အပိုင်း ( ၅၉ ) သက်ဝင်ခြင်းကင်းမဲ့
ထာဝရသစ်သား
“ဒဏ္ဍာရီလာလျှို့ဝှက်ကျမ်းဂန်များ” စာအုပ်တွဲမှ “တောင်ပိုင်းသဲကန္တာရကျမ်း” ဟူသော အခန်းတွင် ဤထာဝရသစ်သားအကြောင်း ရေးမှတ်ထားသည်။
“တောင်ပိုင်း သဲကန္တာရအပြင်ဘက်တွင် မီးတောင်များရှိ၏။ ထိုမီးတောင်မျာားထဲတွင် နေ့ရောညပါ လောင်ကျွမ်းနေသည့် ထာဝရသစ်ပင်တစ်ပင် ရှိသည်။ မီးတောက်များသည် အလွန်ကိုပြင်းထန်ပြီး မုန်တိုင်းကြမ်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းလျှင်ပင် မီးရှိန်နည်းနည်းမှ လျော့ကျမသွားပေ”
မီးသည် အမြဲတမ်း သစ်သားကို လောင်ကျွမ်းစေနိုင်သည်။ သို့သော် ဤသစ်သားသည်ကတော့ ကြောက်မက်ဖွယ် မီးတောက်များကြားမှာပင် မွေးဖွားလာပြီး နည်းနည်းမှ လောင်ကျွမ်းမသွားပေ၊ ထို့ကြောင့် ၎င်းသစ်သားကို ထာဝရသစ်သားဟု ခေါ်တွင်ကြလေသည်။
ဤမီးသည် ထာဝရလောင်ကျွမ်းနေသည့် မီးတောင်များတွင် ပေါက်ရောက်မွေးဖွားပြီး နည်းနည်းမှ လောင်ကျွမ်းမသွားသည့်အပြင် စိတ်ဝိဉာဉ်စွမ်းအားများ ပြည့်နှက် စုစည်းနေသည့်အတွက် ဤသစ်သားသည် ရှားပါးသော တန်ဖိုးကြီးရတနာထဲတွင် အရှားပါးဆုံးအဖြစ် သတ်မှတ်ခံထားရသည်။
ကျောင်းတော်တွင် ထာဝရရှင်သန်ခြင်းမြူတို့က ထူထပ်ပြီး နှင်းစက် တစ်စက်ချင်းစီတိုင်းကပင် စိတ်ဝိဉာဉ်စွမ်းအား တစ်မျှင် ပါဝင်နေသလို ခံစားရစေသည်။ တပည့်များသည် ထိုမြူများကြားတွင် နှစ်စဉ်နှစ်တိုင်း ရှင်သန်နေထိုင် ကျင့်ကြံနေကြရာ အမြဲမပြတ် တိုးတက်လာကြသည်။ သို့သော် ထာဝရရှင်သန်ခြင်းမြူတို့မှ စိတ်ဝိဉာဉ်စွမ်းအားများ ပါဝင်သည်ဆိုသော်လည်း ပမာဏက အလွန်ကို နည်းပါးလေသည်။ ထာဝရသစ်သားတွင် ပါဝင်သည့် စိတ်ဝိဉာဉ်စွမ်းအားနှင့် ယှဉ်၍ပင် ပြော၍ မရနိုင်ပေ။
ထာဝရသစ်သား၊ သောကမဲ့သစ်သား နှင့် လောကသုံးပါး ပိုးစာပင် တို့သည် ဒဏ္ဍာရီလာ အနှိုင်းမဲ့ သစ်ပင်များဖြစ်ကြပြီး ကုန်းမြေကိုးခုတွင် တစ်ခုကိုပင် ရှာတွေ့ရန် အလွန်ကို ခက်ခဲလှသည်။ ဤသည်ကို ကြည့်လျှင် ထာဝရသစ်သား မည်မျှ ရှားပါးသည်ကို သိနိုင်သည်။
အားလုံးထဲတွင် စိတ်ဝိဉာဉ်စွမ်းအားကို စုစည်းပေးနိုင်သည့် ထာဝရသစ်သားသည် အကျော်ကြားဆုံးဖြစ်သည်။
ကုချင်း၏ အလျားသည် သုံးချီ လေးချီခန့် ရှည်လျားသည်။ ကိုယ်ထည်သည် စလင်ဒါပုံရှိပြီး အရောင်က နက်မှောင်နေကာ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော ကြိုးခုနှစ်ချောင်း တပ်ထားသည်။ ဤရတနာခန်းဆောင်တွင် မည်မျှကြာအောင် ထိန်းသိမ်းခံထားရသ်ည မသိသော်လည်း ကိုယ်ထည်တွင် ဖုန်တစ်စက် တင်မနေပေ။ ထို့အပြင် ကုချင်းမှ အရှိန်အဝါတစ်ခုလိုမျိုး အလင်းရောင်ဖျော့ဖျော့တောင် လင်းနေသေးသည်။
