Ch 6
Viewers 4k

6 01

အပိုင်း ( ၆ ) ငါ ကျောင်းသွားချင်တယ် 


သခင်မလေးသည် ရိုင်းသော်လည်း ငွေနှင့်ပတ်သက်ပြီး အလွန်ရက်ရော  လက်ဖွာလှသည်။ မြေနှင့် အိမ်ပိုင်ဆိုင်မှုများကို ဒီအတိုင်း ပေးရုံသာမဟုတ်ဘဲ နေထိုင်၍ ရစေရန် သေချာပြီးပြည့်စုံစွာ ပြင်ဆင်ပေးထားသည်။ တစ်ရွာလုံးသည် နင်အန်းတွင် အေးချမ်းစွာ အခြေချနိုင်ခဲ့ပြီး မကြာခင်တွင် သူတို့အားလုံးသည် သာမန်ဘဝလေးတွင် နေသားကျသွားခဲ့သည်။ 


“သခင်မလေးက နည်းနည်းတော့ ကြောက်စရာကောင်းတယ်ဆိုပေမဲ့လည်း သူမက လူကောင်းဆိုတာတော့ ငြင်းလို့မရဘူး ” 


လီယာမောက်က လေးစားအားကျစွာ သက်ပြင်းချလိုက်ပြီး 


“ငါတို့ အနာဂတ်မှာ အခွင့်ရေးရခဲ့ရင် သခင်မလေး ငါတို့ကို ကယ်တင်ထားတဲ့ ကျေးဇူးကြွေးကို အသက်နဲ့ ပြန်ပေးဆပ်ရမယ် ” 


လီကျီမောက်ကလည်း ညီဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီး 


“ဘယ်သူက မလုပ်ဘူးလို့ ပြောနေလို့လဲ” 


လင်ရှုသည် တံခါးရှေ့တွင် လက်ပိုက်ပြီး ရပ်နေသည်။ ဤညီအစ်ကို နှစ်ယောက်က သူ့အခန်းသို့ လာပြီး ဤအကြောင်းအရာများကို ဘာကြောင့်ပြောနေမှန်း သူနားကို မလည်နိုင်တော့ပါ။ 


လီကျီမောက်က လင်ရှုကို ခေါင်းမော့ကြည့်လိုက်သည်။ 


“လင်ရှုံး အစ်ကိုလည်းပဲ  ကျင့်ကြံသူတစ်ယောက်လား” 


(ရှုံး// တရုတ်ကားတွေမှာ ကြားဖူးတဲ့ ညီအစ်ကိုဆိုတဲ့ ရှုံးတိ ကနေလာပါတယ်) 


လင်ရှု “မဟုတ်ဘူး” 


“ဒါဆို..... အဲဒီ မန္တာန်က” 


“ဒီတိုင်း လျှောက်ဆွဲလိုက်တာ” 


လီယာမောက် “ဝါး အားကျပါတယ်ဗျာ” 


လီကျီမောက်က ပြောသည်။ 


“ ယမောင် နဲ့ ကျွန်တော် နှစ်ယောက်လုံး ရှန်းလင် ကျောင်းတော် ဝင်ခွင့်စာမေးပွဲဝင်ဖြေဖို့ စဉ်းစားထားတယ်၊ လင်ရှုံး ကျွန်တော်တို့ကို ထောက်ပြသင်ပေးနိုင်မလား ” 


လင်ရှု “ငါလည်း ဖောင်သွားတင်မလို့” 


လီကျီမောက် “ ဒါဆို ကျွန်တော်တို့ သုံးယောက် အဖွဲ့လေး ဖွဲ့လိုက်ကြမယ်လေ၊ ယမောင်နဲ့ ကျွန်တော်က ပါရမီ နည်းနည်းပဲ ရှိပြီး ကံကောင်းပြီး အောင်သွားရင် ကျွနတော်တို့တွင် ကျင့်ကြံသူ ဖြစ်လာနိုင်တယ် ” 


