Ch 5
Viewers 3k

5 01

အပိုင်း ( ၅ ) 


လင်းဖုန်ရှောင်း သူမတို့ကို ရွာသားများအား နင်အန်းသို့ ပို့ပေးရန် ညွှန်ကြားပြီးနောက် ကိုယ်ဖော့သိုင်းသုံး၍ ပျံသန်းထွက်ခွာသွားသည်။ သူမ၏ အနီရောင် ဝတ်စုံက လေထဲတွင် ပျံဝဲကခုန်ရင်းဖြင့် သူတို့ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။ 


ကံမကောင်းစွာဖြင့် ဤသခင်မလေးကား သွေးဆူလွယ်ပြီး စိတ်လည်းမရှည်သည်ကို သိသော်လည်း ဤမျှလောက်ထိဟု သူတို့ မထင်ထားခဲ့ပေ။ သူမသည် သူတို့နှင့်အတူ တစ်ခရီးထဲကို အတူသွားရန်ပင် ဆန္ဒမရှိပေ။ 


“သခင်မလေးက အထူးတလှယ်ကို မင်ကျိုးမြို့ကို လာရတာကို ဒီလိုအခြေအနေမျိုးဖြစ်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ” 


 လင်းပေါင်ချန်က ပြောသည်။ 


“ဒီနေ့ပြီးသွားရင်တော့ သခင်မလေးက အခြားလူတစ်ယောက်ယောက်ကို လက်ထပ်ချင်ပါတယ်ဆိုရင်တောင် အကောင်းဆုံးလူကို ရနိုင်တော့မှာ မဟုတ်ဘူး” 


လင်းပေါင်ကျင်းက ပြောခဲ့သည်။ လင်းပေါင်ချင်းကတော့ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာပြောသည်။ 


“အဲဒီ မျိုးမစစ်က အစထဲက သခင်မလေးနဲ့ မတန်တာကို၊ အဲဒီ ဘယ်နားမှ မကောင်းတဲ့ တောက်ယွမ်ကျွင်းလို့ ခေါ်တဲ့ ဆရာသခင်ဆိုတာကရော။ နင်တို့ကို မေးပါဦးမယ် ဒီလိုလူမျိုး ဒီနာမည်မျိုးကို ကျန်းဟူမှာ ကြားရော ကြားဖူးကြရဲ့လား။ နာမည်တောင် မရှိ မကြားဖူးတဲ့ လူတစ်ယောက်က ဘယ်လိုမျိုး ကောင်းမွန်ပြီး ထိုက်တန်တဲ့သူ ဖြစ်နိုင်မှာလဲ” 


လင်းပေါင်ချန်က သက်ပြင်းချလိုက်သည်။ 


“သခင်မလေးအတွက် ဆရာစီစဉ်ပေးထားတဲ့ လူက အခြေအနေဆိုးမှာတော့ မဟုတ်ပါဘူး။ တောက်ယွမ်ကျွင်းဆိုတဲ့ နာမည်က အရမ်းကို မြင့်မြတ်လွန်းနေတာပဲကို။ ဖြစ်နိုင်တာ သူက သိုသိုသိပ်သိပ်ပဲ နေတတ်တဲ့ ပညာရှင်မျိုး ဖြစ်နိုင်တာပဲလေ၊ ပုန်ကန်မှုကလည်း တအားကြီးသွားတာရယ် ဒီပုန်ကန်မှုကြောင့် လူတွေအများကြီး ထိခိုက်ခဲ့ရတယ်၊ ဖြစ်နိုင်တာက တောက်ယွမ်ကျွင်းက ကံမကောင်းလွန်းလို့ အစွမ်းကုန်မထုတ်နိုင်တဲ့အချိန် ရုတ်တရက် ကွယ်လွန်သွားတာ ဖြစ်မှာပေါ့။ မဟုတ်ရင် ဒီလို ပညာရှင်က ဆယ်နှစ်ကျော်ကြာအောင် သတင်းမထွက်ဘဲ သိုသိုသိပ်သိပ် နေနိုင်နေမှာ မဟုတ်ဘူးလေ” 


လင်ရှုနှင့် အခြားနှစ်ယောက်တို့သည် ကြွက်ကလေးများလို တိတ်တိတ်လေးသာ နောက်မှ လိုက်နေကြသည်။ သူတို့သည် မိန်းကလေးများ၏ သူမတို့သခင်မလေး အိမ်ထောင်ရေး ကံမကောင်းသည့် အကြောင်းကို တစ်လမ်းလုံး နားထောင်လာရသည်။ ကျန်းဟူတစ်ခွင်မှ ပါရမီရှင် အမျိုးကောင်းသားများ အားလုံးကို ဆွဲထုတ် ကောက်နုတ်ပြီးနောက်တွင် အဖြေတစ်ခုတော့ ထွက်လာခဲ့သည်။ 


သူမတို့ သခင်မလေးနှင့် မည်သူမှ မတန်..... 


သူမတို့ အားလုံး စိုးရိမ်နေကြပြီး လီကျီမောက်နှင့် လီယာမောက်တို့ပင် နားလည်စွာဖြင့် သူတို့ကို စာနာမိသည်။ သို့သော် အမောင်လင်ရှုမှာတော့ ဤကိစ္စလေးအတွက်နှင့် ဤမျှလောက် စုတ်တသပ်သပ် သနားနေရသည်ကို နားမကို မလည်နိုင်ပါချေ။ 


သူ့အတွက် ဤကမ္ဘာ၏ ဓလေ့များနှင့် မရင်းနှီးသေးသောကြောင့် နားမလည်နိုင်ခြင်းသာ ဖြစ်သည်။ သူ၏ အသိများအရ လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက် မုဆိုးမ ဖြစ်သွားခြင်းက ရှက်စရာကိစ္စမဟုတ်ပေ။ ဤသို့ တစ်ခါမှပင် မတွေ့မမြင်ဖူးသည့် ကလေးဘဝမှ စေ့စပ်ထားသည်ဆိုသည့် ကိစ္စမျိုးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ထို့အပြင် ဤသို့သော တွေ့သည့် လူတိုင်းကို အရေခွံနွှာပြီး အရိုးများချိုးပစ်တတ်သော မိန်းကလေးမျိုးကတော့ တကယ့်ကို ရက်စက်ပြီး အကြင်နာကင်းမဲ့လှသည့် မိန်းကလေးမျိုးဟု သူထင်သည်။ ရက်စက်ပြီး အကြင်နာကင်းမဲ့သည့် လူများသည် များသောအားဖြင့် သွေးအေးပြီး နှလုံးသားမရှိသူများ ဖြစ်ကြသည်။ 


