Ch 45
Viewers 8k

အခန်း-၄၅


 အမဲလိုက်ခြင်းစတင်။ 


လက်ရှိအချိန်တွင် ကျန်းလော့သည် အဆိပ်ပြင်းကင်းမြှီးကောက်အမ၏ သွေးများ လက်ထဲမှာရှိဖို့ စိတ်ချလက်ချ ရှိနိုင်ပေသည်။ 


အချိန်က ၂၅မိနစ် ကုန်သွားပေပြီ။ 


ကျန်းလော့သည် အချိန်ကို တမင်သက်သက် ပိုမြန်မြန် ရေတွက်နေပြီး ဂူအတွင်းရှိ ပုံမှန်အချိန်သည် အစစ်အမှန်ထက် ပိုနှေးကွေးပေသည်။ 


သူသည် ချီယုံထက်မှ ငါးမိနစ်အတွင်း ထွက်ပြေးနိုင်ရပေမည်။ 


ကျန်းလော့သည် ရေကန်တစ်ဝက်မှာ နစ်နေပြီး စေးပျစ်သောသွေးများက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးကျလာသည်။ အဆိပ်ပြင်းကင်းမြှီးကောက်အမ၏သွေးသည် စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှု ရှိတာ ဖြစ်နိုင်ပြီး နတ်ဆိုး၏ဝိညာဉ်က အစိုင်အခဲထု ပိုများလာကာ ခန္ဓာကိုယ်တစ်ခု ဖြစ်လုနီးပါးပင်။ 


နှိုင်းယှဉ်မည် ဆိုပါက နတ်ဆိုးဝိညာဉ် ပိုအားကောင်းလာခြင်းက သူ့(ကျန်းလော့)ကို အန္တရာယ်များ ယူဆောင်လာသည့်နှယ်။ 


နတ်ဆိုးက ငုံ့ကိုင်းလာရာ ကျန်းလော့သည် ပို၍ နောက်ပြန်ဆုတ်လိုက်ရပြီး သူ့ခါးတွင် အနောက်မှ ချွန်ထက်သော ကျောက်တုံးများကြောင့် အနာတရ ဖြစ်သွားကာ နတ်ဆိုး၏ ခါးနှင့် ဗိုက်ပေါ်တွင် တင်ထားသော သူ့ခြေထောက်ကလည်း ထိန်းချုပ်မရဘဲ လျောကျသွားတော့သည်။ 


ချီယုံဆီကနေ ဘယ်လို လွှတ်နိုင်မလဲ။ 


ကျန်းလော့သည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေလိုက်ပြီး အလုပ်ဖြစ်နိုင်သော ဖြေရှင်းနည်းကို တွေးရန် ကြိုးစားလိုက်သည်။ 


ဆံနက်လူငယ်လေး၏ နှုတ်ခမ်းက ဝိုင်းစုသွားပြီး သူ၏အနက်ရောင် ဆံနွယ်များက သရဲတစ္ဆေနှယ် ပြန့်ကျဲနေလျက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တင်းမာနေကာ အလှလေးကဲ့သို့ပင်။ 


ကျန်းလော့ထံတွင် နတ်ဆိုးကို တိုက်ခိုက်ရန် သူ့ကိုယ်တွင်းမှ ရွှေရောင်ကြိုးတစ်မျှင်သာ ရှိတော့သည်။ 


၎င်းအား ဓားမြှောင် သို့မဟုတ် အများဆုံး ကြွက်တစ်ကောင်အဖြစ်သာ ပြောင်းလဲနိုင်ပေမည်။ 


သေစမ်း။ 


နတ်ဆိုးကို လှည့်စားဖို့သာ ရှိတော့ပေ၏။ 


ကင်းမြှီးကောက်အမ၏ သွေးကို ခိုးယူသော သူ့ပြစ်မှုမှ နတ်ဆိုး၏ စိတ်ဝင်စားမှုကို လမ်းကြောင်းပြောင်း ရပေမည်။ 


သူသည် လူကယ်ချင်သည့်အကြောင်းအား လုံးဝ သိခွင့်ပြုမည် မဟုတ်၊ တခြားတစ်ဖက်အားဖြင့် သိရှိသွားပါက ကြောင်က ကြွက်ကို ကစားသလို ပိုရက်စက် ပိုကြမ်းတမ်းစွာ ကစားခံရမည် ဖြစ်ပြီး ကျန်းလော့သည် လုယုံရိအား ကယ်တင်ရန် နောက်ကျသွားနိုင်ပေသည်။ 


“ပျောက်နေတဲ့ သတို့သမီးလား” ဆံနက်လူငယ်လေး၏ ကိုယ်နေဟန်ထားက အနှောင့်အယှက် ဖြစ်ဟန်ရသော်လည်း သူ့နှုတ်ခမ်းစွန်းများက သရော်ဟန် အထက်သို့ ကွေးတက်သွားပြီး နတ်ဆိုးကို အရူးကဲ့သို့ ကြည့်လိုက်သည်။ 


“မဟုတ်ဘူး မင်းအတွက် ငါက ဒီကို ရောက်နေတာ မသိဘူးလား”


ချီယုံက မျက်ခုံးပင့်လိုက်ပြီး ခပ်တိမ်တိမ် ပြုံးလျက် ပြောသည်။ “ငါ့ကို လာရှာတာလား”


“အင်း မင်းကို လာရှာတာ” ကျန်းလော့သည် ချီယုံအား ပျင်းရိစွာ ကြည့်လိုက်ပြီး။ “ရှန်တုချွင်ဆိုတဲ့ ရွာလေးမှာ ကျော်ကြားလှတဲ့ ချီယုံက နတ်ဘုရားရုပ်တုနဲ့ ဘယ်လို ကစားမလဲဆိုတာကို ကြည့်ဖို့လေ”


