဦး”
သူသည် မကောင်းဆိုးဝါးကိုမောင်းထုတ်ချင်သောကြောင့် အကြောင်းပြချက်ပေး လှည့်စားလိုက်ခြင်းဖြစ်သည်။
ချီယုံသည် ပြုံးလိုက်ပြီး အပေါ်နည်းနည်း ထပ်ကြွပေးလိုက်သည်။ လုံလုံလောက်လောက် လွပ်လပ်သွားမှ ကျန်းလော်သည် အနည်းငယ် အသက်ရှူချောင်သွားသည်။ သို့သော် သူတစ်ခုခုစလုပ်မလို့ရှိသေး ထိုမကောင်းဆိုးဝါးသည် ချက်ချင်းပြန်ကပ်လာပြန်သည်။ သူသည် မကောင်းဆိုးဝါးကိုကြည့်လိုက်ပြီး
“ဟမ်”
အဝါရောင်အဆောင်နှစ်ခုသည် ခေါင်းတလားအဖုံးပေါ်တွင် သေသပ်စွာကပ်လျက်ရှိပြီး ချီယုံ့နောက်ကျောနှင့် ထိနေသောကြောင့်ပင်။ အစတွင် ကျန်းလော်သည် သရဲနှင်အဆောင်နှစ်ခုကို ခေါင်းတလားအဖုံးပေါ်တွင် လိုရမယ်ရ ကပ်ထားခြင်းဖြစ်သည်။ အဆောင်များသည် ချီယုံနှင့်ဆို ကြာကြာမခံပေ စက္ကန့်အနည်းငယ်သာ ခံနိုင်သည်။ ဒါသည်လည်း သိပ်မဆိုးပါချေ။
ကျန်းလော်သည် သူ့လက်ကို ချီယုံ့ထံမှ ပြန်ဆွဲယူလိုက်နိုင်သည်။ အလုံးစုံလွပ်လပ်သွားပြီးနောက် ကျန်းလော်ပထမဆုံး လုပ်သည့် အရာမှာ ခေါင်းတလားထဲမှ ထွက်တာမဟုတ်ဘဲ လက်သီးဆုပ်လိုက်ကာ မကောင်းဆိုးဝါး၏ မျက်နှာချောချောကို ပိတ်ထိုးလိုက်တာသာ ဖြစ်သည်။