Chapter : 65 ( ထာဝရတောက်ပခြင်း [5] )
Viewers 3k

Chapter : 65 ( ထာဝရတောက်ပခြင်း [5] )


ဟိုင်ရိတစ်ညလုံး တိမ်တွေပေါ်၌ နင်းလျှောက်နေသကဲ့သို့ လေထဲမျောနေခဲ့သည်။

သူ့ပတ်ဝန်းကျင်က လူတွေပေးသမျှ အရက်တွေကို သောက်ခဲ့ရာ နောက်ဆုံးမှာ ဘယ်လောက်သောက်ခဲ့လိုက်မှန်းတောင် မသိတော့ပေ။ နောက်ဆုံးတော့ ဟိုင်ရိ နောက်ထပ် အရက်တစ်ခွက်ကို မော့ဖို့လုပ်တုန်းမှာပင် သူ့ဖန်ခွက်ကို လက်တစ်ဖက်က လာအုပ်လိုက်၏။

ရှန့်ချန့်ယန် သူ့ဘေးနား၌ ကိုယ်ကိုစောင်းကာ ဟိုင်ရိ၏ အရက်ခွက်ကိုယူပြီး တစ်ငုံတည်း မော့ချလိုက်သည်။ ပြီးနောက် စားပွဲဝိုင်းက တခြားလူများအား ပြောလိုက်၏။

"ကျွန်တော်တို့ရဲ့ သူဌေးကို သွားခေါ်ရမယ်"

လူတိုင်းက သူ့ကို ထိုင်ဖို့ တောင်းဆိုကြသော်လည်း ရှန့်ချန့်ယန်က ပြုံးပြီး ပြန်ပြောလိုက်သည်။

"ကျွန်တော်မသောက်နိုင်ဘူး"

ကြိုးသိုင်းဂါဝန်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်အပြည့် တက်တူးတွေ ထိုးထားတဲ့ မိန်းကလေးတစ်ယောက်က မေးလိုက်၏။

"သူ့ကိုယ်စား ခုနက တစ်ခွက်သောက်ခဲ့တာ မဟုတ်ဘူးလား"

ဟိုင်ရိသည် အမှန်ကား သတိရှိနေပါသေးသည်။ သူပြန်ဖြေဖို့ လုပ်နေတုန်းမှာပင် ရှန့်ချန့်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်းကို ပြန်လည်ပြောကြားလိုက်သည်။

"တစ်ခွက်ဆိုရင်ကို ကျွန်တော်လဲကျဖို့ လုံလောက်ပြီ… တတိယ သူဌေးကို ကျွန်တော့်ကို အိမ်ပြန်ပို့ခိုင်းရဦးမယ်၊ ဒီထက်ပိုသောက်ရင် သူ့အတွက် ဘာမှမလုပ်ပေးနိုင်တော့ဘူး"

ရယ်သံများ ပျံ့လွင့်လာ၏။ ရှန့်ချန့်ယန်က ဘာမှမမှုဘဲ ဟိုင်ရိကို ဆွဲထူလိုက်သည်။ ထို့နောက် ဟိုင်ရိကလည်း စိတ်ပျံ့လွင့်စွာဖြင့် သူနှင့်အတူ ထွက်သွားတော့၏။

"ခင်ဗျား ဘယ်လောက်သောက်ထားလဲ"

ရှန့်ချန့်ယန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

ပြန်ပြောဖို့ မမှတ်မိသော ဟိုင်ရိက အသိမဲ့စွာဖြင့် ပြော၏။

"မသိဘူး"

ဆံပင်ဝါက လက်လှမ်းပေးလာသည်။

ဟိုင်ရိ: ?

