အခန်း ၂၆
ပြိုင်ပွဲပြီးဆုံးဖို့အတွက် သုံးနာရီတောင် ကျန်သေးတာမို့ ကျန်းလော့ အဖြေလွှာကို တင်ဖို့ မလောသေးပေ။
သူ မကောင်းဆိုးဝါးကို ဒုက္ခပေးလိုက်ရ၍ ပျော်နေသည့် အပျော်ကို ထိန်းလိုက်ပြီး ယယ်ရွှင်ဆီ လျှောက်သွားကာ သူနှင့် အတူတူ ရှောင်ဖန်းကို ရေကူးကန်ထဲကနေ ပြန်ဆယ်တာကို ကြည့်လိုက်ကြသည်။
ရှောင်ဖန်းက အထဲမှာထည့်ထားသည့် ဂွမ်းကိုတောင် မြင်နေရပြီးဖြစ်ပြီး ထိုထဲကို ရေတွေစိမ့်ဝင်နေခဲ့သည်။ ကိုယ်ထည်ကလည်း ထက်ရှသောဓားဖြင့် အဖြဲခံလိုက်ရသည့်အလား ပြဲနေခဲ့ပြီး ကြည့်ရတာ သနားဖို့ကောင်းနေခဲ့သည်။
လူမျက်နှာဧည့်သည်နှင့်ကတည်းက ရှောင်းဖန်နှင့် အတူတကွ တိုက်ခိုက်လာခဲ့ပြီး ယယ်ရွှင်အတွက် ရှောင်ဖန်း၏ အရေးပါမှုကို ရေးတေးတေး သိနေခဲ့သော ကျန်းလော့တစ်ယောက် တခဏလောက် တိတ်ဆိတ်နေမိပြီး မမေးတတ် မေးတတ်ဖြင့် မေးလိုက်သည်။
“ရှောင်ဖန်း အဆင်ပြေရဲ့လား”
ယယ်ရွှင် တစ်ဝက်ပြဲနေသော ယုန်အရုပ်ကို အသံတိတ်ကြည့်နေမိရင်း မျက်လုံးအိမ်က တဖြည်းဖြည်းနှင့် နီရဲလာခဲ့သည်။ ခွမ့်ကျိန်းက ခုနလေးတင်မှ ရေကူးကန်ထဲကို ခုန်ဆင်း၍ ရှောင်ဖန်းကို ဆယ်ပေးခဲ့တာဖြစ်ပြီး သူ့ကိုယ်ပေါ်က ရေတွေကို ညှစ်ချနေခဲ့သည်။ ဝမ်ယမ်လန် သူ့ကို ရေကူးကန်ဆီက တဘက်တစ်ထည် ကမ်းပေးလိုက်ပြီး စိုးရိမ်နေသော မျက်နှာဖြင့် မေးလိုက်သည်။
“မင်း အဲတာကို ပြင်နိုင်သေးလား”
ခွမ့်ကျိန်း သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်နေဖို့ အချိန်မရှိဘဲ ရှောင်ဖန်းဆီ အမြန်လျှောက်သွားကာ ဘေးနားမှာ ထိုင်ချလိုက်သည်။ လက်မှုပညာရှင်က သူ ဖန်တီးခဲ့တာကို အာရုံခံနိုင်သည့် ထူးခြားသောအစွမ်းရှိပြီး သူ စစ်ဆေးပြီးနောက်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည့်ပုံပင်။
“ပြင်လို့ရသေးတယ်”
ယယ်ရွှင် သူ့ကို ဆတ်ခနဲ မော့ကြည့်လာခဲ့သည်၊ စကားမပြောခဲ့သော်လည်း သူ စိတ်လှုပ်ရှားနေမှန်း သိသာနေခဲ့သည်။
“ဒါပေမယ့် ပြင်ဖို့အတွက် ထူးခြားတဲ့ ကုန်ကြမ်းလိုအပ်တယ်”လူတိုင်း၏ ဝိုင်းကြည့်ခြင်းကို ခံနေရသော ခွမ့်ကျိန်းတစ်ယောက် စကားကို တလေးတစား ပြောလာခဲ့သည်။
“အငြိုးအတေးအရုပ်ရဲ့ စုပ်ယူခြင်းကို ကျေကျေနပ်နပ်နဲ့ လက်ခံမယ့် အမျက်ကြီးတဲ့ဝိညာဉ် လိုအပ်တယ်။ အမျက်ကြီးတဲ့ဝိညာဉ်တွေက အင်အားကြီးတဲ့အတွက် အငြိုးအတေး အရုပ်ရဲ့ စွမ်းအင်ကို ပြန်ဖြည့်တင်းပေးနိုင်စွမ်းရှိတယ်”
ကောကျူ သက်ပြင်းချလိုက်ပြီး “အငြိုးအတေးအရုပ်ရဲ့ စုပ်ယူခြင်းကို ကျေကျေနပ်နပ်ခံမယ့် အမျက်ကြီးတဲ့ ဝိညာဉ်တဲ့လား။ ရှာဖို့လွယ်မှာ မဟုတ်ဘူး…”
ကျန်းလော့ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ရုတ်တရက် ထရပ်လိုက်သည်။
“ဒီကျောင်းမှာ အမျက်ကြီးတဲ့ဝိညာဉ် နှစ်ကောင်တောင် ရှိနေတယ် မဟုတ်ဘူးလား”
ကျိုးကျုံးချိုး အံ့ဩတကြီး ပြောလိုက်မိသည်။ “နင်ဆိုလိုချင်တာ သရဲမနှစ်ယောက်ကိုလား”
ကျန်းလော့ကို ယယ်ရွှင် မျှော်လင့်နေသော အကြည့်တို့ဖြင့် ကြည့်လာခဲ့သည်။ ကျန်းလော့ မျက်ခုံး ပင့်ပြီး ပြန်ကြည့်လိုက်သည်။
“သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ကတိပြုလိုက်ရင် … အဲဒီ့ အမျက်ကြီး ဝိညာဉ်နှစ်ကောင်က ဆန္ဒရှိရှိနဲ့ လုပ်ပေးလောက်ပါတယ်”
