Ch 3
Viewers 2k

🥝 Chapter 3


အပြင်ဘက်တွင် မြောက်လေသည် တဝေါဝေါတိုက်ခတ်နေပြီး အခန်းကန့်များမှာ အသံမလုံသဖြင့် ဘေးအိမ်မှ စကားပြောသံများကိုပင် ကြားနေရသည်။


သို့သော် စုကျိုကတော့ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီး တခြားသောလုံခြုံသည့် ဟင်းလင်း ပြင်တစ်ခုထဲသို့ ရောက်ရှိသွားသလိုခံစားလိုက်ရသည်။ သူမ ရှေ့မှောင်မည်းနေသော ဂိုဒေါင်တစ်ခု တဖြည်းဖြည်း ပေါ်လာပြီး ထိုနေရာတွင် ဖော်ပြချက်စာသားများနှင့် ဂိုဒေါင်စီမံခန့်ခွဲမှု လမ်းညွှန်စာ အုပ်ဟု ထင်ရသည့် စာအုပ်တစ်အုပ်လည်းရောက်ရှိနေပြီဖြစ်သည်။


【 'ချန်ကျိုး (ဝိညာဉ်အမြုတေ အဆင့် ၆ ကျင့်ကြံသူ)' ၏ အစိတ်အပိုင်းအချို့ ကူးယူခြင်း - 】


【 ၁။ ချန်ကျိုး၏ မူလခန္ဓာကိုယ် (အရပ် ၇ ပေ ၅ လက်မ၊ ဝိညာဉ်အမြုတေအဆင့် ခန္ဓာကိုယ်ကြံ့ ခိုင်မှု) - ဝိညာဉ်စွမ်းအင် မလုံလောက်သဖြင့် ကူးယူမှုမအောင်မြင်ပါ။ 】


စုကျို မျက်လုံးများ ဝိုင်းသွားရသည်။


【 ၂။ ချန်ကျိုး၏ သစ်သားဓာတ် အခြေခံအုတ်မြစ် (အဆင့်မြင့်) - ကူးယူမှု အောင်မြင်သော်လည်း ချို့ယွင်းချက်အချို့ ဖြစ်ပေါ်ခဲ့ပါသည်။ 】


【 ဝိညာဉ်ကျောက်တုံး ၂၃ တုံး ရရှိသည်။ 】


စုကျို: “?”


သူမသည် ရုပ်ပုံဖော်ပြချက်များဖြင့် ပြည့်နေသည့် ၁၆ မျက်နှာပါ ဂိုဒေါင်လမ်းညွှန်စာအုပ်ကြီးအား ကြည့်လိုက်သောအခါ၊ ပထမဆုံးစာမျက်နှာရှိ 'ချန်ကျိုး၏သစ်သားဓာတ် အခြေခံအုတ်မြစ်' ဟု အမည်တပ်ထားသည့် ပဲစေ့ခန့်ရှိသော မီးခိုးစိမ်းရောင်ပုံဆောင်ခဲလေးမှာ ချက်ချင်းဆိုသလို အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားပြီး ဝိညာဉ်ကျောက်တုံး အပိုင်းအစလေးများဖြစ်သွားသည်ကို တွေ့လိုက်ရသည်။


သူမ မယုံကြည်နိုင်သလိုဖြင့် ရှေ့မှမျက်နှာဖြူဖြူနှင့် ချန်ကျိုးအား ခေါင်းမော့ကြည့်လိုက်မိသည်။


နောက်နေတာလား? ဝိညာဉ်ကျောက်တုံး ၂၃ တုံးပဲ တန်တယ် ဟုတ်လား?


ဒီကောင်က အနာဂတ် ဇာတ်လိုက်မင်းသားဘေးက အကာအကွယ်ပေးမယ့် အင်မော်တယ် မဟုတ် ဘူးလား? သူက ကြီးထွားမလာသေးတာလား၊ ဒါမှမဟုတ် နာမည်တူနေတဲ့ အသုံးမကျတဲ့လူပဲလား?