လီယာမောက် မျက်နှာကြီး စိတ်ပျက်မှုကြောင့် မည်းတက်သွးသည်။ 


“ငါကြားတာတော့ ရှန်းလင် ကျောင်းတော်မှာ ဘယ်သူမဆို စာမေးပွဲ ဝင်ဖြေခွင့်ရှိတယ် ဆိုပေမဲ့ ကျင့်ကြံရေး အခြေခံစည်းမျဉ်းတွေ မေးတာမို့လို့ ခက်တယ်တဲ့၊ ကျိမောင် နဲ့ ကျွန်တော်တို့က ကျင့်ကြံမှုလမ်းစဉ်အကြောင်းဆိုလို့ စကားလုံး နည်းနည်းလောက်ပဲ သိတာ၊ ကျန်တာတွေ ကျွန်တော်တို့ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ကံသွားစမ်းဖို့ပဲတတ်နိုင်တော့တယ် ” 


“စည်းမျဉ်းစည်းကမ်း.....” 


လင်ရှုသည် စားပွဲက အစင်းကြောင်းများကို ကြည့်လိုက်ပြီး 


“ ငါ သိတယ်လေ ” 


ညီအစ်ကိုနှစ်ယောက်၏ မျက်နှာကား လပြည့်ဝန်းကြီးလို လင်းလက်သွားသည်။ 


“လင်ရှုံးတိ ကျွန်တော်တို့ကို သင်ပေးပါ့လား” 


“ ဒါပေမဲ့ မင်းတို့ ငါ့ကို အချက်အလက် နည်းနည်းတော့ ရှာကူပေးရမယ်” 


“ဘာအချက်အလက်လဲ” 


လင်ရှုက ခဏလောက် တွေးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။ 

6 02

“ရှန်းလင် စာမေးပွဲအကြောင်း..... ဘယ်လိုအချက်အလက်မျိုးဖြစ်ဖြစ် ရတယ်” 


ညီအစ်ကိုနှစ်ယောက်စလုံး ချက်ချင်း ထွက်သွားကြသည်။ 


လင်ရှုတစ်ယောက်သာ အခန်းထဲတွင် ကျန်ခဲ့ကာ ပြတင်းပေါက်အပြင်ဘက်မှ အပြာရောင်ကောင်းကင်ကြီးနှင့် တိမ်များကိုငေးကြည့်ရင်း စိတ်ထဲတွင် စကားတစ်ခွန်းတည်းကိုသာ ထပ်ခါထပ်ခါ ပြောနေသည်။ 


‘ကျောင်းသွားချင်တယ်’ 


အစောပိုင်းက လင်းပေါင်ချင်းက သူ့ကို “ပညာရေးဆိုတာ လူတိုင်းအတွက်ပဲ  ပညာရေးမှာ ဘယ်သူက ဘယ်လို နောက်ခံမျိုးနဲ့ဆိုတာ မရှိဘူး” နှင့် ရှန်းလင်ကျောင်းတော်၏ ရှန်းလင်ဝင်ခွင့်စာမေးပွဲ ဆိုသည့် စကားများသည် သူ့နှလုံးသားတွင် ထွင်းထုထားသကဲ့သို့ စွဲမြဲနေခဲ့သည်။ သို့သော် လက်တွေ့လောကကြီးကား လင်းပေါင်ချင်းပြောသည်နှင့် တစ်ထပ်တည်းကျနေလိမ့်မည်ဟုတော့ သူလုံးဝ မမျှော်လင့်ထားပေ။ မွေးရာပါ ပါရမီပါသည်နှင့် နောက်ခံများက အရေးမပါတော့ ဆိုသည်ကတော့ သေချာပါသည်။ 


ရှန်းလင် စာမေးပွဲကား နှစ်လသာ လိုတော့ပြီး ကြေငြာစာများကိုလည်း မြို့ထဲရှိ နံရံတိုင်းလိုလိုတွင် ကပ်ထားပြီးဖြစ်ရာ ရှန်းလင်စာမေးပွဲအကြောင်း မသိသည့်သူ မရှိတော့ပေ။ 


