Ch 49
Viewers 8k

အပိုင်း (၄၉) 


ယွမ်ထျန်းကျူး ဖြစ်ပေါ်လာပုံ

လေယာဉ်ဆိုက်လျှင်ဆိုက်ချင်း သူတို့သည် လေဆိပ်မှထွက်လာခဲ့ကြသည်။ ထို့နောက် စာတမ်းတစ်ခုကို ထင်ထင်ရှားရှားရေးထားသော ကျောင်းဘက်စ်ကားတစ်စီးတွေ့လိုက်ရသည်။ ထိုကားတွင် ရေးထားသည်မှာ

“ ’ပြိုင်ပွဲမှ ပြန်ရောက်လာကြပြီ ဖြစ်သော ကျောင်းသားများကို နွေးထွေးစွာ ကြိုဆိုပါ၏’    ပိုင်ဟွားတက္ကသိုလ်”

ထိုစာကြီးရေးထားသော ကားမှာ လူများကြားတွင် ထင်းထွက်နေပြီး မျက်စိစူးလောက်အောင် ကြောင်ကြောင်ကြားကြား ရေးထားသောကြောင့် ထိုနေရာမှ ဖြတ်သွားသူတိုင်းသည် ခနခန ပြန်လှည့်ကြည့်သွားကြသည်။

ဖြတ်သွားဖြတ်လာများ ‘……’

ပထမလေယာဉ်နှင့် လွဲသွားပြန်သော ချီရယ်သည် ထိုစာတမ်းကြီးကိုမြင်၍ စိတ်ပျက်စွာဖြင့် 

“ဒါက ပိုင်ဟွာတက္ကသိုလ်ရဲ့ ကြိုဆိုတဲ့ပုံစံပေါ့”

သူတို့သည် ခပ်လျှိုလျှိုလေး ကားပေါ်သို့ မမြင်သာအောင် တက်သွားကြသော်လည်း ယာဉ်မောင်းသည် သူတို့ကားပေါ်ရောက်ရောက်ချင်း မွေးနေ့များတွင် ဖောက်လေ့ရှိသော ရောင်စုံအမှုန်ထွက်သော ဗျောက်ကို ဖောက်လိုက်လေသည်။ ကျန်းလော်သည် အမူအယာမဲ့စွာဖြင့် ပြတင်းပေါက်နားရှိခုံတွင် ခေါင်းပေါ်မှ အမှုန်များမခါဘဲ အမြန်ဝင်ထိုင်လိုက်သည်။ ချီရယ်သည် ကျန်းလော်ဘေးတွင် ဝင်ထိုင်ပြီး သူ့ကိုယ်ပေါ်မှ အမှုန်များကိုခါလိုက်သည်။ ထို့နောက်ကျန်းလော်ကို လှည့်ကြည့်လိုက်ရာ သူ့ခေါင်းပေါ်တွင် အမှုန်များအများအပြား ရှိနေသောကြောင့် ချီရယ်သည် လက်ဖဝါးများယားလာပြီး မခံစားနိုင်တော့ဘဲ ပြောလိုက်သည်။ 

“မင်းခေါင်းပေါ်မှာ စာရွက်စုတ်တွေ ရှိနေတုန်းပဲ”

ကျန်းလော်သည် ခေါင်းခါထုတ်လိုက်ပြီး လက်နှင့်သပ်လိုက်ကာ 

“ရှိသေးလား”

ချီရယ်သည် ခေါင်းခါလိုက်ပြီး ကျန်းလော်၏ နားရွက်နားမှ ဆံပင်ဖြူစုစုလေးကို မြင်သောအခါ မေးလိုက်ပြန်သည်။

“အစတုန်းထဲက မေးချင်နေတာ တမင်တကာကို အဲ့တစ်နေရာထဲ ကွက်ပြီးဆိုးထားတာလား ဆံပင်ကလေ”

ကျန်းလော်သည် ဒီဆံပင်ပြဿနာကို အခုမှသတိရသွားပြီး ပြတင်းပေါက်မှန်တွင် သူ့ဆံပင်ကိုကြည့်၍ ဆူပုတ်သွားပြီး ထိုဆံပင်ဖြူသည် သူဖြတ်ထုတ်လိုက်သည်ကို ထပ်ပေါက်လာမှန်း သတိပြုမိသွားသည်။ 

“နောက်ရက်နည်းနည်းလောက် ငါအားတဲ့အချိန် အနက်ပြန်သွားဆိုးမှာ”

ချီယဲ့သည် စိတ်ပျက်သွားပုံဖြင့်

“အခုလည်း ကြည့်ကောင်းနေတာပဲကို”