ခွမ်းကျိန်း တိုးတိုးလေး ပြောလိုက်သည်။
“အမှန်တော့ ဝိညာဉ်တစ်ကောင်နဲ့တင် လုံလောက်တယ်”
လုယုံရိနှင့် စိုင်းလောင်အာတို့က ယယ်ရွှင် နှင့်အတူ နေခဲ့ကြပြီး ကျန်တဲ့သူတွေကတော့ ကျန်းလော့နောက်လိုက်ကာ အငြိုးကြီးဝိညာဉ်ကို လိုက်ရှာလိုက်သည်။ အမှန်တကယ်တော့ ကျန်းလော့ ယုံကြည်ချက်ရှိရှိနှင့် ပြောခဲ့သော်လည်း ထိုသရဲတွေကို သူတို့ဆန္ဒဖြင့် အရုပ်၏အစိတ်အပိုင်းတွေ ဖြစ်လာအောင် ပြောနိုင်မယ်လို့ ယုံကြည်ချက်မရှိပေ။
သို့သော် ယယ်ရွှင်က အရမ်း ဝမ်းနည်းသည့်ပုံ ပေါက်နေ၍ပဲလား ဒါမှမဟုတ် သူ စောနတုန်းကမှ မကောင်းဆိုးဝါးဝိညာဉ်ကို အနိုင်ပိုင်းလိုက်ရ၍ စိတ်မငြိမ်သေးတာကြောင့်ပဲလား မသိပေမဲ့ သူ မသေချာသော အရာတစ်ခုကို လုပ်ပေးမည်ဟု ကျန်းလော့ ဆန္ဒပြုလိုက်မိသည်။
သူ ဘယ်သောအခါမှ လုပ်မည်မဟုတ်သလို ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးသည့် အရာတစ်ခုကိုပေါ့။
မင်းကို တခြားတစ်ယောက်က ထိတာကို ဘယ်လိုလုပ်ပြီး ခွင့်ပြုရမှာလဲ
ဝမ်ရှင်းဟွေ့၏ အမျက်ကြီးဝိညာဉ်က ယောက်ျားလေးအဆောင်၏ ခြောက်ထပ်မြောက်မှာ ရှိနေခဲ့တာဖြစ်သည်။ ကျန်းလော့ အဆုံးထိသာ လျှောက်သွားခဲ့သော်လည်း စိတ်တွေက ပျံ့နေခဲ့သည်။ သို့သော် သူ ခြောက်ထပ်မြောက်အဆောင်ပေါ် ခြေချလိုက်သည့် တခဏမှာပဲ သူ့ အရှေ့မှာရှိနေခဲ့ကြသော အဖော်တွေ ရုတ်တရက် ပျောက်သွားခဲ့ကြသည်။
ကျန်းလော့ မျက်မှောက်ကြုတ်လိုက်ပြီး စင်္ကြန်လမ်းကို စိုက်ကြည့်လိုက်သည်။
အလင်းရောင်က မတည်မငြိမ်ဖြစ်နေခဲ့ပြီး မီးသီးက လွန်ခဲ့သည့်နှစ်အနည်းငယ်က ထွက်ခဲ့သော မော်ဒန်ဖြစ်သည်။ နံရံတွေက အဝါရောင်သန်းနေပြီး မြင်ကွင်းတစ်ခုလုံးက အတိတ်ကာလပုံစံ ပေါက်နေခဲ့သည်။
ကွန်ကရစ်ကြမ်းပြင်က စိုထိုင်းနေခဲ့ပြီး စင်္ကြန်လမ်းအဆုံးက ပိတ်ပိတ်ပိန်းအောင် မှောင်နေခဲ့သည်၊ သားရဲတိရစ္ဆာန်ကြီး တစ်ကောင်ကောင်၏ ခံတွင်းထဲကို ဦးတည်နေသည့်အလား။
သူ အမျက်ကြီးဝိညာဉ်၏ မှတ်ဉာဏ်တွေထဲကို ဆွဲသွင်းခံလိုက်ရမှန်း ကျန်းလော့ သိလိုက်သည်။
သူ့ခန္ဓာကိုယ်က အမှန်တကယ်ကိုပင် အနည်းငယ် ‘ ကံကောင်း’ သည့်အထဲမှာ ပါနေခဲ့သည်။ သို့သော် ဝတ္ထုတစ်အုပ်လုံးမှာ အင်အားအကြီးဆုံးဖြစ်သည့် ချီယုံနှင့် ထိပ်တိုက်တွေ့ပြီးသည့် နောက်မှာတော့ ကျန်သရဲတစ္ဆေတွေက ကျန်းလော့၏ မျက်လုံးထဲ ဘာမှမဟုတ်တော့ပေ။ သူ တည်တည်ငြိမ်ငြိမ်ပင် လျှောက်သွားလိုက်ပြီး အိမ်သာဆီ ဦးတည်လိုက်သည်။
သွေးတွေဖြင့် ဖုံးလွှမ်းနေခဲ့သော ကောင်မလေးတစ်ယောက်က ဒယီးဒယိုင်နှင့် အိမ်သာထဲကနေ ထွက်ပြေးလာခဲ့သည်။
ထိုသူကတော့ ဝမ်ရှင်းဟွေ့ဖြစ်ပြီး သူမ၏ အဝတ်အစားတွေက စုတ်ပြဲနေကာ ခန္ဓာကိုယ်ပေါ်မှာလည်း ညစ်ပတ်နေသော ခြေရာအချို့ ရှိနေခဲ့သည်။ သူမ၏ မျက်နှာက ရောင်ကိုင်းနေခဲ့ပြီး အနောက်ကို ကြောက်လန့်တကြား လှည့်ကြည့်ရင်း သူမ၏ ကောက်ကွေးနေသော ဘယ်ဘက်ခြေသလုံးကို ဒရွတ်တိုက်ဆွဲကာ အရှေ့ကို ထွက်ပြေးနေခဲ့သည်။
သူမ၏အနောက်မှာတော့ ယောက်ျားသုံးယောက်က အိမ်သာထဲကနေ ထွက်လာကြပြီး ကြွက်ကိုကစားနေသည့် ကြောင်ကဲ့သို့ ဝမ်ရှင်းဟွေ့ကို အလျင်စလိုမဖမ်းဘဲ သူမ အနောက်ကနေ ဖြည်းဖြည်းချင်း လိုက်လာကြသည်။