ဇာတ်လိုက်မင်းသားရဲ့အခြေခံအုတ်မြစ်ကရော ဘယ်လောက်တန်ဖိုးရှိမလဲ? ငါသာ အခြေခံအုတ် မြစ်ကို အောင်အောင်မြင်မြင်ကူးယူနိုင်ခဲ့ရင် သူများရဲ့ ပါရမီရှင်အခြေခံအုတ်မြစ်ကို ကောက်တပ် လိုက်လို့ရမလား?


စုကျို စိတ်ကူးယဉ်ကြည့်မိသော်လည်း ၂၃ တုံးဆိုသည့် ပမာဏက တကယ်ကို သနားစရာကောင်း လောက်အောင် နည်းပါးလှသည်။


"ထားလိုက်ပါတော့လေ၊ ယင်ကောင်ခြေထောက်လည်း အသားပါတာပဲ”


စုကျို ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်သော်လည်း မျက်နှာဖြူဖြူနှင့် ချန်ကျိုးကို ကြည့်ရင်း အလိုအလျောက် ဒေါသထွက်လာသည်။ တကယ်ကို အရှုံးကြီး ရှုံးလိုက်ရခြင်းပင်။


"ငါတို့တွေ ဒီသုံးလလုံးလုံး နင့်အတွက်ဆိုပြီး ဝိညာဉ်သွေးတွေ ရောင်း၊ ငါတို့ မောင်နှမသုံးယောက်ရတဲ့ ယွမ်မြှင့်ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို နင့်ကို ပုံအောပေးခဲ့တာ! နင်က ဒီလောက် အထိ အသုံးမကျတဲ့ကောင်ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝမထင်ခဲ့ဘူး!"


စုကျို ဖမ်းဆွဲထားသော ချန်ကျိုးမှာ ရုန်းရန်ပြင်နေရင်းမှ ထိုစကားကြောင့်ကြောင်အသွားသည်။ ကလေးနှစ် ယောက်ဖြစ်သည့် စုကျီကျီနှင့် စုရှင်းချန်တို့လည်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။


"ရက်ပေါင်း ၉၇ ရက်! ဝိညာဉ်ကျောက်တုံးပေါင်း ၃၁၆၈ တုံး၊ ပြီးတော့ တစ်လုံးကို ကျောက်တုံး ၁၂၀၀ တန်တဲ့ အားဖြည့်ဆေးလုံး ၁၂ လုံးကို နင့်ပါးစပ်ထဲ ငါ တစ်လုံးချင်း ခွံခဲ့တာ! ကန်ထဲက အပိန်ဆုံး ငါးတောင်မှ ဒီလောက်ကျွေးရင် ခေါင်းပြူးထွက်လာပြီဟဲ့!"


"ဒါတောင် နင့်ရဲ့အခြေခံအုတ်မြစ်က လက်သည်းခွံလောက်ပဲ ရှိတာလား!"


ဂိုဒေါင်ထဲရှိပုံထဲတွင် မြင်ခဲ့ရသည့် ပဲစေ့လောက်သာရှိသော အခြေခံအုတ်မြစ်ကိုတွေးမိပြီး စုကျို ပိုဒေါသ ထွက်လာကာ လက်သန်းလေးဖြင့် ညွှန်ပြလိုက်သည်။ ချန်ကျိုး၏ မျက်နှာမှာ ချက်ချင်းပင် နီရဲလာပြီး - "စုကျို၊ မဟုတ်တမ်းတရားတွေ စွပ်စွဲမနေနဲ့!"


"ဟွန့်” စုကျိုက အခြေခံအုတ်မြစ်ပုံကို ပြန်စဉ်းစားလိုက်သောအခါ သူမလက်သန်း၏ အလယ်ဆစ် လောက်အထိပင် မနည်းကြီးအောင် လုပ်ယူထားရခြင်း ဖြစ်သည်။


"နင်... နင်... နင်...!"