လင်ရှုသည် ဝတုတ်ကြောင်ကို လက်တစ်ဖက်တွင် ချီထားပြီး လက်တစ်ဖက်က ကုချင်းကြိုးများကို ထိကြည့်သည်။ စိတ်ဝိဉာဉ်စွမ်းအားတို့ လှုပ်ရှားလာပြီး ကုချင်းအတွင်းမှ တိုးထွက်လာတော့မလို ဖြစ်နေသည်ကို ခံစားလိုက်ရသည်။
သူသည် ကြိုးပေါ်မှ ဘယ်ဘက်လက်ကို တောက်လိုက်သည်။
ရေခဲနှင့် နှင်းများကဲ့သို့ ကြည်လင်သော အသံတစ်ခု ကုချင်းမှ ထွက်ပေါ်လာသည်။ ထိုအခါမှ ကုချင်းအတွင်းရှိ စိတ်ဝိဉာဉ်စွမ်းအားတို့ ထွက်ပေါက်ရသွားပြီး အပြင်ဘက်သို့ ဖြာထွက်လာသည်။ ကုချင်းတင်ထားသော ကျောက်နံရံသည် ကုချင်းမှထွက်လာသော လှိုင်းများကြောင့် အနည်းငယ် ခါရမ်းသွားသည်။ တစ်ချက် တောက်လိုက်ရုံလေးနှင့်ပင် ဤသို့ ဖြစ်သွားသည်ကို ကြည့်လျှင် ဤကုချင်း မည်မျှ စွမ်းအားကြီးကြောင်း သိနိုင်သည်။
ထိုစိတ်ဝိဉာဉ်စွမ်းအားလှိုင်း တစ်လှိုင်းကိုထုတ်လွှတ်ပြီးနောက်တွင်ပင် ကုချင်းမှ စိတ်ဝိဉာဉ်စွမ်းအားတို့က နည်းနည်းမှ လျော့နည်းသွားပုံ မရပေ။ ကုချင်းမှ စုပ်ယူစုစည်းထားသော စိတ်ဝိဉာဉ်စွမ်းအားများ အားလုံးကို ကုန်သွားစေချင်လျှင် အသုံးပြုသူသည် သီချင်းပေါင်း မြောက်များစွာကို တီးခတ်မှရလိမ့်မည်။
လင်ရှု ကုချင်း တီးတတ်သည်။ သူတို့ ဂိုဏ်း၏ လမ်းစဉ်အရ ဓားကို ကျင့်ကြံလိုလျှင် စိတ်ကို အလျင်ရှင်းအောင် ထားရမည်။ စိတ်နှင့် နှလုံးသားက ကြည်လင် ရှင်းလင်းနေပါမှ ဓားကို ကျင့်ကြံနိုင်မည်။ စိတ်နှလုံးကို သန့်စင်ရန် အကောင်းဆုံးနည်းလမ်းမှာ တေးဂီတကို သင်ယူခြင်း ဖြစ်သည်။
ဤကမ္ဘာသို့ သူ ပထမဆုံး ရောက်လာချိန်တွင် လောင်ကျိုးကို “မိစ္ဆာနှင်တေးသွား” သင်ပေးပြီး အလောင်းကောင်များကို သုတ်သင်စေခဲ့သည်။ သို့သော် စိတ်ဝိဉာဉ်စွမ်းအား ကင်းမဲ့မှုကြောင့် သံစဉ်ကို တီးခတ်သော်လည်း သက်ရောက်မှုက ကန့်သတ်ခံရသည်။
6
သို့သော် သူ့တွင် ဤသို့သော စိတ်ဝိဉာဉ်စွမ်းအား ထုတ်လွှတ်ပေးနိုင်သော ကုချင်းသာ ရှိနေလျှင် အခြေအနေက အလွန်ကွာခြားသွားမှာ ဖြစ်သည်။ သူသာ သီချင်းများကို အမျိုးမျိုး တီးခတ်နိုင်နေသ၍ ကုချင်းအတွင်းမှ စိတ်ဝိဉာဉ်စွမ်းအားတို့ကို ယူသုံးနိုင်သည်။ ဤကုချင်းနှင့်ပင် တိုက်ခိုက်နိုင်သလို ခုခံကာကွယ်နိုင်ပြီး ထွက်ပြေး၍ပင် ရနိုင်သည်။
လင်းရှောင်က မေးသည်။
“ဒါကို လိုချင်တာလား”
လင်ရှု ခေါင်းညိတ်ပြသည်။
သူသည် ကုချင်းကိုယ်ထည်ကို ထပ်၍ ကြည့်လိုက်ပြန်ရာ နောက်ဆုံးတွင် ကုချင်းအဖျားနား၌ “အေးခဲကြိုးမျှင်” ဟူ၍ စာလုံးနှစ်လုံးနှင့် တံဆိပ်ခတ်ထားသည်ကို တွေ့လိုက်ရသည်။
တူရိယာပေါ်တွင် ရေးထွင်းထားသောကြောင့် ကုချင်း၏ အမည်ဖြစ်ကြောင်း သိသာစေသည်။
ထိုအချိန်မှ လင်းရောင်းသည် ဤကုချင်းကို ရတနာခန်းမမှ ရတနာများအကြောင်း မှတ်တမ်းများထဲတွင် ဖတ်ဖူးသည်ကို အမှတ်ရသွားသည်။