ကျန်းလော်ကတော့ မကြိုက်ပေ။ ချီယုံမှ သူ့ကို အမှတ်အသားလုပ်လိုက်သလို ခံစားရပြီး မှန်ကြည့်လိုက်တိုင်း ထိုမကောင်းဆိုးဝါးကောင်ကို တွေးမိနေသောကြောင့်ပင်။ သူသည် ထိုဆံပင်ကို အစကဖြတ်ပစ်ပြီးထဲက စိတ်ထဲကထုတ်လိုက်သော်လည်း ယခုချီရယ်၏ သတိပေးမှုကြောင့် စိတ်ညစ်သွားရသည်။ ဘယ်လိုပဲ လျစ်လျူရှုထားထား ထိုဆံပင်စုကို မြင်တိုင်း ဖြတ်ပစ်မိသည်။ သို့သော် ထိုဆံပင်စုသည် ဖြတ်လိုက်တိုင်းပြန်ပေါက်လာပြီး သူ့ကိုနှောက်ယှက်နေသည်။ 

‘ဖြတ်ပစ်လို့မရရင် ဆေးဆိုးပစ်မယ်ကွာ’

ချီရယ်သည် အကြောင်းအရာတစ်ခုပြောင်းပြောပြန်သည်။ 

“မင်းသိလား မင်းက ငါတို့ရုပ်လွန်ပညာလေ့လာနေတဲ့ အဖွဲ့အစည်းလောကမှာ တော်တော်လူသိများနေတာနော်”

ကျန်းလော်သည် မျက်ခုံးများမြင့်သွားပြီး

“ဘယ်လိုများ”

ချီရယ်၏ မျက်နှာတွင် အားကျမှုဖြင့် ရှုပ်ထွေးနေသည်။ သူလေယာဉ်ပေါ် မတက်ခင်တွင် ချီမိသားစု၏ နည်းပြဆရာကြီးသည် သူ့ကိုခေါ်ပြီး ကျန်းလော်နှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားရန် တကူးတကပြောလာသည်။ ကျန်းလော်သာ သူတို့မိသားစုနှင့် ရင်းနှီးလျှင် အနာဂတ်တွင် သူတို့နှင့် အလုပ်တွဲလုပ်လိမ့်မည်ဖြစ်သည်။ 

(ချီရယ်ရဲ့ ချီမိသားစုပါ * သူနဲ့ ချီယုံနဲ့က မျိုးရိုးမတူပါဘူးနော် စာလုံးပေါင်းကွဲပါတယ်)

သို့သော် ကျန်းလော်သည် ဖုန်းလီ၏တပည့်ဖြစ်နေပြီး ထျန်းရှိဖူမှ လူတစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည်။ ချီရယ်သည် မွေးရာပါပါရမီကောင်းသူတစ်ယောက် ဖြစ်သောကြောင့်  အနည်းငယ်မောက်မာသော်လည်း လူများကို နှိမ်ချစွာ မဆက်ဆံပေ။ 

ချီမိသားစုသည် နှစ်ပေါင်းများစွာနှိမ့်ချပြီး နေလာသော်လည်း တကယ်တမ်းတွင် သူတို့သည် အလွန်ကြီးမားပြီးအားကောင်းလှသော မိသားစုကြီးဖြစ်သည်။ ဒီအချိန်တွင် ကောင်းကင်အဆင့်ဆရာသခင် တစ်ယောက်ပင် သူတို့မိသားစုအကြောင်း စုံစမ်းပါလျှင် ဘာကိုမျှတွေ့ရမည် မဟုတ်ပါ။

သူသည် ဝံ့ကြွားစွာဖြင့် 

“မင်းနဲ့ သိချင် ရင်းနှီးချင်တဲ့ လူတွေ အပြင်မှာ အများကြီးပဲ ရှိနေတယ် သူတို့ထဲမှာ ကောင်းတဲ့လူရော ဆိုးတဲ့လူရော အကုန်ပါတယ် အဲ့တာကြောင့် လူတွေပြောသမျှ ယုံမသွားနဲ့နော်”

ကျန်းလော်သည် ချီရယ်၏အမြင်တွင် သူသည်လောကကြီးအကြောင်း ဘာမှနားမလည်သော ကလေးလိုလို အရူးလိုလို ဖြစ်နေကြောင့် ယခုမှသိလိုက်ရသည်။ ထို့နောက် ပြောလိုက်သည်။

“ကြည့်ရတာ ငါကမင်းထက် ပိုတော်တယ်ထင်တယ်နော်”

ချီရယ် “.....”

ချီရယ်သည် စိတ်ဆိုးသွားပြီး 

“ဟွန့် ထားလိုက်တော့ ငါကတော့ ပြောသင့်တာပြောပြီးသွားပြီ မင်းဟာမင်း ဘယ်သူနဲ့တွေ့တွေ့ ဘယ်သူ့နောက်လိုက်သွားသွား”

သူသည်ပြောပြီးနောက် သူ့ဦးထုပ်ကို နှာခေါင်းနားထိဆွဲချလိုက်ပြီး ထိုင်ကိုကို မှီလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ထော်ထားသည်။ ကျန်းလော်သည် သူ့နောက်ဘက်နားမှ ပန်းရောင်ယုန်နားရွက်တစ်ဖက် မြင်လိုက်ရပြီး နောက်ခုံတွင်ထိုင်နေသော ယယ်ရွှင်သည် ကျန်းလော်ပုခုံးကို ပုတ်လိုက်ပြီး 

“ကျန်းလော် မင်းဒီညကျောင်းမှာ ပြန်အိပ်မှာလား”