ချန်ကျိုး၏ မျက်နှာတွင် သွေးတက်နေပြီဖြစ်ပြီး "နင် ဒါကို ဘယ်လိုသိတာလဲ?" ဟူသည့် ထိတ်လန့်မှုကို အတင်းဖုံးကွယ်ကာ သွားကြိတ်နေရသည်။


သူ့ သစ်သားဓာတ်အခြေခံအုတ်မြစ်မှာ အဆင့်မြင့်အဆင့်ဟု အနိုင်နိုင်သာသတ်မှတ်၍ရသော သာမန်အဆင့် မျှသာ။ သို့သော် သူသည် ဝိညာဉ်ပိုးကောင်ဂေဟာမှ ရသမျှငွေများကို အရိုးသန့်စင်ဆေးလုံးများနှင့် လဲလှယ် ပြီး ပါရမီကိုမြှင့်ရန် အပူတပြင်းကြိုးစားခဲ့သလို၊ သူ့ကိုယ်သူ ပါရမီထူးချွန်သူဟု ဟန်ဆောင်ကာ အမျိုးသမီး ကျင့်ကြံသူများကို လှည့်စားခဲ့ခြင်းဖြစ်သည်။


စုကျိုသည်လည်း ယခင်က သူ့ကိုယုံကြည်ခဲ့ပြီး သူက အထက်ထပ်များကိုတက်နိုင်လိမ့်မည်ဟု မျှော်လင့်ကာ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ သို့သော် ပါရမီညံ့ဖျင်းမှုကြောင့် သူသည် ဒုတိယထပ်ကိုတက်ရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့ရသည်။


"ဟွန့်၊ စုကျို... နင် ငါ့ကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေ ထပ်မချေးချင်တော့ရင်လည်း ပြောပါ၊ ငါ့ကို လာပြီး မပုတ်ခတ်နဲ့!" 


ချန်ကျိုးက ရှက်စိတ်ကို ထိန်းချုပ်ပြီး စုကျို ဖမ်းထားသည့်လက်ကို အတင်းခါထုတ် လိုက်သည်။


သူ့ မေးစေ့ကိုမော့ကာ ဆံပင်များကို သပ်တင်လိုက်သောအခါ နဖူးပေါ်ထက် နံပါတ်ပေါ်လာသည် — [၅၉]။


"နင်တို့လို ပထမထပ်ရဲ့အောက်ခြေမှာ ဝဲလည်နေတဲ့ သာမန်ကောင်တွေနဲ့ ယှဉ်ရင် ငါက ဒီအထပ်ရဲ့အဆင့် ၅၉ ရှိတဲ့ ထိပ်တန်းလူပဲ!"


ကလေးနှစ်ယောက်၏ မျက်နှာပေါ်မှနံပါတ်များသည် သူတို့၏ အဆင့်သတ်မှတ်ချက်ဖြစ်နေမှန်း စုကျို သိလိုက်ရပြီး သူ့မျက်နှာထက် ဘာနံပါတ်ရှိမလဲဆိုသည်ကို သိချင်စိတ်ပြင်းပြသွားရသည်။


"ကျိုအာ... နင်ကတော့ ရှေ့လ ဒါမှမဟုတ် နောက်လကျရင် အထုတ်ခံရတော့မယ့် အခြေအနေမှာ ရှိနေတာ” ချန်ကျိုးက စဉ်းစားဟန်ဖြင့် ဆက်ပြောသည် — "နင့်ဆီမှာ နောက်ဆုံးကျန်တဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေကို တကယ်ပဲ ငါ့ကို မပေးတော့ဘူးလား? နင့်ဆီမှာ ထားပြီး အလကား ဖြုန်းတီးပစ်မယ့်အစား ငါ့ကိုပေးလိုက်တာက ပိုကောင်းပါတယ်”


"ငါ အထက်ထပ်ကို တက်လှမ်းနိုင်တဲ့အခါ နင့်ကို တာအိုလက်တွဲဖော်အဖြစ် တစ်ပါတည်း ခေါ်သွားလို့ရတာ  ပေါ့”