သို့သော် ဤသခင်မလေး ဘယ်လိုလူမျိုး ဖြစ်နေပါစေ သူနှင့် ဘာမှ မဆိုင်ပေ။ သူ့ကိစ္စလည်းမဟုတ်။ သူနှင့် ဤသခင်မလေးသည် ကံကြမ္မာကြောင့် ခဏတာ ဆုံစည်းရသော တွေ့ဆုံမှုမျိုးသာဖြစ်ပြီး ယနေ့ပြီးလျှင် ထပ်တွေ့စရာအကြောင်းပင် မရှိတော့ပေ။ ယခု သူ့အတွက် စိုးရိမ်နေရသည်မှာ စတင်ကျင့်ကြံနိုင်မည့် နည်းလမ်းရှာရန်နှင့် သူ၏ အားနည်းလှသော ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြန်လည်ပြုပြင်ရန်သာ ဖြစ်သည်။ 


ကျင့်ကြံခြင်းအကြောင်း တွေးမိလိုက်ချိန်တွင် သူ၏ ယခင်ဘဝကို တွေးမိသွားသည်။ 


ညသန်းခေါင်ယံတိုင်းတွင် သူသည် အမှောင်ထုကို ငေးစိုက်ကြည့်ပြီး တရားထိုင်လေ့ရှိသည်။ သန်းခေါင်ကျော်ကျော် အာရုံမကျင်းခင်တွင် ဓားရေးလေ့ကျင့်ပြီး အာရုံတက်တွင် ကျောပိုးအိတ်ထဲ ပစ္စည်းများထည့်ပြီး ကျောင်းသွားသည်။ 


အတန်းထဲတွင် လူအများကြီး ရှိသည်။ သူသည်ကတော့ အမြဲတမ်း နောက်ဆုံးတန်း ထောင့်ဆုံးနားတွင် ထိုင်လေ့ရှိသည်။ ဖတ်စာအုပ် ထူထူများကို စားပွဲပေါ်တွင် ထပ်တင်ထားပြီး သူ့မျက်နှာကို မည်သူမျှ မမြင်ရရန် ကာထားတတ်သည်။ ၎င်းက သူ့ကို လူများ၏ နှောက်ယှက်မှုမှ ကာကွယ်ပေးပြီး မည်သူမှ အရေးမစိုက်ရန် ပြုလုပ်ပေးသည်။ 


တစ်နေ့တွင် ထိုအရာများအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ 


လူအချို့က သူ့ကို ဝိုင်းရံထားပြီး သူ မေ့သွားပြီဖြစ်သော စကားလုံးများနှင့် ကဲ့ရဲ့ လှောင်ရယ်ကြသည်။ သူတို့သည် “ဆိုက်ကိုကောင်” သို့မဟုတ် “နားကန်း” စသော ရက်စက်သော စကားလုံးများ ပြောခဲ့သည် ထင်သည်။ လူအများကြီးကလည်း သူ့ကို ဝိုင်းကြည့်နေကြသေးသည်။ 


သူသည် ထိုနေရာတွင် ငုတ်တုတ်လေး ထိုင်လိုက်ပြီး စာအုပ်များကို ပြန်ကောက်၍ စားပွဲပေါ်သို့ စီတင်လိုက်သည်။ သို့သော် ထိုသူများက ထပ်၍ ပစ်ချလိုက်ပြန်သည်။ 

5 02

သူကလည်း ထပ်၍ ခေါင်းငုံ့ကာ ပြန်ကောက်လိုက်သည်။ 


ငတုံးငအ တစ်ကောင်ကို အနိုင်ကျင့်ရသည့် အကြောင်းပြချက်မျိုး ရှိပုံမရပေ။ ထို့အပြင် တုံးအသော သူများ အနိုင်ကျင့်ခံနေရသည်ကို ကြည့်ရသည်မှာ ပျော်စရာပင် ကောင်းသေးသည် ထင်၏။ သို့နှင့် အကြိမ်ပေါင်းများစွာ သူ၏ စီစီရီရီ တင်ထားသော ပစ္စည်းများကို ပစ်ချပြီးနောက်တွင်တော့ ထိုလူများက ငြီးငွေ့သွားကြဟန် တူသည်။ သူ့ကို တစ်ချက်ကြည့်ပြီး ထွက်သွားခဲ့သည်။ 


ထိုနေ့က အိမ်ပြန်ရောက်ချိန်တွင် လင်ရှုလေးသည် ဆရာ့ကို စကားသွားပြောခဲ့သည်။ 


“ကျွန်တော် သေချင်တယ်” 


လူအိုကြီးကပြောသည်။ 


“မသေရဘူး။ မင်း ဓားရေး လေ့ကျင့်ရဦးမယ်၊ မဟာယနအဆင့်ကို ရောက်ရင် မင်း ကောင်းကင်နဲ့ မြေပြင်ကို စိတ်ရှိသလို သွားနိုင်လာလိမ့်မယ်၊ မင်းက လူတွေနဲ့ ပတ်သက်ရမှာကို ရှောင်ချင်တယ်ဆိုရင် လူတွေကို ရှောင်နေလိုက်ပေါ့ကွာ။ ကျစ် ကျစ် ဘဝကို လွပ်လွပ်လပ်လပ် အသက်ရှင်ကြည့် ” 


လင်ရှု “အို” 