ဆံပင်ဝါ: "အရက်ဖိုး"

ဟိုင်ရိက သူ့လက်ကို ပုတ်ပြီးနောက် ပုတ်ထုတ်လိုက်သည်။

ဟိုင်ရိ ထိုင်ချလိုက်၏။ သူ ဘယ်လောက်တောင် တိတ်ဆိတ်နေလဲဆိုသည်နှင့် သူ၏မျက်လုံးများက လွတ်နေကာ လက်ထဲရှိ သံပုရာရည် ဖန်ခွက်ကိုပါ ပေါင်းလိုက်လျှင် သူက နာခံတတ်သည့် ပုံလေး ဖြစ်နေသည်။

သူ့ကို ခဏလောက်ကြည့်ပြီး ရှန့်ချန့်ယန် သူ့အား စချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ သို့သော် ဟိုင်ရိကတော့ တုံ့ပြန်မှု သိပ်မပြခဲ့ပေ။

ဆံပင်ဝါ: "သူတော့ သွားပြီ...အရမ်းမူးနေပြီ"

ဟိုင်ရိက ပျော်ရွှင်မှု၌ အလွန်အကျွံ နစ်မြောနေရသလို ခံစားရပြီး စကားမပြောနိုင်ဖြစ်သွားသည်ဟု ရိုးရှင်းစွာ ခံစားလိုက်ရ၏။

ရှန့်ချန့်ယန်က ဟိုင်ရိနှင့် သူ့ကုလားထိုင်ကို ဆွဲယူပြီး ဘေး၌ နေရာချလိုက်သည်။ သူ ဘားတွင် အချိုရည်တွေ ရောစပ်နေတုန်းမှာ ပန်းရောင်ဆိုးထားသော ဆံပင်နှင့် နှုတ်ခမ်း၊ နှာခေါင်းဖောက်ထားသည့် fan တစ်ဦး ရောက်လာ၏။ ရှန့်ချန့်ယန်ကို စိုက်ကြည့်ရင်း သူမမျက်နှာ နီရဲလာသည်။ ဘောပင်တစ်ချောင်းကို ထုတ်ပြီး သူမက တောင်းဆိုလိုက်သည်။

"လက်မှတ်ထိုးပေးပါဦး!"

ရှန့်ချန့်ယန်သည် ကိုင်ထားသည့် ဖန်ခွက်ကို ချလိုက်ပြီး ခေါင်းညိတ်လိုက်၏။ 

"ရတယ်"

သူသည် ဘောပင်ကို ယူလိုက်သော်လည်း မိန်းကလေးက ဘာစာရွက်မှ ယူမလာသည်ကြောင့် ဘောပင်ကို ချမထားနိုင်ခဲ့ပေ။

"ဘယ်မှာ ထိုးပေးရမလဲ"

မိန်းကလေးက သူမ၏ ဆံပင်ကို စုစည်းလိုက်ပြီး ကော်လာကို ချွတ်ချလိုက်ရာ ရှန့်ချန့်ယန်က သူမ၏ ရင်ဘတ်ပေါ်တွင် လက်မှတ်ထိုးနိုင်ရန် ဖြစ်သည်။

ရှန့်ချန့်ယန်: ...

ဟိုင်ရိ: ?

ဟိုင်ရိ: !

သူက နောက်တစ်ခဏမှာပင် မျက်လုံးအပြူးသားဖြစ်သွား၏။

ရှန့်ချန့်ယန်က ဘောပင်ကို ချလိုက်ပြီး သူမကို ပြုံးပြလိုက်သည်။ မိန်းကလေးက သံသယဖြင့် မေးလိုက်၏။

"မရဘူးလား"

ရှန့်ချန့်ယန်က ဟိုင်ရိအား ပြောလိုက်၏။

"စာရွက်တစ်ရွက် ယူခဲ့''

“အင်း” ဟူသော အသံဖြင့် ဟိုင်ရိက ကောင်တာနောက်ဘက်သို့ အမြန်သွားရှာလိုက်သည်။ မိန်းကလေးက အလွန်စိတ်ပျက်သော အမူအရာဖြင့် မေးလာ၏။

"မင်းမှာ ရည်းစားရှိလား"

ရှန့်ချန့်ယန်: "မရှိဘူး" 

