Ch 137
Viewers 5k

အခန်း  137  " အလုပ် စ လုပ်ခြင်း "


ဟိုတယ်က တကယ်ကို ယုံကြည်စိတ်ချရသည်။



လျူယောင် ဓာတ်လှေကားထဲမှ ထွက်လာပြီး ဧည့်ခန်းသို့ရောက်သည်နှင့် ကြီးကြပ်ရေးမှူး သို့မဟုတ် မန်နေဂျာတစ်ဦးနှင့်တူသော လူတစ်ဦးက သူ့ကို ယဉ်ကျေးစွာ ကြိုဆိုခဲ့သည်။


"မစ္စတာလျူ.... ဆရာ လိုအပ်တဲ့ပစ္စည်းတွေကို ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ....ကြည့်ဖို့အတွက်... လိုက်ပို့ပေးပါ့မယ်..."


"ဟုတ်ကဲ့.... ကောင်းပြီ..." 


လျူယောင်ခေါင်းညိတ်ပြလိုက်သည်။



ဟိုတယ်နဲ့ မလှမ်းမကမ်းတွင် ကမ်းခြေတစ်ခုရှိပြီး ရေမြန်ဘုတ်များလည်း ရှိသည်။


မန်နေဂျာက လျူယောင်ကို ရေမြန်ဘုတ်တစ်စီး၏ ရှေ့သို့ ခေါ်သွားပြီး ယဉ်ကျေးစွာနဲ့ ပြောလိုက်သည်။


"ဒါက....ဆရာ လိုအပ်တဲ့ပစ္စည်းတွေပါ.... ရေမြန်ဘုတ်ကိုလည်း လောင်စာအပြည့် ဖြည့်ထားပြီးပါပြီ....ရေမြန်ဘုတ်ကို မောင်းဖို့အတွက် လူလိုအပ်တယ်ဆိုရင်.... ကျွန်တော် ချက်ချင်း စီစဉ်ပေးနိုင်ပါတယ်...."


လျူယောင် ရေမြန်ဘုတ်ရဲ့သော့ကို ယူကာ ရေမြန်ဘုတ်ပေါ်ရှိ ပစ္စည်းများကို နောက်တစ်ကြိမ် ကြည့်ပြီးအလွန်စိတ်ကျေနပ်သွားကာ ပြောလိုက်သည်။


"မလိုပါဘူး....ကျွန်တော်.... ရေမြန်ဘုတ်ကို ကိုယ်တိုင်.... မောင်းနိုင်ပါတယ်..." 

လျူယောင် ထိုမန်နေဂျာကို  လက်ဝှေ့ယမ်းပြပြီး နူတ်ဆက်    လိုက်သည်။


"မစ္စတာလျူ.....နှုတ်ဆက်ပါတယ်..."


မန်နေဂျာ လက်ပြနှုတ်ဆက်ကာ ထွက်သွားပြီးနောက် လျူယောင် ရေမြန်ဘုတ်ပေါ်တက်ကာ  အလျင်အမြန် မောင်းထွက်သွားပြီး သင်္ဘောပျက်နေရာသို့ ဦးတည်သွားခဲ့သည်။


ရေမြန်ဘုတ်ဆိုတာ မျှော်လင့်ထားတဲ့အတိုင်းပဲ လျှပ်စီးပမာ အလွန်မြန်ဆန်လှသည်။


ဒီလိုဖြစ်နေသော်လည်း လျူယောင်မှာ သင်္ဘောပျက်တည်နေရာသို့ရောက်ရှိဖို့အတွက် နှစ်နာရီ သုံးနာရီခန့် မောင်းနှင်ခဲ့ရသည်။



လျူယောင်က သက်ပြင်းရှည်ကြီးချလိုက်ပြီး စိတ်သက်သာရာရသွားသည်။ ရေမြန်ဘုတ်ရပ်ပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာကတော့ ဘုတ်ပေါ်ရှိ ပစ္စည်းများကို ပင်လယ်ထဲသို့ ပစ်ချလိုက်ခြင်းပဲ ဖြစ်သည်။