မှတ်တမ်းများအရ
“ ‘အေးခဲကြိုးမျှင်’ဟု ခေါ်သော ကုချင်းကို ထာဝရသစ်သားကို ကိုယ်ထည်အဖြစ် သုံး၍ ချီလင်ဦးချိုကို အမြုတေအဖြစ် သုံးကာ ကြည်လင်သော ရေခဲပိုးမျှင်တို့ကို ကုချင်းကြိုးအဖြစ် သုံးထားသည်။ ထိုကုချင်းမှ တေးသံသည် အလွန်ကို သာယာသည်”
သို့သော် သူသည် ကြောင်ကို ချီထားရပြီး ကြောင်လေးသည် သူ့ကို နူးညံ့စွာ တိုးခွေ့၍ ပွတ်သပ်ပြီးရင်း ပွတ်သပ်နေသည်မှာ သူ့ဆီကနေ ဘယ်ကိုမှ မခွာသွားနိုင်သည်နှယ်။ ၎င်း၏ ဂုဏ်ပုဒ်သည် နှယ်နှယ်ရရမဟုတ်ဘဲ တော်ဝင်မြင့်မြတ်ပြီး ငြင်းဆန်၍ မရနိုင်ပေ။ လင်ရှု လှုပ်ကို မလှုပ်ဝံ့ပေ။ ထို့ကြောင့် ကုချင်းကို ယခု မယူခဲ့တော့ပေ။ သို့သော် ခန်းဆောင်ထဲတွင် ပတ်ကြည့်ပြီး ဒုတိယမြောက် ရတနာကို ရှာဖွေဖို့ စဉ်းစားလိုက်သည်။
သို့သော် ထျန်းကျီစာကြည့်ဆောင် တစ်ခုလုံးကို လိုက်ကြည့်ပြီးနောက်တွင် လင်ရှု တော်တော် အမြင်ကျယ်သွားသည်။ ရတနာများ မြောက်များစွာ ရှိနေသော်လည်း “အေးခဲကြိုးမျှင်”ကုချင်းကဲ့သို့ သူနှင့် သင့်တော်သည့် ပစ္စည်းမျိုးကို မတွေ့တော့ပေ။
လျှို့ဝှက်ကျင့်စဉ်များထားသည့် နေရာသို့ လင်ရှု ရောက်သွားသည်နှင့် သူသည် မရီဒျန်များ မလိုအပ်သည့် တာအိုကျင့်ကြံခြင်း နည်းလမ်းများ ရေးထားသည့်စာအုပ်ကို လုပ်သည်။ ထိုအချိန်တွင် လူငယ်လေးက ပြောလာသည်။
“လင်ရှစ်တိ ဒါကို ကြည့်ကြည့်ပါဦး”
လင်ရှု အနားသို့ လျှောက်သွားလိုက်ပြီး လက်သီးဆုပ်လောက်ရှိသည့် ကျောက်စိမ်းပုလင်းကို လူငယ်လေးထံမှ ယူလိုက်သည်။
ကျောက်စိမ်းပုလင်းထက်တွင် စာလုံးသုံးလုံးရေးထားသည်။
“စိတ်ဝိဉာဉ်စုစည်းခြင်း ဆေးလုံး”
လူငယ်လေးသည် စိတ်ဝိဉာဉ်စုစည်းခြင်းဆေးလုံးအောက်တွင် ရေးထားသည့် အညွှန်းပါသည့် စာအုပ်ကို လင်ရှုကို ပြလိုက်သည်။
အလွန်ကို ရိုးရှင်းလှသော “အေးခဲကြိုးမျှင်”ကုချင်း မှ အညွှန်းနျင့်ယှဉ်ကြည့်လျှင် ဤပုလင်း၏ အညွှန်းက ပို၍ပင် များနေသေးသည်။ ၎င်းကို တောင်ပိုင်းမှ ကြမ်းတမ်း ခြောက်သွေ့သော တောင်ပေါ်တွင်သာ ပေါက်ရောက် ရှင်သန်ကြသည့် စိတ်ဝိဉာဉ်ဆေးရွက်၊ စိတ်ဝိဉာဉ်သစ်သီးနှင့် စိတ်ဝိဉာဉ်နှင်းစက်များ၊ စိတ်ဝိဉာဉ်အရိုးများ စုစုပေါင်း တစ်ရာခန့်ကို အသုံးပြု၍ ဖော်စပ်ထားခြင်း ဖြစ်သည်။
ကံကြမ္မာအပြောင်းအလဲများကြောင့် ထိုတောင်ပိုင်းမှ ခြောက်သွေ့သော တောင်ကုန်းက မရှိတော့ပြီဖြစ်ပြီး စိတ်ဝိဉာဉ်စုစည်းခြင်း ဆေးလုံးများကိုလည်း ထိုကတည်းက မဖော်စပ်နိုင်တော့ပေ။
ထို့ကြောင့် သာမန်ညောင်ည ဆေးလုံးဖြစ်လင့်ကစား ရှားပါးသွားသော ပါဝင်ပစ္စည်းများကြောင့် ဖော်စပ်၍ မရနိုင်တော့သော ဆေးလုံးဖြစ်သွား၍ ထျန်းကျီစာကြည့်ဆောင်မှ ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ထို့အပြင် ထျန်းကျီစာကြည့်ဆောင်ကသာ ယခုလက်ရှိ ရှိနေသော ဤဆေးလုံးကို မူလအနှစ်သာရများ မပျောက်ပျက်အောင် ထိန်းသိမ်းပေးနိုင်သည်။