ဆံနက်လူငယ်လေးသည် သန့်စင် နှစ်လို့ဖွယ်ကောင်းပြီး အန္တရာယ်ရှိဟန် ပြုံးလိုက်ပြီး။ 


“စကားမစပ် ဒီအံ့ဖွယ်အမျိုးသားကို ခွေးတစ်ကောင်လိုမျိုး သူ့ခြေထောက်ကြား အမြှီးကုပ်ပြေးအောင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရအောင်”


ကျန်းလော့၏ လက်ရှိအနေအထားမှာ တမင်သက်သက် အသနားခံနေရမည် ဖြစ်သည်။ ယင်းက ရွှံနွံကြားဝယ် ပွင့်လန်းနေသော ပန်းပွင့်မှ အလွန်သန်မာသော သင်းရနံ့ ထွက်ပေါ်လာသည့်နှယ်။ သူ့ပုံပန်းသွင်ပြင်ကြောင့် နတ်ဆိုးသည် ဆွဲဆောင်ခံလိုက်ရပြီး သူ့ခေါင်းကို ကိုင်းညွှတ်လျက် ပြုံးကာ တင့်တယ်စွာ ဆို၏။ 


“လက်ရှိအခြေအနေအရတော့ ကျောင်းသားကျန်းက ငါ့ကို အမြှီးနှံ့ပြနေတဲ့ ခွေးနဲ့ တူနေတာပဲ”


ကျန်းလော့သည် မျက်တောင်ခတ်လိုက်မိပြီး မနှစ်မြို့သော အရိပ်အငွေ့ ဖြတ်သန်းသွားသည်။ 


သူ ချောက်ချားလေလေ နတ်ဆိုးက ပျော်ရွှင်လေလေ ဖြစ်မည်မှာ အမှန်ပင်။ ချီယုံ၏ရယ်သံက တဖြည်းဖြည်း ကျယ်လာပြီး ဂူအတွင်း ရင်တထိတ်ထိတ် ဖြစ်လာစေသည်။ 


ရေသည် လှုပ်ခတ်သွားပြီး ကျန်းလော့သည် နတ်ဆိုး၏နောက်ရှိ ကြီးမားသော သရဲဆန်ဆန် ပုံစံတစ်ခုကို ရိပ်ခနဲ တွေ့လိုက်ရသည်။ 


ချီယုံ၏ ခန္ဓာကိုယ်သည် သူ့မျက်နှာကဲ့သို့ ကောင်းမွန်လှပြီး နတ်ဘုရားသည် ထိုလူသားအား ဖန်တီးရာတွင် နှစ်သက်မှုအချို့ ပေးခဲ့ဟန် တူသည်။ သူ ဝတ်စုံဝတ်ထားပါက ရှည်လျားပြီး အချိုးအစားညီသည့် ပြည့်စုံမှုတစ်ခု ဖြစ်ပြီး ကိုယ်ဗလာ ဖြစ်နေခဲ့ပါက ကြွက်သားအပြည့် မဟုတ်ဘဲ ကြံ့ခိုင်သန်မာလျက် တစ်လက်မစီတိုင်းတွင် တေးဂီတ သံစဉ်ကဲ့သို့ အနိမ့်အမြင့် ရှိကာ လှပသောမြင်ကွင်းကို ဖြစ်တည်စေသည်။ 


ဖြူရော်ပြီး စိမ်းဖန့်နေပြီး ထူးခြားသော အခြေအနေတွင် ရှိနေသည့်တိုင် ယင်းက နေမကောင်းသော အလှလေးနှယ် သူ့အလှကို တိုးပေးလိုက်သလိုသာ။ 


ထိုအချိန်တွင် တွန့်လိမ်နေသော သရဲလို ပုံစံသည် ချီယုံ၏ ကျောရိုးတစ်ခုလုံးနီးပါးကို ဖုံးကွယ်လုနီးပါးပင်။ 


ကျောရိုးပေါ်ရှိ ဖြူရော်ရော် ရုပ်ဆိုးဆိုး သရဲအမှတ်အသားသည် ကျောရိုးအောက်သို့ ဆင်းသွားပြီး ချီယုံ၏ တင့်တယ် ချောမောသော မျက်နှာချောချောကို မှော်စွမ်းအားအလွှာဖြင့် ဖုံးကွယ်လိုက်ပြီး မကောင်းဆိုးဝါးနှယ် ဖြစ်သွားစေ၏။ 


သို့သော် ဖျပ်ခနဲ ကြည့်လိုက်မိပြီးနောက် တခြားကို ပြန်ကြည့်ဖို့က ခက်ခဲလွန်းလေသည်။ ငါ ပိုကြည့်လေလေ ပိုထိတ်လန့်ရလေလေ ပိုထိတ်လန့်ရလေလေ ကိုယ့်မျက်လုံးကိုယ် မထိန်းနိုင်လေလေ သရဲတစ္ဆေပုံစံက ငါ့ဝိညာဉ်ကို ဗိုက်ထဲအထိ မျိုချလိုက်သလိုပဲ။ 


ကျန်းလော့သည် နောက်လှည့်ကြည့်ရန် အားတင်းလိုက်သည်။ 


ကျန်းလော့သည် ရေကန်ထဲကို လျောကျနေခြင်းမှ ထိန်းထားရန် နတ်ဆိုး၏ အားကို သုံးလျက် ချီယုံ၏ ပေါင်ပေါ်တွင် ခြေချထားရသည်။ 


ဇာတ်လမ်းမူရင်းတွင် ချီယုံပေါ်ရှိ သရဲအမှတ်အသားနှင့် ပတ်သတ်၍ ပြောထားခြင်းကို မဖတ်ခဲ့ရပေ။ 


