Ch 25
Viewers 8k

အခန်း ၂၅

 

မစ်စတာနတ်ဆိုးတဲ့လား။

 

ပိုင်ယယ်ဖုန်း၏အကြည့်တို့ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ့အပြုံးက အခုချိန်ထိ အပြစ်ရှာမရအောင် ပြီးပြည့်စုံနေသေးသော်လည်း ထိုအပြုံးထဲမှာ ဒေါသထက် မုန်းတီးမှုက ပိုများနေခဲ့သည်။

 

“ဘယ်သူ့အကြောင်းကို ပြောနေတာလဲ … ကျောင်းသားကျန်း”

 

ကျန်းလော့ သူ့ခြေထောက်ကို ဖြည်းဖြည်းချင်း အားထည့်လိုက်ပြီး မကောင်းဆိုးဝါး၏ ပခုံးပေါ်ကို မာတင်ဘွတ်ဖိနပ်ဖြင့် ဖိနင်း၍ ရွှံ့တွေကို ပေကျန်ရစ်စေသည်။ ကျန်းလော့၏ အပြုံးတွေထဲရှိ မုန်းတီးမှုတွေက အတိုင်းသားမြင်နေရပြီး သူ ပိုင်ယယ်ဖုန်းကို ငုံ့ကြည့်လိုက်သည်။ သူ့ ပါးစပ်ထောင့်တွေက ကော့တက်လာခဲ့ပြီး “ကျောင်းသားပိုင် ဒီနေရာမှာ မင်းနဲ့ငါ နှစ်ယောက်ပဲရှိတာလေ … ငါ ဘယ်သူ့အကြောင်းကို ပြောနေတယ်လို့ ထင်လဲ”

 

သူ့စကားဆုံးသွားချိန်မှာ သူ ပိုင်ယယ်ဖုန်း၏ နားနားကို ကပ်လိုက်ပြီး သူ့လက်ထဲရှိ ဓားမြှောင်က ပိုင်ယယ်ဖုန်း၏ နဖူးပေါ်ကနေ နှလုံးသားရှိရာဆီ ဆင်းသွားခဲ့ကာ သူ ဖြည်းဖြည်ချင်း ပြောလိုက်သည်။ 

 

“လူသားအဖြစ် သရုပ်ဆောင်နေတဲ့ အချိန်က အရမ်းကြာလွန်းအားကြီးလို့ ကိုယ့်ကိုကိုယ် လူလား သရဲလား ဆိုတာကိုတောင် မေ့သွားပြီလား … ချီယုံ”

 

ချီယုံ ရပ်တန့်သွားပြီးမှ တဖြည်းဖြည်းချင်း ပြုံးလာခဲ့သည်။

 

သူ့၏အော်ဂလီဆန်စရာကောင်းသော လူအရေခွံကို ဖယ်ရှားပြီးတော့ နက်မှောင်ကာ ကြောက်စရာကောင်းသော သဘာဝကို လှစ်ဟပြလာခဲ့သလိုပင်။ သူ့ ပါးစပ်‌ဆီကနေ အနည်းငယ် စိတ်မမှန်သည့်ပုံစံပေါက်သော ပျော်ရွှင်ကြည်နူးနေသည့် လေသံတစ်သံ ထွက်လာခဲ့သည်။ ထပ်တူညီသော မျက်နှာဖြစ်နေသော်ငြားလည်း အခုပုံစံက လူတွေကို နောက်ကျောထဲကနေပြီး အေးစက်မှုကို ခံစားရစေသည်။ 

 

သူ့နှုတ်ခမ်းထက်ရှိ အပြုံးက ကျယ်သထက်ကျယ်လာခဲ့ပြီး သူ၏ ရေစိုနေသော မျက်မှန်ကိုချွတ်ကာ စိတ်ဝင်တစား မေးလာခဲ့သည်။

 

“မင်း ဘယ်လိုလုပ်သိတာလဲ”

 

ကျန်းလော့ အသံတိတ်ရယ်လိုက်သည်။

 

ချီယုံသေပြီး ခုနှစ်ရက်မြောက်နေ့ ညတုန်းက သူ ချီယုံကို မကောင်းဆိုးဝါး‌ နှိမ်နင်းသည့် အဆောင်ကိုသုံးပြီး နှိပ်စက်ခဲ့သည်။

 

ထိုကဲ့သို့လုပ်လိုက်ရ၍ နည်းနည်း စိတ်သက်သာရရခဲ့သလို ချီယုံ၏ ပါရမီကိုလည်း သူ ကောင်းကောင်းကြီး နားလည်သွားခဲ့သည်။

 