ဤသို့ဖြင့် လင်ရှုလေးသည် မသေတော့ဘဲ ဆက်ပြီး ဓားရေးလေ့ကျင့်ခဲ့လေတော့သည်။ 


လေ့ကျင့်ပြီးရင်း လေ့ကျင့်ရင်းဖြင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် အချိန်တို့က စီးဆင်းနေသော ရေကဲ့သို့ ကုန်ဆုံးသွားကာ ဆရာသခင်လည်း ဆုံးပါးသွားတော့သည်။ 


သူ့ဘဝကတော့ လုံးလုံး မပြောင်းမလဲပင်။ သူသည် လေ့ကျင့်စရာရှိသည်ကို လေ့ကျင့်ပြီး နေမြဲအတိုင်းနေသွားကာ ကောလိပ်ဝင်ခွင့် ရလာသည်။ 


နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် မဟာယနအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ ထိုအချိန်တွင်တော့ သူသည် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်၍ အဆင့်တက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ 


ထိုနောက် နောက်ပိုင်းများတွင်တော့ သူ ဤနေရာသို့ ရောက်လာခဲ့သည်။ 


လင်ရှုအတွက် ဤကမ္ဘာသည် ကျင့်ကြံသူများ ပိုရှိပြီး မကောင်းဆိုးဝါးကဲ့သို့ မိုးကြိုးလွှဲများ မရှိသည့် ကမ္ဘာဆိုသည်မှ လွဲ၍ ဘာကမှ ကွဲပြားမနေခဲ့ပေ။ 


ဤဘဝကိုလည်း ယခင်ဘဝတုန်းကကဲ့သို့သာ ကုန်ဆုံးရန် စဉ်းစားထားသည်။ 


ဓားရေး လေ့ကျင့်မည်။ 


သူဆိုသော လူပြန်ဖြစ်ရန်အတွက် ..... သူသာ သက်သောင့်သက်သာ ရှိချင်သည်ဆိုပါက မဟာယန အဆင့်ရောက်အောင် ကျင့်ကြံရင် ကျင့်ကြံ မဟုတ်လျှင် သေပစ်လိုက်ရန်သာ ရှိသည်။ 


သို့သော် စိတ်ဝိဉာဉ် ရင်းမြစ်များဖြစ်သော မရီဒျန်များ ပြိုပျက်နေသော ဤခန္ဓာကိုယ်ကို အသုံးပြု၍ ထာဝရရှင်သန်သူ လမ်းစဉ်ကို ကျင့်ကြံရန်မှာ အနည်းငယ် ခက်ခဲနိုင်သည်။ 


သူသည် အတွေးများနေခဲ့ပြီး ပြင်ပကိစ္စများကို သတိမမူမိရာ သူ၏ ခြေလှမ်းတို့ကလည်း တဖြည်းဖြည်း နှေးလာခဲ့သည်။ 


လင်းပေါင်ချင်းက သူ့ကို အော်ပြောလိုက်သည်။ 


“ မြန်မြန်သွက်သွက် လာစမ်းပါဟ” 


သူသည် ကိုယ့်စိတ်ကို သေချာပြင်ဆင်လိုက်ပြီး ခက်ခဲစွာဖြင့် ပါးစပ်ကိုဖွင့်ကာ ကြောက်စရာကောင်းအောင် စိုက်ကြည့်နေသော လင်းပေါင်ချင်းကို မေးလိုက်သည်။ 


“အပြင်ဘက်မှာ ထာဝရလမ်းစဉ် ကျင့်ကြံသူတွေ အများကြီး ရှိတာလား” 


“ဘာတုန်းဟ” 


လင်းပေါင်ချင်းက သူ့ကို ကြည့်၍ 


“နင်လည်းပဲ ထာဝရလမ်းစဉ် ကျင့်ကြံချင်လို့လား” 


လင်းရှု “အမ်…” 


“ရိုးရိုးလေးပါပဲ” 


လင်းပေါင်ချင်းက သူ့ကို တမင်သက်သက်ပြီး ခက်ခဲအောင် မလုပ်ဘဲ သေချာပြောပြပေးသည်။ 


“ကွန်ဖြူးရှပ်စာသင်သားတွေနဲ့ တောက်လမ်းစဉ်သားတွေကတော့ ပညာရေးဆိုတာ လူတိုင်းအတွက်လို့ ပြောခဲ့တာပဲ၊ ပညာသင်ကြားရာမှာ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့မှ နောက်ခံကို မကြည့်ဘူး၊ ငါတို့ ထာဝရလမ်းစဉ်မှာလည်း တူတူပဲ၊ တစ်စုံတစ်ယောက်မှာသာ ပါရမီပါရင် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ထာဝရလမ်းစဉ်ကို ကျင့်ကြံနိုင်တယ်” 


လင်ရှုသည် သူမ “တစ်စုံတစ်ယောက်မှာသာ ပါရမီပါရင်” ဟူသော စကားပြောချိန်တွင် တစ်စုံတစ်ခုကို ပြန်ပြောချင်သွားသည်။ 

5 03

‘ခုနကပြောတော့ ပညာရေးဆိုတာ လူတိုင်းအတွက်ဆို ဘယ်သူ့နောက်ခံကိုမှ မကြည့်ဘူးဆို’ 


ဤလင်းပေါင်ချင်း မမလေး၏ ပညာရေးလယ်ဗယ်က တော်တော်လေး အခြေအနေ ဆိုးနေလေပြီ။ 


သို့သော် သူ့ကို ဤကိစ္စကို ကူပြီး ရှင်းပြပေးသည့် မျက်နှာကို ထောက်သင့်သည်ဟု ခံစားရသောကြောင့် လင်ရှုက ထပ်မေးလိုက်သည်။ 


“ ဘယ်လိုမျိုးလဲ” 


“ဥပမာ ပြောရရင် နှစ်လအတွင်း ရှန်းလင် စာမေးပွဲ လာတော့မှာ၊ တောင်ပိုင်းရှ ပြည်က ဘယ်သူမဆို ဝင်ဖြေလို့ရတယ်” 