ပစ္စည်းများကို ကျောက်တုံးကြီးအချို့ဖြင့် ချည်နှောင်ထားပြီး ရေထဲသို့ ပစ်ချလိုက်သောအခါ ၎င်းတို့သည် ပင်လယ်ကြမ်းပြင်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။



လျူယောင် အဝတ်အစားများကို ချွတ်၍ ရေကူးဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထားပြီး ရေငုပ်မျက်မှန်တပ်ကာ ရေငုပ်ဓာတ်မီးတစ်လက်ကိုယူ၍ ရေထဲသို့ ဆင်းလိုက်သည်။


ပင်လယ်ရေမှာ  ကြည်လင်မှု့ အလွန်မြင့်မားလှသည်။


လျူယောင် ပင်လယ်ကြမ်းပြင်အောက်ရှိ သင်္ဘောပျက်တည်နေရာသို့ ရေကူးသွားလိုက်သည်။


ဤနေရာတွင် ရေ၏အတိမ်အနက်မှာ မီတာ ၁၀၀ ခန့်သာရှိပြီး သိပ်မနက်လှပေ။


လျူယောင် မကြာမီ သင်္ဘောပျက်၏ဘေးသို့ ရောက်ရှိလာပြီး နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သင်္ဘောပျက်က မီတာ ၃၀ ခန့် ရှည်လျားပြီး ပင်လယ်ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကာ ဆိုးဆိုးရွားရွား ပျက်စီးနေသည်။


သင်္ဘောကိုယ်ထည်တွင် အပေါက်ကြီးတစ်ခုရှိပြီး ၎င်းကို လိပ်ကြီးက သင်္ဘောပျက်အစိတ်အပိုင်း အများအပြားကို ဖျက်စီးရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။



အပေါက်ကြီးမှတစ်ဆင့် အတွင်းပိုင်းရှိ ကုန်လှောင်ရုံတစ်ခုနှင့် အတွင်းပိုင်းတွင် ကြွေထည်အများအပြား ရှိနေတာကို မြင်နိုင်သည်။


ပင်လယ်ကြမ်းပြင်ပေါ်ရှိ အလင်းရောင်မှာ အနည်းငယ် မှိန်နေသော်လည်း မြင်ကွင်းသည် ကောင်းမွန်နေဆဲပင်။


လျူယောင်က ပင်လယ်ကြမ်းပြင်ရဲ့အလှကို ခဏတာ ရှုစားပြီးနောက်  လက်တစ်ဖက်တွင် မီးအိမ်တစ်လက်ကို ကိုင်ကာ ကျန်တစ်ဖက်တွင် ပလတ်စတစ်ပုံးကြီးတစ်လုံးကို ကိုင်၍ ရေကူးငါးတစ်ကောင်လို အပေါက်ထဲသို့ အလွန်ဖျတ်လတ်စွာ ရေကူးဝင်သွားခဲ့သည်။


"ဟေး...ကြွေထည်တွေ အများကြီးပဲ..."


"ဒီအခန်းကို...အကုန်နီးပါး ပြည့်နေတာ.... ငါ ကြိုက်တယ်...."


လျူယောင်၏ စိတ်ဝင်စားမှု့မှာ တိုးပွားလာခဲ့သည်။ ဓာတ်မီးအလင်းရောင်နဲ့ ကြွေထည်များကို တစ်ခုပြီးတစ်ခု ပလတ်စတစ်ပုံးထဲသို့ ထည့်လိုက်ပြီး ပုံးတစ်ပုံးပြည့်သွားသောအခါ အပြင်သို့ ပို့လိုက်သည်။


ပုံးအနည်းငယ် ပြည့်လာသည်နှင့် လိပ်ကြီးရောက်ရှိလာခဲ့သည်။ သူက အနီးအနားမှာ ရှိနေပုံရပြီး  ဒီနေရာမှာ လှုပ်ရှားမှု့တစ်စုံတစ်ရာကို မြင်တဲ့အခါ ရောက်လာခဲ့ခြင်း ဖြစ်လောက်သည်။


 " ယေး..သခင်...ရောက်လာပီလား..."


