Ch 48
Viewers 8k

အခန်း ၄၈ 


ကျန်းလော့သည် ရုပ်တု၏နှလုံးကို ခိုးယူပြီးသည်နှင့် ရှန်တုချွင်သို့ လျင်မြန်စွာ ပြေးတော့သည်။ 


ရှန်တုချွင်ကို ကြည့်ပါက ကျေးရွာအတွင်း ပုံရိပ်များဖြင့် ပြည့်နေသော်ငြား သူတို့က လူများမဟုတ်ဘဲ လူသားအဝတ်အစား ဝတ်ဆင်ထားသည့် စက္ကူရုပ်များသာ ဖြစ်ပေသည်။ 


ထိုစက္ကူရုပ်များသည် အလွန်အမင်း အစစ်အမှန်ဆန်လှလျက် လူသားများအသက်ရှင်နေသည့်အတိုင်းပင်။ မျက်လုံးဖြင့် မြင်မြင်သမျှ ရှန်တုချွင်အတွင်း စက္ကူရုပ်များပြည့်နေပြီး အသက်ရှိသူ များများမရှိချေ။ 


ကျန်းလော့သည် စက္ကူရုပ်များကို ဖြတ်လျက် လျင်မြန်စွာ ပြေးသွားတော့သည်။ 


အနီရောင်ဝတ် ကလေးမလေး၏ မိဘများ၊ ရွာလူကြီးအပါအဝင် ရွာသားအားလုံးသည် စက္ကူရုပ်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ 


ကျန်းလော့ မြေအောက်ရှိ စက္ကူရုပ်များကို မီးရှို့လိုက်ပြီးနောက် မြေပြင်ပေါ်ရှိ စက္ကူရုပ်များသည်လည်း မူလအတိုင်း ပြန်လည် ဖြစ်လာတော့သည်။ ရွာရှိလူဦးရေ ၃၀၀ လုံးအနက် အနည်းငယ်သာ ကျန်ရှိနေခဲ့ပြီး ရုတ်တရက် အဖြစ်အပျက်က အံ့ဩမှင်တက်သွားစေသည်။ 


ကျန်းလော့သည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ဝမ်ယမ်လန်နှင့် ကျန်သူများရှိသည့် တောင်ပေါ်သို့ ပြန်ပြေးလာခဲ့သည်။ 


လုယုံရိကို ဆေးရုံသို့ သွားပို့သော ခွမ့်ကျိန်းမှလွဲ၍ ကျန်သူများသည် ဂူအဝတွင် အချိန်ကို စောင့်ဆိုင်းရင်း မြေတွင်းပေါက်ထဲသို့ ခုန်ဆင်းလုနီးပါး အခြေအနေတွင် ရှိနေကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းလော့က အချိန်မီ ရောက်ရှိသွားကာ မည်သည်ကိုမျှ မရှင်းပြမီ။ “အရင်ဆုံး ကျောက်တုံးရှာပြီး ဒီအပေါက်ကို ပိတ်ရအောင်”


ကျန်းလော့သည် ချွေးများကို သုတ်လိုက်ပြီး အပေါက်ကို ပိတ်ရန် ကျောက်တုံးကို သယ်လာစဉ် လူအုပ်စု၏ အကြည့်များက သူ့ခြေထောက်ဆီသို့ ရောက်သွားကြသည်။ 


“မင်း ဘာဖြစ်ခဲ့တာလဲ” ကောကျူက သူ့ဘောင်းဘီများကို လက်ညှိုးထိုးပြီးနောက်။ “ဘောင်းဘီတွေ စုတ်ပြဲနေတယ်”


ကျန်းလော့က အောက်ငုံ့ကြည့်လိုက်ပြီး သူ့ဘောင်းဘီတစ်ဝက်သာ ကျန်တော့သည်ကို တွေ့လိုက်ရလျက် ကျန်တစ်ဖက်ကိုပါ ရိုးရှင်းစွာ စုတ်ဖြဲလိုက်ပြီးနောက်။ “ငါ အများကြီး ကြုံတွေ့ခဲ့ရတယ် တောင်အောက်ကို ဆင်းပြီးတော့ ရွာမှာ ဘာတွေ ဖြစ်သွားတယ် ဆိုတာကို ပြောမှဖြစ်မယ်”


သူတို့အုပ်စုသည် မနှောင့်နှေးတော့ဘဲ တောင်အောက်သို့ ဆင်းလာကြသည်။ 


တောင်ခြေတွင် ဝန်ထမ်းများနှင့် ရဲများသည် ရှန်တုချွင်အတွင်း ဝင်လာခဲ့ကြလေသည်။ 


ရွာအတွင်း စက္ကူရုပ်များ ပြည့်နှက်သွားခြင်းက ကောကျူးကို တစ်ကိုယ်လုံးတုန်ယင်သွားစေသည်။ “ဒီ.. ဒီလူတွေက ဘာလို့ စက္ကူရုပ်တွေ ဖြစ်သွားရတာလဲ”


ကျန်းလော့က အဖြစ်အပျက်ကို အတိုချုံ့ ရှင်းပြလိုက်သည်။ 


ကျိုးကျုံးချိုးက တုန်ယင်စွာ ပြောသည်။ “ဒီတော့ ငါတို့နဲ့ စကားပြောခဲ့တဲ့လူတွေက စက္ကူလူသားတွေလား”


ကောကျူက ရှုံ့မဲ့လျက်။ “ငါတို့ စားခဲ့တာတွေက စက္ကူလူသားတွေ လုပ်ထားတာလား”


ရှန်တုချွင်ရွာနှင့် ပတ်သတ်ပြီး ဝန်ထမ်းများသည် အလေးအနက် ဖြစ်နေကြပြီး ပွဲစီစဉ်သူများ တွေးထားသည်ထက် ကျော်လွန်နေသဖြင့် ဝန်ထမ်းအားလုံးသည် လက်ကျန်နှင့် ပါဝင်သည့် အရေအတွက်ကို စီစဉ်ပြီးသည်နှင့် သူတို့နှင့် ရဲတပ်ဖွဲ့ဝင်များသည် ရှန်တုချွင်အတွင်း ရှာဖွေရန် အလုပ်များကုန်ကြတော့သည်။ 


ကျန်းလော့နှင့် ကျန်သူများမှာ မှတ်စုစာအုပ်ငယ်လေးများဖြင့် ရှန်တုချွင်အတွင်း အသက်ရှင်ကျန်သူများကို မှတ်သားပေးကြသည်။ 


ကျန်းလော့နှင့် လုယုံရိ ဆုံတွေ့ခဲ့သော အနီရောင်ကလေးမလေးသည်လည်း ထိုစာရင်းတွင် ပါဝင်ခဲ့ပေသည်။ 