ချီယုံ အင်အားကောင်းလာသည့်အရှိန်က ကြောက်ဖို့ကောင်းအောင် မြန်ဆန်သည်။ ပထမစစချင်းတုန်းက ချီယုံကို အဆောင်တစ်ရွက်တည်းနှင့် အထိနာအောင် သူ လုပ်နိုင်ခဲ့ပေမယ့် အချိန်ကုန်လာသည်နှင့်အမျှ ပထမတစ်ခေါက်တုန်းကလို သက်ရောက်မှုကိုရဖို့ ကျန်းလော့ အဆောင်ကို နှစ်ရွက်သုံးရွက် သုံးလာခဲ့ရသည်။

 

သေခြင်းတရားက ကျန်းလော့ကို အချို့သော ချုပ်နှောင်မှုတွေကနေ အမှန်တကယ်ကြီးကို လွတ်မြောက်စေနိုင်သည့်ပုံပင်။

 

 ကျန်းလော့ နောက်တစ်လလုံးလုံးကို ကြိုစားပြီး လေ့လာသင်ယူခဲ့ခြင်းက ချီယုံ၏ မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော ကြီးထွားမှု၏ လှုံ့ဆော်မှုကြောင့်လည်းပါသည်။

 

ကျန်းလော့၏ အဆောင်က အရမ်းအားကောင်းပြီး ဈေးကွက်ထဲမှာ အင်မတန်ရှားပါးသော အရည်အသွေးထိပ်တန်း အဆောင်ဖြစ်သည်။ သူ့အဆောင်ကို ဘာသက်ရောက်မှုမှမရှိဘဲ ပြာအဖြစ် ပြောင်းသွားအောင် လုပ်နိုင်သည့် တစ်ဦးတည်းသောသူက ချီယုံပင်။ 

 

သူ့ကို ဘယ်လိုမှတ်မိသွားသလဲဆိုတာ ကျန်းလော့ မဖြေလိုက်ပေ ထိုအစား သူ ရန်စသောအသံဖြင့် ခပ်တိုးတိုးလေး ရယ်လိုက်ပြီး “ငါ ခန့်မှန်းကြည့်ရအောင် … မင်း ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာကို”

 

“မင်း ပိုင်ယယ်ဖုန်းကို ချုပ်ကိုင်ခြယ်လှယ်နေတာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းကမလား … ဟုတ်တယ်ဟုတ်”ကြီးမားသော လျှို့ဝှက်ချက်ကြီးတစ်ခုကို ပြောပြနေသည့်အလား ကျန်းလော့၏ အသံက တိုးသထက်တိုးလာခဲ့သည်။

 

“ချီယုံကလည်း မင်းပဲ … နာမည်ကြီး ပိုင်ယယ်ဖုန်းကလည်း မင်းပဲ။ နောက်ထပ်နာမည်ကြီး ဘယ်နှယောက်ကိုများ မင်း အသက်ရှင်နေတုန်းက ကြိုးကိုင်ခြယ်လှယ်ထားပြီးပြီလဲ။ မင်း ဘာကိုလို‌ချင်နေတာလဲ။ ရုပ်နယ်လွန်လောကကို နောက်ကွယ်ကနေ ထိန်းချုပ်ထားတဲ့ အာဏာရှင်ကြီး ဖြစ်ချင်တာလား … လူတိုင်းက ဆန့်ကျင်ရမှာကို ကြောက်မိအောင်လုပ်နိုင်တဲ့ မြင့်မြတ်တဲ့ နတ်ဆိုးအရှင်ကြီးတစ်ပါးလိုလေ”

 

ကျန်းလော့ ပြုံးလိုက်၏။ “မင်းမှာ အရမ်းကိုကြီးတဲ့ အကြံ‌အစည်တွေ ရှိနေတာပဲ … ချီယုံ”

 

ချီယုံ အကြွင်းမဲ့ ပြုံးပြလိုက်သည်။

 

ကျန်းလော့ လူကို အနည်းငယ်ကြွလိုက်ပြီး ပိုင်ယယ်ဖုန်း၏ အရေပြားကိုဖောက်၍ မကောင်းဆိုးဝါးနှင့် အကြည့်ချင်းစုံလိုက်သည်။ မကောင်းဆိုးဝါး၏ ကိုယ်ပေါ်ရှိ ရေစက်တွေက ကျန်းလော့၏ နှာတံချွန်ချွန်နှင့်ပင် ထိလုနီးပါး ဖြစ်နေခဲ့ပြီး သူ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။

 

 “ငါမင်းကို လူအကောင်လိုက်ကြီး သတ်လို့မရတာတော့ တကယ်နှမျောမိတယ်”

 