မူရင်းစာအုပ်၏ အစောပိုင်းတွင် ချီယုံ၏ ဘေးတွင် ရှိသော မှဲ့သုံးလုံးအကြောင်း ရေးသားထားပြီး ချီယုံ၏ ရုပ်ရည်၊ ပုံရိပ်၊ ချမ်းသာကြွယ်ဝမှု မည်သို့ ယဉ်ကျေး၊ မည်သို့ ဖော်ရွေလှကြောင်း၊ သူ့တွင် နောက်လိုက်များ မည်မျှ များပြားလှကြောင်း ကို စာလုံးထောင်ချီဖြင့် ဖော်ကျူးထားခဲ့ပြီး ယင်းမှာ ချီယုံမှ ကြောင်လေးများကို ကယ်တင်သည့် အသုံးမဝင်သည့် အကြောင်းပင် ပါဝင်သေးသည်။ ငှက်များအကြောင်း ရေးသားထားခြင်းက နည်းနည်းမျှပင် အသုံးမဝင်နိုင်ပေ။ (ဆိုလိုတာက မူရင်းစာအုပ်မှာ အခု သူ တွေ့လိုက်တဲ့ အဓိကကျတဲ့ သရဲအမှတ်အသား လိုဟာမျိုးတွေ မပါဘဲ ချီယုံက ကြောင်တွေကယ်တယ် ငှက်တွေ ကယ်တယ် ဆိုပြီး မလိုအပ်ဘဲ စာလုံးတွေ အများကြီးနဲ့ မူရင်းစာရေးသူက လျှောက်ရေးထားခဲ့တယ်လို့ ပြောချင်တာပါ)


ဒီသရဲအမှတ်အသားက ဘာဖြစ်ရပြန်တာလဲ။ 


ကျန်းလော့၏ ဦးခေါင်းမှ နာကျင်လာတော့သည်။ 


ချီယုံက မရေမရာ ပြောလာ၏။ “မင်းသာ အမြှီးကို လှုပ်ယမ်းပြရင် ငါ မင်းကို လွှတ်ပေးမယ်လေ”


ကျန်းလော့သည် နှာခေါင်းရှုံ့လိုက်မိသည်။ သူ ချီယုံကို နားလည်ထားမှုအရ သူသာ အရှုံးကို ဝန်ခံလိုက်ပါက သူသည် နတ်ဆိုးဝိညာဉ်ပျင်းရိသွားသည့် နောက်တစ်စက္ကတန့်အတွင်း အသတ်ခံနိုင်ဖွယ် ရှိပေသည်။ 


သူသည် တမင်သက်သက် မျက်လုံးကို လည်ပြလိုက်ပြီး “ငါက မင်းလက်ထဲမှာလေ မင်း ပြောချင်သလို ပြောလို့ရတယ် မင်း သတ်လိုက်လို့လည်း ရနေတာပဲ”


သူ၏လေသံက ခိုင်မာနေပြီး နောက်တစ်ခဏအတွင်း သေနိုင်သည့်တိုင် ခေါင်းမာနေဟန် ပေါ်နေသည်။ သူသည် နတ်ဆိုးဝိညာဉ်ပြောသည့်အတိုင်း ခွေးကဲ့သို့ အမြှီးကို လှုပ်ယမ်းမည် မဟုတ်ချေ။ 


ယင်းက တခြားလူကို အနိုင်လိုချင်တဲ့ ဆန္ဒကို အလွယ်တကူ နိုးကြွလာစေသည်။ 


နတ်ဆိုးသည် ဆံပင်နက်ကောင်လေး၏ အရှုံးကို စိတ်ရောကိုယ်ပါ ဝန်ခံချက်ကို မြင်လိုက်ရသည့်အတွေး ရုတ်တရက် ပေါ်ထွက်လာပြီး သစ်သားခြောက်များ လျင်လျင်မြန်မြန် အရူးအမူး လောင်ကျွမ်းနေသည့်နှယ် သူ့လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်သည်။ သူသည် တီးတိုးရယ်မောလိုက်မိပြီး ဆံနက်ကောင်လေးသာ အသက်ရှင်ခွင့်ရရန် မျက်နှာချိုသွေးခယခဲ့ပါက ယင်းမှာ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ချေ။ 


ယခုတွင်တော့ ပျင်းရိပြီး စိတ်ဝင်စားဖို့မကောင်းသော သူ့ခံစားချက်များ၊ မရှိတာ ကြာပြီဖြစ်သည့် သူ့စိတ်လိုအင်များသည် အောင်မြင်စွာ မွေနှောက်ခံလိုက်ရပြီး အလွန်စိတ်ဝင်စားဖို့ကောင်းသော မြင်ကွင်းထံတွင် လွှမ်းမိုးခံလိုက်ရတော့သည်။ 


ဆံနက်လူငယ်လေးသည် သေခြင်းတရားနှင့် မျက်နှာချင်းဆိုင်နေရသည့်တိုင် အလွန်အမင်း အာခံနေသည့် နည်းလမ်းမှာ ချီယုံအနေဖြင့် ထိုဆံနက်လူငယ်လေး၏ ဖြောင့်မတ်သော ပင်ကိုစရိုက်အား နှစ်သက်သဘောကျရန် ပို၍ပင် စိတ်မရှည် လက်မရှည် ဖြစ်လာစေနိုင်ကြောင်း သေချာပေါက် ဆိုနိုင်ပေသည်။ 


နတ်ဆိုး မကြည့်မိစဉ်တွင် ကျန်းလော့၏ ခွန်အားသည် မြင့်တက်လာပြီးနောက် သူ၏ အပေါ်ပိုင်းကိုယ်က ရုတ်တရက် တစ်ဟုန်ထိုး ရှေ့သို့ ပစ်ဝင်လိုက်ကာ နတ်ဆိုး၏နားကို ပြင်းထန်စွာ ကိုက်ခဲလိုက်၏။ 