ရှန်တုချွင်တွင် လူဦးရေ ၃၁၁ဦး ရှိသည့်အသက် ၃၆ဦးသာ အသက်ရှင်ကျန်ခဲ့သည်။ ရွာသားများအားလုံးမှာ စက္ကူလူသားများ ဖြစ်သွားကြပြီး ယဇ်ပူဇော်ခံရမည့် မိန်းမလှလေးများသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။ 


မြို့ဝန်၏သား ဝမ်ချင်းမှာ အသက်ရှင်ကျန်ရစ်သူ တစ်ယောက် ဖြစ်ခဲ့သည်။ သူသည် သူ့မိဘများနှင့် ထမင်းစားနေစဉ်တွင် ၎င်းတို့မှာ စက္ကူလူသားများအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။ သူသည် သူ့ပန်းကန်လုံးမှ မော့ကြည့်လိုက်သောအခါ ထူးဆန်းသောအပြုံးဖြင့် အနီနှင့်အစိမ်းခြယ် စက္ကူလူသားနှစ်ရုပ်ကို တွေ့လိုက်ရသည်။ 


ဝမ်ချင်းသည် တုန်လှုပ်ခြောက်ခြားသွားကာ စကားမပြောနိုင်တော့ဘဲ အသံနက်ကြီးဖြင့် အော်လျက် အိမ်အပြင်သို့ ပြေးထွက်သွားမိတော့သည်။ 


သူ အိမ်အပြင်သို့ ပြေးထွက်သွားတော့ သွားလာနေသော ရွာသူရွာသားအားလုံးသည် အသက်ဝင် စက္ကူရုပ်များအဖြစ် ပြောင်းသွားတာကို တွေ့လိုက်ရတော့သည်။ 


ကျန်းလော့သည် ဝမ်ချင်၏ အချက်အလက်ကို စာရင်းကောက်ပေးသည့်အခါတွင် သူသည် စိတ်နောက်လုနီးပါး ဖြစ်နေပြီး ဝန်ထမ်းက ထည့်ပေးထားသည့် ရေနွေးကို ကိုင်လျက် မျက်လုံးများက ကျီးကြည့်ကြောင်ကြည့်ဖြစ်လျက် နှုတ်ခမ်းက တုန်ယင်စွာဖြင့် စကားတစ်ခွန်းကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေတော့သည်။ “သူတို့ အားလုံး စက္ကူလူသားတွေ ဖြစ်သွားတယ်.. သူတို့အားလုံး စက္ကူလူသားတွေအဖြစ် ပြောင်းသွားတယ်”


ကျန်းလော့က သူ့ဘောပင်ကို လှည့်လျက် မေးဆတ်လိုက်ပြီး။ “ဘယ်လို ဖြစ်တာလဲ”


“နောက်မှပဲ ဆရာတော်ချန်သယ်ကို လာဖို့ ဖတ်ပြီး သူတို့ စိတ်ဝိညာဉ်ကို ကုသပေးရမယ်” ဝန်ထမ်းလေးက စိုးရိမ်ဟန်ဖြင့် ဆိုသည်။ “ဒီအဆင့်က ကျွန်တော့်ကို တွေးထားတာထက် ပိုခက်ခဲသွားတယ်”


ကျန်းလော့ သူ့ဘာသာ ရေရွတ်လိုက်သည်။ “မြေအောက်ထဲမှာ အသက်ဝင်ရုပ်တု ရှိနေတာ မင်းတို့ မသိဘူးလား”


ကျန်းလော့သည် အစအန မပေါ်သည့် ဘဲဥပုံကျောက်တုံးနှလုံးကို ထိတွေ့လိုက်မိသည်။ 


ချီယုံနှင့် ကွဲသွားပြီးနောက် ကျောက်တုံးနှလုံးသည် ပြန်မခုန်တော့ချေ။ သို့သော် ကျန်းလော့သည် သူခံစားခဲ့ရသော နှလုံးခုန်သံနှင့် မြင်တွေ့ခဲ့ရသော ပုံရိပ်များက ထင်ယောင်ထင်မှား မဟုတ်တာ သေချာနေသည်။ 


ကျန်းလော့က နှလုံးသား ရှိကြောင်းကို မထုတ်ဖော်ရန် တစ်ယောက်တည်း ထိန်းသိမ်းထားရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ 


ဤကျောက်တုံးနှလုံးက ချီယုံ၏အတိတ်ကို အမှန်တကယ် ပြနိုင်ခဲ့ပါက ကျန်းလော့တွင် ဆိုဖွယ် မရှိတော့ချေ။ အခြားသူများထက် ကျန်းလော့က ချီယုံ၏ လျှို့ဝှက်ချက်၊ ချီယုံ၏ အားနည်းချက်တို့ကို ပို၍ သိရှိလိုသူ ဖြစ်သည်။ 


ထိုအတွေးက နှလုံးကို လျစ်လျူရှုထားရန် လုံလောက်ပေသည်။ 


ပြီးနောက်တွင် ဒိုင်လူကြီးများ ရောက်ရှိလာသည်။ ကျန်းလော့သည် တစ်ချက်ကြည့်ရုံဖြင့် လူအုပ်စုကြားမှ ဖုန်းလီကို တွေ့လိုက်ရပြီး ဖုန်းလီသည် လူအုပ်စုကို စေ့စေ့စပ်စပ် ကြည့်လျက် ကျန်းလော့ကို မြင်သည်နှင့် အထက်အောက် အပြန်အလှန် အနည်းငယ် မသက်မသာဖြစ်သည်အထိ ကြည့်လေသည်။ 


ပါဝင်သူများနှင့် ဝန်ထမ်းများအား ဒိုင်လူကြီးများနှင့် ဆရာများ၏ နှစ်သိမ့်ပေးခြင်းက တခြားသူများနှင့် နှိုင်းယှဉ်၍ မရချေ။ သူတို့ ရောက်ရှိပြီးနောက် မြင်ကွင်းက တရွေ့ရွေ့ ငြိမ်သက်သွားသည်။ မကြာမီတွင် ပါဝင်သူများသည် သူတို့၏အဖြေအပေါ်တွင် အာရုံစူးစိုက်နိုင်လာကြသည်။ 


ကျန်းလော့သည် ချီယုံပါဝင်နေသည့်အပိုင်းကို ဖယ်ရှားပြီးနောက် ရှန်တုချွင်တွင် ကြုံတွေ့ရသမျှကို စာရွက်ပေါ်တွင် ချရေးလိုက်တော့သည်။ 


ရှန်တုချွင်သည် ဝေးလံခေါင်ဖျားသော ဒေသတွင် တည်ရှိပြီး ပတ်ပတ်လည်တွင် တောင်ကုန်းများ ဝန်းရံလျက် ရွာအရှေ့တွင် ထနောင်းပင်ကြီးများ ရှိကာ ကျတ်တီးမြေသုသာန်အများအပြားနှင့်အတူ ယင်ဓာတ်ကြွယ်ဝသောနေရာဟု ဆိုနိုင်ပေသည်။ 