စုကျို မျက်ခုံးများတွန့်သွားရသည်။ ဤခန္ဓာကိုယ်ပိုင်ရှင်သည် ရည်းစားဟောင်းများကို ဤမျှအများကြီး ထောက်ပံ့ပေးနေခဲ့ခြင်းမှာ ဤ 'တာအိုလက်တွဲဖော်' နေရာလေး တစ်နေရာရရှိရန်အတွက်သာ ဖြစ်ပေလိမ့်မည်။ သို့သော် နောက်ဆုံးတွင် သူကိုယ်တိုင်သာ အောက်ခြေတွင်ကျန်ရစ်ခဲ့ရသည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် အားကိုးရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။


ချန်ကျိုး လေသံအေးအေးလေးဖြင့် ထပ်ပြီးချော့မြူပြန်သည် — "တကယ်လို့ ငါ့အဆင့်က ဒီလမှာ အယောက် ၅၀ အတွင်း ရောက်သွားရင် မကြာခင်မှာ နောက်တစ်ဆင့်ကိုတက်ရတော့မှာ၊ ကျိုအာ... နင် နောက်ဆုံး အချိန်ကျမှ ငါ့အပေါ်ထားတဲ့ သံယောဇဉ်တွေကို စွန့်လွှတ်တော့မလို့လား?"


စုကျိုက ဘာခံစားချက်မှမရှိဘဲ နားထောင်နေရင်း ဂိုဒေါင်ထဲမှ ကူးယူထားသည့် မှတ်တမ်းများကို ဆက်ဖတ်ကြည့်လိုက်သည်။


【 ၃။ ချန်ကျိုး ခါးမှ ချန်ခွန်းအိတ် (ပထမအဆင့် ဝိညာဉ်ပစ္စည်း): ကံဆိုးသဖြင့် ကူးယူမှု မအောင်မြင်ပါ။ 】


【 ၄။ ချန်ကျိုး ဘယ်ဘက်လက်သူကြွယ်မှ ချန်ခွန်းလက်စွပ် (ပထမအဆင့် ဝိညာဉ်ပစ္စည်း): ကံဆိုးသဖြင့် ကူးယူမှု မအောင်မြင်ပါ။ 】


【 ၅။ ချန်ကျိုး ညာဘက်လက်အင်္ကျီလက်ထဲမှ ဆေးပုလင်းခွံ: ကူးယူမှု မအောင်မြင်ပါ။ 】


ကျရှုံးနှုန်းက အတော်မြင့်လှသည်။ သူမ စွမ်းရည်အဆင့်ကနိမ့်လွန်းနေ၍လားဟု စုကျို သက်ပြင်းချလိုက် မိသည်။


【 ၆။ ချန်ကျိုး ကိုယ်ပေါ်မှ ဝိညာဉ်စပါးစိမ်းလက်တစ်ဆုပ်စာ (ပထမအဆင့် ဝိညာဉ်ကောက်ပဲသီးနှံ): ကူးယူမှု အောင်မြင်သော်လည်း ချို့ယွင်းချက်အချို့ရှိနေသည်။ [မျိုးရိုးဗီဇပြောင်းလဲနေသော စပါးစိမ်း ၉ စေ့ ရရှိသည်။] 】


စုကျို မျက်ခုံးပင့်လိုက်ပြီး ခပ်မတ်မတ်ထိုင်လိုက်သည်။


【 ၇။ ချန်ကျိုး ဝတ်ထားသည့် ဝိညာဉ်ပိုးကောင်ဂေဟာတံဆိပ်ပါ ဝတ်ရုံစိမ်း (ပထမအဆင့် ဝိညာဉ်ဝတ်စုံ): ကူးယူမှုအောင်မြင်သော်လည်း ချို့ယွင်းချက်အချို့ ရှိနေသည်။ [ညာဘက်လက်အင်္ကျီစ ၉ ခု ရရှိသည်။] 】


“…”


ဤချို့ယွင်းချက်က နည်းနည်းတော့ကြီးမားလှသည်။ ၎င်းသည် စနစ်၏အမှား (Bug) တစ်ခုလား? သို့သော် အတွင်းခံဘောင်းဘီ ၉ ထည် ဖြစ်မသွားသည်ကိုပင် ကျေးဇူးတင်ရမည်။ စုကျို မျက်မှောင်ကြုတ်ကာ စမ်းကြည့်ရင်း စဉ်းစားနေသည်။