ဝမ်ရှင်းဟွေ့က သူရင်းနှီးနေသော အဆောင်ခန်းထဲအား ဝင်ပြေးသွားသည်ကို ကျန်းလော့ ကြည့်နေမိသည်၊ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအဆောင်ခန်းက သူတို့တွေ ပြီးခဲ့သည့် သုံးရက်လုံးလုံးနေခဲ့ကြသော အခန်း ဖြစ်နေခဲ့သည်။
ကျန်းလော့၏ မျက်ခုံးတို့ ပင့်တက်သွားခဲ့ပြီး သူ အဆောင်ခန်းထဲကို ဝင်သွားလိုက်သည်။
ဝမ်ရှင်းဟွေ့ ထိတ်ထိတ်ပြာပြာဖြင့် အဆောင်ခန်းတံခါးကို တွန်းပိတ်လိုက်ပေမယ့် အားကောင်းမောင်းသန် အလုပ်သမားသုံးယောက်၏ ရိုက်ချိုးဖျက်ခြင်းကို ခံလိုက်ရသည်။ နောက်ထပ်ဆက်လာသည့် မြင်ကွင်းကတော့ သွေးသံရဲရဲနှင့် လူမဆန်ပေ။ ရုန်းကန်နေခဲ့သော ဝမ်ရှင်းဟွေ့တစ်ယောက် အဆောင်ပြတင်းသံတိုင်နှင့် ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိပြီး သွေးတွေထွက်လာခဲ့သည်။
အလုပ်သမားတွေက “ခွေးမ”ဟု ကျိန်ဆဲလိုက်ပြီး သွေးပူနေကြတုန်း ဝမ်းရှင့်ဟွေ့ကို အဆောင်ခန်းထဲမှာတင် သတ်ပစ်ကာ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပြီး ထိုအပိုင်းအစတွေကို အိမ်သာထဲ သယ်သွားကာ ရေအိမ်ကနေ ဆွဲချလိုက်ကြသည်။
ထိုဖြစ်စဥ်က ပိုင်ယယ်ဖုန်း အိမ်သာထဲမှာ တွေ့ခဲ့ရသော ဖြစ်စဉ်နှင့် ဆက်စပ်နေခဲ့သည်။ ဝမ်ရှင်းဟွေ့က အိမ်သာထဲမှာ သေသွားခဲ့တာဟု ကျန်းလော့ ထင်ခဲ့မိသည် သို့သော် သူမက အဆောင်ခန်းထဲမှာ သေသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ဝမ်ရှင်းဟွေ့ အသတ်ခံခဲ့ရတဲ့ အိပ်ရာကတောင် ကျန်းလော့ အိပ်ခဲ့သည့် အိပ်ရာဖြစ်နေခဲ့သည်။
တခဏလောက် သူ၏ မကောင်းတာတွေကို ဆွဲဆောင်နေသော ခန္ဓာကိုယ်နှင့်ပတ်သတ်၍ ပြောစရာစကားမရှိ ဖြစ်သွားရသည်။ သူမျက်နှာလွှဲလိုက်စဉ် စာအုပ်တစ်အုပ်က ကုတင်ပေါ်ကနေ ပြုတ်ကျခဲ့တာကို တွေ့လိုက်ရသည်။ သူ ကောက်ယူပြီး ကြည့်လိုက်တော့ ဝမ်ရှင်းဟွေ့၏ မှတ်စုစာအုပ် ဖြစ်နေတာကို တွေ့လိုက်ရသည်။
သွေးတွေကို အနားမှာရှိသော အဆောင် ရေချိုးခန်းထဲမှာ အလုပ်သမားတွေ ဆေးချလိုက်ကြသည်။
ကျင်းယွမ်ကောင်း၏ နောက်ကိုလိုက်ပြီး ရေချိုးခန်းထဲကို ကျန်းလော့ ဝင်သွားကာ ကျင်းယွမ်ကောင်း တုန်ရီနေသော လက်တွေဖြင့် ရေချိုးခန်းပိုက်ထဲကို သွေးတစ်ပုံး လောင်းထည့်နေတာကို ကြည့်နေလိုက်သည်။
သူ အဆောင်မှာ ပထမဆုံးနေတဲ့ ရက်တုန်းက ရေပိုက်ကနေ ကျလာခဲ့သော အနီရောင်အရည်တွေကို ကျန်းလော့ ရုတ်တရက် သတိရသွားမိသည်။ ကျန်းလော့ အမူအရာမရှိသော မျက်နှာသေဖြင့် တွေးလိုက်မိသည်၊ အဲဒီ့တုန်းက ရေတွေက ဝမ်ရှင်းဟွေ့၏ သွေးတွေများလား။
ဟားဟား လူတွေကို တကယ် အံ့ဩသွားအောင် လုပ်တတ်တာပဲ။
ကျန်းလော့ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ပေမယ့် ရုတ်တရက် ရပ်လိုက်သည်။ ဘယ်အချိန်ကတည်းကမှန်း မသိပေမဲ့ သူ့ဘေးနားမှာ သရဲမက ရောက်နေခဲ့သည်။
သရဲမ၏မျက်နှာက ဖြူဖပ်နေခဲ့ပြီး သွေးတွေက သူမအရေပြားကနေ ဆက်တိုက် စီးကျနေခဲ့သည်။ သူမ၏ နီရဲနေသော မျက်လုံးတွေက ပြူးထွက်နေခဲ့ပြီး ကျင်းယွမ်ကောင်းကို ကြည့်ကာ ရေရွတ်နေခဲ့သည်။
“ချစ်သူယောက်ျားလေး …. ချစ်သူမိန်းကလေး၊ ချစ်သူယောက်ျားလေး ….ချစ်သူမိန်းကလေး ….”