ဤနေရာတွင် ရုပ်တုကို ကိုးကွယ်ခဲ့ကြပြီး ရုပ်တုသည် ကိုယ်ပိုင်အသိ ဝင်လာသည်။ ရုပ်တုသည် အသက်ဝင်လိုသောကြောင့် မသေနိုင်ဟူသည့် မှားယွင်းသော စိတ်ကူးကို ရွာသားများအား ပေးကာ ကိုးကွယ်ရန် အတင်းအကျပ် တွန်းအားပေးခဲ့သည်။ 


သို့ရာတွင် ရုပ်တုသည် မိန်းမငယ်လေးများ၏ ယဇ်ပူဇော်ခြင်း အများအပြားကို လိုအပ်ခဲ့ပြီး မြေအောက်လောက၏ စိတ်ဝိညာဉ်ကို လိုအပ်ခဲ့သည်။ ရုပ်တု၏ စေညွှန်းချက်ဖြင့် ရွာသားများအား ကြိုးဆွဲချသေစေခြင်း၊ ရေနစ်သေစေခြင်းတို့ ဖြစ်စေကာ ပြန်လည်မဝင်စားနိုင်တော့ဘဲ ရုပ်တု၏အသက်ဝင်လာစေမည့် အာဟာရဖြစ်လာစေသည်။ 


ရွာအရှေ့ဘက်တွင် ထနောင်းပင်ကြီးတွင် ကြိုးဆွဲချထားသည့် သရဲပုံရိပ်ကို ကျန်းလော့ တွေ့ခဲ့သည်မှာ ရုပ်တုမှ သူ့ဘာသာသူ ကြိုးဆွဲချစေရန် ဖိအားပေးခံခဲ့ရသည့် ရွာသား ဖြစ်ပေသည်။ 


ကျန်းလော့သည် စာမျက်နှာ သုံးမျက်နှာအပြည့် ချရေးလိုက်သည်။ 


ပြိုင်ပွဲဝင်သူများသည် သူတို့အဖြေများကို ဖြည့်လိုက်ကြပြီးနောက် လုပ်စရာမရှိတော့ချေ။ ကျန်းလော့နှင့် ဝမ်ယမ်လန်က ဆောင့်ကြောင့်ထိုင်လျက် အတူတကွ စီးကရက်သောက်ရင်း အငွေ့များကို မှုတ်နေချိန် ချီမိသားစုမှ ဒိုင်လူကြီးသည် ဝန်ထမ်းကို ရှာရန်ဒေါသတကြီး ထွက်လာသည်ကို တွေ့လိုက်ကြသည်။ 


ဒိုင်လူကြီးသည် ဒေါသများ ပြည့်နေပြီး လေးစားထိုက်သော သူတို့၏ပုံရိပ်ကိုပင် ကွဲအက်သွားစေတော့သည်။ 


ကျန်းလော့က သူ့နံဘေးနားရှိ ဝမ်ယမ်လန်အား လှည့်ကြည့်ပြီး မေးလိုက်သည်။ “သူ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ”


“ဒီယှဉ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ နှစ်ဦးက စက္ကူလူသားအဖြစ် ပြောင်းသွားတယ်” ဝမ်ယမ်လန်က စီးကရက်ပြာကို ခါလိုက်ရင်းဖြင့်။ “တစ်ယောက်က ဟယ်ကျီနဲ့ နောက်တစ်ယောက်က ချီမိသားစုဝင်လေ”


ကျန်းလော့၏ မျက်ခုံးများက မြင့်တက်သွားသည်။ “ချီယုံရဲ့အရံမိသားစုလား” (ကျန်းလော့ ဆိုလိုတာက ဒုတိယအိမ်တော် အဲလိုမျိုး ပြောချင်တာပါ။ ချီယုံက ပင်မအိမ်တော်က ဆိုရင် သေသွားတဲ့သူက ဒုတိယ၊ ဒါမှမဟုတ် တတိယအိမ်တော်က လိုမျိုး ပြောတာပါ)


ဝမ်ယမ်လန်က ခေါင်းညိတ်ပြီး သက်ပြင်းချသည်။ “ဒါက ချီယုံရဲ့ အရံအိမ်တော်က ပထမဆုံး သေဆုံးမှုပဲ”


ကျန်းလော့သည် ချီယုံ၏ အရံအိမ်တော် မိသားစုဝင်၏ သေဆုံးမှုကို မမျှော်လင့်ထားမိပေ။ သူသည် ပရမ်းပတာ မြင်ကွင်းဆီသို့ ကြည့်လိုက်မိပြီး ချီယုံ၏ အရံအိမ်တော်မှ သေဆုံးမှုသည် ချီယုံနှင့် ပတ်သတ်မှု ရှိမရှိ မရေမရာ တွေးလိုက်မိသည်။ 


အာရုံတွင် ချီယုံငယ်စဉ်က အကြောင်းအရာများကို စာလုံးများကို ကြားယောင်မိလာသည်။ ကိစ္စများ ဖြစ်ပျက်ပြီးနောက် ချီမိသားစုသေဆုံးသွားပြီးနောက် လျှို့ဝှက်အတတ်ပညာရပ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။


တောက်ပပြီး မကောင်းဆိုးဝါးဆန်သော ဇာတ်ညွှန်း။ 


သူက တက္ကိလောကမှာ ဆရာတစ်ဆူ ဖြစ်ချင်တာလား။ 


ထိုဒိုင်လူကြီးသည် မည်းမှောင်သောမျက်နှာထားဖြင့် ဒိုင်လူကြီးများ နားနေရာအခန်းသို့ မပြန်မီတွင် မည်သည့်အစီအရင်တစ်ခုကိုမှ မပြုလုပ်ခဲ့ချေ။ 


အခြားသော ဒိုင်လူကြီးငါးဦးက ပြိုင်ပွဲဝင်များ၏ အဖြေလွှာများကို စစ်ဆေးခဲ့ကြသည်။ 


အဖြေလွှာတစ်ခုစီအတွက် ဒိုင်လူကြီး ၆ဦးမှ စစ်ဆေးရပေမည်။ ရလဒ်များ မျှတစေရန် ဆရာ၆ဦးမှ တူညီသော သတ်မှတ်ချက်များအတိုင်း စစ်ရမည် ဖြစ်ပြီး ဆရာတစ်ဦးလျှင် ရမှတ်မှာ သုံးမှတ်ထက် မကွာခြားရပေ။ 