လင်းပေါင်ချင်းက ဆက်ပြောသည်။ 


“ရှန်းလင် ဝင်ခွင့်စာမေးပွဲကို တစ်ယောက်ယောက်က အောင်သွားပြီ ဆိုပါတော့ သူက ရှုကျိုးမှာရှိတဲ့ ရှန်းလင်ကျောင်းတော်မှာ တက်ခွင့်ရပြီး သူက ဗုဒ္ဓလမ်းစဉ်မှာ မွေ့လျော်တဲ့သူ၊ စာသင်သား၊ စစ်သည်တော်၊ ကျင့်ကြံသူ ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ သူသာ သင်ယူချင်စိတ်ရှိနေသ၍ ရှန်းလင်ကျောင်းတော်က ဆရာသခင်တွေက ဆရာစားမချန် သင်ကြားပေးကြမှာ၊ ရှန်းလင်ကျောင်းတော်ပဲ ရှိတာတော့လည်း မဟုတ်ပါဘူး တခြားကျောင်းတွေလည်း နည်းနည်း ရှိတယ်၊ ဒါပေမဲ့ သူတို့က ရှန်းလင်နဲ့ယှဉ်ရင်တော့ နည်းနည်းလေး နိမ့်တယ်ပြောရမယ်၊ ကောင်းတာတော့ အားလုံး ကောင်းကြပါတယ်” 


သူမက သေချာပြီးအောင် ပြောပြပြီးနောက် လင်ရှုကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး သူမအဖွဲ့ထံ လျှောက်သွားပြီးမှ ပြန်လှည့်ပြောသည်။ 


“ဒါပေမဲ့ သူတောင်းစားလေး နင့်ခန္ဓာကိုယ်က တော်တော်အားနည်းတယ်ဆိုတာ ငါမြင်တယ်၊ နင်က လေတိုက်ရင်တောင် လွှင့်ပါသွားတော့မလိုပဲ။ ဒါကြောင့် နင်သိုင်းပညာတွေကို သင်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ နင့်မှာ ကွန်ဖြူးရှပ်လမ်းစဉ်တို့ တောက်လမ်းစဉ်တို့ ကျင့်ကြံထားဖူးတဲ့ အခြေခံလည်း မရှိဘူး၊ ဟမ်း   ....  နင့်အတွက် အင်း မဖြစ်နိုင်လောက်ဘူး” 


လင်ရှုသည် နှလုံးသားကို ဓားနှင့်စိုက်လိုက်သလို နာကျင်သွားရသည်။ သို့သော် သူသည် စိတ်ထဲတွင် “ရှန်းလင်ကျောင်းတော်” ဆိုသည့် အချက်အလက်ကို တိတ်တိတ်လေး မှတ်ထားလိုက်သည်။ 


ရွာသို့ ပြန်ရောက်ပြီးနောက် လင်းပေါင်ချင်းနှင့် သူမ၏ အဖွဲ့သားများသည် သခင်မလေး၏ ရည်ရွယ်ချက်ကို ရွာသားများကို ပြောပြပေးခဲ့သည်။ သူမတို့သည် ရွာသားများကို နင်အန်းသို့ ခေါ်သွားမည့် အကြောင်းနှင့် နင်အန်းတွင် ခဏတဖြုတ် နေနိုင်မည်ကိုလည်း ပြောပြပေးခဲ့သည်။ 


ဆယ်နှစ်နီးပါး အကျဉ်းကျသလို နေခဲ့ရသော ရွာသားများသည် သူမတို့၏ ကြင်နာမှုကို သိသလောက် မှတ်သလောက် နည်းလမ်းများနှင့် ကျေးဇူးတင်ခဲ့ကြပြီး ချက်ချင်းဆိုသလို အထုတ်အပိုးများ စတင်ထုတ်ကြတော့သည်။ လေးလံပြီး မလိုအပ်လှသော ပစ္စည်းအချို့ကိုတော့ တိုက်ရိုက်ပဲ ပစ်ထုတ်လိုက်ကြပြီး ပစ္စည်းအချို့ကိုတော့ နေရာသစ်တွင် မကုန်သင့်တာ မကုန်ရအောင် ထုပ်သွားကြသည်။ သူတို့ ရွာ၏ ပိန်ပါးလှသော မြည်းများ လားများ ဆွဲရန် လက်သမားထံတွင် ပစ္စည်းအချို့ လုပ်ခိုင်းခဲ့ကြသေးသည်။ 


ဇာမဏီနန်းမြင့်မှ မိန်းကလေးများသည် နည်းနည်းမှ မနှစ်မြို့မှုနှင့် လစ်လျူရှုခြင်းတို့ မရှိဘဲ အစမှ အဆုံးထိ ရွာသားများကို အားကျိုးမာန်တက် ကူညီခဲ့ကြသည်။ 


လင်ရှုသည် သူ၏ ဓနိမိုးထားသော တဲစုတ်လေးတွင် ရပ်နေခဲ့သည်။ အခန်းသည် အလွန်ကို ဗလာကျင်းနေပြီး ဘာမှပင် ရှင်းလင်းသန့်ရှင်းနေစရာ မလိုပေ။ ထို့ကြောင့် သူသည် ခေါင်မိုးကိုသာ မော့ကြည့်နေလိုက်ပြီး စိတ်ဝိဉာဉ်ကျင့်စဉ်များမှ စာလုံးများနှင့် မန္တာန်များကို တိတ်တိတ်လေး ရွတ်နေလိုက်သည်။ သို့မှသာ နောက်ပိုင်း သူကျင့်ကြံချိန်တွင် ကျင့်စဉ်များကို မမေ့သွားမှာ ဖြစ်သည်။ 


အချိန်မည်မျှ ကုန်သွားသည်မသိလိုက်အောင် အာရုံနှစ်မြောနေခဲ့ပြီး သူ့အနားသို့ ကပ်လာသော ခြေသံကြားမှသာ အသိဝင်လာခဲ့သည်။ ထိုအမျိုးသမီးကြီးသာ ဖြစ်သည်။ 


သူမသည် လက်ထဲတွင် အနက်ရောင် ဘူးသေးသေးလေး တစ်ခုကို ကိုင်ထားခဲ့သည်။ တံခါးအပြင်ဘက်မှ လှမ်းပြောသည်။ 