"စုကျို၊ နင် ငါပြောတာ ကြားရဲ့လား ?" ချန်ကျိုးက စိတ်မရှည်သလို အသံမြှင့်ပြောလိုက်သည်။ စုကျို လက်ယမ်းပြလိုက်ပြီး — "ဆူညံမနေနဲ့ဦး”


သူ ဆက်ဖတ်လိုက်သောအခါ ချန်ကျိုးကိုယ်ပေါ်တွင် တန်ဖိုးရှိသည့် တခြားအရာဘာမှမရှိတော့သဖြင့် ဤတစ်ကြိမ် ကူးယူခြင်းပြီးဆုံးသွားပြီဖြစ်သည်။ စုကျိုက ချန်ကျိုးအား နှမြောတသသလိုဖြင့် ခေါင်းမော့ ကြည့်လိုက်ကာ၊ လက်လှမ်းပြီး သူ့ ဘယ်ဘက်လက်မောင်းကိုဆွဲညှစ်လျက် အားရပါးရရိုက်ပစ်လိုက်သည်။


စုကျီကျီမှာ ထိတ်လန့်သွားပြီး ပါးစပ်ကိုလက်ဖြင့်အုပ်ထားမိသည်။ ချန်ကျိုးလည်း ကြောင်သွားရ၏။


[ 'ချန်ကျိုး (ဝိညာဉ်အမြုတေ အဆင့် ၆ ကျင့်ကြံသူ)' နှင့် သုံးစက္ကန့်ကြာ ထိတွေ့ပြီးပါပြီ။ ]


[ ကူးယူခြင်း ပြုလုပ်၍ မရနိုင်ပါ။ ]


【 'ချန်ကျိုး (ဝိညာဉ်အမြုတေ အဆင့် ၆ ကျင့်ကြံသူ)' ထံမှ နောက်တစ်ကြိမ် ကူးယူနိုင်မည့်အချိန်မှာ ၆ ရက်၊ ၂၃ နာရီနှင့် ၅၈ မိနစ် ဖြစ်ပါသည်။ 】



ခုနစ်ရက်မှာ တစ်ကြိမ်ပဲလား? စုကျို မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည် — "အသုံးမကျတဲ့ကောင်၊ နောက်ဆုတ်သွားစမ်း”


ချန်ကျိုး မျက်နှာမှာ မယုံကြည်နိုင်မှုမှတစ်ဆင့် အရှက်ရမှုသို့ပြောင်းလဲသွားသည် — " ? နင် ငါ့ကို ပြောနေတာလား?"


ပါရမီရှင် ကျိုးအောင်ထျန်းမြို့တော်သို့ ပါသွားကတည်းက စုကျိုသည် သူမ ငယ်သူငယ်ချင်းကို ဆုံးရှုံးလိုက် ရပြီး ဤလူ့ရှေ့တွင် အသံကျယ်ကျယ်ပင် မပြောရဲခဲ့သူဖြစ်သည်။ လတိုင်း ဝိညာဉ်ကျောက်တုံးနှင့် ဆေးလုံး များရလျှင် သူ့ကိုသာ ပုံပေးခဲ့ပြီး၊ မလောက်လျှင်တောင် ကိုယ့်အသားကိုယ်လှီးကာ ဝိညာဉ်သွေးများရောင်းခဲ့ သူ မဟုတ်ပါလား။


"စုကျို၊ နင် ရူးသွားတာလား? ဪ... နင်က နင့်ကို စွန့်ပစ်သွားတဲ့ စီနီယာအစ်ကိုကျိုးလို့ ထင်နေတာလား? ငါကတော့ နင့်ကို ဘယ်တော့မှ အဲဒီလိုမလုပ်ဘူး” ချန်ကျိုး သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အချစ်ကြီးပြနေပြန်သည်။


စုကျီကျီ မျက်နှာလေးနီသွားပြီး တိုးတိုးလေးပြောလာသည် — "ကျဲ သတိမေ့နေတုန်းကလည်း ရှင် တစ် ခါမှဖြင့် လာမကြည့်ခဲ့ဘဲနဲ့—"


"ကလေးတွေ ဘာသိလို့လဲ!" ချန်ကျိုး မျက်နှာက ချက်ချင်း တင်းမာသွားသည် — "ဪ... ငါသိပြီ၊ နင့် ကျဲရဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေ အကုန်လုံးက နင်တို့ဆီမှာရှိနေတာပဲ!" ချန်ကျိုး စုကျိုအား ကျောခိုင်းပြီး အငယ်ဆုံးဖြစ်သည့် စုကျီကျီကိုလှမ်းဖမ်းလိုက်တော့သည်!