ချီမိသားစု(Chi) ဒိုင်လူကြီးမှ ဝင်လာပြီးနောက် ချီမိသားစုဒိုင်လူကြီးမှ (Qi) သူ့စိုးရိမ်မှုကို ပထမဆုံး ထုတ်ဖော်လိုက်သည်။ “အစ်ကိုကျုံးရယ် ဘယ်လိုလဲ မင်းရဲ့ကလေးကို ရှာတွေ့လား” (Chi ဆိုတာက ချီယုံရဲ့ မိသားစုပါ။ Qi ဆိုတာက ချီယယ်ရဲ့ မိသားစုကပါ။ မြန်မာလို ဆိုရင်ကျတော့ ချီ လို့ပဲ အသံထွက်လို့ ရတာပါ)


ချီကျုံးရယ်၏ မျက်နှာက သုန်မှုန်သွားသည်။ “သူ့မှာ တစ်ခုခု ဖြစ်ခဲ့တယ်”


ဒိုင်လူကြီးချီက အံ့ဩဟန်ဖြင့် ပြောသည်။ “တစ်ခုခု ဖြစ်ခဲ့တာလား”


ချီကျုံးရယ်က မျက်နှာမည်းမည်းဖြင့် ထိုင်ချလိုက်ပြီး ဖုန်းလီက မျက်မှောင်ကြုတ်လျက် သူ့လက်ချောင်းထိပ်ဖြင့် စားပွဲကို နှစ်ခါ ခေါက်လိုက်သည့်တိုင် ဒိုင်လူကြီးချီက မေးခွန်းများစွာ မေးချင်သေးသည်။ “လုပ်စရာတွေ အရင်လုပ်တာပေါ့”


ဒိုင်လူကြီးချီက စကားလုံးလှလှဖြင့် တီးတိုး ပြောလာသည်။ “အစ်ကိုကြီးကျုံးရယ် ပြိုင်ပွဲမှာ မတော်တဆ ဖြစ်တယ် ဆိုတာက ဥပမာအများကြီး ရှိပြီးသားလေ မင်း ခံစားရခက်မယ်ဆိုတာ သိပါတယ် ဒါပေမဲ့ မင်း မျက်နှာကို မလိုချင်ရင်တောင် အခုလို ရှုံ့မနေနဲ့လေ”


စကားလုံးများက သူ့မျက်နှာကို တွန့်ကွေးသွားစေပြီး ချီကျုံးရယ်၏ ခေါင်းထဲတွင် ‘ကြီးနိုင်ငယ်ညှင်း’ဟူသော စကားလုံးသာ ဝင်ရောက်လာသည်။ သူသည် ဒိုင်လူကြီးချီ၏ ဖြောင်းဖြမှုကို မလိုအပ်လျှင်တောင် ဖုန်းလီ၏ စကားများကြောင့် အတင်းအကျပ် ပြုံးလိုက်ရတော့သည်။ “စိတ်မပူပါနဲ့ အရင်ဆုံး ဒီစာတွေကို အရင်စစ်တာပေါ့”


နာရီဝက်ခန့် ကြာပြီးနောက် ပြိုင်ပွဲဝင်များ၏ ရလဒ်စာရင်းက ထွက်ရှိလာသည်။ 


သို့သော် အံ့ဩဖို့ကောင်းစွာဖြင့် ပထမနေရာတွင် ရမှတ်အတူတူ နှစ်ယောက် ဖြစ်နေလေ၏။ 


တစ်ယောက်မှာ ကျန်းလော့ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ဟူနန်ဒေသ အနောက်ပိုင်းမှ လာသော အလောင်းကောင်ဖမ်းသည့် လျောင်မိသားစုမှ လျောင်ဇီ ဖြစ်သည်။ 


ကျိုးကျန်းယွီက ဆိုသည်။ “ဒါက ဘာလဲ”


“အဖြေနှစ်ခုက ရှင်းလင်းပြီးတော့ ဆက်စပ်နေတယ်” ဆရာတော်ချန်သယ်က ဆက်တိုက်ရေရွတ်ပြောသည်။ “ကျောင်းသားနှစ်ယောက်လုံးကို ခေါ်လိုက် ကြည့်ရအောင်..”


“ဘာလို့လဲ အစ်ကို” ချီကျုံးရယ်က ကြားဖြတ်ပြောလိုက်သည်။ “ကျန်းလော့က ထျန်းစီဖူက မဟုတ်လား။ ကောင်းကင်သခင်အနေနဲ့ ဒီလို စွမ်းအားကြီး တပည့်ဂိုဏ်းသားကို နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့ရမှာပဲ။ ဒီတော့ သူ့ကိုပဲ ပထမနေရာ ပေးလိုက်တာပေါ့”


ဆရာတော်ချန်သယ်က ဖုန်းလီကို ကြည့်လိုက်သည်။ “ကောင်းကင်သခင်ရဲ့အတွေးကရော ဘယ်လို ရှိလဲ”


ဖုန်းလီ၏ မျက်နှာက မပြောင်းမလဲဖြင့် စားပွဲပေါ်ရှိ လျောင်ဇီနှင့် ကျန်းလော့၏ အဖြေလွှာနှစ်ခုကို ကြည့်လိုက်ပြီး သူ့လက်ချောင်းထိပ်များက လှုပ်ရှားမှုမရှိဘဲ အကောင်းဆုံးအဖြေကို ဖြည်းညင်းစွာ ဆိုလိုက်သည်။ “သူတို့ကို အထဲကို ခေါ်လိုက်ပါ”


ကျန်းလော့နှင့် လျောင်ဇီသည် ဒိုင်လူကြီးများအခန်းသို့ ရောက်ရှိလာသည်။ 


ကျန်းလော့သည် တူညီနေသော ရလဒ်ကို ကြားပြီးနောက် လျောင်ဇီအား ကြည့်လိုက်မိသည်။ 


ကျန်းလော့သည် ရှန်တုချွင်၏ မြေအောက်လျှို့ဝှက်ချက်များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး လျောင်ဇီက သိနေသည်ကို အံ့ဩသွားခဲ့ရသည်။ 


ဒိုင်လူကြီးများသည် တူညီသော မေးခွန်းများကို မေးမြန်းခဲ့ကြပြီး လျောင်ဇီက ဖျော့ဖျော့ကလေး ပြုံးလျက် ဆိုသည်။ “ဆရာတို့ သိတဲ့အတိုင်းပဲ ကျွန်တော်က ရှင်းရှီက မှော်ကဝေမျိုးဆက်လေ ကိစ္စတွေကို သိဖို့အတွက် ရှန်တုချွင်က လူသေအလောင်းကို ရှာတွေ့ရုံနဲ့ တတ်နိုင်တယ်”


ယင်းမှာ ပြစ်ချက်ကင်းသော အကြောင်းပြချက်တစ်ခု ဖြစ်ပေသည်။


လျောင်ဇီက ချောင်းဆိုးလိုက်ပြီးနောက် အားနည်းစွာ ဆက်ပြောသည်။ “ကျွန်တော်က နေသိပ်မကောင်းဘူး၊ ဒီတော့ ဒီလိုနည်းလမ်းကိုပဲ သုံးခဲ့ရတယ် ကံကောင်းစွာနဲ့ ရလဒ်ကောင်း ရလာခဲ့တယ်”