“ဒါပေမယ့် မင်း ငါးနှစ်ကျော်တောင် ပြုစုပျိုးထောင်လာရတဲ့ ကြိုးဆွဲရုပ်လေးကို ဖျက်ဆီးပစ်လိုက် ရရုံနဲ့တင်ကို ငါ့ကို အချိန်အကြာကြီး ပျော်အောင် လုပ်ပေးနိုင်ပါတယ်”

 

ကျန်းလော့ ထထိုင်လိုက်ပြီး ချီယုံကို ငုံ့ကြည့်ကာ တုံ့ဆိုင်းမှုမရှိဘဲ လေချွန်လိုက်သည်။

 

ရေကူးကန်၏တံခါးတွေက ရုတ်တရက် ပိတ်ကန်ခံလိုက်ရပြီး ယှဉ်ပြိုင်သူတွေ အားလုံးနီးပါး အပြင်ကနေ ဝင်လာခဲ့ကြသည်။ ထိုသူတွေကို ပြိုင်ပွဲဝင်တွေနှင့် ဆက်သွယ်ဖို့ရာအတွက် ကျန်းလော့ လွှတ်လိုက်သော လုယုံရိတို့ သုံးယောက်က ဦးဆောင်ပြီး ခေါ်လာခဲ့ခြင်းပင်။

 

ပြိုင်ပွဲဝင်တွေနောက်ကနေ ပါလာခဲ့ကြသော ဒရုန်းတွေကလည်း ပြတင်းပေါက်နှင့် တံခါးအပြင်ဘက်မှာ ပျံဝဲနေခဲ့ကြပြီး ထိုတခဏအတွင်းမှာပဲ ရေကူးကန်တစ်ခုလုံးကို မျက်လုံးတွေ အများကြီးက ဝန်းရံလာခဲ့ကြသည်။

 

စိတ်ရှုပ်ထွေးနေကြသော ပြိုင်ပွဲဝင်တွေက ကျန်းလော့တို့နှစ်ဦး၏ ပုံစံတွေကြောင့် အံ့အားသင့်သွားခဲ့ကြသည်။

 

“သူတို့ … ဘာလုပ်နေကြတာလဲ”

 

“အဲဒီ့တစ်ယောက်က လက်ထဲမှာ ဘာကိစ္စ ဓားကြီးကိုင်ထားရတာလဲ”

 

“တစ်ယောက်ယောက်ကို သတ်ဖို့များလား …ဘုရားရေ”

 

ကျန်းလော့ မြောက်မြားလှစွာသော လူများနှင့် မရေမတွက်နိုင်သော ဒရုန်းများကို ကျောပေးပြီး မကောင်းဆိုးဝါးကို လှောင်ပြုံး ပြုံးပြလိုက်သည်။ သူ့လက်ထဲမှာရှိသော ဓားမြှောင်ကို အားနည်းနည်းစိုက်၍ ရှေ့တိုးလိုက်ချိန်မှာ ဓားဦးချွန်မှာရှိသော အဆောင်က လူတိုင်း၏မျက်လုံးရှေ့မှာ မီးထတောက်လာခဲ့သည်။

 

 

 

“လူတိုင်းကြည့်ကြပါအုံး … သရဲနှင်တဲ့ အဆောင်က မီးလောင်နေတယ်”ကျန်းလော့ အသံကို မြှင့်လိုက်ပြီး “ပိုင်ယယ်ဖုန်းကို မကောင်းဆိုးဝါး ဝင်ပူးထားတယ်”

 

ဒရုန်းက ထိုမြင်ကွန်းကို ရှင်းရှင်းလင်းလင်းကြီးပင် တိုက်ရိုက် ထုတ်လွှင့်လိုက်သည်။

 

တက္ကသိုလ်ဆယ့်နှစ်ခုရှိ လူငယ်တွေအကုန်လုံး ပေါင်းရင်တောင် တစ်ရာလောက်ပဲရှိသော်လည်း ရုပ်နယ်လွန်လောက၏ တည်ရှိမှုကို သိကြသော နိုင်ငံထဲကလူတွေနှင့် ကျောင်းကြီးခြောက်ကျောင်း၏ တပည့်အရေအတွက်ကတော့ တော်တော်လေးများပြားပြီး ထိုသူတွေ အများစုက ပိုင်ယယ်ဖုန်းကို သိကြသည်။ ထိုတခဏမှာ တိုက်ရိုက်ထုတ်လွှင့်သည့် လိုင်းမှာ ရုတ်တရက်ပေါ်လာသော ထိုမြင်ကွင်းကြောင့် ဝရုန်းသုန်းကား ဖြစ်သွားခဲ့သည်။