သို့သော် ၎င်း၏ သာမန်အစွမ်းသတ္တိက လင်ရှုကို အလွန်ကို အထင်ကြီးသွားစေသည်။
ဤဆေးလုံးကို အထူးတလှယ် သန့်စင်သည့်သူသည် ဒဏ္ဍာရီလာ ကျော်ကြားသော ဆေးလုံးဖော်စပ်သူဖြစ်ပြီး စိတ်ဝိဉာဉ်စွမ်းအားများ ဖြစ်တည်လာရခြင်းနောက်ကွယ်မှ ဥပဒေသများကို လေ့လာရန် ဖန်တီးထားသော ဆေးလုံးဖြစ်သည်။ထို့အပြင် ဆေးလုံး၏ သက်ရောက်မှုသည် နာမည်အတိုင်းပင်။ သောက်ပြီးသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးမှ များပြားလှသော စိတ်ဝိဉာဉ်စွမ်းအားများ ထုတ်လွှတ်မည်ဖြစ်သည်။ သို့သော် ထိုစိတ်ဝိဉာဉ်စွမ်းအားများသည် ဆယ့်ငါးမိနစ်အတွင်း ပျောက်ကွယ်သွားမှာလည်း ဖြစ်သည်။
6
လမ်းညွှန်စာအုပ်တွင် ဤဆေးလုံးကို သောက်မည်ဆိုလျှင် သတိနှင့် သောက်ရန် ရေးထားသည်။ အကြောင်းမှာ သောက်ပြီးသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးမှ စိတ်ဝိဉာဉ်စွမ်းအားတို့ ထုတ်လွှတ်မှုကြောင့် အတွင်းပိုင်းမှ စုတ်ဖြဲခံရမည်ဖြစ်ပြီး သည်းမခံနိုင်လောက်မည့် နာကျင်မှုကို ဖြစ်စေမည်ဖြစ်ကာ မရီဒျန်များကို ပျက်စီးသွားစေလိမ့်မည်။
လင်ရှု လိုချင်သည်။
သူ့တွင် စိတ်ဝိဉာဉ်စွမ်းအား သုံးစွဲနိုင်မည့်နည်းလမ်း မရှိပေ။ အကြောင်းမှာ သူ၏ မရီဒျန်များက ပိတ်ဆို့နေသောကြောင့်ဖြစ်ကာ သူ့ခန္ဓာကိုယ်သည် ချီစွမ်းအင် စုစည်းစုပ်ယူ၍ မရနိုင်ပေ။ သို့သော် ဤဆေးလုံးသည် စိတ်ဝိဉာဉ်စွမ်းအားများ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာစေမည်။ သက်ရောက်မှုက နာရီဝက်ပင် မပြည့်သော်လည်း လုံလောက်သည်။
မရီဒျန်များ ပျက်စီးစေမည်ဆိုသည့် အချက်ကတော့ သူ၏ မရီဒျန်များက အစကတည်းက အဆိုးဆုံးဖြစ်နေပြီးဖြစ်ရာ မည်သည့် ပျက်စီးမှုမျိုးကိုမှ ကြောက်မနေတော့ပေ။
သူသည် ကျောက်စိမ်းပုလင်းကို ဆုပ်ကိုင်လိုက်ပြီး ဘရိုကိတ်အိတ်ထဲသို့ ထည့်တော့မည့်အချိန်တွင် လင်းရှောင်၏ သူ့လက်ကို ဖမ်းကိုင်ခြင်းကို ခံလိုက်ရသည်။
လင်းရှောင်သည် ရတနာလမ်းညွှန်စာအုပ်ကို ပြန်ဖြတ်လိုက်ပြီး
“နာကျင်မှုက သည်းမခံနိုင်စရာ ဆိုပြီးရေးထားတာ။ ပြီးရင် အဲဒီနာကျင်မှုက သုံးရက်ကြာမှ ပျောက်သွားမယ်တဲ့လေ။ ပြီးရင်ရော မရီဒျန်တွေကိုပါ ပျက်စီးစေဦးမယ် ဒါကြောင့် သတိနဲ့သောက်ပါတဲ့”
လင်ရှု ရုတ်တရက် နမိတ်မကောင်းသည့် ကိစ္စများ ဖြစ်လာတော့မည်ကို ကြိုမြင်လာသည်။
ဝမ်းကွဲသည် သူ့လက်ထဲမှ ကျောက်စိမ်းပုလင်းကို ယူလိုက်ပြီး စင်ပေါ်သို့ မျက်နှာသေကြီးနှင့် ပြန်တင်လိုက်သည်။
သူက ပြောသည်။