“ပြန်သွားရမှာ” “ပြိုင်ပွဲပြီးသွားပြီဆိုတော့ ထျန်းရှိဖူကို ပြန်သွားရဦ်းမယ်”

ချီရယ်သည် သူတို့နှစ်ယောက်စကားဝိုင်းကို သေချာကြားရစေရန် ယုန်ကလေးများလို နားရွက်ကိုထောင်နေအောင် နားစွင့်ထားသည်။ သူသည် သူပိုင်ဟွားတက္ကသိုလ်ရောက်ကတည်းက ကျန်းလော်ကျောင်းအဆောင်တွင် နေသည်ကို မမြင်ဖူးသေးပေ။ မကြာမှီတွင် ကျောင်းသို့ရောက်လာပြီး အားလုံးကျောင်းအဆောင်သို့ အသီးသီးပြန်သွားကြသည်။ ပြိုင်ပွဲတွင် ပထမရသူ ကျန်းလော်သည် ဆရာဝမ်နောက်သို့လိုက်သွား၍ သဘာဝသိပ္ပံနှင့် ဆက်ဆံရေးမေဂျာ ဌာနမှူး နှင့်တွေ့ရန်လိုက်သွားရသည်။ 

ကျန်းလော်သည် ဌာနမှူးအကြောင်း အများကြီးကြားဖူးသော်လည်း လူချင်းတွေ့မည်မှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်သည်။ စိတ်လှုပ်ရှားစွာဖြင့် ဌာနမှုးရုံးခန်းရှေ့တွင်ရပ်လိုက်သည်။ ရုံးခန်းထဲတွင် လူနှစ်ယောက်သည် တစ်ယောက်တစ်ခုံစီထိုင်နေကြသည်။ တစ်ယောက်သည် ဌာနမှူးဖြစ်ပြီး နောက်တစ်ယောက်မှာ အသုဘပစ္စည်းများရောင်းသည့်ဆိုင်ပိုင်ရှင် ဖြစ်နေသည်။ သူရောက်လာသည်ကို မြင်လျှင် ဌာနမှုးရှုသည် အကျယ်ကြီးရယ်လိုက်ပြီး သူ့မျက်နှာသည် ပြင်းထန်စွာ စိတ်လှုပ်ရှားနေပုံပေါ်လာသည်။ 

“အကိုကျီ လာ လာ မိတ်ဆက်ပေးပါရစေ ဒါလေးက ကျွန်တော်တို့ကျောင်းဂုဏ်ဆောင် ပြိုင်ပွဲမှာ ပထမရလာတဲ့ကျောင်းသားလေး ကျန်းလော်၊ ထျန်းရှိဖုရဲ့ တပည့်ဆိုလည်းဟုတ်တယ် ”

အသုဘပစ္စည်းများရောင်းသည့်ဆိုင်ပိုင်ရှင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး 

“ငါ ဒီကျောင်းသားကို သိပြီးပါပြီ”

ဌာနမှုးရှုသည် အံ့အားသင့်မသွားဘဲ 

“မင်းကတော့ အမြဲတမ်း လူတော်တော်များများနဲ့ သိနေတော့တာပဲ ၊ အဲ့ဒီငါ ချီယုံကို ကျောင်းမှာ သင်ကြားရေးလက်ထောက် ဖြစ်စေချင်တုန်းကလည်း ငါမင်းကိုမေးခိုင်းရတယ်”

ကြောင်အသွားသော် သုဘရာဇာသည် အသံတိုးတိုးဖြင့် 

“သူ့အကြောင်းထပ်မပြောနဲ့”

“ရပါတယ်ကွာ ကျန်းလော်က ချီယုံနဲ့လည်း ဟိုလိုလို ဒီလိုလိုဆက်ဆံရေးလေးရှိသေးတယ်၊ သူ့ရှေ့မှာ ချီယုံအကြောင်းပြောလည်း ရတယ် ရတယ်”

ဌာနမှူးသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျန်းလော်ကိုကြည့်လိုက်ကာ မေးလိုက်ပြန်သည်။

“ငါ မစ်စတာဝမ်ဆီက ကြားခဲ့တာ မင်းက ချီယုံအတွက် ဒုတိယပြိုင်ပွဲအတွင်းမှာ အသက်ကိုတောင်စွန့်ဖို့လုပ်ခဲ့တာဆို ပြီးတော့လဲ ချီယုံအတွက်ပဲ ကိုယ့်ကိုကိုယ်စွန့်လွတ်ဖို့ ခနခနလုပ်ခဲ့သေးတယ်ဆို ဟုတ်လား”

ကျန်းလော်သည် ထိုအချိန်တွင် သူရေကန်ထဲနှစ်ပြီးယင်ယန်လက်ကောက် ဖွင့်ရန်ကြိုးစားသည့်အချိန်ကပင် မစ်စတာဝမ်၏ ပါးစပ်ပေါက် ကျယ်မှန်းသိခဲ့ပြီး ဖြစ်သော်လည်း ဌာနမှုးပါသိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကျန်းလော်သည် အားအင်ချိနဲ့စွာ ပြုံးလိုက်ပြီး