 

[ချီး … ချီး … ချီး]

 

[ ငါကပဲ ကန်းနေတာလား … ဘယ်လိုဖြစ်လို့ သရဲနှင်တဲ့အဆောင်က ပိုင်ယယ်ဖုန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ လောင်နေရတာလဲ]

 

[ပိုင်ယယ်ဖုန်းက မကောင်းဆိုးဝါး ဝင်ပူးတာကို ခံထားရတာလား။ ဘယ်တုန်းက ပူးခံလိုက်ရတာလဲ။ ပိုင်ယယ်ဖုန်းလို ပါရမီရှင်ကတောင် သရဲဝင်ပူးတာ ခံရသေးတယ်တဲ့လား။ ငါတော့ နားမလည်နိုင်တော့ဘူး] 

 

[ ငါတော့ လုံးဝကို စိတ်ရှုပ်သွားပြီ … ပိုင်ယယ်ဖုန်းက သရဲဝင်ပူးတာ ခံထားရတယ်။ ဘယ်ချိန်က စပြီးတော့လဲ]

 

ကျန်းလော့ ဆက်ပြောလိုက်သည်။ “ဒီသုံးရက်အတွင်းမှာ … ပိုင်ယယ်ဖုန်းနဲ့ ပတ်သတ်ပြီး တစ်ခုခုတော့ မှားနေတယ်လို့ ငါ ခံစားခဲ့ရတယ်။ ဒါကြောင့်မို့ ငါ အကြိမ်များစွာ စမ်းသပ်ခဲ့ပြီးတဲ့နောက်မှာ ပိုင်ယယ်ဖုန်းရဲ့ ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါးဝိညာဉ် ပုန်းအောင်းနေတာကို သိလိုက်ရတယ်”

 

“ဒီမကောင်းဆိုးဝါးက သူ့ကိုယ်သူ ပိုင်ယယ်ဖုန်းအဖြစ် ဟန်ဆောင်ခဲ့တယ် … သူ ဟန်ဆောင်တာ ပိရိလွန်းလို့ ဘယ်သူမှ သံသယမဝင်ခဲ့ကြဘူး”

 

ကျန်းလော့ မကောင်းဆိုးဝါးနှင့် မျက်လုံးချင်းဆုံလိုက်ပြီး သူ့ နှုတ်ခမ်းအစုံ ကော့တက်သွားခဲ့သည်။

 

 “တွေးမိရုံနဲ့တင်ကို ကြက်သီးထတယ် … ဒီမကောင်းဆိုးဝါးက ပိုင်ယယ်ဖုန်းကို ဝင်ပူးနေတာ အချိန်ဘယ်လောက်‌တောင် ကြာသွားပြီလဲ။ ဒီသုံးရက်မှလား ဒါမှမဟုတ် လွန်ခဲ့တဲ့တစ်လကလား ဒါမှမဟုတ် တစ်နှစ်လား နှစ်နှစ်လား ဒါမှမဟုတ်ရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကများလား”

 

ကျန်းလော့၏ နှိမ့်ချသောအသံက ရေအောက်ထဲက တော်ပီဒို လက်နက်ကြီးကဲ့သို့ ကျောင်းသားများကြားမှာ ချက်ချင်းဆိုသလို ပွက်လောညံသွားစေခဲ့သည်။ 

 

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ….”

 

သို့သော် တစ်ထောင်ပုံလျှင်တစ်ပုံမျှသာ ရှိသော ဖြစ်နိုင်ချေလေးကတောင် လူတွေကို ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားစေနိုင်စွမ်းရှိသည်။ 

 

ရွှီယန် ရုတ်တရက်ဆိုသလို ကျန်းလော့ သူ့ကို အစောပိုင်းတုန်းက မေးခဲ့တာကို ပြန်သတိရလိုက်မိသည်၊ အရင်တုန်းက ပိုင်ယယ်ဖုန်းက ဘယ်လိုပုံစံလဲ။

 

ယခုတခဏမှာ သူ့စိတ်ထဲ ဗလာဖြစ်နေခဲ့ပြီး ပိုင်ယယ်ဖုန်းက ဘယ်လိုပုံစံဖြစ်ခဲ့လဲဆိုတာ သူ ပြန်စဉ်းစားကြည့်လို့ မရတော့ပေ။

 

သူ့ဘဝထဲကို လွန်ခဲ့သည့် ငါးနှစ်ကျော်လောက်က တဖြည်းဖြည်း ချင်းနင်းဝင်ရောက်လာခဲ့သော သာမန်ဆန်ဆန် ပိုင်ယယ်ဖုန်းက သူ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိသော ပိုင်ယယ်ဖုန်းကို အပြီးတိုင် အစားထိုးသွားခဲ့ပြီပင်။