မိန်းကလေးသည် သူမ၏ ကော်လံကို ထပ်မံဆွဲချလိုက်သည်။

"ဒါဆို လက်မှတ်ထိုးလိုက်"

"ငါသူ့ကို လိုက်နေတုန်းပဲ"

ရှန့်ချန့်ယန်က ခပ်တည်တည်ဖြင့် ပြောလိုက်၏။

မိန်းကလေးက မျက်လုံးပြူးသွားရသည်။

အစမှ အဆုံးအထိ ရှန့်ချန့်ယန်၏ မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ပွင့်ရှိနေ၏။ မိန်းကလေးသည် သူမ၏ ဖုန်းကို ထုတ်ယူကာ သူမ၏ တောက်ပနေ‌သော လက်သည်းခွံများဖြင့် ဖုန်းကာဗာနောက်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုဖုန်းကာဗာပေါ်တွင် ရှန့်ချန့်ယန် အဖွဲ့နှင့်အတူ ရှိနေစဉ်က ပုံတစ်ပုံ ရိုက်နှိပ်ထား၏။ ရှန့်ချန့်ယန်က သူမ၏ အမည်ကို ခမ်းနားစွာ လက်မှတ်ထိုးပေးလိုက်သည်။

မိန်းကလေးက မကျေမနပ်ဖြင့် ထပ်မံမေးလိုက်သည်။

"ဘယ်သူလဲ"

မည်သူမဆို စပ်စုချင်ကြမည်ပင်။

ရှန့်ချန့်ယန်က ဘယ်လိုမိန်းကလေးကို လိုက်နေတာလဲ...

ရှန့်ချန့်ယန်က ပိုနီးအောင် ရွှေ့လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"မင်း ခုနက သူ့ရှေ့မှာ ငါ့လက်မှတ်ကို တောင်းခဲ့တာလေ"

မိန်းကလေး၏ မျက်လုံးများ ပြူးကျယ်လာပြီး သူမ၏ ပါးစပ်က ဖြည်းညှင်းစွာ ဟောင်းလောင်းပွင့်ကျသွားသည်။

ဟိုင်ရိသည် ရှန့်ချန့်ယန် ပုံမှန်အသုံးပြုသည့် ဂီတစာအုပ်ကို တွေ့ရှိပြီး သူ့ထံ ပေးလိုက်၏။ ရှန့်ချန့်ယန်က စကားဖြင့် လက်ခံယူလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ဟိုင်ရိ ပြန်ထိုင်လိုက်ပြီး စိတ်လွင့်နေသလို နေရာလပ်ကိုစိုက်ကြည့်နေသည်။

"နောက်ထပ် တစ်ခု လိုချင်သေးလား"

ရှန့်ချန့်ယန်က စာအုပ်ကို မြှောက်ပြပြီး ပရိတ်သတ်ကို မေးလိုက်၏။

"ဟုတ်ကဲ့…”

မိန်းကလေးက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှု လွှမ်းမိုးသွားပြီး သူမ၏ မျက်လုံးများက ဟိုင်ရိဘက်သို့ ဆက်တိုက် စူးစိုက်ကြည့်နေသည်။

ရှန့်ချန့်ယန်က သူမ၏ အမည်ကို နောက်တစ်ကြိမ် လက်မှတ်ထိုးပြီး သူမထံ ပေးလိုက်၏။ သူမယူသွားသော်လည်း မိန်းကလေးက မထွက်ခွာဘဲ ထိုနှစ်ယောက်ကြား မျက်လုံးဝေ့ဝဲကြည့်နေသည်။

ဟိုင်ရိ: "တစ်ခုခု မှားနေလို့လား"

မိန်းကလေးသည် ပါးစပ်ကို ဖုံးအုပ်ပြီးနောက် အော်ဟစ်ရင်း ပြေးထွက်သွားသည်။

ဟိုင်ရိ: ?