ကျိုးကျန်းယွီက ခက်ခက်ခဲခဲ ရုန်းကန်လိုက်ပြီးနောက် ပြဿနာကို ရိုးရှင်းစွာဖြင့် သူတို့ဆီ ပစ်ထုတ်လိုက်တော့သည်။ “မင်းတို့ရမှတ်တွေက တူနေတယ် ဒါပေမဲ့ ပထမနေရာကို တစ်ယောက်တည်းကပဲ ရနိုင်တယ်၊ မင်းတို့ နာမည်အောက်မှာ အပိုရမှတ်များ ရအောင် ချရေးနိုင်မလား၊ တစ်မှတ်ပေါင်းထည့် နိုင်ရင်တောင် အဲလူက အနိုင်ရသူ ဖြစ်မှာပဲ”


ကျန်းလော့သည် တစ်ခဏမျှ တွေးဆလိုက်သော်ငြား လျောင်ဇီက လျင်မြန်စွာ ဆိုလာသည်။ “ကျွန်တော် ရုပ်တုရဲ့ စောင့်ရှောက်သူ နှစ်ယောက်ကို တွေ့လာတယ် တစ်ယောက်က ရှင်လျက်နဲ့သေသူ ကျန်တစ်ယောက်က မြေခွေးမျက်နှာဖုံးနဲ့”


ကျန်းလော့သည် ချက်ချင်းပင် ခေါင်းလှည့်လျက် လျောင်ဇီအား အေးစက်စက် ကြည့်လိုက်မိသည်။


လျောင်ဇီက သူ့အကြည့်များကို သတိပြုမိဟန်ဖြင့် ရှိုးတိုးရှန့်တန့် တီးတိုးဆိုလာသည်။ “ကျန်းလော့ ရှင်လျက်နဲ့သေသူက မင်းနဲ့လုယုံရိဆီ လာခဲ့သေးတယ်လေ မင်း မေ့သွားတာလား”


ကျန်းလော့သည် အဖြေလွှာအတွင်း ရုပ်တု၏ ဘယ်ညာစောင့်ရှောက်သူများ အကြောင်းကို ထည့်မရေးထားသလို ပိုင်ဟွာတက္ကသိုလ်မှ မည်သူမျှလည်း မရေးထားခဲ့ချေ။ သူတို့၏ အဖြေလွှာများထဲတွင် စီဝမ်ကွေး၏ အကြောင်းကို ဖယ်ရှားထားကြသော်လည်း ကျန်းလော့သည် လျောင်ဇီမှ ထိုအကြောင်းကို ဆိုလာမည်ဟု စိတ်ပင် မကူးခဲ့ချေ။ 


“ရှင်လျက်နဲ့သေသူ..” ကျိုးကျန်းယွီက မျက်မှောင်ကြုတ်လျက် အနည်းငယ် ခက်ထန်စွာ ဆိုသည်။ “ကျန်းလော့ အဲဒါမျိုး ရှိခဲ့တာလား”


ကျန်းလော့သည် လျောင်ဇီအား ဖြည်းညှင်းစွာ ပြုံးပြလိုက်သည်။


လျောင်ဇီသည် မကောင်းသာ စိတ်ခံစားချက်များ ရုတ်ချည်း မြင့်တက်လာတော့၏။ 


ကျန်းလော့၏ နှုတ်ခမ်းစွန်းက ကွေးတက်သွားပြီး တစ်ဖက်လူအား စိတ်အေးလက်အေးဖြင့် အနည်းငယ်ပင် ရယ်မောလျက်။ “လျောင်ဇီ ရှင်လျက်နဲ့သေသူ ဆိုတာက ဘာကို ဆိုလိုတာလဲ”


သူသည် အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် နှုတ်ခမ်းကို စုဝိုင်းလျက် ဆိုလိုက်သည်။ “တောင်းပန်ပါတယ် မင်း သိပါတယ် ငါက နည်းနည်း တုံးတဲ့ ကျောင်းသားဆိုတော့လေ ရှင်လျက်နဲ့သေသူ ဆိုတာကို မကြားဖူးဘူး”


“ရှင်လျက်နဲ့သေသူ က ငါနဲ့ လုယုံရိဆီကို လာတာကို ငါ့ကို ဘာလို့ မပြောတာလဲ လျောင်ဇီ” သူက ညှိုးငယ်စွာ သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးက သနားစဖွယ်ဖြင့်။ “ရှင်လျက်နဲ့သေသူ ပုံစံကို ကျွန်တော် မမြင်ဖူးပါဘူး”


လျောင်ဇီ၏ မျက်ခုံးများက တွန့်ကွေးသွား၏။ 


ဒိုင်လူကြီးအခန်းတွင်းမှ လေထုက ပြောင်းလဲသွားပြီး ကျိုးကျန်းယွီက လျောင်ဇီအား သံသယအကြည့်များဖြင့် ကြည့်လိုက်သည်။


လျောင်ဇီသည် ‘ကျန်းလော့ကို မလုပ်နိုင်..’ ဟူသော ချီယုံ၏ ထင်မြင်ချက်ကို စမ်းသပ်ချင်သော်လည်း လွဲချော်သွားပြီး သူသာ ပြဿနာအတွင်းသို့ ကျရောက်သွားခဲ့သည်။ 


သို့သော် လျောင်ဇီသည် သာမန်လူမဟုတ်၍ မျက်နှာတစ်ချက် မပြောင်းဘဲ။ “အဲဒါက ညရောက်နေလို့ ငါ မှားမြင်မိတာ နေမှာပါ”


“မဟုတ်ဘူး အလောင်းဖမ်းသူ မျိုးဆက်ရဲ့ သုံးသပ်ချက်ကို ကျွန်တော် ယုံပါတယ်” ကျန်းလော့က ပြောလိုက်သည်။ “လျောင်ဇီ ငါနဲ့ လုယုံရိဆီကို ရှင်လျက်နဲ့သေသူ လာခဲ့တုန်းက ငါ အဲမှာ တကယ် ရှိနေတာလား၊ တခြားသူတွေရော အဲမှာ ရှိလား.. ရှင်လျက်နဲ့သေသူကို ငါ သတိမပြုမိဘူး ဆိုပေမဲ့ တခြားတစ်ယောက်ယောက်ကရော သတိမထားမိတာ မဖြစ်နိုင်ဘူး”


ပိုင်ဟွာတက္ကသိုလ်မှ လူများသည် သူတို့ ရှင်လျက်နဲ့သေသူကို မြင်တွေ့ခဲ့ကြောင်း သေချာပေါက် ပြောမဟုတ် မဟုတ်လေရာ လျောင်ဇီသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ရုတ်တရက် ချောင်းဆိုးမိသွားသည်။ 


ထိုချောင်းဆိုးလိုက်မှုကြောင့် ကျန်းလော့သည် မေးခွန်းများစွာကို ဆက်မပေးနိုငတော့ချေ။ သူက ချင့်ချိန်လိုက်ဟန်ဖြင့် ဆိုလိုက်သည်။ “ထားလိုက်ပါတော့ ဒါက ကိစ္စသေးသေးလေးပါပဲ မင်းရဲ့ကျန်းမာရေးကို ဂရုစိုက်သင့်တယ်.. လျောင်ဇီ”


လျောင်ဇီက အသက်မရှုနိုင်ဘဲ ဆိုသည်။ “စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ် ကျန်းလော့..”