“ဟုတ်ပါတယ်”

အသုဘပစ္စည်းများရောင်းသည့်ဆိုင်ပိုင်ရှင်သည် မထင်မှတ်ထားသော ပုံစံဖြင့် 

“မင်းနဲ့ချီယုံနဲ့က”

“ကျွန်တော်တို့က ချစ်သူတွေပါ”

ကျန်းလော်သည် ခေါင်းငုံ့လိုက်ပြီး ဝမ်းနည်းယူကျူံးမရဖြစ်နေသော အသံနှင့် 

“ဌာနမှူး ကျေးဇူးပြုပြီး ကျွန်တော့်ကို ကျွန်တော်တို့ချီယုံ့အကြောင်းလေးတွေ ပြောပြပေးပါဗျာ”

သူ့မျက်လုံးများသည် နီရဲနေပြီး အသိစိတ်လွတ်သွားပုံဖြင့် တတွတ်တွတ်ပြောနေသည်။

“ကျွန်တော် ကျွန်တော် သူ့ကိုအရမ်းလွမ်းလွန်းလို့ပါ”

ဌာနမှူးသည် သက်ပြင်းချလိုက်ပြီး 

“မင်းတို့ ကလေးတွေကတော့လေ ......... ငါကြားတာတော့ မင်းက ချီယုံသေဆုံးမှုကို ဖော်ထုတ်ချင်လို့ဆို”

ကျန်းလော်သည် ထိုသည်ကိုကြားပြီး မျက်နှာမှာ တည်ငြိမ်သွားကာ

“ဟုတ်ပါတယ်”

အသုဘပစ္စည်းများရောင်းသည့်ဆိုင်ပိုင်ရှင်နှင့် ဌာနမှူးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။

ကျန်းလော်အမှန်အကန်ပြောနေကြောင်း အတည်ပြုပြီးနောက် သုဘရာဇာသည် ဆိုဖာကိုလက်ဖြင့်ပုတ်လိုက်ပြီး အသက်မရှူတမ်းပြောလိုက်သည်။

“ချီယုံက တကယ်ကြီး မင်းနဲ့ဒီလို ဆက်ဆံရေးရှိတာပဲ မထူးဆန်းတော့ဘူး မထူးဆန်းတော့ဘူး ဒါကြောင့်မို့ မင်းငါ့ဆီပထမဆုံးရောက်လာတုန်းက ငါကိုင်ထားတဲ့ ပုတီးစေ့တွေထဲကနေ ယွမ်ထျန်းကျူးကို သတိထားမိသွားတာကို မထူးဆန်းတော့ပါဘူး”

ကျန်းလော်သည် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“လောပန် တကယ်ပဲ ဒီယွမ်ထျန်းကျူးက ဘာများလဲ”

သုဘရာဇာသည် ပျင်းရိစွာဖြင့် 

“ဘာလဲ မင်းရဲ့ဆရာက မပြောပြလိုက်ဘူးလား”

ကျန်းလော်သည် ခေါင်းခါပြလိုက်သည်။

သုဘရာဇာသည် ဝါးလုံးကွဲအော်ရယ်လိုက်ပြီး

“ငါသာကောင်းကင်သခင်ဖုန်းဆိုလဲ ဒီယွမ်ထျန်းကျူးက ဘာများလဲဆိုတာ မင်းကိုပြောပြမှာမဟုတ်ဘူး ကောင်ကလေး။ ဒါပေမဲ့ မင်းက ချီယုံနဲ့ ဒီလောက်တောင် နီးစပ်ချင်နေမှတော့ ငါမင်းကိုပြောပြလိုက်လို့ရပါတယ်”

“ဒီယွမ်ထျန်းကျူးက”

သုဘရာဇာသည် လက်ထဲတွင် ပုတီးစေ့များကိုဆော့ကစားနေပြီး ဇာတ်လမ်းရှည်ကြီးပြောတော့မည့် ပုံဖြင့်

“ဖုရှန်း”

ပြောရင်းနားလိုက်ပြန်သည်။ ထို့နောက်ဆက်ပြောသည်။

“အဲ့ဒါက ကောင်းကင်ကိုဆန့်ကျင်နေတဲ့ ပစ္စည်းတစ်မျိုးလို့ဆိုရမှာပေါ့၊ နောက်ပြီးတော့ အားလုံးပေါင်း လေးခုဘဲ ဒီလောကမှာရှိတာ၊ ဆရာသခင်ခြောက်ယောက်ကတောင်မှပဲ ဒီယွမ်ထျန်းကျုးက ကောင်းကင်ရဲ့ ရတနာလို့ပြောကြတယ် ဒီရွှမ်ရွှေ့လောကကြီးကိုဆန့်ကျင်မဲ့ အဆုံးမရှိတဲ့ ဘယ်သူကမှမတားဆီးနိုင်မဲ့ အနှိုင်းမဲ့ စွမ်းအားတွေပါဝင်နေတယ်လို့ပြောကြတယ်”