 

ဒါပေမဲ့ အခုလက်ရှိ ကြင်နာတတ်ပြီး နူးညံ့တဲ့ ပိုင်ယယ်ဖုန်းကရော တကယ်ပဲ အရင်က ပိုင်ယယ်ဖုန်း ဟုတ်ရဲ့လား။

 

သူ ထိန်းမရအောင် တုန်ရီသွားခဲ့သည်။

 

ကျန်းလော့ မကောင်းဆိုးဝါးကို ရေထဲနှစ်လိုက်ပြီး “မင်း ဘယ်သူလဲ … ပိုင်ယယ်ဖုန်းကို ဘာအတွက် ဝင်ပူးနေရတာလဲ ပြီးတော့ မင်း သူ့ကို ဝင်ပူးနေတာ ဘယ်လောက်ကြာပြီလဲ”

 

မေးခွန်းတွေတစ်ခုပြီးတစ်ခု အသံထဲမှာ ဖိနှိပ်မှုတို့ပါနေခဲ့သည်။

 

မကောင်းဆိုးဝါး၏ မျက်နှာထား ပထမဆုံးအကြိမ်အဖြစ် ပျက်သွားခဲ့သည်။

 

သူ့မျက်နှာဆီကနေ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး အရိပ်အယောင်တွေ လျှံကျလာခဲ့ပြီး သူ့ကိုယ်ကနေ ထွက်လာခဲ့သော အနက်ရောင်မြူတွေက သရဲလက်သည်းကြီးတွေအလားပင်။ မျက်နှာပြင် ခြားနေတာတောင်မှပဲ အသည်းခိုက်အောင်တုန်သော အေးစက်မှုကို ခံစားရသည်။ 

 

သူတို့ သေချာစီစဉ်ထားသော စီမံချက်၏ အရေးကြီးသည့် အပိုင်းကို ဖျက်ဆီးခံလိုက်ရသည့် ဘယ်သူမဆို သေချာပေါက် ဒေါသထွက်မှာပင်။

 

ဤ‌ကြိုးဆွဲရုပ်က ချီယုံ ငါးနှစ်ကြာ သိုဝှက်ထားခဲ့သော အတော်လေးကို အရေးပါသည့် နယ်ရုပ်လေး တစ်ရုပ်ဖြစ်၏။ 

 

ကျန်းလော့က ကြိုးဆွဲရုပ်လုပ်ထားသော သူ့ဇစ်မြစ်ကို ရှာတွေ့သွားပြီးတော့ လျို့ဝှက်ချက်ကို လူထုအား မြန်မြန်ကြီး ချပြလာလိမ့်မည်ဟု ချီယုံ လုံးဝ မထင်ထားခဲ့မိပေ။

 

သည်အကွက်ရွှေ့မှုက “ပိုင်ယယ်ဖုန်း”၏ ကြိုးဆွဲရုပ်အဖြစ်တန်ဖိုးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တာဖြစ်ပြီး သူ့ အစီအစဉ်တစ်ခုလုံးကို ပျက်စီးစေခဲ့၏။

 

အနက်ရောင်မြူခိုးတွေ ဒေါသကြောင့် ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်။

 

ကျန်းလော့၏ မျက်လုံးအစုံက ရုတ်တရက် နီရဲလာခဲ့ပြီး သူ မကောင်းဆိုးဝါးကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ သူ့အသံက ခြောက်ကပ်ပြီး အက်ကွဲ‌နေကာ

 

“ပိုင်ယယ်ဖုန်းကို မင်း ဝင်ပူးရတဲ့ အကြောင်းရင်းကဘာလဲ။ ချီယုံ … ချီယုံ သေရတာကရော မင်းနဲ့ ပတ်သက်မှု ရှိနေတာလား”

 

သူ အံကြိတ်လိုက်ပြီး  “ပိုင်ယယ်ဖုန်းကလည်း ပါရမီရှင် … ချီယုံကလည်း ပါရမီရှင်ပဲ။ ပိုင်ယယ်ဖုန်းက မင်း ဝင်ပူးတာကို ခံထားရပြီးတော့ … ချီယုံက ရုတ်တရက် သေသွားတယ်… ချီယုံလည်း ဒီလို သတ်ခံလိုက်ရတာ မဟုတ်ဘူးလား”

 

ဝမ်ယမ်လန်တို့အုပ်စုလည်း စဉ်းစားခန်း ဝင်မိကြသည်။

 