“ဒီလို အကြံမျိုး ထပ်ပေါ်လာပြန်ပြီလား ဟမ်”
လင်ရှုသည် သူ့ကို ယာယီသခင်မှ လွှမ်းမိုး ချုပ်ကိုင်ထားသည်ဟူသည့် ရက်စက်သော အမှန်တရားကို သတိရသွားပြီး စိတ်ဝိဉာဉ်စုစည်းခြင်း ဆေးလုံးမှ ခက်ခက်ခဲခဲ အကြည့်ခွာလိုက်သည်။
သူတို့ဘေးမှ လူငယ်က နူးညံ့စွာ ပြောလာသည်။
“ရှာတွေ့ပြီ”
သူတို့သည် ကြက်သွေးရောင် ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်ထားသည်ကို မြင်လိုက်ရပြီး တိတ်တိတ်လေး လေ့လာနေခဲ့သည်။
ကျောက်စိမ်းပုလင်းတွင် “ရှင်သန်ခြင်းနှင့် ဖန်တီးခြင်းဆေးလုံး” ဟူ၍ ရေးထွင်းထားသည်။
ရတနာလမ်းညွှန်စာအုပ်ကို ကြည့်စဉ်က လင်ရှုသည် ထိုနာမည်နှင့်ဆေးလုံးအကြောင်းကို တွေ့ခဲ့သည်။ ၎င်းသည် ခန္ဓာကိုယ်ကို တည်ငြိမ်စေသည့် နတ်ဆေးတစ်မျိုး ဖြစ်သည်။ သောက်ပြီးလျှင် ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်လည်တည်ဆောက်မည်ဖြစ်သည်။ အသွေးအသားများနှင့် ကြွက်သားများကို ပြန်၍ တည်ဆောက်ပြီး “ဖျက်ဆီးမရနိုင်သော” ခန္ဓာကိုယ် ဖြစ်တည်လာမည်။
ကျင့်ကြံသူများသည် များသောအားဖြင့် စိတ်ကို တည်ငြိမ်စေရေးကိုသာ ဦးစားပေးကျင့်ကြံကြပြီး နောက်မှသာ သိုင်းပညာကို အကူအနေနှင့် လေ့လာကြသည်။ သိုင်းပညာများကို အဓိကထား သင်ယူသူများကော့ အားနည်းသော ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ မရှိသောကြောင့် သူတို့သည် ခန္ဓာကိုယ် ပြန်လည် တည်ဆောက် ဖန်တီးပေးသော ဆေးလုံးများကို မလိုအပ်ပေ။ သို့သော် ဤသည်မှာ အခြားသူတစ်ဦးတစ်ယောက်၏ ကိစ္စဖြစ်နေသောကြောင့် လင်ရှုသည် ထိုကိစ္စကို ဆက်၍ စိတ်မဝင်စားနေတော့ပေ။
သူသည် လျှို့ဝှက်ကျင့်စဉ်များကိုသာ ဖတ်ရန် ပြန်သွားလိုက်တော့သည်။
ကျင့်စဉ်များတွင် နှစ်မျိုးနှစ်စားရှိသည်။ အပြာရောင်စာအုပ်အဖုံးများနှင့် ထာဝရရှင်သန်ခြင်း လမ်းစဉ်ကို ကျင့်ကြံရန် ရေးသားထားသော အမတကျင့်စဉ်နှင့် ကြက်သွေးရောင်စာအုပ်အဖုံးနှင့် မိစ္ဆာကျင့်စဉ်တို့ကို မှတ်တမ်းတင်ထားသည်။
6
တစ်စုံတစ်ယောက်သည် ကိုယ်ပိုင် လမ်းကြောင်းကို တွေ့ရှိသည်နှင့် နယ်ပယ်တစ်ခုသို့ ဝင်ရောက်နိုင်သည်။ သူတို့သည် အမတလမ်းစဉ်ဖြစ်စေ မိစ္ဆာလမ်းစဉ်ဖြစ်စေ အဆင့်တစ်ခု ရောက်သည်အထိ ကျင့်ကြံပြီး ကြွမြန်းနိုင်သည်။ ထို့ကြောင့် ဤနှစ်မျိုးကြားတွင် အုပ်စုခွဲခြင်းမျိုး မရှိပေ။ အမတတာအိုလမ်းစဉ်ကို အခြေပြုထားသော တောင်ပိုင်းရှပြည်ထောင်က ချမ်းသာကြွယ်ဝပြီး တပည့်အများစုက အမတလမ်းစဉ်ကိုသာ ရွေးချယ်ကြခြင်းကသာ ပြောစရာရှိသည်။
ဤကြောင်တွင်လည်း စိတ်ဝိဉာဉ်ရှိသည်။ လင်ရှု လျို့ဝှက်ကျင့်စဉ်များရှိရာ ရောက်လာသည်ကို မြင်လျှင် ၎င်း၏ မျက်လုံးတို့က လင်းရှောင်ရှိရာသို့ ရောက်သွားပြီး
“မြောင်....”