စုရှင်းချန်က ဒေါသတကြီးဖြင့် ညီမငယ်လေးရှေ့တွင် ပိတ်ရပ်လိုက်သည် — "သူက သူပဲ၊ ငါတို့က ငါတို့—"


သို့သော် သူ စကားမဆုံးခင်မှာပင် စုကျိုအသံက ကြားဖြတ်ထွက်လာသည်။ 


"ငါ အဲဒါကို ပြောဖို့ မေ့သွားတယ် ထင်တယ်?"


စုကျိုက ချန်ကျိုးကို ကြည့်ပြီး ဖြတ်ခနဲပြုံးလိုက်သည် — "နံပါတ် ၇... နင့်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်၊ တစ်ခုက နင် ငါ့ကို ပေးဖို့ရှိတဲ့ အကြွေးတွေကို အခုချက်ချင်းတစ်ပြားမကျန် ပြန်ဆပ်ဖို့ပဲ၊ ဒီနေ့အထိဆိုရင် အတိုးနဲ့ပေါင်းလိုက်တာ ဝိညာဉ်ကျောက်တုံး ၄၅၂၃ တုံး တိတိရှိနေပြီ၊ ဒါမှမဟုတ် ဒုတိယရွေးချယ်စရာ ကတော့... ငါကိုယ်တိုင် လာတောင်းရလိမ့်မယ်”


“ဘာပြောတယ်?”


စုကျို ချန်ကျိုး၏အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးကို ကြည့်ပြီးပြုံးလိုက်သည် — “ဒီနေ့ကစပြီး ငါ့ဟာက ငါ့ဟာပဲ၊ နင့်ဟာကတော့... အဲ့ဒါလည်း ငါ့ဟာပဲ၊ နင် အကြွေးတွေ အကုန်ပြန်မဆပ်မချင်းပေါ့”


ချန်ကျိုး ရယ်စရာတစ်ခုကြားလိုက်ရသလို ဟားတိုက်ရယ်မောလိုက်သည် — “ဘာအကြွေးလဲ! ဒါတွေ အားလုံးက နင်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူပေးခဲ့တာလေ၊ နောက်ပြီး ဘာသက်သေမှလည်းမရှိဘဲနဲ့ နင် ဂေဟာမှူးဆီ သွားတိုင်ရင်တောင် ငါက တစ်တုံးတောင်ပြန်ပေးမှာမဟုတ်ဘူး!”


စုရှင်းချန် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး၊ စုကျီကျီကလည်း ဒေါသထွက်လွန်းသဖြင့် ပါးဖောင်း လေးများ မို့တက်နေပြီဖြစ်သည်။ စုကျိုကမူ ဘာမှမကြားသလိုမျိုး ပြုံးနေတုန်းပင် — “နောက်တစ်ခါကျရင် ဆေးလုံးတွေနဲ့ ဝိညာဉ်လက်နက်တွေ ပိုစုထားဖို့မမေ့နဲ့ဦး။ ကျင့်စဉ်တွေရော ? နင် အဲဒါတောင် ဝယ်မထားနိုင် ဘူးလား?”


ချန်ကျိုး: “???” (သူက အမှာတောင် လာပေးနေတာလား!)


“ကောင်းပြီ... စုကျို၊ နင် နောင်တရစေရမယ်၊ မနက်ဖြန်ကျရင် နင် ငါ့ဆီ ငိုယိုပြီး ဆေးလုံးလေးလက်ခံပေး ပါဦးလို့ လာတောင်းပန်တာကို ငါ စောင့်ကြည့်နေမယ်!”