စိုစွတ်သွားသော နတ်ဆိုး၏ နားအတွင်း ရက်စက်စွာ ပြောလိုက်သည်။ “မင်း ငါ့ကို အခု မသတ်ရင် ငါ မင်းကို သတ်မှာကို စောင့်နေလိုက်.. ငါ မင်းရဲ့ခွေး ဖြစ်ရင်ဖြစ်.. ဒါမှမဟုတ်ရင်တော့ မင်း ငါ့လက်ထဲက နာခံတဲ့ခွေး ဖြစ်လာမှာ”


နတ်ဆိုးသည် သူ့နားရွက်မှ အပိုင်းအစတစ်ခုကို ကိုက်ခွင့်ပြုလိုက်ပြီးနောက် ယင်းသည် သူ့ခန္ဓာကိုယ်မှ ခွဲထွက်လာသည်နှင့် အနက်ရောင်မြူခိုးအဖြစ် ပြောင်းလဲသွားသည်။ 


နတ်ဆိုးသည် သူ့ကျောကို ကိုင်းလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းဖြင့် ဆံနက်လူငယ်လေးကို ဖိကပ်လိုက်ပြီး ကျီစယ်ဟန် ရယ်မောလိုက်၏။ ရန်လိုသော စိတ်အားထက်သန်မှု အာရုံများက အပြည့်အဝ လောင်ကျွမ်းသွားပြီး နတ်ဆိုး၏ကျောမှ သရဲအမှတ်အသားသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အသက်ဝင်လာသည့်နှယ် ကျောရိုးကဲ့သို့ တဆတ်ဆတ် တုန်ယင်သွားသည်။ 


စကားလုံးတိုင်း၊ အကြည့်တိုင်း၊ အပြုအမူတိုင်း၊ လှုပ်ရှားမှုတိုင်းသည် နတ်ဆိုးကို အသွေးအသားတွေ ဆူပွက်လာသည်အထိ ပြုလုပ်နိုင်သူမှာ ကျန်းလော့မှတစ်ပါး မရှိနိုင်ချေ။ 


မိနစ်၃၀ ကုန်ဆုံးလုနီးပါး ဖြစ်သွားသည်။ 


ကျန်းလော့၏ အသက်ရှုသံက တိုးသဲ့သွားပြီး မျက်ဝန်းကို မှိတ်ချလိုက်ကာ ယင်းသာ အလုပ်မဖြစ်ခဲ့ပါက သူသည် အကြမ်းပတမ်း ဖောက်ထွက်မှ ရပေမည်။ 


ထိုအစား နတ်ဆိုးက ရုတ်တရက် သူ့ကို လွတ်လိုက်သည်။ 


ကျန်းလော့သည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ချီယုံသည် အပြုံးတစ်ခုနှင့်အတူ အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွား၏။ 


နတ်ဆိုး၏ ခါးနှင့် ဝမ်းဗိုက်တို့မှ နို့ကဲ့သို့သွေးများက စီးကျလျက်ရှိသည်။ ကင်းမြီးကောက်အစ်မ၏သွေးသည် ရေမဟုတ်၊ နတ်ဆိုး၏ ခါးနှင့် ဝမ်းဗိုက်တို့တွင် တစ်ဝက်တစ်ပျက် ရှူးဖိနပ်ရာက ကျန်ရစ်လျက်ရှိပေသည်။ 


“မင်းမှာ တစ်နာရီ အချိန်ရမယ်” နတ်ဆိုးက ပြုံးလျက် တည်ငြိမ်စွာဖြင့် ရေကန်တစ်ဖက်တွင် ထိုင်ရင်း၊ “တစ်နာရီအတွင်း မင်း ငါ့ကို ဖမ်းမိရင်တော့..”


သူ၏ဖြူလျော်လျော် လက်ချောင်းထိပ်များက ရေကန်နံရံကို ခေါက်ရင်း သူ့အပြုံးက နက်ရှိုင်းလာပြီး၊ “ငါမလွတ်ပေးနိုင်ဘူး ဆိုမှတော့ ငါ မင်းကို သတ်လိုက်ရုံပေါ့”


နတ်ဆိုးသည် သူ့သားကောင်နှင့် ဂိမ်းတစ်ပွဲ ကစားတော့မည်။ 


သားကောင်သည် အချိန်တစ်နာရီ ရမည် ဖြစ်ပြီး တစ်နာရီအတွင်း နတ်ဆိုးလက်မှ မလွတ်ခဲ့ပါက သားကောင်၏သေဆုံးခြင်းနှင့်အတူ ဂိမ်းက ပြီးဆုံးပေလိမ့်မည်။ 


သားကောင် ကျန်းလော့သည် တုံ့ဆိုင်းမနေဘဲ ရေကန်ထဲမှ ကမ်းစပ်သို့ တက်သွားပြီး နတ်ဆိုးအား နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးနောက် ထွက်သွားတော့သည်။ တစ်ခဏတောင် တုံ့နှေးခြင်း တုံ့ဆိုင်းခြင်း မရှိဘဲ လေထုထဲ ပျောက်ကွယ်သွားသည့်အလားပင်။


ခြေသံက အဝေးသို့ ထွက်သွားပြီးနောက် နတ်ဆိုးသည် လူသူမရှိတော့သည့် ဂူကို လှမ်းကြည့်လိုက်ကာ သူ့မျက်လုံးကို မှေးမှိတ်လျက် စိတ်လက်ကြည်သာစွာဖြင့် ကျောက်တုံးနံရံပေါ်တွင် တစ်စက္ကန့်လျှင်တစ်ကြိမ် သေခြင်းတရားမတိုင်မီ ရေတွက်သည့်နှယ် သူ့လက်ချောင်းများကို ခေါက်နေတော့သည်။ 