လင်းရှောင်ကလည်း နားလည်ကာ သူ့လက်ထဲသို့ ကြောင်ကို လက်လွှဲယူ၍ ဖက်ထားလိုက်ပြီး ပွတ်သပ်ပေးနေလိုက်သည်။
လင်ရှုသည် သူ၏ နောက်ဆုံးတော့ လွပ်လပ်သွားပြီဖြစ်သည့် လက်များဖြင့် လျှို့ဝှက်ကျင့်စဉ်များအကြောင်းနှင့် စာရေးသူများအပါအဝင် ကျင့်စဉ်အကျဉ်းချုပ်တို့ကို ရေးသား မှတ်တမ်းတင်ထားသော လမ်းညွှန်စာအုပ်ကို ကြည့်လိုက်သည်။
စာအုပ်ထဲတွင် ကျင့်စဉ်များနှင့် နည်းလမ်းများ အများကြီးရှိသည်။ နိဒါန်းများကို ကြည့်လိုက်သည်နှင့် သူနှင့် မသင့်တော်သည်ကို သိနိုင်သည်။
လင်းရှောင်သည်လည်း လင်ရှု လမ်းညွှန်စာအုပ်ကို ဖတ်နေချိန်တွင် ပျင်းရိပျင်းရွဲဖြင့် “ပြိုင်ဘက်ကင်း လျှပ်စီးဓားကိုးကွက်” ဟူသော စာအုပ်တစ်အုပ်ကို ကောက်ယူ၍ ဖတ်နေလိုက်သည်။
သူတို့နှင့်အတူ လိုက်လာသော လူငယ်လေးသည် အလိုရှိသော ဆေးလုံးကို ရသွားပြီဖြစ်သောကြောင့် ပျော်ရွှင်စွာဖြင့် အခြားသော ရှားပါးရတနာများနှင့် ကျင့်စဉ်များကို အသိပညာတိုးစေရန် လိုက်လေ့လာနေခဲ့သည်။ သူသည် နံရံတစ်ခုကို လေ့လာပြီးလုအချိန်တွင် လင်ရှုသည်ကတော့ လမ်းညွှန်စာအုပ်ကို ဖတ်နေဆဲဖြစ်လေသည်။
ရလဒ်ကတော့ အမတလမ်းစဉ် ကျင့်စဉ်များအားလုံးက သူနှင့် တစ်ခုလေးမှ မသင့်တော်ပေ။ မိစ္ဆာကျင့်စဉ်များ သုံးပုံတစ်ပုံကလည်း သူနှင့် အဆင်မပြေပေ။
ဖြစ်နိုင်ချေများအရ ကျင့်စဉ်ရှစ်ပုံတစ်ပုံကျန်သေးပြီး ထိုထဲမှ သူနှင့် ကိုက်ညီအဆင်ပြေမည့် စာအုပ်ရရန် ဆယ်ပုံတစ်ပုံတောင် မရှိနိုင်ပေ။
လင်ရှု နည်းနည်းလေး စိတ်ဆိုးလာသည်။ သို့သော် အညွှန်းကို ဆက်ဖတ်လိုက်သည်။
သူ စာအုပ်ကို လှန်လေလေ လင်းရှောင်က သူ့ကို ပေါက်ထွက်မတတ် ကြည့်နေသည်ဟု ခံစားရလေ ဖြစ်လာသည်။
သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ပြုံးနေသော ဝမ်းကွဲနှင့် အကြည့်ချင်းဆုံသွားပြီး ကမန်းကတမ်း အကြည့်လွှဲလိုက်ရသည်။
လင်ရှု “.........”