ဤသရဲက ဝမ်ရှင်းဟွေ့မှန်း ကျန်းလော့ မှတ်မိလိုက်သည်။ ဝမ်ရှင်းဟွေ့က ကြားနိုင်လားမသိပေမယ့် သူ ပြောလိုက်သည်။
“အဲလို ရည်းစားမျိုးကတော့ မရှိတာမှ ကောင်းလိုက်အုံးမယ်”
ဝမ်ရှင်းဟွေ့က ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လာခဲ့ပြီး ချိုင့်ဝင်နေသော မျက်လုံးကြီးတွေဖြင့် ကျန်းလော့ကို ကြည့်လာခဲ့သည်။
သူ ကြားနိုင်တာပဲ ပိုအဆင်ပြေတာပေါ့။
ကျန်းလော့ တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။ “ကျင်းယွမ်ကောင်းကို ဘာလို့မသတ်တာလဲ …. သူ့ကို အခုထိ ချစ်နေသေးလို့လား”
ဝမ်ရှင်းဟွေ့ ပြောလိုက်သည်။ “ချစ်သူကောင်လေး ... ချစ်သူမိန်းကလေး”
ကျန်းလော့ မေးလိုက်သည် “မင်းမှာ ဖြစ်ချင်တဲ့ ဆန္ဒဘာညာရောရှိလား”
ဝမ်ရှင်းဟွေ့က တောင့်တောင့်ကြီး ပြောနေဆဲပင် “ချစ်သူယောက်ျားလေး … ချစ်သူမိန်းကလေး”
ကျန်းလော့ “……”
ကျန်းလော့ ရှာတွေ့ရသလောက်ဆိုလျှင် ဝိညာဉ်အများစုက သူတို့ကိုယ်သူတို့ ဘာလုပ်နေမှန်းတောင် မသိကြပေ။ ချီယုံကဲ့သို့သော သေပြီးသည့်နောက်မှာ ပိုအင်အားကြီးလာသော သရဲဆိုတာ မရှိချေ။
အချိန်ထပ်ဖြုန်းမနေတော့ဘဲ သူ ဝမ်ရှင်းဟွေ့ကို အခန်းထဲကနေ ဆွဲခေါ်လာပြီး အင်းစာရွက်တစ်ရွက် ထုတ်ကာ အဆောင်စင်္ကြန်လမ်းရှိ နံရံပေါ် ကပ်လိုက်သည်။ နောက်တခဏမှာ ပုံရိပ်ယောင်တွေ တစ်စစီကွဲထွက်သွားပြီး သူ့အဖော်တွေကို တွေ့လိုက်ရသည်။
ခွမ့်ကျိန်းနှင့် တခြားသူတွေက သူ ပျောက်သွား၍ ရှာနေကြစဥ်မှာ သူ အမျက်ကြီးသည့်ဝိညာဉ်နှင့်အတူ ရုတ်တရက် ပေါ်ချလာတာကို တွေ့လိုက်ရသည်။ သူတို့တွေ အံ့အားသင့်ချိန်မရလိုက်ဘဲ ဝမ်ရှင်းဟွေ့စီ အကြည့်ရောက်သွားခဲ့ကြ၏။
ကျန်းလော့ ပြောလိုက်၏။ “ငါတို့တွေ သူ ဆန္ဒရှိလာအောင် ဘယ်လိုလုပ်ရမလဲ”
ခွမ်းကျိန်းက မနည်းတွဲချုပ်ထားရသော ရှောင်ဖန်းကို သယ်လာပြီး ဝမ်ရှင်းဟွေ့ ရှေ့မှာ ရပ်လိုက်သည်။ အငြိုးအတေး အရုပ်၏ အငွေ့အသက်က ဝမ်ရှင်းဟွေ့ကို နိုးဆွလိုက်သည့်ပုံပင်။ သူမ မျက်လုံးထဲမှာ စိတ်ရှုပ်မှုတွေ ဖြတ်ပြေးသွားခဲ့ပြီး သူမ တခဏလောက် အသိကပ်လာခဲ့သည်။
ခွမ့်ကျိန်း ဂရုတစိုက်နှင့် မေးလိုက်သည်။ “မင်း ဒီအငြိုးအတေးအရုပ်ရဲ့ အစိတ်အပိုင်း ဖြစ်ချင်လား။ အပြန်အလှန်အနေနဲ့ မင်းရဲ့ ဆန္ဒကို ငါတို့ ဖြည့်ဆည်းပေးမယ်။ အငြိုးအတေး အရုပ်ရဲ့ အစိတ်အပိုင်း ဖြစ်လာတယ်ဆိုတာက မင်း သေသွားတယ်လို့ မဆိုလိုဘူး … မင်းမှာ မင်းရဲ့ ကိုယ်ပိုင်အသိစိတ် ရှိနေဦးမှာပဲ … ဘဝကို နောက်ထပ်ပုံစံတစ်မျိုးနဲ့ ရှင်သန်လိုက်တာ”
ဝမ်ရှင်းဟွေ့၏ မျက်နှာက ဖြူဖျော့ပြီး ဖောရောင်နေခဲ့ကာ သူမ အရုပ်ကို တခဏလောက် ကြည့်လိုက်ပြီး အသံအက်အက်ကြီးဖြင့် ပြောလာခဲ့၏။ “သူမကို ရှာရမယ် … သူမကို ရှာရမယ်..”