လူအများသည် မကျန်းမာသူများကို သနားတတ်ကြပြီး ဒိုင်လူကြီးများက လျောင်ဇီအပေါ်တွင် ပျော့ပျောင်းသွားသည်။ ကျိုးကျန်းယွီက ကျန်းလော့ကို ကြည့်လိုက်သည်။ “ကျန်းလော့ မင်းမှာ တခြားချရေးဖို့ အချက်အလက်တွေ ရှိသေးလား”


ကျန်းလော့က ခဏမျှ တွေးလိုက်ပြီးနောက် ပြောသည်။ “ကျွန်တော့်မှာ မရေးရသေးတာ အချက်နှစ်ချက် ရှိသေးတယ်”


ဆရာတော်ချန်သယ်က ကြင်နာစွာ အားပေးသည်။ “တော်တဲ့ကလေး အဲဒါ ဘာတွေလဲ”


ကျန်းလော့က တိတိပပ ပြုံးလိုက်သည်။ “ကျွန်တော်က မြေအောက်သစ်တောထဲက စက္ကူလူသားအရုပ်တွေကို မီးရှို့လိုက်တော့ ရွာကလူတွေက စက္ကူလူသားအဖြစ် ပြောင်းသွားတာ.. အဲဒါပြီးတော့ မြေအောက်ထဲမှာ အဆိပ်ပြင်းကင်းမြီးကောက်အမရဲ့သွေး ရေအိုင်ကို တွေ့ခဲ့တယ်”


လျောင်ဇီက ကျန်းလော့ကို မယုံနိုင်စွာ ကြည့်လာသည်။ 


ဒါက သခင်ရဲ့ဟာပဲ သူက ဘယ်လိုတောင် ထုတ်ပြောလိုက်တယ်။


ကံကောင်းစွာဖြင့် ဒိုင်လူကြီး၏ အမူအရာက မှင်တက်သွားပြီး လျောင်ဇီကို သတိမပြုမိလိုက်ကြပေ။ ကျိုးကျန်းယွီက အသက်မရှုနိုင်တော့ဘဲ မေးလာသည်။ “ဘာ.. အဆိပ်ပြင်းကင်းမြီးကောက်အမရဲ့သွေးကန်လား”


ကျန်းလော့က အခိုင်အမာ ခေါင်းညိတ်လိုက်သည်။ 


ဒိုင်လူကြီးများနှင့် ဆရာများသည် အချင်းချင်း ကြည့်လိုက်မိကြပြီး ဆရာတော်ချန်သယ်က နွေးထွေးစွာ ပြောသည်။ “ကောင်းတယ် မင်းတို့ အရင်ဆုံး အပြင်ထွက်သွားလိုက်”


ကျန်းလော့နှင့် လျောင်ဇီသည် အခန်းအတွင်းမှ လမ်းလျှောက် ထွက်လာခဲ့ပြီး လျောင်ဇီက အနည်းငယ်ပြုံးလျက် ဆိုသည်။ “ကျန်းလော့ ငှက်တွေက အစားအတွက် သေတယ်၊ လူတွေက ပိုက်ဆံအတွက် သေတယ်၊ တောင်းပန်ပါတယ် ငါလည်း ယွမ်ထျန်ကျူးကို လိုချင်တယ်”


“ဒါက အဆင်ပြေပါတယ်” ကျန်းလော့က ပြုံးလိုက်ပြီး သူ့အမူအရာက အနည်းငယ်မှ မပြောင်းလဲသွားချေ။ “ငါ နားလည်တယ်”


ဆယ်မိနစ် ကြာပြီးနောက် ရလဒ် ထွက်လာသည်။ ကျန်းလော့က ပထမဖြစ်သွားသည်မှာ အံ့ဩဖို့ မရှိ၊ အထိအခိုက်များ လေးနာရီကြာ ဖြစ်ပြီးနောက် အုပ်စုသည် ဘတ်စ်ကားဖြင့် မြို့ငယ်လေးရှိ တော်သင့်ရုံ ဟိုတယ်လေးသို့ သွားလိုက်ကြသည်။ 


ဤအချိန်တွင် ညက ပိန်းပိန်းမှောင်စ ပြုနေလေပြီ။ ကျန်းလော့သည် ချွေးများထွက်နေပြီး အရင်နှစ်ရက်ကတည်းက ဖုန်များဖြင့် လူးနေခဲ့သဖြင့် ရေနွေးနွေးလေးဖြင့် ရေကောင်းကောင်း ချိုးလိုက်သည်။ ရေချိုးပြီးနောက် သူ့အား ဖုန်းလီမှ လူလွတ်ခေါ်သည်။ 


ကျန်းလော့သည် တီရှပ်ကို ပြီးစလွယ် ဝတ်လိုက်ပြီးနောက် ရေစိုစိုဖြင့်ပင် ဖုန်းလီထံသို့ သွားလိုက်သည်။ 


တံခါးကို ခေါက်လိုက်ပြီးနောက် ဖုန်းလီ၏ အေးငြိမ်ငြိမ် အသံက ထွက်ပေါ်လာသည်။ “ဝင်လာခဲ့”


ကျန်းလော့ တံခါးဖွင့်ပြီး ဝင်လိုက်သည်။ သူ ဝင်လိုက်သည်နှင့် လေအေးပေးစက်ထက် ပို၍ သက်တောင့်သက်သာ ရှိသော အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။ ကျန်းလော့သည် အခန်းပတ်လည်ကို ကြည့်လိုက်သောအခါ အခန်းထောင့်တွင် မှောက်ထားသော အဖြူရောင်ကြွေပန်းကန်လုံးကို တွေ့လိုက်ရသည်။ 


ကြွေပန်းကန်လုံးအောက်ခြေတွင် တူနှစ်ချောင်းကို ဒေါင်လိုက် ထားရှိပြီး ပန်းကန်လုံး၏အောက်ခြေသည် ကြမ်းခင်းနှင့် ထိနေကာ ယင်းမှ လေအေးငွေ့ ဖြူဖြူများက ထွက်နေပေသည်။ 