အကယ်၍ သူသာ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းမည်ဆိုပါက ပထမဆုံးလုပ်ရမည်မှာ သူ၏ ရုပ်ပိုင်းဆိုင်ရာကို စတင်တည်ဆောက်ရမည် ဖြစ်သည်။ 


သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြုပြင်တည်ဆောက်ရန်မှာ ပြောသလောက် မလွယ်ပေ။ မည်သို့လုပ်ရမည်ကို သူသေချာမသိသော်လည်း နည်းလမ်း နှစ်ခုသာ ရှိသည်ကိုတော့ သေချာသည်။ 


ပထမနည်းလမ်းမှာ ရှားပါးသည့် ရတနာ တစ်ခုခု ဖြစ်ပြီး ဒုတိယနည်းလမ်းမှာ ဆန်းကြယ်သော သက်ရောက်မှုတို့ ပေးစွမ်းနိုင်သည့် ပြိုင်ဘက်ကင်း ရတနာသိုင်းကြမ်း တစ်ခုခုကို ရရန်သာ ဖြစ်သည်။ 


သာမန်သေမျိုးကမ္ဘာတွင်တော့ ထိုပစ္စည်းများ တစ်ခုမှ မရှိနိုင်ပေ။ 


“လင်းဖုန်ရှောင်း ကြုတ်” ကိုပြုလုပ်ထားသည့် သတ္တုက အရမ်းကို ထူးခြားနေလျှင်ပင် ဓားများ လှံများပင် မပေါက်နိုင်သောကြောင့် ဤကြုတ်ကို သူဖွင့်ချင်လျှင် သေချာပေါက် ကျင့်ကြံမှသာ ဖြစ်ပေလိမ့်မည်။ 


သူသာ သာမန်သေမျိုးကမ္ဘာကို စွန့်ခွာလိုပါလျှင် ရှန်းလင်စာမေးပွဲအောင်ပြီး ရှန်းလင်ကျောင်းတော်ကို ဝင်ခွင့်ရသည့် နည်းလမ်း တစ်မျိုးသာ ရှိသည်။ 


‘မွေးရာပါ ပါရမီလား’ 


သူ့တွင် မရှိပါ။


အခြားသော နည်းလမ်း တစ်ခုခု ရှိနေဖို့သာ မျှော်လင့်သည်။ 


နေ့တစ်ဝက် ကုန်သွားပြီးနောက် လီကျီမောက်နှင့် လီယာမောက်တို့ ပြန်ရောက်လာသည်။ 


ထို့နောက် သူတို့သည် လင်ရှုကို လမ်းကြားလေးများစွာကို ဖြတ်သွားကာ မြို့ထဲမှ စာအုပ်ဆိုင် တစ်ဆိုင်ကို ခေါ်သွားခဲ့သည်။ 


“လင်ရှုံး မြန်မြန် ကြည့် ကြည့်” 


လင်ရှုသည် ဆိုင်ကို ကြည့်လိုက်ချိန်တွင် စာအုပ်များစွာကို သေချာ အစီအရီတင်ထားသော စင်များစွာကိုသာ တွေ့သည်။ 


ထိုစာအုပ်များကို သွားကြည့်ချိန်တွင် ပထမဆုံး “အခြေခံတည်ဆောက်ပုံ စတင်ကျင့်ကြံခြင်း”ဟူသည့် စာအုပ်အတွဲလိုက်ကြီးကို မြင်လိုက်သည်။ 


ထိုနောက်တွင် “ရှန်းလင်ရဲ့ ထိပ်တန်းစာသင်သား ပြောသည့် စာမေးပွဲအတွက် ပြင်ဆင်နည်း” စာအုပ်ဖြစ်သည်။ 


“ကျောင်းတော်၏ ပျောက်ဆုံးသွားပြီဖြစ်သော ဒဏ္ဍာရီများ : “ကျေးဇူးတရား နှင့် အာဃာတ” ၊ “ကွန်ဖြူးရှပ်ဝါဒ စာသင်ဆောင်နှင့် ကျင့်ကြံခြင်း စာသင်ဆောင် ကြားမှ အချစ်အမုန်းသံယောဇဉ်” “ 


“ဆိုင်ရှင်က ပြောလိုက်တယ် လင်ရှုံး ကျွန်တော်တို့ ဒီက စာအုပ်တွေကို အလွတ်ရပြီဆိုရင် စာမေးပွဲအောင်ဖို့ သေချာတယ်တဲ့ ” 


လင်ရှု “.......” 


