Chapter - 25 : လျှို့ဝျက်ချက်မဟုတ်သော လျှို့ဝှက်ချက်တစ်ခု ( 2 )
Viewers 1k

လုရွှိ မပေါ်လာခင်က သူတို့သည် အနောက်တောင် ခရိုင်မှ သေမင်းများနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူတို့၏ စွဲလမ်းမှုသာ မရှိခဲ့ပါက သူတို့အား သေမင်းများမှ တိုက်ရိုက်ပင် မြေအောက်လမ်းသို့ ပို့လိုက်ကြပေလိမ့်မည်။

လူတိုင်း၏ မျက်လုံးထဲတွင် သေမင်းများသည် အသက်နှင့် သေခြင်းအား ဆက်သွယ်ပေးသော ဝိညာဉ်စုဆောင်းရေး လွှဲပြောင်းစက်များ ဖြစ်ကြသည်။

သူတို့ မည်သို့ပင် စဉ်းစားပါစေ 'အိုင်ဒေါလ်ရှိုး' နှင့် 'သေမင်း' သည် အတူတကွ မရှိနိုင်ပေ။

လုရွှိသည် အကြောင်းပြချက်အား ထုတ်ဖော်ပြောပြမည် မဟုတ်ပေ။ သူတို့သည် သူတို့၏ ဦးနှောက်များအား ခြစ်ထုတ်စဉ်းစားသော်လည်း အဘယ်ကြောင့်ဆိုသည်ကို မခန့်မှန်းနိုင်ဘဲ နောက်ဆုံး၌ လက်လျှော့လိုက်ကြသည်။

ထိုမျှကြာအောင် ရှုပ်ထွေးနေပြီးနောက် လူသားများသာမက တစ္ဆေများပင် အနားယူရန် လိုအပ်သည်။

ဟယ့်ရှင်းဟွာသည် သူ၏ အဖော်သုံးဦးနှင့် လမ်းခွဲပြီးနောက် ခဏတာ စဉ်းစားလိုက်သော်လည်း သူ၏ ရှောင်ပိုင်ကျဲ ဆီသို့ သတင်း ပို့လိုက်လေသည်။

[ ရှောင်ပိုင်ကျဲ အစ်မကို ကျွန်တော် လျှို့ဝှက်ချက်ကြီးတစ်ခု ပြောပြစရာရှိတယ်၊ ဒါပေမဲ့ ကျဲ ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးရမယ်! ]

တစ်ဖက်မှ စက္ကန့်ပိုင်းအတွင်း ပြန်ဖြေလိုက်သည်။

[ ဘာလျှို့ဝှက်ချက်လဲ၊ အမြန်ပြောပါ… ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးတယ် ]

ဟယ့်ရှင်းဟွာသည် မက်ဆေ့ချ်အား ရေး၍ ပို့လိုက်သည်။

[ ကျွန်တော် ခုနတုန်းက ဆရာလုရွှိနဲ့ တူတဲ့ သင်တန်းသားတစ်ယောက် ရှိတယ်လို့ ပြောတယ် မဟုတ်လား၊ ဘာဖြစ်လဲ သိလား… သူက တကယ်ပဲ ဆရာ လုရွှိတဲ့! ]

[ ??? ]

[ !!! ]

တစ်ဖက်မှ ပုဒ်ဖြတ်ပုဒ်ရပ် အမှတ်အသား အရှည်ကြီး ပို့လိုက်ပြီး သူ(မ) မည်မျှ အံ့အားသင့်နေသည်ကို ပြသနေသည်။

[ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ၊ နင်မှားနေတာ မဟုတ်ဘူးလား ]

[ ကျွန်တော်တို့ တွေ့ပြီး နှုတ်ဆက်ပြီးပြီ… သူ အိုင်ဒေါလ်ရှိုးမှာ ပါနေတာ မှန်တယ်၊ ဒါပေမဲ့ သူ လျှို့ဝှက် မစ်ရှင်တစ်ခု ရှိပုံရတယ်၊ ကျဲကိုပဲ ပြောပြတာနော်၊ တခြား ဘယ်သူ့ကိုမှ မပြောရဘူး ]

[ ဟုတ်ပြီ၊ ငါ သေချာလျှို့ဝှက်ထားမယ် ]

ထိုတစ္ဆေမလေးသည် မက်ဆေ့ချ် ပို့ပြီးနောက်တွင်ပင် တုန်လှုပ်နေဆဲဖြစ်သည်။ သူ(မ) မည်မျှပင် စဉ်းစားပါစေ၊ စိတ်ကူးရန် ခက်ခဲနေသည်။