သူက ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်လိုက်၏။ ရှန့်ချန့်ယန်က ဂီတစာရွက်ပေါ်တွင် ရေးခြစ်လိုက်ပြီး စာရွက်တစ်ရွက်ကို ဆုတ်ယူကာ သူ့ထံ ပေးလိုက်သည်။

ဟိုင်ရိ ၄င်းကို လက်ခံယူလိုက်သည်။ ထိုအပေါ်၌ 'ရှန့်ချန့်ယန်' ဟူသော စကားလုံးနှစ်လုံးကို စာလုံးအနက်ရောင်၊ လှပသော လက်ရေးဖြင့် ရေးသားထားပြီး အဆုံးတွင် နေလုံးသေးသေးလေးတစ်ခုကိုပင် ဆွဲထား၏။ ၎င်းသည် ဟိုင်ရိအတွက် ရှန့်ချန့်ယန်ထံမှ ပထမဆုံးအကြိမ် လက်မှတ်ရခြင်းဖြစ်သောကြောင့် ရှန့်ချန့်ယန်က ဖန်ခွက်များ ဆက်လက်ဆေးကြောရင်း အလေးအနက်ထားကာ သူ့အား ပေးအပ်လိုက်သည်။

ဟိုင်ရိမှာ ထိုစာရွက်ကို ဆုပ်ကိုင်ထားရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။

ထို့နောက် မိန်းကလေးနှစ်ဦး ထပ်မံရောက်ရှိလာပြီး လက်မှတ်နှင့် ဓာတ်ပုံအတူရိုက်ရန် တောင်းဆိုရာ သူ ရိုက်ပေးလိုက်သည်။ မိန်းကလေးများက သူ၏ WeChat အကောင့်ကို တောင်းဆိုသောအခါ ရှန့်ချန်ယန်က ယဉ်ကျေးစွာ ငြင်းဆန်ခဲ့လေသည်။

"မေးစရာလေးတစ်ခုရှိလို့"

ဆံပင်ဝါက အရက်များချပြီးနောက် ဗန်းကိုကိုင်ကာ လျှောက်လာရင်း ပြောလိုက်သည်။ ထို့နောက် ကောင်တာပေါ်တွင် လက်တင်လိုက်၏။

"ခင်ဗျားတို့နှစ်ယောက်တွဲဖြစ်သွားရင် ကျွန်တော်က ဟိုင်ကောကို မရီးလို့ခေါ်ရမလား၊ ဒါမှမဟုတ် ကောလို့ပဲ ဆက်ခေါ်ရမလား"

ဟိုင်ရိမှာ မိမိတံတွေးဖြင့်ပင် သီး၍ သေလုနီးပါး ဖြစ်သွားသည်။ သူသည် ရှန့်ချန့်ယန်ဘက်သို့ လန့်ပြီး လှည့်ကြည့်လိုက်သော်လည်း ရှန့်ချန့်ယန်က သူတို့အကြောင်းကို ဆံပင်ဝါအား ပြောပြထားပြီးသားဖြစ်ကြောင်း လုံးဝမသိခဲ့ပေ။

ရှန့်ချန့်ယန် ဆံပင်ဝါကို အာရုံမစိုက်ခဲ့ပေ။ သူ ဝိုင်ပုလင်းကို လှုပ်ခါလိုက်ပြီး ဗော့ဒ်ကာနှစ်ခွက် ငှဲ့ကာ ဆံပင်ဝါထံသို့ တွန်းပို့လိုက်သည်။

"အနောက်ဘက်က စားပွဲကို"

ဆံပင်ဝါက ဖန်ခွက်များကို ကောက်ယူပြီး ပန်းကန်ပြားပေါ် တင်လိုက်သည်။

"ကျွန်တော် တကယ်မသိဘူး"

ထို့နောက် သူသည် ပန်းကန်ပြားကို ကောက်ယူပြီး အရက်များကို စားပွဲဆီသို့ သွားပို့လိုက်၏။

ဟိုင်ရိ: "မင်း သူ့ကို ပြောလိုက်တာလား"

"အင်း"