“ဆရာသခင်လေး ဒီပစ္စည်းလေးကို မင်းရဲ့ဆရာက အဲဒီနှစ်တုန်းက တို့မိသားစုကို အပ်ထားခဲ့တာ၊ သူပြောတာတော့ ဒါကို မင်းအတွက် ချန်ထားခဲ့တာတဲ့” 


လင်ရှုက လှမ်းယူလိုက်ပြီး တောင့်တောင့်ကြီး ပြောသည်။ 


“ကျေးဇူးတင်ပါတယ်” 


အမျိုးသမီးက သူ့ကို ခဏခဏ ကြည့်လိုက်ပြီး 


“မင်း ဆေးကြောပြီးတော့ ဒီလောက်ထိ ချောမောပြီး ကြည့်ကောင်းလာလိမ့်မယ်လို့ အဒေါ်တစ်ခါမှ မတွေးခဲ့မိဘူး”


လင်ရှု၏ ဘာသာစကားစွမ်းရည်က ဤအမျိုးသမီးကြီး၏ စကားတို့ကို တုန့်ပြန်ပြောရန်အထိ မဖြစ်နိုင်သေးပေ။ 


လင်ရှုသည် လက်ထဲမှ သေတ္တာလေးကို ကြည့်လိုက်ပြီး သူ၏ ဤခန္ဓာကိုယ်ကသာ ဆရာသခင်တစ်ယောက်၏ တပည့်အနေဖြင့် သင်ကြားမှုများကို ဆက်ခံထားရသည်ဆိုလျှင် အကြောင်းအရာများကို သေချာနားလည်ထားမှ ရမည်ဟု အတွေးဝင်လာသည်။ 

5 04

“ကျွန်တော့်ဆရာ...... သူ ဘာလို့ ကျွန်တော့်ကို ဒီမှာ ထားပစ်ခဲ့တာလဲ”


အမျိုးသမီးက သက်ပြင်းချလိုက်ပြီး 


“ထာဝရရှင်သန်သူ နတ်ဘုရားတွေရဲ့ အတွေးကို တို့များက ဘယ်လိုလုပ်ပြီး  သိနိုင်ပါ့မလဲကွယ်၊ နောင် သူနဲ့ တွေ့တော့မှပဲ မင်းကိုယ်တိုင် မေးမြန်းကြည့်လိုက်ပါတော့ကွယ်” 


သူတို့ ပြန်တွေ့သည့်အချိန်တွင် ထိုဆရာသခင်ဆိုသူကို သူ မမှတ်မိမှာကိုသာ စိုးရိမ်မိပါတော့သည်။ 


သို့မဟုတ် ထို ဈေးပေါလှသော ဆရာက သူ့ကို မှတ်မိနိုင်ဖို့ ရာခိုင်နှုန်းတောင် အတော်နည်းသည်ဟု ထင်သည်။ သို့သော် သူကတော့ မမှတ်မိမှာ သေချာသည်။ 


သူသည် အကြာကြီး စဉ်းစားပြီး ပြောလိုက်သည်။ 


“သူ ဘယ်လိုပုံစံရှိလဲ ကျွန်တော် မမှတ်မိတော့ဘူး” 


“အဒေါ်လည်း ရေးရေးပဲ မှတ်မိတော့တယ်” 


အလွန်ကို လေးစားအားကျသော အရိပ်တို့ အမျိုးသမီး၏ အမျိုးသမီး၏ မျက်နှာတွင် ထင်ဟပ်လာပြီး 


“အရမ်းကို ငယ်ရွယ်ပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ထားတယ် ပြီးတော့ အရမ်းလည်း ခန့်ညားတယ်” 


တကယ်တမ်းတွင် ဤအချက်အလက်သည် ဘာမှ မပြောတာက ပိုကောင်းတယ်ဟူသည့် အချက်အလက်မျိုးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထာဝရရှင်သန်သူများ၏ အနှစ်သက်ဆုံးသော အရောင်မှာ အဖြူရောင်သာ ဖြစ်သောကြောင့်တည်း။ ထို့အပြင် အဖြူရောင်ကို ဝတ်ဆင်ကြသည့် လူငယ်များအားလုံးက အလိုလို ခန့်ညားသပ်ရပ်သွားကြသည်လေ။ 


လင်ရှုက စိတ်ကို ထိန်းလိုက်ပြီး အခြားတစ်ခု မေးလိုက်သည်။ 


“သူ့ကို ဘယ်လိုခေါ်တယ်တဲ့လဲ” 


“ဒါတော့ အဒေါ်မသိဘူး” 


အမျိုးသမီးကြီးက ပြောသည်။ 


“တို့လို လူတွေက ဘယ်လိုလုပ်ပြီးတော့ ထာဝရရှင်သန်သူ တစ်ယောက်ရဲ့ နာမည်ကို လွယ်လွယ်ကူကူ သိနိုင်မှာတဲ့လဲ” 


လင်ရှု “ ကျေးဇူးအများကြီးတင်ပါတယ်” 


သူမကို ကျေးဇူးတင်ပြီးနောက် သူ၏ ဘာသာစကားစွမ်းရည်က ခြောက်ခမ်းသွားပြန်ကာ လင်ရှုသည် တိတ်တိတ်လေး ငြိမ်နေလိက်တော့သည်။ လေထုကလည်း ရုတ်တရက်ကြီး ကြောင်တောင်တောင် တောင့်ခဲလာသည်။ 


ကျေးဇူးတင်စရာကောင်းစွာပင် အမျိုးသမီးကြီးသည် လက်ဟန်ဖြင့် သူ့ကို နှုတ်ဆက်လိုက်ပြီး 


“အဒေါ် ပစ္စည်းတွေ သိမ်းနေတုန်းမလို့ အရင်သွားလိုက်ဦးမယ်နော်” 


ထိုအခါမှ လင်ရှု သက်သောင့်သက်သာ ဖြစ်သွားပြီး လက်ထဲမှ သေတ္တာလေးကို ဖွင့်ကြည့်လိုက်သည်. 