‘လှောင်နေတာလား’
လင်ရှု ပို၍ပင် စိတ်ဆိုးသွားသည်။
ထို့ကြောင့် စာအုပ်ကို နောက်တစ်ရွက် လှန်လိုက်သည်။
နောက်တစ်ရွက် ထပ်လှန်လိုက်ချိန်တွင် ဝမ်းကွဲက သူ့နောက်သို့ လျှောက်လာပြီး သူ့ညာဘက်လက်ကို စာမျက်နှာထက်သို့ ဖိလိုက်လေသည်။
သူ(လင်းရှောင်)က သူ(လင်ရှု)၏ လှုပ်ရှားမှုတို့ကို ရပ်စေလိုက်ခြင်းပါပေ။
လင်းရှောင်က ပြောသည်။
“ချင်းမင်မိစ္ဆာအရှင်က ရှေးတုန်းက ကြီးကျယ်မြင့်မြတ်တဲ့ မိစ္ဆာတစ်ကောင်လေ။ သူ့ရဲ့ မရီဒျန်တွေကို အမတလမ်းစဉ်ကျင့်ကြံတဲ့သူတွေက ပြန်ပြင်လို့ မရအောင် ဖျက်ဆီးပစ်လိုက်တာ။ ဒါပေမဲ့ သူက အခုထိ မိစ္ဆာနယ်မြေမှာ ပြိုင်ဘက်ကင်း ဘုရင်တစ်ပါးအဖြစ် ဆယ်နှစ်ကြာအောင် ရပ်တည်နေတုန်းပဲ ဆိုတဲ့ ကောလဟလတွေ ရှိတယ်”
ထိုအခိုက်အတန့်တွင်သူသည် လင်ရှု၏ နောက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူနှင့် အလွန်ကို နီးကပ်နေပြီး အသံကလည်း နားနားကပ်ပြောနေသလို ပဲ့တင်ထပ်နေသည်။
လင်ရှုသည် အသက်ရှူရန် ခက်ခဲလာပြီး လင်းရှောင် လက်ညှိုးထောက်ထားသည့် နေရာကိုသာ ကြည့်လိုက်သည်။
ဤစာမျက်နှာတွင် ထို “ချင်းမင်မိစ္ဆာအရှင်” ၏ မှတ်တမ်းအားလုံးကို ရေးသားထားသည်။
6
‘ထူးခြားသော အမှောင်မီးတောက်’၊ ‘ယာမ၏ လျှို့ဝှက်ခြင်းအနုပညာ’၊ ‘ခုနှစ်ချီစုတေ ဓားတရား’၊ ‘ကန့်သတ်မဲ့ သရုပ်ဖော်မှတ်တမ်း’....... စသဖြင့် အားလုံးသည် ဆိုးယုတ်ကောက်ကျစ်သည်ဟု ပြောနိုင်သည့် ကျင့်စဉ်များဖြစ်လေသည်။
လင်ရှုသည် တရားထိုင်ခြင်းနည်းစနစ်များကို အသုံးမပြုနိုင်သလို ဓားနည်းစနစ်များကိုလည်း အသုံးမပြုနိုင်ပေ။ မန္တာန်များကိုလည်း ကြည့်ရုံသာ ကြည့်နိုင်ပြီး အသုံးမပြုနိုင်ရာ သူ့အတွက် အသုံးမဝင်ပေ။
သို့သော် လင်းရှောင်၏ အဆိုအရ ဤမိစ္ဆာအရှင်သည် သူ၏ မရီဒျန်များ လုံးလုံးလျားလျား ပျက်စီးသွားသည်ကိုပင် မိစ္ဆာနယ်မြေကို စိုးမိုးနိုင်သေးသည်ဟု ဆိုရာ သူ့တွင် ပြိုင်ဘက်ကင်း ပညာရပ်အချို့ ရှိပေလိမ့်မည်။
ရတနာလမ်းညွှန်စာအုပ်၏ အစီအစဉ်သည် အလွန်ကို အသေးစိတ်ကျလေသည်. သူတို့သည် ဟိုးယခင်ကတည်းက အားလုံးကို စေ့စပ်စွာ မှတ်တမ်းတင်ထားသည်။ ပြောရလျှင် ဤကျင့်စဉ်များသည် နောက်ပိုင်းခေတ်များတွင် ပြန်လည် ပေါ်ထွက်နိုင်သည့် ကျင့်စဉ်များ ဖြစ်နိုင်သည်။
လင်ရှုသည် စာမျက်နှာအချို့ကို လှန်လိုက်ပြီး နောက်ဆုံးတွင်တော့ ချင်းမင်မိစ္ဆာအရှင်၏ လက်ရာများကို တွေ့လိုက်ရသည်။ ချင်းမင်မိစ္ဆာအရှင် ကျင့်ကြံခဲ့သော ကျင့်စဉ်များ၏ နောက်ဆုံးစာအုပ်ကို “သက်ဝင်ခြင်းကင်းမဲ့” ကျင့်စဉ်ဟု ခေါ်သည်။
မိတ်ဆက်က အလွန်ကို တိုသည် သုံးလုံးသာ “သတိနှင့် ကျင့်ကြံပါ”
လမ်းညွှန်စာအုပ်အရ လင်းရှောင်သည် “သက်ဝင်ခြင်းကင်းမဲ့” ဟူသော ကျင့်စဉ်စာအုပ်ကို စာအုပ်စင်တွင် တွေ့လိုက်သည်။