ဌာနမှူးသည် နှာမှုတ်လိုက်ပြီး စားပွဲကိုရိုက်လိုက်ကာ

“သေလိုက်စမ်း ဒီသောက်ပုတီးစေ့လေးခုက ရုပ်လွန်လောကကြီးကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ တကယ်ကြီး ယုံနေကြတာလား”

သုဘရာဇာသည်

“ဖြတ်မပြောလို့ ရမလား ငြိမ်ငြိမ်ထိုင်နေစမ်း”

သူသည် ကျန်းလော်ကိုကြည့်၍ 

“ ‘ယွမ်’ ဆိုတာ အရာအားလုံးကိုဖန်ဆင်းနိုင်တဲ့ ကောင်းကင်နဲ့မြေကြီးကို ဆိုလိုတာ ပြောရရင် သစ်ပင်တစ်ပင်ရဲ့ အမြစ်လိုမျိုး မူလအစပေါ့၊ ကောင်းကင်ကို ပြန်ပြောင်းပြောရရင် မူလအစ မွေးရာပါကို ပြောတာကွာ၊ မင်း တစ်ခုခုကိုများမတွေးမိဘူးလား”

ကျန်းလော်သည် ထိုသုဘရာဇာကို စွေစောင်းကြည့်လိုက်ပြီး စိတ်ထဲမှ

‘မင်းက တိမ်တွေအကြောင်းပြောနေတာလေ မင်းပြောတာ ဘယ်သူကနားလည်မှာတုန်း ပြီးတော့ ဘာများတွေးမိရဦးမှာလဲ’

သုဘရာဇာသည် အရိက်အမွတ်တစ်ခုပေးလိုက်သည်။

“အဲ့ဒီ မူလအစမွေးရာပါ ဆိုတာရဲ့ အရှေ့မှာ လူသားဆိုတဲ့ စကားလုံးလေးထပ်ဖြည့်တွေးကြည့်”

လူတစ်ယောက်ရဲ့ မူလအစ။

ကျန်းလော်သည် ခေါင်းကိုက်လာပြီး မျက်ရိုးကိုနှိပ်လိုက်သည်။ ထို့နောက် သူသည်ရုတ်တရက် အေးခဲကြောင်အသွားပြီး သုဘရာဇာနှင့် ဌာနမှုးကိုကြည့်လိုက်သည်။

“ဒါဆို ယွမ်ထျန်းကျူးကို လူတစ်ယောက်ရဲ့မူလအရင်းအမြစ်နဲ့ လုပ်ထားတယ်လို့ ပြောတာလား”

သုဘရာဇာနှင့် ဌာနမှုးသည် ခေါင်းလည်းမညိတ် ခေါင်းလည်းမခါပြသော်လည်း ကျန်းလော်သည် သူတို့၏မျက်လုံးထဲမှ အဖြေကို သိလိုက်သည်။ 

‘မွေးဖွားခြင်းရဲ့ မူလအရင်းအမြစ်တဲ့လား’

‘ဒါက လူတစ်ယောက်ရဲ့ ဝိဉာဉ် မဟုတ်ဘူးလား’

ကျန်းလော်သည် အသံကိုတိုးသည်ထက်တိုးလိုက်ပြီး ကြောက်ရွံ့စွာဖြင့် 

“ယွမ်ထျန်းကျူးက စုစုပေါင်းလေးလုံးရှိတာ ပြီးတော့ သူတို့ကို လူတစ်ယောက်ထဲရဲ့ ဝိဉာဉ်ကို အပိုင်းပိုင်းဖြတ်ပြီး လုပ်ထားတာပေါ့”

သူသည် မြန်မြန်ဘဲ မူရင်းဝတ္ထုထဲတွင် ချီယုံကို ဖော်ပြထားသော စာများကိုမှတ်မိလိုက်သည်။ ဝိဉာဉ်သည် အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရသည်။ ထိုသူတွင် ခြေလက်များနှင့် အာရုံငါးပါးမပြည့်စုံတော့။

‘ဒါဆို ယွမ်ထျန်းကျူးက ချီယုံရဲ့ ဝိဉာဉ်နဲ့ လုပ်ထားတာပေါ့’

ဌာနမှူးရုံးခန်းမှထွက်လာပြီးနောက် ကျန်းလော်သည် နေပူကျဲကျဲတွင် ဖြေးညှင်းစွာ လမ်းလျှောက်နေသည်။

ဂျူလိုင်လကုန်ပြီးသွားသော်လည်း ဟဲနန်အနောက်ပိုင်းသည် ပူမြဲပူဆဲဖြစ်ပြီး သူတို့ပိုင်ဟွားတက္ကသိုလ်သည်ပင် ပွက်ပွက်ဆူနေသော အိုးများအဖြစ်သတ်မှတ်ခံထားရသော နေရာတစ်ခုဖြစ်သည်။ ၈လပိုင်းထဲရောက်နေတာတောင် ချွေးပြိုက်ပြိုက်ကျအောင်ပူသောကြောင့် အပြင်ထွက်ရန် ကျောင်းသားများအတွက် ခက်ခဲသည်။