သေတ္တာထဲတွင် ပစ္စည်း နှစ်ခု ရှိသည်။ 


ပထမတစ်ခုက မီးခိုးငွေ့လိုလို ရေငွေ့လိုလို ထင်ဟပ်နေသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ကျောက်စိမ်းအဆင်တန်ဆာ(ခါးမှချိတ်တဲ့ဟာမျိုးလား အဲလို အဝိုင်းလေး) ဖြစ်သည်။ ၎င်းသည် အလွန်သေးငယ်ပြီး ကျောက်စိမ်းကို သေသပ်စွာထွင်းထုထားသည်။ ကျောက်စိမ်းကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်ချိန်တွင် အေးမြပြီး လန်းဆန်းသွားမှုက သူ၏ လက်ဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ကျောက်စိမ်းသည် စိတ်ဝိဉာဉ်စွမ်းအားများဖြင့် ပြည့်ဝနေသည်။ 


ကျောက်စိမ်းပေါ်တွင် ထွင်းထုထားသော နဂါးလေးမှာ အလွန်ကို သေသပ်ပြီး အသက်ဝင်လှသည်။ နဂါး၏ ခန္ဓာကိုယ်က ခွေနေပြီး အလယ်တွင် တွင်းလေးလိုဖြစ်နေသော နေရာရှိကာ ထိုနေရာက ပါးလျပြီး မည်းနက်နေသည်။ 


လင်ရှု ကျောက်စိမ်းကို ကိုင်ကြည့်ပြီး အတွေးလွန်နေသည်။ အဆုံးတွင်တော့ သူသည် အမည်းရောင် ကြိုးတစ်ချောင်းရှာလိုက်ပြီး ကျောက်စိမ်းကို သူ၏ လည်ပင်းတွင် ဆွဲထားလိုက်တော့သည်။ 


ဤကျောက်စိမ်းဆွဲပြား မည်သည့်နေရာက လာသည်ကို မသိသော်လည်း အရည်အသွေးကောင်းပြီး စိတ်ဝိဉာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေကာ သူ၏ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး မရီဒျန်များကို ပြုပြင်ပေးနိုင်သည်။ ရလဒ်က နည်းပါးလှသည်ဆိုသော်လည်း ဘာမှမရှိသည်ထက်စာလျှင် အကောင်းဆုံး ဖြစ်သည်။ 

5 05

ဒုတိယပစ္စည်းကို ပြုလုပ်ထားသော သတ္ထု သို့ ပါဝင်ပစ္စည်းကို သူ မပြောနိုင်ပေ။ ကျောက်စိမ်းဟု ထင်ရသော်လည်း ကျောက်စိမ်းမဟုတ်။ ရွှေဟု ထင်ရပြန်သော်လည်း ရွှေမဟုတ်။ ၎င်းသည် ဆလင်ဒါပုံစံရှိပြီး မျက်နှာပြင်တွင် ပျော်စရာများနှင့် မင်္ဂလာရှိမှုများ ပြည့်နှက်နေသည်ဟု အဓိပ္ပာယ်ရသော ဒီဇိုင်းများ ရေးဆွဲထားသည်။ 


လင်ရှု ထိုပစ္စည်းကို ကိုင်ကြည့်လိုက်သည်။ ထို့နောက် လှုပ်ကြည့်သည်။ လှုပ်ကြည့်သော်လည်း ဘာသံမှ ထွက်မလာပေ။ 


သူသည် ဤပစ္စည်းထဲတွင် ပြိုင်ဘက်ကင်း လျှို့ဝှက်သိုင်းကြမ်းတို့ သူ့ဆရာ ချန်ထားပေးခဲ့မည်ကို မျှော်လင့်နေခဲ့သည်။ ဇီးရိုးဘဝမှ ဟီးရိုးဘဝသို့ ပြောင်းလဲသွားစေရန် မရီဒျန်များနှင့် ခြင်ဆီများကို သန့်စင်ပေးမည့် လျှို့ဝှက် ရတနာသိုင်းကြမ်း ရှိနေရန် မျှော်လင့်နေခြင်း ဖြစ်သည်။ 


အလွန်ကို ချစ်စဖွယ်ကောင်းသည့် စိတ်ကူးလေး ဖြစ်သော်လည်း တကယ်ကြီး စိတ်ကူးသလို ဖြစ်လာနိုင်မည်လားတော့ သူမသိပေ။ အဘယ့်ကြောင့်ဆိုသော် ဤထိုပစ္စည်းကို သူမဖွင့်နိုင်....


ကြုတ်၏ မျက်နှာပြင်သည် အလွန်ကို မာကြောလွန်းသည်။ မြေပြင်ပေါ်သို့ ပစ်ပေါက်ပစ်သည်ကိုပင် ပွင့်မလာ။ အက်ကွဲရတို့ အဟလေးတို့လည်း ရှိမနေ။ ကြုတ်ကလေးသည် နည်းမျိုးစုံသုံးပြီးသွားချိန်တွင်ပင် ခြစ်ရာမထင်သည့် အသစ်ကလေးအတိုင်းသာ ရှိနေခဲ့သည်။ လင်ရှု မည်သို့ပင် စဉ်းစား စဉ်းစား ဘယ်ကစဖွင့်ရမှန်း မသိလာချေ။ 


လင်ရှု ကြုတ်ကို မြတ်မြတ်နိုးနိုး ကိုင်တွယ်ပြီး သိမ်းလိုက်သည်။ ကြုတ်ကလေးထဲတွင် အလွန်ကို ထူးခြားသော လျှို့ဝှက်သိုင်းကြမ်းများ ပါနေလိမ့်မည်ဟု ယုံကြည်ပြီး တစ်နေ့တွင် သူ သေချာပေါက် ဖွင့်နိုင်လိမ့်မည်။ 


နေ့တစ်ဝက်ကြာပြီးနောက် အားလုံး ထုပ်ပိုးသိမ်းဆည်းပြီးသွားကြပြီ ဖြစ်ပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။ မြည်းများ လားများ ဒါဇင်ကျော်လောက်က တိုင်းခန်းလှည့်လည်သလို အိန္ဒြေအပြည့်ဖြင့် ထွက်ခွာကြသည်။ 