ဆရာ လုရွှိက တကယ်ကို လူသားရှိုးပွဲမှာ သွားပါတယ်ပေါ့…

ဟယ့်ရှင်းဟွာ လိမ်နေသည်ဟု သူ(မ) မထင်ပေ။

အဆုံးတွင် လုရွှိကဲ့သို့ ချောမောသူ နောက်တစ်ယောက်အား ဤကမ္ဘာပေါ်တွင် ရှာရန် မဖြစ်နိုင်ပေ။

ထူးချွန်သော ရုပ်ရည်ရှိသည့် သေမင်းတမန်တစ်ပါးက ရှိုးပွဲသို့ ဝင်ရောက်ရန် ပြေးထွက်သွားခြင်းသည် သေဆုံးမှုနှုန်း အမြဲတစေ ကျဆင်းနေခြင်းအား မြှင့်တင်ရန်အတွက် သေမင်းတမန်ဌာနမှ သူ့အား စံပြသံတမန်အဖြစ် ပို့လိုက်ခြင်းပေလော။

ထိုတစ္ဆေမလေးသည် များများတွေးလေလေ၊ ၎င်းသည် အဓိပ္ပာယ်ရှိသည် ဟု ခံစားရလေလေဖြစ်သည်။ သူမသည် ဤ ပူပြင်းသော သတင်း အား သူ၏ တစ္ဆေညီအစ်မများဆီသို့ ချက်ချင်း ပို့လိုက်သည်။

[ နင်တို့ ဘယ်သူ့ကိုမှ မပြောရမယ့် လျှို့ဝှက်ချက်ကို ငါ ပြောပြမယ်၊ ဆရာ လုရွှိက သေမင်းတမန်ဌာနရဲ့ သံတမန်အဖြစ် အိုင်ဒေါလ် ရှိုးပွဲမှာ ပါဝင်နေတယ်၊ ငါ့ကို ဖြေပေးပါ ကျယ်မေ့တို့၊ ငါတို့ အတူတူ နတ်ဘုရားကို မဲပေးကြမယ်လေ၊ ဟုတ်ပြီလား ]

~~~

တစ်ညအတွင်းပင် တရားဝင် မှတ်တမ်းတင်ထားသော တစ္ဆေအသိုင်းအဝိုင်းများအားလုံးသည် လျှို့ဝှက်ချက် မဟုတ်တော့သည့် လျှို့ဝှက်ချက် တစ်ခုအား ကြားသိခဲ့ကြရသည်။

ဆရာ လုရွှိသည် သေမင်းတမန်ဌာန ကိုယ်စား အိုင်ဒေါလ်ရှိုးပွဲတွင် ပါဝင်နေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် လူတိုင်းသည် သေးငယ်သော ရည်မှန်းချက်တစ်ခုနှင့် ပတ်သက်၍ အမြင်တူနေကြသည်။ သူတို့သည် လုရွှိအား ပွဲဦးထွက်နိုင်စေရန်အတွက် သူတို့၏ အားထုတ်မှုအားလုံးအသုံးပြုလိုကြသည်။

#ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ ဆရာလုကို တစ္ဆေလောက တစ်ခုလုံးက ကာကွယ်ပိုင်ခွင့်ရှိတယ်#

~~~

လုရွှိ သူ၏ အဆောင်ခန်းသို့ ပြန်လာသောအခါ ရွှီဟောက်မင်မှာ ရေချိုးပြီးခါစ ဖြစ်သည်။

ထိုသူနှစ်ဦးသည် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြ၏။ ရွှီဟောက်မင်သည် သူ့အား အံ့အားသင့်စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ လုရွှိက ယဉ်ကျေးစွာ ပြောလိုက်သည်။

"ကျွန်တော့်ကို အရင်ဝင်ခွင့်ပြုနိုင်မလား"

စုန့်ကျယ်သည် ရွှီဟောက်မင်၏ စိတ်နေစိတ်ထားအား ရင်းနှီးပြီးသားဖြစ်၍ သူသည် လုရွှိအား တမင် ခက်ခဲစေသည်ဟု ထင်မိသည်။ သူသည် တင်းမာမှုအား လျှော့ချရန် တစ်စုံတစ်ခု ပြောရန် ပြင်ဆင်နေသော်လည်း ရွှီဟောက်မင်သည် သူ့ဘာသာသူ နောက်ဆုတ်လိုက်ပြီး မမျှော်လင့်ဘဲ ယဉ်ကျေးစွာ "ကောင်းပြီ" ဟု ပြောလိမ့်မည်ဟု မထင်ခဲ့ပေ။