ရှန့်ချန့်ယန်က ပြန်ဖြေလိုက်သည်။

ဘာပြန်ပြောရမှန်းမသိသော ဟိုင်ရိက "ကောင်းပြီလေ" ဟုသာ ပြောနိုင်တော့၏။

တကယ်တမ်းဆိုလျှင် သူနှင့် ရှန့်ချန့်ယန်သည် တစ်လကျော်လောက်သာ သိကြသေးသည်။ တစ်လပင် မပြည့်သေးခင် ရှန့်ချန့်ယန်က ဖွင့်ပြောခဲ့ပြီး ဖြစ်သည်။ အစစ်အမှန်အချစ်အကြောင်း ပြောကြမည်ဆိုလျှင်တော့ အရာအားလုံးက အနည်းငယ်မြန်လွန်းနေသည်ဟု ဟိုင်ရိ ခံစားမိ၏။

သူသည် စိတ်ပျက်အားငယ်စွာ သက်ပြင်းချရင်း လူများသည် တကယ်ကို မကျေနပ်နိုင်သည့် သတ္တဝါများသာဖြစ်သည် ဟုမြည်တမ်းလိုက်သည်။ အစတုန်းကတော့ သူသည် ရှန့်ချန့်ယန် ဘေး၌ ရှိနေရန်ကိုပင် ရိုးရိုးလေး မျှော်လင့်ခဲ့၏။ နောက်ဆုံးတွင် ရှန့်ချန့်ယန်သည် သူ့အား ဖွင့်ပြောလိုက်ပြီး ယခု သူသည် ဒါက အချစ်စစ်လားဟုပင် စဉ်းစားနေလေပြီ။

သူ့စိတ်ထဲတွင် သူ၏ ကိုယ်ပွားနှစ်ယောက်က ဆင်ခြင်တုံတရားနှင့် အတ္တကြား တိုက်ပွဲဆင်နေကြသည်။

အကောင်းမြင်သည့် ဟိုင်ရိ: "ရှန့်ချန့်ယန်က ခံစားချက်တွေကို လှည့်စားတဲ့သူ မဟုတ်ဘူး"

နောက်တစ်ဖက် ဟိုင်ရိ: "တစ်လအတွင်း ဘယ်လိုစိတ်ခံစားမှုမျိုး ဖြစ်နိုင်မှာလဲ"

ဟိုင်ရိက မသိစိတ်ကနေ နောက်ထပ် သက်ပြင်းတစ်ချက်ချလိုက်သည်။

အကောင်းမြင်သည့် ဟိုင်ရိ: "ဒီဘက်ခေတ် ယောက်ျားလေး မိန်းကလေးတွေ အကုန်လုံး အဲလိုမျိုး မဟုတ်ဘူးလား၊ ခေတ်တွေက ပြောင်းသွားပြီ၊ တစ်ယောက်ယောက်ကို ကြိုက်ရင် ရဲရဲဝံ့ဝံ့ ဖော်ပြရမယ်၊ ခြောက်လလောက် စောင့်ပြီးမှ ပြောရမယ်လို့တော့ မပြောနဲ့နော်"

၄င်းသည် ဟိုင်ရိအတွက်တော့ ဆင်ခြင်တုံတရားရှိပုံရ‌သောကြောင့် သူက လက်ဝှေ့ယမ်းလိုက်ပြီး အဆိုးမြင်သည့် ဟိုင်ရိလေး၏ စကားကို နားထောင်ချင်စိတ်မရှိတော့ပေ။

မျက်လုံးထောင့်ကနေ ရှန့်ချန့်ယန်က ဟိုင်ရိ တစ်ခဏတာ သက်ပြင်းချပြီး ခေါင်းခါသည်ကို မြင်လိုက်ရသည်။ ဘာကြောင့်မှန်းမသိ အပြစ်ရှိသလို ခံစားချက်တစ်ခု ရှိနေခဲ့၏။