ဤအခိုက်အတန့်တွင် လင်ရှုသည် သူ့ကိုယ်သူ မူလကမ္ဘာကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းဘေးမှ စာမေးပွဲ အထူးထုတ်စာအုပ်များရောင်းသည့် စာအုပ်ဆိုင်ထဲ ရောက်သွားသလိုပင်။ 


သူသည် စာအုပ်များကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် “ပိုင်ရှောင်ရှန်း၏ ရှန်းလင်ကျောင်းတော်အကြောင်း သိမှတ်ဖွယ်ရာ အသေးစိတ်မှတ်စုများ” ဟူသည့် စာအုပ်ကို ဆွဲထုတ်လိုက်သည်။ 

6 03

ဒေါင်လိုက်ရေးထားသော စာများပါသည့် စာအုပ်ကို ဖတ်ရသည်မှာ ဤသို့ ဒေါင်လိုက်ရေးထားသော လျှို့ဝှက်မန္တာန် ကျင့်စဉ်များကို သင်ယူခဲ့ရသည့် သူ့အတွက် မခက်ခဲပေ။ 


‘ရှန်းလင်ကျောင်းတော်သည် ရှုကျိုးတွင် တည်ရှိပြီး တောင်ပိုင်းရှပြည်၏ အကောင်းဆုံး ကျောင်းတော်ဖြစ်သည်။ နှစ်တိုင်း၏ ခြောက်လပိုင်းတွင် ရှန်းလင်ဝင်ခွင့်စာမေးပွဲကို တစ်တိုင်းပြည်လုံးတွင် ကျင်းပသည်။ ကျောင်းသား တစ်ထောင်ကျော်ကို ရွေးချယ်မည်ဖြစ်ပြီး ဝင်ခွင့်ရရန် စာမေးပွဲအောင်ရမည်။ ’ 


‘သို့သော် ရှန်းလင်ကျောင်းတော်သည် ကျင့်ကြံခြင်းနှင့် သင်ကြားသမျှကို လေ့ကျင့်ရန်အတွက်သာ ဖွင့်ထားခြင်း မဟုတ်ပေ။ ကျင့်ကြံခြင်းသည် ကျောင်းတော်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပေသည်။’


‘ရှန်းလင်ကျောင်းတော်ကို သုံးပိုင်းခွဲခြားထားသည်။ ကျင့်ကြံခြင်း၊ ကွန်ဖြူးရှပ်ဝါဒပညာရပ်များ နှင့် လက်တွေ့ပညာရပ်များ’ ဟုသိထားကြသည့် ကျင့်ကြံခြင်း စာသင်ဆောင်၊ ကွန်ဖြူးရှပ်ဝါဒ စာသင်ဆောင်နှင့် လက်တွေ့အတတ်ပညာများ စာသင်ဆောင် တို့ဖြစ်သည်။ ‘ 


ပိုင်ရှောင်ရှန်းသည် ဤအပိုင်းသို့ ရောက်ချိန်တွင် သူသည် ပုံပြင်တစ်ပုဒ်လို ပြောထားခဲ့သည်။ အစပိုင်းတွ၍် ကျောင်းတော်တွင် အပိုင်းအများကြီး ခွဲထားခဲ့သည်။ တောက်လမ်းစဉ်ကို သင်ကြားသော တောက်ကျောင်းတော်၊ သိုင်းပညာကို ဦးစားပေး သင်ကြားသော ကိုယ်ခံပညာကျောင်းတော်၊ ကွန်ဖြူးရှပ်ဝါဒကို သင်ကြားသော ကွန်ဖြူးရှပ်ကျောင်းတော်၊ ဆေးလုံးဖော်စပ်ခြင်းတို့ သင်ကြားသော ဆေးဝါးကျောင်းတော်၊ လက်နက်ထုလုပ်ခြင်းကို သင်ကြားသော ပန်းပဲကျောင်းတော်၊ တူရိယာတီးခတ်ခြင်းကို သင်ကြားသော ဂီတပညာကျောင်းတော် ဟူ၍ မေဂျာခွဲအများကြီး ရှိလေသည်။ 