"အေး.. မင်း...အချိန်ကိုက် ရောက်လာတာပဲ.....ငါ့ကို... ဒီ...ပစ္စည်း တွေ.... ကူသယ်ပေးအုံး.."


"အိုကေဘာ...သခင်... ကျွန်တော် ဘာလုပ်ရမလဲသာ ပြောလိုက်ပါ..."


လျူယောင် သင်္ဘောထဲရှိ ကြွေထည်များကို တစ်ခုပြီးတစ်ခု ထုပ်ပိုးပြီး ဂူပေါက်ဝသို့ ပို့လိုက်သည်။ လိပ်ကြီး  တုံ့ပြန်လိုက်ပြီး ကြွေထည်များပါဝင်သည့် ပုံးများကို မလှမ်းမကမ်းရှိ မြေပြင်သို့ ရွှေ့လိုက်သည်။ သူတို့နှစ်ယောက်သား ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။


ပုံး ၁၀၀ ကျော်ခန့် ရှိပြီးနောက် ကုန်လှောင်ရုံရှိ ကြွေထည်များအားလုံးကို ထုတ်ယူလိုက်သည်။ လျူယောင်က ကြွေထည်များမှာ ၂၀,၀၀၀ ကျော်ခန့် ရှိနိုင်သည်ဟု ခန့်မှန်းမိသည်။



ယခင်ခန့်မှန်းချက်သည် နည်းနည်း လျှော့တွက်ခဲ့သလို ဖြစ်နေသည်။ ဤသင်္ဘောပေါ်တွင် ကြွေထည် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကျော် ရှိပြီးအရေအတွက်မှာ နှစ်ဆဖြစ်နိုင်ချေရှိသည်။


လျူယောင် သင်္ဘောပျက်ထဲမှ ရေကူးထွက်လာခဲ့သည်။


သင်္ဘောပျက်ဘေးရှိ ပွင့်လင်းသောနေရာတွင် ထားရှိသည့် ပုံးများကို ကြည့်ရင်း သူ့ရဲ့စိတ်ထဲတွင် အောင်မြင်မှု့ ဆိုတဲ့ ခံစားချက်တစ်ခု ရရှိသည်။ ဤသည်မှာ သူ့ရဲ့ ကိုယ်တိုင်လုပ်ဆောင်မှုဖြင့် တစ်နာရီနှစ်နာရီခန့် လုပ်ဆောင်ခဲ့တဲ့ ရလဒ်ပင်....


ဒီလောက်များပြားတဲ့ ကြွေထည်တွေကို သေချာပေါက် ပြန်ပို့ရမည်။



လျူယောင် အလုပ်ကို ပြန်စလိုက်သည်။ ပုံးတစ်ပုံးစီတိုင်းကို ပလတ်စတစ်ဖော့များဖြင့် ဖြည့်လိုက်သည်။ အဖုံးဖြင့် ဖုံးအုပ်ကာ ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ပြီး အပြင်ဘက်တွင် ပလတ်စတစ်ဖော့များကို အလွှာများစွာ ချည်နှောင်လိုက်သည်။


ဒီလိုလုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်တစ်ခုတည်းကတော့ ကာကွယ်မှု ကောင်းကောင်းပေးနိုင်ရန်နဲ့ ပုံးအတွင်းရှိ ကြွေထည်များ မပျက်စီးအောင် ကာကွယ်ရန်အတွက် ဖြစ်သည်။


အပြည့်အစုံ လုပ်ဆောင်ဖို့အတွက် မိနစ် ၃၀ မှ ၄၀ အထိ အချိန်ယူခဲ့ရသည်။


ပုံးတိုင်းကို  အားလုံး လုပ်လို့ပြီးစီးသွားပြီး အတွင်းထဲတွင် ပျက်စီးမှု့မရှိသော ကြွေထည်များ ပြည့်နေသည်။ လျူယောင် ကျိုးပဲ့နေသော ကြွေထည်များကိုတော့ တစ်နေရာသို့ ပစ်ချခဲ့သည်။


ဒီသင်္ဘောပျက်ထဲက ကြွေထည်တွေမှာ အတော်လေး ပုံစံမပျက်ရှိနေပြီး အနည်းဆုံး သုံးပုံနှစ်ပုံက ပုံစံမပျက်ရှိနေကာ ပျက်စီးနေတဲ့ ကြွေထည်တွေက အနည်းအကျဉ်းသာ ရှိသည်။


"လိပ်ကြီး....လာပါ...မင်းရဲ့.....ပါးစပ်ကို ဖွင့်လိုက်...."