ကျန်းလော့ မေးလိုက်သည်။ “ဖူယွမ်အာ ကိုလား”
ဝမ်ရှင်းဟွေ့ သူ့ကို ကြည့်လာပြီး “သူမကို ရှာရမယ် … သူမကို ရှာရမယ်…”
“ငါတို့ သူမကို ရှာတွေ့ပြီးပြီ”ကျန်းလော့ ပြောလိုက်၏။ “မင်းမှာ နောက်ထပ် ဖြစ်ချင်တဲ့ အရာရှိလား “
သူက ထိုသို့ အကြည့်ရောက်သွားပြီး...
ဝမ်ရှင်းဟွေ့ နားလည်ပုံမရဘဲ သူမ လက်ထဲက ဆံထိုးလေးကို ငေးတိငေးတိုင်ဖြင့် ငုံ့ကြည့်လိုက်သည်။
ကျန်းလော့ ပြောတာကို သူမ နားမလည်သည့်ပုံပင်။ အမျက်ကြီး ဝိညာဉ်၏ သနားစဖွယ်အခြေအနေကို ကြည့်ရင်း ကျန်းလော့ ခေါင်းကိုက်လာကာ သက်ပြင်းချလိုက်မိသည်။
“ထားလိုက်တော့ …မင်း မလုပ်ချင်ရင်လည်း … နောက်ဘဝကျရင်သာ ဒီလို အမှိုက်သရိုက်မျိုးကို ရည်းစားအဖြစ် မရွေးမိဖို့ သတိရပါ”
ကျန်းလော့က လက်လျှော့လိုက်တော့မည့် အချိန်မှာ ဝမ်ရှင်းဟွေ့က ရုတ်တရက်ကြီး ရှေ့တိုးကာ အငြိုးအတေးအရုပ်၏ ပါးစပ်ထဲကို ဝင်ချသွားခဲ့သည်။
သရဲမ ပျောက်ကွယ်သွားခဲ့ပြီး ကြမ်းပြင်ပေါ်မှာ ကျကျန်ရစ်သော ဆံထိုးလေးကိုသာ ချန်ရစ်ခဲ့သည်။
ခွမ့်ကျိန်း အငြိုးအတေးအရုပ်၏ ပါးစပ်ကို ချက်ချင်းချိတ်ပိတ်လိုက်ပြီး အရုပ်ကို သူ ကြိုတင်ပြင်ဆင်လာခဲ့သော အဝါရောင်ပိတ်စ အဝတ်အိတ်ထဲကို ထည့်လိုက်သည်။
အကုန်လုပ်ပြီးသွားချိန်မှ သူ သက်ပြင်းချလိုက်ပြီး “ရပြီ “
ဝမ်ရှင်းဟွေ့ ချန်ရစ်ခဲ့သော ဆံထိုးလေးကို ကျန်းလော့ ကောက်ယူလိုက်ပြီး ခဏလောက် ငုံ့ကြည့်လိုက်သည်။
“ဒီမှာလည်း အမျက်ကြီးဝိညာဉ်ရဲ့ အငွေ့အသက်တွေ ရှိနေတယ်”
သို့သော် လမ်းတစ်ဝက်အရောက်မှာ ကျိုးကျုံးချိုးက သူတို့ဆီဖုန်းခေါ်၍ ပြောလာခဲ့သည်။ “ဖူယွမ်အာရဲ့ အလောင်းက ကျောင်းမှာ မရှိတော့ဘူးတဲ့။ ပြီးတော့ ငါ့အဖေက တစ်ခုပြောလာသေးတယ်”ကျိုးကျုံးချိုး ရပ်သွားပြီးမှ “ရဲစခန်းမှာ လျူကျီက နံရံထဲမှာ နောက်ထပ် အလောင်းလေးလောင်း ရှိနေမှန်း သူ မသိဘူးလို့ ပြောလာတယ်”
လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
ဒါကဘာကို ဆိုလိုတာလဲ။
သူတို့တွေ ရုံးခန်းဆီ သွားဖြစ်အောင် သွားလိုက်ကြပြီး ဖူယွမ်အာ၏ အမျက်ကြီးဝိညာဉ်ကို ရှာခဲ့ကြပေမယ့် မတွေ့ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အမျက်ကြီးဝိညာဉ်တစ်ကောင်၏ အင်အားက ပြည့်ပြည့်ဝဝ လုံလောက်၍ သူတို့ ပြိုင်ပွဲအချိန် ပြည့်လုနီးခင်လေးမှာ အဖြေတွေကို တင်သွင်းလိုက်ကြသည်။
ပြိုင်ပွဲအတွက် အဖြေလွှာက ပြိုင်ပွဲဝင်တွေ သိသမျှကို ချရေးကြရမှာ ဖြစ်သည်။ ကျန်းလော့ A4 စာရွက် နှစ်ရွက်ကို ယူလိုက်ပြီး ဖြစ်စဉ်တစ်ခုလုံးကို တစ်ခုမကျန် ချရေးလိုက်သည်။
ဖူယွမ်အာနှင့် ဝမ်ရှင်းဟွေ့က သူငယ်ချင်းကောင်းတွေ ဖြစ်ကြပြီး ဒိုင်ယာရီထဲမှာ ရေးထားသည့်အရဆိုလျှင် ဝမ်ရှင်းဟွေ့၏ လက်ဝတ်ရတနာကို ဖူယွမ်းအာက လက်ဆောင်ပေးခဲ့တာ ဖြစ်သည်။ ထိုအချက်ကြောင့်ပဲ လျူဇီက ဝမ်ရှင်းဟွေ့ ကျပျောက်သွားသော လက်ဝတ်ရတနာကို မှတ်မိခဲ့ခြင်းပင် အဘယ်ကြောင့်ဆိုသော် ထိုလက်ဝတ်ရတနာက လျူဇီကိုယ်တိုင် ဖူယွမ်းအာကို လက်ဆောင်ပေးခဲ့သည့် ဟာဖြစ်နေ၍ဖြစ်သည်။