သူ မျက်လုံးမှိတ်နေစဉ်အတွင်း ရွှေရောင်ကြွက်ငယ်လေးသည် ဂူအစွန်တွင် ပစ်ချထားသော နတ်တမန်တော်၏ ဝတ်ရုံနက်ကို အသာအယာ ဆွဲယူလျက် ညင်သာစွာ ထွက်သွားတော့သည်။ 


ကျန်းလော့က ထွက်မသွားခဲ့ချေ။ 


သူသည် ရေကန်အနားတွင် ပုန်းအောင်နေပြီး အနီရောင်ဝတ်လူက စီဝမ်ကွေးကို လမ်းအတိုင်း ခေါ်လာတာ တွေ့လိုက်ရသည်။ 


အနီဝတ်လူက ထန်ပိကို ဆွဲခေါ်လာပြီး ကျန်းလော့ကို သတိမထားမိဘဲ ဂူအတွင်း လျှောက်ဝင်သွားသည်။ “သခင်.. ကျွန်တော် ထန်ပိကို ပြန်ခေါ်လာပါတယ်”


စီဝမ်ကွေးသည် သနားစဖွယ် သွေးများစီးကျနေပြီး အသက်မဲ့နေသည့်နှယ် အနီဝတ်လူက သူ့အား ဂူအတွင်း ဆွဲသွင်းလာနိုင်သည်ကပင် ကျေးဇူးတင်ဖွယ်ကောင်းနေပေသည်။ 


အနီဝတ်လူက ထန်ပိအား မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားလျက် တိတ်ဆိတ်နေသော ဂူအတွင်း အသက်ရှုသံပြင်းပြင်းနှင့် သူ့ဓားကြီးကို ကိုင်ရန် ကြိုးစားနေသံတို့ဖြင့် ပြည့်နှက်သွားသည်။ 


အနီဝတ်လူက သူ့ဓားကို ဘေးသို့ ကန်ထုတ်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောသည်။ “ထန်ပိ မင်းက လူသားနှစ်ယောက်နဲ့ ရောထွေးပြီးတော့ သခင့်ကို သစ္စာဖောက်ချင်နေတာလား”


စီဝမ်ကွေးနဲ့ အနီဝတ်လူက ရုပ်တုရဲ့ဘယ်ညာလက်ရုံးတွေ မဟုတ်ဘူးလား။ သူတို့က ဘာလို့ ချီယုံ့ကို သခင်လို့ ခေါ်နေရတာလဲ။ 


ကျန်းလော့ စိုက်ကြည့်လိုက်မိသည်။ 


ချီယုံက လက်ရှိအချိန်တွင် စိတ်ကောင်းဝင်နေပြီး အပြုံးတစ်ခုနှင့်အတူ စကားပြောလာသည်။ “ထန်ပိ ဟွာပိပြောတာ အမှန်ပဲလား”


စီဝမ်ကွေးက ပါးစပ်အပြည့် သွေးချောင်းဆိုးလိုက်ပြီး ပြောသည်။ “ငါ့နာမည်က စီဝမ်ကွေး ထန်ပိ မဟုတ်ဘူး”


ချီယုံ: “ဟမ်…”


ဟွာပိ၏အသံက ရေခဲတုံးများနှယ် အေးစက်သွားပြီး “သူက သူ့ကိုယ်သူတောင် မေ့သွားပြီ”


“ဟုတ်လား” နတ်ဆိုးက ရှားရှားပါးပါး ဆိုလာသည်။ “ထန်ပိ ဒီကိုလာ”


စီဝမ်ကွေးက ထိုသို့ သွားရမည့်အစား သူ့ဓားကြီး ရှိရာသို့ သူ့နောက်ဆုံး အားကုန်သုံးလျက် ပြေးသွားလိုက်သည်။ သို့သော် သူသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီး သူ့လှုပ်ရှားမှုတိုင်းက နှေးကွေးနေခဲ့ပြီး ကလေးပင်လျှင် သူ့အား လဲကျသွားစေနိုင်ပြီး သူ ခြေတစ်လှမ်းမှ မလှမ်းရသေးခင် ဟွာပိက သူ့အား ကျောက်တုံးနံရံဆီ ကန်လွှင့်လိုက်တော့သည်။ 


စီဝမ်ကွေးသည် ကျောက်တုံးနံရံထောင့်သို့ ပြုတ်ကျသွားပြီး လုံးဝ မလှုပ်ရှားလာတော့ပေ။ 


သို့သော် ဟွာပိနှင့် ချီယုံက တည်ငြိမ်သော အမူအရာဖြင့်သာ ရှိလျက်၊ “သခင် ရုပ်တုက မြေအောက်ထဲမှာ ရှိပါတယ်၊ ဒါပေမဲ့ ဘယ်အပိုင်းထဲ ရောက်နေလဲတော့ ကျွန်တော် မသိဘူး”


ချီယုံ: “ဟင်း..”