တကယ်ပဲ ချီယုံရဲ့ သေဆုံးမှုက အခုတစ်ခေါက် ပိုင်ယယ်ဖုန်း ဝင်အပူးခံရတာနဲ့ ပတ်သက်မှု တကယ်မရှိတာလား။ 

 

ချီယုံနှင့် ပိုင်ယယ်ဖုန်း၏ကြားမှာ ဆင်တူသည့်အချက်တွေ အများကြီးရှိသောကြောင့် သူတို့‌နှစ်ယောက်ကြားက ဆက်နွယ်မှုကို မတွေးမိဖို့ဆိုတာ မဖြစ်နိုင်ပေ။

 

ကျန်းလော့၏ ဓားမြှောင်က မကောင်းဆိုးဝါး၏ အရေပြားထဲကို နစ်ဝင်တော့မှာဖြစ်သည်။

 

ချီယုံ ဒေါသထွက်လွန်းအားကြီး၍ ပြုံးလိုက်မိသည်။ သူ ရေကူးကန်နံရံကို လက်ဖြင့်ထောက်ပြီးတော့ သူ့လက်မောင်းတွေကို မြှောက်လိုက်သည်။ သူ့ရင်ဘတ်ရှေ့မှာ ရှိနေသော ဓားမြှောင်ကို သူကိုယ်တိုင် ထိုးစိုက်ခံလိုက်ပြီး အနီရောင်သွေးတွေက ဓားမြှောင်ကနေတစ်ဆင့် ကျန်းလော့၏ လက်ထဲကိုစီးကာ ရေကူးကန်ထဲသို့ စီးကျသွားခဲ့သည်။

 

အနီရင့်ရောင်သွေးတွေက အရောင်ရင့်ကနေ ဖျော့သွားခဲ့ပြီး ရေကူးကန်ကြီးကို သွေးတွေဖြင့် အရောင်ဆိုးပစ်ခဲ့သည်။

 

“မင်းအရမ်းကောင်းတာပဲ”ချီယုံ ရူးသွပ်စွာ ရယ်လိုက်ရင်း ရှေ့ကိုတိုးလိုက်သည်။ ကျန်းလော့၏ နားရွက်နားထိရောက်အောင် သူ ကိုယ်ကိုကိုင်းလိုက်ပြီး သေရတော့မည့်အတွက် ချစ်ရသူကို မထားရစ်ခဲ့နိုင်ဘဲ ဟိုဟိုသည်သည် စကားတွေ ပြောနေသည့်အလား တီးတိုးပြောလာခဲ့သည်။

 

“ကျန်းလော့ … ငါ မင်းကို သတ်တောင် မသတ်ရက်တော့ဘူး”

 

သူ့စကားတွေနှင့် ဆန့်ကျင်စွာပင် သူ့မျက်လုံးထဲမှာတော့ အားကောင်းသော လူသတ်ချင်သည့် အရိပ်အယောင်တွေက ရုတ်ခြည်း တောက်လောင်လာခဲ့သည်။

 

ကျန်းလော့က ဘယ်လောက်တောင် ဉာဏ်များမှန်း မကောင်းဆိုးဝါး အခုမှပဲ နားလည်သွားခဲ့သည်။

 

ဓားမြှောင်က အသွေးအ‌သားတွေကို ဖောက်ဝင်နေခဲ့ပြှီး ကျန်းလော့ အမူအရာ တစ်ချက်မပြောင်းဘဲ ပိုနက်အောင် ထပ်ထိုးလိုက်ပြီး ဒရုန်းတွေ၏ ကင်မရာကို ရှောင်တိမ်းပြီး ပါးပါးလျလျ‌လေး ပြုံးလိုက်သည်။

 

“ငါကတော့ မင်းကို သတ်ချင်တယ်”

 

သူ အဆောင်တွေကို တစ်ထပ်လိုက် ဆွဲထုတ်လိုက်ပြီး ပိုင်ယယ်ဖုန်းကို တစ်ချက်တည်း ထိုးနှက်ပစ်လိုက်သည်။ ချီယုံ၏ ကြိုးဆွဲရုပ်တောင်မှပဲ အဆောင်တွေ အများကြီး၏ တိုက်ခိုက်မှုအောက်မှာ တခဏလောက် မလှုပ်နိုင် ဖြစ်သွားခဲ့ရသည်။

 

ချီယုံ လှိုင်းထနေရေပြင်က သူ့အပေါ်မှာ ထင်ဟပ်‌နေသော ကျန်းလော့၏သဏ္ဍန် ကို ပုံပျက်သွားအောင် လုပ်နေတာကို ကြည့်‌နေမိသည် သို့သော် ကျန်းလော့၏ နှုတ်ခမ်းထက်မှာ ချိတ်တွဲထားခဲ့သော အပြုံးကတော့ လှမြဲအတိုင်းလှကာ ရင်ကို ထိုးဖောက်နိုင်ဆဲပင်။