ကျန်းလော့ ဖြစ်စဉ်တစ်ခုလုံးကို ချရေးလိုက်ပေမယ့် တစ်ခုကျန်နေသေးသည်။ ဘာလို့ လျူကျီက သူ့အနောက်က နံရံထဲမှာ အလောင်းလေးလောင်း ထပ်ရှိသေးတာကို မသိရတာလဲ။
ကျန်းလော့ ဖြစ်နိုင်ချေကို ရေးချဖို့ ဆုံးဖြတ်လိုက်သည်။
ဖူယွမ်အာ သေသွားပြီးချိန်မှာ လျူကျီက ကျောင်းတိုးချဲနေတာကို အခွင့်ကောင်းယူပြီးတော့ ဖူယွမ်းအာ၏ အလောင်းကို သူ့ရုံးခန်းနံရံထဲထည့်ပြီး သူ့ မျက်စိအောက်မှာ ထားထားခဲ့သည်။ ထို့နောက်မှာ သူ နောက်တစ်ကြိမ် ထပ်ချစ်မိခဲ့သည် သို့သော် ဖူယွမ်းအာ၏ အလောင်းကို ရှာတွေ့သွားကြမှာစိုး၍ သူ ချစ်သူနှင့် လျှောက်လည်ဖို့ရာအတွက် ခွင့်ရက်ဘယ်တော့မှ မယူခဲ့သလို ပိတ်ရက်တွေမှာလည်း ရုံးခန်းဆီ လာလေ့ရှိသည်။
သူ၏ ချစ်သူကောင်မလေးတွေက တဖြည်းဖြည်းနှင့် သံသယဝင်လာကြပြီး သူ့ကို မေးခွန်းထုတ်ခဲ့ကြသည်။ သူ့ လျို့ဝှက်ချက်ပေါ်သွားမှာကို ကြောက်သည့် လျူကျီက သူတို့ကိုလည်း သတ်ပစ်ခဲ့သည်။
တစ်ခါသတ်ပြီးရင် နောက်တစ်ခါလည်း ထပ်သတ်နေဦးမှာပဲ။ လျူကျီ အလောင်း ဖျောက်ဖျက်ဖို့ရာအတွက် ပိုကောင်းသည့် နည်းလမ်းတွေကို သုံးခဲ့လိမ့်မည် … အလောင်းတွေကို နံရံထဲ မထည့်ဘဲနဲ့ပေါ့။
သို့သော် သူနှင့် ကျောချင်းကပ်ပြီး မြုပ်ခံထားရသော ဖူယွမ်းအာက ထိုအလောင်းတွေကို သူမဘေးနား ဆွဲခေါ်ခဲ့တာ ဖြစ်နိုင်သည်။ အဖြေလွှာအပ်ပြီးနောက်မှာ ကျန်းလော့ အခန်းထဲကနေ ထွက်လာခဲ့သည်။
သုံးရက်ကြာပြိုင်ပွဲက သူ့မျက်လုံးတွေကို ကျိန်းစပ်နေစေ၏။ သူ အကြောဆန့်လိုက်ပြီး လမ်းဘေးကို သွားကာ အုံ့မှိုင်းမှိုင်း ရာသီဥတုအောက်မှာ ထိုင်စောင့်လိုက်သည်။
အဖော်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြပြီး သူတို့အုပ်စု ဘတ်စကားပေါ်တက်ကာ ဟိုတယ်ဆီ ပြန်လာခဲ့ကြသည်။
ဟိုတယ်ကိုပြန်ရောက်ပြီးနောက်မှာ ကျန်းလော့ အထုပ်အပိုးတွေ သိမ်းဆည်းပြီးတော့ ယွင်နန်မှာ နှစ်ရက်လောက် လည်ပတ်ဖို့ အသင့်ပြင်လိုက်သည်။ သို့သော် ဘယ်သူထင်မှာလဲ ရလဒ်တွေ ထွက်မလာခင်မှာပဲ ဖုန်းလီက ဖုန်းမိသားစု၏တပည့်တွေ့ကို သူနှင့် ဟိုတယ်ဥယျာဉ်ထဲမှာ လာတွေ့ဖို့ ဆင့်ခေါ်လိမ့်မည်ဟု။
ယခုကဲ့သို့သော အခါမျိုးမှာတော့ ကျန်းလော့က အရေးမပါသောတပည့်၏ လက်အောက်က တပည့်ငယ်လေး ဖြစ်နေရင်တောင်မှပဲ စည်းမျဉ်းတွေအရ သူ ဖုန်းလီကို သွားပြီးတော့ တွေ့ရမှာပင်။
နေ့လည်စာစားပြီးနောက်မှာ သူ ဥယျာဉ်ဆီ တရွေ့ရွေ့နှင့် သွားလိုက်၏။
ဖုန်းမိသားစုမှာ တပည့်တပန်းတွေ အများကြီးရှိပြီး ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြသော အယောက်130မှာ သုံးပုံပုံရင် တစ်ပုံလောက်က ဖုန်းမိသားစုနှင့် နှီးနွယ်နေခဲ့သည်။