သူ ဤလောကသို့ ရောက်လာခဲ့ပြီးကတည်းက ကျန်းလော့သည် သိပ္ပံပညာမှ လွန်မြောက်သော နည်းလမ်းများကို အသုံးပြုခဲ့ပြီး ဖြစ်သော်ငြား ယခုယင်းကို မြင်လိုက်ရသည်တွင် အသစ်အဆန်း ဖြစ်နေဆဲပင်။ ဖုန်းလီသည် သူ့မျက်လုံးများအတိုင်း လိုက်ကြည့်ပြီးနောက် မခြားနားဟန်ဖြင့် ဆိုလာသည်။ “မင်းရဲ့အခန်းက ပူနေလို့လား”


ကျန်းလော့ ခေါင်းညိတ်လိုက်သည်။ “အဲဒါက ပူရုံတင် မကဘူး တအား တအားကို ခြောက်သွေ့နေတာ”


“မင်းရဲ့ညီအစ်ကိုတွေကို နောက်မှ မင်းအခန်းထဲကို ရေအေးတစ်ပန်းကန် ယူသွားဖို့ မေးလိုက်မယ်” ဖုန်းလီက ပြောသည်။ “လာခဲ့ ထိုင်ပြီး စကားပြော”


ကျန်းလော့က စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ဖုန်းလီက သူ့ဆံပင် ရေစိုနေသည်ကို မြင်ပြီးနောက် ပြောလာသည်။ “မင်းဆံပင်ကို ဘာလို့ ခြောက်အောင် မလုပ်ခဲ့တာလဲ”


“ကျွန်တော် တွေ့ဖို့ ထွက်လာတော့ နောက်ကျနေပြီ” ကျန်းလော့က လျစ်လျူရှုဟန်ဖြင့် ဆိုသည်။ “မကြာခင် ခြောက်သွားလိမ့်မယ်”


ကျန်းလော့ ပုဝါကို ပခုံးပေါ် ဆွဲတင်လိုက်ပြီးနောက် သူ့အနားတွင် ရပ်နေသည့် ဖုန်းလီကို ဘေးတွင် တွေ့လိုက်ရသည်။ 


ကျန်းလော့က တအံ့တဩဖြင့် ဆိုသည်။ “ဆရာသခင်”


ဖုန်းလီသည် သူ့ဆံပင်ရေစိုကို လျစ်လျူရှုလျက် သူ၏ ရှည်လျားသော လက်ချောင်းများက ကျန်းလော့၏ ကော်လံဆီသို့ ရောက်သွားသည်။ 


လက်ချောင်းများက ကော်လံကို ညင်သာစွာ ဆွဲလိုက်တော့ ဆံနက်လူငယ်လေး၏ ညှပ်ရိုးက ပေါ်လာပြီး ဖုန်းလီက ငုံ့ကြည့်ရင်း ဆိုသည်။ “အသက်ကယ်အဆောင်ကို အသုံးမပြုခဲ့တာကို ငါ အံ့ဩမိတယ်”


ကျန်းလော့သည် ဖုန်းလီမှ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆောင်ကို လေ့လာနိုင်စေရန် သူ့ဆံပင်ကို ချည်နှောင်လိုက်သည်။ “အဲဒါက အန္တရာယ်များတယ်၊ ဒါပေမဲ့ မသုံးလိုက်မိခင် ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်”


ဖုန်းလီ၏လက်ချောင်းများက သွေဖယ်သွားပြီး သူ့ထိုင်ခုံသို့ အတွေးအပြည့်ဖြင့် ပြန်သွားလိုက်သည်။ 


ကျန်းလော့က သမ်းဝေလိုက်သည်။ “ဆရာသခင် ကျွန်တော့်ဆီကနေ ဘာများ လိုသေးပါသလဲ”


ဖုန်းလီက နောက်ပြန်ကြည့်ကာ အံဆွဲအတွင်းမှ သေတ္တာကို ထုတ်ယူ၍ ကျန်းလော့ရှေ့တွင် ထားလိုက်သည်။ “ဒါက ပြိုင်ပွဲအတွက်ဆုပဲ၊ ယွမ်ထျန်းကျူ”


ကျန်းလော့ မအိပ်နိုင်တော့ပေ။ သူ့လက်ထဲမှ ဘူးကို ယူလိုက်ပြီးနောက် ဖွင့်လိုက်ကာ သေတ္တာအလယ်မှ အေးစက်နေသော အရှိန်အဝါ ပါဝင်သည့် ဖောက်ထွင်းမြင်နိုင်သော ပုတီးစေ့က ထွက်ပေါ်လာသည်။ 


ထိုရင်းနှီးနေသော ခံစားချက်အရ အသုဘဆိုင်ပိုင်ရှင်၏လက်ထဲရှိ ယွမ်ထျန်းကျူနှင့် အတိအကျ တူညီနေပေသည်။ 


ကျန်းလော့ ပုတီးစေ့ကို လက်ထဲတွင် ကိုင်လိုက်သောအခါ ရေခဲတုံးအား ထိတွေ့လိုက်ရသလို ခံစားလိုက်ရသည်။ မျက်နှာပြင်မှာ ချောမွေ့သော ကျောက်စိမ်းကဲ့သို့ ဖြစ်ပြီး ကြည်လင်သော အဖြူရောင်အလင်းက လေထုထဲသို့ အချိန်မရွေး လွင့်စင်သွားတော့မည့်နှယ် တူနေသည်။ 


ကျန်းလော့က ပုတီးစေ့ကို စိုက်ကြည့်လိုက်ပြီး အရောင်ကို အနည်းငယ် နှစ်သက်သဘောကျသွားသည်။ “ဆရာသခင် ယွမ်ထျန်းကျူက အမှန်တကယ် ဘာလဲ”


ဖုန်းလီက ပြောသည်။ “ငါ ပြန်ရောက်ရင် မင်းကို ပြောပြမယ်”


ကျန်းလော့က အာရုံပြန်ရလာပြီးနောက် ယွမ်ထျန်းကျူကို သေတ္တာအတွင်း ပြန်ထည့်လိုက်ပြီး ဖုန်းလီကို ပြုံးပြလုက်သည်။ “ကောင်းပါပြီ”


ဖုန်းလီက အင်အားကုန်ခမ်းနေပုံရသော သူ့မျက်နှာကို ကြည့်ပြီးနောက် ပြောလာသည်။ “ရပြီ သွားတော့”


ကျန်းလော့သည် ထွက်လာခဲ့ပြီးနောက် တံခါးပိတ်ဟန်ဖြင့် အတွင်းသို့ ကြားလေးမှ ချောင်းကြည့်လိုက်သည်။ ဖုန်းလီသည် စားပွဲတွင် ထိုင်နေဆဲ ဖြစ်ကာ သူ့ခန္ဓာကိုယ်က အရိပ်မည်းထဲတွင် ရောက်နေလေသည်။ 