နောက်ပိုင်းတွင် တောက်လမ်းစဉ်ကို သင်ယူသော ကျောင်းသားများသည် တောက်လမ်းစဉ် ကျင့်ကြံပြီးနောက် စိတ်ဝိဉာဉ်ချီစွမ်းအားများ ပြည့်ဝလာသော်လည်း ထိုစွမ်းအားများကို အသုံးချ ဖွင့်ထုတ်ရန် နေရာမရှိပေ။ ထိုအချိန်တွင် တောက်ကျောင်းသားများသည် သိုင်းပညာကျောင်းတော်သို့ အပြေးအလွှား သွားရောက် အတန်းတက်ကြတော့သည်။ သိုင်းပညာ သင်ကြားသူများကတော့ သူတို့သည် လက်သီးသိုင်းနှင့် ကွန်ဖူးတို့တွင် ဆရာတစ်ဆူ အဆင့်ထိ သင်ကြားပြီးသော်လည်း လူတစ်ယောက်၏ ခွန်အားက အကန့်အသတ်ရှိသည်ကို သိရှိလာကြပြီး ခန္ဓာကိုယ်ကို ကျင့်ကြံအားဖြည့်သည့် လမ်းစဉ်ဖြစ်သော တောက်လမ်းစဉ်ကို သိုင်းပညာ၏ အထောက်အကူ ဘာသာရပ်အဖြစ် လေ့လာကျင့်ကြံကြသည်။ အဆုံးတွင် ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများသည် ရွှံ့ထဲမှ ငါးများလို ခွဲခြားမရတော့သည်အထိ ဖြစ်လာကာ မည်သူက မည်သည့်ကျောင်းမှ ကျောင်းမှ ကျောင်းသားဟူ၍ တိတိပပ ခွဲမရတော့ချိန်တွင် ကျောင်းတော်သည် ထိုကျောင်းနှစ်ကျောင်းကို ပေါင်းပစ်ခဲ့သည်။ ဤသို့ဖြင့် ကျင့်ကြံခြင်းကျောင်းတော် ဖြစ်လာခြင်း ဖြစ်သည်။ 


ဆေးဝါးဖော်စပ်ခြင်း၊ လက်နက်ထုလုပ်ခြင်း၊ ဂီတပညာ၊ မန္တာန်ရေးဆွဲခြင်းနှင့် နက္ခတ်တာရာ ကြည့်ရှုခြင်း တို့ကဲ့သို့ အခြားသော ကျောင်းများအတွက်မူ ကျောင်းသားများက အလွန်ကို နည်းပါးလေသည်။ 