သူသည် ပထမစာမျက်နှာကို ဖွင့်၍ ဖတ်လိုက်ရာ စာနှစ်ကြောင်းကိုသာ တွေ့ရသည်။
စာနှစ်ကြောင်းသည် သူကြားဖူးသော ဤစာကြောင်းနှင့်တူသည်။
“တကယ်လို့ သင်ဟာ ဒီအမတကျင့်စဉ်ကို ကျင့်ကြံလိုတယ်ဆိုရင် ကိုယ့်ကိုယ်ကို သင်းကွက်လိုက်ပါ”
စာအုပ်ထဲတွင်ကား ဤသို့ ရေးထား၏။
“ဤကျင့်စည်ကို ကျင့်ကြံလိုသူသည် သူ၏ မရီဒျန်များအားလုံးကို အရင်ဆုံး ဖျက်ဆီးပစ်ရမည်”
လင်ရှု နှလုံးခုန်နှုန်းတို့ မြန်သွားသည်။
‘မျှော်လင့်ချက် ရှိသေးတယ်’
သူဆက်၍ စာအုပ်ကို လှန်လိုက်သည်။
ထိပ်ဆုံးတွင် ချင်းမင်မိစ္ဆာအရှင်၏ ဤကျင့်စဉ်ကို ဖန်တီးရခြင်း အကြောင်းအရင်းများနှင့် သက်ရောက်မှုများကို ရေးသားထားသည်။
ယွဲ့ဟွာ အဲဒီလူယုတ်မာက ငါ့ရဲ့ မရီဒျန်တွေကို ဖျက်ဆီးပစ်ခဲ့တယ်၊ ငါလည်း အနာဂတ်မှာ အဲဒီ အောက်တန်းစားရဲ့ မရီဒျန်တွေကို ဖျက်ဆီးပြီး လက်စားချေမယ်။
ငါ့ရဲ့ မရီဒျန်တွေက ဖျက်ဆီးခံလိုက်ရပြီးပြီ။ ငါပြန်ပြီး တည်ဆောက်ချင်တယ်။ ဒါပေမဲ့ ငါ့ရဲ့စိတ်ထဲမှာ အမုန်းတရားနဲ့ အငြိုးတရားတွေ ပြည့်နှက်နေတာကြောင့် အချိန်တိုင်း လူယုတ်မာ ယွဲ့ဟွာကို တွေးမိတိုင်း သူ့ပါးစပ်နဲ့ မျက်နှာကို ဆွဲဖြဲချင်တဲ့စိတ်တွေပဲ ပေါ်ပေါ်လာတယ်၊ ငါ့ရဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်နဲ့ပဲ ယွဲ့ဟွာရဲ့ မရီဒျန်တွေကို ဖျက်ဆီးပစ်ဖို့က ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒပဲ။ အဲဒီကောင်ရဲ့ ဖြစ်သွားမဲ့ မျက်နှာကို တွေးမိတာနဲ့တင် ငါအပျော်လွန်နေပြီ။
ဒီကျင့်စဉ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားတဲ့နေ့မှာ ငါယွဲ့ဟွာကိုရှာပြီး လှောင်ဖို့အတွက် အရှေ့ဘက်တောင်ကို ထွက်လာခဲ့တယ်၊ အဲဒီအချိန်မှာ ငါ့ရဲ့ တပည့်တစ်ယောက်က ပြောလာတယ်
“ဂုဏ်ယူပါတယ် ဆရာ၊ လွန်ခဲ့တဲ့ သုံးနှစ်က အမတအရှင်ယွဲ့ဟွာက ကောင်းကင်နတ်ဆိုးဆယ့်နှစ်ပါးရဲ့ ထောင်ခြောက်မိသွားပြီး တိုက်ပွဲမှာ ကျဆုံးသွားပါပြီ။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကိစ္စပါလဲ”
ငါ အရမ်းကို အံ့ဩသွားပြီး ဒေါသတကြီးနဲ့ ငါ့တပည့်ကို သတ်ပစ်လိုက်မိတယ်။ ပြီးတော့ ငါ အဲဒီ နတ်ဆိုးဆယ့်နှစ်ကောင်ကို သွားရှာပြီး သတ်ပစ်လိုက်တယ်၊ ငါ ယွဲ့ဟွာရဲ့ အလောင်းကို ရှာဖို့ လုပ်သေးပေမဲ့ ကျဆုံးသွားတယ်၊ အလောင်းကို လေလွင့်သားရဲတွေ စားလိုက်တာပဲ ဖြစ်ရမယ်
သန့်စင်ပြီး အပြစ်ကင်းတဲ့ အမတအရှင်တစ်ပါးက ဒီလိုညစ်ပတ်တဲ့ လှည့်ကွက်တွေမှာ ကျဆုံးသွားပြီး ခွေးအတွေရဲ့ ဗိုက်ထဲမှာ မြှုပ်နှံခံလိုက်ရတာကို တွေးကြည့်လိုက်ရင် ငါ ညသန်းခေါင်ကြီးမှာတောင် ထပြီး ငိုမိတယ်၊ ငါ့နှလုံးသားက ဆုပ်ခြေခံထားရသလိုပဲ နာကျင်လှတယ်
မုန်းတယ်! မုန်းတယ်! မုန်းတယ်!
******