လိပ်ကြီး အနားလာပြီး သူ့ရဲ့ပါးစပ်ကို ရိုးသားစွာ ဖွင့်လိုက်သည်။


လျူယောင် ကြွေထည်များပါဝင်သည့် ပုံးများကို လိပ်ကြီးရဲ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အလွန်ကြီးမားတဲ့ ပလတ်စတစ်ပုံးများဖြစ်ပြီး ကြွေထည်များနှင့် ပြည့်သွားပြီးနောက် ပုံးတစ်ပုံးစီတိုင်းမှာ အနည်းဆုံး ပေါင် ၂၀၀ မှ ၃၀၀ အထိ အလေးချိန်ရှိသည်။


ရေထဲတွင်တောင် လူအများစုမှာ ထိုပုံးများကို ရွှေ့ပြောင်းရန် ခက်ခဲလိမ့်မည် ဒါပေမဲ့ လျူယောင်ကတော့  အလေးချိန်မရှိ သလိုပဲ လွယ်လွယ်ကူကူ သယ်နိုင်ခဲ့သည်။



စုစုပေါင်း ပုံး ၁၀၀ ကျော်ရှိပြီး လိပ်ကြီးရဲ့ပါးစပ်ထဲကို အပြည့်ဖြည့်ထားသည်။


" သွား..ဒါတွေကို..... ငါတို့ရဲ့.....ပင်လယ်နားက....ဂိုဒေါင်ထဲကို....ထည်လိုက်..."


" အိုကေဘာ...သခင်...ကျွန်တော်... အခု...သွားတော့မယ်..."


လိပ်ကြီး တဖြည်းဖြည်း ထွက်ခွာသွားသည်။ လျူယောင် ပုံးတွေကို ကြည့်လိုက်ရာ ပုံးအလွတ် ၁၀၀ ခန့် ကျန်သေးတာကြောင့် အလုပ်ဆက်မလုပ်ခင် အနားယူရန် ဆုံးဖြတ်လိုက်သည်။


အရင်ဆုံး ရေမျက်နှာပြင်သို့ ရေကူးလာပြီး အမြန်ဘုတ်ပေါ်သို့ တက်ကာ အနားယူလိုက်သည်။


ဥပမာအားဖြင့် သူ အဖျော်ယမကာတစ်ပုလင်းဝက်ကို သောက်ကာ တစ်ခုခုစားပြီး နေပူဆာ လှုံလိုက်သည်။လျူယောင် မိနစ် ၃၀ ခန့် အနားယူပြီးနောက်  ရေထဲသို့ နောက်တစ်ကြိမ် ဆင်းလာခဲ့သည်။


မူလအပေါက်မှပင် ရေကူးဝင်သွားခဲ့သည်။ ဤကုန်လှောင်ရုံမှာ အခြေခံအားဖြင့် ဗလာဖြစ်နေသော်လည်း လျူယောင်  လွယ်လွယ်ကူကူ မထားခဲ့ဘဲ နောက်တစ်ကြိမ် ဂရုတစိုက် ရှာဖွေခဲ့သည်။


သင်္ဘော၏အောက်ခြေရှိ ရွှံ့ထဲတွင် ပျက်စီးနေသော ကြွေထည်အချို့နဲ့ ရှေးဟောင်းဒင်္ဂါးပြားအချို့ကို တွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ပျက်စီးနေသော်လည်း လျူယောင်က ပလတ်စတစ်အမြှုပ်များဖြင့် ထုပ်ပိုးပြီး ယာယီ ပုံးများထဲတွင် ထည့်ထားသည်။