ချန်ကျိုး နှာခေါင်းရှုံ့ပြီး သူ့တွန့်ကြေသွားသည့် ဝတ်ရုံကိုပြန်ဆွဲဆန့်လိုက်သည်။ ထို့နောက် စုကျီကျီနှင့် စုရှင်းချန်တို့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ အခန်းပြင်သို့ ခြေလှမ်းကျဲကျဲထွက်သွားတော့သည်။


နံရံကိုမှီနေသည့် ခုတင်ပေါ်က အဘိုးကြီးမူ ဘာကိုမှ စိတ်ဝင်စားပုံမရဘဲ ဝိညာဉ်စွမ်းအင်ဖြင့် ပိုးစာရွက်များကို ဆေးကြောနေသည့် အလုပ်ကိုသာ ထပ်ခါတလဲလဲလုပ်နေဆဲဖြစ်သည်။ စုကျိုက သူ့ဂိုဒေါင်ထဲမှ ပစ္စည်းများ ကိုဘယ်လိုထုတ်ယူရမလဲ စဉ်းစားနေတုန်း အပြင်ဘက်မှ ဝေါခနဲအသံကြီး ထွက်ပေါ်လာသည်။


သူတို့တဲအိမ်တံခါးမှ လိုက်ကာလေးမြင့်တက်သွားသောအခါ တဲအိမ်ပေါင်း ရာနှင့်ချီရှိသည့် ရင်ပြင်ပုံစံတည် ဆောက်ပုံကြီး ပေါ်လာသည်။ ထိုတဲအိမ်များကြားတွင် အဆုံးမရှိကျယ်ပြန့်သည့် စိုက်ပျိုးရေးမြေများ ရှိနေပြီး မီးခိုးများလည်း လွင့်ပျံနေသည်ကို စုကျိုတွေ့လိုက်ရသည်။


“ဒီလအတွက် ဆုပေးဒဏ်ပေးစနစ် စတင်ပြီ!”


ခန့်ညားထည်ဝါပြီး နက်ရှိုင်းသည့်အသံကြီးမှာ သူတို့ခေါင်းထက်မှ ဟိန်းထွက်လာသည်။


“ဝိညာဉ်ပိုးကောင်ဂေဟာ ပထမထပ် ပိုးစာဥယျာဉ်ရဲ့ ဒီလအတွက် စာရင်းရှင်းလင်းခြင်း စတင်မယ်၊ လျောင်ဟွာ... ဝိညာဉ်အမြုတေ အဆင့် ၇ ကို တက်လှမ်းနိုင်ခဲ့ပြီး ဒီလမှာ ဝိညာဉ်အရွက်ပေါင်း ၃၉,၃၉၉ ရွက် ထွက်ရှိခဲ့တယ်! သူ့ကို ဂေဟာရဲ့ (၁၆) ထပ်မြောက်ကို ပြောင်းရွှေ့ဖို့ အထူးခွင့်ပြုချက်ပေးလိုက်တယ်”


ကောင်းကင်ယံမှ ခုနစ်ရောင်ခြယ် ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေသည့် ကျောက်လှေကားတစ်ခု ဆင်း သက်လာပြီး ဘယ်ဘက်မှ တဲအိမ်လေးတစ်ခုကိုလွှမ်းခြုံလိုက်သည်။ စုကျိုက ကြည့်နေတုန်းမှာပင် ချန်ကျိုးနှင့်ဆင်တူသည့် အဆင့်မြင့်ဝတ်ရုံစိမ်းကို ဝတ်ထားသော အမျိုးသားတစ်ယောက်သည် အိတ်တစ်လုံး ဆွဲပြီးပြုံးပြုံးရွှင်ရွှင် ထွက်လာသည်ကိုတွေ့လိုက်ရသည်။


“အားလုံးပဲ... ကျွန်တော် အရင်သွားနှင့်ပြီ၊ ဝိညာဉ်ပိုးကောင်ဂေဟာရဲ့ (၁၆) ထပ်မှာ ပြန်ဆုံကြတာပေါ့”