တပည့်တပန်းတွေ အများကြီးရှိသော်လည်း လူအနည်းစုကသာ ဖုန်းလီကို လူကိုယ်တိုင်တွေ့ဖူးကြသည်။ ထို့ကြောင့် ကောင်းကင်ဘုံ ဆရာသခင် ဖုန်လီးနှင့် တွေ့ခွင့်ရမည့် အခွင့်အရေးကိုရချိန်မှာ လူတိုင်း စောစောရောက်အောင် လာခဲ့ကြသည်။
ကျန်းလော့ရောက်သွားချိန်မှာ သူ့အရှေ့၌ လူတန်းရှည်အချို့ ပိတ်နေခဲ့ပြီဖြစ်သည်။
သူ နောက်ဆုံးမှာ ပျော်ပျော်ကြီး ပုန်းနေလိုက်သည်။
လူစုပြီးသွားချိန်မှာ ဖုန်းလီက သူ တိုက်ရိုက်သင်ကြားပေးသော တပည့်နှစ်ဦးနှင့်အတူ လျှောက်လာခဲ့သည်။ သူ့မျက်နှာထားက ခပ်တန်းတန်းနေတတ်သည့် ပုံစံဖြစ်ပြီး သူ့ခြေထောက်ထိကျနေသော ထန်ရိုးရာဝတ်စုံကို ဝတ်ထားခဲ့၍ ပန်းချီကားချပ်ထဲကနေ ထွက်လာခဲ့သော ယောက်ျားပျို တစ်ဦးအလားပင်။
ဖုန်းလီ၏ အကြည့်တွေက လူအုပ်ပေါ် ဝေ့ဝဲသွားပြီး နောက်ဆုံးမှာ ကျန်းလော့ဆီ ရောက်လာခဲ့သည်။
သူ ဦးတည်ရာကိုလှည့်ပြီး ကျန်းလော့ထံ လျှောက်လာခဲ့သည်။ ကျန်းလော့၏ လမ်းမှာရှိနေသော တခြားတပည့်တွေက တစ်ယောက်ပြီးတစ်ယောက် ဖယ်သွားကြပြီး နောက်ဆုံးမှာရှိနေခဲ့သော ဆံနွယ်အနက်ရောင်နှင့် လူငယ်လေးကို ပြသလာသည်။
ဆံနွယ်အနက်ရောင်နှင့် လူငယ်လေးက ပိုင်ယယ်ဖုန်း၏ သွေးတွေပေနေသော အဝတ်ကို လဲပြီးသွားပြီဖြစ်ပြီး သူ၏ အနက်ရောင်ဆံပင်တွေကို. သားရေကွင်းဖြင့် အနည်းငယ် မြှောက်ချည်ထားခဲ့ပြီး၊ သူ့နှုတ်ခမ်းရဲရဲလေးများက ဝတ်ကြေတန်းကြေ ပြုံးနေခဲ့ပြီး၊ မျက်ခွံတို့က တစ်ဝက်စင်းကျနေသည့်ပုံမှာ နုံးခွေနေသော ကြောင်အကြီးစားကြီလိုပင်။
ဖုန်းလီ သူ့ကို ကြည့်လိုက်သည်။ ဘယ်သူမှမမြင်နိုင်သော အန္တရာယ်ပြုမည့် အငွေ့အသက်နှင့် မကောင်းဆိုးဝါးက ကျန်းလော့ကို အစွယ်တွေ လက်သည်းတွေထုတ်ပြီး တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားခဲ့သည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး အေးတိအေးစက် ပြောလိုက်သည်။
“မင်းကို သတ်ချင်နေတဲ့ မကောင်းဆိုးဝါးဝိညာဉ်က မင်း ဘေးနားမှာရှိနေတယ်”
ကျန်းလော့၏ အပြုံး တုံ့ဆိုင်းသွားခဲ့သည်။
သူ့ကို သတ်ချင်နေတဲ့ မကောင်းဆိုးဝါး။
ချီယုံကလွဲပြီး တခြားဖြစ်နိုင်ချေကို သူ စဉ်းစားလို့မရပေ။
သို့သော် ချီယုံ၏အငွေ့အသက်ကို ကျန်းလော့ လုံးဝမခံစားမိချေ။
သူ အရမ်းအားနည်သေးတာပဲ။
ကျန်းလော့၏ ရင်ထဲမှာ ရန်လိုစိတ်တွေ ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်းဆိုသလို သူ့ မျက်လုံး နီရဲသွားခဲ့ပြီး သူ့ ဘေးနားကို စိုးရိမ်တကြီး လိုက်ကြည့်လိုက်သည်။
“လူကြီးမင်း ဖုန်း … သူ ဘယ်မှာလဲ”
ဖုန်းလီ သူ့လက်ကိုဆန့်လိုက်ပြီး အစွယ်တွေ လက်သည်းတွေ ထုတ်ပြနေခဲ့သော အနက်ရောင်မြူထုကို ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် အနက်ရောင်မြူထုက ကျန်းလော့ကို ပိုပြီးတော့ တင်းကျပ်အောင် ရစ်ပတ်လိုက်သည်၊ သူ့ကို ဖိညှစ်ပစ်ချင်နေသည့်အလား။
ဖုန်းလီ ရပ်တန့်သွားပြီး ကျန်းလော့ကို ပြန်ကြည့်လိုက်သည်။ ကျန်းလော့၏ နုံးခွေနေသောပုံစံက ပျောက်ကွယ်သွားခဲ့ပြီး သူ သတိထား၍ မေးလိုက်သည်။