“ထန်ပိနဲ့ ကျွန်တော်က ရုပ်တု အသက်ဝင်လာဖို့ မမျှော်လင့်ထားဘူး။ အဲဒါက အသက်ဝင်လာပြီးတော့ သက်ဝင်ရုပ်တု ဖြစ်လာပြီး ယဇ်ပူဇော်ဖို့ စေခိုင်းခဲ့တာ၊ သခင် ရှန်တုချွင်ကို ပြန်မလာသေးလို့ ထန်ပိနဲ့ ကျွန်တော်က ဒီရုပ်တု ပိုသန်မာလာပြီးတော့ သခင့်အတွက် ပိုကောင်းတဲ့ ခန္ဓာကိုယ်အသစ်ရဖို့ ငါတို့ရဲ့အထောက်အထားတွေကို မထုတ်ဖော်ဘဲ ရုပ်တုရဲ့ဘယ်ညာလက်ရုံးတွေအဖြစ် သူ့အမိန့်အတိုင်း သူ့ကို ကြီးထွားဖို့ ကူညီခဲ့တယ်”


ချီယုံက လေသံအတက်အကျ မရှိဘဲ ပြောသည်။ “ဆက်လုပ်..”


သူက တည်ငြိမ်နေပြီး ဟွာပိသည် ချွေးများ စီးကျလာတော့သည်။ “ဒါပေမဲ့.. ကျွန်တော်တို့က နတ်ဆိုးနတ်ဘုရားကို မွေးမြူမိသွားတယ်။ ရုပ်တုက အသိစိတ် ရှိလာပြီး သန်မာလာတယ်၊ သူက ရွာသားတွေကို ကိုးကွယ်ဖို့ အတင်းအကျပ် လုပ်ခဲ့တယ်၊ ငါတို့ ဒါကို သိတော့ သူက ရှင်သန်လုနီးပါး ဖြစ်သွားပြီ”


သူက ခဏရပ်လိုက်ပြီးနောက် ဂရုတစိုက် ပြောလိုက်သည်။ “သူ့ဝိညာဉ်ကို သူ ပိုင်ဆိုင်သွားဖို့ နောက်ဆုံးယဇ်ပူဇော်တာက လွဲချော်သွားခဲ့ပါတယ်”


ချီယုံက တီးတိုး ရယ်လိုက်ပြီး၊ “ဒီတော့ ဒါက မင်း ငါ့ကို နတ်တမန်တော်အဖြစ် လာလုပ်ခိုင်းဖို့ မေးခဲ့တဲ့ အကြောင်းလား”


ဟွာပိသည် ချက်ချင်း ဦးညွှတ်လိုက်ပြီး ဆိုသည်။ “သခင်.. ကျွန်တော်တို့ မှားသွားပါတယ်”


ချီယုံက တမ်းတမ်းတတ ဆိုသည်။ “ငါ မင်းကို ကျောက်ရုပ်တုကို ပြပေးခဲ့တယ်၊ မင်းက အမှားတွေ လုပ်တယ်၊ နောက်ဆုံးမှာ အသက်ပြန်မရှင်လာနိုင်တဲ့ ယဇ်ပူဇော်တာကို ငါက ရွေးချယ်ခဲ့ရတယ်၊ ဟွာပိ ဒီနှစ်တွေမှာ မင်းက အေးအေးဆေးဆေး နေဖို့ အချိန်ကောင်းတွေ ရှိခဲ့တာပဲ”


ဟွာပိသည် မည်သည့်စကားမျှ မဆိုတော့၊ သို့သော် သူ့လက်များက အနည်းငယ် တုန်ယင်နေ၏။ ချီယုံက တစ်ခုခုကို သတိရသွားဟန်ဖြင့် ညှင်းသဲ့သဲ့ ရယ်လိုက်သည်။ “ငါ ဘာလို့ ယဇ်ပူဇော်တာကို ရွေးလိုက်တာလဲ သိလား”


ဟွာပိက တိတ်တဆိတ် စိတ်သက်သာရာရသွားပြီး။ “ဘာလို့လဲ”


ကျန်းလော့သည် ချီယုံအစား ဖြေပေးလိုက်သည်။ “ဘာလို့လဲ ဆိုတော့ ငါက လူတစ်ယောက် ပြီးတော့ ငါ့ရဲ့စရိုက်လက္ခဏာ၈ဦးမှာ ယင်ဓာတ်မပါဘူး”


သူ့သွေးကို အသုံးပြုခဲ့သော်ငြား အကျိုးသက်ရောက်မှု မရှိခဲ့ချေ။ 


နတ်ဆိုးက မရှင်းပြဘဲ ခပ်ဟက်ဟက် ရယ်မောလိုက်သည်။ ဟွာပိက တစ်စုံတစ်ခုကို မှားယွင်းနားလည်သွားပြီးနောက် တွေးတွေးဆဆ ဆိုလာသည်။ “စိတ်မပူပါနဲ့ သခင်.. ငါ အဲဒီလူသားကို သတ်လိုက်မယ်၊ ပြီးရင် သူမရဲ့ယဇ်ပူဇော်မှုကနေ ရုပ်တုရဲ့အသက်ကို ရအောင်ယူမယ်” (ဟွာပိက ကျန်းလော့ကို မိန်းကလေးလို့ ထင်နေတုန်းပါ)


ချီယုံက မျက်ခုံးပင့်တက်သွားပြီး။ “မင်းက သူ့ကို သွားသတ်မှာလား”


ဟွာပိက ခေါင်းညိတ်လိုက်ပြီး အထင်သေးဟန်ဖြင့်။ “လူသားက လူသားပါပဲ သခင်.. ငါ သူမကို အမြန်ဆုံး ဖယ်ရှားပစ်လိုက်မယ်”


ချီယုံက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဟွာပိ မင်း ဂရုမစိုက်ရင် မင်း အကိုက်ခံရလိမ့်မယ်”


ဟွာပိသည် ချီယုံ၏စကားများကို နှလုံးသားအတွင်းမှ နားမလည်သော်ငြား သူသည် လူသားများကို အထင်သေးပြီး မုန်းတီးလေ့ ရှိကာ ချီယုံကို ပြောပြီးသည်နှင့် ဂူအတွင်းမှ ထွက်လာတော့သည်။ 