သူလုပ်ခဲ့သည့် အမှားကို သူ မသိသေးပေ။ ဆံပင်ဝါ ပြန်ရောက်လာပြီး ဗန်းကို လက်မောင်းအောက်မှာ ညှပ်ထားသည်။

"အင်း.. တကယ်ပြောရရင် ကျွန်တော်တို့ ဘားကို နာမည်ပေးသင့်လား"

ဟိုင်ရိ: "အရင်က နာမည်မရှိခဲ့ဘူးလား"

"မရှိဘူး"

ဆံပင်ဝါက ပြန်ဖြေသည်။

"ဘယ်သူကမှ နာမည်မပေးဖူးဘူး၊ တံခါးကိုကြည့်ရင် ဆိုင်းဘုတ်တစ်ချပ်တောင် မတွေ့ရဘူး"

ရှန့်ချန့်ယန်: "ဟိုင်ကော၊ နာမည်ပေးလိုက်ပါ"

ဟိုင်ရိက ပင်ပန်းနွမ်းနယ်သော စိတ်ဖြင့်

"နောက်ဆုံးတစ်ခေါက် ပြောမယ်...ငါ့နာမည်က ဟိုင် မဟုတ်ဘူး''

ဆံပင်ဝါ: "ဒါဆို ဘာလုပ်ရမလဲ၊ ဘယ်လိုခေါ်ရမှန်းမသိတော့ ညီမလေးလို့ပဲ ခေါ်တော့မယ်"

ဟိုင်ရိ: ...

သို့သော် ရှန့်ချန့်ယန်ကတော့ ထင်မြင်ချက် မပေးခဲ့ပေ။

"ဘားကို ဘာနာမည်ပေးမလဲ"

"နာမည်ပေးချင်ရင်တော့ ကောင်းကောင်းပေးရမယ်"

ရှန့်ချန့်ယန်က လက်နှစ်ဖက်ကို ဘားကောင်တာပေါ် ထောက်ထားရင်း ပြောလိုက်သည်။

"ဒီအတိုင်း ပေါ့ပေါ့ဆဆ မလုပ်နဲ့"

ဆံပင်ဝါ: "ကျွန်တော် ဘာနဲ့ဖြစ်ဖြစ် အဆင်ပြေတယ်"

"အချစ်ပင်လယ်ရော ဘယ်လိုလဲ"

ဟိုင်ရိက ကျေးဇူးမတင်ဘဲ ပြောလိုက်သည်။

"ခပ်ကြမ်းကြမ်းကြီးပဲ"

ဆံပင်ဝါ: "ခင်ဗျားပဲ တစ်ခု ပေးလိုက်ပါတော့"

သို့သော် ဟိုင်ရိလည်း ဘာတစ်ခုမှ စဉ်းစားလို့ မရခဲ့ပေ။ သူ့စိတ်က ရှုပ်ထွေးနေပြီး ဆံပင်ဝါဆိုသည့် ကြားခံလူနှင့် စကားပြောပြီးနောက် ပိုပြီးတောင် ရှုပ်ထွေးသွားသည်။ လျိုရိဖန်က တကယ်ကို အဆိပ်အတောက် ဖြစ်စေ၏။ သူ ရှန့်ချန့်ယန်နှင့် သူ၏ အကြောင်းကို ခုမှ သိရခြင်း ဖြစ်ပြီး ကြားခံလူ နေရာမှာလည်း လုံးဝနစ်ဝင်နေသည်။ ဟိုင်ရိ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

ဟိုင်ရိက အကူအညီမဲ့စွာဖြင့်သာ ပြောလိုက်၏။

"မင်း ကြိုက်တာသာလုပ်"

ရှန့်ချန့်ယန်: "ဒါဆို အချစ်ပင်လယ်နဲ့ပဲ သွားမယ်၊ ဒါက ရိုးရှင်းပေမဲ့ ဆန်းသစ်တယ်… မဆိုးတဲ့ ရွေးချယ်မှုပဲ"

ဟိုင်ရိ: ...