“ချီယုံလား”
ဆံနွယ်အနက်ရောင်နှင့် လူငယ်လေး၏ နုနယ်သောပုံစံလေးက ပြိုင်ပွဲအတွင်းတုန်းက သူ့ရဲ့ ထက်မြက်မှုတွေနှင့် တခြားစီပင် သို့သော် နှစ်ခုစလုံးက ညီတူမျှတူပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။ သူ့ မျက်ဝန်းထဲကနေ မျက်ရည်တစ်စက် ကျလာခဲ့ပြီး ဖုန်းလီ သတိလက်လွတ်ဖြင့် လက်လှမ်းလိုက်မိသည် သို့သော် ထိုခရစ်စတယ်ပမာ ကြည်လင်သော မျက်ရည်စက်က သူ့လက်ချောင်းထိပ်နှင့် ထိသွားသည့် တခဏမှာပဲ အနီရောင်သွေးအဖြစ် ပြောင်းသွားခဲ့သည်။
ဖုန်းလီ အမူအရာ အေးစက်သွားပြီး တစ်ရူးတစ်ရွက်ထုတ်ကာ မျက်ရည်ကို သုတ်ပစ်လိုက်ပြီး အနက်ရောင်မြူထု နှင့် အကြည့်ချင်းဆုံလိုက်သည်။
အနက်ရောင်မြူထုကြီးက နတ်ဘုရားတစ်ပါးအလား ချောမောသော မကောင်းဆိုးဝါးဝိညာဥ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး မျက်နှာထက်မှာ အပြုံးတစ်ပွင့်ဖြင့် ဖုန်းလီကို သတိပေးလာခဲ့သည်။
“သူ့ကို မထိနဲ့”
မကောင်းဆိုးဝါးက ကျန်းလော့ကို ဘေးတိုက်ကြည့်လိုက်သည်။ ထိုအကြည့်က သူ့ချစ်သူကို ကြည့်နေသည့်အလား ချိုမြိန်ပြီးတော့ အပြုံးက နက်ရှိုင်းလာခဲ့ပြီး မကောင်းဆိုးဝါးဝိညာဉ် သူ့နှုတ်ခမ်းပါးများက ကွေးညွတ်လာခဲ့သည် သို့သော် အေးစက်ပြီး ရက်စက်သည့် လူသတ်ချင်စိတ်က လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောက်ပင် ကြီးမားနေခဲ့သည်။
“တကယ်တော့ သူက ငါ ချစ်မြတ်နိုးရတဲ့သူလေ”
သူ အသံနိမ့်ဖြင့် ဟိုလိုလိုသည်လိုလို ရေရွတ်လာခဲ့သည်။
“တခြားတစ်ယောက်က ဘယ်လိုလုပ်ပြီး ထိခွင့်ရှိမှာလဲ”
ကျန်းလော့၏ သရုပ်ဆောင်မှုကို ကြည့်လိုက်ရသည့် ထိုတခဏမှာပေါ့။
သစ်ဆန်းပြီး ပြင်းပြသည့်ခံစားချက် တစ်ခုက မကောင်းဆိုးဝါး၏ရင်ထဲမှာ ထကြွလာခဲ့သည်။
ကျန်းလော့ကို သူ မသတ်ခင်မှာ ကျန်းလော့ကို အသက်မရှင်သန်ရသည့် ဆင်းရဲဝေဒနာကို ကြုံတွေ့ရစေချင်သည်။
ဆံနွယ်အနက်ရောင်နှင့် ကောင်လေး၏ မဟုတ်တမ်းတရား အမြဲလိုလို ပြောနေသော ပါးစပ်လေးကနေ အသက်ချမ်းသားပေဖို့ တောင်းပန်သည့် စကားကလွဲပြီး ဘာမှထွက်မလာနိုင်တော့တာကို ကြားချင်သလို၊ သူ့မျက်လုံးကနေလည်း မျက်ရည်ပဲ ကျနိုင်တော့တာကို လိုချင်သည်။
ကျန်းလော့ အခုဟန်ဆောင်ပြီး သရုပ်ပြနေတာတွေကို တကယ့်အစစ်အမှန် ကြောက်ရွံ့မှုနှင့် နောင်တအဖြစ် ပြောင်းလဲပစ်ချင်သည်။
ထိုကဲ့သို့သော အတွေးတို့က တောက်လောက်သထက် တောက်လောင်လာပြီး မကောင်းဆိုးဝါး ဝိညာဉ်၏ ဒေါသနှင့် သတ်ချင်စိတ်တို့ဖြင့် ထွေးရောယှက်တင်ကာ မကောင်းဆိုးဝါး၏ စိတ်ဝင်စားမှုကို ပိုပြီး ပြင်းသထက် ပြင်းထန်လာစေခဲ့သည်။
ကျန်းလော့ သူ့ကို သူမြင်ချင်သည့်အတိုင်း ကြည့်လာမှာကို သူ မစောင့်နိုင်တော့ပေ။
သို့သော် သူ အလျင်မလိုပေ။
အကောင်းဆုံး လက်ဆောင်ဆိုတာမျိုးက အစွမ်းကုန် ဂရုတစိုက်နဲ့ ဖွင့်သင့်တာမလား။
****