ကျန်းလော်သည် နေလောင်ခံနေရသော်လည်း ထိတ်လန့်မှုကြောင့် သတိမထားမိစွာ ဖြေးဖြေးဘဲလျှောက်နေသည်။ သူဖော်လိုက်မိသော လျှို့ဝှက်ချက်မည်မျှကြီးမှန်း သူသာသိသည်။ ထိုအချိန်တွင် သူတွေးမိသွားသည်မှာ ချီယုံသည် မပြည့်စုံသော ဝိဉာဉ်ခန္ဓာနှင့်တောင် ဤမျှအင်အားကြီးနေပါလျှင် ယွမ်ထျန်းကျူးလေးခုလုံးသာရသွားလျှင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မည်နည်း။

ကျန်းလော်ယခင်က ပြောခဲ့ဖူးသလိုပင် သေခြင်းတရားသည် ချီယုံကို အားမနည်းစေ၊ ထိုအရာသည် ဆန်းကြယ်စွာပင် သူ့ကိုပို၍ပို၍သန်မာလာစေသည်။

ထိုမကောင်းဆိုးဝါးသာ အင်အားအကုန်ပြန်ရသွားပါလျှင် ရုပ်လွန်လောကအဖွဲ့အစည်းကိုတောင် ဖျက်ဆီးနိုင်မည်ဟု ဆိုသောကြောင့် ကျန်းလော်၏ အသက်သေးသေးလေးဆိုလျှင် ပုန်းနေနိုင်ဖို့ပင် အာမမခံနိုင်မှာ သေချာလေသည်။ သူသည် ယခင်က ချီယုံကိုလေးစားဖူးသော်လည်း ယခုတွင် ထိုမကောင်းဆိုးဝါးကို မည်သို့သတ်ရမလဲကိုသာ စိတ်ဝင်စားတော့သည်။ ယခုတွင် သူနှင့် ချီယုံသည် ရန်သူများဖြစ်နေပြီး သူ၏ရန်သူသည် တစ်ရက်ထက်တစ်ရက် အားကောင်းလာသည်။ ထိုရူးနေသော မကောင်းဆိုးဝါး၏ လုပ်နည်းလုပ်ဟန်အရ ကျန်းလော်သည် သူ၏အဆုံးသတ်ကို တွေးကြည့်၍ ရသည်။ အဆိုးဆုံးမှာ မူရင်းဝတ္ထုထဲကလို ချီယုံသည် သူ့ကို နှိပ်စက်၍ အပိုင်းဆွဲဖြတ်မည်ဖြစ်သည်။ သို့သော်ကျန်းလော်သည် သူကိုယ်တိုင် ဆန္ဒရှိစွာ ဆွဲဖြဲခံလိုက်မည်ဆိုလျှင်။ သို့သော် ထိုအရာမှာ ဘယ်သောအခါမှ ဖြစ်လာမည်မဟုတ်သော စိတ်ကူးဖြစ်သည်။

 ကျန်းလော်သည် ကျောက်ခဲတစ်လုံးကိုကန်လိုက်ပြီး ကျောင်းဝန်းအတွင်းလှည့်ပတ်ကြည့်လိုက်ကာ နှုတ်ခမ်းပင့်၍ ပြုံးလိုက်သည်။ သူသည် ဘယ်သောအခါမှ ချီယုံ့လက်ထဲသို့ ယွမ်ထျန်းကျူး မရောက်စေရ။ ကျန်းလော်သည် သူ့ရန်သူကို အသက်ပြန်ရှင်မလာစေရန် မည်သို့ဆိုးဝါးသည့်အရာများ လုပ်မည်မသိပေ။ 

အကယ်၍ ကျန်းလော်သာ သူ၏အကြံအစည်ကို ဖျက်ဆီးလိုက်ပါက မကောင်းဆိုးဝါးသည် ဒေါသထွက်ကာ ယခင်က ပိုင်ယဲ့ဖုန်း၏ ရုပ်သေးခန္ဓာကို ဖျက်ဆီးလိုက်သလို ဓားနှင့်လိုက်ထိုးမည်လား မသိပေ။

ကျန်းလော်သည် ခပ်ငေါ့ငေါ့ရယ်လိုက်ပြီး ကျောရိုးမှခေါင်းအထိ တုန်တက်သွားသည်။ ထို့ကြောင့် သူသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ငှက်တစ်ကောင်သည် သစ်ကိုင်းတွင်နားရင်း ကျန်းလော်၏ လှုပ်ရှားမှုတိုင်းကို သိနေသလိုလိုက်ကြည့်နေသည်။ ကျန်းလော်သည် မထိန်းနိုင်စွာပြုံးလိုက်ပြီး ထိုငှက်ကိုစိုက်ကြည့်လိုက်သည်။ ငှက်နားနေသော သစ်ပင်ပင်စည်တွင် နားနေသော ပုစဉ်းတစ်ကောင်သည်လည်း သူ့ကိုစောင့်ကြည့်နေသေးသည်။