သူ့မျက်လုံးများက နက်မှောင်နေပြီး စူးရှနေကာ သူ့နှာခေါင်းနှင့် ဘေးနားတွင် အနက်ရိပ်များ ဖြစ်နေကာ အင်္ဂတေကိုင်ထားသော ရုပ်တုကဲ့သို့ ခံစားချက်ကင်းမဲ့လျက် အမှောင်ထုအတွင်း နှစ်မြှုပ်နေသည့်နှယ်။ 


၎င်းက သူ့ခန္ဓာကိုယ်မှ သီးခြားစိတ်ဝိညာဉ်မှ အေးစက်မှုများ စိမ့်ထွက်နေခြင်း ဖြစ်သည်။ 


ထိုအချိန်အတွင်း ကျန်းလော့သည် ထိုနေရာတွင် ထိုင်နေသည်မှာ ဖုန်းလီမဟုတ်ဘဲ ချီယုံဟုပင် တွေးလိုက်မိလေသည်။ 


တံခါးကို ကလစ်တစ်ချက်နှင့် ပိတ်လိုက်ရ၏။ 


ကျန်းလော့သည် ထိုနေရာတွင် တဒင်္ဂမျှ ရပ်နေမိပြီး သူ့အခန်းကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တော့သည်။ 


ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ့နှာခေါင်းထိပ်မှ ချွေးအေးတစ်လွှာက ထွက်လာလေသည်။ 


သူ လိုချင်တာက..။ 


မူရင်းစာအုပ်တွင် ဖုန်းလီက ချီယုံကို ကျင့်ကြံခြင်း လက်စားချေခြင်း အဆင့်မြင့်ဖို့ ဘာလို့ ကူညီခဲ့တာလဲ။ 


တကယ်လို့သာ ချီယုံရဲ့ အကြီးမားဆုံးပန်းတိုင်က သဘာဝလွန်အင်အားစုကို လွှမ်းမိုးနိုင်ဖို့ ဆိုရင် ဖုန်းလီက ကောင်းကင်သခင်တစ်ပါးအနေနဲ့ သူ့ကို ဘာလို့ ကူညီမှာလဲ။ 


မဟုတ်မှလွဲရော။ 


ဖုန်းလီက ချီယုံရဲ့ ရုပ်သေးရုပ်ဖြစ်သွားတာလား။ 


ဒါမှမဟုတ်.. ချီယုံရဲ့ ခန္ဓာကိုယ်အသစ်လား။ 


ကြီးမားသော မသင်္ကာဖြစ်မှုက သူ့စိတ်ထဲ ရောက်လာပြီး ကျန်းလော့သည် သူ့နှလုံးသားအတွင်း အေးစိမ့်မှုများနှင့် လူးလိမ့် အတွေးများနေလေတော့သည်။ သူ စားပြီး အိပ်ပြီးနောက် နောက်နေ့တွင် တခြားသူများနှင့် ဆေးရုံသို့ သွားကာ လုယုံရိအား သွားကြည့်လေတော့သည်။ 


လုယုံရိက သက်သာနေပြီ ဖြစ်ကာ ဆေးရုံတွင် တစ်ရက် နေခဲ့ရသည်။ တစ်ရကန်ကုန်သွားပြီးနောက် သူက အသက်ရှင်နေဆဲ ဖြစ်ကာ ပြန်သက်သာလာခဲ့သည်။ 


ကျန်းလော့က ရယ်ရင်းပြောသည်။ “လုယုံရိ မင်း ကောင်းကောင်း ပြန်သက်သာလာတာပဲ”


လုယုံရိက ဆိုသည်။ “မင်း ဟိုသားရဲ စီဝမ်ကွေးကို ဘယ်လို လုပ်လိုက်တာလဲ”


သူ့ပါးစပ်မှ ထိုစကားများထွက်ပြီးသည်နှင့် သူက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ကျန်းလော့အနားကို တိုးလျက် မေးလာသည်။ “ကျန်းလော့ မင်း စီဝမ်ကွေးကို ခေါ်လာတာလား”


ကျန်းလော့က ပြောလိုက်သည်။ “သူ့ကို အခု ထန်ပိလို့ ခေါ်”


ထိုစကားကို လုယုံရိက ကြားသောအခါ ဘာမှန်း နားလည်လိုက်သည်။ စီဝမ်ကွေးသည် သူတို့နှင့် သူငယ်ချင်းကဲ့သို့ ရင်းနှီးခဲ့ပြီး ရှင်လျက်နှင့်သေလူ မဟုတ် ထန်ပိရော မဟုတ်ခဲ့ချေ။ အခုတွင် စီဝမ်ကွေးမှာ ထန်ပိ ပြန်ဖြစ်လာပြီး သူတို့သည် အမှန်တကယ် သူငယ်ချင်းများ မဟုတ်ခဲ့ချေ။ 


လုယုံရိသည် သူ့အိတ်ကို ထုတ်ပိုးကာ လေယာဉ်ပေါ် မတက်မချင်း တစ်လမ်းလုံး ခေါင်းငုံ့နေခဲ့ပြီး သက်ပြင်းရှည်ကို ချလျက်။ “ဒါက ကံမကောင်းပေမဲ့ ကံကြမ္မာပဲလေ”


ကျန်းလော့က မျက်လုံးမှိတ်လိုက်ပြီး အိပ်လိုက်သည်။ “အင်း ဟုတ်တယ် အိပ်တော့မယ်”


ဝေးလံခေါင်ဖျားသော ရှန်တုချွင်တွင်မူ။ 


နက်ရှိုင်းသော တောင်တန်း၏အလယ်တွင် ကြီးမားသော ကျောက်တုံးကြီးနှစ်ခုသည် နှစ်စက္ကန့်မျှ မငြိမ်မသက် ဖြစ်သွားပြီးနောက် ပြင်းထန်စွာ တုန်ခါလာသည်။ 


ဘန်းခနဲ မြည်သံနှင့်အတူ ကျောက်တုံးက လိမ့်သွားပြီး မြေပြင်မှ ပိတ်ဆို့ထားသော တွင်းပေါက်က ပေါ်လာသည်။ 


စုတ်ပြဲနေသော အဝတ်များနှင့် လူတစ်ဦးသည် ဖုန်များ ရွံ့များ လူးလျက် တွင်းပေါက်မှ တွယ်တက်လာသည်။ 


သူ့လက်ထဲတွင် ကြီးမားသော ဓားကို ကိုင်ထားပြီး ဘေးဘီကို ကြည့်လျက် မြေပြင်သို့ တက်လာတော့သည်။ 


“သူငယ်ချင်းတွေ…”


သို့သော် သူ့နှာခေါင်းသည် ထိုစိမ်းသက်သက် ရနံ့ကို မရတော့ချေ။ (ဆိုလိုတာက သူက ကျန်းလော့နဲ့ လုယုံရိတို့ အနံ့ကို မရတော့ဘူးတဲ့ ဟိုက လေယာဉ်နဲ့သွားလိုက်ပြီမို့ပါ)