လီကျီမောက်နှင့် လီယာမောက်တို့က မြည်းတစ်ကောင်စီ မောင်းနှင်ကြသည့် အချိန်တွင် လင်ရှုသည် ထိုမြည်းနှစ်ကောင်ဆွဲသည့် လှည်းပေါ် ရောက်သွားသည်။ သူ၏ ပိုင်ဆိုင်သမျှအားလုံးဟူ၍ အမှိုက်(ဖြစ်နိုင်) သို့မဟုတ် ရတနာသိုင်းကြမ်း(ဖြစ်နိုင်) တစ်ခုခုပါနေသော ကြုတ်တစ်ခုသာ ဖြစ်သည်။ 


ထိုကြုတ်ထံမှ အောက်သိုးသိုး အနံ့ဆိုးတစ်မျိုး ရနေခဲ့သည်။ ကြည့်ရသည်မှာ မော်ဒန်ရူပဗေဒက သူ့ကို ယခုအထိ အလွတ်ပေးချင်ပုံ မရပေ။ 


ရွာမှ ထွက်ခွာလာချိန်တွင် လူများ၊ မြည်းများ၊ လားများအားလုံးသည် ပျက်စီးနေသော မြို့ကို နောက်ဆုံးအနေနှင့် တစ်ချက်လှည့်ကြည့်လိုက်ကြပြီး ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။


သူတို့အားလုံးက အားအင်အပြည့်နှင့် ဖြစ်သော်လည်း မြည်းများ၊ လားများ၏ အရှိန်က အလွန်ကို နှေးလေသည်။ ထို့ကြောင့် သူတို့ နင်အန်းကို အချိန်ခြောက်ရက်ကြာအောင် ခရီးနှင်ခဲ့ရသည်။ 


မျှော်လင့်ထားသည့်အတိုင်းပင် ထိုပုဂ္ဂိုလ်၏ စိတ်ရှည်သည်းခံမှုတို့က တဖြည်းဖြည်းနှင့် လွှင့်ပါးလာပြီဖြစ်ပြီး ပို၍ စိတ်ဆတ်လာခဲ့သည်။ 


သူတို့ တည်းခိုခန်းတစ်ခုတွင် ဆုံကြချိန်တွင် သခင်မလေးသည် ဒုတိယထပ်၌ အမူအယာမဲ့စွာ ထိုင်ပြီး သေရည်သောက်နေခဲ့သည်။ သူတို့ရောက်သည်ကို မြင်သည်နှင့် သူမသည် စိတ်အခြေအနေမကောင်းကြောင်း သိသာစေသည့် လုပ်ရပ်တစ်ခုကို လုပ်လိုက်သည်။ စားပွဲထက်သို့ အထုပ်တစ်ထုပ်ကို ဝှီးကနဲနေအောင် ပစ်တင်ပေးလိုက်ခြင်းပါပေ။ သစ်သားနှင့် အိတ် ရိုက်ခတ်သံက တော်တော် ကျယ်နေခဲ့ပါသည်။ 


အိတ်ထဲမှအရာများမှာ မြေယာပိုင်ဆိုင်မှု စာချုပ်တစ်စောင်၊ အရာရှိများထံမှ ထောက်ခံစာများနှင့် ငွေသားလက်မှတ်အချို့ဖြစ်သည်။ 


သခင်မလေး လင်းပေါင်ချင်းတို့နှင့် အတူမသွားခြင်းရမှာ သတို့သား သေဆုံးသွားမှုကြောင့် ဒေါသထွက်နေခြင်းကြောင့် မဟုတ်ဘဲ ရွာသားများအတွက် နင်အန်းမှ အရာရှိများထံ သတင်းပို့ပြီး စီစဉ်စရာရှိသည်ကို စီစဉ်ရန်ဖြစ်ကြောင်း ပေါ်ပေါက်လာသည်။ ရက်အနည်းငယ်အတွင်းမှာပင် သခင်မလေးသည် ရွာသားများ၏ ဇာတိရွာအတွက်သာမကပဲ ထွက်ခွာလာပြီးနောက် နေထိုင်ရန် မြေနေရာများကိုပင် တောင်ပိုင်း မြို့ပြင်ဘက်နားတွင် စီစဉ်ဖြေရှင်းပြီး ဖြစ်လေသည်။ 


ရွာသားများက လက်မခံရဲပါချေ။ သို့သော် လင်းပေါင်ချန်က မြေပိုင်ဆိုင်မှု စာချုပ်နှင့် ငွေလက်မှတ်များကို ကိုင်၍ သူတို့လက်ထဲသို့ အတင်းထည့်ပေးသည်။ ထို့နောက် သိမ်မွေ့သော အသံဖြင့် 


“ကျွန်မတို့ ဇာမဏီနန်းမြင့်က ဒီလိုငွေလေးနှစ်တုံးလောက်ကို ထည့်တွက်မယ် ထင်နေတာလား. ဆရာလေးလင်နဲ့ လိညီအစ်ကို နှစ်ယောက် ကျွန်မတို့ကို လမ်းပြပေးတဲ့အတွက် ကျေးဇူးဆပ်တာလို့ တွေးပြီး လက်ခံပေးပါ” 


“သခင်မလေးက အကြင်နာတတ်ဆုံးပဲ” 


လင်းပေါင်ချင်းက ရွာသားများနှင့် ဆန့်ကျင်ဘက်သို့ လှည့်၍ မျက်လုံးလှိမ့်၍ ပြောလိုက်သည်။ 


“ဟို သေသွားတဲ့ မျိုးမစစ်အတွက် လုပ်ပေးတဲ့ ဝဋ်ကြွေးကြေ ကုသိုလ် အဖြစ် သတ်မှတ်လိုက် ” 