ချီယုံသည် ကျောင်းဝန်းအတွင်းရှိ မကောင်းဆိုးဝါးသတ် အင်းကွက်များနှင့် သရဲနှင် မန္တာန်များကြောင့် ကျောင်းထဲသို့ဝင်မလာနိုင်သော်လည်း တိရစ္ဆာန်ငယ်လေးများကို ဝင်ပူး၍ သူ့ကိုစောင့်ကြည့်နိုင်လေသည်။ ကျန်းလော်သည် ရှေ့တိုးသွားပြီး လက်ကိုဆန့်၍ ထိုငှက်ကို ဖမ်းလိုက်ရာ ငှက်သည် ပျံပြေးရန်လုပ်တော့သည်။ ကျန်းလော်မှ လွတ်မပေးရာ ငှက်နှုတ်သီးဖြင့် ကျန်းလော်၏လက်ဖမိုးပေါ်ရှိ သွေးနီရောင်မှဲ့ကို ထပ်ကာထပ်ကာ ဆိတ်နေသည်။ ကျန်းလော်သည် လက်ညိုးဖြင့် ခေါင်းကိုပွတ်ပေး၍

“အချောလေး”

ကျန်းလော်သည် ထိုသို့ခေါ်လိုက်ပြီး 

“ချီယုံ့ခွေးမလုပ်နဲ့တော့နော် ဟုတ်ပြီလား”

ငှက်သည် မလှုပ်ဘဲနေ၍ ခေါင်းပွတ်ပေးနေသော လက်ကို လှမ်းဆိတ်လိုက်သည်။ ကျန်းလော်သည် အသည်းယားစွာ ညှစ်လိုက်ပြီး နှစ်ခါလောက်ထပ်ပွတ်ပေး၍ လွတ်ပေးလိုက်သည်။ ကျန်းလော်သည် အပနှင်အင်းစာရွက်ကို သိမ်းလိုက်ပြီး ကျောင်းအဆောင်သို့ပြန်လိုက်သည်။ လေတိုက်သွားပြီး အကောင်များကိုကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။

“ချောင်းကြည့်တတ်တဲ့ နှာဘူးကောင်”

ပြိုင်ပွဲပြီးနောက် ကျောင်းမှ ကျောင်းသားများကို သုံးရက်နားပေးသည်။ လုယုံရိ၏ မိဘများသည် ပြိုင်ပွဲတွင် သူတို့သားလေး ဒဏ်ရာရသွားသည်ကို သိသွားပြီး ရေပူစမ်းနှင့် အနှိပ်ခန်းများပါသော နေရာတွင် တစ်တန်းလုံးကို သွားရောက်အပန်းဖြေစေရန် စံအိမ်တစ်ခုလုံးငှားလိုက်သည်။ 

ကျန်းလော်သည် လုယုံရိ ချမ်းသာသည်ကို သိသော်လည်း ထပ်မေးလိုက်သည်။

“ဆိုတော့ ဒါကလူချမ်းသာတွေ အပန်းဖြေတဲ့ နည်းလမ်းပေါ့”

လုယုံရိသည် ဆိုဖာပေါ်တွင်ပျင်းတိပျင်းရွဲထိုင်နေရင်း တခြားသူများကို မြန်မြန်လုပ်ရန် တိုက်တွန်းနေရင်း 

“တကယ်တော့ ငါတို့အိမ်က ပုံမှန်ပါပဲ”

ကောကျုသည် အသည်းနာသောပုံဖြင့်

“တော်လိုက်ပါတော့ကွာ”

လုယုံရိ မိဘများသည် ဇိမ်ခံကားသုံးစီးလွတ်၍ သူတို့ကို ကျောင်းမှာလာကြိုခိုင်းထားကြသည်။ ထိုကားများသည် လူအများ၏ အာရုံကိုဖမ်းစားထားနိုင်ပြီး သာမန်လူများအနေဖြင့် တစ်သက်လုံးစုလျှင်တောင် ကားတာယာတစ်ခုသာ ဝယ်နိုင်ပေလိမ့်မည်။ ပိုင်ဟွားတက္ကသိုလ်မှ ကျောင်းသားများသည် ကျန်းလော်တို့အဖွဲ့ကားထဲဝင်သွားသည်နှင့်  လေးစားအားကျပုံဖြင့် ဓာတ်ပုံရိုက်ကြတော့သည်။ 

ကျန်းလော်သည်

“ငါအခုတော့ လူချမ်းသာတွေ အမြဲတမ်းပျော်နေရတဲ့ အကြောင်းနားလည်သွားပြီ”

လုယုံရိသည် သက်ပြင်းချလိုက်ပြီး 

“ပိုက်ဆံက အရာအားလုံးကို မဖန်ဆင်းနိုင်ဘူးကွ၊ ပိုက်ဆံရှိလို့ စိတ်ဆင်းရဲရတဲ့အကြောင်းတွေ မင်းမသိပါဘူးကွာ”

ရယ်ရွှင် “မင်းပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်”

ရေပူစမ်းတည်းခိုဆောင်သည် ကျေးလက်ဘက်တွင်ဖြစ်ပြီး သူတို့သည် နေ့လည်နှစ်နာရီမှ ထိုနေရာသို့ရောက်သွားသည်။ တည်းခိုဆောင်ဝန်ထမ်းများသည် အထုတ်အပိုးများသယ်သွားပေးပြီး မန်နေဂျာသည် သူတို့ကို ကြိုဆိုရန်နေခဲ့သည်။ လုယုံရိသည် မန်နေဂျာကို ပြေးဖက်လိုက်ပြီး သူတို့နှင့်မိတ်ဆက်ပေးလိုက်သည်။