လုရွှိသည် သူ့အား ပြုံးပြပြီးနောက် သူ၏ ဗီရိုထံသို့သွားကာ ရေချိုးသုံးပစ္စည်းများ ယူလိုက်သည်။ သူသည် နောက်လှည့်၍ မေးလိုက်၏။

"ခင်ဗျားတို့ အားလုံး ရေချိုးပြီးပြီလား"

ရွှီဟောက်မင်သည် စုန့်ကျယ်နှင့် ဟန်ထျန်းယွီတို့ ပါးစပ်မဟမီပင် တုန့်ပြလိုက်သည်။

"ငါတို့ အားလုံး ပြီးသွားပါပြီ၊ မင်း ရေချိုးလို့ရပြီ"

သူသည် အစောပိုင်းက လုရွှိအပေါ် အထင်အမြင်သေးမှုများ အပြည့်ရှိခဲ့သည်မှာ ထင်ရှားသည်။ ဤအချိန်တိုလေးအတွင်း၌ သူသည် သဘောထားများ အလုံးစုံ ပြောင်းလဲသွားသည်။

စုန့်ကျယ်နှင့် ဟန်ထျန်းယွီတို့ နှစ်ဦးစလုံးသည် အတော်လေး ကွာခြားမှု ရှိသည်ဟု ခံစားခဲ့ကြရသည်။ သူတို့ စနောက်လိုက်ကြ၏။

"မင်းနဲ့ လုရွှိရဲ့ ဆက်ဆံရေးက အတော်လေး ကောင်းပုံရတယ်၊ အစတုန်းက မင်းတို့ အဆင်မပြေဘူးလို့ ငါတို့ ထင်ထားတာ"

ရွှီဟောက်မင်သည် ခေါင်းအား ခပ်တင်းတင်း မော့လိုက်ကာ ပြောလိုက်သည်။

"ငါတို့ အဆင်မပြေဘူးဆိုတာ မင်း ဘာကို ဆိုလိုတာလဲ"

ဤစကားကို ပြောပြီးနောက် သူပင် ရှက်ရွံ့သွားသောကြောင့် သူသည် မျက်နှာသုတ်ပဝါဖြင့် သူ့ဆံပင်အား ရိုးရိုးရှင်းရှင်း ဖုံးအုပ်လိုက်ပြီး သူတို့အားမကြည့်တော့ပေ။ သူ့ကိုယ်သူ ရေရွတ်လိုက်၏။

"လုရွှိက ပိုငယ်တော့… ငါ သူ့ကို ပို ဂရုစိုက်ပေးရမှာ မဟုတ်ဘူးလား"

စုန့်ကျယ်နှင့် ဟန်ထျန်းယွီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဤသူ၏ စိတ်ခံစားမှု အတက်အကျများအား စိတ်ထဲတွင် မထားသင့်ကြောင်း နှစ်ဦးစလုံး နားလည်လိုက်ကြသည်။

သို့သော်လည်း စဉ်းစားကြည့်ပြီးနောက် သူတို့သည် လုရွှိသည် ရိုးရှင်းသူ မဟုတ်သေးဟု ခံစားရဆဲဖြစ်သည်။ သူသည် ရွှီဟောက်မင်၏ မကောင်းသော စိတ်နေစိတ်ထားအား ဤမျှ တိုတောင်းသော အချိန်အတွင်း ပြန်လည် ရုပ်သိမ်းစေရန် ပြုလုပ်နိုင်သည့် ပထမဆုံးသော သူဖြစ်သည်။

ညဘက်တွင် ကျန်ရှိသော အချိန်သည် အနှောင့်အယှက်မရှိဘဲ ကုန်ဆုံးသွား၏။

နောက်တစ်နေ့ မနက်တွင် လူတိုင်းသည် အသံလွှင့်မှုတစ်ခုကြောင့် အိပ်ရာမှ နိုးလာကြသည်။

"အခု မနက် ၆ နာရီ ဖြစ်ပါတယ်ခင်ဗျာ၊ ပြင်ဆင်ဖို့အတွက် မိနစ် ၃၀ အချိန် ရပါမယ်၊ ၆ နာရီခွဲမှာ နံနက်စာအတွက် ကော်ဖီဆိုင်မှာ စုဝေးပေးပါ..."