5 06

ရွာသားများသည် အလွန်ကို ကျေးဇူးတင်နေကြပြီး သခင်မလေးကို ဗုဒ္ဓဘုရားအပါးတော်မှ ခွင့်လွတ်ခြင်း နတ်ဘုရားမ ကွမ်ရင်မယ်တော်အဖြစ် ဟစ်ကြွေးပြီး ကျယ်လောင်စွာ အရိုအသေပေး ဂါရဝပြုကြသည်။ 


ခွင့်လွတ်ခြင်းနတ်ဘုရားမ ကွမ်ရင်မယ်တော်မှာတော့ သ့ကို ကျေဇူးတင်နေသည်ကို မည်သို့မှ မတုန့်ပြန်ဘဲ အေးစက်စွာ နှာခေါင်းပင် ရှုံ့လိုက်သေးသည်။ သူမသည် မြေညီထပ်သို့ဆင်းသွားလိုက်ပြီး လေချွန်လိုက်ရာ နှင်းကဲ့သို့ ဖြူဆွတ်နေသော မြင်းဖြူကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ထို့နောက် သခင်မလေးက  မြင်းဖြူကြီးပေါ် ခုန်တက်လိုက်ပြီး 


“ ငါ သွားပြီ ” 


လင်းပေါင်ချန်က “အိုင်း” ဟု အော်လိုက်ပြီး ရွာသားများကို ပြောလိုက်သည်။ 


“ အားလုံးပဲ ကျွန်မတို့ ကံကြမ္မာက ဒီမှာပင် အဆုံးသတ်သွားပြီမို့လို့ အခု ကျွန်မတို့ကို သွားခွင့်ပြုပါဦး နှုတ်ဆက်ပါတယ်” 


မြင်းဖြူကြီးပေါ်မှ သခင်မလေး၏ အင်္ကျီမှ အနီရောင်နှင့် ရွှေရောင်ဇာတို့က လွှင့်မြောနေသည့် မြင်ကွင်းသည် မမေ့နိုင်ဖွယ် လှပပြီး အလွန်အမင်း ဝံ့ကြွားလှသည့် မြင်ကွင်းလေးဖြစ်သည်။ သူမသည် မိန်းကလေးများ မှီအောင် စောင့်၍ သွားခဲ့ပြီး ဇာမဏီနန်းမြင့်မှ မိန်းကလေးများသည် ကိုယ်စီ ကိုယ်စီ မြင်းတစ်ကောင်စီဖြင့် ရွာသားများ အမြင်မှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူမတို့၏ ပုံရိပ်များသည် နေဝင်ချိန်တွင် မိုးကုတ်စက်ဝိုင်းသို့ ပျော်ဝင်သွားသည့် နေမင်းကြီးအလား ခမ်းနားလှသည်။ 


ရွာသားများသည် မြေယာပိုင်ဆိုင်မှု စာချုပ်၊ အမှုထမ်း ထောက်ခံစာများနှင့် ငွေလက်မှတ်များကို ကြည့်၍ 


“ သူမက တကယ့် လူကောင်းပဲ အိုင်း ” 


လင်ရှုသည်လည်း နည်းနည်း ရှုပ်ထွေးသလို ခံစားရသည်။ ကြည့်ရသည်မှာ  သခင်မလေးသည် လုံးလုံးကြီး သွေးအေးပြီး ခံစားချက်ကင်းသူ ဟုတ်ဟန်မတူ။ ကြင်နာတတ်သည့် စိတ်ထားလေး နည်းနည်းလေးတောင် ရှိနေသေးသလို ထင်ရသည်။ အဆုံးမှာတော့ သူတို့အားလုံးသည် ရေထဲတွင် မျောနေသော် မှော်ပင်များလို ကံတရားကြောင့်သာ ဆုံစည်းကြရန် အခွင့်အရေးရခဲ့ခြင်းဖြစ်ပြီး ကံတရားအလိုကျ ရွာသားများကို တစ္ဆေမြို့တော်မှ ခေါ်ထုတ်ပေးခဲ့ခြင်းကပင် သူတို့၏ တာဝန်နှင့် ဝတ္တရားကို ကျေပွန်ကာ ကုသိုလ်ကောင်းမှုပြုခဲ့ခြင်း ဖြစ်သည်. 


‘မိန်းမတွေက တကယ်ပဲ အပြောင်းအလဲမြန်တာပဲ’ 


သို့နှင့် လင်ရှုသည် ဆရာသခင် ချန်ထားခဲ့သော ကြုတ်၏ အမည်ကို ပြောင်းရန် ဆုံးဖြတ်လိုက်သည်။ အစတုန်းက သူသည် ကြုတ်ကို “Schrodinger’s cylinder” ဟု အမည်ပေးထားခဲ့သည်။ ယခုတွင်တော့ ဤကြုတ်ကို “လင်းဖုန်ရှောင်း ကြုတ်” ဟု အမည်ပြောင်းလိုက်တော့သည်။ ဤနည်းဖြင့် အမည်သည် ကြုတ်၏ သဘောသဘာဝနှင့် ကိုက်ညီရုံသာမက မော်ဒန်ရူပဗေဒ အငွေ့အသက်တို့ကိုပါ ဖယ်ရှားပြီးသား ဖြစ်သွားပေမည်။ 


Schrodinger’s cylinder ကို ရှင်းပြပါမယ် 


Schrodinger ဆိုတဲ့နာမည်က ဩစတေးလျဖွား မော်ဒန်ရူပဗေဒပညာရှင် ဖြစ်တဲ့ Erwin Schrodinger ပါတဲ့။ ရူပဗေဒမေဂျာတွေက သူ့ရဲ့ အီကွေးရှင်းတွေကို ခေါင်းမူးနေအောင် တွက်ကြရပါတယ်တဲ့ 


စာရေးသူမှာ ပြောစရာရှိပါတယ် 


“အခု ကျွန်မတို့ကို သွားခွင့်ပြုပါဦး နှုတ်ဆက်ပါတယ်” ဟုတ်လား ငါ့ဖင်ကြီးပဲ...... 


လင်ရှုနှင့် သူ၏ မော်ဒန်ဖိစစ် မကျေပွဲလေး........ 


******