မွေးရာပါ ပါရမီ အနည်းငယ်ရှိသော လူတိုင်းလိုလိုက အသက်ရှည်ခြင်းနှင့် သိုင်းပညာ ကျင့်ကြံကြရန်အတွက် ကျင့်ကြံရေးကျောင်းတော်ကိုသာ ရွေးချယ်ကြသည်။ ရည်မှန်းချက်ရှိသော လူများကတော့ ကွန်ဖြူးရှပ်ကျောင်းကို ရွေးချယ်ကြပြီး ထိုနေရာတွင် ကမ္ဘာကြီးနှင့် လူများကို ကယ်တင်ရန် သင်ကြားနိုင်သည်။ အခြားသော ကျောင်းများတွင် တစ်ကျောင်းစီတိုင်းတွင် အများဆုံး ကျောင်းသား နှစ်ယောက်လောက်သာ ရှိကြရာ ပို၍ ကောင်းလာစေရန် ရည်ရွယ်ချက်တို့ဖြင့် ကျောင်းတော်သည် ထိုကျောင်းများကို ပေါင်းစည်းပစ်ခဲ့သည်။ သို့သော်လည်း ထိုလက်တွေ့ ကျွမ်းကျင်မှုများကို သင်ကြားပေးသော ကျောင်းတော်သည် မနည်းကို ရပ်တည်နေရဆဲဖြစ်ပြီး ဂုဏ်သိက္ခာကိုပင် မထိန်းနိုင်လုလု ဖြစ်နေသည်။ ထိုသို့သာ ပြောရသော်လည်း ကျောင်းမှ ထိုကျောင်းကို ဖြုတ်ချခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ကျောင်းတော်၏ အခြေအနေအဆိုးဆုံး ကျောင်းဆိုလျှင် ကျွမ်းကျင်မှုပညာရပ်များ သင်ကြားပေးသော ကျောင်းသာ ဖြစ်သည်။ 

6 04

လင်ရှုသည် ထိုစာအုပ်ကို ဖတ်ပြီးနောက်တွင် သူကိုယ်သူ ကယ်နိုင်သေးသည်ဟု ခံစားလိုက်ရသည်။ 


ကျောင်းတော်တွင် ကျင့်ကြံခြင်းကျောင်းတော်သာ ရှိသည်မဟုတ်ရာ သူသည် အခြားသော လမ်းကိုလည်း ရွေးချယ်နိုင်သည်။ ဆေးလုံးသန့်စင်ခြင်းနှင့် မန္တာန်များ ရေးစပ်ခြင်း တို့ကဲ့သို့ ဘာသာရပ်များကို ရွေးချယ်နိုင်သည်။ ကျန်ရှိသော နှစ်လ ဟူသော အချိန်တွင် ဆေးဝါးဖော်စပ်ခြင်းနှင့် မန္တာန်ရေးစပ်ခြင်း အတတ်တို့ကို အရူးအမူး လေ့လာလိုက်လျှင် အဆင်ပြေနိုင်သည်။ 


ယခုအချိန်တွင် သူသည် ရှန်းလင်ကျောင်းတော် ဝင်ခွင့်စာမေးပွဲကို အောင်ပြီး ကျောင်းဝင်ခွင့်ရနိုင်လောက်သည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိလာသည်။ 


ပိုင်ရှောင်ရှန်းသည် စာအုပ်ထဲတွင် ကျောင်းတော်ဝင်ပြီးနောက်ပိုင်းတွင် ကျောင်းသည် ခြောက်လတစ်ကြိမ် စာမေးပွဲကျင်းပကြောင်း ဖော်ပြထားသည်။ စာမေးပွဲ နှစ်ကြိမ်ဆက်တိုက် ကျသူသည် ကျောင်းထုတ်ခံရမည် ဖြစ်သည်။ 


သူကတော့ စာမေးပွဲအချိန်တွင် သင်သမျှအကုန် အသားကုန်ကျက်နိုင်သည်။ မူလကမ္ဘာတုန်းက နောက်ဆုံးအပတ်များမှ အသည်းအသန် ကျက်ခဲ့ကြရသည့် နေ့ရက်များကိုပင် ပြန်သတိရသွားသည်။ 


စာမေးပွဲကျ၍ ကျောင်းထုတ်ခံရခြင်းတော့ သူ မကြုံရလောက်ပါချေ။ 


သို့သော် နောက်တစ်မျက်နှာလှန်လိုက်ပြီး ရှန်းလင်စာမေးပွဲ၏ စစ်ဆေးပုံ အဆင့်များကို ဖော်ပြထားသည့် တစ်ဆင့်ချင်းစီကို ဖတ်ပြီးချိန်တွင် သူ၏ အတွေးများ  လုံးဝပြောင်းပြန်ဖြစ်သွားတော့သည်။ 


စာရေးသူမှာ ပြောစရာရှိပါတယ် 


ကျောင်းသားဇာတ်လမ်းလေးပါလို့........


******