 

ကျန်းလော့က သူပဲ လူကောင်း သူပဲ လူဆိုး အကုန်လုပ်သွားခဲ့သည်။ အခြေအနေက ဤကဲ့သို့သာ ဖြစ်မနေခဲ့လျှင် ချီယုံ ထိုအပြုံးလေးကို သဘောတကျနှင့် ရှုစားနေမိလောက်၏။

 

နောက်တခဏအကြာမှာတော့ မကောင်းဆိုးဝါး ပြန်လှုပ်ရှားလာနိုင်ပြီး ရေမျက်နှာပြင်ပေါ် ပြန်တက်လာခဲ့သည်။ အနောက်မှာ ရှိနေခဲ့ကြသော အပေါင်းအဖော်တွေက အပြေးရောက်လာကြပြီး ကျန်းလော့ကို သူ့ဆီကနေဖယ်ကာ အရှေ့ကနေ ပိတ်ရပ်ပြီး ရေထဲမှာရှိနေသော မကောင်းဆိုးဝါးကို သတိဖြင့် ကြည့်လာခဲ့ကြသည်။

 

ယယ်ရွှင် သူ့လက်ချောင်းကို ကိုက်လိုက်ပြီး ရှောင်ဖန်းကိုနှိုးကာ မျက်နှာမှုန်သေသေဖြင့် ပြောလိုက်၏။ “ရှောင်ဖန်း … သွား”

 

အမျက်ဒေါသအရုပ်ကြီးက ထရပ်လာပြီး ရေကူးကန်အစွန်းဆီ လျှောက်သွားကာ ခုန်ချလိုက်သည်။ ထို့နောက် ရေပေါ်မှာ ပေါလောပေါပြီး ချီယုံထံ ကူးသွားလိုက်သည်။

 

ချီယုံ၏ မြွေပွေးကဲ့သို့ အကြည့်တွေက လူအုပ်ကြီးကိုဖြတ်ပြီး ကျန်းလော့ ဆီမှာပဲ ရှိနေခဲ့သည်။ သူ အမူအရာ တစ်ချက်မပြောင်းဘဲ လက်ကို မြှောက်လိုက်သည် ထို့နောက် အရုပ်က ချက်ချင်းဆိုသလို အနက်ရောင်မြူထု၏ တစ်ဝက်ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။

 

ယယ်ရွှင်၏ မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ပြီး သူ ကြက်သေသေသွားမိသည်။ 

 

“ရှောင်ဖန်း …..”

 

မကောင်းဆိုးဝါးက ရင်ဘတ်မှာ အပေါက်ကြီးဖြစ်နေခဲ့ပေမယ့် ဘာမှ ခံစားရသည့်ပုံမပေါ်ဘဲ ရေထဲကနေ တက်လာခဲ့သည်။ သွေးတွေက အပြင်ကို စိမ့်ထွက်ပြီး ကြောက်စရာကောင်းအောင် စီးကျနေခဲ့သည်။ သူ တစ်စုံတစ်ခုကို လုပ်ဖို့ပြင်လိုက်စဉ်မှာပဲ မကောင်းဆိုးဝါး ရုတ်တရက် တံခါးဆီကြည့်လိုက်သည်။

 

သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ကျန်းလော့ထံ အဓိပ္ပာယ်ဖော်မရသော အပြုံးတစ်ပွင့် ပို့လိုက်သည်။ ပိုင်ယယ်ဖုန်း၏ ခန္ဓာကိုယ်ထဲကနေပြီး အနက်ရောင်မြူထုက အဝေးကို မျောလွင့်သွားခဲ့ကာ ပိုင်ယယ်ဖုန်း ချက်ချင်းဆိုသလို ကြမ်းပြင်ထက် မေ့လဲကျသွား၍ ရှန်ဟိုင်းတက္ကသိုလ်ရှိ ကျောင်းသားတစ်ဦးက အချိန်မှီ လှမ်းပွေ့လိုက်ရသည်။

 

“မြန်မြန်။ အရေးပေါ်ကား ခေါ်ကြ”

 

ကျန်းလော့ ခေါင်းလှည့်ကြည့်လိုက်တော့ တံခါးအပြင်ဘက်မှာ ဆရာတချို့ ရပ်နေကြတာကို တွေ့လိုက်ရပြီး သူတို့၏ အလယ်မှာတော့ ကောင်းကင်ဘုံ အရှင်သခင် ဖုန်းလီ ရှိနေခဲ့သည်။

 