ဟိုင်ရိသည် သူနောက်နေတာပဲဟု ထင်ခဲ့သော်လည်း ညဘက်ရောက်သောအခါ ရှန့်ချန့်ယန်သည် အမှန်ပင် ဆိုင်းဘုတ်လုပ်ဖို့ တစ်ယောက်ယောက်အား ဆက်သွယ်လိုက်သည်။

ဟိုင်ရိ: "နည်းနည်းလောက် ပိုပြီး အလေးအနက်ထားလို့ မရဘူးလား"

ဘားထဲမှ မီးများသည် ထိုအချိန်၌ ပိတ်ထားပြီးသားဖြစ်ရာ ရှန့်ချန့်ယန်၏ စောင်းနေသော မျက်နှာကို ထွန်းလင်းပေးမည့် နံရံမီးအိမ် တစ်လုံးတည်းသာ ကျန်တော့သည်။ သူ ယနေ့ဝတ်ထားသော အဖြူရောင်ရှပ်အင်္ကျီက ဟိုင်ရိ၏ ရှပ်အင်္ကျီနှင့် ပုံစံသိပ်မကွာသော်လည်း ဟိုင်ရိထက် သူနှင့်ပိုလိုက်၏။

လက်ရှည်များကို တံတောင်ဆစ်အထိ ခေါက်တင်ထားပြီး အနက်ရောင် ဂျင်းဘောင်းဘီနှင့် Dr. Martens ဖိနပ်တစ်ရံကို တွဲဝတ်ထားသည်။ သူ၏သွယ်လျသည့် ပုံစံဖြင့် ဖုံးကွယ်ထားသော ကြွက်သားများက သူ့ကို ပိုပြီး ဆွဲဆောင်မှုရှိစေ၏။ သူသည် ခန့်ညားပြီး သပ်ရပ်သည့် ပုံစံရှိကာ အလုပ်ဆင်းခါစ ရုံးဝန်ထမ်းတစ်ယောက်နှင့်ပင် တူနေသည်။

ဟိုင်ရိက သူ့ကို စိုက်ကြည့်နေ၏။ မီးရောင်၏ ထပ်ဆောင်းအကျိုးသက်ရောက်မှုကြောင့် သူ့နှလုံးသားက ရှောင်လွှဲမရအောင် လှုပ်ရှားသွားသည်။

ရှန့်ချန့်ယန်သည် ဘာတွေဖြစ်နေမှန်း မသိဘဲ သူ့(ရှန့်ချန့်ယန်)ဖုန်းကို သူ(ဟိုင်ရိ)ထံ ပေးလိုက်သည်။

"ခင်ဗျားပဲ လုပ်လိုက်တော့"

ဟိုင်ရိ: "မင်း တကယ် ဒီနာမည်ကို သုံးမှာလား… အဲဒါက ရေချိုးခန်းနဲ့ အပန်းဖြေစခန်းလိုမျိုး ဖြစ်နေပြီ"

ရှန့်ချန့်ယန် ရယ်လိုက်သည်။ 

"နည်းနည်းတော့ တူတာပေါ့"

"ကျွန်တော်တို့နှစ်ယောက်က သိတာသိပ်မရှိဘူး"

ရှန့်ချန့်ယန်က ပြောသည်။

"ဘာလို့ ခင်ဗျားပဲ နာမည်မပေးတာလဲ"

ဤစကားများ၌ အမှန်တရားရှိသည်။ ရှန့်ချန့်ယန်ရော ဆံပင်ဝါရော တက္ကသိုလ်တက်ဖူးခြင်း မရှိပေ။ သူတို့၏ အသက်ကလည်း ငယ်ရွယ်နေသေးသည်။ သူတို့၏ ပျမ်းမျှအသက်က ၁၈ နှစ်သာ ရှိသေးသည်။

ဟိုင်ရိ စဉ်းစားလေလေ၊ သူ ပိုပြီး ပျက်စီးသွားပြီဟု ထင်လေလေ ဖြစ်သည်။ သူက တကယ်ပင် ဒီကောင်လေးကို ရိုလာကိုစတာစီးနေသလို ဖြစ်အောင် လုပ်မိသွား၏။