ကျန်းလော့သည်လည်း ထွက်လာခဲ့၏။ 


သူသည် လာရာလမ်းအတိုင်း နောက်လှည့်ပြေးသော်ငြား သူ့မျက်နှာတွင် အမူအရာမပြပေ။ 


ကျန်းလော့က လုယုံရိအား ရှာတွေ့ချိန်တွင် သတိလစ်နေပြီး ပြာနှမ်းနေကာ နှင်းများဖြင့် ဖုံးအုပ်ထားလေသည်။ 


အချိန်မီလေးသာ။ ကျန်းလော့၏ခန္ဓာကိုယ်သည် ကင်းမြီးကောက်အမ၏သွေးများဖြင့် ဖုံးလွှမ်းနေပြီး ယင်းအား သူ့အဝတ်အစားများမှ စုပ်ယူသွား၏။ 


ကျန်းလော့သည် လုယုံရိအား သူ့အဝတ်အစားများဖြင့် ပွတ်သုတ်ပေးပြီးနောက် သွေးများ အနက်ရောင်မှ အနီသို့ ပြောင်းသွားပြီး နှလုံးခုန်သံကို ခံစားလိုက်ရသည်။ 


လုယုံရိ၏ မျက်နှာသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာပြီး မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လျက် အားနည်းစွာ ပြောလာသည်။ “ကျန်း.. ကျန်းလော့..”


ကျန်းလော့က အသက်မရှုတမ်း ပြန်ပြော၏။ “နောက်ဆုံးတော့ မင်း နိုးလာပြီ”


လုယုံရိက စိတ်ရှုပ်ထွေးစွာ ဆိုသည်။ “ငါ အကြာကြီး အိပ်ပျော်သွားတာလား”


“မိနစ်၅၀” ကျန်းလော့ အထိတ်တလန့် ခြောက်လှန့်လိုက်သည်။ “နောက်ဆယ်မိနစ် ဆိုရင် မင်း မနိုးလာတော့ဘူး”


လုယုံရိက ထိတ်လန့်တုန်လှုပ်စွာဖြင့် ထထိုင်လိုက်ပြီး သူ့ပတ်ပတ်လည်ကို ကြည့်လျက်။ “ငါ့ကို ဘာကိုက်သွားတာလဲ”


“အဆိပ်ပြင်းကင်းမြီးကောက်” ကျန်းလော့က စနောက်လိုက်သည်။ “အံ့ဩစရာပဲ လုယုံရိ မင်းကို အဆိပ်ပြင်းကင်းမြီးကောက်ကိုက်သွားတာတောင် မင်းက အသက်ရှင်သေးတယ်.. မင်းက တကယ် ကံကောင်းတာပဲ”


လုယုံရိသည် လေအေးတစ်ချက် ရှိုက်လိုက်မိပြီး သူ့တံထွေး သူ သီးကာ ပြင်းထန်စွာ ချောင်းဆိုးတော့သည်။ “သေစမ်း.. ဒါက အဆိပ်ပြင်းကင်းမြီးကောက်.. အဟွတ် အဟွတ်..”


ကျန်းလော့သည် သူ့နောက်ကျောကို အသာအယာ ပုတ်ပေးပြီးနောက် ရပ်လိုက်ပြီး မေးသည်။ “မင်း စီဝမ်ကွေး ဘယ်ကနေ လာတာလဲ မှတ်မိလား”


လုယုံရိက ခေါင်းညိတ်လိုက်သည်။ 


ကျန်းလော့က ပြောသည်။ “လာခဲ့.. ငါ မင်းကို ဒီကနေ အပြင်ကို ပို့ပေးမယ်၊ မင်းရဲ့လက်ရှိအခြေအနေက အောက်မှာနေဖို့ မသင့်ဘူး။ အဆိပ်လက်ကျန် ရှိမရှိကို ဆေးရုံမှာ စစ်ကြည့်တာ အကောင်းဆုံးပဲ”


လုယုံရိက တုံ့ဆိုင်းနေပြီး ပြောသည်။ “မင်းနဲ့.. စီဝမ်ကွေးရော ဘယ်လို လုပ်မလဲ”


ကျန်းလော့က ပြုံးလိုက်ပြီးနောက် အေးအေးဆေးဆေး ပြောသည်။ “ပြီးမှ ကျန်တာအားလုံး ငါ လုပ်လိုက်မယ်”


လုယုံရိက လက်ရှိတွင် အဆိပ်ဖြေထားကာစ ဖြစ်၍ ခြေလက်များက အားနည်းနေလေရာ ကျန်းလော့က သူ့အား ယင်းဟူ၏နောက်ကျောတွင် တင်လျက် အပြင်သို့ သယ်ထုတ်သွားရသည်။ မြေပြင်ပေါ်တွင် လူအများစောင့်ဆိုင်းနေပြီး ဝမ်ယန်လန်နှင့် ကောကျူက လုယုံရိကို ဆွဲတင်ပြီး ခွမ့်ကျိန်းက သူ့ကို မယူလျက် ဝန်ထမ်းများရှိရာသို့ သွားရန် ပြင်လိုက်သည်။ 


ကျန်းလော့သည် ဂူအတွင်းသို့ ဆင်းရန် ပြင်ဆင်ထားသော အုပ်စုကို ကြည့်လိုက်ပြီးနောက် မျက်ခုံးပင့်လိုက်သည်။ “ဒါက တိုက်ခိုက်ဖို့ ပြင်နေကြတာလား”


ကောကျူက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး။ “အခု မင်း ပြန်လာပြီ တိုက်ခိုက်ဖို့ မလိုတော့ဘူး”


ကျန်းလော့က ခေါင်းယမ်းလိုက်ပြီး။ “ငါ့ကို အဝတ်အစားတွေနဲ့ အသုံးအဆောင်တွေပေး..”