အချို့က အရည်အသွေးနိမ့်သော်လည်း အချို့မှာမူ အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးအချို့ ရှိကောင်းရှိနိုင်သည်။ သူတို့ကို ပြန်ယူပြီး ပြုပြင်ဖို့အတွက် တင်းဝိန်ရဲ့ကုမ္ပဏီကို ပေးအပ်လိုက်မည်။


ဒီကုန်လှောင်ရုံထဲမှာ တကယ်ဘာမှမရှိတော့တာကို တွေ့တော့ လျူယောင် ရေကူးပြီး နောက်ထပ် ကုန်လှောင်ရုံတစ်ခုထဲသို့ ဝင်လာခဲ့သည်။


စုန်မင်းဆက်ကာလအတွင်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။


သင်္ဘောက  မီတာ ၃၀ မှ ၄၀ အထိ ရှည်လျားပြီး တန်ချိန် ရာနဲ့ချီရှိတဲ့ သင်္ဘောကြီးများကို တည်ဆောက်နိုင်ရုံသာမက ကုန်လှောင်ရုံ အမျိုးမျိုးကိုလည်း စတင်ဒီဇိုင်းထုတ်ခဲ့ကာ  ထိုခေတ်ကာလတွင် ကမ္ဘာ့ပထမတန်းစား သင်္ဘော တည်ဆောက်မှုအဆင့်သို့ ရောက်ရှိနေခဲ့သည်။


အတွင်းထဲမှာရှိတဲ့ ပစ္စည်းတွေကတော့ ပိုးထည်တွေပဲဖြစ်ရမည်။ နှစ်ရာပေါင်းများစွာ ကြာပြီးနောက် သူတို့က ရွှံ့ဖြစ်သွားပြီး တန်ဖိုးမရှိတော့ပေ။



သေတ္တာအနည်းငယ် ကျန်နေသေးသည်။


"အတွင်းထဲမှာ ဘာတွေရှိလဲ...."


သေတ္တာအကြီးအချို့က လုံးဝပျက်စီးသွားပြီး သေတ္တာအဖြစ်တောင် အသိအမှတ်ပြုဖို့ ခက်ခဲနေသည်။ လျူယောင် ရေကူးလာပြီး သေတ္တာတစ်လုံးကို ဖွင့်ချလိုက်သည်။


အနည်းငယ် အားသုံးလိုက်ရာ ဒုန်းခနဲမြည်ပြီး သေတ္တာမှာ လုံးဝပျက်စီးသွားသည်။ အတွင်းထဲရှိ ပစ္စည်းများလည်း ထွက်ပေါ်လာသည်။ ပျက်စီးမှု့မှာ အလွန်ဆိုးရွားပြီး သံချေးတက်နေကာ သံထည်ပစ္စည်းများသာဖြစ်သည်။


"ဝိုး.. ဒါတွေက...စုန်မင်းဆက်ခေတ် ... သံထည်ပစ္စည်းတွေပဲ...."


ထိုအချိန်က တင်ပို့ဖို့အတွက် ပြင်ဆင်ထားပုံရပြီး  ပင်လယ်ရေကြောင်း ပိုးလမ်းမမှတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံအချို့သို့ သယ်ယူရောင်းချဖို့ ဖြစ်လောက်မည်။ သို့သော် အခုတော့ သံချေးတက်နေပြီး တန်ဖိုးသိပ်မရှိတော့ပေ။


နောက်တစ်လုံးကို ဖွင့်လိုက်ရာ သံထည်ပစ္စည်းများပင် ဖြစ်ပြီး  တန်ဖိုးမရှိလောက်အောင် သံချေးတက်နေသည်။


"ဟမ်..."


"ဒါက..."


နောက်သေတ္တာတစ်လုံးကို ဖွင့်လိုက်သောအခါ အတွင်းထဲတွင် သံချေးများ မရှိတော့ဘဲ ရွှံ့အချို့မှလွဲ၍ ရွှေရောင်ဖြစ်နေ၏။


"ရွှေ..... ."


ဒါက စုန်မင်းဆက်ခေတ်မှ ရွှေထည်ပစ္စည်းတွေ ဖြစ်နေတာကို  လျူယောင် တွေ့လိုက်ရသည်။