မနေ့က ရှိုး ရိုက်ကူးခြင်းသည် အချိန်အတော်ကြာပြီး အလုပ်များစွာ ကြာမြင့်ခဲ့သောကြောင့် မည်သူမျှ ကြာကြာမအိပ်ခဲ့ရပေ။

"အရမ်း အိပ်ချင်တာပဲ"

ရွှီဟောက်မင်သည် သန်းဝါးလိုက်ပြီး မနှစ်မြို့စွာ မျက်လုံးများ ဖွင့်လိုက်သည်။

စုန့်ကျယ်နှင့် ဟန်ထျန်းယွီတို့သည် မညည်းညူသော်လည်း ကောင်းမွန်ပုံ မပေါ်ပေ။

သူတို့၏ မျက်လုံးများမှာ ယခုလေးတင်မှ နိုးလာသဖြင့် ဝေဝါးနေပြီး သူတို့၏ ဆံပင်များကလည်း ရှုပ်ပွနေသည်။ ၎င်းသည် ဆွဲဆောင်မှုရှိသည်ဟု မယူဆနိုင်ပေ။ သင်တန်းသားများအားလုံးနီးပါးသည် အလားတူ အခြေအနေတွင် ရှိနေကြသော်လည်း လုရွှိကမူ ခြွင်းချက် ဖြစ်နေသည်။

ဟန်ထျန်းယွီသည် အိပ်ရာမှ ထလိုက်ပြီးမှ လုရွှိမှာ အဝတ်အစားများ ဝတ်ဆင်ပြီးသားဖြစ်နေသည်ကို သတိပြုမိသည်။ သူ၏ ပွယောင်းနူးညံ့သော ဆံပင်များသည် ဂျယ်လ်၏ ပံ့ပိုးမှုမပါဘဲ သူ၏ မျက်နှာ အားပို၍ပင် သေးငယ်ပုံပေါ်စေသည်။ လိုက်ကာများ ပိတ်ထားပြီး အဆောင်ခန်းရှိ မီးသည် လင်းထိန်မနေသော်လည်း လုရွှိ၏ ဖျော့တော့သော အသားအရေသည် သူ့ဘာသာသူ တောက်ပနေပြီး သူ၏ အသားအရေမှာ တောက်ပ၍ ကြည်လင်နေသည်။

"မင်း မိတ်ကပ်လိမ်းဖို့ ဒီလောက် စောစော ထတာလား"

ဟန်ထျန်းယွီသည် အိုင်ဒေါလ်တစ်ဦး ဖြစ်ရခြင်း၏ ဝန်ထုပ်ဝန်ပိုးသည် မပေါ့ပါးကြောင်း ဝန်ခံလိုက်သည်။ သူသည် လုရွှိက သူ့ကိုယ်သူထက် ပို၍ပင် အသွင်အပြင်အား ဂရုစိုက်လိမ့်မည်ဟု မထင်ခဲ့ပေ။

"မိတ်ကပ်လား"

လုရွှိသည် တကယ် ခေါင်းယမ်းလိုက်၏။ သူ၏ ကြည်လင်သော မျက်လုံးများ တောက်ပနေသည်။

"ကျွန်တော် မိတ်ကပ် ဘယ်တော့မှ မလိမ်းပါဘူး"

"လိမ်တာ…"

ထိုမျှ ဖျော့တော့သော မျက်နှာဖြင့် သူ မိတ်ကပ်မလိမ်းဘူးဆိုသည်အား တစ္ဆေများပင် ယုံမည်မဟုတ်ပေ။

ဟန်ထျန်းယွီလည်း အတူတူပင် တွေးလိုက်ပြီး လုရွှိ၏ မျက်နှာအား ပွတ်သပ်ရန် လက်ကို မြှောက်လိုက်သည်။

"ဒီ ပေါင်ဒါတံဆိပ်ကို ငါ့ကို ညွှန်းပေးပါဦး၊ အတော်လေး ကောင်းပုံရတယ်... ဟမ်”

ဟန်ထျန်းယွီသည် သူ၏ စကားလုံးများပင်မဆုံးသေးဘဲ သူ၏ လက်ချောင်းများအား အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များသည် ပေါင်ဒါ အမှုန်အမွှား တစ်စုံတစ်ရာမရှိဘဲ လုံးဝ သန့်ရှင်းနေသည်။

သူ နောက်နေတာ မဟုတ်ဘူး…

ဒါက တကယ်ပဲ သူ့ရဲ့ မျက်နှာအသားအရေ အစစ် လား…

~~~