ဟိုင်ရိသည် တစ်ဝက်တစ်ပျက် နေ့တစ်ဝက်လောက် စဉ်းစားခဲ့သော်လည်း သူစဉ်းစားသမျှ အရာအားလုံးက ရိုးရိုးရှင်းရှင်းသာ ဖြစ်နေခဲ့သည်။

ဘယ်လိုနာမည်မျိုးက ကောင်းမလဲကို သူ မသိသည်ကြောင့် အကူအညီမဲ့စွာပင် ပြောလိုက်ရသည်။

"ကောင်းတဲ့ နာမည် ဘာမှ စဉ်းစားလို့ မရဘူး၊ မင်းကြိုက်တာပဲ သွားရှာပါတော့"

ရှန့်ချန့်ယန်က သူ့ကို စိုက်ကြည့်နေသည်။

''ကျွန်တော်လား"

ဟိုင်ရိ: "ဘာများ တားဆီးနေတာ ရှိလို့လဲ"

ရှန့်ချန့်ယန်: "ဒါဆို 'ဟိုင်ရိ' လို့ ပေးလို့ရမလား"

ဟိုင်ရိ: ...

"ဒီနာမည်က တော်တော်ကောင်းတယ်လို့ ထင်တယ်"

ရှန့်ချန့်ယန်က သူ့ဖုန်းကို ပေါ့ပေါ့ဆဆ ကြည့်ရင်း ပြောလိုက်သည်။

"အဆင်ပြေမလား"

ဟိုင်ရိ: "မရဘူး"

"မရတာတော့ မဟုတ်ဘူး"

ဟိုင်ရိက ရှုပ်ထွေးစွာ ပြောလိုက်သည်။

"အဲလို ခေါ်ရင် ထူးဆန်းနေမှာ မဟုတ်ဘူးလား… တစ်ယောက်ယောက်က မင်း ဘယ်သွားတာလဲလို့ မေးရင် မင်းက 'ဟိုင်ရိဆီ' လို့ ပြောမှာလား"

ဟိုင်ရိဆီ...ဟိုင်ရိဆီ...ဟိုင်ရိဆီ...

ဟိုင်ရိ ပြောလိုက်သည်။

“အဲလိုဆို မရဘူးမလား”

ရှန့်ချန့်ယန် ရယ်လိုက်၏။

"ဟုတ်တယ်၊ အဲလိုဆို မရဘူး"

ဟိုင်ရိ နားမလည်သေးပေ။ ထိုဟာသကို သူက အတည်ပေါက် ပြောနိုင်သော်လည်း ရှန့်ချန့်ယန် ပြောလိုက်ရာ သူ ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားသည်။ မရှင်းလင်းသည့် ခံစားချက်တစ်ခု ရှိနေသလိုမျိုးပင်။

ရှန့်ချန့်ယန်: "ကျွန်တော် စဉ်းစားပြီးပြီ"

သူက သူ့ဖုန်းကို ကိုင်မြှောက်လိုက်ပြီး ဆိုင်းဘုတ်ဆိုင်ပိုင်ရှင်နှင့် သူ၏ စကားပြောမှတ်တမ်းကို ဟိုင်ရိကို ဖတ်စေ၏။ ရှန့်ချန့်ယန် စဉ်းစားထားသည့် အမည်က 'နွေဦးရေစီး' ဖြစ်သည်။

ဟိုင်ရိ သက်ပြင်းချလိုက်၏။ 

"ဘာအဓိပ္ပာယ်လဲ"

သို့သော် ရှန့်ချန့်ယန်က စကားမပြောဘဲ ပြုံးလိုက်ပြီး ဆံပင်ဝါကို စားပွဲတွေရွှေ့ရာတွင် ကူညီရန် ထရပ်လိုက်သည်။

🌟🌟🌟