“ဒါက ငါ့ရဲ့ ဦးလေးဝမ်းကွဲ”

ထိုဦးလေးသည် ပြုံးပြ၍ 

“မင်္ဂလာပါ ကလေးတို့ ဦီးလေးတို့ မင်းတို့အေးအေးဆေးဆေးနားလို့ရအောင် တည်းခိုဆောင်ကို ပိတ်ပေးထားတယ်၊ ရေပူစမ်းက အခန်းထဲမှာ စိမ်မလား အပြင်ဘက်မှာစိမ်မလား ရေနွေးချိုးခန်းတွေနဲ့ အနှိပ်ခန်း ကြိုက်သလိုသာသုံးကြ ရုပ်ရှင်ရုံလည်းရှိတယ် စားသောက်ဆိုင်မှာ ကြိုက်တာမှာစားကြ တစ်ခုခုလိုရင် အားမနာဘဲ ဝန်ထမ်းတွေကိုခေါ်လိုက်နော်”

ထိုသို့ပြောပြီးနောက် တခြားလုပ်စရာများ ရှိသေးသည်ဆိုကာ ထွက်သွားလိုက်သည်။ ကျန်းလော်သည် လုယုံရိနှင့် အခန်းဆီသို့ လျှောက်သွားရင်း အပြင်ဘက်ရှိ ရေပူစမ်းသည် တကယ်ကို လှပပြီး မိုက်လွန်းသည်ဟု ခံစားရကာ 

“လုယုံရိ ဒီနေရာကို မင်းမိဘတွေက တစ်ခုလုံးငှားထားတာလား”

လုယုံရိသည် နှစ်ချက်လောက်ရယ်လိုက်ပြီး ခေါင်းယမ်း၍

“တကယ်တော့ ဒါက ငါတို့မိသားစုရဲ့ လုပ်ငန်းတွေထဲက တစ်ခုလေ ငါမင်းတို့ကိုပြောပြရမှာရှက်လို့၊ ဒါပေမဲ့ အခုမှတော့ အရေးကြီးတာတစ်ခုမပြောလို့ မရတော့ဘူးပဲ၊ တကယ်က ဒီရေပူစမ်းဥယျာဉ်ကို နောက်ရက်နည်းနည်းနေရင် ဖွင့်တော့မှာကွာ အဲ့တာကို ဒီမှာ ထူးဆန်းတာတွေဖြစ်လာလို့ မားနဲ့ပါးက ငါ့ကို ဒီမှာလာကြည့်ပြီး ဖြေရှင်းပေးစေချင်နေကြတာ ဒါပေမဲ့ ပြောရရင် ငါတစ်ယောက်ထဲဆို ကြောက်ပြီး ကိုင်တွယ်နိုင်မှာမဟုတ်လို့ ငါမင်းတို့ကိုပါခေါ်လာတာ ဟဲဟဲ”

အတန်းဖော်များ “........”

ကောကျူသည် ရယ်ချလိုက်ပြီး

“အလကားပေါ့လေ”

ရယ်ရွှင်သည် သူ့အင်္ကျီလက်များကို ပင့်တင်လိုက်ပြီး အမူအယာမဲ့စွာ

“ငါ့ကို မတားကြနဲ့”

ကျန်းလော်သည်လည်း အတွေးတူစွာ ခေါင်းညိတ်လိုက်ပြီး

“ငါရှောင်ဖန်းကို ချီထားပေးမယ်”

လုယုံရိကို စိတ်ကျေနပ်သည် အထိရိုက်လိုက်ပြီးနောက် လူအုပ်ကြီးသည် သက်ပြင်းချလိုက်ကာ

“ဒီမှာဖြစ်နေတဲ့ ထူးဆန်းတာတွေက ...”

လုယုံရိသည် ပြာနှမ်းနေသော မျက်စိကိုအုပ်၍ ငြီးငြူကာ 

“လွန်ခဲ့တဲ့ရက်နည်းနည်းက ညဆိုရင် တစ်ယောက်ယောက်က သီချင်းထဖွင့်တဲ့ အသံတွေကြားလာရတယ်”

“သီချင်းသံလား”

“အင်း”

“အစကတော့ သီချင်းက ပျော်ရွှင်ပြီးတက်ကြွစရာကောင်းတယ် နောက်တော့ ထူးထူးဆန်းဆန်း ဝမ်းနည်းစရာသီချင်းပြောင်းသွားပြန်ရော ဒီနှစ်ခုက ဘယ်လိုပြောရမလဲ.........”

သူသည် စကားပြောရပ်လိုက်ပြီး လေသံလေးဖြင့်

“ပျော်ပျော်ရွှင်ရွှင်ဖြစ်နေရင်းနဲ့ ဝမ်းနည်းပြီးငိုကြွေးနေတာကွာ လုံးဝ ဖီလာဆန့်ကျင်ဘက်ပဲ”

###