ဖုန်းလီက လူအုပ်၏အလယ်ကို တိတ်ဆိတ်စွာနဲ့ ကြည့်လာခဲ့သည်။ သူ့ပုံစံက တစ်စုံတစ်ရာကို မြင်နိုင်နေသလိုနှင့် တစ်ချိန်တည်းမှာပဲ ဘာကိုမှမမြင်သလိုပင်။ သူ့ မျက်နှာထားက ဘာမှမရှိသလို ပေါ့ပါးနေခဲ့ပြီး ကျောင်းသားတွေ ကြားထဲမှာ ယခုကဲ့သို့ ထိတ်ထိတ်ပျာပျာတွေ ဖြစ်နေ‌တာတောင်မှပဲ ထိုဟာက သူ့စိတ်ခံစားချက်အား စိုးစဉ်မျှတောင် သက်ရောက်မှုမရှိချေ။

 

ကျိုးကျန်းယွီ သူ၏ထိတ်လန့်မှုကို ပြန်ထိန်းသိမ်းလိုက်ပြီး အခြေအနေကို ထိမ်းသိမ်းဖို့ ရှေ့တိုရှိနေခဲ့သည

 

ဖုန်းလီ သူ့ခေါင်းကိုငဲ့လိုက်ပြီး ဘေးနားမှာရှိနေသော တပည့်တွေကို ပြောလိုက်သည်။ 

 

“သူတို့ရဲ့အဖြေလွှာတွေကို တင်ဖို့ အချိန်ကျပြီ”

 

ကျိုးကျန်းယွီ သွေးထွက်တာကို ရပ်ဖို့ အဆောင်တစ်ခုကို အချိန်မှီရေးလိုက်ပြီး ပိုင်ယယ်ဖုန်း၏ ရင်ဘတ်ပေါ်မှာ တောက်လောင်စေလိုက်သည်။ ပိုင်ယယ်ဖုန်းကို လူနာတင်ကားနှင့် ခေါ်သွားပြီးနောက်မှာ ကျန်းလော့ပခုံးကို နှစ်သိမ့်သည်အနေနှင့် သူ ပုတ်လိုက်ပြီး သူ၏ လေးစားမှုကို ဖော်ပြလာခဲ့သည်။

 

“မင်း အမှားမဟုတ်ပါဘူး… အကယ်၍ ပိုင်ယယ်ဖုန်းသာ မကောင်းဆိုးဝါး ပူးကပ်တာကို ခံထားရတဲ့အချိန်က တော်တော်လေး ကြာနေခဲ့တာဆိုရင် မကောင်းဆိုးဝါးက ငါတို့ရဲ့အနီးအနားမှာ ပုန်းကွယ်နေလို့ပဲ …. မင်း အခုလို လုပ်ခဲ့တာမှန်တယ်”

 

သူ့အမူအရာက တဖြည်းဖြည်းနှင့် လေးနက်လာခဲ့သည်။ “ပူးကပ်ခံထားရတဲ့သူတစ်ယောက် ရှိနေရင် … နောက်ထပ် ပူးကပ်ခံထားရတဲ့သူလည်း ရှိနေမှာပဲ … ဒီနေ့ရဲ့ ရုပ်နယ်လွန်လောကကြီးမှာ ဟာကွက်တွေ ဘယ်နှခုတောင် ရှာတွေ့အုံးမလဲဆိုတာ မပြောတတ်တော့ဘူး”

 

ပိုင်ယယ်ဖုန်းလို ပါရမီရှိတဲ့သူတောင်မှပဲ ထောင်ချောက်မိသွားခဲ့သေးရင် … ကျန်တဲ့သူတွေကရော မကောင်းဆိုးဝါး ပူးကပ်တာကနေ လွတ်မြောက်နိုင်ပါ့မလား။

 

သည်လောကကြီးထဲမှာ ပိုင်ယယ်ဖုန်းလိုလူတွေ ဘယ်နှယောက်များတောင် ရှိနေပြီလဲ။

 

သူတို့နှင့် နေ့ရက်တိုင်းအတူတူ အချိန်ကုန်ဆုံးနေကြတဲ့ သူတွေကရော မကောင်းဆိုးဝါးလား လူသားလားဆိုတာ ဘယ်သူကများ သေချာသိမှာလဲ။

 

ထိုခံစားချက်တွေကြောင့် ကျိုးကျန်းယွီ၏ နှလုံးသားက လေးလံလာခဲ့ပြီး သူ ကျန်းလော့တို့အုပ်စုကို ပြောလိုက်သည်။

 

“မင်းတို့ရဲ့ အဖြေလွှာတွေကို သွားတင်ကြတော့”

 

****