တစ်အုပ်စုလုံး အေးခဲသွားကြတော့သည်။ 


ကျိုးကျုံးချိုးက မျက်မှောင်ကြုတ်လျက် ပြောသည်။ ကျန်းလော့.. ပထမနေရာက အရေးမကြီးဘူး၊ အရေးအကြီးဆုံးက ဘေးကင်းကင်းနဲ့ ပြန်လာဖို့ပဲ”


ကျန်းလော့က ပြုံးလိုက်ပြီး မြေတွင်းထဲကနေ ထွက်သွားပြီး တစ်နာရီကြာလျှင် ချီယုံက သူ့ကို မရှာတော့ဟု သူ မထင်ပေ။ 


မဟုတ်ဘူး။ ဒါက တစ်နာရီထက်တောင် နည်းသေးတယ်။ 


ထို့အပြင် ကျန်းလော့သည် ထိုသို့ လွတ်မြောက်သွားလျှင်တောင် ကျေနပ်မည်မဟုတ်ပေ။ 


သူသည် အခိုင်အမာ ဆိုခဲ့ပြီး သူတို့သည် သူ လိုချင်သည်ကို ပေးခဲ့ပြီး ဖြစ်သည်။ ကံကောင်းသည်မှာ ခွမ့်ကျိန်းက ဂရုတစိုက်ဖြင့် ဝမ်ယမ်လန်၏ စက္ကူကြိုးကြာတစ်ထောင်ကို ရရှိခဲ့ပြီး တောင်ပေါ်သို့ မပြေးသွားမီ ကျန်းလော့အတွက် အဝတ်ပိုသုံးစုံကို ပြင်ဆင်ထားပေးခဲ့သည်။ 


ကျန်းလော့က ပစ္စည်းများကို ယူကာ အောက်ပြန်ဆင်းတော့မည့် အချိန်တွင် ကျိုးကျုံးချိုးက အသက်ပြင်းပြင်းရှုကာ လျှပ်တပြတ် ဆုံးဖြတ်ချက် ချလိုက်သည်။ “ခဏစောင့်.. ငါ မင်းနဲ့ လိုက်ခဲ့မယ်”


ဝမ်ယမ်လန်ကလည်း ပြောသည်။ “ငါတို့ မင်းနဲ့တူတူ သွားမယ်”


ကျန်းလော့က ဂူအစွန်းတွင် ထိုင်နေပြီး သူ့လက်ကို ပျင်းရိပျင်းတွဲ ဝေ့ယမ်းလျက် ဆိုသည်။ “ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်၊ တစ်နာရီအတွင်း ငါ ပြန်မလာရင် မင်းတို့ အောက်ကို ဆင်းပြီးတော့ ငါ့ကို လာကယ်”


သူသည် သူ့အပေါင်းအသင်းများအား ဘေးတိုက် ကြည့်လျက် လက်နှစ်ချောင်းဖြင့် နှုတ်ခမ်းကို ထိကာ Fly Kiss (ပျံသန်းနေသောအနမ်း) အား ယုံကြည်ချက်ရှိရှိ ပေးခဲ့လျက်။ “ခဏလေးပဲစောင့်”


ပြောပြီးနောက် ကျန်းလော့သည် တွင်းပေါက်ထဲသို့ ခုန်ဆင်းသွားလိုက်တော့သည်။ 


စိုင်လောင်အာက နီရဲနေသော မျက်နှာဖြင့် မေးသည်။ “ဒီတော့ ငါတို့ ဘာလုပ်ကြမလဲ ငါတို့ ဘာလုပ်ကြမလဲ”


ဝမ်ယမ်လန်က ခါးသီးစွာ ပြုံးလျက် ပြောသည်။ “သူ ပြောတဲ့အတိုင်း စောင့်ရုံပေါ့”


ထိုသို့ မဟုတ်ဘဲ သူတို့သာ ရုတ်တရက် ဆင်းသွားပါက ကျန်းလော့၏ အစီအစဉ်များကို ပျက်စီးသွားစေပြီး ကျန်းလော့ကို ဆွဲချမိစေပေလိမ့်မည်။ 


….


မြေအောက်၌။ 


ကျန်းလော့သည် ထောင့်နားတွင် အင်္ကျီလဲလိုက်သည်။ 


စေးကပ် စိုစွတ်နေသော အဝတ်အစားများကို ပစ်ချလိုက်ပြီး အလုပ်သမားဝတ်စုံနှင့် တောစီးဖိနပ် (တောင်တက်ဖိနပ်)ကို လဲလှယ်လိုက်သည်။ ကျန်းလော့သည် စီးကရက်ကို နှုတ်ခမ်းတွင် ထည့်လိုက်ပြီး ခါးပတ်ကို ပတ်လျက် မီးခိုးငွေ့များအကြားမှ တင်းမာနေသည့် သူ့မျက်နှာက တောက်ပလျက်ရှိသည်။ 


သူသည် မီးတောက်အဆောင်စာရွက်ကို အဝေးတွင် ထားလိုက်ပြီး စီးကရက်တစ်ဝက်အရောက်တွင် အနက်ရောင်ဝတ်ရုံကို ညာဘက်လက်တွင် ပတ်နှောင်လိုက်သည်။ 


သူပတ်ထားသော နာရီကို ကြည့်လိုက်၏။ 


နာရီဝက် ကုန်ဆုံးသွားပေပြီ။ 


ကျန်းလော့က မျက်လွှာပင့်လိုက်ပြီး စီးကရက်ကို ထောက်ထုတ်လိုက်ကာ အမှောင်ထုအတွင်း စိုက်ကြည့်လိုက်၏။ 


အမဲလိုက်ချိန်က စတင်ခဲ့ချေပြီ။